Monday, February 17, 2014

လက်ငါးချောင်းကို အဆက်မပြတ်ရေတွက်လျှက်

လက်ငါးချောင်းကို အဆက်မပြတ်ရေတွက်လျှက်


အရေအတွက်တွေက လျော့သထက် လျော့လာတာပဲ။
ကွေကွင်းနောက်ဆုံးရှိချေ၏ဆိုတာဟုတ်မယ်ထင်တယ်။ တောင်ပေါ်ကွေ့ပတ်တက်နေတာကြာသလောက် တောင်အောက်ခုန်ဆင်းလိုက်ရင် ခဏလေးရယ်။ သက်တမ်းက ပြဿနာမဟုတ်ဘူး။ ပြဿနာဘာမှန်းမသိတာ ပြဿနာ။ ထူးခြားလေးနက်နေချင်ရင်ပြဿနာ။ ရိုးရိုးရှင်းရှင်း မနေနိုင်ရင်ပြဿနာ။ အာဆင်နယ်ဟာ နိုင်လိုက်၊ရှုံးလိုက်ပဲ။ ဂိုးအများကြီး အသွင်းမခံရအောင် လူကပ်ကစားကြပါစို့လို့ နည်းပြကြီးကပြောတယ်။ ကိုယ့်ပြေးလမ်းထဲ လူနှစ်ယောက်ရှုပ်နေရင် တိုက်စစ်မှုးဟာ ဂိုးသွင်းဖို့မလွယ်တော့ဘူး။ အနိုင်လိုချင်တဲ့အသင်းတွေဟာ အနိုင်အတွက်ပဲ ဘောလုံးကစားတော့တယ်။ သူတို့ဟာ တွေးခေါ်ဖန်တီးမနေတော့ဘူး။ အလှအပတွေ၊ အတို့အဆိတ်တွေစိတ်မဝင်စားကြတော့ဘူး။ လက်ငါးချောင်းကနေ လက်လေးချောင်း၊ လက်သုံးချောင်း၊ လက်နှစ်ချောင်း၊ လက်တစ်ချောင်း၊ လက်သုညဖြစ်လာတယ်။ အရည်အသွေးကျဆင်းမှု၊ ပျော်ရွှင်ခြင်းမဖြစ်ထွန်းမှုနဲ့အတူ၊ တာဝန်အရလျှောက်လမ်းရမှုတွေဟာ ခရီးကို ပိုလေးလံသွားစေတာပဲ။ ကုန်ပိုတင်လာတဲ့ နွားလှည်းလို တစ်ချိန်တော့ မှောက်မှာပဲ။ နွားအပြစ်တော့လည်းမဟုတ်ဘူးပေါ့။ မှောက်တတ်တဲ့လှည်းဟာ မှောက်မှာပါပဲ။ အရှင်ဒေဝဒတ်ကတော့ ရွဲကုန်သည်ဘဝက သူ့ဂွင်ဖျောင်သွားတဲ့ ဘုရားလောင်းကိုမုန်းတာ ဘဝအဆက်ဆက်ပဲတဲ့။ ဒေါသကို full stop မချနိုင်ရင် စိတ်နာပြီး သေရာပါသွားတတ်တယ်တဲ့။ ဟုတ်မယ်ထင်ပါရဲ့။ လက်ငါးချောင်းကနေ လက်သုံးချောင်းနှုတ်တော့ လက်နှစ်ချောင်းကျန်တယ်ပြောတယ်။ ရှင်သာရိပုတ္တရာခေါင်းပြောင်နေတာကို ဘီလူးက လမ်းကြုံ လက်သီးနဲ့ထိုးသွားတယ်လို့ပြောတယ်။ ပုံပြင်တွေကတော့ နေရာတကာပါပဲ။ နေရာတကာပုံပြင်ဖြစ်နေတော့ ဘယ်သူပုံပြောသွားမှန်းမသိနိုင်တော့ဘူး။ လက်ငါးချောင်းထဲက လက်သုံးချောင်းပြန်နှုတ်ဖို့ဆိုတာ သိပ်မလွယ်ဘူးဆိုတာ အမေနဲ့အဘွားဆုံးသွားမှသိတယ်။ လက်နှစ်ချောင်းကို မနှုတ်လို့လည်းမဖြစ်ဘူး။ လောကဆိုတာ ကားရေဆေးတဲ့စက်လိုမျိုး၊ အထဲရောက်ရင် ဆပ်ပြာတိုက်မယ်၊ ရေဆေးမယ်။ တိုက်ချွတ်ဆေးကြောမယ်။ တစ်ဖက်ကနေပြန်ထွက်လာမယ်။ အဲဒီဖြစ်စဉ်ထဲမှာ လက်ငါးချောင်းကနေ လက်နှစ်ချောင်းနှုတ်ရတာပဲ။ သာမန်အားဖြင့် လက်သုံးချောင်းကျန်စရာရှိပေမယ့် လက်တစ်ချောင်းမှမကျန်တော့ဘဲဖြစ်ကျန်ခဲ့တာလည်းရှိတယ်။ သင်္ချာရဲ့ ချွတ်ခြုံကျခြင်းမဟုတ်ရင်၊ ကံကြမ္မာရဲ့ ထူးကဲဒီရေတက်ခြင်းဆိုတာဖြစ်လိမ့်မယ်။ ဘောလုံးကိုဖြစ်နိုင်ရင် ဦးခေါင်းနဲ့၊ ပခုံးနဲ့ တံတောင်နဲ့၊ ဒူးနဲ့ထိန်းပြီး မြေပေါ်ဖြည်းဖြည်းချပြီး ဂိုးပေါက်တည့်အောင်ကန်ဖို့ကိုပဲ လက်ငါးချောင်းထဲက လက်နှစ်ချောင်းကို နှုတ်ရပြန်တယ်။ ဘာတွေဖြစ်နေတာလဲ။ အတွက်အချက်မပါဘဲ ဆယ်မွန်တွေ အိမ်မပြန်တတ်တော့ဘူးလို့ပြောနေကြတာ သတင်းဖြစ်လာတယ်။ ရေချိုမှာမှ အိုဂျီရှိတာလား။ ရေငန်မှာဆေးရုံစားရိတ်ဘယ်လောက်ကျသလဲ။ လက်ငါးချောင်းထဲက လက်ဘယ်နှစ်ချောင်းနှုတ်စာရှိသလဲ။ သတ္တလောကကြီးဟာ လက်ငါးချောင်းရဲ့ပြဿနာပဲထင်တယ်။ လူဟာ လက်ငါးချောင်းနဲ့အစာကိုရှာပြီး၊ လက်ငါးချောင်းနဲ့ အစာကိုမျိုဖို့ပြင်ဆင်ပြီး၊ လက်ငါးချောင်းနဲ့ အသုဘကိုချတာပဲ။ လောကဓံရှစ်ပါးဆိုတာ လက်ငါးချောင်းမှာ လက်ပွားသုံးခုပါတာလို့ပြောတယ်။ သန့်စင်သောရေဖြစ်ဖို့ ကလိုရင်းကို ရေအမှတ်နဲ့သောက်ရတယ်လို့ဘယ်သူမှန်းမသိတဲ့သူကပြောတယ်။ ကလိုရင်းရေထဲမှာ ငါးတွေမရှင်သန်နိုင်ဘူး။ လက်ငါးချောင်းထဲက လက်ငါးချောင်းနှုတ်သလိုဖြစ်ကုန်ကြတယ်တဲ့။ သရဲကလည်း ခြောက်ဖို့အရေး လက်ငါးချောင်းကို အစွမ်းကုန်မြှောက်တင်တယ်။ ဂိုးသမားက လက်ငါးချောင်းကို ဆန့်ပြီး အပေါ်ထောင့်ကို အပ်ကျမတ်ကျ၊တန်းတန်းမတ်မတ်ဝင်လာတဲ့ ဘောလုံးကို ပုတ်ထုတ်ကာကွယ်ဖို့ကြိုးစားနေတယ်။ တွယ်စီးထားတဲ့ကားပေါ်မှာ ခြေထောက်တစ်နေရာစာနဲ့ လက်ငါးချောင်းနဲ့ မြဲမြဲဆုပ်ထားတဲ့ သံတန်းဟာ ရှင်သန်ခြင်း၊ပျံဝဲခြင်း ပုံစံသစ်ပဲ။ မကျေနပ်လို့ ကျစ်ကျစ်ပါအောင်လက်သီးဆုပ်တော့လည်း လက်ငါးချောင်းကို ကွေးပစ်လိုက်ရတာပဲ။ အမရာဟာ လက်ငါးချောင်းကို မဟော်သဓာကိုထောင်ပြခဲ့တယ်။ လက်ငါးချောင်းဟာ မြန်မာ့သမိုင်းမှာလည်း ဇာတ်ကောင်။ ငခင်ညိုဟာ အသင်္ခယာစောယွန်းရဲ့ နတ်ကွန်းက ထမင်းကို လက်ငါးချောင်းနဲ့စားပြီး၊ စောယွန်းရဲ့ သန်လျက်နဲ့ ကျောက်စီဓားကို လက်ငါးချောင်းစီနဲ့ ခိုးသွားခဲ့တာပဲ။ ကမ္ဘာ့သမိုင်းမှာလည်း ဟစ်တလာဟာ လက်ငါးချောင်းနဲ့ ခါးပတ်ကိုကိုင်ပြီး နောက်ထက်လက်ငါးချောင်းမှာ လေးချောင်းကို ရှေ့ဆန့် တစ်ချောင်းကိုကွေး(လက်မကိုတော့ ကွေးထားတယ်။)ပြီး အလေးပြုနေတယ်။ လင်းပိုင်ရဲ့ လက်ငါးချောင်းဟာ ရေထဲမှာရှင်သန်ဖို့တိုဝင်သွားပေမယ့် အရိုးတွေကတော့ အရင်အတိုင်းငါးချောင်းရှိနေတုန်း။ ဗုဒ္ဓတွေဟာ လက်ငါးချောင်းကို ပက်လက်လှန်ပြထားရင် ဒါဟာ ကိလေသာကုန်ပြီလို့ စားပွဲထိုးတွေက အလိုလိုနားလည်သတဲ့။ လူဟာ သစ်ပင်ပေါ်ကဆင်းလာတဲ့နေ့မှာ လက်ငါးချောင်းနဲ့ဆုပ်ထားတဲ့သစ်ကိုင်းကိုလွှတ်ပြီး မြေပြင်ပေါ်ကျနေတဲ့ တုတ်ချောင်းကို ကိုင်စွဲသတဲ့။ လူ့သမိုင်းဟာ လက်ငါးချောင်းနဲ့နယ်ဖတ်ထားတဲ့ အသုပ်စုံလိုမျိုးပဲ။ ကျွမ်းကျင်တဲ့အသုပ်သမလက်ထဲမှာတော့ ဘယ်ပဲမှုန့်မှ ပြေးမလွတ်ဘူး။ တစ်ယောက်နဲ့တစ်ယောက် လက်ဖဝါးရိုက်ထားတယ်ဆိုတာ လက်ငါးချောင်းရဲ့ လျှို့ဝှက်အချိန်းအချက်တစ်ခုပဲ။ ယုံကြည်ပါတယ်ဆိုပြီး လက်ငါးချောင်းချင်း ဆုပ်ကိုင်ထားတဲ့ချစ်သူတွေ ကွဲကွာတော့ လက်ငါးချောင်းနဲ့ပဲ Bye bye လုပ်ကြရတာပဲ။ ဒီလက်ငါးချောင်းနဲ့ပဲ ဗေဒင်ဆရာကိုယုံကြည်ပြီး ဒီလက်ငါးချောင်းကို ကားကားဖြန့်ပြီး ခြင်ရိုက်ကြရတာမဟုတ်လား။ လက်ငါးချောင်းထဲက တစ်ခုမဟုတ်တစ်ခုကိုနှုတ်နေကြရတာပဲ၊ နိဗ္ဗာန်ဆိုတာတောင် သဘာဝတရားထဲက မောဟကိုနှုတ်လိုက်လို့ ကျန်ခဲ့တဲ့ လက်ငါးချောင်းဖြစ်တယ်ထင်တာပဲ။ ပါရာဒိသုဆိုတာလည်း လူ့လောကထဲက အတ္တကို နှုတ်လိုက်ရင် ကျန်ခဲ့တဲ့ လက်ငါးချောင်းပဲ။ တိမ်တွေဟာလည်း ရွေ့နေတဲ့ လက်ငါးချောင်းနဲ့တူတယ်။ မြင်မြင်သမျှဟာ လက်ငါးချောင်းရဲ့ အစွန်းထွက်တွေ။ လက်ငါးချောင်းထဲကနှုတ်လိုက်တဲ့ ဆူးတွေဟာ နေ့စွဲတွေဖြစ်ပြီး လက်ငါးချောင်းက ပန်းထွက်နေတဲ့သွေးတွေဟာ စာပေ၊ကဗျာ၊ဂီတ၊ယဉ်ကျေးမှု၊အနုပညာဖြစ်လာကြတာပဲ။ လက်ငါးချောင်းနဲ့လက်ငါးချောင်းထိလိုက်မှ လက်အုပ်ချီနိုင်တယ်။ ထိနေတဲ့လက်ငါးချောင်းရဲ့ သွေးတိုးသံဟာ သမာဓိတည်ဆောက်မှုအတွက် အကျိုးရှိစေတယ်။ ဒီလက်ငါးချောင်းနဲ့ အညစ်အကြေးတွေသုတ်သင်ရင်း ဒီလက်ငါးချောင်းနဲ့ တောင်ထိပ်ကို တွယ်တက်ရဦးမယ်။ လက်ငါးချောင်းရဲ့အိမ်မက်ဟာ သူ့ဆီက တစ်ခုခု အနှုတ်မခံရဖို့ဖြစ်မယ်ထင်တယ်။ ခင်ဗျားရော လက်ငါးချောင်း အပြည့်ကျန်သေးလို့လား။                    ။

Regards,
Z

Notes: ဘလော့ဂိုစဖီးယားကြီးထဲမှာ ဧည့်သည်ပမာဖြစ်နေရာက ဒိုမိန်းနိမ်း renew အီးမေးလ်ရတော့မှ စာလေးဘာလေးပြန်ရေးဦးမှလို့ သံဝေဂဉာဏ် ထင်ရှားဖြစ်ပေါ်၍လာပါတယ်။ လူနားလည်တာ နားမလည်တာ၊ လူဖတ်များတာ၊ နည်းတာတွေကို သိပ်အာရုံမပြုကြဘဲ ရေးစရာရှိတာရေး၊ဖတ်ချင်တဲ့သူဖတ်ကြပါစေဆိုတာနဲ့သွားတာသင့်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ပင်နီဆူလာသွားရင်း ဟင်္သာဆိုင်ကနေ ဒေါ်ခင်မျိုးချစ်ရဲ့ နှစ်လောက တိုက်ပွဲဝယ်လာတယ်။ အဟောင်းပေမယ့် အသစ်အတိုင်းအဟောင်းဆိုတော့ လေးဒေါ်လာပေးရတယ်။ ဖတ်ကောင်းတယ်။ ဟုတ်သော်ရှိ၊မဟုတ်သော်ရှိ၊ ဖျော်ဖြေနိုင်တယ်။ စိတ်အပန်းပြေတယ်။ အိမ်သာတက်ရင်းဖတ်ရတဲ့ စာအုပ်ကောင်းတစ်မျိုးပဲ။ နှစ်ပေါင်းများစွာကြာနေပေမယ့် စာပေဟာ သူ့ဟာသူကြိုးစားရှင်သန်နေတယ်။ digital version အနေနဲ့လည်း စာပေတွေထားခဲ့ကြရမယ်။ တစ်ချိန်မှာ ကိုယ်မသိတဲ့သူတစ်ယောက်ယောက်အတွက် တစ်ခုခုရသွားစေနိုင်တာမျိုးကိုတော့ ရေးထားခဲ့သင့်တယ်။ မြန်မာလို ရေးထားတဲ့အထဲက ဆေးနည်းတွေ၊ဟင်းချက်နည်းတွေ ရှာပြီးဖတ်နိုင်လာတာဟာ ဒီလိုရေးပြီးတင်ထားတဲ့သူတွေကြောင့် လွယ်ကူစေတာပဲ။ အကျိုးရှိတာတွေလည်းရှိပါတယ်။ တန်ဖိုးရှိတဲ့စာတွေများများနဲ့လွယ်လွယ်ရနိုင်ရင်ကောင်းတယ်။ မူပိုင်ခွင့်နဲ့ မူရင်းစာရေးသူကို လေးစားတဲ့စိတ်ဓာတ်ထွန်ကားပြီး စာပေယဉ်ကျေးမှု အဆင့်အတန်းမီတဲ့ လူမျိုးဖြစ်အောင် တတ်နိုင်သမျှ ကြိုးစားဦးမှပါ။



Peace B with U.