Wednesday, January 19, 2011

Merchant Cloud

Merchant Cloud



Singapore မှာ ကောင်းတာလည်းရှိတယ်။ မကောင်းတာလည်းရှိတယ်။ သိသိသာသာ မကောင်းတာကတော့ နိုင်ငံလေးက ကျဉ်းနေတာပဲ။ ပထမတစ်နှစ်လာက် ဘယ်မှမသွားတုန်းကတော့ အဲဒါဟာ ပြဿနာမဟုတ်ဘူး။ ကိုယ့်ဘာသာကိုယ် Bedok Reservoir ပတ်ပြေးလို့ရနေသေးတော့ စင်ကာပူ သိပ်ကျဉ်းတာပြဿနာမဟုတ်ဘူး။ နောက်တော့ ဟိုသွားဒီသွားဖြစ်လာတယ်။ အမေဆုံးတဲ့အခါမှာတော့ ပိုက်ဆံသည် စုစရာမဟုတ် ဆိုတဲ့ ဒဿနတွေဘာတွေရလာတဲ့အခါ သွားတယ်။စားတယ်။ လကုန်ရင် လခမကုန်သေးရင်တောင် တစ်ခုခု မှားသလို ခံစားရတယ်။

ခရီးသွားရင်လည်း အင်မတန်မှ အဆင်ပြေတယ်။ ကြုံတဲ့နေရာအိပ်လို့ရတယ်။ ကားပေါ်မှာဆိုလည်း အိပ်လို့ရတယ်။ အိပ်ရာပြောင်းလို့ အိပ်မရတာဘာညာလည်းမရှိဘူး။ လူများတွေလို အအိပ်ဆတ်တာမျိုးမဟုတ်ဘဲ အအိပ်စက်တယ်လို့တောင်ပြောခံရတယ်။ (ပက်ပက်စက်စက် အိပ်တဲ့ကောင်ပဲဆိုလား) ။ အခုတလော စင်ကာပူမှာ ပျင်းလာတာနဲ့ မလေးရှားကိုသွားတယ်။ မလေးရှားမှာက သဘာဝပတ်ဝန်းကျင်လေးဘာလေးရှိတယ်။ အသက်ရှူလို့ကောင်းတယ်။

Cameron Highlands ကိုသွားတယ်။ တစ်ယောက်ကို ကားခ+ ဟိုတယ်+breakfast ၂ နပ်=၂၂၅ SGD ပေးရတယ်။ အဲဒါက အချိန်ပေါ်မူတည်တယ်။ Chinese New Year သွားဖို့မေးတော့ တစ်ယောက်ကို ၃၀၀ ကျော်တယ်။ ကားက ည ၁၀ နာရီခွဲလောက်စီးရင် မနက် ၇:၃၀ လောက်ဆို ရောက်ပြီ။ အတော်လေးမောင်းရတယ်။ ကားမူးတတ်တဲ့သူတွေ၊ တောင်ပတ်လမ်းတွေမှာ ဥသြဆွဲတတ်သူတွေအတွက်တော့ ငရဲပဲ။

သွားတုန်းကတော့ ကိုယ့်ကိုယ်ကို အက်စကီးမိုးသေလို့ဝင်စားထားတာဆိုပြီး ဘောင်းဘီတို သုံးလေးထည်နဲ့ပဲသွားတာပါ။ လမ်းမှာ ကား Air-con က အေးလာတော့ အက်စကီးမိုးလည်းမနေသာတော့ဘူး။ Grub ယူလာတဲ့ အညာစောင် တပတ်နွမ်းကြီး(ကောင်းလိုက်တဲ့ အလင်္ကာ ...နောက်တစ်ခါ ငှားခြုံဖို့တောင် မလွယ်လောက်တော့ဘူး။)ကိုတောင်းရမ်းခြုံရတယ်။

သုံးနာရီလောက်မောင်းတော့ ငါးတွေရှိတဲ့ ထမင်းဆိုင်ရောက်တယ်။ အဲဒီက ငါးတွေက ပေါင်မုန့်သိပ်ကြိုက်တယ်။ ရောက်တိုင်းကျွေးဖြစ်တယ်။ ခရီးသွားရင် ကုသိုလ်ယူတဲ့သဘောပါ။ သူတို့ ဒီလောက်တောင်ဆာနေသလားလို့ အမြဲတွေးမိတယ်။ မလေးရှားသွားလည်မယ့်သူတွေလည်း ပေါင်မုန့်လေးဘာလေးဝယ်သွားကြပြီးကျွေးလို့ရပါတယ်။ အဲဒီမှာ ယင်ကောင်တလောင်းလောင်းနဲ့အစာတွေရတယ်။ အရသာကလည်း ညံ့သလို ဈေးကလည်းပေါတယ်။ ဖုန်းကဒ်ဝယ်ဖို့ကြိုးစားတယ်။ ဆိုင်ပိတ်ပြီ။

အရေးကြီးတာတစ်ခုမမှာရသေးဘူး။မေ့နေလို့။ အရင်က အားအားယားယား roaming ဖွင့်ထားတာကို မေ့နေတတ်ပါတယ်။ သတိထားပါ။ oversea mail push လုပ်ထားရင် bill လာတဲ့အခါ ငိုကြီးချက်မတို့ ၊ ငိုကြီးချက်ထီးတို့ဖြစ်ရတတ်ပါတယ်။( စင်ကာပူမှာ ရုံးဝန်ထမ်းတော်တော်များများ smart phone သုံးပါတယ်။ Meeting arrange လုပ်ဖို့တို့၊ ရုံးကမေးလ်ကို ဖုန်းကနေစစ်ဖို့တို့အတွက် အဆင်ပြေအောင်ပါ။ တစ်လကို ၅၆ SGD လောက်ပဲပေးရတဲ့အတွက် လူတိုင်းနီးပါး ၀ယ်နိုင်ပါတယ်။ များသောအားဖြင့် ၂ နှစ် contract နဲ့ဖြစ်တတ်ပါတယ်။ ၅၆ ကျပ်ဆိုရင် 12 GB plan ရတဲ့အတွက် အင်တာနက်ရှင်းနယ်မှာ ဈေးအသက်သာဆုံးလောက်နီးပါးဖြစ်နေပါပြီ။ ကံကောင်းထောက်မပြီး AT&T ဒီမှာမရှိတဲ့အတွက်၊ ပိုအဆင်ပြေပုံရပါတယ်။)

ကားပေါ်မှာ ထိုင်နေရမှာပျင်းရင် သီချင်းနားထောင်ပါ။ အသက်ကြီးချင်ယောင်ဆောင်ချင်ရင်၊ ဒါမှမဟုတ် သံသရာကြီးကို ငြီးငွေ့ရင် တရားနာရင်းလည်းသွားလို့ရပါတယ်။ ရေများများမသောက်ပါနဲ့။ မြန်မာပြည်မှာလို မကြာမကြာပေါက်တော မရပ်ပါ။ အင်မတန်မှ စိတ်နာစရာကောင်းပါတယ်။ ပုံမှန်အားဖြင့် တစ်နေ့ကို ရေ ၁၂ လီတာနဲ့ အထက်သောက်တဲ့ အက်စကီးမိုးအတွက်ပိုခက်ပါတယ်။ ရေကလည်းငတ်၊ သောက်လည်းမသောက်ရဲနဲ့အတော်ခက်ခဲပါတယ်။

မလေးရှားမှာ နေရာတကာ တောင်တန်းတွေနဲ့ သာယာနေတာပဲ။ စင်ကာပူကိုမေ့သွားတယ်။ အလုပ်တွေ ဘာတွေ၊ညာတွေမေ့ကုန်တယ်။ အသက်ရှူလို့ကောင်းလာတယ်။ ... ဘေးနားမှာ အပင်တွေကို ရိပ်ရိပ်ရိပ်ရိပ်ဖြတ်ရင်း အိပ်ငိုက်လာတယ်။ အိပ်ရာက နိုးလာတော့ Cameron ရောက်ပြီ။ မျက်နှာသစ်၊သွားတိုက်၊ စတာတွေလုပ်တယ်။ ရေက၀ါနေတာကိုမသိဘဲ ရှေ့ကကောင်ရေမလောင်းသွားဘူးလားဆိုပြီး နာရီဝက်လောက် ရေလောင်းနေတာ နောက်မှ သဘောပေါက်တယ်။ ရေကလည်း ၀ါတာတာနဲ့။ မျက်နှာသစ်ဖို့က စိတ်မသန့်လို့ ရေသန့်ဗူးထဲက ရေနဲ့ပဲသစ်လိုက်တယ်။ စင်ကာပူက နီး ၀ါးတား/နူးဝေါထား(NEWater (Chinese: 新生水))လို ဖြစ်နေမှာဆိုလို့။

နောက်တော့ ပလာတာဆိုင်ကိုသွားတယ်။ ကြက်ဥပလာတာနဲ့ကော်ဖီ စားသောက်တယ်။ မလေးရှားငွေ ၄ကျပ်ခွဲလောက်ကျတယ်။ ငွေလဲနှုန်းက ၂.၃၅ ဆိုတော့ စင်ကာပူ ၂ ကျပ်လောက်ပဲကျတယ်။ နေ့တိုင်း လာလာစားရမလိုတောင်ဖြစ်သွားတယ်။ ယင်ကောင်ရှိတယ်။ နေရာတကာမှာ ရှိတယ်။

မကြာမီ ကားပေါ်ကို ကူးမားဆိုတဲ့သူတက်လာတယ်။ ကူးမားရ်ဆိုတာ ကုလားလို သားကလေးလို့ အဓိပ္ပာယ်ရတယ်ထင်တယ်။ ငယ်တုန်းက မှတ်ထားတာ အခုတော့ သိပ်မမှတ်မိတော့ဘူး။ သူက safety အကြောင်းပြောသလိုလိုနဲ့ tour package တွေကိုရှင်းပြပါတယ်။ လေးမျိုးရှိပါတယ်။ လေးမျိုးမှာ နှစ်မျိုးကစိတ်ဝင်စားစရာကောင်းပါတယ်။

ဆက်လက်ဖော်ပြပါမယ်။ ပုံတွေကြည့်ပါဦး။ Digital Camera နဲ့မို့လို့ ရိုက်ချင်သလို ရိုက်လို့မရတာနဲ့ ရိုက်လို့ရသလိုပဲရိုက်လာခဲ့တယ်။









































Peace B with U.