Thursday, June 10, 2010

A to Z by Zephyr (4), also final :)


U- U for Ubuntu
ဘယ်တုန်းက Linux က ဥူဘွန်တုကို သိပ်ကြိုက်သွားသလဲလို့ထင်နေပါဦးမယ်။
ခဏလေးပါ ..အတွေးတွေမစောခင် လျက်ဆားလေးရောင်းသလို အမြန်ဆုံးကြော်ငြာဝင်ပါရစေဦးနော် …။
အမှန်က ဥူဘွန်တု .. အူဘွန်တု အျူဗွန်တု ဟာ အာဖရိကက Bantu ဘာသာစကားကနေ ဆင်းသက်လာတာပါ။ လူအချင်းချင်း ကူညီရိုင်းပင်းတဲ့စိတ်ဓာတ်မျိုးကိုပြောတာပါ။ အူဘွန်တုရှိတဲ့သူဟာ တစ်ခြားလူတစ်ယောက်ကို အချိန်ဖြစ်ဖြစ်၊ နေရာဖြစ်ဖြစ်(နှစ်ရာဖြစ်ဖြစ်၊ သုံးရာဖြစ်ဖြစ်) … ပေးနိုင်ပါတယ် …။ တစ်ယောက်ရဲ့စိတ်ကို ၀င်ကြည့်ဖို့ တစ်ယောက်က အချိန်ရှိပါသေးတယ်။ ၀င်းဒိုးစိတ်ရှိတဲ့သူကတော့ ပိုက်ဆံမရရင် အဖေတောင် အဖေလို့မခေါ်ချင်ဘူး … (မတန်လို့ ဆိုပဲ …။ :P)
ဥူဘွန်တုစိတ်ရှိတဲ့သူဟာ လောကကြီးမှာ သာသာယာယာနေနိုင်တယ်။ ဘယ်သူ့ကိုမှ မညှင်းပန်းတဲ့အတွက် တခြားကလည်း လာညှင်းပမ်းမယ်လို့မထင်ဘူး ….။ ထက်ထက်မိုးဦး ပါးရိုက်တာ လွန်သလားမလွန်သလားဆိုတာလည်း စိတ်မ၀င်စားဘူး ….။ ကမ္ဘာပေါ်မှာ တစ်နေ့အတွင်း လူဘယ်နှယောက် ပါးရိုက်ခံလိုက်ရသလဲဆိုတာလည်း စိတ်မ၀င်စားဘူး ….။ ပါးရိုက်ခံရတဲ့ သူတွေရဲ့ မြေးမြစ်တွေမှာ ပါးရိုက်ခံရနှုန်းဘယ်လောက်ပါသလဲဆိုတာလည်းစိတ်မ၀င်စားဘူး …။ မျိုးရိုးရှိလို့ ပါးရိုက်ခံရတာ ဘယ်နှရာခိုင်နှုန်းလည်းဆိုတာလည်းစိတ်မ၀င်စားဘူး ….။ ဒါပေမယ့်ဘာကို စိတ်ဝင်စားသလဲဆိုရင် အူဘွန်တုရှိတဲ့သူက လူအချင်းချင်း ဖိနှိပ်တာ အနိုင်ယူတာဟာ လူသားတစ်ရပ်လုံးကို စော်ကားနေတာလို့ ယုံတယ်။ အဲဒီလို လူတစ်ယောက်က တစ်ယောက်ကို တစ်ယောက်က ဖိနှိပ်ရင် လူ့အသိုင်းအ၀ိုင်းရဲ့ တည်ငြိမ်မှု ပျက်ပြားမယ်လို့ယုံတယ်။ လူမှာ လူ့ဂုဏ်သိက္ခာရှိတယ် …။ အဲဒီဂုဏ်သိက္ခာကို ဘယ်သူမှ အထိအခိုက်မခံနိုင်ဘူး။ ဥူဘွန်တု သမားတွေဟာ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း သူ့ဂုဏ်သိက္ခာကို ကာကွယ်ပါတယ် ….။ မတရားမှုမှန်သမျှကို သွေးထဲကနေမုန်းတီးပါတယ် …။

V for …
ဘောလုံးပွဲမှာတော့ V ပုံစံလုပ်ရင် အ၀ါကဒ်ထိပါတယ် …။
အာရှမှာတော့ V ဟာ peace ဆိုပဲ …။ ဗာတီကန်ရဲ့ V ကိုတော့မကြိုက်ပါဘူး ….။ နောက် Volvo ရဲ့ V ကိုလည်းမကြိုက်ဘူး။ ဟို အရက်ကြိုက်တဲ့ သူတွေပြောတဲ့ Vodka ကိုလည်းမကြိုက်ဘူး။ Vermiform appendix ကိုလည်းမကြိုက်ပါဘူး။ နောက်ပြီး ဗီလိန် (Villain) တွေကိုလည်းမကြိုက်ပါဘူး …။ ၂၁ ရာစုဟာ ဗီလိန်တွေကောင်းစားတဲ့ခေတ်လို့ နောက် ၂၃ ရာစုကြရင် သမိုင်းမှာ ပြန်သင်နေကြဦးမှာပါ။
ကျွန်တော်ကြိုက်တဲ့ V ကတော့ Verse ဖြစ်ပါတယ်။ Verse Poem တွေကို သဘောကျပါတယ်။ နေရောင်ခြည်အကြောင်း သက်သက်ဖွဲ့ထားတဲ့ Verse Poem စာအုပ်လေးတစ်အုပ်ဝယ်ထားဖူးပါတယ် …။ Blank Verse တွေအကြောင်းလည်းစိတ်ဝင်စားပါတယ်။ ဟို သမိုင်းကလူကြီးပြောတဲ့ .. Veni Vidi Vici ဆိုတာကြီးတော့မကြိုက်ပါဘူး …။ ကိုယ့်ဘာသာကိုယ် Verse Poem လေးဖတ်ပြီး ဒုတိယ သမ္မတ နှစ်ယောက်၊ ပထမသမ္မတတစ်ယောက်ကို အပ်ချလောင်းရွေးချယ်မယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကို ပွဲကြည့်ပရိတ်သတ်လုပ်ချင်တယ်။ တကယ်တော့ သမ္မတ အုပ်ချုပ်ရေးစနစ်တွေမှာ ခန့်အပ် တာဝန်ပေးတဲ့အခါ ကြိုက်တဲ့သူကိုပေးခွင့်ရှိတာကို မှတ်မိပါတယ်။ အဲဒီလို ပေးတဲ့အခါ ပညာရေးဝန်ကြီးရာထူး ကျွန်တော့်ကို လာပေးမယ်ဆိုရင်တော့ … မြန်မာပြည်မှာ တက္ကသိုလ်တွေမှာ နိုင်ငံခြားက ဆရာတွေကို တွဲဖက်သင်ကြားဖို့ နဲ့ ကျောင်းတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ … အခုရေးထားတဲ့ ပညာခေတ်၏ စိန်ခေါ်မှုဘာညာဘာညာတွေကို ကျောင်းသားတွေ တကယ်နားလည်ဖို့တွေကို အချိန် ဆယ်နှစ်ယူပြီး စီမံကိန်းတစ်ခုသတ်သတ်မှတ်မှတ်ထားပြီး လုပ်ကိုင်ဆောင်ရွက်ပါမယ်။ ကျောင်းက ပြီးတဲ့သူတိုင်းဟာ ကမ္ဘာမှာ ဘယ်နိုင်ငံက ဘွဲ့ရနဲ့မဆို ယှဉ်နိုင်တဲ့ကျောင်းသားတွေဖြစ်လာအောင် ကူညီပေးပါမယ်။ (မွေးထုတ်မယ်လို့မပြောပါဘူး …။ ပညာတတ်တွေမွေးထုတ်ပေးတယ်လို့ပြောတာကိုက တော်တော်လေး ဥာဏ်နည်းတဲ့သဘောရှိပါတယ်။ ) တက္ကသိုလ်ဟာ ကျောင်းသားတွေရဲ့ ဥာဏ်ရည်ဥာဏ်သွေးကို တတ်နိုင်တဲ့နည်းလမ်းအားလုံးနဲ့ ကူညီမြှင့်တင်တဲ့နေရာဖြစ်တယ်ဆိုတာကို နားလည်လာတဲ့အခါ ပညာတကယ်တတ်တဲ့ ကျောင်းသားတွေပိုပြီးများလာမယ်လို့ ယုံကြည်နေမိတုန်းပါပဲ။

W for We
တစ်ကယ်လို့လူတွေဟာ စကားပြောတဲ့အခါမှာ I ဆိုတဲ့စကားလုံးအစား We ဆိုတာကို ပိုသုံးလာကြမယ်ဆိုရင် ….. for me ဆိုတဲ့စကားလုံးအစား for us ကိုပိုသုံးလာရင် ကမ္ဘာ့ယဉ်ကျေးမှု ခုန်ကျော်ပြောင်းလဲခြင်းဆိုတာဖြစ်လာနိုင်ပါတယ်။ လူအများစုဟာ တကယ့်စစ်မှန်တဲ့ပျော်ရွှင်မှုကို တစ်သက်လုံးမရခဲ့ကြဘူး …. သူတို့တွေဟာ စိတ်ကျဉ်းကျဉ်းလေးထဲမှာနေသွားကြတယ် ….။ သူတို့တွေရဲ့လောကဟာ ကျဉ်းမြောင်းတယ်။ ကျဉ်းမြောင်းတဲ့စိတ်ရှိရင် ကျဉ်းမြောင်းတဲ့လောကရမယ် …။ ကျဉ်းမြောင်းတဲ့ လောကရှိရင် မွန်းကြပ်တဲ့ခံစားချက်ရှိမယ်။ မွန်းကြပ်တဲ့ခံစားချက်ကို မဖြေလျှော့နိုင်ရင် ..သွေးတိုး၊ နှလုံး၊ စိတ်ဖိစီးမှုဖြစ်မယ် ….။ We လို့ပြောလိုက်တဲ့အခါမှာ ကိုယ်နဲ့အတူညွှန်းဆိုလိုက်တဲ့ မိတ်ဆွေတွေ၊ အသိတွေကြောင့် ကိုယ့်လောကဟာ ပိုကျယ်လာတယ်။ စိတ်က ကျယ်ပြန့်တာကို သဘောကျတယ်။ ကျဉ်းမြောင်းတဲ့နေရာမှာမပျော်ဘူး …။ တစ်ခြားသူရဲ့ အကျိုးကို မလိုလားရင် ကိုယ့်ကိုယ်ကို တန်ဖိုးထားလို့မရတော့ဘူး။ ဘယ်သူ့မှာဖြစ်ဖြစ် ကောင်းတဲ့ အရည်အချင်းရှိရင် အဲဒါကို အသိအမှတ်ပြုရပါမယ်။ အဲဒါကို အသိအမှတ်မပြုနိုင်ဘူး …. မကောင်းတဲ့သူတစ်ယောက် ဘာလုပ်လုပ်မကောင်းဘူးဆိုရင် အဲဒီအယူက ဆိုးဆိုးရွားရွားကြီးလွဲနေပါပြီ။ မကောင်းတာကို ကောင်းတာနဲ့ချေလို့မရပါဘူး။ အဲဒီလိုပဲ ကောင်းတာကိုလဲ မကောင်းတာနဲ့ချေလို့မရပါဘူး။ သပ်သပ်စီပဲဖြစ်ပါတယ်။ အဲဒီလိုပြောရင်လည်း မကောင်းတာကို ကောင်းတာနဲ့ချေလို့ရလို့ အဂုင်္လိမာလ ရဟန္တာဖြစ်တာပေါ့ဆိုတာမျိုးလည်းဖြစ်နိုင်ပါသေးတယ်။ အမှန်က အဲဒါက ချေတာမဟုတ်ဘဲ လွှမ်းမိုးတာပဲဖြစ်ပါတယ်။ Genetic ကိုဖတ်ကြည့်ရင်လည်း dominant genes တွေက လွှမ်းမိုးသွားတယ် ၊ပဲစေ့တွေမှာ သူ့အဘိုးမျိုးဆက်လောက်ကနေ ငုပ်နေတဲ့ဗီဇ ပြန်ပေါ်လာတယ် ….။ လက်ရှိသဘာဝကို လွှမ်းမိုးလိုက်ပြီး ဗီဇဟောင်းပြန်ပေါ်လာတယ်။ အဲဒါမျိုးတွေရှိပါတယ်။ ရဟန္တာလောက် မပြောပါနဲ့ဦး သောတပန်ဆိုရင်ကို စီးကြောင်းထဲရောက်နေပါပြီ။ သောတပန်ဟာ ငရဲကျတယ်မရှိတော့ပါဘူး။ သောတပန်မဖြစ်ခင်အထိတော့ ငရဲသွားဖို့ ဗီဇာရှိပါသေးတယ်။ သောတပန်ဖြစ်ပြီဆိုတာနဲ့ကို ငရဲကနေ Reject တုံးထုလိုက်ပါပြီ။ အားကြီးတဲ့ ကုသိုလ်က အကုသိုလ်ကို လွှမ်းမိုးတာပဲရှိပါတယ်။ အကုသိုလ်ပြောင်သလင်းခါသွားတယ် ဆိုတာမျိုးမဟုတ်ပါဘူး။ ကုသိုလ်က အားသိပ်ကောင်းလာတဲ့အခါ အကုသိုလ်က အကျိုးပေးဖို့ မလွယ်တော့ပါဘူး။ ဒါပေမယ့် အကုသိုလ်ကတော့ အကျိုးပေးကောင်းတယ်မရှိပါဘူး …။ အရှင် အင်္ဂုလိမာလမထေရ်လည်း လူများတွေလွှင့်ပစ်တာတွေ မတော်တဆ ခဏခဏ ထိခံရပါတယ်။ ၀ိပါက် အနေနဲ့တော့ ရှောင်မရပါဘူး။ ကိုယ်မလုပ်ခဲ့တာကို ခံကိုမခံရပါဘူး။ ခံနေရပြီဆိုရင်လည်း တစ်ခုခုလုပ်ခဲ့လို့ပါပဲ။ အထူးသဖြင့် လူတိုင်းဟာ ပုထုစဉ်ဘ၀မှာ မကောင်းတာတွေကိုပဲ နေ့တိုင်းမလုပ်နေပါဘူး။ ကောင်းတာတွေကိုလည်း အမြဲမလုပ်နေပါဘူး။ ကောင်းတာလုပ်လိုက် မကောင်းတာလုပ်လိုက်နဲ့ အဖြူအမည်းရောတဲ့ကံတွေများတဲ့အတွက် ..ကိုယ်ကိုယ်တိုင်ကိုက ပြည့်စုံကောင်းမွန်မြင့်မြတ်လွန်းနေတဲ့သူတွေမဟုတ်ပါဘူး။ အဲဒါလေးကို သတိထားမိရင် ကိုယ့်လောက် ကံမကောင်းလို့ အကုသိုလ်များများပိုလုပ်ဖြစ်နေတဲ့ အကျိုးပေးမကောင်းမှာသေချာနေတဲ့ လူ၊ လူစု၊ အဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီး ဒေါသအစား နားလည်မှုတစ်မျိုးမျိုးနဲ့ သနားကရုဏာဖြစ်လာနိုင်ပါတယ်။ လူကောင်းတွေများလာတဲ့အခါ ကောင်းတာတွေပိုဖြစ်လာပါတယ်။ ထိုက်တန်တဲ့စိတ်နဲ့ ထိုက်တန်တာကို အမြဲရပါတယ်။ မရသေးရင်လည်းမထိုက်တန်သေးလို့ပါ။ မရသေးတာဟာ ဗုံးမခွဲလို့ဆိုရင်လည်း ငြိမ်းချမ်းရေးရဖို့ ဗုံးဘယ်နှလုံးလိုမလဲဆိုတာကို သီအိုရီတစ်ခုပြန်ထုတ်ရပါလိမ့်မယ်။

X …
X-rated film တို့ XXX movie တို့၊ Xperia Phone တို့ …
အဲဒါတွေကိုမရွေးတော့ပါဘူး။ ကြည့်မရတဲ့ Xanthos တို့ …ဘာတို့ဆိုတာတွေကိုလည်း မရွေးချင်ပါဘူး။ သစ်ပင်ထဲက xylum vessels ကိုတော့ သဘောကျတယ်။ အောက်ခြေကလူတွေကို အပေါ်ကို ပို့ပေးချင်တဲ့စိတ်ကို သစ်ပင်တွေရဲ့ xylum vessels တွေကနေ သင်ယူချင်ပါတယ်။

Y-
Yak ဆိုတာ စာမရီ အကောင်ဖြစ်ပါတယ်တယ်။
သူကတော်တော်လေးအပါတယ်။ သူ့အမွှေးကို သူသိပ်ဂရုစိုက်တယ်။ အမွှေးညိနေရင် မသွားတော့ဘူး … အသေခံမယ် အမွှေးအပြုတ်မခံဘူးဆိုတဲ့ ဆိုက်ကိုမျိုးရှိတယ်။ တစ်ချို့လူတွေမှာ မျိုးချစ်စိတ်ဆိုတာရှိသလို သူ့မှာလည်း မွှေးချစ်စိတ်ရှိတယ်။ မင်းမြောက်တန်ဆာငါးပါးမှာ သားမြီးယပ်က အဲဒီအကောင်ရဲ့အမွှေးနဲ့လုပ်တယ်ထင်ပါတယ်။ ငယ်တုန်းက ဖတ်မိတာတော့ဟုတ်တယ်ထင်ပါတယ်။ ကြီးလာတော့ ဆားနဲ့ပါ ဘုရားလို မမှတ်မိတော့ပါဘူး။ အဲဒီ y ကို ကြိုက်သလားဆိုရင် မကြိုက်ပါဘူး။ ဆံပင်တောင် တိုတိုလေးညှပ်ထားတယ်။ Yak တွေကို ဆန့်ကျင်တယ်လို့တောင်ပြောနိုင်ပါတယ်။ Yo-yo ဆိုတဲ့ ဆော့စရာလေးတွေကိုလည်းဆော့ခဲ့ပေမယ့် သိပ်မကြိုက်ပါဘူး။ Yawn ဆိုတဲ့ သမ်းဝေခြင်းအမှု အခါခါပြုခဲ့ပေမယ့် အိပ်ရတာကိုပဲကြိုက်ပါတယ်။ သမ်းဝေနေရတာမကြိုက်ပါဘူး။ ဘောလုံးသမား သန်းဝေဆိုရင်တောင် နားထဲမှာ သမ်းဝေလို့ကြားရလို့ သမ်းရမလိုဖြစ်ဖြစ်သွားပါတယ်။ သမ်းလိုက်တဲ့အခါ အောက်ဆီဂျင်တွေဝသွားလို့ ကိုယ့်ကိုယ်ကိုယ်ကယ်တင်ရာကျတဲ့အတွက် ကုသိုလ်တောင်များများရနိုင်ပါသေးတယ်။ ဒါပေမယ့် Yawn ကိုလည်းမကြိုက်ဘူး။ Die Hard ထဲက Bruce Wili ကတော့ Yippee ki-yay..M …F ဆိုပြီး ဆဲလေ့ရှိပါတယ်။ အဲဒီစကားလုံးကိုလည်းမကြိုက်ပါဘူး။ ကြိုက်တာကတော့ Lion King ထဲက တောဝက်လေး(Timon) ပြေးခါနီးအော်တဲ့ YEEHAW! ဆိုတဲ့ပျော်ရွှင်မှုစကားလေးပါပဲ။

Z-for Zero
နောက်ဆုံး သုညတ တရားမှာ အားလုံးစုရုံးတယ် ဆိုတဲ့ သဘောတရားကို လက်ခံပါတယ်။ သုညကနေ ကွဲအက်ထွက်လာတဲ့ သံသရာလည်ကြောင်းတရားတွေနဲ့ ဖြတ်သန်းအပြီး သံသရာချုပ်ကြောင်း သုညတစ်လုံးပြန်ဖြစ်ဖို့ လူသားတိုင်းမှာ တာဝန်ရှိပါတယ်။
သံသရာလည်တာကို ငယ်တုန်းက နံပါတ်တွေနဲ့ရေးထားတဲ့ကဗျာတစ်ပုဒ်ရှိပါတယ်။ သုညခရီးသွားလို့ခေါ်ပါတယ်။ အခုအချိန်ဖတ်ကြည့်ရင်တော့ ကဗျာလို့မခံစားရပါဘူး။ တစ်ချိန်ကတော့ ကဗျာလို့ခံစားရပါတယ်။ အမှတ်တရ ကဗျာကိုပြန်လည်ခံစားကြည့်ပါတယ်။

သုည ခရီးသွား
သုညလေးဟာ …
တစ်ဖြစ်ရင်ပျော်မယ်ထင်တယ် …။

ဒီလိုနဲ့ နှစ် သုံး လေး ငါး …
နေ့ရက်တွေတိုက်စားသွားတယ် …
၃၁ ရက်လုံးလုံး …
အဖန်ဖန် အကြိမ်ကြိမ်….။

ခြောက် ခွန် ရှစ် ကိုး ….
နေ့ရက်ပေါင်းများစွာ …
လမ်းပျောက်နေတဲ့ တစ်ချိန်က သုညလေးခမျာ …
နေ့ရက်ပေါင်းများစွာ …
ကိုယ့်နောင်တ ကိုယ် တတိတိစားသုံးရင်း….၊

အိမ်ကထွက်ခဲ့တဲ့သုညလေး …
နံပါတစ်ခုရချင်တဲ့သုညလေး …
သူလိုကိုယ်လိုနောင်တနဲ့ …
သူလိုလို ကိုယ်လိုလို ကြေကွဲနေရတုန်းပါပဲ …။

မိုးတွေမစဲသေးပါဘူး ….
ထွက်ခွာသွားခဲ့တဲ့သုညလေး …
အိမ်ပြန်ရောက်ဖို့ ..
လမ်းတွေဟာ အခုမှ စတင်ကောက်ကွေ့ကြတယ်….။ ။

With Peace,
Zephyr

Btw, I cannot type myanmar font in my browsers ...
So I had to type them all in MS word and move to here .. a lot of cut and paste ... I hate thiz.
Fortunately, my friend's and my passes are approved. Now we got our pass(es)(Spass and EP).
Next month, I will be in a new company, start a new life from scratch again ...

Now, the gardener blog is under maintenance. Sorry for inconvenience ...
May everybody be joyous, peaceful and may possess a 200% good health.




Peace B with U.