ရှေ့ဖြစ်ဟောပုံပြင်
သေနတ်ပစ်တမ်း ကစားခဲ့တဲ့အရွယ်က ဒိုင်းဒိုင်း မင်းသေသွားပြီ ... ဆိုတဲ့စကားလုံး တစ်ခုဟာ စိတ်ထဲပြန်ရောက်လာတယ်။ ကျည်ဆံမပါတဲ့ သေနတ်နဲ့ သေအောင်ပစ်ခဲ့ကြတာ အမှတ်တရပါပဲ။
ကောင်းကင်မှာ မမြင်ရတဲ့ အပြာရောင်ရှိတယ်။ ကြယ်လေးတွေရှိတယ်။ အားကောင်းတဲ့မှန်ဘီလူးမပါဘဲမမြင်နိုင်တဲ့ အလှတရားတွေရှိတယ်။ မြေကြီးဟာ နီးလွန်းတဲ့ အလှတရားဖြစ်ပြီး ကောင်းကင်ကတော့ အပြာရောင်လှည့်စားချက်ကို ကျော်လိုက်ရင် ရိုးရှင်းတဲ့ ကြယ်စုတွေအထိ လွတ်လပ်ပျော်ပါးလို့ရတဲ့ ကစားကွင်းတစ်ခု။
ကြယ်စုတွေ၊အထီးကျန်မှုတွေ မှုန်ဝါးသွားအောင် ကြွေဆင်းနေတဲ့ ကြယ်တာရာတွေ။ အဲဒီ ကြယ်တာရာတွေ၊ ဥက္ကာခဲတွေရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ကျကျန်ရစ်တဲ့လူသား အစအနတစ်ခုဟာ သူ့မူရင်းဘဝကို ပြန်ငေးကြည့်တယ်။ အင်မတန်တောက်ပတယ်။ အင်မတန်လှပတယ်။ မှုန်ဝါးဝါး ဂြိုဟ်အဖွဲ့အစည်းတစ်ခုထဲမှာ ပြုတ်ကျခဲ့ရပေမယ့် မူရင်းဘဝဟာ အင်မတန်လှတယ်။ စကြဝဠာအဖွဲ့အစည်းဟာ အလင်းတစ်ခုနဲ့တစ်ခု ဘယ်တော့မှ စွန့်ပစ်လေ့မရှိကြဘူး။
လူဟာ မူရင်းပြည့်စုံမှုဆီကို ပြန်သွားဖို့ကြိုးစားကြတယ်။ နည်းမျိုးစုံနဲ့။ အလုပ်အကိုင်တွေဟာ လူရဲ့ဖြစ်တည်မှုကို ပြောင်းလဲပြဌာန်းဖို့ကြိုးစားတယ်။ ကမ္ဘာကြီးဟာ စာပို့သမား သိပ်များများမလိုတော့ဘူး လေယာဉ်မယ်တွေ သိပ်များများမလိုတော့ဘူး။ စာနယ်ဇင်းသမားတွေ သိပ်များများမလိုတော့ဘူး။ သစ်ခုတ်သမားတွေ သိပ်မလိုတော့ဘူး။ ကမ္ဘာကြီးရဲ့ပြောင်းလဲလာမှုဟာ စက်တွေကို အသားပေးလာတယ်။ အိုင်တီရဲ့ဖြစ်ထွန်းမှုဟာ စက္ကူသတင်းတွေကို လျော့ပါးသွားစေတယ်။ လေယာဉ်လုပ်ငန်းရဲ့ ကျဆင်းမှုဟာ လေယာဉ်မယ်တွေကို ထိုင်ခုံပိုမပေးဖို့ တွန်းပို့တယ်။ စာအိတ်ထဲ စာတစ်စောင်ရေးထည့်ပြီး တံဆိပ်ခေါင်းကပ်ရတဲ့အရသာကို ကမ္ဘာသစ်က လူသားတွေ နားမလည်ကြတော့ဘူး။ အရာရာပြောင်းလဲကုန်ပြီ။ ရန်ကုန်စာတိုက်ကြီးရှေ့က လှည်းနဲ့ရောင်းတဲ့ အပေါစားမုန့်ဟင်းခါးဆိုင်မှာထိုင်ရင်း ဘဝရဲ့ပြောင်းလဲလာမှုတွေကို ငေးကြည့်နေတယ်။ စာလုံးတွေကို စီပြီးစာလေးတစ်ကြောင်းဖြစ်အောင်ရေးရတဲ့ ကိစ္စဟာ အနုပညာမဟုတ်တော့ဘူးထင်လာတယ်။ သိမ်မွေ့မှုတွေကလည်း လျှင်မြန်တဲ့ပြောင်းလဲမှုဘက်ကို အာရုံကျလာကြတယ်။ မူရင်းကနေ မူကွဲဆီရွေ့လျားသွားကြတယ်။
ပန်းဆိုးတန်းဘက်ကို လျှောက်လာတော့ စာအုပ်ဆိုင်သေဆုံးမှုနဲ့ပက်ပင်းတိုးတယ်။ အုပ်ငါးရာကြိုးတန်းကို မခုန်နိုင်တဲ့ ကဗျာစာအုပ်ဆိုတဲ့ ငနဲက အသည်းအကွဲဆုံး။ ကမ္ဘာကြီးက ကဗျာကို မလိုအပ်တော့ဘူးဆိုတာကို တစ်အုပ်တည်း ကြိတ်သဘောပေါက်နေတဲ့အထာနဲ့ ကဗျာစာအုပ်ဟာ အလုံခြုံဆုံးချောင်မှာ အတိတ်ဆိတ်ဆုံးငြိမ်နေတော့တာပါပဲ။
ဆက်လျှောက်ရင်း ဆူးလေကိုရောက်တယ်။ ဒီစေတီကို သူငယ်ချင်းရဲ့ အဘိုးနဲ့အမြဲရောက်ခဲ့တယ်။ အရင်က ပါကစ္စတန်ကို ဂန္ဓာရတိုင်းလို့ခေါ်တယ်။ အဲဒီတိုင်းကလူတွေ တတ်တဲ့အတတ်ကို ဂန္ဓာရီအတတ်လို့ခေါ်တယ်။ အဘိုးက အဲဒီပါကစ်စတန်အတတ်တွေအတွက် ဆူးလေစေတီကို မကြာမကြာသွားတယ်။ ဘာကြောင့် ပါကစ္စတန်မသွားသလဲတော့ ကျနော်လည်း နားမလည်နိုင်ဘူး။ မြန်မာပြည်မှာ စေတီအများစုကို အဝိုင်းဗဟိုပြုတည်ကြပေမယ့် ဆူးလေစေတီကိုတော့ ရှစ်ထောင့်ပုံတည်ခဲ့တယ်။ အရင်က ကျိုက်အသုတ်လို့ခေါ်တယ်။ အခုလည်း လက်ဖက်သုပ်ကြိုက်တဲ့သူတွေ ဒေါ်ရိတ်ကြီးမှာ စားဖို့ရောက်ရင်း ဘုရားပေါ်တက်ကြလို့ဒီလိုခေါ်တာလားဆိုတော့ အဘိုးက မျက်ထောင့်နီကြီးနဲ့ကြည့်ခဲ့သေးတယ်။
ရှစ်ထောင့်တွေ၊ ခြောက်ထောင့်တွေဟာ ဂြိုဟ်သားတွေရဲ့မူပိုင်အမှတ်အသားပဲ။ ပန်းရံသမားညီအစ်ကိုတွေ မြန်မာပြည်ရောက်လာတော့ လက်ရာနည်းနည်းစီပြောင်းဖို့ကြိုးစားကြတယ်။ နောက်ပိုင်းခေတ်တွေမှာ တည်တဲ့မဟာဝိဇယရဲ့ အကြံပေးတစ်ယောက်ယောက်ဟာလည်း ကြီးမြတ်တဲ့ ပန်းရံဆရာတစ်ယောက်ဖြစ်မယ်လို့ အဘိုးကပြောဖူးတယ်။ ကျနော်တော့ မယုံဘူး။ လေးဆူနတ်ကြီးက ဆူးလေးဘိုးဘိုးကြီးဖြစ်လာတာတွေကလည်း ရယ်စရာ ယုံတမ်းဆန်လွန်းတယ်။ ရွှေဝါရောင်တော်လှန်ရေးတုန်းက သာသနာကိုစောင့်ရှောက်တဲ့နတ်တွေ ဆူးလေပေါ်တက်ပြေးရတာ အဖိုးမှ မမြင်သွားရှာတာလို့ပဲ နှလုံးသွင်းမိတော့တယ်။
ရန်ကုန်ဟာ ကျနော့်ရဲ့အိမ်ပဲ။ ပလက်ဖောင်းအကွက်လေးတွေကို တစ်စတုရန်းလက်မစီ တိုင်းတာပြီး စီစစ်ကြည့်ရင် ကျနော့်ခြေရာတွေရှိတယ်။ ရှိခဲ့လိမ့်မယ်။ ရန်ကုန်ရဲ့ လက်ဖက်ရည်ဆိုင်တိုင်းမှာ သောက်ခဲ့တဲ့ လက်ဖက်ရည်ဟာ ပင်လယ်ခုနစ်စင်းစာလောက်။ အဓိပ္ဗာယ်မရှိတဲ့သင်တန်းတွေနဲ့ဘဝရဲ့ တစ်ဝက်ကို အဲဒီလိုပဲဖြုန်းလိုက်တယ်။ အခုအထိလည်း ဒါကိုကျေနပ်နေမိတုန်း။ စေတီတိုင်းရဲ့ ရေမသန့်တဲ့ ငါးကန်တွေ ကိစ္စကို စိတ်ဝင်စားနေတုန်း။ အောက်ဆီဂျင်မရှိတဲ့ရေထဲ ငါးလွှတ်လို့ ကုသိုလ်ရမယ်ထင်တဲ့သူတွေကို နားရင်းအုပ်ရတဲ့အလုပ်မျိုးရှိရင် အခုအထိ လခနည်းနည်းနဲ့လုပ်ပေးနိုင်သေးတယ်။ မင်္ဂလာဒုံက ကျိုက္ကလို့၊ ကျိုက္ကလော့အထိသွားတယ်။ စုစုပေါင်း စေတီသုံးခုလောက်ပဲ ငါးကန်ကောင်းကောင်းရှိတယ်။ ငါးတွေမလွှတ်ခင် ငါးကန်တွေ အရင် ပြင်သင့်တယ်။ အဲဒါ ကျနော့်ဘဝရဲ့အမြင်ပဲ။
ရေတွေကို ပုပ်အောင်မလုပ်ရဘူး။ ရေလဲရတယ်။ ရေထဲအောက်ဆီဂျင်ရအောင် ရေပန်းနဲ့ ရေသန့်စက်ရှိရတယ်။ လိပ်နဲ့ငါးတွဲမထားသင့်ဘူး။ တစ်ချို့ငါးက လိပ်ကို ကိုက်တယ်။ ငါးပေါက်လေးတွေကို စားတယ်။ ကုသိုလ်ယူတယ်ဆိုတာ အထင်နဲ့မလုပ်သင့်ဘူး။ လိပ်စာကျွေးတယ်ဆိုတဲ့ဆေးဆိုးပေါက်ပေါက်ဟာ လိပ်ကို ကင်ဆာဖြစ်စေနိုင်တယ်ဆိုရင် မကျွေးသင့်ဘူး။ ရန်ကုန်မှာတုန်းကတော့ ကျနော်တို့ဟာ အရူးတွေလိုပဲ။ လူတကာ လစ်လျူရှုတာတွေမှာ လေးနက်ရင်း ပိုက်ဆံမရှိတဲ့ ဘဝကို အသာလေး ဖြတ်ကျော်ခဲ့ကြတယ်။ ရန်ကုန်ဟာ အရူးတွေ အများကြီးလိုသေးတယ်။ အရူးတွေမှလည်း ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲကြီးတော်နွားကျောင်းမှာမဟုတ်လား။
ကိုယ့်ဘဝကိုယ် ကျော်ကြည့်၊ရစ်ကြည့်လို့ရရင် ခဏလေးအတွင်းမှာ အဖြစ်အပျက်တွေ အများကြီး ဖြစ်သွားတာကို ဘာမှမဟုတ်သလို ပိုနေနိုင်မယ်ထင်တယ်။ ဖြစ်ပြီးတာတွေလည်း ပျက်မယ်။ ပျက်ပြီးတာတွေလည်း ပြန်ဖြစ်ဦးမယ်။ အကောင်းလောကဓံလည်းကြုံရမယ်။ အဆိုးလောကဓံလည်းကြုံရမယ်။ ဝမ်းသာဝမ်းနည်း နည်းသထက် နည်းအောင်နေကြရမယ်။ ချစ်တဲ့သူတွေနဲ့လည်း ကွဲရဦးမယ်။ မချစ်တဲ့သူတွေနဲ့လည်း ကွဲရဦးမှာပဲ။ ကိုယ်တတ်နိုင်တာတွေမဟုတ်ဘူး။ လောကရဲ့ဓမ္မဟာ ဒီအတိုင်းပဲ။ လောကထဲရောက်လာပြီးမှတော့ ကြေးများနေလို့မရဘူး။ ဘားတစ်ခုထဲရောက်လာရင် ရှိတဲ့တံဆိပ်ပဲမှာလို့ရမယ်။ မမှာချင်ဘူးဆိုရင် ဒီဘားကထွက်ပြီး ရှေ့ဘားဆီ ဆက်သွား။ ဘဝဟာ အဲဒါပဲ။
ခေါင်းလောင်းဆယ်နေတဲ့သူတွေကို နှစ်ရာနဲ့သွားကြည့်ကြရအောင်ဆိုတော့ ဇနီးသည်က အံ့သြသလိုကြည့်သလိုကြည့်တယ်။ ဒါမျိုးတွေမလုပ်တော့ဘူးလို့ သူထင်ပုံရတယ်။ နဂါးလည်းဖူးရတာပေါ့ဆိုမှ သူ ရယ်တော့တယ်။ မြွေကလေးတွေ ချစ်လို့မွေးထားဖူးတယ်။ မြွေကလေးတွေကို ကန်တော့ရမယ်လို့ တစ်ခါမှ မတွေးမိဘူး။ မြန်မာပြည်က ယုံကြည်မှုလွန်ကဲချက်မျိုးနဲ့ဆို ဘုရားတောင်မှ အသစ်ပွင့်နိုင်သေးတယ်ထင်မိတယ်။ နောက်လိုက်များလာရင် ဘုရားဖြစ်တာပဲ။ အိန္ဒိယမှာဆို နှစ်နှစ် တစ်ပါးလောက်ကို ပွင့်တာပဲ။ တစ်ချို့တွေကတော့ လူကြိုက်သိပ်မများဘူး။ တစ်ချို့ဘာသာတွေရဲ့ လူလိမ်ဟာ တစ်ချို့ဘာသာတွေရဲ့ဘုရားပဲ။ တစ်ချို့ဘာသာတွေရဲ့ အန္ဓဟာ တစ်ချို့ဘာသာတွေရဲ့ဘုရားပဲ။ အပြန်အလှန်အထင်သေးကြတာပဲ။ တစ်ချို့ ဘာသာတွေရဲ့မဂ်ဖိုလ်မနီး၊ အချည်းနီးဟာ၊ တစ်ချို့ဘာသာတွေမှာ တရားရပြီးသားသူတွေပဲ။ ပျော်စရာကောင်းပါတယ်။ ဘောလုံးသမားတွေနဲ့ဘတ်စ်ကတ်ဘောသမားတွေလို ကိုယ့်ကွင်းမှာ ကိုယ်ချန်ပီယံပေါ့။ ကစားနည်းမတူရင် ချန်ပီယံလည်းမတူဘူး။ တစ်ချို့လည်း ခြေဆေးမှ ရဟန္တာဖြစ်တယ်။ တစ်ချို့လည်း လည်ပင်းကို ဓားနဲ့လှီးပြီးမှ၊ တစ်ချို့လည်း ဝိတက်တွေ ဆင်ခြင်မှ၊ တစ်ချို့လည်း မြားသမားမြားဖြောင့်မှ၊ တစ်ချို့လည်း ရင်ဝလှံစူးမှ၊ တစ်ချို့လည်း ထမင်းချက်မှ၊ တစ်ချို့လည်း ငယ်ထိပ်ကိုရှုမှ၊ တစ်ချို့လည်း အာနာပါနကို ဟဲဗီးရော့ခ်ဓားပြနည်းနဲ့ရှုမှ၊ တစ်ချို့လည်း ပဋိစ္စသမုပ္ဗါဒ်လေး ထောက်ထောက်ပြမှ၊ တစ်ချို့လည်း နွားစာစဉ်းမှ၊ တစ်ချို့လည်း တောင်အောက်ခုန်ချမှ၊ တစ်ချို့လည်း အိပ်ရာထဲလှဲမှ။ တစ်ချို့လည်း အရက်မူးပြီး တရားလာနာမှ၊ တစ်ချို့လည်း ရသေ့ယောင်ဆောင်ပြီး တရားမှတ်မှ၊ တစ်ချို့လည်း အဝတ်စအဖြူကို ညစ်အောင်ပွတ်မှ၊ တစ်ချို့လည်း ရွှေရောင်ကြာပွင့်ကြီးထိုင်ကြည့်မှ၊ တစချို့လည်း နတ်သမီးများများရအောင်ကြိုးစားရှုမှ၊ တစ်ချို့လည်း အလောင်းကောင်ပုပ်မြင်မှ၊ တစ်ချို့လည်း နှစ်သုံးဆယ် မျက်ရည်ကျမှ၊ တစ်ချို့လည်း ဘုရင်က အထင်သေးပြီး သင်္ကန်းမလှူတော့ဘူးဆိုမှ၊ တစ်ချို့လည်း ကိုယ်လုံးတီးနဲ့ရူးနေရင်း သတိထားလော့ဆိုမှ၊ တစ်ချို့လည်း အသက်ကြီးလွန်းလို့တိုင်ကို ကိုင်ပြီး တိုင်ပတ်ရှုနေတော့မှ၊ တစ်ချို့လည်း အနာဂါမ်မုဆိုးမကြီး လိုအပ်တဲ့ အဟာရကို စီမံပေးမှ တရားရကြတာ။ ဘာသာရေးမှာ အမှန်မြင်ဖို့ဆိုတာ အင်မတန်ခက်တယ်။ နတ်ပြည်ကို ယုံရင် ခင်ဗျား မြင်းမိုရ်တောင် ကွန်ဆက်ကို ယုံရမယ်။ အဲဒါဆိုရင် တောင်ခါးပန်းမှာ လူ့ပြည့်ဆိုတာကိုလည်း ယုံရမယ်။ ဟာဗျာ။ မနောက်ကြပါနဲ့လား။ နေဟာ ထိန်ပင်ပေါက်ရာ အနောက်ကျွန်းကို ယွန်းနေချိန်မှာ မြောက်ကျွန်းသူလေး ဘာလုပ်နေပါလိမ့်။ အမေရိကန်သူတွေနဲ့ မက္ကဆီကိုက ကလေးမလေးတွေကိုများ မြောက်ကျွန်းသူလေးတွေလို့ဆိုလေသလား။ အိန်ဒိယအလယ်ပိုင်းကို ကမာ
္ဘကြီးရဲ့ အလယ်ဗဟိုလို့ယူဆပြီး ပန်ချာပီတွေနေတဲ့ပန်ဂျပ်ကို မြောက်ကျွန်းလို့သတ်မှတ်တာဖြစ်ချင်လည်းဖြစ်မယ်။ ခေတ်ကြီးက မကောင်းတော့ ပထဝီဝင်ကိုမေ့ထားပြီး တရားနာကြပါ။
အမြင်တွေအားလုံးမှာ ကိုယ့်ကိုယ်ကို မြင်တဲ့အမြင်ဟာ အရေးအပါဆုံး။ အဲဒါကိုသိဖို့ ပလက်ဖောင်းတွေကို နောက်တစ်ခေါက်ပြန်လျှောက်ကြည့်တယ်။ အရင်ကထက် အလေးချိန် နှစ်ဆများလာတာကို အချိန်စီးတယ်ခေါ်ရင်တော့ အသက်ကြီးလာသလောက် အချိန်စီးတဲ့သူတော့ဖြစ်နေပါပြီ။ မော်တင်အထိလည်း လျှောက်နိုင်သေးတယ်။ အဲဒီမှာ အော်ကွေ့ကြည်လေး စားပြီး ရူပဗေဒဆရာရဲ့ သမီး ဒေါက်ဖိနပ်စီးတာကို သူငယ်ချင်းငရဲနဲ့ သန္တရသအပြည့်ပါတဲ့ မနဿီကာရနဲ့ပြောရလိမ့်ဦးမယ်။
လူ့အဖြစ်ဟာ ၅ နဲ့ ၇ မဟုတ်ဘူးလို့ Grub ကပြောတယ်။ သူ့အယူအဆက ၆ ခြားနေစရာမလိုဘူးတဲ့။ အင်မတန်ပညာယှိတဲ့ သူငယ်ချင်းတွေနဲ့ နေခွင့်ရတာ အင်မတန်ကံကောင်းပါလားဆိုပြီး တစ်နေ့ သုံးလေးခါ ကျေးဇူးတင်စကားပြောရမယ့်ပုံပဲ။ လူ့အဖြစ်မှာ ဘာကို ခြောက်ခြားနေရမှာလဲ။ နေစရာရှိတာနေပြီး၊ သေဖို့အချိန်ကျရင် သေလိုက်ရုံပဲ။ လူများကို ဒုက္ခများများမပေးထားရင် သေရတာ သိပ်မခက်လောက်ပါဘူး။ သေခြင်းတရားရဲ့လေးနက်မှုဟာ အရသာပိုပိုရှိလာနေမြဲပဲ။
မမြဲခြင်းတရားတွေနဲ့ ဝန်းပတ်ဖွဲ့တည်နေတဲ့ကမ္ဘာမှာ .... အလင်းတရားရဲ့တိတ်ဆိတ်မှုကို အသာလေး ခံစားနားလည်ရင်း နေကြရင် စိတ်ထားနူးညံ့လာကြမှာပဲ။ ကိုယ့်ဘဝကိုယ်ပိုင်တယ်။ သေခါနီးမှ ငါ ဟိုတစ်ခုကျန်၊ ဒီတစ်ခုကျန်ဆိုတာမျေိုးမဖြစ်ချင်ဘူး။ ကိုယ့်ဘဝကိုယ်ကျေနပ်တယ်။ ငြိမ်းငြိမ်းချမ်းချမ်းရှိသင့်သလောက်ရှိတယ်။ ခွေးနှစ်ကောင်နဲ့ လူတစ်ယောက်မွေးဖို့ပဲကျန်တော့တယ်။ ခွေးနှစ်ကောင်ကတော့ တကယ်လိုအပ်လို့ ကလေးတစ်ယောက်ကတော့ အမွေပေးဖို့လောက်ပဲလိုတယ်။ သူ့မာနနဲ့သူ တပြားမှ မယူဘုးဆိုလည်း ဆေးရုံတစ်ရုံမှာ သေရင် အကုန်လှူလိုက်မယ်။ လက်ဗလာနဲ့လာတဲ့လောကကြီးကနေ လက်ဗလာနဲ့ပြန်မယ်။ ကုက္ကုစ္စမထားကြနဲ့။ မှားခဲ့တာတွေလည်း မေ့ထားလိုက်။ အသုံးမကျတာတွေ များများပြန်မတွေးရင် ဘဝဟာ နေပျော်တာပဲ။ အပြစ်ကင်းတဲ့ ပျော်ရွှင်မှုတွေ ကမ္ဘာကြီးမှာ တော်တော်လိုနေသေးတယ်။ အဲဒါကို မရနိုင်ရင် အဲဒါကို ပြန်မပေးနိုင်ဘူး။ မပျော်တဲ့သူက မပျော်တဲ့ကမ္ဘာကြီးကို မပျော်စရာတွေ ပေးလိမ့်မယ်။ ပျော်တဲ့သူက ပျော်စရာကမ္ဘာကြီးဖြစ်ဖို့ ဒစ်စနေ အပြာရောင်တွေ ဖြည့်ပေးလိမ့်မယ်။ အနှစ်ခြောက်ဆယ် တရားရှုလာလည်း ဂျလက်တို ဘယ်လိုချိုတယ်ဆိုတာ သိနေဖို့မလွယ်ဘူး။ စားကြည့်မှ သိနိုင်တာမျိုး။ ဒစ်စနေအပြာနဲ့ ဂျလက်တိုရဲ့လတ်ဆတ်ချိုမြိန်မှု နှစ်ခုတော့ လူ့ဘဝမှာ ချန်ထားခဲ့ဖို့ ကြိုးစားရဦးမယ်။ ။
Regards,
Z
ဝိုင်ဖြူများ၏ လတ်ဆတ်မှုဆီသို့ခရီးနှင်။
Peace B with U.