Sunday, May 12, 2013

အဘိုးဇော်ဂျီနှင့်ကျွန်တော်

ဝိဇ္ဖာ၊ဇော်ဂျီ၊တပဿီ ဆိုပြီး မြန်မာစကားမှာခပ်ရောရောသုံးတယ်။ ဇော်ဂျီကတော့ ယောဂီကိုအသံထွက်မှားတဲ့စကားလုံးဖြစ်ပြီး၊ သမထ ပွားများတဲ့ဂ္ဂိုလ်လို့ဆိုလိုဟန်တူတယ်။ (ဟန်တူတယ်ဆိုတာ ကနေ့ခေတ်မှာ မသိလို့ပြောတာမဟုတ်တော့ဘဲ မသိချင်ယောင်ဆောင်၍ပြောတယ်ဆိုတဲ့စကားဖြစ်နေပြီထင်တယ်။) ဝိဇ္ဖာဆိုတာတွေကတော့ အဆင့်မြင့် မုဒိမ်းသမားများဖြစ်တယ်လို့ စာပေကျမ်းဂန်ကဆိုတယ်။ သူများသားသမီးတွေကို ကောင်းကင်ကနေလာပြီး လာလာဝိတ်သွားလို့ ဝိဇ္ဖာလို့ခေါ်ပုံရတယ်။ တပဿီကတော့ ခေါင်းပါးတဲ့ အကျင့်ကျင့်လို့ဂုဏ်ပြုခေါ်တာပဲ။ ကျွန်တော်ပြောချင်တဲ့ ဆရာဇော်ဂျီကတော့ ကဗျာဆရာ၊ စာရေးဆရာကြီးပါပဲ။ ဇော်ဂျီဖောင့်မဟုတ်တဲ့ လူဇော်ဂျီပါ။ အနုပညာမှာ ဈာန်ဝင်စားတဲ့ ယောဂီကြီးပါပဲ။

ဆရာဇော်ဂျီလို့ပြောလိုက်ရင် ဘုတ်အုပ်လေးဘာလေး ဖတ်တယ်ဆိုတဲ့သူ တော်တော်များများဟာ ဗေဒါလမ်းရေးတာဆရာမဟုတ်လား၊ ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း ရေးတာမဟုတ်လားဆိုပြီး ပြောနိုင်ကြတယ်။ မြန်မာအများစုဟာ စာဖတ်ထားတာကို ဂုဏ်ယူကြသလားမသိပါဘူး။ တကယ်ဆို ကိုယ်တိုင်က စာဖတ်တာထက် ပိုတန်ဖိုးရှိတာ လုပ်ဖို့ မတတ်နိုင်လို့ စာဖတ်နေတာလည်းဖြစ်နိုင်တာပဲ။ အဲဒီထဲမှာမှ စာဖတ်တာ နားမလည်ဘူးဆိုတာကို လူသိမခံချင်တာနဲ့ ကပြက်ကယက်တွေလုပ်ကြတာလည်းရှိတယ်။ ကိုယ့်အသိဉာဏ်နဲ့ကိုက်ညီတာဖတ်ရင်ကောင်းတာပါပဲ။ လေးနက်တဲ့စာတွေမဖတ်နိုင်တဲ့သူတွေကိုလည်း အထင်သေးစရာမလိုဘူး။ လူတစ်ယောက်ဟာ တစ်နေရာရာမှာတော့ ကိုယ့်ထက်သာတာ တစ်ခုခုရှိတာပဲ။ ဓားတောင်မှာ သံချောင်းဆိုရင် ဒါမျိုးကို အရွဲ့တိုက်တာ လက်လွန်သွားတဲ့ပုံရှိတယ်။ ကာယနဲ့ဉာဏကို မျှတအောင်တော့ကြိုးစားသင့်တယ်။ ပညာတော့တတ်ပါရဲ့ လောကအတွက် အသုံးမဝင်တဲ့လူတွေလည်းအများသား။ အဆိုးမြင်ရတာလောက်ကို အရသာခံတတ်သွားရင် တခြားအမြင်ဘက်ကို အာရုံပြောင်းရခက်ကုန်တာလည်းတွေ့ရတယ်။

အဘ ဘုန်းနိုင်ကတောင် စာဖတ်သူခေါင်းပေါ်မှာ အကြော်မရောင်းဘူးဆိုပေမယ့် ပညာတတ်မာန် နည်းနည်းလေးတော့ တစ်ချက်တစ်ချက်တွေ့ရတယ်။ အဘိုးဇော်ဂျီကတော့ ပြည့်ဝငြိမ်သက်တဲ့ဟန်၊ စူးစမ်းဖြေတွေးတဲ့ဟန်တွေမှာ သိပ်သပ်ရပ်တယ်။ ကဗျာကဝိပီပီ အတွေးအခေါ် ပျူငှာတယ်။ ရှင်းခန့်တယ်။ တိကျပြေပြစ်တယ်။ တည်ကြည်ငြိမ်သက်တယ်။ ခေတ်စမ်းဟာ သူ့ခေတ်သူ့အခါက အသစ်တွေစတင်ခဲ့တာပဲ။ သို့သော်လည်း မောက်မာထောင်လွှားမှုကိုရှာမတွေ့ဘူး။ တပည့်တွေနဲ့တွေ့တော့ တိုကပ်နေတဲ့ ဆံပင်ဖွေးဖွေးဖြူခေါင်းကိုပွတ်ပြီး အရင်က ဟိုပညာရှိက ဘယ်လို၊ ဒီပညာရှိက ဘယ်လိုနဲ့ကိုးကားပြောလာလိုက်တာ၊ အခုလို ကိုယ်ပိုင်စကားလေးတစ်ခွန်းနှစ်ခွန်းပြောမယ်ရှိသေးတယ်၊ တစ်ခေါင်းလုံးဖွေးနေပြီဆိုတာလေးဟာ အမှတ်ရစရာပဲ။

၁၉၆၄ ကထုတ်တဲ့ ကံ့ကော်မြိုင်စာတမ်းမှာပါတဲ့ ကဗျာဝိုင်း၊စာဝိုင်းနှင့်ကျွန်တော်ဆိုတဲ့ အဘိုးဇော်ဂျီရဲ့လက်ရာကို ပြန်ဖတ်ရင်း၊သူ့ရဲ့အမြင်ကို သဘောကျမိတယ်။ နှစ်တွေသိပ်ကိုကြာသွားပြီး ၂၀၁၃ နဲ့ ၁၉၆၄ ကွာခြားချက်ထဲမှာကို မကွာခြားသေးတဲ့ ရသခံစားမှုကို ကျွန်တော်ခံစားရသေးတယ်။ ဒီစာအုပ်ကို ပထမအကြိမ်ဖတ်ခဲ့တုန်းက ၂၀၀၂၊ ၂၀၀၂ မှာဖတ်ခဲ့တဲ့အရသာနဲ့ ၂၀၁၃ မှာဖတ်ရတာနဲ့လည်းအရသာမတူဘူး။ အရင်တုန်းက ဒိတ်အောက်ပြီထင်တာတွေ အခုအချိန်မှာ ပိုအရသာရှိလာတယ်။ ရသစာပေရဲ့ ချယ်လှယ်မှုဟာ ကိုယ့်ရဲ့ အသိဉာဏ်၊ စွဲမှတ်သိစိတ်၊ ဖြန့်ကျက်ဆင်ခြင်မှုတွေပေါ်မူတည်ပြီး အုပ်စိုးသိမ်းပိုက်မှုနယ်မြေအကွာအဝေး ကွာခြားသွားစေနိုင်တယ်ထင်ပါရဲ့။ ရိုးရှင်းမှုထဲမှာလည်းရသရှိပါတယ်။ ကြပ်မပြည့်တဲ့ အနုပညာလက်ရာတွေဖောင်းပွနေတဲ့ခေတ်မှာ အဘိုးဇော်ဂျီရဲ့ ရိုးရိုးရှင်းရှင်းအက်ဆေးတစ်ပုဒ်တစ်လေဖတ်လိုက်ရတာကမှ ကျွန်တော်အတွက် ပိုပြီး စိတ်လက်ချမ်းသာ အမှန်ပါပဲ။

တခြားတနေရာရာမှာတင်ထားသလားတော့မသိပါဘူး။ ကျွန်တော်ကတော့ ဟောဒီ့လက်များနဲ့ရိုက်လိုက်ပါတယ်။ အဲဒီ့ ဟောဒီ့ဆိုတာဟာ မော်ဒန်ကဗျာ တွင်ကျယ်လာစဉ်က အလွန်အကျွံဖောင်းပွခဲ့တဲ့စကားလုံးထင်ပါတယ်။ ဟောဒီ့ရင်ဘတ်ထဲက၊ ဟောဒီ့ အိမ်မက်တွေ၊ ဟေ့ဒီပါးကို ဟောဒီ့လက်နဲ့ရိုက် ဟောဒီ့အသည်းကွဲ၊ ဟောဒီ့ဘဲငို၊ ဟောသလိုဆိုပြီးရေးရင်တောင် ဖြစ်လောက်တယ်ထင်တယ်။ .....

ကဗျာဝိုင်း၊စာဝိုင်းနှင့်ကျွန်တော် (ဇော်ဂျီ)

လက်ဖက်ရည် အဖန်သောက်လျှင်ဖြင့်
ကျက်သရေ အမှန်ရောက်ပေလိမ့်
ကြံသလောက်ပြီးတဲ့ရေ

အထက်ပါကောက်နုတ်ချက်သည် လက်ဖက်ရည်အဖန်သောက်ခြင်း၏ အကျိုးကို ဖွဲ့ဆိုထားသော မန္တလေးခေတ် လေးဆစ်တစ်ပုဒ်မှ ကောက်နုတ်ဖော်ပြလိုက်သော ပထမအချိုးဖြစ်ပါသည်။ သဘောသွားကို ဆင်ခြင်လျှင် သဘောကျစရာကောင်းလှသည်။ လက်ဖက်ရည် အဖန်သောက်လေ့ရှိခြင်းသည် ကျက်သရေရှိလှသည်ဟု ဆိုလိုဟန်တူသည်။

မြန်မာတို့၏ အလေ့အလာအရ လက်ဖက်ရည်အဖန်သောက်သောအချိန်သည် နံနက်အချိန်ဖြစ်သည်။ သောက်ရာနေရာသည် အိမ်ဦးခန်းဖြစ်တတ်သည်။ ထို့ကြောင့် လက်ဖက်ရည်အဖန်သောက်သူသည် ကျက်သရေရှိသည်ဟု စာဆိုက ဆိုလိုဟန်တူသည်။ တစ်ဖန် လက်ဖက်ရည်အဖန်သောက်သည်ဆိုခြင်းသည် အများအားဖြင့် တစ်ယောက်တည်း ထိုင်သောက်သည်ထက် သုံးလေးဦးဝိုင်းဖွဲ့၍ သောက်ခြင်းဖြစ်ရာ ခေါင်းသုံးလေးခေါင်းဆိုင်မိကြသဖြင့် ဉာဏ်သုံးလေးဉာဏ်ဆုံမိကြရသည်။ ထိုအခါ ပြဿနာတစ်ခုကို ဖြေရှင်းရာ၌သော်လည်းကောင်း၊ ကိစ္စတစ်ခုကို ကြံစည်ရာ၌သော်လည်းကောင်း၊ တစ်ဦးခေါင်းတစ်ပညာ ဆိုသကဲ့သို့ ဝိုင်းဝန်းဖြေရှင်းခွင့်ရသဖြင့် ပြဿနာပြေလည်နိုင်စရာအကြောင်းရှိလေသည်။ အကြံအစည် အထမြောက်စရာ အကြောင်းရှိလေသည်။ ထို့ကြောင့်လက်ဖက်ရည် အဖန်သောက်ခြင်းသည် အကြံအစည်လည်းပြီးသည်ဟု စာဆိုသူက အထက်ပါအတိုင်းဆိုလိုက်ဟန်တူသည်။

လက်ဖက်ရည်ဝိုင်းဆိုသည်မှာ တစ်နည်းအားဖြင့် ဆွေးနွေးပွဲတစ်မျိုး ဖြစ်သည်ဟု ဆိုရာသည်။ သို့ရာတွင် တစ်စိတ်အားဖြင့် ကွဲသေးသည်ဟုထင်သည်။ ဆွေးနွေးပွဲဆိုသော စကား၌ နိုင်ငံရေးဆွေးနွေးသယောင်ယောင်၊ မစေ့စပ်ခင် အကဲခတ်စကားပြောဆိုသယောင်ယောင် အနက်ထွက်သည်ဟုလည်း အောက်မေ့မိသည်။ ဏ္ဍနြေ္ဒကြီး၊ သိက္ခာကြီး၊ စည်းကြီးကမ်းကြီးနှင့် ဖြေရဆိုရသယောင်ယောင် အနက်ထွက်သည် ဟုလည်း အောက်မေ့မိသည်။ ထို့ကြောင့် စိတ်ကျဉ်းကျပ်လှသည်ဟုထင်သည်။ ရွံ့ပင်ရွံ့မိသည်။ လက်ဖက်ရည်ဝိုင်းဟူရာ၌ကား နိုင်ငံရေးကိုလည်း မတွေးးမိ၊ အချင်းချင်း အကဲခတ်သည်ဟုလည်း သတိမထား၊ ဏ္ဍနြေ္ဒကြီး၊ သိက္ခာကြီးနှင့် ပြောရဆိုရမည်ဟုလည်း မအောက်မေ့၊ စည်းကြီးကမ်းကြီးနှင့် ပြောရဆိုရမည်ဟုလည်း မယူဆ။ စိတ်လွတ်လပ်ချောင်ချိသည်ဟုထင်သည်။ စိတ်ပျော်ရွှင်သည်။ ထိုမျှသာမကသေး၊ အချင်းချင်း အပေးအယူရှိတတ်သည်။ ပြောမနာ ဆိုမနာဖြစ်တတ်သည်။ မကွယ်မဝှက်ပြောတတ်သည်။ ချစ်ချင်ခင်ခင်ဆိုတတ်သည်။ လက်ဖက်ရည်ဝိုင်းဟူသော စကား၌ ဤသို့လျှင် အနက်ထင်သည်ဟု ယူဆမိသည်။

လက်ဖက်ရည်ဝိုင်းဟူသော စကားတစ်ခွန်းကိုကြားရရုံမျှဖြင့် လက်ဖက်ရည်အိုးကို ဗဟိုပြု၍ ဝိုင်းထိုင်ကြဟန်၊ အချင်းချင်းလောကွတ်ပြုကြဟန်၊ ရယ်ရယ်မောမော ပြောနေကြဟန်၊ မည်သူမဆို ဝိုင်းထဲသို့ ဝင်ပြောနိုင်ဟန်၊ မပြောချင်လျှင် ထသွားနိုင်ဟန်တို့ကို ပြေးမြင်မိသည်။ အမှန်မှာ လက်ဖက်ရည်ဝိုင်းသည် စည်းကမ်းမရှိသယောင်ယောင်နှင့် စည်းကမ်းရှိနေသော စကားဝိုင်းမျိုးဖြစ်သည်။ စည်းကမ်းကြီးသယောင်ယောင်နှင့် စည်းကမ်းမကြီးသော စကားဝိုင်းမျိုးဖြစ်သည်။

ထိုဝိုင်းမျိုးတွင် ဉာဏ်ရွှင်သည်။ အာရွှင်သည်။ အကြံကောင်းအဖန်ကောင်းယိုစိမ့်လာနိုင်သည်။ စကားကောင်း၊ စာကောင်းပေါ်ထွက်လာနိုင်သည်။ ကွယ်ဝှက်နေသည်တို့ အလင်းသို့ရောက်လာနိုင်သည်။ ခဲကပ်နေသည်တို့ ကျေသွားနိုင်သည်။ ဖုထစ်နေသည်တို့ ပြေသွားနိုင်သည်။ မြုပ်နေသညတို့ပေါ်လာနိုင်သည်။ ရှုပ်နေသည်တို့ရှင်းလာနိုင်သည်။

ထိုဝိုင်းမျိုးတွင် အဘိဓမ္မာစကား၊ ရာဇဝင်စကား၊ ကဗျာစာပေစကား ပြောဟောလေ့ရှိကြသည်။ ထိုအလေ့အလာသည် ရှေးယခင်က ရရှိလာခဲ့သော မြန်မာ့ယဉ်ကျေးမှု အလေ့အလာတစ်ခုဖြစ်သည်။ ထိုအလေ့အလာကို သာမှုနာမှု မဏ္ဍပ်များ၌သော်လည်းကောင်း၊ ကျောင်းကန်ဇရပ်များ၌သော်လည်းကောင်း တွေ့ဖူး၊မြင်ဖူး၊ကြားဖူးသူတို့ ယခုတိုင်ရှိနေကြသေးသည်။

မစ္စတာမောင်မှိုင်း မှာပုံတော်ဝတ္ထုထဲတွင် ထိုအလေ့အလာကို သာဓကအဖြစ် တွေ့နိုင်သည်။ ဗားဂရာလူထွက် ဦးကျော်ဒွေး၊ အဘိဓမ္မာ ဆရာအေး၊ ရွှေမန်းမောင်မောင်ရွ၊ မောင်ဖုန်းမြင့်တို့သည် လက်ဖက်ရည်ဝိုင်းတော်သားများ ဖြစ်ကြသည်။ ဗားဂရာလူထွက် ဦးကျော်ဒွေးသည် ထိုဝိုင်းတွင် မဏ္ဍိုင်ဖြစ်သည်။ ပြောနိုင်သည်။ ဟောနိုင်သည်။ ငေါက်စရာရှိလျှင် ငေါက်ပစ်လိုက်သည်။ မောင်ဖုန်းမြင့်သည် ရှာရှာဖွေဖွေ မေးတတ်သည်။ စကားရေလာမြောင်းပေးလုပ်တတ်သည်။ ဆရာအေး၊ မောင်မောင်ရွတို့သည် တစ်ခါတစ်ရံ အကျပ်ကိုင်တတ်ကြသည်။  တစ်ခါတစ်ရံ ဦးကျော်ဒွေး၏ အနှိမ်ကို ခံကြရတတ်သည်။ သို့ရာတွင် ထိုလက်ဖက်ရည်ဝိုင်းသည် ပျော်စရာကောင်းလှသည်။ အငြီးပြေသည်။ ဉာဏ်ပွားသည်။ စိတ်ကျေနပ်မှုရသည်။

တစ်နေ့က လက်ဖက်ရည်ဝိုင်းတစ်ဝိုင်းတွင် ကျွန်တော်ဝင်ထိုင်သည်။ ထိုဝိုင်းတွင် လက်ဖက်ရည်အိုးမရှိ။ ပန်းကန်မရှိ။ အမြည်းမရှိ။ သို့ရာတွင် လက်ဖက်ရည်ဝိုင်းသဘောပင်ဖြစ်သည်။ လက်ဖက်ရည်ပါလျှင်ကား သာ၍ကောင်းမည်ဟု ထင်မိသည်။ ထိုဝိုင်းတွင် အသက်ငါးဆယ်ကျော်လည်းပါသည်။ သုံးဆယ်ကျော်လည်းပါသည်။ နှစ်ဆယ်ကျော်လည်းပါသည်။ ပင်စင်စားလည်းပါသည်။ ကျောင်းဆရာလည်းပါသည်။ စာရေးဆရာလည်းပါသည်။ ကျောင်းသားလည်းပါသည်။ ထိုဝိုင်းတွင်ပြောကြဆိုကြသော အကြောင်း၌ အစီအစဉ်ဟူ၍ မရှိ။ တောရောက်တောင်ရောက်နိုင်လှသည်။ ပြောကြဆိုကြသူများသည် ချိန်းချက်ထား၍ရောက်လာကြသူများမဟုတ်။ ပြောမည်ဆိုမည် ကြံစည်၍ လာကြသူများလည်းမဟုတ်။ ကိုယ့်ကိစ္စနှင့်ကိုယ် သွားရင်းလာရင်း ဝိုင်းလာကြသူများသာ ဖြစ်ကြသည်။

ထိုဝိုင်းတွင် တစ်ခါတစ်ရံ ရာဇဝင်စိမ့်မြိုင်ကြီး၌ ခရီးသွားကြသည်။ တစ်ခါတစ်ရံ မျက်မှောက်ခေတ်စာပေ၏မျက်နှာတွင် နံ့သာပန်းမန်ခြယ်ကြသည်။ တစ်ခါတစ်ရံ ရှေးဟောင်းစာပေ၏ အရိပ်၌ နေနားဝင်ခိုကြသည်။ ထိုဝိုင်းတွင် မြှောက်ပြောသူလည်းပါသည်။ စပ်ဖြဖြဲပြောသူလည်းပါသည်။ ရယ်မောချေပလိုက်သူလည်းပါသည်။ ထိုဝိုင်းတွင် တစ်ဦးကအစမှစ၍တွေးသည်။ တစ်ဦးကအလယ်မှဖောက်၍တွေးသည်။ တစ်ဦးက သူတတ်ကြောင်းပြချင်သဖြင့် သူတတ်သမျှအန်ထုတ်သည်။ တစ်ဦးက ပြုံးပြုံးပြုံးပြုံးနှင့် နားထောင်ရင်း ချက်ကောင်းကိုင်၍တွယ်လိုက်သည်။ ဤသို့ဖြင့် စာပေ၏အနှစ်သာရသည် မြုပ်ရာမှပေါ်လာသည်။ ပေါ်ရာမှပျံတက်သည်။ တစ်နည်းအားဖြင့် လက်ဖက်ရည်ဝိုင်းသည် ဘဝပီတိရှာနည်းတစ်မျိုးပင် ဖြစ်လေသလောဟု ကျွန်တော်တွေးတောလာမိသည်။

ကြက်ဝိုင်းသည် မြန်မာ့အလေ့တစ်ခုဖြစ်သည်။ မြန်မာပြည်အနှံ့အပြား ကြက်ဝိုင်းထောင်သူ အလွန်များသည်ဟုပြောကြသည်။ ကြက်ဝိုင်းထောင်သကဲ့သို့ လက်ဖက်ရည်းဝိုင်းထောင်လျှင်ကောင်းမည်ထင်သည်။ ကြက်ဝိုင်းထောင်လျှင် ရဲသားကစောင့်ဖမ်းတတ်သည်။ လက်ဖက်ရည်ဝိုင်းထောင်လျှင်ကား ဘယ်ရဲသားကမျှ စောင့်ဖမ်းမည်မဟုတ်ချေ။ သို့ရာတွင် လက်ဖက်ရည်ဝိုင်းထောင်သူများသည် စာပေနတ်၏ ဖမ်းစားခြင်းကိုကား မုချခံကြရတော့မည်။ စာပေနတ်၏ ဖမ်းစားခြင်းကို တကယ်ခံရသူသည် စာရူးဖြစ်တတ်သည်။

ထို့ကြောင့် လက်ဖက်ရည်ဝိုင်းထောင်ချင်ကြလျှင် အစကနဦးက ကြိုတင်၍ မြဲမြဲစွဲမှတ်ပိုက်လက်ခံထားရမည့် အချက်တစ်ခုရှိသည်။ ထိုအချက်ကားတခြားမဟုတ်။ ဤခေတ်ထဲတွင် တကယ့်စာရူးဖြစ်သည့်နေ့မှစ၍ အသင်သည် ကျပ်၊မတ်၊မူး၊ပြား၊ပေါင်၊သျှီလင်၊ပဲနိ၊ဒေါ်လာများကို ငွေစာရင်းအင်းဇောက်ချ၍ ကျားခုတ်ကျားယက် မတွက်တတ်တော့ပြီ၊(ဝါ) လောဘဗရပွနှင့် လူသားအချင်းချင်း လည်ပင်းနင်း၍ ငွေနောက်သို့သာ တကောက်ကောက်လိုက်နေသော ငွေရူးမလုပ်တတ်တော့ပြီ(ဝါ)ဒေါသကြီး မာနကြီးနှင့် လူသားအချင်းချင်း ခြိမ်းခြောက်မောင်းမဲ၍ အာဏာနောက်သို့သာ တကောက်ကောက်လိုက်နေသော အာဏာရူးမလုပ်တတ်တော့ပြီ။             ။

==================================
ဒီအက်ဆေးကတော့ အမှတ်တရပါပဲ။  နွေဦးကျက်သရေနှင့် ကျွန်တော် စာအုပ်ကို ၃၀၀ ကျပ်နဲ့ ၂၀၀၁ လောက်ကဝယ်ခဲ့ပါတယ်။ အခုပြန်ဖတ်ကြည့်ပြီးအဆင်ပြေတာနဲ့တင်ပေးလိုက်တာပါ။

ပျော်စရာကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်နိုင်ကြပါစေ။ အာဏာရူးမဖြစ်ဖို့စာရူးဖြစ်နိုင်ကြပါစေ။ ... ငြိမ်းချမ်းသော နေ့လေးတစ်နေ့ပြီးတစ်နေ့ ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုရင်း ...


Regards,
Z



Peace B with U.