Saturday, May 9, 2015

မေလတေးသီချင်းဖွဲ့သီမှုသည် ဖျော့မှုန်တုန်ရီ ဝေဝါးကုန်လေ၏။

မေလတေးသီချင်းဖွဲ့သီမှုသည် ဖျော့မှုန်တုန်ရီ ဝေဝါးကုန်လေ၏။

ကျောက်မျက် အရောင်းဆိုင်ရှေ့သို့ရာက်သည်။ တောက်တောက်ပပ စိန်လေးတစ်ပွင့်ဗဟိုပြုသည့် အသည်းပုံ လည်ဆွဲလေးကို တွေ့သည်။ အမေများနေ့အတွက် ဝယ်ဖို့စိတ်ကူးပြီး ပိုက်ဆံအိတ်ထဲမှ credit card ကိုထုတ်လိုက်သည်။ ပြီးမှ ငါ့ အမေဆုံးသွားတာကြာပြီပဲ ဟူသည့် အသိဝင်လာသည်။ credit card ကိုပြန်သိမ်းရင်း Swissbake ဆိုင်ဆီသို့ ဆက်လျှောက်သည်။ အခါးဆုံးကော်ဖီတစ်ခွက်ပေးဖို့မှာလိုက်သည်။ လူသည် အခါးကိုသာ အရသာခံတတ်တော့သည်။

ချစ်ခြင်းတရားသည် တောင်ပံများသာဖြစ်သည်။ ချစ်၍ပြောခဲ့သော စကားလုံးများသည် ချစ်ခြင်းတရား၏ တောင်ပံများ ပင်ဖြစ်သည်။ စကားလုံးများကို ပြန်လည် သိမ်းဆည်းလိုက်သည်။ စာလုံးလေးတစ်လုံးစီသည် ချစ်ခြင်းတရားများ၏ အစအနများဖြစ်နေခဲ့သည်။

ကောင်းကင်တွင် ကြယ်များ မရှိခဲ့သည်မှာ ကြာလွန်ခဲ့ပြီဖြစ်သည်။
မိုးကောင်းကင်၏ အနောက်ဘက်တွင်တော့ ကြယ်လေးတစ်လုံး ရှိနေမှန်း စိတ်ထဲမှ သိနေခဲ့မိသည်။ ထိုအသိတရား၏ ခိုင်မြဲမှုသည် လောကတွင် နေပျော်စေခဲ့သည်။ ထိုအသိမရှိတော့လျှင် လူသည် သေခြင်းတရားကိုသာ ရွေးချယ်သွားကြလိမ့်မည်။

ဖခင်ကြီးဆီဖုန်းဆက်သည်။ မိခင်ကြီးလက်ဆောင်ပေးခဲ့သည် အီတလီ စိပ်ပုတီးလေးကို သူကြိုးပြန်လဲပြီး စိပ်နေတာ နှစ်ခါရှိပြီဟုဆိုသည်။(သက်တမ်း နှစ်၂၀ ကြော်ကြာပြီဆိုတဲ့သဘောပဲ။) ဒီတစ်ခေါက်ကြိုးလဲရင် နောက်ဆုံးပဲဟုဆိုသည်။ ချစ်ခြင်းတရားသည် အီတလီလုပ် နှင်းဆီရနံ့ စိပ်ပုတီးလေးတစ်ခုလည်းဖြစ်နိုင်သည်။ အီတလီသွားရင် တစ်ကုံးဝယ်ခဲ့ပေးမည်ဟုဆိုသော်လည်း သူစိတ်ဝင်စားပုံမရ။ ချစ်ခြင်းမပါသော စိပ်ပုတီးအသစ်တစ်ခုကို ဘယ်လိုအစားထိုးရမှန်း သူသိပုံမပေါ်။ အပြာရောင် crystal များဖြင့် ပြုလုပ်ထားသော အလွန်လှပသည့် စိပ်ပုတီးတစ်ကုံးကိုလည်း မိမိအတွက် မိခင်ကြီး အီတလီရောက်စဉ်က ဝယ်လာပေးခဲ့ဖူးသည်။ အမှတ်တရများကို အမှတ်ရရမှာ ပျင်းရိသူပီပီ Ikea မှ storage ပုံးအနီလေးတွင် ထည့်သိမ်းထားလိုက်သည်။ ဒီစိပ်ပုတီးကိုပဲ လူကြုံရှိလျှင် ဖခင်ကြီးဆီ ပို့ပေးလိုက်မည်ဟု စိတ်ကူးသည်။

ဥပါဒါန်အကြောင်းကို ဖခင်ကြီး နားမလည်သေးပါ။ သို့သော် ကျနော်ရှင်းပြမနေတော့ပါ။ ဝမ်းနည်းသူတစ်ယောက်အတွက် ဝမ်းနည်းခြင်းသည် အကောင်းဆုံးဆေးဖြစ်လိမ့်မည်ထင်သည်။ ဝမ်းမနည်းတတ်သူတစ်ယောက်အတွက်တော့ သူ့အလုပ်သူလုပ်နေတာလို့ပဲ မြင်ရလိမ့်မည်ထင်သည်။

တိမ်များအကြောင်းကို သင်ကြားပေးခဲ့သူတစ်ယောက်သည် တိမ်များကို ကျနော်ချစ်မှန်း သိခဲ့ပြီးသားသာဖြစ်ပါလိမ့်မည်။

စိုက်ထားသည့် စံပယ်များကိုပင် မခူးခဲ့သည်မှာ လေးလပြည့်သွားခဲ့ပြီဖြစ်သည်။ ပန်းတစ်ပွင့်၏ လွတ်လပ်ခွင့်ကို ငြိမ်းချမ်းစွာ ကြည့်ရှုစောင့်ရှောက်သူသာ ဖြစ်ချင်သည်။ ရေလောင်းမည်။ မြေကြီးထည့်ပေးမည်။ ပွင့်လာသော ပန်းပွင့်လေးတစ်ပွင့်စီကို လေးစားစွာ ချစ်ခင်မည်။ ညတိုင်း ကြယ်ကလေးတစ်ပွင့်ကို စပယ်ပန်းလေးရှာတွေ့ဖို့ ဆုတောင်းပေးလိမ့်မည်။ စံပယ်ပန်းကလေးကလည်း လရောင်လှုံ၍ နွေးလိမ့်မည်။ သူချစ်သော တရားကို သူချစ်သော ရနံ့မှ တစ်ဆင့် သင်ကြားပေးလိမ့်မည်ထင်ပါသည်။ ကြယ်တစ်ပွင့်ကို ရှာနေသော စပယ်ပန်းလေးတစ်ပွင့်စီကို သူတို့ရှာနေသော ကြယ်ပွင့်များနှင့် တွေ့စေချင်သည်။ ကြယ်ပျောက်သော ကြယ်ငေးသူတစ်ယောက်၏ ခံစားချက်ကို နားလည်နေသူတစ်ယောက်အနေဖြင့် စပယ်ပန်းလေးတစ်ပွင့်စီ၏ လောကဒဏ်ကို ဖြည့်စွက်နားလည်နေမိသည်။

မိမိ၏စိတ်ကို ငုံ့ငုံ့ကြည့်ရင်း ပေါ်လာသည့် လမ်းကိုသာ ဖြောင့်ဖြောင့် ဆက်လျှောက်သွားလိုက်သည်။ မှားခဲ့တာတွေလည်း မှားခဲ့သည့်အတိုင်း၊မှန်ခဲ့တာတွေလည်း မှန်ခဲ့သည့်အတိုင်း လွှတ်ချထားလိုက်သည်။ ဝန်ပိုမတင်ဆောင်သော တိမ်လွှာလေးတစ်စ၏ မျောလွင့်မှုဆီသို့ စိတ်ကို ပို့လွှတ်ရင်း ပျံသန်းထွက်သွားနေမိသည်။

တိမ်မျှင်လေးတစ်စအနေဖြင့် အလွန်လှသော ကြယ်လေးတစ်စင်းကို မြင်နေရသည်။ ချစ်နေခြင်းကို ချစ်နေခြင်းမှာ ထားရစ်ခဲ့သည်။ လွမ်းဆွတ်ခြင်းဖြင့် နာဖျားနေသော သစ်ပင်ငယ်လေး၏ ကြီးရင့်မှုကို ကြည့်နေလိုက်သည်။ တစ်ချိန်က မျက်ရည်များသည် ခြောက်သွေ့ချိန်တွင် ငြိမ်သက်သောစိတ်ကို ဖြစ်တည်စေခဲ့ဟန်တူသည်။ ထပ်မံနာကျင်စရာ အခန်းလွတ်မရှိတော့သောစိတ်တည်ဆောက်မှု ဖြစ်စဉ်သည် ပြီးဆုံးခဲ့ဟန်တူသည်။ လွင့်နေသောစိတ်သည် ကော်ဖီခွက်ဆီသို့ပြန်ရောက်လာသည်။

ဆက်လက်၍ မသောက်ဖြစ်တော့သော ကော်ဖီခွက်ထဲတွင် ကြယ်လေးတစ်စင်းတွေ့ရသည်။ ပြည့်စုံသည့် ဘဝဘက်ခြမ်းသို့ ဆက်မလိုက်လာသူတစ်ဦးအတွက် ငြိမ်းချမ်းသော အပြုံးတစ်ခုသာ ပေးဖြစ်ခဲ့သည်။ ဘဝဆက်တိုင်း ခိုင်မြဲနေသော နားလည်မှုသည် လင်းလက်တောက်ပစွာ အေးမြနေခဲ့သည်။

သန္တိတမြစ်၏ မြစ်ဖျားခံရာသို့ မိခင်ကြီး တစ်နေ့ရောက်သွားပါလိမ့်မည်။ ဝိမုတ္တိ၏ ရှင်းလင်းသောဖြစ်စဉ်ကို တစ်ချိန်ချိန်တွင် သူနားလည်သွားပါလိမ့်မည်။ သံသရာလည်စေသော တရားနှင့်၊ သံသရာရပ်စေသော တရားတို့၏ ခြားနားမှုကို ရှင်းရှင်းပြတ်ပြတ်သိနေသော စိတ်၏ လွတ်ကင်းမှုအကြောင်းကို တစ်နေ့ သူ ကျနော့်ကို ပြန်ပြောပြလိမ့်ဦးမည်ထင်သည်။ ဆပ်၍မကုန်နိုင်သော အနန္တမေတ္တာတရားတော်ဖြင့် သူ ကျနော့်ကို ဆက်ချစ်နေဦးမည်ထင်ပါသည်။

အလွန်လှသော မေတ္တာတရား၏ ဖွဲ့တည်မှု၊ လွှမ်းခြုံမှုအကြောင်းကို ကျနော်တွေးနေမိသည်။ ကျနော်ပျောက်နေသော ကြယ်လေးသည်နှလုံးသားထောင့်ချိုးတစ်နေရာတွင် ထာဝရလင်းနေမှန်း သိလိုက်ရသော အခိုက်အတန့်ကို မေတ္တာတရား၏ ဆာတိုရီ အခိုက်ဟုသတ်မှတ်ရလိမ့်မည်ထင်သည်။ ကြယ်ကလေး၏ မေတ္တာဖြင့် ကျနော့်သွေးတွေ လည်ပတ်နွေးထွေးနေသည်။ ချစ်ခြင်းတရားဖြင့် တွဲထားသောလက်များရှိခဲ့ကြသည်။ သူ့ရုံးကို ကျနော်လိုက်ပို့သည်။ သူ့ရုံးဆင်းချိန်ကို ခရေပန်းကောက်ရင်း စောင့်နေဖူးသည်။ ဝန်ကြီးများရုံးစာကြည့်တိုက်တွင် စာထိုင်ဖတ်ရင်း ကျနော့် နွေရာသီတွေ ကုန်ဆုံးခဲ့ဖူးသည်။ အရာရာသည် ဟောင်းနွမ်းမသွားသော သိစိတ်၏ အစိတ်အပိုင်းများသာဖြစ်နေသည်။ ကြယ်ကလေးရှိနေမှန်း သေချာသွားချိန်တွင် ကြယ်ငေးသူသည် ကြယ်လွမ်းတရားမှ လွန်မြောက်သွားခဲ့သည်။

ဒီနေ့ဟာ အမေများနေ့ဆိုတော့ ကြယ်ကလေးတစ်စင်းအကြောင်း ကျနော် ပုံပြင်တစ်ခုလိုပြောနေမိတယ်။ မဝယ်ဖြစ်ခဲ့တဲ့ စိန်ပွင့်လေးထက် ကြယ်ကလေးက အဆ ၁၀၀ ပိုလင်းတာပေါ့ .....။ စစ်မှန်တဲ့ ချစ်ခြင်းဟာ နွေးထွေးတဲ့ လွှမ်းခြုံမှု၊ သက်သာစေတဲ့ စမ်းရေ ....၊ ချိုမြိန်တဲ့ ပျားရည်မြစ်၊ သန္တရသပန်းပွင့်တွေနဲ့ ဥယျာဉ်တော် ....၊ ညီညာဖျဖျ သံပြိုင်တေး .... ၊ ချိုလွင်ကြည်မြတဲ့ ရယ်သံ၊ ကြင်နာနွေးထွေးတဲ့ အကြည့်တစ်ချက်နဲ့ပြီးပြည့်စုံတဲ့ နားလည်မှုပါပဲ။ ကျနော်တို့ ဆိုးခဲ့သမျှ၊ ကျနော်တို့ မှားခဲ့သမျှ မိဘမေတ္တာနဲ့ မေ့မေ့ပစ်လိုက်ပြီး ဆက်ချစ်နေတဲ့ မိဘရင်းတွေဟာ ဒီနေ့တစ်နေ့မှာမှ ချစ်ခင်ကြည်ညိုရမယ့်သူတွေမဟုတ်ဘူး။ ရင်ဘတ်ထဲထည့်သိမ်းထားတဲ့ကြယ်တစ်စင်းဟာ နှလုံးခုန်သံနဲ့အတူ တဖျပ်ဖျပ်လင်းချင်းနေရမှာပေါ့။ ချစ်ခြင်းဟာ မပျောက်ပျက်သော စွမ်းအင်ပဲမဟုတ်လား။ ဒီနေ့ ခင်ဗျားရဲ့ ကြယ်လေးကို ခင်ဗျားရှာတွေ့အောင်ရှာလိုက်ပါ။ လူသားအဖြစ်မှာဖြစ်ဖြစ်၊ စွမ်းအင်အဖြစ်မှာဖြစ်ဖြစ် မြဲမြဲမြံမြံ ခိုင်ခိုင်ကျည်ကျည် ချစ်နိုင်တာ ဘယ်သူတွေရှိသေးလို့လဲ။

ရွတ်ခဲ့ဖူးတဲ့ ခရမ်းပြာထက်လူရဲ့ ကဗျာစာသားလေး ပြန်သတိရလာတာနဲ့ ဒါလေးနဲ့ပဲ အဆုံးသတ်လိုက်ချင်တယ်။

ကျွန်တော့်ရှေ့မှာ
အမေဟာ နိုင်ငံတော်အလံတစ်ခုလို မားမားမတ်မတ်ရပ်
ရေဒါတစ်ခုလို
တောကြီးမျက်မည်းထဲရောက် သံလိုက်အိမ်မြှောင်တစ်လုံးလို
ခပ်စွာစွာ
ကျွန်တော်ဆာနေတဲ့လမ်းတွေကို ဝယ်ကျွေးမွေးခဲ့တာ
သူများတွေချစ်တာ
ငါဆဲနေသလောက်ပဲရှိတယ်
ပြန်ဖြေလို့မရအောင် ဆံပင်တွေဖြူလာသလို
မေတ္တာတရားရဲ့ ပျားရည်ထဲ ပြေးမရအောင် နစ်လို့ ........။

ကျနော်ပြောချင်တာရဲ့အချုပ်ဟာ ဒါပါပဲ။ သူများတွေချစ်တာ ငါဆဲနေသလောက်ပဲရှိတယ်ဆိုတဲ့ အလင်္ကာလေးက ထပ်ဖြည့်စရာမလိုတော့တဲ့ ချစ်ခြင်းမျိုးပေါ့။

Happy Mother’s Day 




Peace B with U.

Monday, May 4, 2015

နေ့စွဲအမှတ်အသားများ

ပိုထိုးတာထက် ပိုခံရတာကိုအမှတ်ပေးတဲ့ ခေတ်ကြီးထဲမှာ အစ်ကီယာက throws နှစ်ထည်နဲ့ square pillow သုံးခုဝယ်ပြီး၊ အရောင်အတွဲအစပ်တွေ လေ့လာ၊ မိုးအုံ့တယ်၊ နေသာတယ်၊ မနက်ဖြန်ဘာဖြစ်မယ်၊သန်ဘက်ခါ ဘာဖြစ်မယ်တွေမေ့ထားပြီး၊ ပျော်အောင်နေနိုင်ဖို့ကြိုးစားတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က တစ်စစီတပ်ဆင်ခဲ့တဲ့စာကြည့်တိုက်လေးကို တစ်စစီဖြုတ်သိမ်းတယ်။ ချစ်ခဲ့တာတွေလည်း မချစ်တော့ဘူး။ မုန်းခဲ့တာတွေလည်း မမုန်းတော့ဘူး။ အသစ်ပြန်ပြန်ဖြစ်နေတဲ့လူဟာ ငါ့စိတ်ထဲမှာရှိနေတယ်။ အပြောင်းအလဲမြန်သူအဖြစ်မှာ ထာဝရနေသားကျနေတယ်။ ငါ့အမှားတွေထက် ငါ့ရဲ့မှားချင်စိတ်က ပိုပါတယ်။ တစ်ချိန်က အိမ်နဲ့ဝေးရာကိုပြေးခဲ့ကြပြီး၊ ဒီနေ့ အိမ်နဲ့နီးရာဆီပြန်ပြေးမိတယ်။ ဘယ်လောက်ဝေးကွာခဲ့ပြီလဲ။ ဘယ်လောက်လွဲချော်ခဲ့ပြီလဲသိဖို့ အိမ်မက်တွေ လျှော့မက်တယ်။ မန်ယူက ဂိုးပေါက်တည့်တည့် ကန်ပေမယ့် ဂိုးမဝင်တာ ကံခေလို့လား။ ဂိုးသမားရဲ့ ကံကြမ္မာနဲ့လက်စွမ်းကိုလည်း လျှော့မတွက်သင့်ဘူး။ အိမ်မက်တွေကြီးကြီးမက်လွန်းလို့ လေးလံလာကြတယ်။ ပြေးနေတာကို ရပ်လိုက်ရင် ကိုယ့်လိုလူ အများကြီးပဲဆိုတာ သေချာမြင်နေရတယ်။ သေချာသိမ်းထားတဲ့ Onkyo ဗူးခွံလေးလွှင့်ပစ်ရင်း မလိုတာတွေ ဘယ်လောက်များပြီလဲပြန်ကြည့်တယ်။ မူရင်းစီဒီတွေ၊ မူရင်း DVD တွေ၊မူရင်းစာအုပ်တွေ၊ မူရင်းခံစားချက်နဲ့ မူရင်းဒဏ်ရာတွေ။ မေ့ထားရင် မေ့နေတာပါပဲ။ လွှင့်ပစ်ရင် ရှင်းလင်းသွားတာပါပဲ။ တခါတခါ ကိုယ်သိမ်းဆည်းထားတာတွေက အမှိုက်တွေ ဖြစ်ဖြစ်နေ၊ စိတ်ကပြောင်းသွားတော့ သိမ်းထားခဲ့တဲ့ပစ္စည်းများဟာ ငိုင်စင်းရပ်ကျန်နေရော။ ပစ္စည်းတွေ ပစ်လိုက်လို့ရတယ်။ ပစ်လို့မရတဲ့ ခံစားချက်ကို ဘယ်လိုလုပ်မလဲ။ မီးပူကို စိတ်ချမ်းသာအောင်တိုက်တယ်။ အခန်းကို စိတ်ချမ်းသာအောင်ရှင်းတယ်။ တောင်တန်းတွေဆီ စိတ်က လွင့်လွင့်သွား။ ကမ်းခြေဆီ စိတ်က လွင့်လွင့်သွား။ လူဟာ ခန္ဓာရဲ့ အကန့်အသတ်နဲ့ မသွားနိုင်တဲ့အခါ စိတ်က လွင့်လွင့်သွား။ တိတ်ဆိတ်တဲ့တိမ်တွေနေထိုင်တဲ့အရပ်မှာ ရစ်နှောင်ထုံးဖွဲ့တဲ့ သံယောဇဉ်အမှတ်တံဆိပ်နဲ့ ကော်ဖီခွက်လေးတစ်ခွက်ဟာ လေးလံစွာ ညှိုးငယ်နေဆဲ။ တခါတခါ ပြန်မလာတဲ့ခရီးသွားဟာ ဖြတ်သန်းသွားတဲ့လမ်းက မြက်ပင်လေးတစ်ပင်စီကို သေသေချာချာကြည့်သွားသလို ငါ့စာအုပ်တွေကို ငါကြည့်တယ်။ ငါသိမ်းဆည်းတယ်။ ငါအောင်ပွဲမခံပါဘူး။ နေသာပါတယ်



Peace B with U.

Sunday, May 3, 2015

သေဆုံးခြင်း

သေဆုံးခြင်း

မနေ့က ငယ်သူငယ်ချင်းတစ်ယောက် ဆုံးသွားတယ်။ အရက်ကို သုံးခါဖြတ်ပြီး၊ လေးခါပြန်သောက်တယ်။
နေမယ်ဆို နေလို့ရတာပေါ့။
သေမယ်ဆိုလည်း သေလို့ရတာပါပဲ။
လောကမှာ ကိုယ်ရှာတာ ကိုယ်တွေ့ပြီး ....၊ကိုယ်သွားတဲ့နေရာ ကိုယ်ရောက်ကုန်တာပါပဲ။

သိပ်မြန်တဲ့ ခေတ်ကြီးမှာ အပြောင်းအလဲများဟာ နေ့စဉ်သုံးဝေါဟာရဖြစ်လာတယ်။ ဆေးဝါးထက် အဆိပ်များလာတဲ့ခေတ်ကြီးမှာ ဘာကိုမှ ထူးပြီး မအံ့သြမိတော့ဘူး။ လူတိုင်းမှာ ကိုယ်တိုင်လုပ်အမှန်တရား တံဆိပ်တစ်မျိုးမကရှိနေမယ်။ သူ့နေ့ရက်ကို သူဖြတ်သန်းလိမ့်မယ်။

အချစ်ဟာ ပန်းတစ်ပွင့်ဆို ပွင့်သွားလိမ့်မယ်။
အမုန်းဟာ မြားတစ်စင်းဆို ပစ်ခွင်းလိမ့်မယ်။
သူ့သဘာဝနဲ့သူပဲ ဖြစ်တည်ရလိမ့်မယ်။

ကောင်းကင်မှာ လပြည့်ညဆိုပေမယ့် အီကွေတာနားက နိုင်ငံမှာ လမပြည့်သေးဘူး။ နည်းနည်းတော့ စောင့်ဆိုင်းရဦးမယ်။ စံပယ်တွေကတော့ တရုန်းရုန်းပွင့်တယ်။ လရောင်ကို တေးသံလို သူတို့ကြားတယ်။ လရောင်ကို မိုးရေစက်လို သူတို့ ခံယူတယ်။ ဖြစ်တည်ခြင်းတရားရဲ့သင်္ခါရကို မေ့ထားလိုက်ရင် ပွင့်ဆဲအခိုက်အတန့်ဟာ ထာဝရနဲ့ အစစအရာရာပဲပေါ့။

ဒဏ်ရာတွေရဲ့ မြစ်ဖျားမှာ မျှော်လင့်တတ်ခြင်းတွေ အရည်ပျော်ကျခဲ့ဖူးမယ်။ သံဝေဂတေးကို သံပြိုင်လည်းဆိုကြရမယ်။ ရုတ်တရတ် လူခုနစ်ထောင်လောက် တပြိုက်နက်သေသွားနိုင်တဲ့ခေတ်ကြီးထဲမှာ စောစောစီးစီး ငိုထားလိုက်တာ သေချာလိမ့်မယ်။ ဆပ်ပြာပူဖောင်းရဲ့ အိမ်မက်တွေကတော့ မပေါက်ကွဲခင်အထိ လှပနေဦးမှာပါပဲ။ ကိုယ်လိုနေတဲ့ ကြယ်အလင်းရောက်မလာလည်း ဒီညကို ကူးဖြတ်ရမှာပါပဲ။

အားလုံးကိုစွန့်လွှတ်ရမယ့် လောကကြီးမှာ ချစ်တဲ့သူကို စွန့်လွှတ်ရတာထက် မချစ်တဲ့သူတွေကို စွန့်လွှတ်ရတာ ပိုလွယ်ကူနေတာပါပဲ။ ကိုယ့်ရဲ့ အလင်းဘက်ခြမ်းမှာ အမှောင်အတွက် နေရာမရှိဘူး။ အစစ်အမှန်တရားထွန်းလင်းချိန်မှာ အတုအယောင်တရားဟာ ငြှိမ်းသတ်ခြင်းမှာ ပျောက်ရှသွားရတာပါပဲ။ အတုအပတွေထက်စာရင် ဘာမှ မရခဲ့တာက ပိုကောင်းတယ်။ ဒါဟာ သိပ်သည်းတဲ့ဒဏ်ရာတစ်ခု ဖြစ်နေတော့တာပါပဲ။

သီချင်းတစ်ပုဒ်ကို တစ်နေ့လုံးနားထောင်လည်း သီချင်းဟာ အေးခဲသွားမြဲ။
အိပ်မပျော်သူများအတွက် ညတာဟာ ရှည်လျားမြဲပါပဲ။

အစ်ကီယာက ပြန်လာတော့ တက္ကစီသမားကြီးက မြန်မာသီချင်းဖွင့်ပေးတယ်။ စိတ်ဟာ မြန်မာပြည်ပြန်ရောက်သွားတယ်။ Will Smith ပြောတဲ့ မရှာနိုင်တဲ့ပိုက်ဆံနဲ့ အဖြုန်းကြီး၊ မလိုတာတွေဝယ်ပြီး၊ မချစ်တဲ့သူတွေ အထင်ကြီးအောင်လုပ်နေကြတဲ့ ဘဝမျိုး မရောက်အောင် သတိထားနေရတယ်။ မြန်မာငွေ သိန်း ခုနစ်ဆယ်ကျော်တန်တဲ့ ၁ ကာရတ်စိန်လေးတစ်ပွင့်ဟာ၊ ၂၂ သိန်းနဲ့  ၁ ကာရတ်စိန် ခုနစ်လုံးရနိုင်တဲ့တိုင်းပြည်မှာ ရယ်စရာဖြစ်ကောင်းဖြစ်နေနိုင်တယ်။ တန်ဖိုးထားမှုဆိုတာ တန်ဖိုးသိမှုမရှိရင် အလကားပဲဆိုတာကို တဖြည်းဖြည်းနားလည်လာတယ်။ ပြူးပြူးပြဲပြဲ အနှစ်သာရမဲ့မှုကြီးဟာ စည်းကမ်းမဲ့ကားလို တစ်စီးလောက်၊တစ်စီးလောက်ဆိုပြီး လက်ပြပြဝင်တယ်။ မင်း သိနိုင်တဲ့တစ်နေ့ သိလိမ့်မယ်။ သိချင်မှလည်း သိလိမ့်မယ်။

အမှန်တရားကို အမှားဖြစ်အောင်တော့ မလုပ်နိုင်ဘူး။ ဆင်ခြေတွေကဖြစ်ဖြစ်၊ အသိဉာဏ်ကွန့်မြူးမှုကဖြစ်ဖြစ် မပြောင်းလဲယူနိုင်ဘူး။ အမှန်တရားကိုတော့ လေးစားရလိမ့်မယ်။ ဓမ္မပါလသတို့သားအတွက် ငယ်ရွယ်သောသေခြင်းဟာ ရယ်စရာဖြစ်ခဲ့ဖူးပေမယ့်၊ အခုခေတ်မှာတော့ မတူတော့ဘူး။ အမှန်တရားဟာ တချိန်မှာ တောက်ပနေတာပဲ။ မှားတဲ့သူနဲ့ မှန်တဲ့သူမတူနိုင်ဘူး။ မှန်တဲ့သူမှာ နောင်တမရှိဘူး။ အဲဒါဟာ လွတ်ငြိမ်းမှုတစ်ခုပဲပေါ့။ အမှားဖြစ်ဖြစ်၊ အမှန်ဖြစ်ဖြစ်၊ သံသရာထဲမှာတော့ လည်နေဦးမှာပဲ။

ငယ်ငယ်က သင်္ချာမတော်တဲ့ သူငယ်ချင်းက ဂစ်တာဆိုင်လေးဖွင့်ထားတယ်။ ဂစ်တာလေးတွေရောင်းပြီး ပျော်နေပုံရတယ်။ ညဟာနူးညံ့တဲ့လက်ကွက်များလို ပိပိရိရိနက်ရှိုင်းလာတယ်။ လမ်းထိပ်အုတ်ခုံမှာ သေပြီးသားလူတွေစုပြီး သီချင်းတစ်ပုဒ်ညည်းနေသံကြားတယ်။ fight club ဇာတ်ကားမှာ အတွင်းစိတ်ဟာ လူသစ်တစ်ယောက်ကိုမွေးဖွားခဲ့သလို လိဒ်ဂစ်တာဟာ ဝိညာဉ်သစ်တစ်ကောင်အသံလို ကြွေးကြော်တယ်။ ပြန်လည်မရရှိနိုင်တော့တဲ့ လူငယ်ဘဝရဲ့ သံပြိုင်မှာ ... ပြိုင်တူစုရုံးညီညာခဲ့ကြတယ်။

Regards,
Z



Peace B with U.