Friday, June 1, 2012

ဤသည်ထို၎င်းယင်း

ကျွန်ုပ်တို့ရွာကလေးသည် အင်မတန်ပူလေပြီ။

မိုးရွာတိမ်ထူသော်လည်း အပူချိန်သည် ၃၃ ဒီဂရီ နှင့် ၂၆ ဒီဂရီ ကြားတွင် လူးလားခေါက်တုံပြေးနေရော့သည်။ အသော့နှင်နေသော အပူရှိန်သည် တစ်ချက်တစ်ချက် ထပြေးသလိုရှိသည်။ ဒီဟိုက်ဒရေးရှင်းဖြစ်ချေတော့သည်။

အပူဒဏ်မခံနိုင်သော အကျွန်ုပ်လည်း ဘေးအိမ်မှ ဘွားတော်ကြီးကို အားကျသဖြင့် အိမ်ရှေ့စိမ်းလန်းသာယာရေးအတွက် တစ်ပတ်လျှင် ပန်းပင်အသေးလေးတစ်ပင်ဝယ်လေသည်။ ရလဒ်အနေဖြင့် ခြင်တစ်ကောင်ရောက်လာလေသည်။ သို့သော် စိတ်ချမ်းသာလေသည်။ ရွာရှေ့ခြမ်းမှ ပန်းဆိုင်တွင် ပန်းပင်ဈေးမှာ အတော်ချိုသာလေသည်။ လိုအပ်သော သဲ၊မြေကြီး၊မြေဆွေး၊ မြေသြဇာ အစုံအလင်ရလေသည်။ စိတ်ချမ်းသာလျှင် ပိုက်ဆံကုန်သည်မှာ တန်သလိုရှိလေသည်။

ပုရွက်ဆိတ်ခေါ် ပွက်ဆိတ်တို့သည်လည်း ပူကြချေပြီ။ ရေကိုရှာ သောက်တော်ရေမှာတွေ့ကြလေသည်။ ထို့ကြောင့် ဘုရားကို မကြည်ညိုသော်လည်း သောက်တော်ရေကို မီခိုကြလေတော့သည်။ သောက်တော်ရေကို အရင်ကထက် နှစ်ဆတိုး လဲပေးရတော့သည်။ ဘုရားရှင်အတွက်မူ အိန္ဒိယ ပြန်ရောက်နေသလို ခံစားရနိုင်သည်။ ဂလိုဘယ် ဝမ်းမင်းကို ဘုရားသော်မှ မလွန်ဆန်နိုင်ဘူးဟုသာ သံဝေဂရမိတော့သည်။

ဘုရားပန်းများသည်လည်း သိသိသာသာညှိုးချုံးလေသည်။ လေးရက်ခံနေကြပန်းများသည် သုံးရက်သာ အထားခံတော့သည်။ ပန်းအိုးရေမှာလည်း တစ်နေကုန်ထားလျှင် ထက်ဝက်ခန့်လျော့သွားသည်။ ပန်းများသည်လည်းရေငတ်ကြလေပြီ။ ကြံဖန်တွေးလျှင် အပူရှိန်သည် ကုသိုလ်ရေးအတွက်တော့ အင်မတန်မှ အထောက်အကူပြုလေသည်။ ဘုရားပန်း ခဏခဏလဲဖြစ်စေပြီး၊ သောက်တော်ရေမကြာမကြာလဲဖြစ်စေသည်မဟုတ်လော။

အဲကွန်းမကြိုက်သော ကျွန်ုပ်သည် အပူအအေးကြောင့် အိပ်ပျက်သူထဲတွင် စာရင်းမပေါက်ပေ။ မျိုးရိုးလိုက်သမျှထဲတွင် မွေးသမိခင်ကြီးနှင့်တူ၍  အစားအသောက်တွင်မွေ့လျော်၍ အအိပ်တွင် စုံမက်လေသည်။ တစ်နာရီကျော်တွင်လာရောက်လေ့ရှိသော လေညင်းများကို စောင့်ရင်း အင်တာနက်သုံးခွင့်ပိုရလေရာ ကျွန်ုပ်အတွက် အပူရှိန်သည် လာခြင်းကောင်းနေသေးသလိုဖြစ်နေသည်။ ပြတင်းပေါက်မှ မြင်နေရသော ကြယ်ကလေးကိုကြည့်ရင်း သဘာဝအလှကို အနည်းငယ်ပို၍ ခံစားနိုင်သေးသည်ဖြစ်ရာ ရာသီဥတုကောင်း၍ စောစောအိပ်သော ညများတွင် မရနိုင်သည့် ရသအချို့ကိုသိမြင်ခံစားခွင့်ရလေသည်။

မြန်မာပြည်တွင် လျှပ်စစ်မီးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြကြသည်ဟု ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် သိမြင်ရသည်။ ကျွန်ုပ်တို့သည်လည်း ဖယောင်းတိုင်ဖြင့် စာကျက်ခဲ့ရသော လူတန်းစားများဖြစ်လေရာ အင်မတန်မှ စာနာမိလေသည်။ ထို့အပြင် ဖယောင်းတိုင်များလည်း ကိုယ်တိုင် ပြုလုပ်ရောင်းချဖူးသဖြင့် ပိုမို၍ စာနာမိလေသည်။ ဖယောင်းတိုင်မီးစာများသည် ရေထိလျှင် မီးမလောင်ချင့်လောင်ချင်သာ တောက်လောင်လေသည်။ ထိုအခါ အထွန်းခံဖယောင်းတိုင်များဖြစ်လေတော့သည်။ မျက်စိအင်မတန် ထိခိုက်နိုင်သော ဖယောင်းတိုင်ဖြစ်နိုင်သည်။ တစ်ချို့ဖယောင်းတိုင်များကို ဖယောင်းအသန့်ဖြင့်ပြုလုပ်ထားခြင်းမဟုတ်။ အရောအနှောပါသော ဖယောင်းသည် ဈေးချိုလေသည်။ အရောင်သန့်စင်စေရန်ထည့်သော ကြည်ဆေးတစ်မျိုးလည်းရှိသည်။ ထိုအရာများသည်လည်း ကျန်းမာရေးအတွက် ကောင်းမကောင်း မည်သူမှ သုတေသနလုပ်ထားပုံမပေါ်ပါ။ ဖယောင်းအငွေ့များကိုရှူရင်း စာကို အာရုံစိုက်ရသည်မှာ မလွယ်သောအလုပ်ဖြစ်ပါသည်။ မီးပျက်လျှင် လူသားအခက် ခြင်အချက်ဆိုသော တို့ခြင်ကောင် အစည်းအရုံး၏ကြွေးကြော်သံဖြင့် တစ်အုပ်ကြီး ချီတက်လာသော ခြင်များ၏ အကိုက်အခဲမှ ကင်းဝေးစေရန် ခြင်ဆေးနှစ်ဆထွန်းရသည်။ ထို့ကြောင့် အဆုပ်အတွက် ရောဂါဖြစ်နိုင်စေသည်။ ခြင်မဟားတရားသေအောင် အပြင်းစား ကမ်မီကယ်လ်သုံးထားသော ခြင်ဆေးခွေများကို ကိုင်ပြီး လက်မဆေးမိလျှင် ပြဿနာရှိနိုင်သေးသည်။ ထို့ထက်ကြီးမားသော ပြဿနာမှာ မီးလောင်မှုများဖြစ်ပါသည်။ ကျွန်ုပ်နေသောမြို့နယ်နှင့် ထိစပ်နေသော မြို့နယ်သုံးလေးခုသည် အင်မတန် မီးလောင်သော မြို့နယ်များဖြစ်သည်။ အသိပညာ ပြည့်ဝသော လူကြီးမင်းများ၏ လမ်းညွှန်မှုဖြင့် မီးချိတ်မီးကဒ်များ ကြွပ်ကြွပ်အိတ်ရေထုပ်များဖြင့် ငြှိမ်းမရသော မီးများ မကြာမကြာလောင်လေသည်။ လမ်းများမှာ ကျဉ်းလွန်းသဖြင့် မီးသတ်ကားဝင်မရဖြစ်တတ်သည်။ အရေးပေါ် ရေပိုက်ခေါင်းများမှာလည်း တစ်ခါတစ်ခါဖွင့်မရလောက်အောင်ဖြစ်နေတတ်သေးသည်။ လျှပ်စစ်မီး မတည်ငြိမ်မှုကြောင့်လည်း လျှပ်စစ်ပစ္စည်းများပျက်စီးကြလေသည်။ မီးလာသော အခိုက်အတန့်တွင်လည်း Step-up transformer ကိုသာ အားကိုးရလေသည်။ လျှပ်စစ်မီးသည် မြန်မာပြည်ကို ယခုအခြေအနေသို့ရောက်အောင် ပို့ဆောင်လိုက်သည့် အဓိက တရားခံများအနက်မှ တစ်ဦးလည်းဖြစ်ပါသည်။

လျှပ်စစ်မီးရရန် စီမံကိန်းများ တစ်ခုပြီးတစ်ခုသာပြီးသွားသော်လည်း နိုင်ငံအတွက် အမှန်တကယ် လိုအပ်သော မဂ္ဂါဝပ်မထွက်လာသေးပါ။ ထွက်လာသော်လည်း အမေကျော်ဒွေးတော်လွမ်းသော မဂ်ဂါဝပ်တစ်ချို့မှာ အိမ်နီးချင်းနိုင်ငံများ၏ ကလပ်ထဲမှ ဆလိုက်မီးများအဖြစ် အပျော်ကြူးနေလေသည်။ ရေအားလျှပ်စစ်သည် ယခုလို ချောင်းကောမြစ်ကောကာလတွင် အင်မတန် မကိုးစားသင့်သော လျှပ်စစ်ထုတ်လုပ်ရေးဖြစ်ကောင်းဖြစ်လိမ့်မည်။ တခြားတခြားသော သက်သေပြနိုင်ပြီးသားနည်းလမ်းများဖြင့် (proven solutions) ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားများ များများရနိုင်လျှင် နိုင်ငံတကာနှင့်ပူးပေါင်း၍ဆောင်ရွက်သင့်ပါသည်။

ရာသီဥတုပူသောကြောင့် ရေကူးကန်သွား၍ ရေစိမ်နေမည်ဟု စိတ်ကူးရသည်။ ခွင့်ရက်ရှည်သည် ထင်တာထက်ရှည်လွန်းသဖြင့် ယခုတောင်မှ အတော်ပျင်းနေလေပြီ။

သောကြာနေ့ရောက်လာတဲ့အတွက် အပူဒဏ်ကို ခုခံနိုင်အောင် ဂျာမန်ဘီယာ အေးအေးလေးတွေ များများသောက်ပေးကြပါ။ ဘီယာလောက်ပဲကောင်းပါတယ်။ ရာသီဥတု မကောင်းတဲ့အတွက် အပူအပြင်းတွေ ဇွတ်မကစ်ဘဲ သာသာယာယာ အေးချမ်းရုံလောက်မီဝဲဖို့လိုပါမယ်။ ဘီယာမသောက်တတ်သူများ  ရေများများသောက်ပေးပါ။  ရေခဲရေသောက်ရင် မစို့မပို့မသောက်ပါနဲ့။  ၁လီတာပုလင်း သုံးပုလင်းလောက်သောက်ပေးပါ။ ကိုယ့်ကိုယ်ကို သတိထားပါ။ အပူများနေတယ်ထင်ရင် cooling water သောက်ပါ။ သင်္ဘောသီးစားပါ။ အပူစာတွေကိုရှောင်ထားပါ။ အဆင်ပြေရင် မကျည်းရည်ဖျော်သောက်ပါ။ ထန်းလျက်ဝယ်ပြီး ဖျော်လိုက်ရုံပါပဲ။ အဲဒါကိုမှ ပျင်းရင် အင်းလေး ကစ်ချန်းမှာ နှစ်ကျပ်နဲ့ဝယ်သောက်လည်း သင့်တော်တာပါပဲ။

ကျန်းမာရေးကို ဂရုစိုက်ပြီး နေထိုင်ကြပါ။ သောကြာနေ့ကုန်လွန်ခါနီးလာတဲ့ အခုလို အခါသမယမှာ နောက်ထပ် သောကြာနေ့တွေ များစွာကို ဖြတ်သန်းသွားဖို့အတွက် အသက်ရှည်အောင် နေကြပါ။ အသက်တိုနိုင်တာတွေကို လျှော့ပါ။ အသက်ရှည်မယ့် ကိစ္စတွေကို နည်းနည်း အချိန်ပေးပါ။

မနေ့က နာလိုက်တဲ့တရားမှာ အကောင်းနဲ့အဆိုးကို သိပြီး အဆိုးကို ဘရိတ်နင်း၊ အကောင်းဘက်ကို လီဗာနင်းလို့ ဓမ္မဒူတဆရာတော် တစ်ပါးက ဟောပါတယ်။ ဘရိတ်နဲ့ လီဗာနဲ့ မှားနင်းလို့ ကားတိုက်မှုတွေများလာတာဖြစ်မယ်။ ကိုယ်လုပ်နေကြအလုပ်တွေကိုလည်း နည်းနည်းလောက် ပြန်ဆင်ခြင်ကြည့်ပြီး လျော့တန်လျော့ တိုးတန်တိုး ချိန်ညှိကြရမှာပါပဲ။ မဟုတ်ရင်တော့ အပူများတဲ့လောကကို စောစော စွန့်ခွာစရာရှိပါတယ်။ ကလေးရှိတဲ့ မိတ်ဆွေတွေလည်း ကိုယ့်ကလေး အသက်ကြီးလာတဲ့အထိ နေချင်သေးရင် ကိုယ့်ရဲ့ Lifestyle ကို ပြင်ဖို့လိုရင် ပြင်လိုက်ပါ။ မိသားစုရှိတဲ့သူတွေလည်း ထိုနည်းလည်းကောင်းပဲ။ ကိုယ်စောစော ဘဝတစ်ပါး ဗီဇာရသွားရင် ကျန်ခဲ့မယ့်သူတွေရှိတယ်ဆိုတာလေးကို မမေ့ပါနဲ့။ လီဗာနဲ့ဘရိတ်ကို အဆင်ပြေသလိုနင်းပါ။ အကျင့်ဖြစ်အောင်မလုပ်တာကောင်းတယ်။ အကျင့်ဖြစ်သွားရင် ပြန်ဖျက်ရခက်တယ်။ အကျင့်သိပ်ပါနေတာတွေကို နည်းနည်းလောက်ရပ်ကြည့်တာ ကောင်းတယ်။ ကိုယ်ဘယ်လောက် စွဲလန်းလဲသိရတာပေါ့။ ကျန်းမာရေးထိခိုက်မယ့် ဘယ်အရာကိုမှ သိပ်အလွန်အကျွံမလုပ်တာကောင်းတယ်။

သောကြာနေ့မှာတော့ ပေမရှည်ချင်ပါဘူး။ ပျော်ကြပါ။ စိတ်ချမ်းသာအောင်နေကြပါ။ အလုပ်ကများရတဲ့ကြားထဲ စိတ်ကပါ မပျော်ဘူးဆိုရင်လည်း စောစောစီးစီးသေစရာရှိပါတယ်။ စိတ်ချမ်းသာအောင် လုပ်တဲ့ကိစ္စတွေကိုလည်း ကျန်းမာရေးမထိခိုက်အောင်သတိထားပါ။ အပြောင်းအလဲလေးတွေလုပ်ကြည့်ပါ။ ဘဝမှာ ဒီတစ်ပတ်လည်း ဒီလို၊ နောက်တစ်ပတ်လည်း ဒီလို၊ နောက်တစ်နှစ်လည်း ဒီလိုပဲဆိုရင် သိပ်ပျင်းစရာကောင်းမှာပဲ။ နည်းနည်းလေးပြောင်းလိုက်ပါ။ စိတ်ချမ်းသာချင်တဲ့လူတွေချည်းပါပဲ။ ကိုယ်ပျော်မယ်၊ စိတ်ချမ်းသာမယ်ထင်တာတွေပဲ လုပ်နေကြတာပါ။ စိတ်ညစ်စရာကောင်းတာ ရွေးလုပ်နေတဲ့သူတော့ ရှိမယ်မထင်ပါဘူး။

ကိုယ့်ပျော်ရွှင်မှုဟာ ကျန်းမာရေးကို မထိခိုက်စေရဘူး လို့ တတ်နိုင်ရင် သတိထားလိုက်ပါ။ အဲဒါဆိုရင် ပျော်ရွှင်စရာတွေကို ရွေးချယ်တဲ့အခါမှာ အဲဒီပေတံနဲ့တိုင်းလိုက်ရင် လွယ်ကူစေမယ်ထင်ပါတယ်။ ကျန်းမာရေးမထိခိုက်ဘူးဆိုတော့ ဂုဏ်သိက္ခာတော့ ထိခိုက်ရင် ရတယ်လို့လည်းအတွေးပေါက်မှာဆိုးတယ်။ ကိုယ့်ဂုဏ်သိက္ခာ၊ self-respect မထိခိုက်၊ကျန်းမာရေးမထိခိုက်တာဆိုရင် ရမယ်ထင်တယ်။ အဲဒါလေးတစ်ခုလောက် သတိထားပြီး ပျော်ရွှင်ကြပါလို့ တိုက်တွန်းပါတယ်။ ဆရာမလုပ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း စာဖတ်တဲ့သူတစ်ယောက်ယောက်ထက် ပိုသိတယ်၊ ပိုဆရာကျတယ်၊ အထာရှိတယ် မထင်မိပါဘူး။ အားလုံးကို မိတ်ဆွေတွေလို သဘောထားပြီး ခင်ခင်မင်မင်ပြောတာတွေပဲဖြစ်ပါတယ်။

သတိ ... TGIF, .... ပျော်ရွှင်စရာတွေကို ရွေးချယ်ပြီး ပျော်ရွှင်နိုင်ကြပါစေ။

Regards,
The Gardener

Notes:
တစ်ပတ်လုံး အိမ်မှာ နားနေရင်း နေ့တိုင်းစာရေးဖြစ်တယ်။ အားလုံးကိုလည်း သက်သက်သာသာ အလုပ်တွေရရှိဖို့၊ နားနားနေနေ နေရတဲ့ အလုပ်တွေရရှိဖို့ ဆုမွန်ကောင်းပို့သလိုက်ပါတယ်။ အထူးသဖြင့် တစ်နေ့တစ်နေ့ အလုပ်ကနေပါလာတဲ့ စိတ်ဖိစီးမှုတွေရှိရင် အဲဒီနေ့မှာပဲ လျှော့ချတတ်တဲ့ အကျင့်လေး မွေးမြူဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ်ဝါသနာပါတဲ့ စိတ်အပန်းပြေစေတဲ့ လေ့ကျင့်ခန်းတစ်ခုခု လုပ်ရင်းဖြစ်စေ၊ သီချင်းနားထောင်ရင်း၊ စိတ်ချမ်းသာစေတဲ့ စာဖတ်ရင်း၊ အခွေကြည့်ရင်းဖြစ်စေ၊ စိတ်ဖိစီးမှုတွေကို လျှော့ချပြီး ကိုယ့်ကျန်းမာရေးကို ကိုယ်တန်ဖိုးထားတတ်ဖို့ သတိပေးချင်ပါတယ်။



Peace B with U.

Thursday, May 31, 2012

ငြိမ်းချမ်းမှုနှင့် ခဏတာ

ငြိမ်းချမ်းမှုနှင့် ခဏတာ

When a man cannot choose, he ceases to be a man. (Anthony Burgess)

လူသားတွေဖြစ်ဖို့ဆိုတာ ရွေးချယ်ခွင့်ရှိဖို့လိုတယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ overwhelm ဖြစ်နေတဲ့အခါမျိုးမှာ စိတ်ထဲက အခက်အခဲတွေကို လွှတ်ချဖို့ အခွင့်အရေးရှိဖို့လိုတယ်။ လွှတ်ချပိုင်ခွင့်ကလည်း ကိုယ့်ဆီမှာရှိဖို့လိုတယ်။

အခုတလော အချိန်နည်းနည်းရတာနဲ့ ရေးပြီးခဲ့တဲ့ပို့စ်အဟောင်းတွေ ပြန်ဖတ်ကြည့်တယ်။ ၂၀၀၈ မှာ ကျွန်တော် စာရေးဖို့ရွေးချယ်ခဲ့တယ်။ ၂၀၀၉ မှာ ကိုယ်ယုံကြည်တာတွေကို ရွေးချယ်ပြီးဆက်ရေးခဲ့တယ်။ ၂၀၁၀မှာလည်း ပြောင်းလဲလာတဲ့စိတ်အရ ထပ်ပြီးရွေးချယ်ခဲ့တယ်။ ရွေးချယ်မှုတွေကို နောက်ပြန်ကြည့်ပြီး စဉ်းစားတဲ့အခါ အပြောင်းအလဲတွေကိုတွေ့ရတယ်။ ရွေးချယ်ခွင့်ရှိခြင်းဟာ ကျွန်တော့်ကို လွတ်လပ်စေတယ်။ ရွေးချယ်ဖို့ ဖိအားပေးမခံရတာဟာ စိတ်ချမ်းသာမှုအတွက် တော်တော် အရေးကြီးပါတယ်။ ဒီလိုနဲ့ ၂၀၁၁ ကို ကျွန်တော်ဖြတ်သန်းခဲ့တယ်။ ဘဝဆိုတာ မသေချာခြင်းတွေနဲ့ တေ့ဆက် ဆက်ထားတဲ့နေရာတစ်ခုဖြစ်လို့ မသေချာခြင်းတွေနဲ့ရင်ဆိုင်ရတယ်။ ရင်ဆိုင်ရတာတွေကို ရှောင်မပြေးဘဲ ရင်ဆိုင်ခွင့်ကို ရွေးချယ်နိုင်တာဟာ ဘဝရဲ့ အရသာတစ်မျိုးလည်းဖြစ်မယ်ထင်တယ်။

အဆင်မပြေမှုဆိုတာ အခုခေတ်မှာတော့ ကျွန်တော်တို့အားလုံးနဲ့ အတော်လေးကို ရင်းနှီးတဲ့မိတ်ဆွေဖြစ်နေပြီ။ မိဘတွေ၊ အဖိုးအဘွားတွေခေတ်ထက် အပြောင်းအလဲမြန်ဆန်တဲ့ ခေတ်မှာ ကျွန်တော်တို့တွေအားလုံး မသေချာခြင်းတွေပိုများလာတယ်။ အဆင်မပြေတာတွေကို ပိုပြီးတွေ့ရတယ်။ ကျွန်တော်တို့တွေရဲ့ limit ကိုကျော်လွန်လာတဲ့ အခက်အခဲတွေကိုလည်းရင်ဆိုင်ရတယ်။ အသက်နဲ့အတူ ကြုံရတဲ့ပြဿနာတွေကလည်း ပိုကြီးလာတယ်။ ဆတိုးကြီးထွားလာတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့မှာ ဆုပ်ကိုင်ထားတဲ့ တန်ဖိုးတွေရှိတယ်။ ဘဝကို ဒီလိုဖြတ်ကျော်သွားမယ်ဆိုပြီး သတ်မှတ်ပြဌာန်းပြီးသား စည်းကမ်းတွေရှိတယ်။ ဘဝမှာ ဒီစည်းကမ်းတွေကို ဖောက်ဖျက်ပြီးတော့ မရှင်သန်နိုင်ဘူးဆိုတဲ့ ယုံကြည်မှုတွေရှိတယ်။ ဒါတွေကို ကျွန်တော်တို့ ရွေးချယ်ရယူခဲ့တယ်။ ဒါတွေကို ကာကွယ်တယ်။ တန်ဖိုးထားတယ်။ လေးစားတယ်။ နေရတဲ့ ဘဝတိုတိုလေးမှာ ကိုယ်ယုံကြည်တဲ့ တန်ဖိုးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားခွင့်ကို ကျွန်တော်တို့ရွေးချယ်ကြတယ်။

တစ်ခါတစ်လေ ဒီတန်ဖိုးထားလေးစားရတဲ့အရာတွေက ကျွန်တော်တို့ကို ပြန်ပြီးကာကွယ်စောင့်ရှောက်ကြတယ်။ ဥပမာ ငြိမ်းချမ်းခြင်း။ ငြိမ်းချမ်းခြင်းကို ရွေးချယ်လိုက်ရင် ပေးဆပ်ရမယ့်အရာတွေက အများကြီး။ မငြိမ်းချမ်းစေတဲ့ အရာတွေကို လွှတ်ချထားရလိမ့်မယ်။ သတိကြီးကြီးထားပြီး မငြိမ်းချမ်းတဲ့စိတ်ကို ငြိမ်းချမ်းအောင်ပြန်ပြီး ပျိုးထောင်ရလိမ့်မယ်။ တစ်ရက်နှစ်ရက်မဟုတ်ဘူး။ တစ်သက်လုံး ဒီလိုပဲ ငြိမ်းချမ်းမှုဘက်ကို ကိုယ့်စိတ်ကို ကိုယ် ပြန်ဆွဲခေါ်ရလိမ့်မယ်။ ငြိမ်းချမ်းခြင်းကို တန်ဖိုးမထားတဲ့ လူ၊ အဖွဲ့အစည်းတွေရဲ့ ဆန့်ကျင်ဘက်မှာ မားမားမတ်မတ်ရပ်တည်ရမယ်။ ငြိမ်းချမ်းခြင်းကို တန်ဖိုးတစ်ခုအဖြစ်ရွေးချယ်လိုက်ရင် အဲဒီတန်ဖိုးတစ်ခုအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ရမယ်။ ငြိမ်းငြိမ်းချမ်းချမ်း စိတ်ချမ်းချမ်းသာသာနဲ့နေမလား၊ ငြိမ်းချမ်းမှု၊ စိတ်ချမ်းသာမှုကို အပျက်အစီးခံပြီး တစ်ခုခုလုပ်မလားဆိုတာကို အမြဲသတိထားနေရမယ်။ ငြိမ်းချမ်းနေတာကို အရသာခံတတ်ရင် မငြိမ်းချမ်းတာဟာ အနာရောဂါတစ်ခုလိုဖြစ်လာမယ်။ မငြိမ်းချမ်းတဲ့ အခိုက်အတန့်ဟာ ရောဂါဆိုးတစ်ခုလိုပဲ ကိုယ့်ကိုနှိပ်စက်နေမယ်။ မငြိမ်းချမ်းတဲ့ အတွေးတစ်ခုဟာ နာတာရှည်ရောဂါတစ်ခုလိုပဲ။

ကိုယ့်ဘဝကို ကိုယ့်ဟာကိုယ် ရွေးချယ်ထားနိုင်တာကောင်းတယ်။ အများသဘောတူမှ ကိုယ့်ဘဝဟာ အဆင်ပြေမှာလား။ ကိုယ်တစ်ယောက်တည်းနဲ့ အဆင်ပြေရင်ကောင်းတယ်။ ကိုယ့်စိတ်ဟာ ကိုယ့်ရဲ့မိတ်ဆွေ။ အပူတွေကို လာမဟပ်အောင်နေမယ်။ လူများရင် ပြဿနာများလို့ အဖွဲ့အစည်းတွေနဲ့ကင်းအောင်နေမယ်။ ကိုယ်စိတ်ချမ်းသာတာလေးတွေ လုပ်မယ်။ ဘယ်သူ့မှမထိခိုက်တဲ့ ဝါသနာတွေကို အားကောင်းအောင်လုပ်မယ်။ လူလူချင်းတန်ဖိုးထားဆက်ဆံမယ်။ ငြိမ်းချမ်းမှုကို ဘာသာတရားလို သဘောထားတယ်။ ယာယီကြုံတွေ့ရတဲ့ အခက်အခဲတွေကို ငြိမ်းငြိမ်းချမ်းချမ်းဖြတ်ကျော်မယ်။ အဆိုးတွေကြုံလာလာ၊ အကောင်းတွေကြုံလာလာ ကိုယ့်ပြဿနာကို ကိုယ်တိုင်ရှင်းရမှာပဲ။ လောကမှာ ကိုယ်တစ်ယောက်တည်း ကြုံနေရတာမဟုတ်တဲ့ လောကဓံနဲ့ပတ်သက်ပြီး သားကောင်စိတ်မမွေးဘူး။ ငါ့မှ ဖြစ်ရလေးခြင်းလို့မတွေးဘူး။ တခြားသူတွေလည်း ကြုံမှာပဲ၊ ဘဝတူတွေအချင်းချင်း စာနာနိုင်တယ်။ အခက်အခဲကြုံရတဲ့သူ အချင်းချင်း တစ်ယောက်ကို တစ်ယောက် နားလည်ဖို့မခက်ဘူး။ လူတိုင်းမှာ ကိုယ့်ပြဿနာနဲ့ကိုယ်ရှိတယ်။ သူ့ရဲ့အခက်အခဲကိုလည်း ဒီလောက်လေးနဲ့ ဖြစ်ရတယ်လို့ ဖော့မတွေးဘူး။ ကိုယ့်အခက်အခဲကိုလည်း ဇာမချဲ့ဘူး။ သူ့ငြိမ်းချမ်းမှု၊ လွတ်လပ်မှုကိုလည်း တန်ဖိုးထားတယ်။ ကိုယ့်ငြိမ်းချမ်းမှု၊ လွတ်လပ်မှုကိုလည်း အပျက်စီးမခံနိုင်ဘူး။

လောကမှာ အရေးကြီးတာတွေ အရင်မလုပ်ရင် အချိန်လောက်မှာမဟုတ်ဘူး။ ကိုယ်အလိုချင်ဆုံးအရာကို အရင်ရအောင်ကြိုးစားသင့်တယ်။ ဒါကိုလည်း လူတိုင်းသိကြတယ်။ သိတဲ့အရာတွေ များလာတဲ့အခါမှာ ရှုပ်ထွေးလာတယ်။ အဲဒီလို ရှုပ်ထွေးလာတိုင်း ကိုယ့်ရဲ့ အခြေခံယုံကြည်မှုနဲ့တိုက်ဆိုင်ပြီး ကိုယ်နဲ့ကိုက်ညီတဲ့လမ်းကိုရွေးရတာပါပဲ။

ငြိမ်းချမ်းမှုကို ရွေးလိုက်ပြီးရင် ငြိမ်းချမ်းမှုရှိဖို့နဲ့ ရှိနေတဲ့ငြိမ်းချမ်းမှု မပျက်စီးဖို့နှစ်ခုစလုံးကို သတိထားရမှာပဲ။ လမ်းလျှောက်သင်စ ကလေးတွေ ချော်လဲသလိုမျိုး ကိုယ်ရွေးချယ်တဲ့ လမ်းမှာ လမ်းကောင်းကောင်း မလျှောက်တတ်သေးဘဲ ချော်လဲရင်လည်း ပြန်ထရမှာပဲ။ ကိုယ့် လမ်းကို ကိုယ့်ခြေထောက်နဲ့ကိုယ်လျှောက်တဲ့ကိစ္စမှာ ဘာမှ အားငယ်ဝမ်းနည်းစရာမရှိဘူး။ သေခြင်းတရားလို ကျဉ်းမြောင်းတဲ့လမ်းတွေမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်လျှောက်သွားနိုင်ဖို့ စောစောစီးစီး ပြင်ဆင်ထားတာမမှားနိုင်ဘူး။ ကိုယ့်ရဲ့ ငြိမ်းချမ်းမှု ဟာ ကိုယ့်စိတ်ကို ပြန်ပြီးစောင့်ရှောက်လိမ့်မယ်။ ငြိမ်းချမ်းတဲ့သူဟာ လူများကို ဒုက္ခပေးစရာမလိုဘူး။ သူ့ဘာသူ တစ်ယောက်တည်း အဆင်ပြေတယ်။ မငြိမ်းချမ်းတဲ့သူတွေမှာ ပြင်ပက အားအင်တွေလိုတယ်။ တစ်ချိန်မှာ ပြင်ပက အားအင်မရှိတော့ရင် တော်တော်စိတ်ဓာတ်ကျကုန်တာတွေ့ရတယ်။ အပေါင်းအသင်းတွေဟာ၊ ခင်ပွန်း၊ ဇနီးတွေဟာ၊ မိဘဆွေမျိုးတွေဟာ ပြင်ပက အင်အားတွေနဲ့တူတယ်။ တစ်ချိန်မှာ ကိုယ်တစ်ယောက်တည်း ကိုယ့်အင်အားနဲ့ကိုယ် လုပ်မှ ဖြစ်တာတွေ အများကြီးရှိသေးတယ်။ ကုမရနိုင်တဲ့ရောဂါရခဲ့ရင်၊ ချစ်ခင်သူတွေ ဆုံးပါးကွယ်လွန်ခဲ့ရင်၊ ကိုယ်တိုင် သေငယ်ဇောမျောနေခဲ့ရင်၊ ကိုယ်တစ်ယောက်တည်း ရင်ဆိုင်ရမှာပဲ။ ဒါတွေအတွက် အားမွေးထားရမယ်။ ငြိမ်းငြိမ်းချမ်းချမ်း တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်ဖို့ အားမွေးရလိမ့်မယ်။

ကိုယ်တန်ဖိုးထားတာတွေကို အချိန်ပေးပါ။ ကိုယ့်ကို တကယ်ချစ်ခင်သူတွေကို အချိန်ပေးပါ။ အချိန်ပေးနိုင်တုန်း ပေးထားတာဟာ အချိန်မပေးနိုင်တော့တဲ့အခါမှာ နောင်တရစရာမလိုတော့ဘူး။ ကိုယ့်စိတ်နဲ့သိတဲ့ အကောင်းဆုံးတွေကို လုပ်ဖြစ်ရင် နောင်တရတာ နည်းသထက် နည်းလာမယ်။ ကိုယ်လုပ်ပေးနိုင်တာရှိရင် ကူညီလိုက်ပါ။ ကိုယ် လှူနိုင်တာရှိရင် လှူဒါန်းလိုက်ပါ။ ကိုယ့်စိတ် မြင့်မြတ်လာဖို့၊ ငြိမ်းချမ်းနေဖို့တွေကို ကိုယ့်တာဝန်လို့လက်ခံလိုက်ပါ။ ကမ္ဘာမှာ အဆင်မပြေတဲ့သူတွေ သန်းနဲ့ချီရှိတယ်။ တစ်နေ့တစ်နေ့ ငတ်ပြတ်နေတဲ့သူတွေ သန်းနဲ့ချီရှိတယ်။ ဆေးရုံပေါ်မှာ သေဖို့ စောင့်နေရတဲ့လူနာ သန်းနဲ့ချီရှိတယ်။ ကိုယ့်ဒုက္ခကိုယ် ကြီးတယ်ထင်ရင် တခြားသူတွေကိုလည်း ကြည့်ပါ။ အခြေခံလိုအပ်ချက် မပြည့်ဝတဲ့မိသားစုတွေအများကြီး။ ကိုယ့်သားသမီး ပညာရေးအတွက် မဖြည့်ဆည်းပေးနိုင်တဲ့ မိဘတွေအများကြီး၊ ကိုယ်ချစ်ခင်တဲ့သူရဲ့ ရောဂါအတွက် ကုသဖို့ ဆေးဖိုးမလုံလောက်တဲ့ သူတွေ အများကြီး ၊သူတို့တွေရဲ့ စိတ်ဒဏ်ရာတွေကလည်း ကြီးမားလွန်းတယ်။ ကိုယ့်ရဲ့ပြဿနာတွေမှာပဲ စိတ်ကို ပိတ်မိမနေအောင် ဂရုစိုက်သင့်တယ်။ စိတ်ညစ်စရာရှိတာ ညစ်မိမှာပဲ။ ညစ်နေတဲ့စိတ်ကို မြန်မြန် ပြန်သန့်စင်ပြီး ငြိမ်းချမ်းပျော်ရွှင်တဲ့စိတ်ဖြစ်အောင် ပြန်ကြိုးစားရမှာပဲ။

ဘာပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းနေတဲ့စိတ်လေးနဲ့ ဘဝကို ဖြတ်သန်းသွားနိုင်ဖို့ ကြိုးစားနိုင်သလောက်ကြိုးစားရမှာပဲ။

ဘဝကို ငြိမ်းချမ်းပျော်ရွှင်စွာ ဖြတ်ကျော်နိုင်သူတွေ ဖြစ်နိုင်ကြပါစေ။           ။

With peace,
Zephyr



Peace B with U.

Wednesday, May 30, 2012

တိမ်ရောင်စုံ လက်သည်းများ။

တိမ်ရောင်စုံ လက်သည်းများ။

မြို့။

စမ်းချောင်းလေးရစ်ခွေပတ်စီးနေသည့် မြို့ငယ်လေး။
မြှိုလေးရဲ့တောင်းကုန်းမို့မို့လေးတွင် ထီးတည်းပေါက်ရောက်နေသော ကုက္ကိုလ်ပင်ကြီးတစ်ပင်။
မြင်နေရသော မြို့ကလေး၏ တိတ်ဆိတ်မှု၊
ကြောင်ကလေးများ အိပ်စက်နေသည်။
အိပ်စက်နေသည်ဟုထင်ရသည်။
မျက်လွှာချထားသည်။
နေစာလှုံနေသည်လည်းဖြစ်နိုင်သည်။
အလင်းရောင်၏ စူးရှမှုကို မနှစ်သက်သောကြောင်ကလေးများ၊
အနွေးဓာတ်ကို နှစ်သက်နေသည်။
ချစ်သောနွေးထွေးမှုနှင့် မုန်းတီးစရာစူးရှရှနေရောင်ခြည်၊ ချစ်သောသူနှင့် မုန်းတီးစရာ စူးရှရှ အရာများ၊ မျက်စိမှိတ်ထားရင်း ဆက်ချစ်နိုင်မလား သူမသေချာ။ မြို့တစ်မြို့အနေဖြင့် မျက်စိမှိတ်ချစ်ရမည့်အရာများ များပြားလွန်းနေသည်။ ကြောင်လေးများကို ငုံ့ကြည့်ရင်း သူ သင်ယူနေမိသည်။ မျက်စိမှိတ်ထားသော ကြောင်လေးများ၊ ချစ်သော အနွေးဓာတ်ဖြင့် နွေးထွေးနေသောကြောင်လေးများ၊ …. သူသင်ယူနေမိသည်။ ချစ်နေသည့်အရာကို မချစ်သော အရာများထဲမှ သန့်စင်ဖယ်ရှား၍ ချစ်ခင်နိုင်မည်လား။ မြို့ကလေး သက်ပြင်းဖျော့ဖျော့ မှုတ်ထုတ်လိုက်မိသည်။



လိုအပ်ချက်

သူမ ဆေးရုံတစ်ရုံလိုအပ်စဉ်တွင် သူ ကာစီနိုရုံတစ်ရုံလက်ဆောင်ပေးခဲ့သည်။ ထိုအချိန်မှစ၍ နားလည်မှုဆိုသောအရာသည် သူမနှင့် လူသားများကြားတွင် လိုင်းမမိသော ဆက်သွယ်ရေးစနစ်ဆန်ခဲ့သည်။ တိမ်တိုက်များကို မော့ကြည့်လိုက်တော့ လူများ၏ နီယွန်မီးရောင်များ ဖြင့် အရိပ်ထင်နေသည်။ သူသည် တိတ်ဆိတ်သော မြို့ငယ်လေးသာဖြစ်သည်။ သူသည် တစ်ခုခု အထိတ်တလန့်တောင်းဆိုတတ်သူမျိုးလည်းမဟုတ်ခဲ့ပါ။ ဘာမဆို လက်ခံလိုက်၊ သည်းခံလိုက်ပါဆိုသည့် အယူအဆများဖြင့် လူလားမြောက်လာသော သူ့အတွက် မတူညီမှုများသည် ဆက်ထုံးများဖြစ်ပါသည်။ တောင်းဆိုမှရသောအရာများကို မုန်းတီးသူနှင့် တောင်းဆိုမှပေးမည်ဆိုသောသူများ တွေ့ဆုံသည့်အခါတိုင်းတွင် ဆက်ထုံးအသစ်များတိုးပွားလာတတ်သည်။ ထိုအရာသည် သဘာဝတရားဖြစ်သည်။ လျော့ထားသော ကြိုးလေးကို မည်မျှအထိ တင်းအောင် ချိန်ညှိနိုင်မည်နည်း။ ညီညာစွာ တင်းမာနေသော ကြိုးများမှ ဂီတကို မည်သူရှာဖွေနိုင်မည်နည်း။ ကြိုးများသည် ဂီတနှင့်ဝေးရာတွင် ပျော့ပြောင်းစွာ လျော့ထားသင့်သော အရာများဖြစ်ပါသည်။ ပျော့ပြောင်းမှုသည် ကြိုးများ၏ လိုအပ်ချက်ဖြစ်မည်ထင်သည်။ သူသည် တင်းလွန်းကြိုးများကို လေ့လာနေသော မြို့ကလေးတစ်မြို့သာဖြစ်ပါသည်။


ဂီတ

သူသည် ဂီတသမားတစ်ဦး၏ မိတ်ဆွေဖြစ်ပါသည်။ ဂီတသမားလေးမှာ အသက် ၇ နှစ်အရွယ်ကောင်ကလေးဖြစ်သည်။ ကောင်ငယ်လေးသည် တောင်ကုန်းမို့မို့လေးပေါ်တွင် သူ့တယောလေးကို အိတ်ထဲမှထုတ်၍ သာယာညင်းပျောင်းသော ဂီတတို့ကို လေ့ကျင့်နေတတ်သည်။ ကောင်ငယ်လေး၏ မျက်လုံးများသည် စူးရှငြိမ်သက်နေသည်။ သူ့ အနုပညာကို သူနားလည်သည့် မျက်လုံးများဖြစ်သည်။ ကောင်ငယ်လေးနှင့်အတူ ကြောင်နက်လေးတစ်ကောင် ပါလာတတ်သည်။ သူတို့နှစ်ယောက်မှာ မိတ်ဆွေများဖြစ်ပုံရသည်။ ကြောင်ကလေးသည် တယောထိုးနေသော ကောင်ကလေးကို ငေးကြည့်နေတတ်သည်။ မြို့ကလေးတွင် တကယ်နေထိုင်သော ကောင်ကလေး၊ ကြောင်နက်လေးနှင့် တယောလေးတစ်လက်ကို သူခင်မင်နေမိသည်။

မြို့တော်ဝန်

မြို့ကလေးအတွက်တော့ သူသည် ရယ်စရာသတ္တဝါသာဖြစ်သည်။ မပိုင်ဆိုင်သောအရာကို ပိုင်ဆိုင်သည်ဟု ထင်မှတ်သွားစေသော အာဏာနှင့် လုပ်ပိုင်ခွင့်ဆိုသည်များကို လူသားတို့ နားမလည်ကြသေးပါ။ ကြောင်ကလေးများ၏ စကားဝိုင်းတွင်လည်း မြို့တော်ဝန်သည် ဟာသတစ်ပုဒ်ဖြစ်သည်။ သူ့ငါးနှစ်သက်တမ်းအတွင်း မြို့ကလေးကို ရုပ်ဝတ္ထုပစ္စည်း ဖွံ့ဖြိုးတိုးတက်အောင် စွမ်းစွမ်းတမံလုပ်သွားမည်ဟု မဲဆွယ်စဉ်က မြို့သားများထောက်ခံသလောက် ကြောင်ကလေးများမှာ ရယ်၍မဆုံးခဲ့။ ရှေ့စက္ကန့်အနည်းငယ်ကို မသိသော လူသားများသည် အနာဂတ်ကိုလည်း ပိုင်ဆိုင်သည် ထင်နေကြသေးသည်။ မြို့တော်ဝန်သည် မြို့ကလေးကို သူပိုင်ဆိုင်သော ရုပ်ဝတ္ထုတစ်ခုလိုကြည့်ရှူသည်။ ရှေ့ဘက် အခြမ်းကို ဘယ်စီမံကိန်းလုပ်မည်။ တောင်ဘက်တွင် စက်ရုံတစ်ခုတည်ဆောက်မည်။ သစ်တောအချို့ကို ခုတ်ထွင်ရှင်းလင်းပစ်ရမည်။ မြို့တော်ဝန်သည် သနားစရာကောင်းလောက်အောင် ကိစ္စများသူလည်းဖြစ်သည်။ မြို့တော်ဝန်အိမ်မှ ကြောင်ကလေးတစ်ကောင် ခြေဦးတည့်ရာထွက်သွားနေသည်ကို မြို့ကလေးတွေ့နေရသည်။ လောကတွင် စွန့်ခွာသွားမှန်းမသိလောက်အောင် အလုပ်များသူများလည်းရှိနေပါလားဟု တွေးမိသည်။

ဈာပန

ထိုမျှငိုကြွေးရန်လိုအပ်သော ဘုံကို ဒုလ္လဘဟု သင်မှတ်ယူနိုင်ပါရဲ့လား။
သေဆုံးသူများ၊
ရှင်လျက် ဝေးသူများ၊
သေလျက် ဝေးသူများ၊
အကွာအဝေးဆိုင်ရာပုစ္ဆာများ၊
လွမ်းဆွတ်ခြင်းဟာ
ရပ်နေသူနဲ့ ထွက်သွားသူကြားက စိတ်အကွာအဝေးတစ်ခုပဲလား။ မြို့ကလေးတွင် ထိုနေ့ တစ်နေ့လုံး တိတ်ဆိတ်နေသည်။ မြို့ကလေးကလည်း တိတ်ဆိတ်နေသည်။ မြို့ကလေးကိုလည်း တိတ်ဆိတ်နေစေသည်။ မြို့ကလေး၏ အစွန်အဖျား ဘုံဆိုင်အတွင်းမှ အသံတိတ်ငိုနေသူတစ်ယောက်၏ မျက်လုံးများကို ပန်းချီဆရာမတစ်ယောက် ခိုးယူသွားသည်။

ချစ်သူများ

သူတို့တွေဟာ ချိုသော စတော်ဘယ်ရီလေးတစ်လုံးကို မျှဝေစားသောက် ပြုံးပျော်ခဲ့ကြသည်။
လောကဓံလမ်းကျဉ်းရောက်တော့ တစ်ယောက်ကိုတစ်ယောက် ကန်ထုတ်လိုက်ကြပြန်သည်။

ဟေရာကလိုက်တပ်စ်

မြို့လေးရဲ့ စမ်းချောင်းလေးမှာ ရေမသန့်တော့ဘူးလို့ စပြီးပြောခဲ့တာသူပဲ။ မြို့တော်ဝန်ရဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့ ချည်မျှင်လုပ်ငန်းက တားမြစ်ထားတဲ့ ဓာတုဆိုးဆေးတွေကို စမ်းချောင်းထဲကို စွန့်ပစ်ခဲ့တာကြောင့် ဒီလိုဖြစ်ရတာလို့ ဟေရာကလိုက်တပ်စ်ကပြောသည်။ မြို့သားတွေကတော့ ရယ်ရယ်မောမောနဲ့ ဟေရာကလိုက်တပ်စ်ရဲ့ လည်ပင်းမှာ နောက်ထပ် နို့ဆီဗူးတစ်ဗူး ချိတ်ပေးလိုက်တာတွေ့ရသည်။

ရသေ့များ

မြို့စွန်မှ ကျောင်းသင်္ခမ်းလေးတွင် ရသေ့ကြီးတစ်ပါး တရားဟောနေသည်။ 

စာသင်ကျောင်းတွေမှာသင်လိုက်တာက တစ်ခု၊ ဘဝမှာလိုအပ်တာကတခြားတစ်ခုဆိုတော့ တို့တွေမှာ ရှုပ်ထွေးမှုတွေဖြစ်လာတယ်။ အတွေးအခေါ်အားဖြင့် ပဋိပက္ခဖြစ်လာတယ်။ ဆန့်ကျင်ဘက်ဆီ သွားနေတဲ့ အယူအဆတွေဟာ ပိုဆိုးလာတယ်။ အဲဒီ ဆန့်ကျင်ဘက်တရားတွေက တို့တွေကို အပြိုင်ဆွဲခေါ်ကြတယ်။ အဲဒီတော့  ငါ့ရှင်တို့ဟာ ဟိုဘက်ရောက်တဲ့အခါရောက်၊ ဒီဘက်ရောက်တဲ့အခါရောက်နဲ့ တစ်သားတည်းဖြစ်မှုပျက်စီးသွားတယ်။ မွေးကာစမှာ ကလေးဟာ တစ်သားတည်းဖြစ်တည်နေတဲ့ ရှင်သန်တဲ့ အစုအစည်းဒြပ်ပေါင်းတစ်ခုပဲ။ ဒီလိုနဲ့နည်းနည်းလေး ကြီးပြင်းလာတဲ့အခါမှာတော့ ကလေးလေးဟာ တစ်သားတည်းဖြစ်တည်မှုပျက်လာတယ်။ အဖွဲ့အစည်းတစ်ခုဖြစ်လာတယ်။ ဖြစ်လာတဲ့အဖွဲ့အစည်းကလည်း အရူးအဖွဲ့အစည်း။ လူအုပ်ထဲရောသွားတယ်။

ဒါဟာ ငါ့ရှင်တို့ နားလည်ရမယ့်အချက်ပဲ။ ငါ့ရှင်တို့ သိထားတတ်ထားသမျှတွေဟာ တခြားသူတွေဆီက သင်ထားတဲ့အရာတွေပဲ။ သင်ထားသမျှတွေကို မေ့ပစ်လိုက်လို့ရတယ် ဆိုတဲ့ ဘဝရဲ့ အခြေခံ သစ္စာလေးတစ်ခုကိုလည်း မမေ့လျော့စေဘဲ သေချာမှတ်ထားကြပါ။  ဒါဟာသိပ်ကိုအရေးကြီးတယ် ငါ့ရှင်တို့။ တခြားသူတွေဆီက လေ့လာသင်ယူထားတာတွေဟာ ငါ့ရှင်တို့ရဲ့ ကိုယ်ပိုင်မဟုတ်ဘူး။ ဒါတွေကို ပြန်မေ့ပစ်ဖျောက်ပစ်လို့ရတယ်။ သတိဉာဏ်ဟာ အရေးအကြီးဆုံးပဲ။ တခြားလူတွေဆီက သင်ယူထားတဲ့အရာတွေကို ပြန်ဖျက်ပစ်ဖို့ သတိလိုတယ်။ သတိနဲ့ပဲ ဘဝသစ်ကို စတင်ကြရမယ်။ သညာဟောင်းတွေကိုမေ့ပစ်ရမယ်။

ဘာသာတရားတွေ သိပ်များနေတာ ဘာလို့လဲဆိုတော့ မပျော်တဲ့သူတွေ သိပ်များနေလို့ပဲ။ ပျော်ရွှင်နေတဲ့လူတစ်ယောက်ဟာ ဘာသာတရား မလိုအပ်ဘူး။ ပျော်ရွှင်နေတဲ့သူတစ်ယောက်ဟာ ဘုရားကျောင်းဆောင်မလိုအပ်ဘူး။ ဝတ်ပြုရာဌာနမလိုအပ်ဘူး။ ပျော်နေတဲ့သူအတွက် စကြဝဠာတစ်ခုလုံးဟာ ဘုရားကျောင်းဆောင်ဖြစ်နေလို့ပဲ။ ဖြစ်တည်ရှင်သန်ခြင်းဟာ ဘုရားကျောင်းပဲ။ ပျော်ရွှင်နေတဲ့သူမှာ ဘာသာတရားထုံးစံအရ လုပ်ဆောင်ရမယ့်အရာတွေ တစ်ခုမှမရှိဘူး။  သူ့ဘဝတစ်ခုလုံးဟာ သူကျင့်ကြံနေတဲ့ ဘာသာရေးကျင့်စဉ် နည်းလမ်းဖြစ်နေလို့ပဲ။

စစ်မှန်ငြိမ်းချမ်းတဲ့ ပျော်ရွှင်မှုနဲ့ ငါ့ရှင်တို့ပြုလုပ်လိုက်သမျှအရာတွေဟာ ဆုတောင်းပတ္တနာတွေပါပဲ ............။ 

ရသေ့ကြီး တရားအဆုံးမှာ ... ရသေ့ငယ်တွေ တွေးတွေးဆဆဖြစ်သွားသည်။

ကောင်းကင်


တစ်ခါတစ်ခါ ကောင်းကင်သည် လေယာဉ်ပျံများဖြင့်ရှုပ်ထွေးနေသည်။
အထူးသဖြင့် အောက်ဆီဂျင်နည်းနည်း၊ စစ်ရနံ့များများရသော အခါများတွင်ဖြစ်သည်။
တိတ်ဆိတ်သော လေယာဉ်ပျံတစ်စီး၏ ချဉ်းကပ်သံကိုလည်း ကြားရတတ်သည်။
သူ့ဝမ်းဗိုက်ထဲ ဘယ်လို အရာဝတ္ထုတွေ သယ်ဆောင်လာမည်မှန်း မြို့ကလေးအနေဖြင့် မမှန်းဆတတ်ချေ။

ကလေးငယ်များ


ကလေးငယ်များ ပျော်ရွှင်စွာ ကစားခုန်ပေါက်နေကြသည်။ သူတို့၏ မျက်နှာမှ အပြုံးများကို မြို့ကလေး ရေတွက်နေမိသည်။ လမ်းလျှောက်ရန်ကြိုးစားနေသော ကလေးငယ်များ .... ပျော်ရွှင်နေသော မိသားစုမှ ချစ်စဖွယ် ကလေးရယ်သံဖွဖွလေးများသည် ဆည်းလည်းသံပမာ။ ရက်စက်ကြမ်းကြုတ်မှုများအကြောင်း မသိနားမလည်သေးသည့်အရွယ် ကလေးငယ်များ၏ အပျော်ရွှင်ဆုံး ရယ်မောသံများ .........။ သာယာသော ကမ္ဘာ၏ သန့်စင်သော ကျက်သရေဆောင် တေးသံများ။ အလင်းတရားဖြင့်ရှင်သန်နေသော ဝိညာဉ်များ၊ ပြာစင်သော ငြိမ်းချမ်းခြင်း သင်္ကေတများ၊ မျှော်လင့်ခြင်း ပျိုးပြက်သော မနက်ဖြန်များ။


အမည်နာမ


မြို့ကလေးသည် နာမည်မျိုးစုံပိုင်ဆိုင်ခဲ့ဖူးသည်။ ကိုဆိုဗို၊ ဆာရာဂျေဗို၊ ဘဂ္ဂဒက်၊ နာကာဆာကီ၊ ဟီရိုရှီးမား .... နာမည်စုံဖြစ်ခဲ့ဖူးပြီ။ တစ်ခါတစ်ခါ သစ်ပင်စိမ်းစိမ်း ...၊ တစ်ခါတစ်ခါ သွေးအလိမ်းလိမ်း ဖြစ်ခဲ့ဖူးပြီ။ သမိုင်းသည် သူ့အတွက်တော့ စူးရှနေရောင်ခြည်သက်သက်သာဖြစ်သည်။ အချိန်မရွေးပေါက်ကွဲနိုင်သော လက်ပစ်ဗုံးတစ်လုံး မျိုချမိထားသော ကမာကောင်တစ်ကောင်သည် မြို့ကလေးပင်ဖြစ်သည်။ စိမ်းလန်းသော တောအုပ်မှ သာယာသော ဝံပုလွေအူသံ ကြားနေရသည်။

နိဂုံး



စစ်ရနံ့ဆိုးရွားစွာပါသော စစ်လေယာဉ်ပျံတစ်စီး မြို့ကလေး၏ လေပိုင်နက်အတွင်းသို့ ချဉ်းနင်းဝင်ရောက်လာသည်။ ငြိမ်းချမ်းမှု ဆိုတာ စစ်ပွဲနှစ်ခုကြားက အချိန်တိုလေးတစ်ခုပင်ဖြစ်နေမည်ထင်သည်။ ဝမ်းနည်းစိတ်ဖြင့် တုန်ယင်ညှိုးငယ်နေသော မြို့ကလေးကို သူမြင်နေရသည်။ တယော လေ့ကျင့်ခန်းကို ထပ်ပြန်တလဲလဲလေ့ကျင့်နေသော ကောင်ငယ်လေးနှင့် သူ့အဖော် ကြောင်ကလေး တောင်းကုန်းမို့မို့လေးပေါ်တွင် အပူအပင်ကင်းစွာ ရှိနေသည်။ ဂီတနှင့် ပန်းပွင့်များသည် ပြာသော ကောင်းကင်အောက်တွင် လှပစွာ ဖွဲ့တည်နေကြသည်။

စစ်လေယာဉ်၏ ဝမ်းဗိုက်ထဲတွင် ဥယျာဉ်တစ်ခု သယ်ဆောင်လာသည်ဆိုပါစို့ ...............။
ငြိမ်းချမ်းသော အပြုံးများ၊ ချိုသာသော ရယ်မောသံများ မတိတ်ဆိတ်ခင် အခိုက်အတန့်လေးမှာ အဲဒီလိုလေးပဲ ယုံကြည်ထားလိုက်ချင်သည်။ .........

နိဂုံး ၂။


အလန့်တကြားနိုးထလာသော မြို့ကလေး။ အိမ်မက်ဆိုးများဖြင့် ရွှဲစိုနေသော ဇောချွေးများ။ ကလေးငယ်များ၏ ရယ်သံများ၊ ကောင်ငယ်လေးရဲ့ တယောသံ ... အိုး ... တော်ပါသေးရဲ့။ မြို့ကလေး သက်ပြင်းရှည်တစ်ခုမှုတ်ထုတ်ရင်း ပြုံးလိုက်မိသည်။ စစ်ပွဲများဖြတ်သန်းခဲ့ဖူး၍ ကြောက်မက်ဖွယ်အတိတ်သည် သူ့နောက်ကျောကို စီးပိုး၍ ခေတ်အဆက်ဆက် လိုက်လံနေပုံရသည်။ အထူးသဖြင့် စစ်ပွဲများ ... လူများ၏ ရင်ဘတ်ထဲမှ စစ်ပွဲများ ......... လောဘနှင့်ဒေါသတို့ဖြင့် လှပကျစ်လစ်ထားသော စစ်ပွဲများ။ အမုန်းတရားဖြင့် ပေါက်ကွဲအားပြင်းစေသောစစ်ပွဲများ၊ လူသားတို့ အမြော်အမြင်ရှိရှိ မိုက်မဲထားသော စစ်ပွဲများ... စသဖြင့် စစ်ပွဲမျိုးစုံသည် လူ့ဘဝများကို မျိုးစုံပျက်သုဉ်းစေခဲ့ပြီဖြစ်သည်။

တိုးတက်ခြင်းနှင့်အတူ ဆုတ်ယုတ်လာသော လောကဓမ္မများကိုတွေးရင်း မြို့ငယ်လေး သံဝေဂရနေသည်။

နိဂုံး ၃။


စစ်ဒဏ်ကြောင့် သေဆုံးသွားသော မြို့ကလေး၏ နောက်ဆုံး သိစိတ်သည် နိဂုံး ၂ ဖြစ်ခဲ့သည်။ သူ ထပ်မံ၍ နိုးထစရာမလိုတော့သော အစစ်အမှန်လောကကို ကျွန်တော်တို့ လက်တွင် အပ်နှံ၍ သူထွက်သွားခဲ့ပြီ။ ....... မြို့ကလေး၏ နှလုံးသားဖြင့် ဆက်လက်ရှင်သန်နေထိုင်သော ကျွန်တော်တို့ .........ကမ္ဘာကြီးကို တကယ်ချစ်တတ်ပြီလား။ ကောင်းကင်ကို မော့ကြည့်လိုက်တော့ တိမ်ရောင်စုံ လက်သည်းများ ကျွန်တော့်ကို ကုတ်ခြစ်နေကြသည်။                      ။

Regards,
Zephyr
ခြေမကွဲ။

Notes:
အခုလိုရှည်ရှည်လျားလျားဝေးဝေးလံလံ ရသစာပေရေးဖြစ်တာကတော့ ကုလားကားများများကြည့်ခြင်းရဲ့ အကျိုးပါပဲဟု ကျွန်တော်ဆိုပါရစေ။ အဟက်။





Peace B with U.

Monday, May 28, 2012

လေးလံသောနေ့စွဲများ။

လေးလံသောနေ့စွဲများ။

ထမ်းမထားကြည့်ရင် ဒါကို သိနိုင်မှာမဟုတ်ဘူး။
နေ့စွဲတွေဟာ လေးလံတယ်။
တော်တော်လေးကို လေးလံတယ်။

ထမ်းနေကြဖြစ်လာတော့ အဆင်ပြေလာပေမယ့် လေးလံတယ်။ တော်တော်လေး လေးလံတယ်။ ဆိုပါတော့ အဲဒီနေရာလောက်ကစပြောမှဖြစ်မယ်။ (ဘာတဲ့တုန်း။) နေ့စွဲတွေ လေးလံတယ်။

ဘောလုံးပွဲလိုဘဝကို ကန်တင်ပြေးကြမှာလား။ တိုက်စစ်မှုးတစ်ယောက်က ဧရိယာထဲ ကန်ချက်မှန်မှန်နဲ့ဂိုးသွင်းတတ်ဖို့လိုတာပေါ့။ ဟုတ်တယ်မလား။ ကျွန်တော်မှားရင် ကျွန်တော့် အဖေကို အပြစ်တင်ပါ။ ကျွန်တော့်အဖေမှားရင် သူ့ကိုပဲအပြစ်တင်ပါ။ ဒီလို ကိုယ့်တာဝန်ကိုယ်ယူရဲရမယ်။ ဒီလိုနဲ့ ကျွန်တော်တို့တွေ လူလားမြောက်ခဲ့ကြတာ။

မီးမလာတာကို ကျွန်တော်တို့မကျေနပ်ဘူး။ အတိတ်ကိုလည်း မကျေနပ်ဘူး။ မနက်ဖြန်ကိုလည်းမကျေနပ်ဘူး။ မကျေနပ်တာကို တသသလုပ်နေကြတာကိုလည်း မကျေနပ်ဘူး။ ခွင့်လွှတ်မြန်ရင်လည်း မကျေနပ်ဘူး။ ဘာကို ကျေနပ်မှာလဲမေးရင်လည်းမကျေနပ်ဘူး။ မကျေနပ်တာတွေကို ငရုပ်ဆုံထဲထည့်ထောင်းပါ၊ ပေါင်ဒါဗူးထဲထည့်လို့ရအောင် ဖြစ်သွားမယ်ဆိုရင်လည်း မကျေနပ်ဘူး။ အရိယာမှမဟုတ်တာ၊ နည်းနည်းတော့ တင်းထားမှ၊ ဖေ့စ်ဘွတ်ခ်အခြေစိုက် အဆဲစခန်းလေးဖွင့်ထားမှ၊ ဘာလာလာ ဆဲကြမယ်လေ။ သည်းခံပြီး မေ့ထားကြည့်မလား၊ ဒါမှမဟုတ် လမ်းကြုံတိုင်း ဆိုင်းဘုတ်ကို ခဲနဲ့ပေါက်ကြမလား၊ ပြီးခဲ့တာတွေ မပြီးသေးတာ စိတ်ထဲမှာ ဖြစ်နေတဲ့ စစ်ပွဲ အငယ်စားလေးတစ်ခုများလား။ နည်းနည်းအားလာရင် ပိုတောင်မှ မကျေနပ်ဘူးဖြစ်လာတယ်။ အဲဒါလေးကို အနာဖေးခွာတယ်၊ မီးကင်တယ်၊ ဒီလိုပါပဲ ပျော်တတ်ရင်ပြုံးဖို့ပါ၊ အဓိပ္ပာယ်နောက်ကိုမလိုက်ဘဲ အသွားအလာလောက်လေးပဲရိပ်မိနေလိုက်၊ ဒီလိုပဲ နားမလည်လည်းဖြစ်တယ်လို့မှတ်ထားရင် ဘာဖတ်ဖတ်ဖြစ်တယ်ဆိုတာရဲ့ ဟိုဘက်ကမ်းတောင်လွန်ပေါ့။

သိပ်တော်လွန်းတဲ့ တိုက်စစ်မှုးဟာ ပနဲလ်တီကို ချော်ကန်ဖူးကြတယ်။ အဲဒါ ရယ်စရာမကောင်းဘူးလား။ သိပ်ခက်ခဲတဲ့ပွဲတွေမှာ နောက်တန်းသမားတွေ ဂိုးတက်သွင်းတယ်တဲ့။ ဘောလုံးဘဝဟာ တိုက်စစ်မှုးတွေအတွက်တော့  လွန်ရောကျွံရော ၃၂ ပဲ။ ဘဝမှာ အရှိန်အဟုန်နဲ့ အခိုက်အတန့် အောင်မြင်မှုကိုယူမလား။ ဂိုးသမားလို အသက်လေးဆယ်လောက်ရောက်မှ လက်စွမ်းစပြရင်ကောင်းမလား။ ဒါနဲ့နေပါဦး။ ခင်ဗျားဆိုရင်ရော လက်ပစ်ဘောကို မြှောက်ရင် ဝေးဝေးကြိုက်လား၊ နီးနီးကြိုက်လား။ နိုင်ငံရေးမှာ အဝါကဒ်ပြတာဟာ နွားရိုင်းကို အနီကဒ်ပြတာနဲ့ဘာကွာလဲ။ မေးခွန်းတွေသိပ်များတာပဲလို့ထင်လား။ ကိုယ့်ကိုယ်ကို တစ်ခါတစ်ခါ ကြိတ်ကြည်ညိုမိသလား။ ကိုးကွယ်ရာကို သံလိုက်အိမ်မြောင်ထဲထည့်ရှာဖူးလား။ ရေမချိုးဘဲတစ်ပတ်လောက်နေကြည့်ရင်ကောင်းမယ်လို့ထင်လား။ မနက်ဖြန် ကြယ်တွေကြွေရင် ဘာဆုတောင်းကြမလဲ။ ထီပေါက်သည်ရှိသော် ထီထိုးခဲ့ရမည်ဆိုတဲ့အဆိုကို ဘယ်လိုမှတ်ချက်ပြုချင်လဲ။ ဖေ့စ်ဘွတ်ခ်မှာ ကိုယ့်ကိုယ်ကို ဘယ်လောက်ဖိုးရောင်းစားခဲ့ပြီးပြီလဲ။ နာမည်ကျော်ကြားသူတစ်ယောက်ဟာ ပဲကြီးလှော်များများစားသင့်တယ်ဆိုရင် ခင်ဗျားစားမလား။

ဆီလီကွန် ရင်သားတွေကို ခင်ဗျားဘယ်လိုသဘောရလဲ။ ကျန်းမာရေးအမြင်ကိုပြောတာပါ။ အော် .. ခင်ဗျားကဒီလို ရှင်းရှင်းပြောမှပေါ့လို့ ဘာလို့ ရှက်ရယ်ရယ်နေတာလဲ။ ဖောက်သည်နှစ်ဆတိုးမြှင့်ကြဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ တိုးရစ်ဇင်လုပ်ငန်းဆောင်ပုဒ်ဆိုရင် ထိုင်းနိုင်ငံအခြေစိုက် မြန်မာမလေးတွေကို ခင်ဗျားအကူအညီ ရယူချင်သလား။ အာဆီယံဆိုတဲ့မူးယစ်ဆေးဟာဆိုရင် အစချီတဲ့ ရှေးခေတ်သမိုင်းကြောင်းဟာ ကိုယ့်ပေါင်လိုပဲ မလှန်ကောင်းဘူး။လှန်ထောင်းတာဟာ မစားသာဘူး။ ထိုင်းတွေရိုက်တဲ့ကားမှာ မြန်မာသူပုန်တွေ မကောင်းဘူးဆိုတာပါပြီး၊ မြန်မာတွေရိုက်တဲ့ကားမှာ နယ်ချဲ့မိစ္ဆာဆိုတာမကောင်းပြန်ဘူး။ ထောင့်ကန်ဘောကို မြှောက်တင်လိုက်ရင် ခေါင်းတိုက်ရမယ်။ ကိုယ့်ဂိုး ကိုယ်မသွင်းမိဖို့လည်းလိုတယ်။ ဝေးဝေးကို ကန်ထုတ်လိုက်။ နောက်တစ်ကြိမ်မရောက်လာခင်အထိ အသက်ကို ဝအောင်ရှူထားပါ။

ဘယ်ညာ ခြေထောက်တွေကိုအရောင်ပြ၊ ဘောလုံးနဲ့လူနဲ့ကို တသားတည်းပြေးထွက်သွား၊ နောက်ခံလူကို ကျော်လွှား ဘေးနားက တစ်ယောက်နဲ့ဝမ်းတူးရိုက်၊ ဂိုးထဲကို ခြေထောက်နဲ့ကန်မလား၊ ခေါင်းတိုက်သွင်းမလား တစ်ခုခုတော့ရွေးချယ်ရဦးမယ်။ ဂုဏ်သိက္ခာကို ခြေထောက်နဲ့ ဘယ်နှခါတော့ထားနိုင်မှာလဲ။ ကွင်းလယ်ကန်တင်ဘောကို မြေမကျကန်သွင်းနိုင်ဖို့ ခင်များဖျတ်လတ်ပါရဲ့လား။ ညီနောင်တို့ ... ဖောင်ဖျက်ပြီးမှသတိရတယ်။ ငါတို့ရှုံးမယ့်စစ်ပွဲကို လေချွန်ပြီး တိုက်ခိုက်ကြရင်ကောင်းမလား။ မင်းတို့ကိုမေးဖို့မေ့နေတာ။ ၃၀၀ ဆိုတဲ့ကားမှာ တကယ်က အယောက် ၃၀၀ မပါဘူးတဲ့။ ဘယ်လိုသဘောရလဲ။ သေရေးရှင်ရေးဆိုရင် ဝလုံးတွေတောင်မဝိုင်းတော့ဘူး။ သွေးကြွေးကိုတောင် အကြွေးထားနိုင်ရင် ကျန်တာတွေ အေးဆေးပေါ့။

ကွင်းလယ်ကနေ ကန်သွင်းဖို့ကြိုးစားခဲ့တာ ဂိုးသမားရှေ့ထွက်နေလို့ပဲပေါ့။ .... ဂိုးသမားရဲ့ ခေါင်းပေါ်က ဝုန်းခနဲဖြတ်သန်းပြီး ပိုက်နဲ့ထွေးသွားတဲ့ ဘောလုံးထဲမှာ ပျော်ရွှင်မှုလည်းပါတယ်။ ဂိုးသမားတစ်ယောက်က သူ့ခြေထောက်နှစ်ချောင်းကို ကားထားရမလား၊စေ့ထားရမလား၊ ပြောရခက်တယ်မဟုတ်လား။ ယဉ်ကျေးမှုနဲ့ အနောက်တိုင်းဆန်လာခြင်းဟာလည်းဒီလိုပေါ့၊ ပနဲလ်တီကို ကာကွယ်ရခက်တယ်။ အမျိုးဂုဏ်ဆိုတာလည်း ငါးပြားစေ့တွေလိုပဲ သေချာစုထားစုထားရင်း တစ်စေ့တစ်စေ့ပျောက်ကုန်တာပဲ။ ကွင်းထဲမှာ သိပ်မဆူညံနဲ့၊ လူမျိုးရေးမခွဲခြားနဲ့။ ရေသန့်ဗူးနဲ့မပစ်နဲ့။ ဆဲချင်လို့ဘောလုံးပွဲလာကြည့်တယ်ဆိုရင် ကွင်းဘက်ကိုကျောခိုင်းထား၊ ဗလကောင်းကောင်း လက်သီးပြင်းပြင်းလူရှေ့ကိုသွား၊ ... အဲဒီမှာ သူ့မျက်နှာတည့်တည့်ကြည့် ... ဆဲကြည့်ပေတော့။ သတ္တိဆိုတာ ပုဆိုးပုန်းထဲရှိရတဲ့အရာမဟုတ်ဘူး အမျိုးကောင်းသားတို့။

ပွဲကောင်းတစ်ခုကို ပိတ်ကစားမှာလား။ ပွဲကောင်းတစ်ခုကို ဘယ်လိုအားပေးမှာလဲ၊ ဒိုင်ညစ်တွေကို ဖယ်ရှားရမယ်။ စည်းပေါ်က ဖျက်ထုတ်ခံခဲ့ရတဲ့ ဘောလုံးတစ်လုံးလို အောင်မြင်မှုနဲ့ လက်မတင်လေး လွဲချော်ကြရဦးမယ်။ အနိုင်ဂိုးသွင်းထားပြီး ပွဲသိမ်းခရာ မျှော်ကြမှာလား။ နောက်ဆုံးစက္ကန့်တွေကို သတိထားပြီးကစားရမယ်။ တည်တည်ငြိမ်ငြိမ်။ မဟုတ်သေးဘူး။ ကန်တတ်သလိုပဲကန်။ မှာထားသလိုမကန်နဲ့။ ဖြစ်ချင်ရာဖြစ်။ ရောက်ချင်ရာရောက်။ ပြီးရင် မငိုနဲ့။ ညီညီညွတ်ညွတ် အမှားနည်းနည်း ကစားနေကြတယ်။ တစ်ဖက်အသင်း .... အမှားနည်းနည်း၊ ညီညီညွတ်ညွတ်ကစားနေကြတယ်။ သူတို့ဘက်အခြမ်းမှာ၊ ညီညီညွတ်ညွတ် သပ်သပ်ရပ်ရပ် လှလှပပ လူပေးကစားနေတယ်။ ဒီဘက် ကွင်းထဲလည်းဝင်မလာတော့ဘူး။ သပ်သပ်ရပ်ရပ် လှလှပပ .... အချိန်ဆွဲကစားနေပြီ။ ....

ရဲဘော်တို့.... ဘောလုံးရရင် ဂိုးပေါက်ကို ကန်သွင်းရမယ်။
ခြေထောက်တွေကို ချိုးကြရမယ်ရဲဘော်တို့၊
အနီးကပ်ဆုံးကောင်ကို တံတောင်နဲ့တွတ်ပါ ရဲဘော်တို့၊
ဒိုင်မမြင်ရင် ဘားနဲ့ နင်းပါရဲဘော်တို့၊
အချိန်ပိုမှာ လူလဲမယ်ရဲဘော်တို့၊
၁၈ ကိုက်စည်းထဲမှာ ဒိုင်ဗင်ပစ်ကြပါစို့ရဲဘော်တို့၊
..... တည်ကန်ဘောတွေကနေ အနိုင်ဂိုးသွင်းကြမယ် .................။

အိုဘယ့် ဘောလုံးပွဲ။               ။

rEgARDS,
zEpHyR
ခေတ္တ ခြေမကွဲနေသည်။



Peace B with U.