Saturday, January 3, 2009

ငှက်ကလေးနှစ်ကောင်




ဆယ်တန်းဖြေပြီးခါစ ... Study guide လုပ်တော့ ရတဲ့လခလေးနဲ့ စာအုပ်တွေဝယ်ခဲ့ဖူးတယ် ...
ဂုဏ်ထူးစာပေကထုတ်တဲ့ ဆရာမြသန်းတင့် ဘာသာပြန်တဲ့ တဂိုးရဲ့ ကဗျာတွေကို အများကြီးဝယ်လာလိုက်တာ မှတ်မိသေးတယ် ...။
တစ်အုပ်ကို ၁၀၀ ပဲပေးရတယ် ...။ ငယ်တုန်းကဖတ်ခဲ့တဲ့စာအုပ်လေးတွေကို ကြီးလာတော့ ဒုတိယအကြိမ်ဖတ်ကြည့်တော့
ပိုပိုအဓိပ္ပါယ်လေးနက်လာတယ်လို့ခံစားရတယ် ...။

အခု... ကိုယ်ပို်င်စာကြည့်တိုက်လေးနဲ့ တော်တော်လေးဝေးတဲ့ အရပ်ကို ရောက်နေတာ ၁ နှစ်ပြည့်တော့မယ် ...။
အခု ... အနားမှာဖတ်စရာဆိုလို့ ဆရာတော်ဦးဇောတိက ရဲ့ quotes စာအုပ်တစ်အုပ်ရယ် ... English Bible ရယ်
..၊ အရှင်ဆန္ဒာဓိက ရဲ့ စိတ်အားဖြည့် ဓမ္မနှင်းပွင့်စာအုပ်လေးရယ် ဒါပဲရှိတယ် ...
လာတုန်းကတော့ ဆရာတော်ဦးဇောတိကရဲ့ စာအုပ်တွေ အကုန်သယ်လာမလို့ပဲ ...နောက်ဆုံး အဆင်မပြေတာနဲ့ ...
"တွေးမိတိုင်းပျော်တယ်" တစ်အုပ်ပဲ ယူလာလိုက်တယ် ...။ တစ်နှစ်အတွင်း ကိုယ်ကြိုက်တာလေးတွေ ရှာဖတ်နေတာ ...
အခုအထိကို မကုန်သေးဘူး ....။

အခု တဂိုး ကဗျာလေးကို သတိရတာနဲ့ ... အင်တာနက်မှာရှာပြီးဖတ်ရင်း တစ်ခါတည်းဘာသာပြန်ပေးလိုက်ပါတယ် ...။
စာအုပ်တွေကို လွမ်းနေတဲ့သူတစ်ယောက်ရဲ့ လွမ်းချင်းကို post လုပ်လိုက်တာပါ ....။
နောက်ပြီး ... ပြန်ရောက်လာတဲ့ ... အခင်ဆုံးသူငယ်ချင်းကို နှုတ်ဆက်တဲ့ ...post လို့လည်းဆိုနိုင်ပါတယ် ...။
Welcome Back buddy ...!! Belated Happy New Year ....!!



---------------------------------------------------------------------------------
လူတွေကမွေးမြူထားတဲ့ ငှက်ကလေးက လှောင်အိမ်ထဲမှာရှိနေတယ် ...။
လွတ်လပ်နေတဲ့ ငှက်ကလေးက တောအုပ်လေးမှာနေတယ် ...။
တွေ့ဖို့ကြုံလာတဲ့ အချိန်မှာ ... သူတို့နှစ်ကောင်တွေ့ခဲ့ကြတယ် ...၊ ကံတရားရဲ့ နိယာမအတိုင်းပေါ့ ...။

လွတ်လပ်နေတဲ့ငှက်ကလေးက အော်မြည်တယ် ...
"အချစ်ရေ .. .ငါတို့ တောအုပ်ထဲကို အတူပျံကြရအောင်လေ ..."
လှောင်အိမ်ထဲကငှက်ကလေးက တီးတိုးပြောတယ်
"ဒီကိုလာပါကွယ် ... ငါတို့နှစ်ယောက်လုံး လှောင်အိမ်ထဲမှာ နေကြတာပေါ့ ...."
"သံတိုင်တွေကြားမှာ .. ငါတို့ရဲ့ အတောင်တွေ ဘယ်လိုဖြန့်မလဲ" လို့ လွတ်လွတ်လပ်လပ်နေရတဲ့ ငှက်ကလေးကပြောတယ် ..။
"အလို ...ကောင်းကင်မှာ ငါဘယ်မှာ နားရမလဲ ငါမသိဘူး ..." လို့ လှောင်အိမ်ထဲကငှက်ကလေးက အော်ပြောလိုက်တယ် ...။

လွတ်လွတ်လပ်လပ်နေရတဲ့ငှက်ကလေးက " အချစ်ရယ် ... တောအုပ်လေးရဲ့သီချင်းကို သီဆိုကြရအောင် ..."
လှောင်အိမ်ထဲကငှက်ကလေးက "ငါ့နံဘေးမှာလာထိုင်ပါ ... ငါမင်းကို ပညာရှင်တွေရဲ့ သီချင်းတွေသင်ပေးပါ့မယ် ..."
တောငှက်လေးကလေးက ..."မဟုတ်တာ... မဖြစ်နိုင်တာ ... တေးသီချင်းဆိုတာ သင်ပေးလို့မရဘူး ...."
လှောင်အိမ်ထဲကငှက်ကလေးက "အလို ... ငါ့အတွက်တော့ ... တောအုပ်လေးရဲ့သီချင်းတွေဆိုတာ နားမလည်နိုင်တဲ့အရာပါ ..."

သူတို့တွေရဲ့ အချစ်ဟာ တမ်းတခြင်းတွေနဲ့ သိပ်သည်းနေတယ် ... ဒါပေမယ့် သူတို့ ဘယ်တော့မှ အတူပျံသန်းခွင့် မရကြဘူး ..
သံတိုင်တွေကြားကနေ ... သူတို့တစ်ယောက်ကို တစ်ယောက်ကြည့်တယ် ... ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက်
နားလည်ဖို့ကြိုးစားတာ အချည်းနှီးဖြစ်သွားတာပါပဲ ..။
သူတို့တွေ အတောင်ကို တဖျန်းဖျန်းခတ်ရင်း အော်ဟစ် တွန်မြည်ကြတယ် ..။
"အနားကိုတိုးလာခဲ့ပါ ...."
လွတ်လွတ်လပ်လပ်နေရတဲ့ ငှက်ကလေးက "အသေပိတ်ထားတဲ့ လှောင်အိမ်တံခါးကို ငါကြောက်တယ်" လို့ပြောတယ် ...။
လှောင်အိမ်ထဲက ငှက်ကလေးက " အလို၊ ငါ့အတောင်တွေ ...ခွန်အားမဲ့ပြီး ... သေနေပါရော့လား " လို့တိုးတိုးလေး
ပြောလိုက်တယ် .... ။ ။



----------------------------------------------------------------------------------

(P.S ငါလည်း အတောင်ပံတွေတော့မသေခဲ့ပါဘူး .... တောအုပ်ထဲမှာ ပျံနေတုန်းပါပဲ ....။ ။)




Peace B with U.

ဘာပဲလိုလို ....


နှလုံးသားက လာတဲ့အရာက နှလုံးသားဆီကို သွားတယ် ...

Jeremiah Burroughs


ကျွန်တော် ဘီယာကုမ္ပဏီတစ်ခုမှာ အကြံပေးအဖြစ်နဲ့ ... ဥက္ကဌ နဲ့ လက်ထောက် ဥက္ကဌ တို့ကိုကူပြီး နည်းဗျူဟာမြောက်တဲ့ အမြင်သစ်တစ်ရပ်ဖော်ဆောင်နေတဲ့ အချိန်ပေါ့ ...။ တကယ့်ကို မဟာစိန်ခေါ်မှုကြီးတစ်ခုပါပဲ ...။


တစ်ချိန်တည်းမှာပဲ ... ကျွန်တော့် အမေက ကင်ဆာရောဂါရဲ့ နောက်ဆုံးအဆင့်ကိုရောက်နေတယ်လေ ...။


ကျွန်တော်တစ်နေကုန်အလုပ်လုပ်ပြီး ... ညတိုင်း .. မိုင်လေးဆယ်
ဝေးတဲ့ အမေ့အိမ်ကို ကားမောင်းသွားပြီး ..ညတိုင်းအမေနဲ့ အတူအဖော်ပြုပေးခဲ့တယ် ...။ ဒါဟာ မောပန်းပြီး စိတ်ဖိစီးစရာ ဖြစ်ပေမယ့် ကျွန်တော်ဒီလိုပဲ အမေ့ကို အဖော်ပြုပေးချင်ခဲ့တယ် ...။ ကျွန်တော့်ရဲ့ ညနေတွေဟာ ခက်ခဲလွန်းနေပေမယ့် ... နေ့ပိုင်းမှာ အကောင်းဆုံး အတိုင်ပင်ခံ ဖြစ်အောင်လုပ်မယ်ဆိုပြီး ကျွန်တော်ဆုံးဖြတ်ထားတယ် ..။ ကျွန်တော် ဥက္ကဌ ကို ကျွန်တော့် အခြေအနေကြောင့် ဒုက္ခမခံစေချင်ဘူး ..။ ဒါပေမယ့် ကျွန်တော်ဘာတွေ တွေ့ကြုံခံစားနေရလဲ ဆိုတာကို ကုမ္ပဏီမှာ ရှိတဲ့ တစ်ယောက်ယောက်ကို အသိပေးဖို့လိုအပ်တယ်လို့ ကျွန်တော်ခံစားရတယ် ..။ ဒါနဲ့ပဲ လူ့စွမ်းအားရင်းမြစ်ဋ္ဌာန က ဒုဥက္ကဌ ကိုဖွင့်ပြောထားလိုက်တယ် ...။ တစ်ခြားသူတွေကို မပြောဖို့လည်း သူ့ကို သတိပေးထားလိုက်တယ် ..။

ရက်အနည်းငယ်ကြာတော့ ဥက္ကဌ က ကျွန်တော့်ကို သူ့ရုံးခန်းထဲခေါ်တယ် ..။ ကျွန်တော်ကတော့ ကျွန်တော်တို့ လက်ရှိဆောင်ရွက်နေတဲ့ ကိစ္စတွေထဲက တစ်ခုခုကို ဆွေးနွေးမယ်ပဲထင်နေတာပေါ့ ...။ ရုံးခန်းထဲရောက်တော့ ကျွန်တော့်ကိုထိုင်ခိုင်းတယ် ..။ ကျွန်တော့်ကို ကြည့်ပြီးမေးတယ် .. " ညီလေးအမေ ... အရမ်းနေမကောင်းဖြစ်နေတယ်ဆို ..."

ကျွန်တော်လည်းရုတ်တရတ်ဆိုတော့ အံ့အားသင့်သွားတယ် ... ၀မ်းနည်းလာပြီး မျက်ရည်တွေစီးကျလာတယ် ...။ ဥက္ကဌ က ကျွန်တော့်ကို တစ်ချက်ကြည့်ပြီး ... ကျွန်တော်ငိုနေတာကို စောင့်ပေးတယ် ..။ ပြီးတော့မှ ... သိမ်မွေ့တဲ့ စကားလေးတစ်ခွန်းကို ပြောတယ် ...။ ကျွန်တော်တစ်သက်လုံးသတိရနေမယ့်စကားလေးပါပဲ ...
ဘာပဲလိုလိုပြောပါ တဲ့ ...။

ဒါလေးပါပဲ ... ။ သူ့ရဲ့နားလည်ပေးမှု နဲ့ ကျွန်တော့်ရဲ့ နာကျင်ကြေကွဲမှုကို စာနာပေးချင်တဲ့စိတ်ဓာတ်၊ ဘာမဆို ကူညီပေးမယ့် ကရုဏာ အရည်အချင်း .. ဒါတွေဟာ ကျွန်တော့်ဘ၀တစ်လျှောက်လုံး ကျွန်တော်သယ်ဆောင်သွားမယ့် အမှတ်တရတွေပါပဲ ...။

Martin Rutte



Peace B with U.

မေမေ့ဆီကစာ


ဒီဟာသလေးကို ဖတ်ခဲ့ရတာ တော်တော်ကြာပါပြီ ...။
မူကွဲ နှစ်မျိုးသုံးမျိုးလောက်ရှိပါတယ် ...။ forward လုပ်ပြီးပို့တာလည်းရခဲ့ဖူးပါတယ် ...။
ပျော်စရာကောင်းလို့ထပ်ပြီးဘာသာပြန်ပေးလိုက်တာပါ....။

သားငယ်ရေ ...

မေမေ အသက်ထင်ရှားရှိသေးကြောင်း အသိပေးတဲ့ အနေနဲ့ စာနည်းနည်းရေးလိုက်တာပါကွယ် ...။
မေမေ ဖြည်းဖြည်းပဲရေးတယ် .. သားလေးက စာဖတ်နှေးတယ်ဆိုတာ မေမေသိနေတာကိုး ...။
သားလေးရေး မင်းကတော့ မေမေတို့ဘယ်မှာနေလဲသိမှာမဟုတ်ဘူး ... အခုအိမ်ပြောင်းသွားလို့လေ ...။ မင့်အဖေက .. သတင်းစာထဲမှာ ... ရာဇ၀တ်မှုတွေက နေအိမ်နဲ့ မိုင်နှစ်ဆယ်ပတ်လည်မှာဖြစ်တယ်လို့ ဖတ်လိုက်ရတာနဲ့ ချက်ချင်းပြောင်းကြတာကွဲ့ ...။ အခုပြောင်းတဲ့အိမ်မှာ အရင်နေသွားတဲ့သူတွေက အိမ်နံပါတ်ရေးထားတဲ့ဆိုင်းဘုတ်ကို ဖြုတ်ယူသွားတာနဲ့ မေမေတို့မှာ အခု လိပ်စာမရှိဘူးသားရေ ... ။ သူတို့က အိမ်လိပ်စာ မပြောင်းချင်လို့ဆိုင်းဘုတ်ယူသွားတာလို့တော့ပြောသွားတယ်ကွဲ့ ..။

မင်းဖေဖေကတော့ အလုပ်ကောင်းကောင်းရထားတယ်ကွဲ့ .. သူ့လက်အောက်မှာ လူ ၇၀၀ ရှိတယ် ...။ သူက သင်္ချိင်္ိုင်းမှာမြက်ရိတ်ရတာလေ ...။ အိမ်သစ်မှာ အ၀တ်လျှော်စက်လည်း ရှိတယ် သားရေ...။ ဒါပေမယ့် သိပ်ကောင်းကောင်းအလုပ်မလုပ်ဘူး ... မေမေ ...ရှပ်အင်္ကျီ ၁၂ ထည်ထည့်ပြီး... ခလုတ်ကိုဆွဲလိုက်တာ ...။ အင်္ကျီတွေကို အဲဒီထဲက ပြန်မမြင်ရတော့ဘူး ...။

မင်းညီမ ကောလင်းလည်းဒီမနက် ကလေးမွေးတယ် ... ကလေးကို မမြင်ရသေးလို့ (ယောက်ျားလေးလား ...မိန်းကလေးလား) တူလေးလား၊တူမလေးလား မပြောတတ်သေးဘူး .. မင်းလည်း ဦးလေးဖြစ်မလား အဒေါ်ဖြစ်မလား မသိရသေးဘူးပေါ့ .

မင်းဦးလေး မစ်ကတော့ ပြီးခဲ့တဲ့ အပတ်မှာ ဒပ်ဘလင် အရက်ချက်စက်ရုံက ၀ီစကီ စည်ထဲကျသေလေရဲ့ ... သူ့ရဲ့မိတ်ဆွေတွေကယ်ဖို့ကြိုးစားကြသေးတယ် ...။ မင်းဦးလေးက သူတို့ကို ရဲရဲရင့်ရင့် ပြန်တိုက်ခိုက်ခဲ့သေးတယ် ....။
သူ့ရုပ်ကလာပ်ကို မီးသင်္ဂြိုဟ်တော့ ... မီးငြိမ်းအောင်လေးရက်စောင့်ရတယ်ကွဲ့ ..။

ပြီးခဲ့တဲ့ အပတ်က မေမေ ဆရာဝန်သွားပြရသေးတယ် ...။ ဆရာဝန်က မေ့မေ့ပါးစပ်ထဲကို ဖန်ပြွန်သေးသေးလေးထည့်ပြီး ... ငါးမိနစ်လောက် စကားမပြောနဲ့လို့မှာတယ် ...။ ... မေမေလည်းငြိမ်နေလိုက်ရတာပေါ့ ... ဆေးခန်းကပြန်တော့ ..မင်းအဖေက အဲဒီဖန်ပြွန်လေး ပြန်ရောင်းစမ်းပါဆိုပြီး ဆရာဝန်ကို အတင်းကို ရောင်းခိုင်းနေတော့တာ ...။

ဒီတစ်ပတ်မှာ မိုးနှစ်ကြိမ်ပဲရွာတယ် ... ပထမတစ်ကြိမ်ရွာတာက လေးရက်ကြာတယ် ...။ ဒုတိယတစ်ကြိမ်ရွာတာက သုံးရက်ကြာတယ် သားရေ ..။

သုဘရာဇာက မေမေတို့ဆီကိုစာပို့တယ် သားရဲ့ ...။ သားအဖွားရဲ့ ... အုတ်ဂူဖိုး ဒီတစ်ပတ်မှာ အကျေမချေနိုင်ရင် ... သူ့ကိုပြန်ရှင်အောင်လုပ်ပစ်လိုက်မယ်တဲ့ ...။

သားလေးရဲ့ မေမေ ..

(စာကြွင်း .. သားကို အိုင်းရစ်ငွေ ၁၀ ထည့်ပေးလိုက်မလို့ဘဲ ... စာအိတ်ကပိတ်လိုက်ပြီးသားဖြစ်နေလို့ ..)



Peace B with U.

Friday, January 2, 2009

နှစ်သစ်သန္နိဋ္ဌာန်






နှစ်သစ်ရောက်ပြီ ...
စောစောအိပ်မယ် ...
အလုပ်နည်းနည်းလျှော့လုပ်မယ်..
လေ့ကျင့်ခန်းပိုလုပ်မယ် ...
အစားနည်းနည်းလျှော့မယ် ...
စူစကာ ပုဏ္ဏားဆန်လာတဲ့၊ (၀ါ) သစ္စကပရိဗိုဇ်ကိုတုပလာတဲ့ ... ၀မ်းဗိုက်ကို နည်းနည်းဆုံးမရတော့မယ် ...။
၂၀၀၉ မှာ ... ၂၀၀၈ မှဖြစ်ထွန်းအောင်မြင်လာတဲ့ အဆိုးမြင်တတ်လာတာကို နည်းနည်းလျှော့မယ် ...။

Resolutions For New Year !!!!

.



Peace B with U.

Thursday, January 1, 2009

ကောင်းကင်ဘုံသို့လှမ်းတက်ခြင်း



တကယ်လို့ မေတ္တာတရား ကပေးတဲ့ ကိုယ်ချင်းစာနာမှုမရှိရင် ဘယ်သူမှ တစ်ခြားလူတွေရဲ့ နှလုံးသားကို နားလည်ပေးနိုင်မှာ မဟုတ်ဘူး ...။
( Henry Ward Beecher )


အရောင်းသမား ဘ၀တစ်လျှောက်လုံးမှာ ဆက်ဆံရခက်တဲ့ ဈေးဝယ်သူတွေကို ကျွန်မအံ့အားသင့်ခဲ့ရတယ် ...။ ဘာလို့သူတို့မှာ အမုန်းတရားတွေများနေတာလဲ...။ ဘာလို့ သူတို့ဟာ မကြင်နာတတ်တာလဲ။
ဘာလို့ စဉ်းစားဆင်ခြင်ဉာဏ်ကြီးသူတွေဟာ ရုတ်တစ်ရတ် လောက၀တ်တွေ မေ့လျော့သွားရတာလဲ ....။

တစ်နေ့မှာတော့ ဈေးဝယ်သူတွေရဲ့ အတွေးကို ကျွန်မ ထွင်းဖောင်နားလည်ခွင့် ရခဲ့ပါတယ်....။ ကျွန်မ အမျိုးသားရဲ့ တေးသံသွင်းဆိုင်ကို သွားလည်တုန်းကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ပါ...။ အမျိုးသားက ဈေးဝယ်သူတစ်ယောက်ကို ရောင်းနေတုန်းမို့လို့ ... ကျွန်မလည်း ဇနီးကောင်းတွေရဲ့ ထုံးစံအတိုင်းပေါ့ ... ဆိုင်မှာ ကောင်တာထိုင်ပေးနေလိုက်တယ် ..။ အမျိုးသားရဲ့ဆိုင်မှာက အရောင်းဝန်ထမ်း အပိုလည်းမရှိဘူးဆိုတော့ ဒီလိုပဲ ကူညီရတာပါပဲ..။


ညစ်ပေနေတဲ့ John Deere ဦးထုပ်ကို အညိုရောင်ဆံပင်ပါးပါး ပေါ်မှာ ကြပ်နေအောင်ဆောင်းထားတဲ့ အဘိုးအိုတစ်ယောက်ဆိုင်ထဲဝင်လာပြီး "သီချင်းခွေ ရှာချင်လို့ပါ " လို့ပြောတယ် .. ။ "သီချင်းနာမည်က .."ဆိုပြီး .... အဘိုးအိုက ဟောင်းနွမ်းညစ်ထေးနေတဲ့ ပုံနှိပ်စက္ကူခေါက်လေးကို ဂျင်းဘောင်းဘီအိတ်ထဲက ထုတ်ပြီး "ကောင်းကင်ဘုံကိုသွားတဲ့လှေကား ၊ ... အဲဒီအခွေလေးများရှိလား ..." လို့ မေးလိုက်တယ် ..။

ကျွန်မလည်း နံရံမှာကပ်ထားတဲ့ သီချင်းတွေ၊သီချင်းခွေတွေကို စာရင်းလုပ်ထားတဲ့ ကဒ်တွေ ရှေ့မှရပ်ပြီး အဲဒီသီချင်းကို စေ့စေ့စပ်စပ်ရှာကြည့်လိုက်တယ်။ ကံကောင်းတဲ့နေ့တွေမှာဆိုရင် သီချင်း စာရင်းကဒ်တွေက အက္ခရာဝလိ စဉ်ထားတတ်ပေမယ့် ဒီနေ့မှာတော့ ကဒ်တွေက အစီအစဉ်လွဲနေတယ်...။ ကျွန်မ မိနစ်ပေါင်းများစွာ ရှာပေးနေတုန်း သူ့ရဲ့ မခံမရပ်နိုင်မှုဟာ ပိုပိုကြီးထွားလာတယ်...။

"ကျွန်မတောင်းပန်ပါတယ်ရှင်၊ ဒီသီချင်းက ဆိုင်မှာရှိပုံမရဘူး"

သူ့ရဲ့ အနောက်ကို ခွက်ဝင်နေတဲ့၊ အရည်လဲ့နေတဲ့ မျက်လုံးပြာတွေဟာ ကျဉ်းမြောင်းသွားတယ်..။ ဘယ်လိုမှ ခန့်မှန်းမတတ်အောင်ပါပဲ .. သူ့ဇနီးသည်က သူ့ရဲ့ အင်္ကျီလက်ကိုလှမ်းကိုင်လိုက်ပြီး သူ့ကို ဆိုင်အပြင်ထွက်ဖို့ ဆွဲခေါ်တယ်...။ အဖိုးအိုရဲ့ နှုတ်ခမ်းဟာဒေါသကြောင့် တွန့်လိမ်နေတယ်။

"ကောင်းပါပေ့ .. ဒီလောက်နာမည်ကျော်တဲ့ သီချင်းတောင်မရှိဘဲနဲ့ ဘာလို့ တေးသံသွင်းဆိုင်လို့ ဆိုင်းဘုတ်ထောင်ထားသေးလဲ ... ဒီလို သီချင်းမျိုးမရှိတဲ့ ဆိုင်က ဘာအသုံးကျတဲ့ဆိုင်လဲ .... ကလေးတိုင်း ဒီသီချင်းကို သိတယ်" ဆိုပြီး အဖိုးအိုက အော်ဟစ်ပေါက်ကွဲနေတော့တယ်...။

"ဟုတ်ပါလိမ့်မယ် ... ဒါပေမယ့် ကျွန်မတို့ အနေနဲ့လည်း သီချင်းအားလုံးတော့ ရှိမနေနိုင်ပါဘူး "လို့ကျွန်မကပြောလိုက်တယ်...။

"အိုး ... ခင်ဗျားကတော့လွယ်လွယ်လေးပြောတာပေါ့ ...။ ဆင်ခြေတွေက လည်းပေးရ လွယ်မှလွယ်ကိုး ...။"

သူ့ဇနီးသည်က သူ့အင်္ကျီလက်ဆွဲရင်း တိုးတိုးကြိတ်ကြိတ်ဖျောင်းဖျတယ်၊ သူကို စိတ်ပြေသွားအောင် ကြိုးပမ်းတယ် ... ဒေါသထွက်နေတဲ့ မြင်းရိုင်းကြီးကို မြင်းထိန်းက ချော့နေသလိုမျိုးပါပဲ ....။

အဘိုးအိုဟာ .... ကျွန်မဘက်ကို ငုံ့ကိုင်းပြီး .. သူ့ရဲ့အ ရေတွန့်နေတဲ့ လက်ချောင်းနဲ့ ကျွန်မမျက်နှာကို လက်ညှိုးထိုးပြီး " ငါသိပါတယ် ... မင်းဘယ်လိုမှ နားလည်နိုင်မှာမဟုတ်ဘူးဆိုတာ ငါသိပါတယ် ...။ မင်းကငါ့သားဆုံးသွားတာကို ဘယ်ဂရုစိုက်ချင်ပါ့မလဲ ...။သူက Camaro ကားမောင်းလာရင်းနဲ့ သစ်ပင်နဲ့ တိုက်မိပြီးဆုံးပါးသွားတယ် ..။ သူ့အတွက် သူအကြိုက်ဆုံး သီချင်းကို သူ့ ဈာပနမှာဖွင့်ပေးမလို့ .. အခုတော သားလေးဆုံးပြီကွ ... သူဆုံးရှာပြီ ... ၁၈ နှစ်ထဲရှိသေးတယ် ... သူဆုံးရှာပြီ ..."

ကျွန်မမျက်နှာရှေ့မှာ ဝှေ့ယမ်းနေတဲ့စာရွက်ငြိမ်သွားတော့ မှသေချာကြည့်မိတယ် .... ဈာပနအတွက် အောက်မေ့ဖွယ်အခမ်းအနား စာရွက်လေးဖြစ်နေတယ်...။

"မင်းငါ့ကိုနားလည်မှာမဟုတ်ဘူးဆိုတာ ငါရိပ်မိပါတယ် ..."
လို့ အဘိုးအိုက တိုးတိုးလေးပြောလိုက်တယ် ...။ သူခေါင်းကိုငိုက်စိုက်ချလိုက်တယ် .. သူ့ဇနီးသည်ကို သူ့လက်မောင်းကိုဆုပ်ကိုင်ရင်း သူ့နံဘေးမှာ တွေတွေလေးရပ်နေတယ် ...။

"အဘိုးရဲ့ ဆုံးရှုံးမှုကို ကျွန်မ ဘယ်လိုမှနားမလည်နိုင်ဘူးဆိုတာဖြစ်နိုင်ပါတယ်" လို့ကျွန်မက အေးအေးချမ်းချမ်းပဲပြောလိုက်တယ် ... " ဒါပေမယ့် ကျွန်မတို့လည်း လေးနှစ်ပဲရှိသေးတဲ့ ကျွန်မတိုတူလေး ပြီးခဲ့တဲ့လကတင် ဆုံးပါးသွားလို့ ဈာပနလိုက်ပို့ခဲ့ရပါသေးတယ် ...
အဲဒါဟာ ဘယ်လောက် ထိခိုက်ကြေကွဲစရာကောင်းလဲဆိုတာ ကျွန်မသိလိုက်ပါတယ် ..."


သူက ကျွန်မကို ကြည့်လိုက်တယ် ...။ ဒေါသအရိပ်အရောင်တွေလည်း လျောကျလွင့်စင်သွားပါတယ် ...။ "အဲဒါဟာ ရှက်ရွံ့စရာ ခံစားချက်ပဲမဟုတ်လား ...၊ ငါတို့မကာကွယ် ပေးလိုက်နိုင်ဘူးဆိုတဲ့ နောင်တနဲ့ညစ်ထေးနေတဲ့ ရှက်ရွံ့တဲ့ခံစားချက်ပဲပေါ့ ..." လို့နာနာကျင်ကျင်ခံစားရတဲ့အသံနဲ့တိုးတိုးလေးပြောလိုက်တယ် ... ... ကျွန်မတို့ဟာ စကားတစ်ခွန်းမှမဆိုဖြစ်တော့ပဲ အကြာကြီးရပ်နေမိကြတယ် ...။ နောက်တော့ အဘိုးအိုက သူ့ရဲ့ ဘောင်းဘီနောက်အိတ်ကို လက်နဲ့စမ်းပြီး .. ပိုက်ဆံအိတ်ကိုဆွဲထုတ်လိုက်တယ် ... ပြီးတော့ " ငါတို့ရဲ့သားလေးပုံကို ကြည့်ပါဦး" လို့ပြောလိုက်လေရဲ့...။

(Joanna Slan)




Peace B with U.

Wednesday, December 31, 2008

ဂျက်ဆီလေးအတွက် လက်အိတ်တစ်စုံ


ကြင်နာစွာ ကိုယ်ချင်းစာလိုက်တဲ့ အပြုအမူတစ်ခုဟာ တစ်ခါတစ်ရံမှာ သူ့ဘာသာသူ အကျိုးပြန်ပေးတတ်ပါတယ် ...။
( ၀ီလျံ ဂျေ ဘန်းနက်)

ကျွန်တော်က နိုင်ငံအနှံ့စတိုးဆိုင်တွေရှိတဲ့ စာ့ခယ်ခေ(Circle K) ကော်ပိုရေးရှင်း အတွက် စီမံခန့်ခွဲမှုသင်တန်းတွေ အမြောက်အများ ပေးခဲ့ဖူးပါတယ်။ ကျွန်တော်ဟောပြောခဲ့တဲ့ ခေါင်းစဉ်တွေထဲမှာအရည်အချင်းပြည့်ဝတဲ့ ၀န်ထမ်းတွေကို ထိန်းသိမ်းထားခြင်းနဲ့ ပတ်သက်တဲ့ ခေါင်းစဉ်တစ်ခုလည်း ပါပါတယ် .. ။ ၀န်ဆောင်မှုလုပ်ငန်းတွေမှာ လစာနှုန်းထား သတ်မှတ်ပေးရတာဟာ မန်နေဂျာတွေအတွက်တော့ တကယ့်စိန်ခေါ်မှုကြီးတစ်ခုပါပဲ...။ အဲဒီဆွေးနွေးပွဲမှာ ... သင်တန်းသားတွေကို ကျွန်တော်မေးခွန်းတစ်ခုမေးခဲ့တယ်။

"မန်နေဂျာတစ်ယောက်ဖြစ်လာတဲ့အထိ ဒီအလုပ်မှာမြဲနေအောင် ဘယ်အရာက လုပ်ပေးခဲ့လဲ"

အချိန် အတော်လေးကြာတော့ မန်နေဂျာအသစ်လေးတစ်ယောက်က မေးခွန်းကို ဖြည်းဖြည်းလေး ဖြေတယ် ...၊ "၁၉ဒေါ်လာပေးရတဲ့ လက်အိတ်လေးတစ်စုံပါ" ..။

စင်သီယာဆိုတဲ့ အဲဒီမန်နေဂျာအသစ်လေးက ဒီကော်ပိုရေးရှင်းမှာ ယာယီအလုပ်သမားတစ်ယောက် အနေနဲ့ အလုပ်စ၀င်တော့ ဒီထက်ပိုကောင်းမယ့် အခွင့်အလမ်းကို ရှာခဲ့တဲ့အကြောင်း သင်တန်းသားတွေအားလုံးကို ပြောပြတယ်။ ကောင်တာနောက်မှာ နှစ်ရက်သုံးရက်ထိုင်ပြီးတဲ့နေ့မှာ သူမဆီကို ကိုးနှစ်အရွယ်ရှိနေပြီဖြစ်တဲ့ သူမသားလေး ဂျက်ဆီက ဖုန်းဆက်တယ်။ သူက ကလေး ဘေ့စ်ဘောပြိုင်ပွဲ အတွက် လက်အိတ်လေးတစ်စုံလိုတဲ့အကြောင်းပြောပြတယ် ...။ သူမကလည်း အမျိုးသားမရှိတော့တဲ့ တစ်ကိုယ်တည်း အမေတစ်ယောက် အနေနဲ့ ငွေပိုငွေလျှံ မရှိတဲ့ အကြောင်း၊ ပထမဆုံးရတဲ့ လခကလည်း ပေးစရာရှိတဲ့ အခွန်အခတွေ ပေးရမှာဆိုတဲ့အကြောင်း ၊ ဒုတိယလခ ဒါမှမဟုတ် တတိယလခ ရတဲ့ အခါလောက်မှ ၀ယ်ပေးနိုင်မယ် ဆိုတဲ့အကြောင်း သားလေးကို ရှင်းပြလိုက်တယ်။

သူမ နောက်တစ်နေ့  အလုပ်ဆင်းတဲ့အခါမှာ ကုန်လှောင်ရုံ မန်နေဂျာ ပတ်ထရစ်ရှားက စတိုးဆိုင်နောက်နားက ရုံးခန်းလုပ်ထားတဲ့ အခန်းကျဉ်းလေးထဲကို လာခဲ့ပါလို့ခေါ်လိုက်တယ်။ စင်သီယာက သူဘာများ အမှားလုပ်မိလို့ပါလိမ့်၊ မနေ့က လုပ်စရာရှိတာတစ်ခုခုများ မပြီးဘဲကျန်ခဲ့လို့လား ဆိုပြီး စိတ်ပူသွားတယ်။ စိတ်တွေက ရှုပ်ထွေးမွန်းကြပ်သွားတယ်...။

ရုံးခန်းထဲရောက်တော့ ပတ်ထရစ်ရှားက သူမကို ဘူးလေးတစ်ဘူးပေးလိုက်တယ်။
"မနေ့က ရှင် သားလေးနဲ့ ပြောနေတာကို ကြားလိုက်မိလို့ပါ ၊ ကလေးတွေကို ရှင်းပြရတာ တကယ်ခက်ခဲမှန်း ကျွန်မ နားလည်ပါတယ်၊ ဒါလေးက ဂျက်ဆီလေးအတွက် ဘေ့(စ်)ဘော လက်အိတ်ပါ ... ကလေးအနေနဲ့ သူ့ကိုယ်သူ ဘယ်လောက်အရေးကြီးတဲ့သူမှန်း သိမှာမဟုတ်သေးဘူးလေ .. ရှင် က အခွန်ဆောင်စရာတွေကို အရင်ဆောင်ရတာမှန်ပေမယ့် ကလေးအတွက်ကတော့ နားလည်ချင်မှနားလည်မှာမို့လို့ပါ ...။ ပြီးတော့ ကျွန်မတို့အနေနဲ့လည်း အခုအချိန်အခါမှာ ၀န်ထမ်းတွေကို လစာတိုးပေးချင်သလောက် မတိုးပေးနိုင်သေးမယ့် ကျွန်မတို့ ဟာ ၀န်ထမ်းတစ်ဦးစီကို ဂရုစိုက်ပါတယ်၊ ရှင် ဟာ ကျွန်မတို့အားလုံးအတွက် အရေးပါတဲ့သူဆိုတာကိုလည်း သိစေချင်လို့ပါ ... ။"


...
....
.........


ကုန်လှောင်ရုံမန်နေဂျာ ရဲ့ အမြော်အမြင်ရှိမှု ၊ ကိုယ်ချင်းစာနာထပ်တူခံစားပေးတတ်မှု နဲ့ ချစ်ခြင်းမေတ္တာက ၀န်ထမ်းတွေဟာ အလုပ်ရှင်ကဘယ်လောက်ပေးတယ်ဆိုတာထက် အလုပ်ရှင်က ကိုယ့်ကို ဘယ်လောက် ဂရုစိုက်တယ်ဆိုတာကို ပို မှတ်မိတဲ့ အကြောင်းကွက်ကွက်ကွင်းကွင်း ဖော်ပြနေပါတယ်။ ဘေ့(စ်)ဘော လက်အိတ်လေးကပေးတဲ့ အရေးကြီးတဲ့ သင်ခန်းစာတစ်ခုပါပဲ ...။ ။

(Rick Phillins)



....အလ္လာပသလ္လာပ (အဓိပ္ပါယ်မရှိဘဲ ရောက်တတ်ရာရာ) စကားတွေပြောရရင်တော့ ... အခု Chicken Soup for the Soul At Work ဆိုတဲ့ စာအုပ်လေးဖတ်နေပါတယ် ...။ ဇာတ်လမ်း ၁၀၁ ခုပါတယ် ...။ အားတဲ့ အခါတိုင်း ဘာသာပြန်ပြီး တင်ပေးသွားပါမယ် ... ။ ဤမှန်သောသစ္စာစကားကြောင့် အလုပ်ရှာနေကြသော သူငယ်ချင်းအပေါင်း တို့သည် .. စိတ်ဖိစီးမှုနှင့် ကြွေးပူကင်း၍ ကျန်းမာ ထီပေါက် နိဗ္ဗာန်ရောက် ... အဲလေ ...

အင်တာဗျူးအောင် ...
ချက်ချင်းခန့်ခံရ ...
S-pass လည်း အမြန်ဆုံး approved ဖြစ်
ဆေးစစ်ရင်လည်း ပြဿနာမတက် ...
MOM မှာလည်း အဆင်ပြေ ...
Work Pass Center မှာလည်း မစောင့်ရ ...
အလုပ်မှာလည်း စိတ်ဖိစီးမှု နတ္ထိ ...
လခလည်းများများရ၍
သူငယ်ချင်းအပေါင်းကို စားပိုးနင့်အောင် ကျွေးနိုင်ကြပါစေလို့ ..
သာယာမှုနဲ့ သာသနာပြု .. အဲလေ .. ဆုတောင်းပတ္ထနာကို ဥုံသြောင်းမညံ ... ဇလုံ၊တောင်းမလှန် ဘဲ ... အကုန်တောင်းခံလိုက်ပေတယ် ... ။ ကဲ ရွာစားရေ ... စီရရီကံလေးတွေ ပွင့်သွားအောင် ၀ီစကီ အကျန်လေးကို ဗိန်းမောင်း နဲ့ဖွင့် .... ။ ။ :)



Peace B with U.

ဒေါ်လာ ၂၀ တန်တစ်ရွက်




ထင်ရှားကျော်ကြားတဲ့ စာဟောဆရာတစ်ယောက် က ဒေါ်လာ ၂၀ တန်တစ်ရွက်ကို ကိုင်ပြီး ... ဟောပြောပွဲကို စတင်လိုက်တယ် ...။
ဟောပြောပွဲ ခန်းမထဲမှာက လူ ၂၀၀ ရှိတယ်...။
စာဟောဆရာက ဒီ ၂၀တန်ကို လိုချင်ရင်လက်ထောင်ပါ
လို့ပြောလိုက်တယ်...။
လူတစ်ချို့လက်ထောင်ကြတယ် ...။

"ကျွန်တော် ခင်ဗျားတို့ထဲကတစ်ယောက်ကို ဒီ ၂၀တန်ပေးလိုက်မှာပါ ... ဒါပေမယ့် မပေးခင်ကျွန်တော် ဒီလိုလုပ်ပါရစေ"

သူ ၂၀ တန်ကို လုံးချေပစ်လိုက်တယ် ....။ ပြီးတော့ထပ်မေးတယ် ..။
"ကဲဘယ်လိုလဲ ... လိုချင်သေးရဲ့လား"
လက်တွေ ထောင်မြဲထောင်ကြတယ်။
"ကောင်းပြီလေ ... ကျွန်တော်ဒီလိုလုပ်ပစ်လိုက်ရင်ရော ..."
သူ ၂၀ တန်ကို မြေကြီးပေါ်ပစ်ချလိုက်တယ် ... သူ့ဖိနပ်နဲ့ နင်းချေတယ် ... ပြီးမှပြန်ကောက်လိုက်တယ် ...
"အခုတော့ တွန့်ကြေညစ်ထေးသွားပြီ .... လိုချင်သေးရဲ့လား ..."
လက်တွေ ထောင်မြဲထောင်ကြတယ်။

အဲဒီအခါမှာ စာဟောဆရာက ..

"မိတ်ဆွေတို့ ... သင်တို့အားလုံးဟာ တန်ဖိုးကြီးတဲ့ သင်ခန်းစာကို တတ်မြောက်သွားပါပြီ ...။ ကျွန်တော် ပိုက်ဆံကို ဘယ်လိုပဲလုပ်လုပ် သင်တို့အားလုံးဟာ ဒီပိုက်ဆံကို အလိုရှိမြဲ အလိုရှိကြတယ် ...။ ဘာလို့လည်းဆိုတော့ ကျွန်တော့်ရဲ့ လုပ်ဆောင်ချက်ကြောင့် ...ပိုက်ဆံရဲ့တန်ဖိုး ကျဆင်းမသွားဘူးဆိုတာ သင်တို့သိနေလို့ပါပဲ ...။ ဘယ်လိုပဲလုပ်လုပ် ဒေါ်လာ ၂၀ က ဒေါ်လာ ၂၀ ပါပဲ ...။ ကျွန်တော်တို့တစ်တွေဟာ ဘ၀မှာ ဆုံးဖြတ်ချက်လွဲမှားမှု နဲ့ လောကဓံတွေကြောင့် အကြိမ်ပေါင်း မြောက်များစွာ လဲကျကြတယ်၊ ချေမွခံကြရတယ် ၊ ညစ်ပေစွန်းထင်းကြတယ် .. အဲဒီအခါမှာ ... ကိုယ့်ကိုယ်ကို တန်ဖိုးမဲ့သွားပြီလို့ ခံစားရတယ် .... ဒါပေမယ့် ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော်တို့ရဲ့ တန်ဖိုးဟာ ဘယ်တော့မှ မလျော့ပါဘူး .. သန့်ရှင်းတာ၊စွန်းထင်းတာ ... ကြေမွနေတာ၊သပ်ရပ်နေတာ ...ဘယ်လိုပဲဖြစ်ဖြစ် တန်ဖိုးကမလျော့သွားပါဘူး ...။ ကျွန်တော်တို့ကို ချစ်ခင်တဲ့လူတွေ အတွက်တော့ ကျွန်တော်တို့ဟာ တန်ဖိုးမဖြတ်နိုင်အောင်ဖြစ်နေမှာပါပဲ ..။ ကျွန်တော်တို့တွေရဲ့ ဘ၀တန်ဖိုးဟာ ကျွန်တော်တို့ဘာတွေလုပ်တယ်၊ ဘယ်သူတွေနဲ့သိတယ် ဆိုတာထက် ကျွန်တော်တို့ဘယ်သူဖြစ်တယ်ဆိုတာပေါ်မှာပဲမူတည်ပါတယ် ...။ ကျွန်တော်တို့အားလုံးဟာ ထူးမြတ်ကောင်းမွန်တဲ့သူတွေချည်းပါပဲ ...။ အဲဒါကို ဘယ်တော့မှမမေ့လိုက်ပါနဲ့ ...။ ။"




Peace B with U.

Tuesday, December 30, 2008

နွားနို့တစ်ခွက် ...

လူငယ်လေးတစ်ယောက်ဟာ တစ်အိမ်တက်တစ်အိမ်ဆင်း ပစ္စည်းလေးတွေရောင်းရင်း ကျောင်းတက်ဖို့ပိုက်ဆံစုနေတယ် ...။ တစ်နေ့တော့ ဗိုက်လည်းအရမ်းဆာနေတယ် ...။ရှာကြည့်တော့ သူ့မှာအကြွေတစ်စေ့ ပဲကျန်တော့တယ် ...

ဒါနဲ့ သူကရှေ့လာမယ့်အိမ်တစ်အိမ်အိမ်မှာ စားစရာတစ်ခုခုတောင်းစားဖို့ ဆုံးဖြတ်လိုက်တယ် ...။ ... ဒါပေမယ့် ...
လှပချောမောတဲ့အမျိုးသမီးတစ်ယောက် တံခါးဖွင့်လိုက်တဲ့အချိန်မှာ သူစားစရာတောင်းဖို့ မ၀ံ့ရဲတော့တာနဲ့ ... အစားအစာ အစား ရေတစ်ခွက်ပဲတောင်းလိုက်တယ် ... ။ သူမက ကောင်လေးဆာလောင်နေပုံရတာကို ရိပ်မိတာနဲ့ ... နွားနို့ ခွက်ကြီးတစ်ခွက်နဲ့အပြည့် ယူလာပေးလိုက်တယ် ...။

ကောင်လေးကနွားနို့ကို ဖြည်းဖြည်းလေးသောက်တယ် ... ။ ပြီးတော့ ကျွန်တော်ဘယ်လောက်ပေးရမလဲ လို့မေးတယ်...။ ... ဘာမှပြန်ပေးဖို့မလိုပါဘူး ၊ ကြင်နာမှုအတွက် အဖိုးအခမယူဖို့ ငါ့အမေက သင်ထားတယ်လို့ အမျိုးသမီးကပြောတယ် ။ ဒါဆိုရင် ကျွန်တော် ဒီကျေးဇူးကို ကျွန်တော့်တစ်သက်လုံးမှတ်ထားပါမယ် ....။ ဒီလိုနဲ့ ဟောင်းဝပ်ကယ်လီ ဆိုတဲ့ကောင်လေးက အဲဒီအမျိုးသမီးအိမ်ကထွက်လာတဲ့နောက်မှာ ...၊ ပိုပြီးကျန်းမာလာတယ် ... ဘုရားသခင်နဲ့ လူတွေကို ပိုယုံကြည်လာတယ် ...။

နှစ်တွေကြာလာတော့ ... အမျိုးသမီးကြီးဟာ ဆိုးဆိုးရွားရွားဖျားလာတယ်။ ဒေသခံဆရာဝန်တွေက လက်လျှော့ကြတယ် ...။ ... သူတို့က လူမမာ အမျိုးသမီးကြီးကို မြို့ကြီးကိုပို့ပြီးဆေးကုသကြတယ် ..။ မြို့ကြီးမှာ သူမရောဂါကို စစ်ဆေးဖို့ အထူးကုသမားတော်တွေပင့်ကြတယ် ...။ သမားတော်ကြီး ဟောင်းဝပ်ကယ်လီလည်း အတိုင်ပင်ခံဆရာဝန်ကြီးအနေနဲ့ ပင့်ဖိတ်ခံရတယ် ...။ သမားတော်ကြီးက လူနာ အမျိုးသမီးရဲ့ နာမည်နဲ့လိပ်စာကို ဖတ်ကြည့်ပြီး သူ့မျက်လုံးမှာ ထူးဆန်းတဲ့ အရိပ်အရောင် ဖြတ်သန်းသွားတယ် ..။

သမားတော်ကြီးဟာ ချက်ချင်းထပြီး ဆေးရုံကိုလိုက်သွားတယ် ..ဂျုတီကုတ်ဝတ်ပြီး ... လူနာအမျိုးသမီးရဲ့ အခန်းထဲကိုဝင်သွားတယ် ...။ သူလူနာအမျိုးသမီးကို မြင်မြင်ချင်းမှတ်မိသွားတယ် ...။ သမားတော်ကြီးဟာ လူနာအမျိုးသမီးကြီးရဲ့ အသက်ကို ကယ်တင်ဖို့ အစွမ်းကုန်ကြိုးပမ်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပြီး သူ့အတွက်စီစဉ်ပေးထားတဲ့ အခန်းကိုပြန်လာခဲ့တယ် ..။ အဲဒီနေ့ကစပြီး ... အဲဒီလူနာအမျိုးသမီးကြီးရဲ့ ကုသမှုနဲ့ပတ်သတ်ပြီး သူ အထူးဂရုပြုတယ် ...။

ကာလကြာရှည်စွာ ခက်ခက်ခဲခဲကုသ အပြီးမှာ သမားတော်ကြီးဟာ အသက်လုတိုက်ပွဲကို အနိုင်ရလိုက်တယ် ...။ သမားတော်ကြီးဟာ ဆေးရုံရဲ့ ဘဏ္ဍာရေးဝန်းထမ်းကို ခေါ်ပြီးဆေးကုသမှုကုန်ကျစရိတ်တွေကို အတည်ပြုဖို့ စာရွက်စာတမ်းတွေကို သူ့ဆီလွှဲခိုင်းလိုက်တယ် ...။ စာရွက်စာတမ်းတွေကို သူကြည့်ပြီး ငွေတောင်းခံလွှာရဲ့ အောက်ခြေထောင့်မှာ စာတစ်ချို့ရေးလိုက်တယ် ...။ ပြီးတော့ လူနာဆီကိုပို့ခိုင်းလိုက်တယ် ...။

လူနာအမျိုးသမီးကြီးဟာ ငွေတောင်းခံလွှာထည့်ထားတဲ့ စာအိတ်ကို ဖွင့်ဖို့ကြောက်နေရှာတယ် ...။ ဒီကုန်ကျစရိတ်ကို သူ့တစ်သက်လုံး ပေးဆပ်နေရတော့မှာကို သူသေချာသိတယ် ..။ နောက်ဆုံးမှာ သူအားတင်းပြီး စာအိတ်ကို ဖွင့်လိုက်တယ် ...။ ငွေတောင်းခံလွှာကို သေချာဖတ်တယ် ....။ စာရဲ့ အောက်ခြေကို ရောက်တော့ သူစာသားတစ်ကြောင်းကို တွေ့လိုက်ရတယ် ...။ "ကုန်ကျငွေအားလုံးကို နွားနို့တစ်ခွက်ဖြင့်ရှင်းပြီး ...(သမားတော်ကြီးဟောင်းဝပ်ကယ်လီ) " လို့သူအသံထွက်ပြီးဖတ်မိသွားတယ် ..။

အမျိုးသမီးကြီးရဲ့ ပါးပြင်ပေါ်မှာ ကြည်နူးမျက်ရည်တွေစီးကျလာတယ် ...။

အခန်းထဲကိုဖြည်းဖြည်းချင်းဝင်လာတဲ့ သမားတော်ကြီးနဲ့ စကားစမြည်ပြောပြီးတဲ့နောက်မှာ ...

အမျိုးသမီးကြီးက "လူတွေရဲ့နှလုံးသားတွေ၊ လက်တွေကနေတစ်ဆင့် မေတ္တာဖြန့်ဝေပေးလို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်" ဆိုပြီးကျေးဇူးတော်ကိုချီးမွမ်းလိုက်တယ် ...။ ။


သက်တံတွေအစင်းစင်း
ပန်းပွင့်တွေ .... ပလိုင်းနဲ့အမောက့် ...
တိမ်တွေက သစ်သီးလိုဝင်းမှည့် ..
လူသားတွေပြုံးလိုက်တဲ့ အခါ ....။ ။



Peace B with U.

ဖားပုံပြင် ....


လယ်သမားတစ်ယောက် စားသောက်ဆိုင်တစ်ခုကိုရောက်လာပြီး ဖားခြေထောက်တစ်သန်းလောက်မလိုဘူးလားလို့ ဆိုင်ရှင်ကို မေးတယ် ...။ ဆိုင်ရှင်က အံ့အားသင့်ပြီး ... ဒီလောက်များတဲ့ ဖားခြေထောက်တွေ ခင်ဗျားဘယ်လို ရနိုင်မှာလဲလို့ ပြန်မေးတယ်။

ကျုပ်တို့အိမ်နားက ရေကန်လေးမှာဖားတွေအပြည့်ပဲ ... သန်းနဲ့ချီရှိတယ်။ အဲဒီဖားတွေက တစ်ညလုံးအော်နေတာနဲ့ ကျုပ်လည်းစိတ်ပျက်လှပြီ ... လို့လယ်သမားကပြန်ပြောတယ် ...။

ဒီလိုနဲ့ပဲ လယ်သမားနဲ့ စားသောက်ဆိုင်ပိုင်ရှင်နဲ့ဆွေးနွေးပြီး အပတ်စဉ် ဖား အကောင်၅၀၀ ယူဖို့ သဘောတူလိုက်ကြတယ် ....။

ပထမအပတ်မှာ လယ်သမား အမှားလုပ်မိလို့ရှက်တဲ့မျက်နှာမျိုးနဲ့ စားသောက်ဆိုင်ကို ပြန်လာတယ် ...။ လက်ထဲမှာက ဖားပိစိကွေးနှစ်ကောင်ကို ကိုင်ရက်သားလေးနဲ့။ ဆိုင်ရှင်က ကျန်တဲ့ဖား ၄၉၈ ကောင် ရောဘယ်မှာလဲဆိုပြီး မေးတာပေါ့ ...

လယ်သမားကရှင်းပြတယ် ...။
ကျုပ်မှားသွားတာဗျ ...။ ရေကန်ထဲမှာက ဒီနှစ်ကောင်ပဲရှိတာ ...။ ဒါပေမယ့် ဒီနှစ်ကောင်ထဲနဲ့တင် အကောင် တစ်သန်းလိုဆူညံနေတာ ။ ။

<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<<< >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>


တစ်ကယ်လို့ တစ်ယောက်ယောက်ကသင့်ကို ဝေဖန်တယ်၊ လှောင်ပြောင်တယ် လို့ကြားရရင် ဒါလေးကို သတိရလိုက်ပါ ..ဒါဟာ ဆူညံတဲ့ဖားလေးနှစ်ကောင်လောက်ပါပဲ ဆိုတာ..။ ပြဿနာတွေ၊ အခက်အခဲတွေဟာ အမှောင်ထဲမှာတော့ အမြဲတမ်းပိုကြီးသလိုထင်ရတတ်တာပါပဲ ..။ တကယ်လို့ ညဘက်အိပ်ရာဝင်တဲ့ အခါ ဖားတွေသန်းနဲ့ချီအော်နေသလို ပူပန်စရာအတွေးတွေလွှမ်းမိုးနေခဲ့ရင် ... မနက်ကျရင်သေချာသွားပြီး အနီးကပ်ကြည့်လိုက်ပါ ...။ အဲဒီပူပန်နေတဲ့ ဖားအကောင်တစ်သန်းနဲ့တူတဲ့ အခက်အခဲတွေဟာ ဖားပိစိလေးနှစ်ကောင်လောက်ပဲဖြစ်နေတာကို တွေ့ပြီး သင်အံ့သြနေရပါလိမ့်မယ် ...။


ref:http://random_inspirations.blogspot.com/2004/02/meaningful-short-stories.html



Peace B with U.

အိုက်ကီဒို - ငြိမ်းချမ်းမှုကိုသွားတဲ့ လမ်းလေးတစ်ခု .....။


Aikido (合気道 aikidō?)

နောက်တစ်ခုဖတ်လိုက်ရတာက အိုက်ကီဒို (တစ်ချို့က အာကီဒို လို့ အသံထွက်ကြတယ် ... အမှန်က အိုက်ကီဒို ပေါ့ ..) အကြောင်းပါ ...။ မိန်းမလူထွားကြီးနဲ့တူတဲ့ Steven F. Seagal (အရပ်က ခြောက်ပေ လေးလက်မ ရှိတယ်) က အိုက်ကီဒိုမှာ သတ္တမ ဒန် (seventh dan) ရထားတဲ့သူပါ ...။ အမြင့်ဆုံးအဆင့်ပါပဲ ...။ တစ်ခြားကိုယ်ခံပညာ (တစ်ချို့ကလည်း ကိုယ်ခံရတာမဟုတ်လို့ ကိုယ်လုံပညာလို့ခေါ်ကြပါတယ် .... ကိုယ်လုံပညာမတတ်ရင် ကိုယ့်မှာ မလုံ့တလုံ ဖြစ်နေသလိုလိုခံစားရတယ် .... အဲဒါကြောင့် ကိုယ်ခံပညာလို့ပဲ ခေါ်တာပါ ...။)တွေနဲ့ မတူတဲ့ အချက်က အိုက်ကီဒိုက တိုက်ခိုက်မှုကို အားမပေးတာပါပဲ ...။ ကိုယ့်ကိုယ်ကို ပိုကောင်းအောင် ပြုပြင်တာဟာ အိုက်ကီဒိုရဲ့အနှစ်သာရပါ ....။

Morihei Ueshiba(အိုက်ကီဒိုရဲ့ ဖခင်ကြီး)
(植芝 盛平 Ueshiba Morihei)




အိုက်ကီဒိုရဲ့ ထူးခြားချက်က ကိုယ့်ကိုယ်ကို ကာကွယ်ရင်းနဲ့ တိုက်ခိုက်သူကို ပါကာကွယ်ပေးတာပါ ....။ ဆိုလိုတာကတော့ ကိုယ့်ကိုလာပြီးတိုက်ခိုက်တဲ့သူက နာကျင်သွားအောင်မလုပ်ပါဘူး ...။ ချုပ်ထားမယ် ... တွန်းလွှတ်လိုက်မယ် ... အဓိက ကတော့ ဒီနှစ်မျိုးပါပဲ ...။ ဟိုမိန်းမလူထွားကြီးကတော့ ဗီဒီယိုထဲမှာ ... အရိုးတွေ တဂျွပ်ဂျွပ်ချိုးနေတော့ ကြည့်ရတာအဆင်မပြေပါဘူး ...။ အမှန်က လက်ကို ချုပ်ထားတာပါ ... lock လုပ်တယ်လို့ခေါ်ပါတယ် ...။ချုပ်ထားတယ်ဆိုတာကလည်း အင်အားကြီးနဲ့မဟုတ်ပါဘူး ... လက်မှာရှိတဲ့ joints တွေကိုနားလည်ရင် အားမသုံးပဲ ချုပ်ထားလို့ရပါတယ် ..။

အိုက်ကီဒိုကိုထွင်ခဲ့တဲ့ Morihei Ueshiba ကတော့ အသက်ကြီးလာမှ အိုက်ကီဒိုကို ကစားတာပါ ...။ ပထမပိုင်းမှာ သူက ဂျူဂျစ်ဆု သင်ပေးပါတယ် ..။ဂျုဂျစ်ဆု(Jujutsu) ကတော့ တိုက်ခိုက်တာများပါတယ် ...။ အိုက်ကီဒိုမှာက စက်ဝိုင်းသဘောတရားကိုသုံးပါတယ် ... စက်ဝိုင်းထဲကိုဝင်လာတဲ့ အားကစက်ဝိုင်းထဲမှာကျေပျက်သွားပါတယ် ...။ လှုပ်ရှားမှုတွေကလည်း စက်ဝိုင်းပုံတွေများပါတယ် ...။ ပုံမှန်တိုက်ခိုက်နည်းမှာက linear သဘောဆောင်ပါတယ် ... အားပြိုင်ပြီးယှဉ်တဲ့သဘောရှိပါတယ်...။ အိုက်ကီဒိုမှာကတော့ အားမပြိုင်ပါဘူး ... တိုက်ခိုက်သူရဲ့ အားနဲ့ အရှိန် (momentum)ကို ယူသုံးရပါတယ် ...။ နမူနာပြောရရင်တော့ ကရာတေး နဲ့ လက်ဝှေ့လို တိုက်ခိုက်နည်းတွေမှာ တိုက်ခိုက်တဲ့သူက လက်သီးနဲ့ထိုးရင် ခုခံတဲ့သူက ပိုကြီးမားတဲ့အားနဲ့ ရိုက်ဖယ်ရပါတယ် ...။ အိုက်ကီဒိုမှာကတော့ တိုက်ခိုက်သူရဲ့ အားနဲ့လမ်းကြောင်းတူဖြစ်အောင် အရင်လုပ်ရပါတယ် ... ဒါမှလည်း အဲဒီအားကို စနစ်တကျသုံးနိုင်မှာပါ ..။

အိုက်ကီဒိုရဲ့ ဖခင်ကြီးက Budō ကိုရှာခဲ့ပါတယ် ....။ Budō ကို Bu(武:ぶ) နဲ့ dō(道:どう) နဲ့ နှစ်ပိုင်းခွဲပြီးအဓိပ္ပါယ်ဖွင့်ရပါတယ် ...။
Bu ဆိုတာကတော့ တိုက်ခိုက်ရေး (သို့မဟုတ်) စစ်ပွဲလို့ အဓိ့ပ္ပါယ်ရပါတယ် ..။dō ဆိုတာကတော့ လမ်းပါ ....။ ဒါပေမယ့် သာမန်လမ်းမဟုတ်ပါဘူး .. ဗုဒ္ဓမြတ်စွာရဲ့ လွတ်မြောက်ရာလမ်း (မဂ္ဂ) ဆိုတာကနေ ဆင်းသက်လာတဲ့လမ်းပါ ..။
ဒါပေမယ့် Budō ကို တိုက်ခိုက်ရေးနည်းစနစ်လို့ပဲ အဓိပ္ပါယ်ဖွင့်ခဲ့ကြပါတယ် ....။

ရင့်ကျက်လာတဲ့ အခါမှာ Morihei Ueshiba က ...


Budō ဆိုတာ ဘုရားရှင်ရဲ့ မေတ္တာတော်ပါပဲ - လူသားအားလုံးကိုအကာအကွယ်ပေးချင်တဲ့ မေတ္တာပါပဲ ...။
Budō ဆိုတာပြိုင်ဘက်ကို အင်အားနဲ့လဲကျသွားအောင်လုပ်တာမဟုတ်ဘူး၊ ကမ္ဘာလောကကြီးကို လက်နက်တွေနဲ့ ဖျက်ဆီးတာမဟုတ်ဘူး.
စစ်မှန်တဲ့ Budō ဆိုတာ ကမ္ဘာလောကကြီးရဲ့ ငြိမ်းချမ်းမှုကိုထိန်းသိမ်းခြင်း၊ သဘာဝတရားမှာ မှီတင်းနေထိုင်တဲ့ သတ္တ၀ါခပ်သိမ်း မှန်ကန်စွာကာကွယ်ခြင်း၊ ပြုစုပျိုးထောင်ပေးခြင်း ဆိုတဲ့ အနန္တစကြ၀ဠာရဲ့စိတ်ဓာတ်ပဲဖြစ်တယ် ...

လို့ Budō ကို အဓိပ္ပါယ်သစ်ဖွင့်ခဲ့ပါတယ် ...။

အိုက်ကီဒိုဟာ ငြိမ်းချမ်းမှုကိုသွားတဲ့ လမ်းလေးတစ်ခုပါပဲ .....။



ref: Wikipedia



Peace B with U.

သတိရမိတဲ့အခါ ...


ရုတ်တရတ် ရပ်တန့်သွားတဲ့ စမ်းချောင်းလေးတစ်ခုပါ ..။
ကာလနဲ့ အာကာသကြားမှာ မွန်းကြပ်စွာ ...။

မေမေ ... ပျော်ရွှင်သော ခရစ်စမတ်ဖြစ်ပါစေ ...။

ကောင်းကင်မှာ ကြယ်သစ်တွေမြင်တိုင်း
ရင်ဘတ်ထဲက ကြယ်ကို ငုံ့ကြည့်မိတယ် မေမေ ..။
မင်းသုံးပါးဆန်ဆန် ... မောလိုက်တာ မေမေရယ် ...။

ဆုတောင်းဖို့ဆန့်တန်းထားတဲ့လက်တံတွေ ရှည်လျား ..
မာသာထရေဇာတံဆိပ်နဲ့ ကရုဏာတွေလည်း ရှည်လျား ...
ကောင်းကင်ဘုံကျဉ်းကျဉ်းလေးထဲမှာ ... လူတကာကို သနားနေရတဲ့ ဒုက္ခကလည်း ရှည်လျား ...
ပြန်နိုးလာရဦးမယ့် မနက်ခင်းတွေကလည်း ရှည်လျား ...။

ဒီဇင်ဘာကုန်သွားတာကလည်းမထူးဆန်းဘူး မေမေ ...
၂၀၁၀ ဆိုတာလည်းမထူးဆန်းဘူး မေမေ ...
ဒီအသက်အရွယ်မှာ အံ့အားသင့်စရာ ... ဘာမှမရှိတော့တာလည်း မထူးဆန်းဘူးမေမေ ...

မေ့မေ့ကိုယ်စား ... သား,ဆောင်းရာသီကို ချစ်နေရတယ် မေမေ ...။
အရောင်ပြောင်းသွားတဲ့ သစ်ရွက်တွေကိုသားချစ်တယ် ...
ဖူးခါစ စံပယ်ပန်းလေးကိုသားချစ်တယ် ...
ဆောင်းရာသီကို ရယ်မောပြနေတဲ့ ကလေးငယ်လေးကို သားချစ်တယ် ...
Silent Night သီချင်းကိုသားချစ်တယ် ...
မေ့မေ့ကိုယ်စားပါ မေမေရယ် ...

ကောင်းကင်ဘုံမှာပျော်ပျော်နေပါ မေမေ ...။
သားကိုသတိရတဲ့အခါ ... နှင်းတွေကိုကြည့်ပေါ့ ....။

ကြေကွဲလို့မရတဲ့နောက်မှာ ... မျက်ရည်တွေဟာလည်း အငွေ့ပျံသွားတဲ့ သတိရခြင်းသက်သက်ပါပဲ မေမေရယ် .....။




Peace B with U.