Saturday, July 11, 2009

စိတ်ချမ်းသာဖို့လိုရင်းပါ (အပိုင်း ၁)


စိတ်ချမ်းသာဖို့လိုရင်းပါ

စိတ်ချမ်းသာမှုဆိုတာ ဘာကိုခေါ်သလဲလို့မေးရင် ဘယ်လိုဖြေကြမလဲ။ သိတော့သိတယ်၊ ပြောပါဆိုရင် ပြောရခက်တယ်။ စိတ်မှာ ဖြစ်တဲ့ကောင်းတဲ့ ခံစားမှုကို စိတ်ချမ်းသာမှုလို့ခေါ်တယ်။ ခဏဖြစ်တဲ့ စိတ်လှုပ်ရှားတဲ့ ကောင်းတဲ့ခံစားမှုရှိတယ်။ တာရှည်ဖြစ်တဲ့ တည်ငြိမ်တဲ့ ကောင်းတဲ့ခံစားမှုလည်းရှိတယ်။

စိတ်ချမ်းသာမှုဆိုတာ စိတ်မှာဖြစ်တဲ့ တာရှည်ခံတဲ့ ကောင်းတဲ့ခံစားမှုဖြစ်တယ်။ ရေရှည်စိတ်မှာ ဖြစ်တဲ့ကောင်းတဲ့ ခံစားမှုဖြစ်တယ်။ စိတ်တည်ငြိမ် အေးချမ်းမှုဟာလည်း စိတ်ချမ်းသာမှုပါပဲ။ ပီတိဟာလည်း စိတ်ချမ်းသာမှုပဲ။ ကျေနပ်နေတာ၊ ရောင့်ရဲနေတာလည်း စိတ်ချမ်းသာမှုပဲ။ ကိုယ့် ဘ၀ကိုကိုယ်ခြုံပြီးတော့ ကျေနပ်တာဟာလည်း စိတ်ချမ်းသာမှု ဖြစ်ပါတယ်။

ခဏဖြစ်တဲ့ ပျော်ရွှင်မှုဟာ စိတ်ချမ်းသာမှုအတွက် နည်းနည်းတော့ အထောက်အပံ့ ဖြစ်တာ ရှိပါတယ်။ ပျော်စရာကောင်းတာတစ်ခုခု လုပ်ပြီးပျော်တာဟာလည်း စိတ်ချမ်းသာမှုလို့ခေါ်နိုင်ပါတယ်။

စိတ်ချမ်းသာမှုကို သုတေသနလုပ်ကြတဲ့ ပညာရှင်တွေက တာရှည်ခံတဲ့ စိတ်မှာဖြစ်တဲ့ ကောင်းတဲ့ခံစားမှုကို ပိုပြီး ဦးစားပေးလေ့လာကြတယ်။ ဘာဖြစ်လို့လဲ။ လူတစ်ယောက် ဘယ်လောက်စိတ်ချမ်းသာတယ်ဆိုတာ ခဏဖြစ်တဲ့ စိတ်ချမ်းသာမှု ပျော်ရွှင်မှုနဲ့တိုင်းတာလို့မရဘူး။ ရေရှည်ဖြစ်တဲ့ စိတ်ချမ်းသာမှုနဲ့ တိုင်းတာမှရတယ်။ ဒါသဘာဝကျပါတယ်။

စိတ်ချမ်းသာမှုဟာ အကောင်းဆုံးအရာ

သမိုင်းတလျှောက်လုံးမှာ ပညာရှင်တွေဟာ စိတ်ချမ်းသာမှုကို အကာင်းဆုံးအရာလို့ယူဆကြတယ်။ လူတွေလုပ်တာမှန်သမျှဟာ စိတ်ချမ်းသာချင်လို့လုပ်တာလို့ဆိုကြတယ်။ ဟုတ်သလား။ စိတ်ဆင်းရဲချင်လို့ လုပ်တာရှိသလား။ မကြားဖူးဘူးနော်။

အင်္ဂလိပ်စကားမှာ Happy, Glad, Cheerful, Joyful, Joyous ဆိုပြီး ခံစားမှု အတိမ်အနက် အလေးအပေါ့ကိုလိုက်ပြီးသုံးပါတယ်။ မြန်မာစကားမှာလည်း အမျိုးမျိုးသုံးတာရှိပါတယ်။ ၀မ်းသာတယ်၊ပျော်တယ်၊ ၀မ်းမြောက်တယ်၊ ရွှင်လန်းတယ်၊ ပီတိဖြစ်တယ်၊ ကျေနပ်တယ်၊ အားရတယ်၊ အူမြူးတယ်။ အေးအေးဆေးဆေးပျော်တာ ရှိသလို ထခုန်ပြီးပျော်တာလည်းရှိပါတယ်။

စိတ်ချမ်းသာမှုကို ရအောင်လုပ်နည်းတယောက်နဲ့တယောက်မတူပေမယ့် တစ်ယောက်ရဲ့စိတ်ချမ်းသာမှုဟာ နောက်တစ်ယောက်ရဲ့ စိတ်ချမ်းသာမှုနဲ့ သဘော သဘာဝချင်း သိပ်မကွာလှပါဘူး။ စိတ်ချမ်းသာမှုလို့ပြောလိုက်ရင် ဘာကိုဆိုလိုတယ်ဆိုတာနားလည်ကြပါတယ်။

ကိုယ့်ဘ၀ကို "ငါ့ဘ၀ဟာ ကျေနပ်စရာကောင်းပါတယ်" လို့ပြောနိုင်ရင် စိတ်ချမ်းသာနေတယ်လို့ ဆိုရမယ်။

တစ်ချို့ပညာရှင်တွေက အလုပ်မှာ စိတ်ချမ်းသာမှုနဲ့ အိမ်မှာ မိသားစု စိတ်ချမ်းသာမှု ဆိုပြီး ခွဲခြားပြီး ပြောတယ်။ ဒါ သိပ်သဘာဝကျပါတယ်။ တချို့အိမ်မှာ စိတ်ချမ်းသာတယ်။ အလုပ်မှာစိတ်မချမ်းသာဘူး။တချို့အလုပ်မှာ စိတ်ချမ်းသာတယ်။အိမ်မှာစိတ်မချမ်းသာဘူး။ တချို့တော့ အိမ်မှာလည်း စိတ်မချမ်းသာဘူး။ အလုပ်မှာလည်း စိတ်မချမ်းသာဘူး။ အဲဒါအဆိုးဆုံး။ တချို့အိမ်မှာလည်းစိတ်ချမ်းသာတယ်၊အလုပ်မှာလည်းစိတ်ချမ်းသာတယ်။ အဲဒါအကောင်းဆုံး။

စိတ်ချမ်းသာနေသလား၊ မချမ်းသာဘူးလားဆိုတာ၊ကိုယ့်ဟာကိုယ်သိပါတယ်။ ဘယ်သူ့ကိုမှမေးနေဖို့ မလိုပါဘူး။ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာနေသလား၊မချမ်းသာဘူးလား ဆိုတာကိုသူများကို မေးရဥိးမယ်ဆိုရင် ကိုယ့်အခြေအနေဟာ၊ သိပ်မကောင်းတော့ဘူးလို့ဆိုရမယ်။

လုပ်တတ်ရင်တော်တော်ကုသိုလ်ဖြစ်မှာပဲ

စိတ်ချမ်းသာမှုဟာဘာဖြစ်လို့အရေးကြီးသလဲ။

စိတ်ချမ်းသာမှုဟာ အရေးကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ စိတ်ချမ်းသာမှုမှမရှိရင် တခြား ဘာရှိရှိ ဘာမှအဓိပ္ပာယ်မရှိတော့လို့ပဲ။

လူဟာ အသိဥာဏ်ရှိတဲ့သတ္တဝါဖြစ်ပါတယ်။ စဉ်းစားနိုင်တဲ့အရည်အချင်းကို အထူးဦးစားပေးပါတယ်။စဉ်းစားနိုင်တဲ့ အရည်အချင်းကြောင့်ပဲ တိုးတက်လာတယ်။ဒါပေမယ့် အသိဥာဏ်ရှိပြီး စိတ်မချမ်းသာရင် အဲဒီအသိဥာဏ်ဟာ ဘာအဓိပ္ပာယ်ရှိသလဲ။ဘဝရဲ့ အရည်အသွေးကို စိတ်ချမ်းသာမှုနဲ့ပဲ တိုင်းရတယ်။ ရာထူးရှိပြီး စိတ်မချမ်းသာရင် ဘာအဓိပ္ပာယ်ရှိသလဲ။ငွေရှိပြီး စိတ်မချမ်းသာရင် ဘာအဓိပ္ပာယ်ရှိသလဲ။ စိတ်ချမ်းသာမှုမရှိတဲ့ဘဝ ဟာ ဘာမှကျေနပ်စရာမရှိဘူး။

ကုသိုလ် အကုသိုလ်ကို အဓိပ္ပာယ်ဖွင့်ဆိုတာတောင် စိတ်ချမ်းသာမှု စိတ်မချမ်းသာမှုမှာ အခြေခံတယ်။မိမိအတွက်ရော အများအတွက်ပါ စိတ်ချမ်းသာမှု ကိုယ်ချမ်းသာမှုကို ဖြစ်စေ တာ ကုသိုလ်။ မိမိအတွက်ရော အများအတွက်ပါ စိတ်ဆင်းရဲမှု ကိုယ်ဆင်းရဲမှုကိုဖြစ်စေတာ အကုသိုလ်လို့ခေါ်သင့်တယ်။

ဒါကြောင့် စိတ်ချမ်းသာမှုဟာ သိပ်အရေးကြီးတယ်။ တကယ်စိတ်ချမ်းသာနေတဲ့အချိန်ဟာ ကုသိုလ်ဖြစ်နေတဲ့ အချိန်ပဲ။ တကယ်စိတ်ဆင်းရဲနေရင် အကုသိုလ်ဖြစ်နေတယ်လို့ ဆိုရ မယ်။

ဘယ်လိုကိစ္စမျိုးကိုလုပ်သင့်သလဲ။မိမိရော သူတစ်ပါးပါ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်စေမယ့် ကိစ္စမျိုးကို လုပ်သင့်တယ်။ ဘယ်လိုကိစ္စမျိုးကိုမလုပ်သင့်ဘူးလဲ။ မိမိရော သူတစ်ပါးပါ စိတ်ဆင်းရဲစေမယ့် ကိစ္စ ကိုယ်ဆင်းရဲစေမယ့်ကိစ္စမျိုးကိုမလုပ်သင့်ဘူး။ စိတ်ချမ်းသာအောင်လုပ်တာကုသို်လ်၊စိတ်ဆင်းရဲအောင်လုပ်တာ အကုသိုလ်။

မေတ္တာပို့တဲ့အခါ “စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံပါစေ ”…လို့ မေတ္တာပို့တယ်။ဘာဖြစ်လို့လဲ။အဲဒါလိုရင်းဖြစ်လို့။ရွှေငွေရတနာ၊ရာထူး၊အာဏာ၊ကျော်ကြားမှု အခြွှေအရံဘယ်လောက်ရှိရှိ၊စိတ်ချမ်းသာမှု ကိုယ်ချမ်းသာမှု မရှိရင် ကျေနပ်စရာ မရှိတော့ဘူး။

ပစ္စည်းဥစ္စာဆိုတာ စိတ်ချမ်းသာမှုကို ဖြစ်စေနိုင်မှ တန်ဖိုးရှိတယ်။ ပညာသင်တာလည်း စိတ်ချမ်းသာမှုကို ဖြစ်စေမှ တန်ဖိုးရှိတယ်။ဘာသာရေးဟာလည်း စိတ်ချမ်းသာမှုကို ပေးနိုင် မှ အဓိပ္ပာယ်ရှိတယ်။တန်ဖိုးရှိတယ်။အလုပ်လုပ်တာလည်း စိတ်ချမ်းသာမှသာ တန်ဖိုးရှိ တယ်။အိမ်ထောင်ပြုတာရော..။အဲဒါလည်း စိတ်ချမ်းးသာမှုအတွက်ပဲ။ ဘာကိုလုပ်လုပ် စိတ်ချမ်းသာမှုကို တိုးစေမှ တန်ဖိုးရှိတယ်။လုပ်တော့လုပ်နေတယ်။စိတ်ချမ်းသာမှုအတွက် ဘာမှမထူးဘူးဆိုရင် လုပ်ရကျိုးမနပ်ဘူး။

ဘာပဲလုပ်လုပ် ကိုယ့်စိတ်ချမ်းသာမှု အများရဲ့စိတ်ချမ်းသာမှု ၊လျော့မသွားဖို့နဲ့ တတ်နိုင်ရင် တိုးလာဖို့ လုပ်နေကြတာပဲ။အစိုးရအဖွဲ့အစည်းဆိုတာလည်း တိုင်းသူပြည်သားတွေအား လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိဖို့ လွတ်လပ်ဖို့ အစီအစဉ် ၊စည်းကမ်း၊ ဥပဒေ၊ လုပ်ပေးရ တာပဲ။ လုပ်တတ်ရင် တော်တော်ကုသိုလ်ဖြစ်မှာပဲ။

လုပ်သင့်တာကိုလုပ်ပြီးပျော်

ခဏပျော်ရပြီးတော့ ရေရှည်မှာ စိတ်ဆင်းရဲစေမယ့် ကိစ္စမျိုးကို မလုပ်သင့်ဘူး။အသိဥာဏ် ကို ဘေးဖယ်ထားပြီး မလုပ်သင့်မှန်းသိရက်နဲ့ ပျော်ဖို့ကို ဦးစားပေးပြီး လုပ်လိုက်ရင် စိတ်ဆင်းရဲရလိမ့်မယ်။

လောကသဘာဝ စိတ်ရဲ့သဘာဝမှာ Reality Principle လို့ခေါ်တဲ့ နိယာမတစ်ခုရှိပါတယ်။ မလုပ်သင့်တာကိုလုပ်ရင် စိတ်ချမ်းသာမှုရမှာမဟုတ်ဘူး။လုပ်သင့်မလုပ်သင့်ဆိုတာကို စဉ်းစားပြီး လုပ်သင့်တာကိုလုပ်ပါ။လုပ်သင့်တာကို လုပ်ပြီး ပျော်ရတာကောင်းပါတယ်။

အခုလည်းပျော်တယ်၊နောက်လည်းပျော်တယ်။ ကိုယ်လည်းပျော်တယ်၊သူများလည်းပျော် တယ်ဆိုရင် သိပ်ကောင်းပါတယ်။သူများကို စိတ်ဆင်းရဲအောင်လုပ်ပြီး ကိုယ်စိတ်ချမ်းသာ မယ်ဆိုတာ Reality Principle ကို ဆန့်ကျင်နေပါတယ်။ အဲဒါမဖြစ်နိုင်ဘူး။

ပျော်ပျော်နေပါ။ပျော်တာကိုလုပ်ပါ။ဒါပေမယ့် Reality Principle ကိုမမေ့ပါနဲ့။ “လုပ်သင့် တာကိုမလုပ်ရင် စိတ်ဆင်းရဲရမယ် မလုပ်သင့်တာကိုလုပ်ရင်လည်း စိတ်ဆင်းရဲရမယ် ”. သဘာဝကျကျစဉ်းစားပြီး ချင့်ချိန်ပြီး ပျော်ပျော်နေပါ။

ကောင်းတာကိုလုပ်ပြီးပျော်တာ၊လုပ်သင့်တာကိုလုပ်ပြီးပျော်တာက စိတ်မှာ လွတ်လပ်မှု ပိုရှိပါတယ်။ လုပ်ပြီးမှ နောင်တရနေတတ်တာ မလွတ်လပ်ဘူး။ နောင်တရစရာမရှိတဲ့ ပျော်နည်းကအကောင်းဆုံးပဲ။ မသိလို့မှားသွားတာရှိပါတယ်။ အမှားတွေကို ထပ်မမှားဖို့ အရေးကြီးတယ်။အခုခဏပင်ပန်းပေမယ့် ရေရှည်မှာ စိတ်ချမ်းးသာမယ့်ကိစ္စမျိုးကို လုပ်သင့်ပါတယ်။ ပုရွက်ဆိတ်နဲ့နှံကောင်ပုံပြင်ကို မမေ့ပါနဲ့။

စိတ်ချမ်းသာတဲ့သူဟာ စိတ်ထားပိုကောင်းတယ်

လူတော်တော်များများဟာ ကိုယ်ကျင့်တရားကို တန်ဖိုးထားကြတယ်။ မေတ္တာကို တန်ဖိုး ထားကြတယ်။ အလှအပကို တန်ဖိုးထားတယ်။ကျန်းမာရေးကို တန်ဖိုးထားတယ်။ အလုပ် ကောင်ကောင်းလုပ်နိုင်တာကို တန်ဖိုးထားတယ်။ ငြိမ်းချမ်းမှုကို တန်ဖိုးထားတယ်။ တရား မျှတမှု တိုးတက်မှု ကြီးပွားမှု အောင်မြင်မှုတို့ကို တန်ဖိုးထားတယ်။ ဘာဖြစ်လို့လဲ။ဒါတွေ ဟာ စိတ်ချမ်းသာမှုကို ပေးလိမ့်မယ်လို့ ယုံကြည်မျှော်လင့်လို့ ။

ဘာဖြစ်လို့လုပ်တယ်ဆိုတာကို မျက်ခြေပြတ်သွားရင် လုပ်သာလုပ်နေကြတယ်။စိတ်ချမ်း သာမှုရမှာမဟုတ်ဘူး။ ဒါကြောင့် ဘာပဲလုပ်လုပ် လုပ်နေတုန်းမှာပဲ စိတ်ချမ်းသာချင်လို့ လုပ်နေတယ်ဆိုတာကို မမေ့ဖို့လိုတယ်။

ရာထူးနဲ့ တာဝန်ထမ်းဆောင်နေကြတဲ့သူတွေဟာ “တို့လုပ်နေတဲ့ ရည်ရွယ်ချက်က တိုင်း သူပြည်သားအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာရှိဖို့ လုပ်နေတာ ”..ဆိုတာကို မမေ့ဖို့ သိပ် အရေးကြီးပါတယ်။ အဲဒါကိုမေ့သွားရင် ကိုယ့်ရာထူးက ကိုယ်ဂုဏ်ရှိဖို့ အထက်စီးကနေရဖို့ အများကို အနိုင်ရဖို့ ဒုက္ခပေးဖို့ဖြစ်သွားမယ်။

စိတ်ပိုချမ်းသာလာတဲ့သူဟာ စိတ်ထားပိုကောင်းလာတယ်လို့ သုတေသနပြုချက်တွေက အထောက်အထားတွေ့ရတယ်။စိတ်ချမ်းသာတဲ့သူဟာ ကြင်နာတတ်တယ်။ကူညီတတ် တယ်။စိတ်ရှည်တယ်။ ခွင့်လွှတ်နိုင်တယ်။ အားရှိတယ်။ ဥာဏ်ပိုကောင်းတယ်။ အလုပ်ကို ပိုလုပ်နိုင်တယ်။စီးပွားရေးပိုအဆင်ပြေတယ်။ စိတ်ကျန်းမာရေး ကိုယ်ကျန်းမာရေးပိုကောင်း တယ်။

ဒါ့ကြောင့် ကိုယ့်နိုင်ငံကို ပိုကောင်းအောင်လုပ်ချင်တယ်ဆိုရင် လူတွေကို စိတ်ချမ်းးသာ အောင် တတ်နိုင်သလောက် အထောက်အကူပေးရမယ်။ အားလုံးစိတ်ချမ်းသာမှ အားလုံး အဆင်ပြေကြမယ်။

အရေးအကြီးဆုံးလုပ်သင့်တဲ့ကိစ္စ

လောကကြီးကိုပိုကောင်းအောင် လုပ်ချင်တယ်ဆိုရင် လူတွေကို စိတ်ချမ်းသာအောင်နေ နည်းသင်ပေးတာဟာ အကောင်းဆုံးပဲ။အားလုံးဟာ ဆက်စပ်နေတယ်။ကိုယ်နဲ့နီးစပ်တဲ့သူ တွေကို စိတ်ချမ်းချမ်းသာသာ နေတတ်အောင် သင်ပေးနိုင်ရင် မိသားစု အဆင်ပြေမယ်။ တစ်နိုင်ငံလုံးအဆင်ပြေမယ်။

မိသားစုတွေမှာ တစ်ယောက်ရဲ့စိတ်ချမ်းသာမှုဟာ နောက်တစ်ယောက်ကို ကူးစက်တယ်။ တစ်ယောက်ရဲ့ စိတ်ဆင်းရဲမှုဟာလည်း နောက်တစ်ယောက်ကို ကူးစက်တယ်။မိသားစု တွေဟာ တစ်ယောက်ရဲ့ဘဝနဲ့ နောက်တစ်ယောက်ရဲ့ဘဝ ဆက်စပ်နေတယ်။ ကိုယ့်ဘဝ ကို ကိုယ့်တစ်ယောက်တည်း သီးခြားနေလို့မရဘူး။

ဒါ့ကြောင့် ကိုယ်ချစ်တဲ့သူတွေကို စိတ်ချမ်းသာအောင် အထောက်အကူပေးတာထက် ပိုကောင်းတဲ့လက်ဆောင် ဘာရှိသလဲ။ မရှိတော့ဘူး။ ကိုယ့်ကို ချစ်တဲ့သူဆီက စိတ်ချမ်းသာမှုထက် ပိုကောင်းတဲ့လက်ဆောင် ဘာတောင်းမလဲ။

ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုလည်း စိတ်ချမ်းသာအောင်နေပြီး ကိုယ့်မိသားစုကိုလည်း စိတ်ချမ်းသာအောင် အထောက်အကူပေးတာဟာ ကိုယ့်ဘဝမှာ အရေးအကြီးဆုံးလုပ်သင့် တဲ့ကိစ္စပဲ။ဒီအချက်ကို နားလည်ဖို့ အရေးကြီးတယ်။သို့မဟုတ်ရင် ပစ္စည်းတွေ ငွေတွေနဲ့ တခြားဟာတွေ ပေးပြီး စိတ်ချမ်းးသာမှုကိုတော့ ပေးဖို့မေ့နေလိမ့်မယ်။

သားသမီးတွေကို ချစ်တယ်ဆိုရင် ကိုယ်ကျင့်တရားကောင်းအောင် သင်ပါ။ကိုယ့်အတွက် ရောသူတစ်ပါးအတွက်ပါ ကောင်းတာတွေလုပ်ဖို့သင်ပါ။ ပညာတတ်အောင်သင်ပါ။အားပေး ပါ။ဒါပေမယ့် သူတို့ကို စိတ်ချမ်းချမ်းသာသာနေတတ်ဖို့မသင်ရင် အရေးအကြီးဆုံးအရာကို မသင်ပေးရာ ရောက်လိမ့်မယ်။

ဘာလုပ်လုပ်စိတ်ချမ်းသာဖို့လုပ်တာ

စိတ်မချမ်းသာတဲ့သူတွေဟာ သူများကိုဒုက္ခပေးတယ်။ စိတ်မချမ်းသာတဲ့သူတွေများလာရင် အန္တရာယ်များလာမယ်။ ကိုယ့်အသိုင်းအဝိုင်းထဲမှာ စိတ်မချမ်းသာတဲ့သူနည်းအောင် ကိုယ် တတ်နိုင်တဲ့နည်းနဲ့လုပ်ပါ။

စိတ်ချမ်းသာတဲ့သူဟာ သူများကိုလည်း စိတ်ချမ်းသာအောင်လုပ်တယ်။စိတ်ချမ်းသာနေတဲ့ သူကို မြင်ရတာနဲ့ စိတ်ဆင်းရဲနေတဲ့သူကိုမြင်ရတာ ဒီနှစ်ခုမှာ ဘယ်ဟာက ကိုယ့်ကို စိတ် ချမ်းသာစေသလဲ။စိတ်ချမ်းသာနေတဲ့သူကို မြင်ရတာ စိတ်ချမ်းးသာတယ်နော်။ဒါကြောင့် ကိုယ့်ဟာကိုယ် စိတ်ချမ်းသာအောင် နေတာနဲ့ပဲ သူများကို စိတ်ချမ်းသာအောင် အထောက် အကူပေးပါတယ်။

စိတ်ချမ်းသာနေတဲ့သူ၊သူ့ဘဝကိုသူကျေနပ်နေတဲ့သူနဲ့ ပြောရဆိုရဆက်ဆံရတာနဲ့ စိတ် ဆင်းရဲနေတဲ့သူ သူ့ဘဝကိုသူမကျေနပ်နေတဲ့သူနဲ့ ပြောရဆိုရဆက်ဆံရတာ ဘယ်ဟာ လွယ်သလဲ။ စိတ်ချမ်းသာနေတဲ့သူနဲ့ ပြောရဆိုရဆက်ဆံရတာလွယ်တယ်။ အဲဒါကြောင့် ကိုယ်ကစိတ်ချမ်းသာနေရင် ကိုယ်နဲ့ဆက်ဆံရတဲ့သူဟာ လွယ်တယ်။အဆင်ပြေတယ်။စိတ် သက်သာတယ်။

ဘာသာရေးဟာ စိတ်ချမ်းသာဖို့လုပ်တာ။ ပညာရေးဟာလည်း စိတ်ချမ်းသာဖို့လုပ်တာ။ စီးပွားရေးဟာလည်း စိတ်ချမ်းသာဖို့လုပ်တာ။ နိုင်ငံရေးဟာလည်း စိတ်ချမ်းသာဖို့လုပ်တာ။ လူမှုရေးဟာလည်း စိတ်ချမ်းသာဖို့လုပ်တာ။ကျန်းမာရေးဟာလည်း စိတ်ချမ်းသာဖို့လုပ်တာ။ ဘာလုပ်လုပ် စိတ်ချမ်းးသာဖို့လုပ်တာပါပဲ။စိတ်ချမ်းချမ်းသာသာနေရမှပဲ ဘဝဟာ အဓိပ္ပာယ်ရှိတယ်။ စိတ်မှမချမ်းသာရင် နေရတာ ဘာအဓိပ္ပာယ်ရှိတော့မလဲ။

Happiness is really all there is and all there ever will be ; all else is only a means to happiness.

စိတ်ချမ်းသာဖို့လိုရင်းပါ။ကျန်တာတွေက စိတ်ချမ်းသာဖို့ လုပ်ရတာ။



Peace B with U.