ဒီဆာင်းပါး စမရေးခင်က သိပ်အများကြီးရေးဖို့ စိတ်မကူးထားပါဘူး။ မဆိုင်တာတွေ ပါလာရင် မလိုအပ်ဘဲဖြေရှင်းနေရမှာပျင်းလို့ပါ ...။ Target Audience က အသက်နည်းနည်းငယ်တဲ့လူငယ်တွေကို ရည်ရွယ်တဲ့အတွက်လည်း တတ်နိုင်သမျှ ပေါ့ပေါ့ပါးပါးတွေရေးပါတယ်။ လူငယ်တွေကို အထင်သေးလို့မဟုတ်ပါဘူး ... အခုခေတ်မှာ စာဖတ်တဲ့ လူငယ်ရာခိုင်နှုန်းက ၁၀ % နှုန်းအောက်မှာရောက်နေပါပြီ ...။ စာအုပ်တွေဟာ သူတို့ကို သင်ကြားပေးနိုင်တယ်လို့ လက်မခံကြလို့ပဲလား၊ ရေးတဲ့လူတွေကပဲ သိပ်ညံ့နေလို့ပဲလား ...။ အကြောင်းတစ်ခုခုတော့ ရှိပါလိမ့်မယ်။ .... စတီဗင်ကိုဗေးရဲ့ စာအုပ်ကိုမကြိုက်တဲ့လူငယ်တွေ ရှောင်ကိုဗေးရဲ့ အလွယ်ပြန်ရေးထားတဲ့စာအုပ်ကို ကြိုက်ကြတာကို တွေးကြည့်တော့ .. သူရေးတဲ့စာဟာ လူငယ်တွေနဲ့နီးစပ်လို့လူငယ်တွေဖတ်တာလို့ အဖြေထွက်ပါတယ်။ လူငယ်တွေဖတ်စေချင်တဲ့အတွက် ... overview တွေများများရေးမိတာသတိပြုမိပါတယ်။ ... နိုင်ငံသားတွေက နိုင်ငံကိုမချစ်တော့ရင် ဘယ်သူတွေက ကိုယ့်နိုင်ငံကို လာချစ်မှာလဲ ဆိုတာကိုတွေးဖြစ်ပါတယ်။ ... အဲဒီအတွေးက motivate လုပ်လို့လည်းဒီဆောင်းပါးကို ဆက်ရေးဖြစ်ပါတယ်။
==============================================
2010 Jan မှာထုတ်တဲ့ Reader's Digest ထဲက အဆိုအမိန့်လေးတစ်ခုကို သဘောကျတာနဲ့ အဲဒီအဆိုအမိန့်လေးနဲ့ပဲစလိုက်ကြရအောင်။
We are limited
but we can push back the borders of our limitations. (Stephen R. Covey)
နားလည်မယ်လို့ထင်ပါတယ်။ အကန့်အသတ်နဲ့နေရ၊ ပြုမူပြောဆိုရတွေ အသက်အရွယ်နဲ့အမျှ၊ ကိုယ့်အလုပ်အကိုင်နဲ့အမျှ ပိုပိုပြီးများလာတဲ့အတွက် ဒီ quotes လေးကို ပိုသဘောကျမိပါတယ်။ ကံစီမံရာဆိုတဲ့ အတိတ်ကံနဲ့ ပစ္စုပ္ပန်ကံကို ရောထွေးစေတဲ့ ဆုံးမစကားမျိုးကိုတော့ ဒီနေ့အထိ လက်မခံနိုင်ပါဘူး။ လုပ်ပိုင်ခွင့်ရှိနေတဲ့အနေအထားအရ အကောင်းဆုံးကို လုပ်လိုက်တာဟာ .. ကိုယ့်ကံကို ကိုယ်တိုင် စီမံလိုက်တယ်လို့ခံစားရပါတယ်။
လူငယ်တွေမှာ သိပ်ပြီး ထက်သန်တဲ့စိတ်ရှိတယ်။ လူကြီးတွေဟာ ကိုယ်ငယ်တုန်းက မလုပ်ဖြစ်ခဲ့တာတွေအတွက် နောင်တရနေကြပေမယ့် ...လူငယ်တွေမှာတော့ ...အခွင့်အရေးရှိတယ် ...။ ကိုယ်နဲ့ အသင့်တော်ဆုံးအလုပ်ကို ကိုယ့်ဘာသာကိုယ်ရွေးချယ်ပြီး အပြည့်အ၀တာဝန်ယူရမယ်။ အောင်မြင်အောင်လုပ်ကြရမယ်။ Henry David Thoreau ပြောတဲ့စကားလေးကို သဘောကျတယ်။
အောင်မြင်မှုဟာ သူ့ကို လိုက်ရှာနေဖို့မအားလောက်အောင် အလုပ်များနေတဲ့သူတွေဆီကို အမြဲလာတယ်တဲ့။
"Success usually comes to those who are too busy to be looking for it".
ဟိုတစ်ပတ်က ဆောင်းပါးက တစ်ဝက်တစ်ပျက်ဖြစ်နေပါသေးတယ်။ "ဆင်းရဲတဲ့နိုင်ငံတွေမှာ ထောင်ချောက်လေးခုက ရုန်းမထွက်နိုင်လို့ဆင်းရဲနေတာလို့စာရေးသူကပြောတယ်။ " လို့ရေးထားပြီး ထောက်ချောက်တွေအကြောင်း ပြည့်ပြည့်စုံစုံမပြောရသေးပါဘူး။
1. Aid and the Conflict Trap
ဒီကိစ္စကတော်တော် အရေးကြီးပါတယ်။ ထောက်ပံ့တယ် ..ထောက်ပံတယ်လို့သာပြောနေတာ ...။ သူတို့က ဘယ်သူတွေကို ထောက်ပံ့နေတာလဲဆိုတာကို သေချာမစူးစမ်းဖြစ်တာများပါတယ်။ နိုင်ငံတစ်နိုင်ငံကိုထောက်ပံမယ်ဆိုရင် ထောက်ပံ့မှုက နှစ်ပိုင်းရှိတယ်။ လက်ရှိ အစိုးရအဖွဲ့ကိုထောက်ပံ့မှာလား။ အတိုက်အခံအုပ်စုကို ထောက်ပံ့မှာလား။ အဲဒါက အရေးကြီးပါတယ်။ ထောက်ပံ့မှုက နှစ်ဖက်လုံးကို ထောက်ပံ့တာမျိုးဆိုရင် ပြည်တွင်းစစ်ဖြစ်ဖို့ အားပေးရာရောက်သွားနိုင်တဲ့အတွက် သူတို့က ပြန်သုံးသပ်ကြပါတယ်။ သုံးသပ်ကြည့်တော့ ... တိုက်ရိုက်ဖြစ်စေတာမျိုးမဟုတ်ဘဲ ...သွယ်ဝိုက်တဲ့နည်းနဲ့ ပြည်တွင်းစစ်ဖြစ်ပေါ်စေတဲ့အနေအထားမျိုးရှိတယ်လို့တွေ့ရတယ်။ တစ်ချို့လေ့လာသူတွေက အဲဒါကို ထောက်ပြပြီး ထောက်ပံ့ကူညီမှုတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ ငြိမ်းချမ်းမှုကို ထိခိုက်နိုင်တယ်ဆိုတာမျိုးပြောလာပါတယ်။ အရင်က ဆင်းရဲရုံဆင်းရဲတာ .. အခုတော့ ငတ်ပါငတ်ပြီ ဆိုတာမျိုးဖြစ်ကုန်ပါတယ်။ အတိုက်အခံတွေကို resource တွေပေးပြီး အစိုးရကို Aid ပေးရမယ်လို့ယူဆကြတယ်။ ဥပမာဆိုပါတော့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ချို့ရှိမယ် ...။ သူတို့လိုချင်တဲ့ ကျောက်စိမ်းထွက်တဲ့နေရာအနည်းငယ်လေးရှိမယ် ...။ အဲဒီတော့ အစိုးရက အဲဒီဒေသကြီးကိုမပေးနိုင်ပေမယ့် ... အဲဒီနေရာအနည်းငယ်ကို ပေးနိုင်တယ်။ ဒါဟာ သဘောတူညီမှုတစ်ခုဖြစ်ပြီး လက်နက်မပါတဲ့ ညှိနှိုင်းမှုမျိုးဖြစ်တယ်။ အစိုးရအတွက် ဆေးရုံသုံးပစ္စည်းတွေ ... စာသင်ကျောင်းဆောက်ဖို့ပစ္စည်းတွေ စတဲ့ Aid တွေကူညီကြတယ်။ အဲဒီလိုကူညီကြတဲ့အခါ ... စစ်ရေးအရ နှစ်ဘက်လုံးမှာ အင်အားသိသိသာသာမကြီးလာပေမယ့် .. နိုင်ငံသားတွေက ပိုပြီးအလုပ်ဖြစ်လာတယ်။ စစ်ပွဲမရှိရင် အလုပ်လုပ်လို့ရတယ်။ စစ်အတွက် ပိုက်ဆံသိပ်ကုန်မနေရင် တခြား လုပ်စရာရှိတဲ့ အလုပ်တွေပိုပြီးလုပ်နိုင်တယ်။ ပြည်တွင်းစစ်တစ်ခုစီကို ဘယ်လောက်ကုန်သလဲ ခန့်မှန်းကြတဲ့အခါ အကြမ်းဖျင်းဒေါ်လာ ၆၄ ဘီလီလျံကုန်တယ်လို့သိရတယ်။ အဲဒီ ပြည်တွင်းစစ်မဖြစ်ရင် အဲဒီ ၆၄ ဘီလီလျံဟာ ... နိုင်ငံအတွက် သုံးနိုင်မယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။ အဲဒီမှာ သူတို့ အလေးအနက်ပြောတာက အဲဒီလိုအောင်မြင်ဖို့ဆိုတာ အစိုးရအနေနဲ့ အောက်ခြေလူတန်းစားတွေအတွက် တိကျခိုင်မာတဲ့ စီမံကိန်းရှိတဲ့အစိုးရမျိုးဖြစ်ဖို့လိုတယ်ဆိုတာပါပဲ။ မဟုတ်ရင် ပြည်တွင်းစစ်ကို ဦးတည်တဲ့ ထောက်ပံမှုထောက်ချောက်ထဲ ထပ်ကျသွားပြီး မွဲသထက်မွဲ ...ပြာသထက်ပြာ ... ဖြစ်သွားနိုင်ပါတယ်။ Aid တွေကို အပုံလိုက်ပေးပြီးထောက်ပံ့တဲ့အခါ ...ပထမတစ်နှစ်၊ နှစ်နှစ်မှာ အဆင်ပြေသလိုဖြစ်ပေမယ့် မကြာခင် ဒုံရင်းပြန်ဖြစ်သွားတယ်လို့ စာရေးသူရဲ့အတွေ့အကြုံအရသိရတယ်လို့ဆိုပါတယ်။ ဆယ်စုနှစ်တစ်ခုကြာလောက် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာတဲ့အခါ ပြဿနာတော်တော်များများဟာ ဖြေရှင်းရပိုလွယ်ကူလာတယ်လို့ဆိုပါတယ်။ တစ်ချို့နိုင်ငံတွေကတော့ စာရင်းအရ ချမ်းသာ၊ စာရင်းအရ မီးလာ၊ စာရင်းအရ နိုင်ငံသားတိုင်းပျော်ရွှင်စွာ ရေကစားလျက်ရှိ ဆိုတာမျိုး ... ဖြစ်သွားနိုင်ပါသေးတယ်။ တိကျခိုင်မာတဲ့ ပေါ်လစီရှိရမယ့်အပြင် အဲဒီပေါ်လစီရှိရုံနဲ့မရဘူးဆိုတာကိုကောင်းကောင်းနားလည်ပြီး ကျင့်သုံးဖို့လိုတယ်လို့ဆိုပါတယ်။
ဒါကထောင်ချောက်တစ်ခုပါ။ ပေးကားပေး၏မရ၊ ကျွေးကားကျွေး၏ မ၀ဆိုတာမျိုးဖြစ်စေတဲ့ ထောက်ချောက်တစ်ခုပါ ...။
နံပါတ်နှစ်အချက်ကိုဖတ်ပြီး အာဖရိက ... အာဖရိကလို့တိုးတိုးလေးရွတ်ရင်း မောပန်းမိပါတယ်။
တခါတလေလည်း ရေးနေရင်း ကိုယ့်ကိုယ်ကို အာဖရိကမှာများမွေးခဲ့တာလားလို့ ခဏခဏတွေးမိပါတယ်။ ဒီဆောင်းပါးမဖတ်ခင် အသက်၀၀ရှူခိုင်းဖို့မေ့သွားလို့ အခု သတိပေးပါတယ်။ ဒီဆောင်းပါးဟာ နိုင်ငံချစ်သူတွေကို အသက်ရှူကြပ်စေနိုင်ပါတယ်။
2. Aid and the Natural Resource Trap
သဘာဝသယံဇာတ ထောင်ချောက်လို့ပဲ အကြမ်းဖျင်းမှတ်လိုက်ကြရအောင်။ တကယ်တော့ ထောက်ပံ့တဲ့သူတွေကလည်း ပိုက်ဆံတွေပေါလွန်းလို့ ဝေဿန္တရာ အလှူပေးသလိုပေးနေတာမဟုတ်ပါဘူး။ ပိုက်ဆံတွေကို ဘယ်သူမှအလကားမရပါဘူး။ ထောက်ပံ့ငွေတွေဟာ လိုတဲ့နေရာရောက်ဖို့အရေးကြီးပါတယ်။ သိသိသာသာ သယံဇာတကြွယ်ဝတဲ့နိုင်ငံတွေမှာ အဲဒီသယံဇာတတွေက အကျိုးအမြတ်တွေဟာ အစိုးရဆီရောက်ပါတယ်။ They do not use very well...ဟဲဟဲ စာမျက်နှာ ၁၀၇ မှာပါတာပါ။ အဲဒီလိုဆိုရင် ထောက်ပံ့ဖို့မလွယ်ဘူး။ အစိုးရဟာ ပြန်လည်ပြုပြင် ပြောင်းလဲမှုမလုပ်ဘူးဆိုရင် ထောက်ပံ့ကူညီမှုရမှာမဟုတ်ဘူး။ အစိုးရမှာ တိကျတဲ့ မူဝါဒရှိမှသာ ထောက်ပံ့ကူညီမှုတွေရနိုင်တယ်။ ပညာရေးနဲ့ကျန်းမာရေးတွေမှာ အကူအညီတစ်ချို့ရတာကိုကြည့်ရင် သူပြောတာကို လက်ခံမိပါတယ်။ ထောက်ပံ့ကူညီတဲ့သူတွေရဲ့ ယုံကြည်မှုကို ရဖို့ တိကျတဲ့မူဝါဒတစ်ခုလိုပါတယ်။
3. Aid and the Trap of Being Landlocked
ဒါကတော့ရှင်းပါတယ် ...။ ကုန်းတွင်းပိတ်နိုင်ငံတွေမို့လို့ အကူအညီပေးရတာခက်တယ်။ ဆက်သွယ်ရေးခက်တယ်။ ဖွံ့ဖြိုးဖို့ခက်တယ်။ ကမ္ဘာပေါ်မှာ ကုန်းတွင်းပိတ်နိုင်ငံ ၄၄ နိုင်ငံရှိပါတယ်။ မြန်မာနိုင်ငံမပါပါဘူး။ .. ကုန်းတွင်းပိတ်နိုင်ငံတွေမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူပေါင်း
ပြီး ဆောင်ရွက်ရပါတယ်။ အာဖရိကမှာ ယူဂန်ဒါ ပင်လယ်ထွက်ပေါက်ရဖို့ ကင်န်ညာနိုင်ငံကို အားကိုးရတယ်။ ကင်န်ညာကလည်းပူပေါင်းချင်စိတ်မရှိဘူး။ အလှူခံစားတဲ့နိုင်ငံတွေများမာနကြီးလိုက်တာ ...လို့တွေးမိတယ်။ ကိုယ်တိုင်တောင် ကံအကျိုးပေးမကောင်းလို့ သူများတကာ ပေးစားကမ်းစာစားနေပေမယ့် ... ပြန်ပြီးကူညီဖို့စိတ်မ၀င်စားဘူး။ ...ကုန်းတွင်းပိတ်နိုင်ငံတွေဟာ ပိုပြီးခက်ခဲတယ်။ ထောက်ချောက်ထဲရောက်နေသလိုပဲ။
4. Aid and the Trap of Bad Governance
ခေါင်းစဉ်မြင်တာနဲ့ကို သဘောပေါက်သလိုဖြစ်လာတယ်။ ဒီ စတုတ္ထထောင်ချောက်ဟာ သိပ်ကိုအရေးကြီးပါတယ်။ အုပ်ချုပ်မှုတိုင်းဟာ မပြည့်စုံဘူးဆိုတာကို နားလည်ပေးကြရပါမယ်။ ဒါပေမယ့် အခြေခံ လိုအပ်ချက်တွေ နိုင်ငံသားတိုင်းရရှိဖို့ ခိုင်မာတဲ့မူဝါဒမရှိတဲ့ အုပ်ချုပ်မှုဟာ မပြည့်စုံတာမဟုတ်ပါဘူး။ သုံးစားမရအောင် ညံ့ဖျင်းတာဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ်လည်း ... နိုင်ငံတစ်နိုင်ငံရဲ့ အကျိုးအမြတ်ဟာ နိုင်ငံသားတွေနဲ့မဆိုင်ဘူးလို့ ခိုင်ခိုင်ကြီး အယူမှားနေတာဖြစ်နေနိုင်ပါတယ်။ ထောက်ပံ့ကူညီမှုတွေဟာ အဲဒီလိုနိုင်ငံတွေမှာ ပြောင်းလဲမှုကိုဖြစ်စေနိုင်မလား။ အဲဒီမေးခွန်းဟာ ထပ်မံဖြည့်စွက်အထောက်အပံ့တွေ (Additional Aid) ပေးဖို့ အဓိက စဉ်းစားကြတဲ့နေရာလည်းဖြစ်ပါတယ်။ ထောက်ပံ့ကူညီမှုတွေဟာ အပြောင်းအလဲဖြစ်စေဖို့ နည်းလမ်းသုံးသွယ်ရှိပါတယ်။
၁။ မက်လုံး ... မလုံးမဟုတ်ပါဘူး။ Incentives ကိုပြောတာပါ ...။ ဒီလိုကြိုးစားရင် ဒါတွေရမယ်ဆိုတာမျိုးပါ။
၂။ ကျွမ်းကျင်မှု skills
၃။ဖြည့်စွက် အကူအညီ reinforcement ... (စစ်တိုက်ရင်တော့ reinforcement ကစစ်ကူကိုပြောတာပါ .. ကိုယ့်ကို လာကူမယ့်တစ်ခုခုပေါ့)
နံပါတ်တစ် ဖြစ်တဲ့ မက်လုံးကလည်း အဆင်မပြေခဲ့ဘူး။ ၁၉၈၀ လောက်က စပြီးအသုံးပြုခဲ့တယ်။ အစိုးရတွေကို ပြောတယ် ... reform လုပ်ရင် ... လုပ်မယ်လို့ ကတိပေးရင် ပိုလှူမယ်လို့ အလှူရှင်တွေက ကမ်းလှမ်းခဲ့တယ်။အဲဒီ မက်လုံး နည်းလမ်းဟာ မျှာ်လင့်ချက်ပျက်လောက်အောင် ဆုံးရှုံးမှုနဲ့ရင်ဆိုင်ခဲ့ရတယ်။ အဓိက ပြဿနာ နှစ်ခုရှိတယ် ... Psychology နဲ့ Economics. တကယ်လို့ဆိုပါတော့ ... ကလေးတစ်ယောက်ကို ဒါကို လုပ် ..မုန့်ပိုကျွေးမယ်ဆိုပြီး သူမလုပ်ချင်တာကို လုပ်ခိုင်းကြည့်ပါလား။ စားမလား စဉ်းစားကြညှ်ုပါ ...။ သူ့ရဲ့ စိတ်က resist လုပ်ပါတယ်။ မစားဘူး ...။ လုပ်ချင်တာလုပ်မယ် ...။ ဒီတစ်ယောက်မကျွေးလည်း နောက်တစ်ယောက်ကျွေးမှာပါ ...။ အခုလည်းဗိုက်မဆာသေးပါဘူး .. စသဖြင့်တွေ ... သူတွေးမှာပါပဲ ...။ အခုက ကလေးတစ်ယောက်မဟုတ်တဲ့ အစိုးရအဖွဲ့ကို မက်လုံးပေးတယ်ဆိုတာကိုမမေ့ပါနဲ့ ...။ တစ်ချို့ကိစ္စတွေက ထင်သလောက်မလွယ်ပါဘူး။ ပိတ်ဆို့တာ ...။ ဖိအားပေးတာတွေက မအောင်မြင်မှန်း Obama ရော Hillary Clinton ရော ကောင်းကောင်းနားလည်သွားပါပြီ ...။ အဲဒါတွေကလည်း soft power ကို ခြေလှမ်းပြောင်းလိုက်ရတဲ့ အချက်တစ်ချက်ပါပဲ။ တစ်နည်းအားဖြင့် အုပ်ချုပ်မှုအာဏာရှိသူတွေကို မက်လုံးနည်းလမ်းနဲ့ ချဉ်းကပ်ဖို့ခက်တယ် ...။ သူတို့က အလှူရှင်တွေထက် ချမ်းသာနေတာလည်းဖြစ်နိုင်ပါတယ်။ နောက်တစ်ခု Economics ကလည်း ဒီလိုပါပဲ ...။ စီးပွားရေးမူဝါဒပြောင်းတယ်ဆိုပါတော့ ... ပိုမွဲသွားရင် ပိုပေးမလား။ တာဝန်ယူမလား။ တစ်နိုင်ငံလုံးပိုမွဲသွားတာကို ဘယ်လိုပြန်လျော်ပေးမလဲ ...။ အဲဒါကို တာဝန်ခံပေးဖို့က သိပ်ခက်ပါတယ်။( ငယ်တုန်းက အမေတို့ ရုံးကို လိုက်သွားတယ်။ ၀န်ကြီးများရုံးပါ။ ... အဲဒီမှာ ၀န်ထမ်းတွေအများကြီးတွေ့တယ် ...။ သိပ်အံ့သြတယ် ...။ အမေ့ကိုလည်းမေးကြည့်တယ် ...။ အမေ ဒီစာရင်းတွေက နှစ်တိုင်းတွက်နေရတာလား ဆိုတော့ ဟုတ်တယ်တဲ့ ...။ အဲဒီမှာ ဘာတွေတွေ့လဲဆိုတော့ ... စက်မှုကဏ္ဍက ဘယ်လောက်ဖွံ့ဖြိုးတိုးတက်လာတယ် ..။ သားငါးကဏ္ဍက ဒီနှစ်မှာ ဘယ်လို ခုန်ပျံတိုးတက်လာတယ် ...။ စက်မှုဇုန်တွေက ဘယ်လို ..စတဲ့ စာရင်းတွေအများကြီးတွက်ကြရပါတယ်။ အဲဒါတွေကို Program ရေးထားလိုက်ရင် လူဘယ်နှစ်ယောက်ပဲလိုမလဲအမေ ဆိုတော့ အမေက ရယ်ပါတယ်။ ) ... တစ်ကယ်လို့ စီးပွားရေးမူဝါဒတစ်ခုပြောင်းလဲလိုက်လို့ ... ၀န်ထမ်းတွေမလိုအပ်ဘဲများမနေတော့ဘဲ တစ်ခြားနေရာတွေကို ပြောင်းလဲလုပ်ကိုင်ရပြီး အဆင်မပြေဖြစ်တယ်ဆိုကြပါစို့ ... ပထမဆုံး ခေါင်းခံရမှာ အစိုးရဖြစ်ပါတယ်။ အဲဒါတွေကြောင့်လည်း ဇင်ဘာဘွေမှာ ၁၉၉၈ မှာ ၀န်ကြီးက စာနယ်ဇင်းသမားတွေကို ပြောတာရယ်စရာတောင်ကောင်းပါတယ်။ "အခုစီးပွားရေးမူဝါဒဟာ ငါတို့ပြောင်းတဲ့ဟာမဟုတ်ဘူး ... IMF ပြောင်းတာ" တဲ့ ..။ ဆိုလိုတာ တစ်ခုခုဖြစ်လည်း သူတို့နဲ့မဆိုင်ဘူးလို့ကြိုပြီး သတိပေးထားတယ်လို့ထင်ပါတယ်။
...အဲဒီလိုရှုပ်ထွေးလာတဲ့အခါ မက်လုံးကို ပုံစံပြောင်းပါတယ်။ ဒီလိုလုပ်မှ ပေးမယ်ဆိုတာထက် ...။ ဘယ်လိုလုပ်လုပ် ..တိုင်းပြည်အခြေအနေကောင်းလာရင်ပိုပေးမယ်ဆိုတာမျိုး ဖြစ်လာပါတယ်။ ဒါကလည်း ပိုပြီးဖြစ်သင့်တဲ့ နည်းလမ်းပါပဲ ...။ လက်ရှိအစိုးရတွေက Power ကို အစိုးရအဖွဲ့ဆီကနေ လှူဒါန်းသူ (Donors) တွေဆီကို ခွဲပေးနေရသလို ခံစားရတဲ့အတွက် ဒါကိုနည်းနည်းအသေးစိတ်ထပ်ရှင်းကြပါတယ်။ အစိုးရကို မူဝါဒပြောင်းခိုင်းတာ ..ဟိုလိုဒီလိုလုပ်ခိုင်းတာ တစ်ခုခုတိုးတက်လာဖို့ပါ ..။ ဒါမျိုးတွေကို စုပြီးယျေဘုံယျစကားတစ်လုံးနဲ့ဖော်ပြရင် Governance conditionality လို့ခေါ်ပါတယ်။ အုပ်ချုပ်မှု အခြေအနေအရ ထောက်ပံ့မှုပေးတာမျိုးပါ။ တကယ်တော့ Power ကို အစိုးရဆီကနေ Donors တွေဆီကို ရွှေ့တာမဟုတ်ပါဘူး တကယ်ရွှေ့တာက အစိုးရဆီကနေ နိုင်ငံသားတွေဆီကို ရွှေ့တာပါလို့ စာရေးသူကပြောပါတယ်။(မူရင်းစာရေးတဲ့သူကပြောတာပါ ...။ဟဲဟဲ)။ အဲဒါကိုလည်း လွယ်တယ်မထင်ပါနဲ့ ...။ ဥရောပမှာ .. (တကယ်ဆို Europe ကို ယူရောပီး လို့ခေါ်သင့်တယ်နော် .. ဘာဥမှမပါဘဲဥရောပ ဖြစ်နေတယ်) အဲဒီလို Power ပြောင်းလဲမှုဖြစ်ဖို့ နှစ် ၂၀၀ စောင့်ခဲ့ရတယ်။ သိပ်လွယ်မယ်မထင်နဲ့လို့ စာရေးသုက သတိပေးတာပါ။ နှစ်၂၀ ရှိပြီဆိုတဲ့သူတွေအတွက်ပြောတယ်လို့ထင်ပါတယ်။ ဒီ Governance conditionality နည်းဟာ အစိုးရကို ဘာလုပ်ရမယ် ဘယ်အချိန်အတွင်းပြီးရင် ဘယ်လို extra aid တွေပေးနိုင်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်းဖော်ပြနိုင်တဲ့နည်းဖြစ်တဲ့အတွက် အားနည်းတဲ့ အုပ်ချုပ်မှု (weak governance) ရှိတဲ့ တိုင်းပြည်တွေမှာ စတင်အသုံးပြုလာပါတယ်။ ဒီလိုအသုံးပြုတဲ့အတွက် အောက်ခြေလူတန်းစားတွေ တော်တော်အကျိုးရှိလာတာကို တွေ့ရပါတယ်။
တကယ်တော့ တိုင်းပြည်တစ်ခုမှာ အဓိက ရပ်တည်ဖို့ဝန်ငွေဟာ အခွန်ဖြစ်ပါတယ်။ အခွန်ဆောင်နိုင်ဖို့ဆိုတာက လုံလောက်တဲ့ဝင်ငွေရှိဖို့လိုပါတယ်။ တကယ်လို့ အလုပ်အကိုင်တွေ ကောင်းမွန်အဆင်ပြေလာတဲ့အခါ အခွန်များများပိုစည်းကြပ်နိုင်တဲ့အတွက် နိုင်ငံရဲ့ဖွံ့ဖြိုးမှုကို ပိုပြီးထိရောက်စေပါတယ်။ တစ်ခါတစ်လေ နိုင်ငံမှာ မြို့အသစ်တစ်ခုလိုအပ်လား စီးပွားရေး တိုးတက်ဖို့ အလုပ်သမားအများကြီး အလုပ်ပေးထားနိုင်တဲ့ နိုင်ငံတကာ အဆင့်မီ စက်ရုံအလုပ်ရုံတွေလိုအပ်သလားဆိုတာကို ကွဲကွဲပြားပြားသိတဲ့နိုင်ငံတွေဟာ မြန်မြန်ဆန်ဆန်တိုးတက်ပါလိမ့်မယ်။
(အပိုင်းလေး ဆက်ရေးပါဦးမည်။)
ခင်မင်စွာဖြင့်
Zephyr
Notes:
Harry Potter နောက်ဆုံးစာအုပ် .. Deadly Hollow ဖတ်ရင်း England က ကလေးတွေဟာ စာဖတ်မပျင်းကြဘူးလို့ တွေးမိပါတယ်။ ဒီလောက် စာအုပ်အထူကြီးကို ရဖို့ တန်းစီဝယ်ယူကြတာ အံ့သြစရာတောင် ကောင်းပါတယ်။ စာအုပ်တွေနဲ့ပတ်သက်ပြီး အထင်သေးနေကြတဲ့ လူတစ်ချို့ကိုပြောချင်တာကတော့ တကယ်တမ်း အသေးစိတ်အချက်အလက်တွေကို အင်တာနက်မှာထက် စာအုပ်တွေမှာပဲ ရနိုင်တယ်ဆိုတဲ့အချက်ပါပဲ ...။
မြန်မာပြည်က ကလေးမိဘတွေကိုလည်း ကွန်ပြူတာကျွမ်းကျင်မှုလောက်နဲ့ရပ်မထားဘဲ ..စာကောင်းကောင်းဖတ်နိုင်အောင်လည်း သင်ပေးနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ်။
ဒီလိုပျင်းစရာကောင်းတဲ့ဆောင်းပါးတွေကို ရေးဖို့ အားပေးတဲ့ အမေ့ကို သတိရနေတာနဲ့ စာများများရေးဖြစ်နေပါတယ် ...။
Peace B with U.