Saturday, September 13, 2014

ဘကြီးသို့။

ဘကြီးသို့။



ဘကြီးဟာ စာရေးဆရာတစ်ယောက်ဖြစ်တယ်။ သူရေးတာတွေ တော်တော်များများ ဝယ်ထားတယ်။ အားလုံးနီးပါးဝယ်ထားတယ်။ လူ့ဘဝရဲ့အတက်အကျတွေအတိုင်း သူ့ဘဝမှာလည်း အတက်အကျတွေရှိတယ်။ 

အိမ်ပြန်ရောက်တော့ ကျန်နေတဲ့ စာအုပ်တစ်ချို့ပြန်ဖတ်ကြည့်တယ်။ သိုးဆောင်းဂစ်တာတစ်လက်ရဲ့ မှတ်တမ်း။ သိုးဆောင်းဆိုတာ ဦးထုပ်ဆောင်းတဲ့သူတွေကိုပြောတာ။ အနောက်တိုင်းသားတွေပေါ့။ အနောက်တိုင်းက ဂစ်တာဆိုတော့ စပိန်ဂစ်တာဖြစ်မလား၊အမေရိကန် ဂစ်တာဖြစ်မလားတော့ မသိဘူး။ အဲဒီဂစ်တာတစ်လက်ရဲ့မှတ်တမ်းဆိုတော့ သံစဉ်လေးတွေဘာတွေပါမယ်ထင်တယ်။ အဲဒီစာအုပ်မှာ ဘကြီးက သူ့အစ်ကိုရဲ့ ကဗျာအပိုင်းအစတစ်ခုကို မျက်နှာဖုံးမှာရေးထားတယ်။ အားလုံးကို စွန့်လွှတ်ရရင်တောင်မှ 
သတိရခြင်းကို ငါပိုင်တယ် ...။

အဲဒါကို တချို့တွေရောထွေးကြတာတွေ့တယ်။ ဒတ္တရဲ့ ကဗျာဖြစ်ပါတယ်။ အောင်ဒင်ဆိုပြီးလည်း ကဗျာစာအုပ်ထုတ်ပါတယ်။ စာပေစီစစ်ရေးက နာမည်နဲ့ပိတ်လို့ နာမည်ပြောင်းပြီး စာအုပ်ထုတ်တယ်ထင်ပါတယ်။ ထားပါတော့။ အားလုံးကို စွန့်လွှတ်ရရင်တောင်မှ သတိရခြင်းကို ငါပိုင်တယ်ဆိုတာ လေးဟာ ဘယ်လောက် ချစ်စရာကောင်းတဲ့ အယူအဆလဲ။ တကယ်တော့ ကြံဖန်ကျေးဇူးတင်ချင်ရင် အန်မတန်ယုတ်တဲ့ စစ်အုပ်ချုပ်ရေးစံနစ်ကိုတောင် ကျေးဇူးတင်ရနိုင်တယ်။ အဲဒီစံနစ်ဆိုးကြောင့်ပဲ လူတွေဟာ ခံစားချက်တွေ သိပ်သည်းလာတာ။

အားလုံးကို စွန့်လွှတ်ရရင်တောင်မှ သတိရခြင်းကို ငါပိုင်တယ် ဆိုတာ ဓမ္မအငွေ့အသက်ပါတယ်။ မေတ္တာရဲ့ မြင့်မြတ်မှုအရ ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပြန်မချစ်လည်း ချစ်မြဲချစ်နေတာ မေတ္တာပဲ။ အဲဒါလေးကို ဒီကဗျာပါဒလေးက ခံစားရတယ်။

ဒီစာအုပ်မှာ နာမည်ကြီး မီးတောက်ရစ်သမ် ကဗျာပါတယ်။ လူငယ်တွေ တော်တော်ခိုက်ခဲ့တဲ့ကဗျာပဲ။ ဇာတ်လမ်းကတော့ သိပ်မထူးဆန်းဘူး။ အဲဒီမှာပါတဲ့ အာကျယ်အာကျယ်ကြီးတော်ကြီးကို ကျွန်တော့်ကြီးတော်ကြီးတစ်ယောက်နဲ့တူလို့ တော်တော်သဘောကျတယ်။ ရယ်လိုက်တုန်း သွားတုကြီးပြုတ်ကျသွားတဲ့ အခန်းမျိုးဆို အင်မတန်ဟာသမြောက်တယ်။

လင်းဝေနဲ့ ဝေလင်း ဆိုတဲ့ကောင်လေးနှစ်ယောက်နဲ့ထာဝရဆိုတဲ့ကောင်မလေးရဲ့ သုံးပွင့်ဆိုင်ပေါ့။ ထာဝရဆိုတဲ့ ကောင်မလေးကတော့ သိပ်မပေါ်လွင်ဘူး။ အဓိကဇာတ်ကောင်မဖြစ်ဘဲ အဓိက ဇာတ်ရံလိုလိုဖြစ်နေတယ်။ ဘကြီးကလည်း ငယ်ဘဝက မစွံခဲ့တာတွေကို စာထဲမှာ အတင်းစွံတယ်ထင်တယ်။ ရည်းစားစကားပြောခါနီးကွဲသွားပြီး ပြန်တွေ့တော့ ဆက်ပြောတာတဲ့။ နတ်ပျိုမအတွက် ပန်းမှာလည်း သူငယ်ချင်းက သူ့ကို်ယ်စား တယ်လီဖုန်းလျှောက်သလို ရည်းစားစာပေးခဲ့ပေးတာတဲ့။ စာအုပ်ထဲက ဇာတ်ကောင်ဟာ စာရေးဆရာမဟုတ်ဘူးလို့ပဲ ခံစားသတ်မှတ်ပေမယ့် သံသယ အင်မတန်ဝင်တယ်။

ကဗျာထဲကတစ်ယောက်ကို တကယ်ချစ်ပြီး အပြင်မှာ တကယ်ရှိနေတဲ့လူတစ်ယောက်ကို စွန့်လွှတ်ဖို့ဆိုတာ အင်မတန်ခက်မယ်ထင်တယ်။ ဒါပေမယ့် လင်းဝေကတော့ စူပါဇာတ်ကောင်ပီပီ၊ ရည်းစားစကားပြောပြီးသားသူကို ကဗျာတစ်ပုဒ်အတွက် (ကဗျာထဲက ထိပ်ထားအတွက်) စွန့်လွှတ်လိုက်တယ်။ အမှန်တော့ စကတည်းက ဒီပြဿနာရှိနိုင်တယ်လို့ သူငယ်ချင်းတွေကပြောတယ်။ လူဟာ ကိုယ်မစွန့်နိုင်တဲ့တစ်ခုကို ရွေးချယ်မှာပဲ။ ဒီပြဿနာဟာ ခေတ်အဆက်ဆက်ရဲ့ပြဿနာပဲ။ အရှိတရားနဲ့ လက်ဆုပ်လက်ကိုင်မပြနိုင်တဲ့ ခံစားနားလည်မှုတစ်ခုခုနဲ့ အပြိုင်ဖြစ်လာတဲ့အခါမှာ ရွေးချယ်မှု။ ဒီရွေးချယ်မှုဟာ လူတွေပေါ်မူတည်ပြီး ပြောင်းလဲနိုင်တယ်။ လူတစ်ယောက်စီဟာ တန်ဖိုးထားတဲ့မူဝါဒမတူဘူး။ အဓိက ခံစားရတာတော့ အဲဒီအချက်ပဲ။ ကျန်တာတွေတော့ ဒီလိုပဲဖတ်လိုက်တယ်။  အပြင်မှာ ကိုယ့်ခွေးမှာ အမှိုက်ထုတ်လာချိတ်လို့ကတော့ လင်းဝေလို ကဗျာဆရာ သုံးယောက်လောက် ခေါင်းကွဲသွားဖို့ရှိတယ်။ ခွေးပိုင်ရှင်ဟာ ကိုယ့်ကို ထိတာထက် ကိုယ်မွေးထားတဲ့ ခွေးကလေးကို ထိတာ ပိုနာတာပဲ။

အရက်သမားက
သူတစ်ပါးကို လွမ်းဆွတ်တာ
ရယ်စရာမဟုတ်ပါဘူး
တစ်ရံတစ်ခါရဲ့
ပြန်မလာတဲ့သူတို့
သိကြဖို့ကောင်းတယ် ....။

အရက်သမားဆိုတာတော့ မသောက်တစ်မျိုး သောက်တစ်မျိုးဖြစ်သွားရင် ခက်တယ်။ လွမ်းချင်လည်းလွမ်းပေါ့။ ဆူပူတဲ့အရက်သမားနားကိုတော့ အေးအေးချမ်းချမ်းနေချင်တဲ့ တစ်ရံတစ်ခါရဲ့ ပြန်မလာသူတွေလည်း ရှိမှာပေါ့လို့တွေးမိတယ်။ ဒီကဗျာဟာ အရက်သမားတွေရဲ့ right ကိုလည်းတင်ပြတယ်လို့ဆိုရမယ်။

သက်ပြင်းဝေဝေ
ခရေတို့နှင်းစက်ဖားလျား
မျက်ရည်ကိုစားတဲ့
ချောက်ချားဖွယ် စကားမဲ့ည
ငါဟာ .. ထက်ပိုင်းချိုးခံခဲ့ရတဲ့
တစ်ခြမ်းပဲ့ 'လ'ပဲဖြစ်တယ် ....။

အဲဒီလကို single quote မ quote ထားရင် moon cake ထင်ပြီး ရသတဏှာဝင်ဝင်လာတယ်။ လနဲ့ ပဲနဲ့ပါတာ moon cake ပဲ။ သက်ပြင်းကို တဝေဝေချနိုင်တဲ့သူတော့ အပြင်မှာ မရှိလောက်ဘူးထင်တယ်။ ရှိရင်လည်း ဂင်းနစ်မှတ်တမ်းဝင်မှာပဲ။ သက်ပြင်းတစ်ခါတစ်ခါချဖို့တောင် အင်မတန်မောတာ။ သူကတော့ သက်ပြင်းဝေဝေချတယ်။ ခရေပန်းတွေက နှင်းစက် ဖားလျားတဲ့။ ခရေပန်းဟာ နှင်းစက်ထိတာတော့ထိတယ်။ နှင်းစက်ဖားလျားဖြစ်ဖို့ တော်တော်ခက်မယ့်ခရေတွေ။ မြန်မာပြည်မှာ နှင်းကျတာတော့ သိပ်မရှိဘူး။ ကဗျာဆရာက လှအောင် လုပ်ယူတာဖြစ်မယ်။ ဆောင်းမနက်ခင်းမှာ ခရေတွေပွင့်နေမယ်။ အဲဒီခရေပွင့်မှာလည်း နှင်းစက်က တွဲရရွဲ ခိုနေမယ် အဲဒီလိုထင်နေတုန်း၊ ချောက်ချားဖွယ်စကားမဲ့ညလို့ပြောတော့၊ ညပိုင်းပွင့်တဲ့ ခရေတွေအကြောင်းပြောတာဖြစ်နေတယ်။ ညပိုင်းမှာ ခရေပွင့်တာတော့ရှိတယ်။ ဘုရားကျောင်းမှာ သွားနေတုန်းကတော့ ညပိုင်း ခရေတွေပွင့်တာ ထိုင်ကြည့်ဖူးတယ်။ ပွင့်နေတဲ့ခရေတွေက သိပ်မမွှေးသေးဘူး။ ကြွေကျလာတဲ့ခရေကမှ ပိုမွှေးတာပဲ။ စကားမဲ့ညဆိုတော့ စကားမမဲ့တဲ့ ညလည်းရှိမယ်ထင်တယ်။ ညရဲ့စကားဟာ ကြယ်တွေဆိုရင် ကြယ်တွေမရှိဘူး။ အထီးကျန်မယ်။ ချောက်ချားဖွယ်လို့ပြောတဲ့အတွက်လည်း ကောင်းတဲ့သဘာဝမဟုတ်ဘူး။ အဆိုးတွေဖြစ်လာတော့မယ့်သဘောပဲ။ အထီးကျန်ခြင်းဟာမကောင်းလှဘူး။ တရားကျင့်မယ့်သူတွေလောက်ပဲဝိဝေကတရားကို နှစ်သက်တာ။ မပြည့်စုံခြင်း၊ ဆုတ်ယုတ်ခြင်း၊ မအောင်မြင်ခြင်း၊ ဒဏ်ရာရခြင်းတွေကို ထက်ပိုင်းချိုးခံခဲ့ရတဲ့ တစ်ခြမ်းပဲ့လ ဆိုတဲ့အလင်္ကာနဲ့သုံးတယ်။ လဟာလည်း သူ့ဟာသူတော့ဂြိုဟ်ရံ ခဲလုံးကြီးပဲ။ ကဗျာဆရာတွေ လက်ထဲမှာတော့ အနုပညာ ပစ္စည်းဖြစ်သွားတယ်။ ထက်ပိုင်းချိုးခံရတယ်ဆိုတော့ အတော်လေးနာမှာပဲ။ တစ်ခြမ်းကလည်းပဲ့နေသေးတယ်တဲ့။ ကျန်တဲ့တစ်ခြမ်းက ထိပ်ထား(ခေါ်) အစိတ်သား ဖြစ်ရမယ်။ ထာဝရရှိနေတာကို ထိပ်ထားကိုလွမ်းတယ်ဆိုတာတော့ နည်းနည်းလွန်သလိုရှိတယ်။

ယသော်ဓရာဆိုရင် လူတွေက ခမ်းနားတယ်လို့ထင်တယ်။ သူ့ရဲ့ ကုလားနာမည်က ဂိုပါးတဲ့။ ထိပ်ထားမှာ နာမည်တစ်ခုခုရှိရင် ဥပမာ မလှအုန်းဆိုပါတော့။ 

ထိပ်ထားရေ
ထိပ်ထားရေ
ထိပ်ထားရေ ...
သစ်ခုတ်သမားတွေမရှိတဲ့ တိုင်းပြည်မှာ
ငါ .. လယ်သမားဖြစ်ချင်တယ်
နင် ဘုရင်မ လာမလုပ်ရဘူးနော် ...

ဆိုတဲ့ အပိုဒ်မှာ
မလှအုန်းရေ
မလှအုန်းရေ
မလှုအုန်းရေ   ... ဆိုပြီး အစားထိုးရွတ်ကြည့်ရင် ဘယ်ခံစားရတော့မလဲ။ အဲဒါဟာ အနုပညာရဲ့ မာယာဖြစ်တယ်။ သစ်ခုတ်သမားတွေမရှိတဲ့ တိုင်းပြည်ဆိုတာတော့ ဦးတေဇကို ပြောတာများလားမသိဘူး။ အသက်ကြီးလာတော့ အတွေးတွေ တောင်ရောက်မြောက်ရောက်ဖြစ်ကုန်တယ်။

မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ ...
ခွဲခွာခြင်းဟာ
ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေလိမ်းသုတ်
နှလုံးသားတည့်တည့်ဆီ 
ချိန်ရွယ်မောင်းဖြုတ်လိုက်တယ်

ဒီတစ်ခုကိုတော့ နှစ်မျိုးခံစားရတယ်။ ပထမတစ်ခုက ယောကျာ်းတစ်ယောက်ဟာ စိတ်ဓာတ်ပျော့ညံ့လို့မဖြစ်ဘူးဆိုတာပဲ။ မထိုက်တန်သူဆိုတာ လွင့်မျောရမှာပါပဲ ဆိုတာ အင်မတန်ပျော့ညံ့တဲ့အဖွဲ့လို့ထင်တယ်။ နန္ဒမင်းသားဟာ နတ်သမီးလိုချင်တုန်းက တရားမဲရှုနေတာကမှ အင်အားပိုပါသေးတယ်လို့ထင်တယ်။ ခရမ်းပြာကျည်ဖူးမှာ အဆိပ်ချိုတွေ လိမ်းသုတ်တယ်ဆိုတာတော့ ခွဲခြားခြင်းရဲ့ ဝေဒနာကိုဖွဲ့တာဖြစ်မယ်။ နှလုံးသားတည့်တည့်ဆီလာတဲ့ ခရမ်းပြာကျည်ဖူးတဲ့။ တော်တော်လေးကို လှပတဲ့အဖွဲ့။ ကဗျာဆရာ ဖော်ဝေးလည်း အဲဒီလို ကျည်ဆံလေးကို စောင့်တဲ့ ကဗျာတစ်ပုဒ်ရေးဖူးတယ်။ ကဗျာဆရာတွေ ကျည်ဆံကြိုက်ပုံရတယ်။

Big Bag တို့က နားလည်ပါ နားလည်ပါ .. ချစ်သူရာ ... ဘဝထဲမှာ ဆိုလား သီချင်းတစ်ပုဒ်ဆိုတယ်။ သူတို့ထက် ကို ဘကြီး က နည်းနည်းစောသေးတယ်။

ချို့တဲ့သော ဘဝ
ဆန္ဒရဲ့ မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုရဲ့ ချစ်သူ့အတွက် ပန်သစ္စာ
သြော် .. ငါ့ကိုလေ
နားလည်ပါ .. နားလည်ပါ
နာလည်စမ်းပါ .....။


နောက်ဆုံးအခွန်းကိုကြည့် နားလည်စမ်းပါတဲ့။ အစကတော့လေချိုလေးနဲ့ ချို့တဲ့တာတွေ၊ မပြေလည်တာတွေနဲ့ သြော်ငါ့ကိုလေ .. သနားစရာလေး ငါ့ကို လေ နားလည်ပါ နားလည်ပါလို့ပြောတယ်။ အဲဒီလို ပြောမရတော့ နားလည်စမ်းပါလို့ ထအော်လိုက်သလို ခံစားရတယ်။ ဘကြီးဟာ ကျောင်းမှာ ချိန်ပါဖြစ်ရမယ်။ ချိန်လိုက်တိုင်း ကောင်မလေးတွေပါပါသွားတာနဲ့ တစ်ယောက်ကို တစ်ပိုဒ်နှုန်းဖွဲ့ခဲ့တာဖြစ်ရမယ်။

အဲဒါကိုလည်း သူနည်းနည်းဝန်ခံထားတယ်။

ဘာပဲပြောပြော
ရွှေနဲ့စက်ဝယ်လို့မရတဲ့
နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ
သံမှုန်တွေကပ်ပါနေရဲ့
ငါ ... ဘာကိုမှ မကြောက်ခဲ့ဘူး။

ဒီလိုပဲသူ့ကိုယ်သူ အားတင်းရင်း ရည်းစားစာ သက်စေ့ရေးမယ်ထင်တယ်။

အဲဒီကဗျာမှာ လက်စ်ဘီယန် အငွေ့အသက်ပါတာ မရိပ်မိတဲ့သူတွေပါတယ်။ ကျွန်တော်လည်း သူသေမှ ပြောသလိုဖြစ်နေတယ်။ 

ဘာပဲဖြစ်ဖြစ်...
ကျောက်ခေတ်၊ ကြေးခေတ်
ညူကလီးယားကင်ဆာ၊ အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ငါ ... ကြေညာချက်ကတော့
နင့်ကိုထာဝရ ချစ်နေမယ်ဆိုတာပါပဲ ....။

ထာဝရဆိုတဲ့ ကောင်မလေးက ဒီစာအုပ်မှာ ဇာတ်ကောင်ပဲ။ ထိပ်ထားကလည်းမိန်းကလေးပဲ။ ထိပ်ထားကို ထာဝရက ကျောက်ခေတ်၊ကြေးခေတ်၊ ညူကလီးယားခေတ်တွေအထိ ချစ်နေမယ်ဆိုတာ ဒါ LGBT မဆန်ဘူးလား။ ထိပ်ထားနဲ့ ထာဝရအကြောင်းကို ဘကြီးက စာအုပ်ရေးခဲ့ရင် အခုခေတ် ဟရုကိ မူရာခမိတို့ထက် ရှေးကျအောင်မြင်သွားနိုင်တာပေါ့။

မလှအုန်းဆိုပြီး ကျနော် အခုနပြောတော့ ခင်ဗျားတို့မယုံကြဘူး။ ဒါပေမယ့် ကျနော့်အထင်မှန်ကြောင်း သူ့ကဗျာအရ ကျနော်သက်သေပြနိုင်တယ်။

ထိပ်ထားရယ်
ဖြစ်နိုင်မယ်ဆိုရင်
ဂန္ထဝင်ပန်းပုရပိုဒ်မှာ ..
နန်းသုံးအက္ခရာနဲ့ ခြယ်မှုန်း
နင့်နာမည်လေး စာသုံးလုံး
စီရီသီကုံး ပေးချင်တယ် ....။

စာသုံးလုံး= မလှအုန်းပေါ့။
ခြယ်မှုန်း ဟာ အုန်းကို ကာရံလိုက်ထားတာ။ သူ့ မသိစိတ်ထဲမှာ မလှအုန်းရှိနေတာသေချာတာပေါ့။ ကျနော်ထင်ရင် လွဲခဲတယ်။

တိတ်ဆိတ် ပြာလဲ့နေတဲ့ညမှာ
ရေတွင်းထဲခေါင်းငုံ့ပြီး
မလှအုန်းကို ချစ်တယ် လို့
ဘယ်ဆီဘယ်ဝယ် ... ဟစ်အော်တမ်းတရတာ
ဘာကြောင့်ပါလဲ ....။

မလှအုန်းနာမည်ထည့်ဖွဲ့ရင် ဇနီးသည်က နားရင်းအုပ်မှာစိုးလို့သာ ..... လုပ်ထားခဲ့ရရှာတာ။ ဘကြီးကို တော်တော်နားလည်နေမိတယ်။

မလှအုန်းဟာ ရပ်ကွက်ထဲမှာ အတင်းလှည့်ပြောတယ်။ ပန်းရောင်းရတယ်။ ဒါကိုမှ သွားကြိုက်မိတဲ့ ကဗျာဆရာက အသည်းကွဲရတယ်။ သူ့ကိုလည်း မလှအုန်းကတောင် ပြန်မကြိုက်ဘူး။ သူခံစားရပြီ။ ဒီလိုလေးဖွဲ့တယ်။

ပန်းခူးရင်း
သူငယ်ချင်းတွေနဲ့နေရင်း ...
စကားပြောရင်း
သီချင်းကလေးတွေဆိုရင်း
မင်း ..ငါ့ကို ..မေ့သွားမှာပါ ....။

မလှအုန်းသာဖတ်မိရင် ငါဘယ်တုန်းက သတိရပါလိမ့်လို့ သွားလေသူဘကြီးကိုပြောမှာပဲ။ ဒါက သရုပ်မှန်တွေးနည်းပဲ။ ကိုယ်တွေးတဲ့ တွေးခွင်ထဲမှာ အားလုံးကို ဖြည့်စွက်ဖို့ကြိုးစားကြည့်ရတာပဲ။ အခုတွေးလုံးအရတော့ ကဗျာဆရာက မလှအုန်းကို ကြိုက်တယ်။ ထာဝရကလည်း မလှအုန်းကို ချစ်တယ်။ မလှအုန်းဟာ အိုလည်းအိုပြီ။ အဲဒါကို ကျနော် အတော်လေးသတိထားမှ တွေ့တယ်။


ကျွန်တော်တို့ရဲ့ လူငယ်ဘဝ .. လှပ .. လင်းချင်း ... နှင်းဆီဓားသွား .. စကားသံချို ... အလင်းပျိုတွေ ....
အို ချစ်သူရေ ... ချစ်သူရေ ... ချစ်သူရေ ....။

 အိုနေတဲ့ ချစ်သူကို လွမ်းတဲ့စကား။ အို ဆိုတာ ရေရွတ်ဖို့က ကဗျာဆရာက မိန်းကလေးမဟုတ်ဘူး။ အဲဒီတော့ အိုမင်းတာကိုပဲယူရမယ်။ အိုချစ်သူရေဟာ ချစ်သူအိုရေပဲ။ ဒါကိုသူထပ်ခါထပ်ခါရေးတယ်။ အိုဘယ့်နှင်းဆိုတာလည်း အိုတာပဲ။ (နတ်ပျိုမအတွက်ပန်းရှု)


ဘာပဲဖြစ်ဖြစ်၊ ဘကြီးဟာ သူ့အနုပညာနဲ့သူ ... လူငယ်ပေါင်းများစွာကို ပျော်ရွှင်စေခဲ့ပါတယ်။ ကျနော်တို့ပေါ်မှာ သူ့ကျေးဇူးတွေရှိပါတယ်။ ပျော်ရွှင်စရာ လူငယ်ဘဝအတွက် ဘကြီးကို ကျေးဇူးတင်ရပါမယ်။

Happy Birthday ပါဘကြီး။
ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ။             ။

with Respect,
Zephyr



Peace B with U.

Tuesday, September 9, 2014

ဝေးဝေးလံလံ

ဝေးဝေးလံလံ

သခင်ဆုံးသွားတဲ့ ခွေးတစ်ကောင်လို။
အဲဒီနေရာကပဲ စလိုက်ရအောင်။ သခင်ဆုံးသွားတဲ့ ခွေးတစ်ကောင်လို။

ဆက်ဟောင်နေရမလား။ မြေကြီးကိုကုတ်ခြစ်နေရမှာလား။ အူနေလိုက်ရုံနဲ့ အူစိုသွားမှာလား။ အိမ်ပြန်ရောက်တော့ မနှစ်က စိုက်ထားတဲ့ သစ်ပင်က မနှစ်ကနေရာမှာမရှိတော့ဘူး။ သူငယ်ချင်းရဲ့ ဆားဗီးယန်း ဟတ်စကီးက သုံးလသွားနဲ့ လက်ကို အတင်းကိုက်ပြီးဆော့တယ်။ အဆင်ပြေကြတယ်။ အားလုံး အမြန်ချမ်းသာကြပါစေ။

အင်တာနက်ကောင်းတယ်။ လိပ်ကန်တွေ ရေမသန့်တော့ဘူး။ ဗိုလ်တထောင်ဘုရားရောက်တယ်။ နန်းဦး ကျောင်းထဲက မင်းတုန်းမင်း သွန်းခဲ့တဲ့ ကြေးသွန်းဘုရားကြီးဟာ အင်မတန်ပြေပြစ်အချိုးကျတဲ့ လက်ရာမွန်ပဲ။ စွယ်တော်လေးဆူရှိတယ်။ တရုတ်ပြည်က စွယ်တော်ကိုတော့ မယုံဘူး။ မိတ်အင်ချိုင်းနားဖြစ်မယ်။ ကိုယ့်နိုင်ငံက စွယ်တော်ကိုကိုယ်တန်ဖိုးထားကြရင်ကောင်းမယ်။ လိပ်ကန်ထဲမှာ လိပ်တွေတော့မသိဘူး။ ကြည့်နေရတဲ့သူတောင် အသက်ရှူကြပ်တယ်။ ငါးကန်၊ လိပ်ကန်တွေကို ပြုပြင်ကြပါ။ အင်မတန်ကုသိုလ်ရပါတယ်။ အလှူတွေကို လှူပြီး ပစ်မထားကြပါနဲ့။ ကိုယ်လှူတာလေးတွေကို ဖြစ်နိုင်ရင် ပြန်မွမ်းမံကြပါ။

ကောင်းကင်ကြီးက အသစ်အတိုင်းကျန်နေသေးတယ်။ မုတ်သုံလေဟာ ဖြတ်သန်းမြဲ။ လှပမြဲ။ စိမ်းလန်းခြင်းတွေဟာ တောက်ပမြဲ။

လှပခြင်းတွေလည်းရှိတယ်။ အကျည်းတန်ခြင်းတွေလည်းရှိတယ်။ မြို့ပျက်တစ်ခုယောင်ဆောင်ထားပေမယ့် အရင်ခမ်းနားမှုတွေဟာ အရင်အတိုင်း။ မြို့ကြီးရဲ့ဂုဏ်သိက္ခာကို မြို့သားတွေဖဲ့သိမ်းထားတဲ့ မြို့ကလေး။ မေဆင်အထိမ်းအမှတ်တွေနဲ့ မြို့တော်ရဲ့ တြိဂံတွေဟာ တောက်ပတုန်းပဲ။

လမ်းတိုင်းဟာရောမကိုရောက်ချင်မှရောက်မယ်။ သေချာတာကတော့ ကားပိတ်နေမှာပဲ။ အဲဒီမြို့ကလေးမှာ ဒီလိုပဲ။ နောက်ကျခြင်းအလေ့အထတွေနဲ့၊ လက်ဖက်ရည်သောက်ခြင်းနဲ့ စာထိုင်ဖတ်ခြင်းကိုပဲ တစိုက်မတ်မတ်လုပ်ကိုင်တယ်။ အဆင်ပြေသလိုနေကြပါ။ ကိုယ့်ဟာကိုယ်အဆင်ပြေနေရင် ဘယ်သူ့မှ အဖက်မလုပ်ကြပါနဲ့။ လောကကြီးဟာ အပိုအလုပ်လုပ်စရာ အချိန်မရှိဘူး။ အားရင် အိပ်နေ။ နိုးလာရင် တရားနာ။ လမ်းထိပ်မှာ မုန့်ဟင်းခါးစား။ ပြန်အိပ်။ နိုးလာရင် စာဖတ်။ ပြီးရင် ငွေစာရင်းလုပ်။ ဟိုစာရင်းကို ဒီထဲပေါင်း။ ဒီစာရင်းကို ဟိုထဲရွှေ့။ ဝယ်တာတွေအတွက် အနှုတ်ပြ။ ရောင်းတာတွေအတွက် အပေါင်းပြ။ အသုံးစရိတ်လေးရေးမှတ်။ တစ်ယောက်ယောက်ကပဲ ပြန်ပေးမလိုလို။ တစ်ယောက်ယောက်ကိုပဲ စာရင်းရှင်းရမလိုလို။ တော်သေးတယ်။ အဲဒီဘဝမျိုးမကျရောက်လို့။

ပိုက်ဆံမရှိဘူးဆိုတာကို ထုတ်မပြောရင် ပိုက်ဆံက ရှိနေသလိုပဲ။ လောကကြီးဟာ ကိုယ်ရှာတာ ကိုယ်သုံးပြီး ကုန်သွားသင့်တဲ့နေရာ။ တရားတစ်ပုဒ်နာလိုက်ရသေးတယ်။ အပျိုကြီးတွေ သေမတတ်ရှာထားတာ သေတော့ ပြိတ္တာဖြစ်တယ်။ ကျန်ခဲ့တာတွေကို တစ်ခြားသူတွေက သုံးဖြုန်းပစ်တာပေါ့။ စိတ်နာစရာကြီး။ အဲဒီလိုတော့ အဖြစ်မခံကြနဲ့။ သေခါနီးရင် လက်နှီးစုတ်ကအစ အမျိုးတွေကို မပေးခဲ့ဖို့ သေတမ်းစာရေးထားရမယ်။ ပိုက်ဆံမရှိတာ ပြဿနာမဟုတ်သေးဘူး။ ဘယ်လောက်ရရ လိုနေသေးရင်တော့ ပြဿနာပဲ။ ပြဿနာဖြစ်လာရင်မကောင်းဘူး။ ငွေနဲ့ကင်းကင်းနေကြ။ ဖြစ်နိုင်ရင် စိတ်ထဲ ထည့်မထားနဲ့။ ရှာထားတာလည်း ကုန်သွားမှာ။ ကုန်မယ့်ဟာတွေရှာနေတာ။

တရားနာရင်လည်း ကိုယ်ကြိုက်တဲ့အပိုင်းပဲနာတယ်။ မကြိုက်တာဆို စိတ်ထဲကနေ ကျော်ပစ်လိုက်တယ်။ ကြိုက်တာတစ်ခုတော့မှတ်လာတယ်။ ဇောတိက သထေးဟာ ပစ္စေကဗုဒ္ဓါနဲ့တွေ့တော့ သူ့အတွက်ရှာလာတဲ့ စားစရာတွေလှူတယ်။ အဲဒီလိုလှူရင်း သူ့အစ်ကိုအတွက်ပါ ရှာလာတဲ့အစားအစာလေးတွေပါ သဒ္ဓါပေါက်ပြီး ထပ်လှူလိုက်တယ်။ ပြီးတော့ အငြိမ်မနေဘဲ ဆုတောင်းတယ်။ နိဗ္ဗာန်မရောက်မီစပ်ကြား လူချမ်းသာဆုတွေလည်းပါတယ်။ တရားရဖို့လည်းပါတယ်။ နှစ်မျိုးတောင်းတယ်။ အဲဒီတော့ ချမ်းသာတယ်။ သူ့အစ်ကိုကြီးကတော့ သူ့ညီလှူခဲ့တာပြန်အမျှဝေတော့ ဘဝတိုတိုနဲ့ နိဗ္ဗာန်မျက်မှောက်ပြုရပါလို၏ တစ်မျိုးတည်းတောင်းတယ်။ အဲဒီတော့ ကဿပဘုရားလက်ထက်မှာတင် ရဟန္တာဖြစ်တယ်။ ညီလေးကတော့ သံသရာမှာပျော်လိုက်တာ လူချမ်းသာတော့ဖြစ်ပါရဲ့။ နောက်ထပ် ဘုရားတစ်ဆူစာကြာသွားတယ်။ ဂေါတမမြတ်စွာဘုရားလက်ထက်မှ နိဗ္ဗာန်ရောက်ရှာတယ်။ ကြာချင်တဲ့သူဟာ ကြာတဲ့လမ်းကို တမင်ရွေးကြတာလို့ပဲ သဘောပေါက်တယ်။ လူဖြစ်နေရင် တစ်လမ်းလမ်းရွေးကြတာပဲ။ သံသရာမှာ အကျမနာမယ့်လမ်းပဲရွေးကြပါ။

ပျော်ပျော်နေ သေခဲဆိုတာ မှန်လောက်တယ်။
မသေခဲရင်တောင် ပျော်ပျော်နေကြပါ။

ဝေးဝေးလံလံသွားကြပါ။ ပေါ့ပေါ့ပါးပါးနေကြပါ။
သေခြင်းတရား အမှတ်အသားနဲ့ မှိုပွင့်ကလေး ပေါက်ဖွားလာသလို .. နေသာသလို နေကြပါ။     ။

With Peace,
Z



Peace B with U.