Friday, June 10, 2011

ပိုင်ဆိုင်မှုမပါသော ၏ သူ၏၊ကျွန်တော်၏ ဒုက္ခများစွာ ၏ စသဖြင့်များ၏ ၀န်းဖွဲ့နေထိုင်ခြင်း။


ပိုင်ဆိုင်မှုမပါသော ၏
သူ၏၊ကျွန်တော်၏
ဒုက္ခများစွာ ၏
စသဖြင့်များ၏ ၀န်းဖွဲ့နေထိုင်ခြင်း။

အသက်တစ်ခါရှူစာလောက်ကျယ်ဝန်းသည့်ကမ္ဘာ၊
သက်ပြင်းတွေရှူသွင်းရင်းမောပန်းနေရ။
မကျေညက်သော ဥဒါန်းများ၊
ဇာတ်ပျက်တွင် ၀င်ရောက်ကခုန်ခြင်း၊
တော်လဲသံဆန်လွန်းသော လက်ခုပ်သြဘာများ၊
တစ်ခါတစ်ရံ မလုံမလဲ ကြယ်ပွင့်များ။

ထပ်ခါတလဲလဲလည်ပတ်နေသော၊
ထပ်ခါတလဲလဲများ
လည်ပတ်နေသော ပုဒ်ကလေးများ
ရပ်တန့်သွားသော ပုဒ်မများ၊
အသက်ငင်နေသော တစ်ချောင်းငင်များ
သဝေထိုးသွားသော သဝေထိုးများ
အသစ်များကို ဆာလောင်သော သစ္စာများ
အသက်ဝင်လွန်းသော (လူစားမထိုးမိသည့်) အသေခံဇာတ်ကွက်များ
ထမင်း၀၀စားသော ၀၀ ထမင်းများ။
မျက်နှာကြီးရာသို့ပါသွားသောဟင်းခွက်များ
အထီးကျန်နေသော တောင်တန်းများ၊
ရေထဲအဆုံးစီရင်ပစ်လိုက်သော အလင်းတန်းများ
ပင်လယ်ထဲကြွေကျထားသည့်ကြယ်များ၊
ငုပ်မိသဲတိုင်သော သဲများ၊
အသည်းကွဲရာ ငါးစားချထားသော နှလုံးသားများ၊
သုံးစားမရအောင် မိုက်မှောင်သောတိမ်များ
သစ်ရွက်လှုပ်တိုင်း ရယ်သော ရယ်သံများ
သစ်ကိုင်းကျိုးကျတိုင်း ပစ်မိသော မိုးကြိုးများ
လက်နှစ်ဖက်ကို ပိုက်ထားလိုက်စမ်း ဟူသော ချိန်းခြောက်သံများ၊
ဘယ်သူမှ သေချာမသိသော မောဟများ
တစ်ခုခုမှားယွင်းနေသော ဘ၀များ
စိတ်ဆင်းရဲသူ၏ ကကြိုးနောက်သို့ မလိုက်ပါလိုခြင်း၊
ကိုယ့်မျက်ရည်ကိုယ်ပိုင်ကြောင်း သက်သေ၊

ဘာဆိုဘာမျှ မမြင်အောင်နက်သောချောက်၊
သေချိန်အထိ စိမ့်အေးနေသော အကျများ၊
အကျတော်ရန် အတော်ကျခဲ့ဖူးဖို့လိုသည်။

ခတ်တင်းမောင်းနင်းများ
ကောက်ပင်ရိတ်လှီးများ
ငါသာအမှန်များ
ဥပေက္ခာအစွန်အဖျားမှ
တစ်စစီပြိုကွဲထွက်လာသော
အမှုန်အမွှားများ၊
ဆင်ခြင်ဥာဏ်သည်
တစ်ခွန်းမခံတိုးတက်လာ။

ဘယ်တော့မှ မပြည့်ဝနိုင်သော
သတ်မှတ်ရိုက်ချက်များ၊
အမှန်ကို မမြင်နိုင်သော အကြည့်များ
မကြာမကြာ ရတတ်သော အပြစ်တင်စကားများ၊
အောက်ဆီဂျင်များ ရှူခွင့်မရသည့်နေရာ၊
စိတ်သည် အစိတ်စိတ်ကွဲကြေလျက်။

ပြာတွေကို မီးရျို့ဖို့မလို၊
တိတ်ဆိတ်ခြင်းကို
အသံတိုးပေးဖို့မလို၊
လိပ်ပြာကို အရောင်ခြယ်ပေးဖို့မလို၊
ကလေးတစ်ယောက်ကို
ပြုံးတတ်အောင်သင်ပေးဖို့မလို၊
အသေတွေကို အသက်သွင်းဖို့မလို၊
ထွက်သွားသူကို ပြန်ခေါ်ဖို့မလို၊
ရပ်နေသူရဲ့ရပိုင်ခွင့်
မတ်မတ်မားမားရှိနေရန်လို။

အသက်ရှူသံများ
တစ်ခါတစ်ရံဆူညံလွန်း
ငိုသံများ
တစ်ခါတစ်ရံဆူညံလွန်း
အမှောင်ထုများသည်
ငိုသံ၊အသက်ရှူသံများ
ခေါင်းချခွင့်ရသည့်နေရာ
ဖြစ်နေရန်မလို၊
ဖြစ်နေရန်လို၊
စိတ်ပါဝင်စားသူများ
စိတ်မပါသည့်အခါ
ဝင်ရောက်ဖြေဆိုရန်မလို။

တိတ်တိတ်နေခြင်းများ
တစ်ထောင်တန်ခြင်းများ
အသံကြောင့်သေသောဖားများ
အသံမထွက်ခင်သေသောဖားများ
တစ်ခါတစ်ရံတွေ့ရတတ်သော ဖော်လံဖားများ၊
တစ်ခါတစ်ရံတွေ့ရတတ်သော အသံကြောင်ဖားများ၊
တစ်ခါတစ်ရံတွေ့ရသော်လည်း မရိပ်မိလိုက်သော ဖားတစ်ပိုင်းငါးတစ်ပိုင်းများ၊
ဖားများသည် အသက်သုံးမျိုးရှူတတ်သည်။
တိတ်တိတ်နေလေ့ရှိသည်။
ကျေးဇူးပြု၍ဖားများကို နမ်းရန်မလိုအပ်ပါ။
သူ့ဘာသူ ကျိန်စာပြေချိန်အထိစောင့်ပါ။

နားမလည်ခြင်းကို အပမ်းမကြီးဘူးဆိုလျှင်
သင့်အဘိဓာန်မှထုတ်ထားလိုက်ပါ။

ဝါးပင်ကြီးလို
အပင်မြင့်မြင့်
အရိပ်နည်းနည်း
မကြာမကြာကွေးညွတ်ကျ
ရယ်စရာလည်းကောင်းသည်။
မြင့်မားနေရခြင်းသည်
ဆင်းရဲ၊
ဆင်းရဲကို ထုတ်ကြွားနေခြင်းသည်လည်း ဆင်းရဲ၊

မှတ်စုစာအုပ်ပါမလာသောနေ့
ဘ၀သည်
ပျင်းရိဖွယ်သင်ခန်းစာ၊
တစ်ရေးလောက်အိပ်ခွင့်ပြုပါ။
နိုးလာသည့်အခါ
မည်သူမှရှိနေရန်မလို။

မကြာသေးမီက ရရှိသော သတင်းအချက်အလက်များအရ
အနုပညာသည် ဖျော်ဖြေရေးကိစ္စမျှလောက်နားလည်သော ရင်ဘတ်ထဲသို့
push up bra တစ်ခုလို ၀င်ရောက်မလာဟု အကျယ်တ၀င့်ပြောကြားနေ။

(တူတူတူ ....................
သင့်တွင် ဘ၀ လက်ကျန်တစ်မိနစ်သာ ကျန်ပါတော့သည်။)

သို့ဖြစ်၍ သုတ်ခြေတင်လိုက်ရ။
ပြီးပါပြီ။ ။ ။ ။ ၃.....၂.....၁..... ၀ .............................













R.I.P June 10 2: 56 pm.



Peace B with U.