Friday, May 3, 2013

စိမ်းလန်းခြင်း၏သစ်မြစ်များ

စိမ်းလန်းခြင်း၏သစ်မြစ်များ

စာအုပ်များပြည့်နှက်နေသောစာအုပ်စင်များတန်းစီရပ်နေသော အခန်းကျဉ်းတစ်ခု၏ အနက်အရှိုင်းကို သင်မည်သို့တိုင်းတာနိုင်မည်နည်း။ အကျယ်အဝန်းနှင့်ဝန်းဖွဲ့ကျယ်ဝန်းမှုသည်ထပ်တူညီမှုမရှိ။ တည်ဆောက်ခြင်းများသည်ဆောက်တည်ခြင်းမှခွာထွက်သွားကြသည်။ တည်ဆောက်နိုင်သလောက်ဆောက်တည်နိုင်ဖို့ခက်မည်ထင်သည်။ သူထပ်ပြန်တလဲလဲဆွဲနေသော ပန်းချီကားသည် စိမ်းလန်းသော သစ်ပင်ကြီးတစ်ပင်ဖြစ်ခဲ့သည်ထင်သည်။ နှစ်ကာလများရွေ့လျှောတိုက်စားမှုသည် မသိမသာ ထိရောက်လွန်းနေခဲ့သော ကုထုံးသစ်ဖြစ်နေခဲ့ပြီထင်သည်။

ကိုက်ခဲနေသော ဦးခေါင်းအတွင်းသို့ဝင်၍ နာမည်တစ်ခုကို တစ်စစီတပ်ဆင်ခြင်းကို ရာသီဥတုဟုခေါ်ဆိုခြင်းဖြစ်ပုံရသည်။ မသေချာခြင်းသက်သက်ဖြင့်တည်ဆောက်ထားသော မှော်ရုံအတွက် သော့သည် စိတ်ဝိညာဉ်၏တံခါးတစ်ချပ်ဖြစ်နေပုံရသည်။

ချောက်နက်ထဲမှ ဆွဲထုတ်ခေါ်ငင်သွားမည့်သူဟု ထိုသူကတင်စားခဲ့သည်ဟုထင်သည်။ ထိုအရာသည် အပျောက်အရှများလွန်းသော မှတ်သိစိတ်၏ နံရံထူတစ်ချပ်သာဖြစ်သည်။ မမျှတသော ကစားပွဲတစ်ခုအတွင်း ရှင်သန်နေသူတစ်ချို့၊ ရှင်သန်အော်ဟစ်နေသူတစ်ချို့၊ ရှင်သန် ငိုကြွေးမြည်တမ်းနေသူတစ်ချို့၊ နံပါတ်သုံးကြိုးပြတ်နေသော ဂစ်တာဥခွံထဲမှ အသံလုံဒုက္ခများ၏ နွေးထွေးနာကျင်မှုသည် နားသောတဆင်ဖွယ် တစုံတရာ ဖြစ်ကောင်းမည်ထင်ပါသည်။

ခြောက်သွေ့သောအခရိုင်းလစ် သစ်ပင်၏ စိုစွတ်သောအစိမ်းသည် ...တောက်ပလျှက်ရှိသည်။ မနက်ခင်းကို ပိုင်သသော နေခြည်တစ်စ၏ ဂီတသည် ကျေးငှက်တို့၏ ဂီတနှင့်ပေါင်းစည်းဖွဲ့တည်ကာ တည်ငြိမ်သောမြစ်တစ်စင်းအဖြစ်ဆက်လက်စီးဆင်းနေသည်။

လိုင်စင်ရ အပေါင်ဆိုင်နှင့် မျက်စောင်းထိုးတွင်တည်ရှိသော အမိန့်ရ အရက်ဆိုင်အတွင်းမှ၊ လိုင်စင်မဲ့စာသားများထွက်ကျလာသည်။ အမိန့်ရ၊မရ မသေချာသော ရေချိန်ကိုက်ခြေလှမ်းများသည် လမ်းကိုသယ်ဆောင်သွားသည်။ မနက်ခင်းသည် ညဦးပိုင်းမှာ လဲကျသွားသော အရက်ပုလင်းတစ်လုံးအတွက် ကြေကွဲသော ဈာပနအခမ်းအနားတစ်ခုနှင့်ဆင်တူနေသည်။ သား၊သမီးများပြန်ရောက်မလာသော အောက်စီဂျင်ပိုက်ပြုတ်တစ်ခုသည် လောကကြီးအတွက် အသက်ရှူနေသည့်ပမာ ရှူနေသည်။ အသက်ရှူအားကူ ကိရိယာများသည် သေခြင်းတရားနှင့်ရှင်သန်ခြင်းကို တွဲစပ်ကြည့်နေသော ပင့်ကူမျှင်တစ်ချောင်းမျှ သန်စွမ်းချင်ခဲ့မိသည်။

အသက်၅၈နှစ်စာကြာညောင်းခဲ့သော သစ်ရွက်လေးတစ်ရွက်သည် ကြွေချိန်တန်ခဲ့လေပြီထင့်။ တိမ်ညိုများဖြာကျလာသော နေဝင်ချိန်သည် ဝိုးတဝါးအလင်းဖျဖျများဖြင့် တိတ်ဆိတ်လွန်းနေခဲ့သည်။ ဆေးရုံအတွင်းမှ ညင်သာပျော့ပြောင်းသောအသက်ရှူသံသည် အဖြူရောင်လွှမ်းခြုံထားသော လူနာကုတင်တစ်လုံး၏ ဖျော်ဖြေပွဲသို့ လဲလျှောင်းတက်ရောက်နေသည်။ နေဝင်ချိန်သည် ထာဝရ ကြေကွဲဖွယ်လှပသော ပန်းချီကားတစ်ချပ်ဖြစ်သည်။ သစ်ရွက်ကြွေချိန်ကို စောင့်ကြည့်နေရသည့် ငှက်ကလေးတစ်ကောင်အတွက် အချိန်ကာလသည် ပိတ်ကားတစ်ခုဆန်လွန်းလာသည်။

တစ်ချိန်က ရေးခဲ့ဖူးသော ကဗျာစာသားအရ၊ လွမ်းဆွတ်ခြင်းသည် ထွက်ခွာသွားသူနှင့် ကျန်ရစ်ခဲ့သူကြားမှ စိတ်အကွာအဝေး ဆိုသည့် အယူအဆမှာ ယခုတိုင်မှန်ကန်နေဆဲဖြစ်ပုံရသည်။ ဆေးရုံသည် ပန်းဥယျာဉ်တစ်ခုနှင့်တူသထက်တူလာနေသည်။ ပန်းရနံ့အစား ပိုးသတ်ဆေးနံ့ရနေသည်။ ညီမလေး၏စကားအရ ငြိမ်သက်စွာ အိပ်ပျော်နေသည်ဟုသိရသည်။ ငယ်သူငယ်ချင်းဆရာဝန်၏ မျှော်လင့်ချက်မဲ့သောမျက်လုံးကိုတွေ့ရသည်။ မွေးဖွားခြင်း၏ ကျိန်စာသည် အချိန်ကာလတစ်ခုစာ တောင့်ခံထားရန် အခွင့်အရေးပေးခဲ့ပုံရသည်။ ရှင်သန်ခြင်း၏ ခဏတဖြုတ်နိုင်လွန်းမှုကို သံကုတင်ကို ပြောပြသည့်တိုင်အောင် သွေးအေးလှသောကြောင့် နှလုံးသားအထိရောက်အောင် ပြောပြနိုင်ရန်မဖြစ်နိုင်ခဲ့ပေ။

နေကောင်းတယ်၊ ဘာမှမပူနဲ့ဟု နောက်ဆုံးပြောသွားသော စကားလုံးသည် လေးလံနာကျင်လွန်းသော ပဲ့တင်သံများအဖြစ် ပြန်လည်ကွေ့ဝင်လာကြသည်။ မိခင်တစ်ယောက် သေဆုံးသွားခြင်းသည် ရုပ်ရှင်တစ်ကားပြီးဆုံးသွားသည်ထက်တော့ ပိုလေးနက်ပုံရလေသည်။ လေးနှစ်တိုင် အမှောင်ထဲနစ်ဝင်သွားသော အရိပ်တစ်ခုအဖြစ် ဖြတ်သန်းကျော်ဖြတ်သွားရစေနိုင်သည်။ ဆယ်စုနှစ်တစ်စုအတွင်း မျက်ရည်ကျရသော ပထမဆုံးအဖြစ်အပျက်ဖြစ်သွားစေနိုင်သည်။ လေးလံငေါင်တွေသောခြေလှမ်းများ စိတ်ကျလမ်းမများအတွင်း နစ်ဝင်သွားစေနိုင်သည်။ လုံလောက်သော ကြေကွဲမှုများဖြင့် သပ်ရပ်သေဝပ်သော သေရာပါ အမာရွတ်တစ်ခုကို သေခြင်းတရား၏ မြဲမြံသော လက်များဖြင့် တက်တူးထိုးခဲ့မိသလိုဖြစ်သွားစေနိုင်သည်။

နွေးထွေးလုံခြုံသော လက်ဖဝါးများပြေကျသွားသော ဆောင်းရာသီသည် အေးစက်သော လေကြမ်းများကို ဝှေ့ယမ်းကာကွယ်နေသော ခြင်္သေ့တစ်ကောင်၏ ကျယ်ပြန့်လက်ဖဝါးများနှင့်တူမည်ထင်သည်။ ကောင်းကင်မှကြယ်များသည် ကြွေဆင်းလျှက်။ ကျန်နေသေးသည့်ကြယ်များသည် ကြွေပြီးသားကြယ်များ အတွက် အစားထိုးဝင်ရောက်လာခြင်းဟုတ်ဟန်မတူ။ ဒဏ်ရာများကို အမှတ်ရစေသော ကြယ်များသည် ကြယ်ကြည့်သူတစ်ယောက်၏ ခရမ်းရင့်ကျိန်စာများဖြစ်မည်ထင်သည်။ ဆုတောင်းတစ်စတစ်လေမျှ ပါဝင်ပုံမပေါ်။

တိုးတိုးဖျဖျ လေချွန်နေသူတစ်ယောက်၏ ညနေသည် အရိပ်များကို ရှည်လျားစေခဲ့ပုံပေါ်သည်။ တိတ်ဆိတ်ခြင်း၏ အနန္တ အကွာအဝေးတွင် သူ ရှိနေလိမ့်မည်ထင်သည်။ အကြိမ်ကြိမ် အဖန်ဖန် ဖြစ်ခြင်းဖြင့် ကုလားဖန်ထိုးထားသော သံသရာအတွင်း လှပသော နိုင်ဖဲတစ်ချပ်အဖြစ် သူ ပြန်ရောက်လာနိုင်သည်။ သို့မဟုတ် သံသရာစွန်းအထိ ပစ်ခံလိုက်ရသော ပစ်ဖဲတစ်ချပ်အနေဖြင့်လည်း လွတ်မြောက်ခွင့်ရသွားနိုင်သေးသည်။ မသေချာခြင်းသည် နေရာတကာတွင် ဇာတ်ကောင်ဖြစ်လွန်းနေပြီထင်သည်။

မနက်နိုးလာတော့ မီးဖိုချောင်ကိုဝင်ရင်း Good Morning Nu ဟုနှုတ်ဆက်သည်။ Good Morning Son ဟုပြန်ပြောသံကြားရသည်။ ကော်ဖီဖျော်နေရင်းမှ မိခင်ကြီးကွယ်လွန်သွားတာ လေးနှစ်ရှိမှန်းပြန်သတိရလာသည်။ အချိန်ကာလသည် ယခုအချိန်အထိ နည်းနည်းမှ အဓိပ္ပာယ်မရှိခဲ့ပါ။                ။


Regards,
Zephyr

My mom's birthday= 12th May.
Hope she will be good in her shepherd's home.
The Lord's her Shepherd, she'll Not Want. (Psalm 23)



Peace B with U.