Friday, May 21, 2010

A to Z by Zephyr (2)



E for Enlightenment

အသိအမြင်ပြောင်းတာမျိုးပေါ့ ... အလင်းဓာတ်ရတယ်၊ တရားပေါက်တယ် ... စသဖြင့်ပြောကြတယ်။
Age of enlightenment လည်းသမိုင်းမှာရှိခဲ့ဖူးတယ်။ လူတွေဟာ အလင်းပွင့်တဲ့အခိုက်တွေရှိတယ် ....။ အဲဒီအချိန်လေးရဲ့နောက်ပိုင်းမှာ သူ့ဘ၀ဟာ ပြောင်းလဲသွားတယ် ....။ တစ်သက်လုံး မြင်လာတဲ့အမြင်ကို ဖြတ်ခနဲပြောင်းလဲသိမြင်သွားတဲ့ကာလငယ်လေးလို့ပြောနိုင်မယ်ထင်တယ်။ မိမိကိုယ်ကို သိမြင်လိုက်ရတဲ့ အခိုက်အတန့်လေးတွေမှာ ... လူဟာ အကြီးအကျယ်ပြောင်းလဲသွားတယ် ...။ အကုသိုလ်နဲ့ကုသိုလ်ကို ကွဲကွဲပြားပြားသိရတဲ့အခါ အကြီးအကျယ်ပြောင်းလဲသွားတယ်။ ပြောင်းလဲလို့မရတဲ့အရာတွေကို နားလည်လက်ခံလိုက်နိုင်တဲ့ အသိလေးတစ်ချက်ဟာလည်း အလင်းပွင့်မှုတစ်မျိုးပဲ ....။ ဘာကိုမှမကျေမနပ်ဖြစ်မနေတော့ဘူး ....။ ရနေတာကိုရောင့်ရဲတယ်။ နေနေရတာကို အဓိပ္ပါယ်ရှိတယ် ...။ ဘ၀ကိုတန်ဖိုးထားတယ်။ အလင်းကလေးဖျတ်ခနဲလက်သွားသလို ဘ၀ကိုမြင်ပုံပြောင်းသွားတယ်။ အရင်က လိုချင်တာကို လောဘလို့ပြောတာကို စွဲနေမိတယ်။ နောက်တော့ အရှင်ဇနကာဘိဝံသရဲ့ ကုသိုလ်ပြုဖို့ လိုချင်တာကို လောဘလို့မခေါ်ဘူး။ နိဗ္ဗာန်လိုချင်တာဟာ လောဘမဟုတ်ဘူး ဆန္ဒပဲဆိုတာကိုဖတ်လိုက်ရတော့ လောဘနဲ့ပတ်သက်ပြီး တစ်သက်လုံးမှတ်ထားတာကပြောင်းသွားတယ်။ အသိဥာဏ်အရ ကျေကျေနပ်နပ်နားလည်လိုက်ရတိုင်း ကျေနပ်မှုရတယ်။ ... လူဟာ တကယ်သိလိုက်ရတာကို အရသာ အရှိဆုံးလို့ခံစားရတဲ့ သတ္တ၀ါတစ်မျိုးဖြစ်တယ်။

F - Forever and ever ...

အဲဒီစကားလုံးလေးကို သဘောကျတယ် ...။
ထာဝရ ရဲ့ ထာဝရ ...
Forever and one day
မင်းအနားမှာရှိနေမယ်ဆိုတဲ့ Bon Jovi ရဲ့ Always ထဲက Forever ကိုလည်း တော်တော် ထိရောက်တဲ့ကြေငြာတစ်မျိုးလို့တွေးမိတယ်။ Forever and ever တန်ဖိုးထားရတဲ့တစ်ခုခုရှိရင် ဘ၀တစ်လျှောက်လုံးရော သံသရာ တစ်လျှောက်လုံးရော စိတ်ချမ်းသာနေမယ်ထင်ပါတယ်။

G - Geek

အမြဲတမ်းသဘောကျတဲ့ စာလုံးတစ်ခုပါ။
သိပ်တော်တဲ့သူတွေနဲ့ ငကြောင်တွေကို ခေါ်ပါတယ်။
မနေ့က Alice In Wonderland ကြည့်ပါတယ်။
အဲဒီမှာပါတဲ့ အတွေးအခေါ်တွေကိုလည်းကြိုက်ပါတယ်။ ငယ်တုန်းက သိပ်ပေါတာပဲလို့ထင်လို့ Retold ကိုတောင်ပြီးအောင်မဖတ်ခဲ့တာသတိရပါတယ်။ အဲဒီမှာ မဖြစ်နိုင်တာတွေကိုပဲ အိမ်မက်မက်တတ်တဲ့ Alice ကို သူ့အဖေက အားပေးတဲ့အခန်းကိုကြိုက်ပါတယ်။ အဲဒီစကားနဲ့ပဲ သူက The Mad Hatter (Johnny Depp) ကို အားပေးလိုက်ပါတယ်။
Mad Hatter : Have I gone mad?
Alice : I am afraid so, you are entirely bonkers. But I'll tell you a secret. All the best people are.

ဒီ dialogue လေး ကို သဘောကျပါတယ်။ သိပ်တော်တဲ့ ကြောင်တောင်တောင်လူတွေ၊ အရူးတွေလို တစ်ခုခုမှာ စူးနစ် နှစ်မြှပ်ပြိး သဘာဝတရားနဲ့ကင်းကွာနေသူတွေ ... သမားရိုးကျလူတွေရဲ့ ငကြောင်လို့ပြောရတဲ့နေရာမှာ ပြုံးပြုံးလေးရပ်နေတဲ့သူတွေ .... အဲဒီလိုလူတွေအကြောင်းကိုလည်းတွေးမိပါတယ်။

Jason Mraz ရဲ့ Geek in the Pink လေးဖွင့်လိုက်ပါဦးလားဗျာ ...။


H - Heffalump

Winnie the Pooh ထဲက ဆင်ကလေးပါ။ အထွေအထူးမပြောတတ်ပါဘူး။ အဲဒီဆင်ကလေးမြင်ရရင် စိတ်ချမ်းသာလို့ပါ။ Piglet ကို ကြောက်တဲ့ ဆင်ကလေးပါ။ သဘာဝတရားထဲမှာ နေတဲ့ ခပ်အအကောင်လေးတွေကို သဘောကျပါတယ်။ ကိုယ်တိုင်ကလည်း နည်းနည်းထုံထုံအအဆိုတော့ .... ခပ်ထုံထုံကာရိုက်တာဆိုရင်ကို ကိုယ်ချင်းစာပြိး တော်တော်လေး ခင်နေတတ်ပါတယ်။

I - I

အခု စဉ်းစားနေတဲ့ quotes က
Jean-Paul Sartre ရဲ့
"Man is condemned to be free." ဆိုတဲ့ Quotes ပါပဲ။ အဲဒါဘယ်လောက်မှန်လဲဆိုတာတော့ I အကျွန်ုပ်သည် don't know
မသိပါဟူသော အခြင်းအရာသည် ထင်ရှားဖြစ်ပေါ်၍ လာသည်။


J - Jesus and Jack Sparrow
Both have long hair and both have their audience ...
Both used boats.
Children love them.

K - King

King Solomon.
He is the king I respect most.
ဘာလိုချင်သလဲလို့သူ့ကိုမေးတဲ့အခါ ... သူက ငယ်ရွယ်တဲ့အတွက် အသိဥာဏ်နည်းမှာကြောက်လို့ အသိဥာဏ်ပဲတောင်းဆိုခဲ့တယ်။
အဲဒီလို လူငယ်လေးတွေအများကြီးရှိရင် အဲဒီတိုင်းပြည်တွေ သိပ်ကို တိုးတက်လာမှာပါ ....။

L - (Living Together လို့ရေးလိုက်ရင် ဘလော့ခ်လောကမှာ ... အနည်းငယ်ပြောစရာဖြစ်သွားနိုင်တယ် ...:P) Loyalty ပဲထားလိုက်ကြရအောင် ကျမ်းလေးသွားမှာစိုးလို့ ....။
Loyalty ကို သစ္စာရှိတယ်... သဘောထားမြဲမြံတယ်လို့ပြောပါတယ်။ အလုပ်မှာဆိုရင်လည်း ကိုယ့်အလုပ်ကို သစ္စာရှိတယ် ...။ ဆိုလိုတာက တစ်ရာ နှစ်ရာတိုးပေးရုံနဲ့မပြောင်းဘူး။ ချစ်သူရည်စားဆိုလည်း ကြည့်မရမဖြစ်မခြင်း ချစ်တယ်၊ သစ္စာရှိနိုင်သရွေ့ရှိကြတယ်။ တစ်ချို့လူတွေရဲ့သစ္စာတရားက ပြောင်းလွယ်ပြင်လွယ်ရှိတယ်။ လိုအပ်ရင် ပြောင်းပြန်ပြောင်းနိုင်တယ်။ .... သစ္စာတရားက နည်းသထက်နည်းလာတယ်၊ ဆေးဘက်ဝင်ပစ္စည်းတွေသောက်တာတောင် အသုံးမကျတဲ့ နွယ်မြက်သစ်ပင်တွေစားသလောက်ပဲ အာနိသင်ပြတော့တယ်။ သစ္စာဆိုလိုက်တော့လည်း ကမ္ဘာကြီးဟာ ပူမြဲအတိုင်းပူလို့ပါပဲ ....။ ကမ္ဘာပေါ်မှာ သစ္စာရှိတဲ့သူနဲ့ သစ္စာမရှိတဲ့သူရဲ့ လမ်းခွဲတိုင်းဟာ ထင်သလောက်ကြေကွဲစရာမကောင်းနိုင်တော့ဘူး .....။....သစ္စာဆိုတာ ပန်းတွေပဲလား။ သစ္စာဆိုတာ လူတစ်ယောက်ရဲ့ နာမည်ပဲလား။ သစ္စာဆိုတာ သစ္စာနီမှာ နီပြုတ်သွားတာလား။ သစ္စာဆိုတာ ၂၁ ရာစုရဲ့ သဘာဝသမိုင်းပြတိုက်ထဲက ဖုန်တက်နေတဲ့ ရည်းစားစာလေးတစ်စောင်ပဲဖြစ်တယ်။


M- Mom ...

MOM ဆိုရင်တော့ Ministry of Manpower ဖြစ်မယ်ထင်ပါတယ်
အခုတော့ အမေ ဆိုတဲ့ Mom ပါ။
သိပ်မလိမ်မာတဲ့သားတွေဟာ အဖေထက် အမေကို ပိုချစ်ပါတယ်။ ဒီလူ့ကို ဘာလို့ အိမ်မှာတင်ထားတာလဲလို့ ငယ်တုန်းက ခဏခဏတွေးပါတယ်။ အဖေဆိုတာကတော့ အမေ့လို ချစ်စရာမကောင်းလှပါဘူး။ သူ့အလုပ်သူလုပ်နေတဲ့ အသက်ခပ်ကြီးကြီးလူပါပဲ။ မိဘ၀တ္တရားတွေဖတ်ကြည့်တော့လည်း သူ့အလုပ်က စီးပွားရှာ မုန့်ဖိုးများများပေး ... ခပ်ဝေးဝေးမှာနေ ....အဲဒီလောက်ပဲ။ အမေကတော့ မတူဘူး ....။ အမေကတော့ သိသိသာသာပိုချစ်တယ်လို့ခံစားရတယ်။ ... အရမ်းကောင်းတဲ့အမေရှိတယ်လို့ ခံစားရတဲ့အတွက် ... ကိုယ့်ကိုယ်ကိုလည်း ကံကောင်းသားပဲလို့ ခံစားရပါတယ်။ အမေမရှိရင် ငတ်နိုင်တယ် ...။ အမေရှိသရွှေ့တော့မငတ်နိုင်ဘူး လို့ယုံကြည်တယ်။ အဲဒီလိုရေးထားတဲ့စကားပုံကိုလည်းသိပ်ကြိုက်တယ်။ ... အမေတစ်ယောက်ရဲ့ မေတ္တာကို ခံစားရရင် အဲဒီလူဟာ လောကကြီးကို သိပ်အဆိုးမမြင်တော့ဘူးလို့ယုံကြည်ပါတယ်။ သူငယ်ချင်းတွေထဲမှာ အမေမရှိတဲ့သူတွေရှိပါတယ် ...။ သူတို့ဘ၀ဟာ အမြီးပြတ်နေတဲ့ငှက်လိုပဲ .... ပျံလို့ပဲရတယ် ...။ကွေ့ချင်တိုင်းကွေ့လို့မရတော့ဘူး။ ထိန်းကျောင်းလို့မလွယ်တော့ဘူး ....။ မေလမှာ အမေများနေ့ရှိပါတယ်။ အမေများနေ့အတွက် ကဗျာတွေရေးတယ်။ ရေတွေ၊ သွေးတွေ လှူတယ်။ တခြားဟာတွေလည်းလှူနိုင်တာလှူတယ် ...။ အမေတွေအားလုံးကို လေးစားချစ်ခင်တဲ့အတွက် သူတို့အားလုံးး စိတ်ချမ်းသာစေချင်တယ်။ အမေ့ဘ၀မှာ သား၊သမီးတွေကြောင့် မျက်ရည်ပေါက်ကြီးငယ်တွေမကျစေချင်ဘူး ...။ အမေတွေအားလုံးဟာ သားသမီးတိုင်းအတွက် ....အကောင်းဆုံး အတူယူစရာ သူတော်ကောင်းတစ်ယောက်စီဖြစ်ပါလိမ့်မယ် ....။



Peace B with U.

Wednesday, May 19, 2010

A to Z by Zephyr



ရေးထားတာကတော့ ကြာပြီ လွန်ခဲ့တဲ့တစ်လလောက်က ...။

သိပ်ရှည်နေလို့ အပိုင်းပိုင်းခွဲပြီးတင်ပါတယ် ....။
စာလုံးတွေထဲမှာ စိတ်ဝင်စားတာတွေကိုပဲရေးလိုက်ပါတယ်။


A

Alpha

ထာဝရဘုရား လို့ လူတစ်ချို့ခေါ်တဲ့ (ယာဝေဆိုတာလဲသူပဲ .. GOD ဆိုပြီး သုံးလုံးလုံးအကြီးနဲ့လည်း သူပဲ ...၊Creator of Heaven & Earth ဆိုတာလဲသူပဲ ...) သူက တစ်ခါကပြောတယ် ...။ ငါသည် အစလည်းဖြစ်၏ အဆုံးလည်းဖြစ်၏တဲ့ ...။ အင်္ဂလိပ်လိုတော့ I am Alpha and Omega လို့ပြောတာပေါ့။ အဲဒီက alpha ... အစတစ်ခု .. .... ဘ၀မှာ အစဟာ ဘုရားပဲ .. အဆုံးဟာလည်း ဘုရားပဲ ....။ အစနဲ့အဆုံးတရား တစ်ထပ်တည်းကျနေတဲ့ ဘုရားဆန်တဲ့ အခိုက်အတန့်လေးတွေထဲမှာ လူတွေလို မျောပါနေတာ ဘယ်လောက်ကြာပြီလဲ ....။ ..... လူတွေရဲ့ လူဆန်တဲ့ အကြည့်တွေ၊ လူဆန်တဲ့အပြောတွေ ...၊ လူဆန်တဲ့မိုက်မဲမှုတွေနဲ့ ... သင်ဘယ်လောက်ထိရှပြီးပြီလဲ ....။ ... အစပဲရှိပြီး အဆုံးမရှိသေးတဲ့ သံသရာတွေနဲ့ ... တစ်ယောက်တစ်ခု ရထားတဲ့ သံသရာလှည့်ပတ်စီးနင်းခွင့် လက်မှတ်လေးတွေကိုယ်စီနဲ့ ....။ အစမကောင်းခဲ့တဲ့သူအချင်း ခင်ဗျားကို ကျွန်တော်ပြုံးပြလိုက်ပါတယ် ....။ ဆုတောင်းကောင်းစွာလည်ပတ်နေတဲ့ သံသရာထဲမှာ ... အောင်ပွဲခံနေကြတာ ... လေယာဉ်ပျံပျက်ကျတုန်း .... အိမ်မက်ကောင်းနေတဲ့သူ .. ပြုံးပြုံး ပြုံးပြုံးဖြစ်နေသလိုမျိုးပဲ ... လန့်နိုးတော့လည်း သေခါနီး အပြုံးကြီးနဲ့လေ ...။ အစမကောင်းခဲ့ဘူး ....။ ကျွန်တော်ရဲ့ alpha မှာတော့ ဒဏ်ရာတွေနဲ့ ....။ အစမကောင်းခဲ့ဘူး ...

B

Blind Faith

မျက်ကန်းယုံကြည်မှုလို့ခေါ်တယ် ...။ စုံလုံးကန်းတာမျိုးဖြစ်မယ်။ သိပ်ချစ်တဲ့သူတွေနဲ့ပတ်သက်ရင်ဖြစ်တယ်။ သိပ်မချစ်တဲ့သူနဲ့ဆိုရင်တော့ ယုံကို မယုံဘူး ....။ ဒါလေးကို သုံးခါဖတ်ပါ ...။ အလိမ်ခံရတယ်ဆိုတာ ... သိပ်ရိုးအလွန်းလို့လည်းဖြစ်နိုင်တယ်၊လောဘကြီးလို့လည်းဖြစ်နိုင်သလို ...သိပ်ချစ်လွန်းလို့လည်းဖြစ်နိုင်တယ် ...။ သင် Blind Faith နဲ့ ချစ်နေမိတဲ့အရာတွေ သင့်ပတ်ဝန်းကျင်မှာ ဘယ်နှစ်ခုရှိသလဲ ..ရေတွက်ကြည့်ပါ ...။ ဘာသာတရားကိုဖြစ်ဖြစ် ... လူပုဂ္ဂိုလ်ကိုဖြစ်ဖြစ် ... တရားဓမ္မကို ဖြစ်ဖြစ် ယုံကြည်သက်ဝင်ဖို့ခက်ပါတယ် ...။ Blind Faith ဖြစ်ဖို့က ပိုတောင်ခက်ပါတယ် ...။ တစ်ချို့ အစွမ်းတွေဟာ Blind Faith ကနေပေါ်ထွက်လာပါတယ်။ ကြောက်ကြောက်နဲ့ ခြံစည်းရိုးကိုခုန်ကျော်တာမျိုးဟာ အကြောက်လွန်တာ+Blind Faith ကြောင့်ဖြစ်ပါတယ်။ ယုံကြည်တာတွေပဲဖြစ်လာတတ်တဲ့အတွက် ... ဘုရား မ,မယ်လို့ယုံကြည်တဲ့သူဟာ .. ဘုရားက မ,မရင်တောင် သူ့ဘာသာသူ အမခံရမယ့်တစ်ခုခု ရှာတွေ့သွားပါလိမ့်မယ်။ ... အချိန်တန်ရင် ဆရာရောက်လာပါတယ်။ ကိုယ့်စိတ်အခြေခံကိုက မြင့်မြတ်နေရင် မြင့်မြတ်တာတွေကို နားလည်ခွင့်ရပါလိမ့်မယ် ...။ Blind Faith ကြီးဟာ ထင်သလောက်မဆိုးပါလားလို့ တွေးနေမိတာ ... သုံးလေးငါးနှစ်ရှိပါပြီ ...။ လမ်းမလျှောက်တတ်ခင်က လေးဘက်တွားသွားတာဟာ ရှက်စရာမဟုတ်ဘူး။ လေးဘက်တွားသွားနေတာကို လမ်းလျှောက်နေတယ်ထင်တာထက် အများကြီး ယုတ္တိကျသေးတယ်။ ... မေတ္တာတရား၊ ကရုဏာတရားတွေဟာ ဘာသာတရားတစ်ခုခုရဲ့ ကိုယ်ပိုင်ပစ္စည်းမဟုတ်ပါဘူး။ မြင့်မြတ်တဲ့စိတ်ရဲ့ အသီးအပွင့်တွေဟာ ... မြင့်မြတ်တဲ့စိတ်တိုင်းနဲ့ထိုက်တန်တဲ့ အရာတွေလို့ ခိုင်ခိုင်မြဲမြဲ ယုံကြည်တဲ့ Blind Faith တစ်ခုလည်း ကျွန်တော့်မှာရှိပါသေးတယ်။

C

Compassion - ကရုဏာ

ကျွန်တော် အနှစ်သက်ဆုံး ဗြဟ္မစိုရ် တရားက Compassion ဖြစ်ပါတယ်။ တစ်ယောက်ကို တစ်ယောက်ကရုဏာနဲ့ ကိုယ်ချင်းစာနိုင်ရင် ... မေတ္တာတရားက အလိုလိုနေရင်းဖြစ်လာပါလိမ့်မယ် ....။ သူ့ကို ကိုယ်ချင်းစာတဲ့အတွက် မုဒိတာဖြစ်ဖို့လည်းမခက်ပါဘူး။ ... ကျွန်တော်တို့တွေ အချင်းချင်း ကိုယ်ချင်းမစာတာလေးကို ပြင်လိုက်ရုံနဲ့ စစ်ပွဲတွေအားလုံးရပ်တန့်သွားနိုင်တယ် ...။ အချင်းချင်း ခေါင်းပုံဖြတ်တာတွေ ရပ်သွားမယ်။ လုပ်ပိုင်ခွင့်ရသူက လုပ်ပိုင်ခွင့်မဲ့သူကို အထင်သေးတာ ရပ်သွားမယ်။ .... တစ်ကမ္ဘာထဲနေကြတဲ့သူအချင်းချင်း အထင်သေးတာတွေရပ်သွားမယ်။ .... အသားအရောင်၊ ပညာ၊ ဥစ္စာဓန၊ ရုပ်ရည်၊ အရည်အချင်းတွေမတူညီတဲ့သူတွေအချင်းချင်း စွပ်စွဲပြောဆိုမှုတွေရပ်သွားမယ် ....။ ကမ္ဘာကြီးရဲ့ ငြိမ်းချမ်းရေးကို အထူးတည်ဆောင်ရွက်စရာမလိုဘဲ ...လူတိုင်းဟာ ကိုယ်ချင်းစာစိတ်ကြောင့် ကြည်လင်ရွှင်ပျလာမယ်။ တစ်ယောက်လမ်းမှာ တစ်ယောက်က ဆူးတွေကို ဖယ်လို့ ...တစ်ယောက်မရောက်လာခင် တစ်ယောက်က ပြုံးပြီးစောင့်ဆိုင်းနေလိမ့်မယ် ....။ တစ်ယောက်ရဲ့စိတ်ကူးတွေကို တစ်ယောက်က သဘောတကျပြုံးရင် ...တစ်ယောက် ကောင်းမှုကို တစ်ယောက် သာဓုခေါ်ကြမယ် ....။ ... ကျွန်တော်ရောက်ချင်တဲ့ခေတ်ကိုမေးရင် ... ကရုဏာခေတ် လို့ပဲဖြေချင်တယ်။.... တစ်ယောက်ရဲ့ မျက်ရည်ကို တစ်ယောက်က သုတ်ပေးဖို့ လူဖြစ်လာတာမဟုတ်ဘူး ...ဘယ်သူပြောနိုင်မှာလဲ ...။ ... သူ့စိတ်မှာဖြစ်နေတာကို တကယ်နားလည်လာတဲ့အခါ ...ကိုယ့်ကိုယ်ကို စိတ်ချမ်းသာစေချင်သလို သူ့ကိုလည်းစိတ်ချမ်းသာစေချင်လာတယ် ....။ ကရုဏာဟာ အရောင်တစ်ရောင်ဆို စိုလက်နေတဲ့ အပြာဖျော့လေးဖြစ်လိမ့်မယ် ...။ ကရုဏာခေတ်ရောက်တဲ့အခါ တိုင်းသူပြည်သားတွေက GNS (Gross National Smiles) တွေလျာထားချက်ကျော်လွန်နေမှာပဲ ...။ ဆင်းရဲနေတဲ့သူကလည်း ဆင်းရဲနေတာကို ပူနေစရာမရှိဘူး။ ချမ်းသာတဲ့သူကလည်း သူ့စည်းစိမ်ကို လုယက်မှာပူနေစရာမရှိဘူး။ ကရုဏာသီတလ ဟဒယံ ဆိုတဲ့ ကရုဏာတရားနဲ့ အေးချမ်းနေတဲ့စိတ်တွေနဲ့ ..... လူတိုင်းဟာ အေးချမ်းမြင့်မြတ်နေမှာပဲ .....။

D

Destructions- ပျက်စီးစေချင်တဲ့ရည်ရွယ်ချက်နဲ့ဖျက်စီးမှု

တကယ်လို့ ရင်သားထဲမှာ ယမ်းတွေထည့်ပြီး အသေခံဗုံးခွဲလိုက်တာဟာ ...ခင်များရဲ့ပျော်ရွှင်မှုဆိုရင် ... ငြိမ်းချမ်းခြင်းကို ဘယ်လိုနားလည်သလဲဆိုတာက စပြီး ပြန်ပြောကြရအောင်။ ... အဆောက်အဦးတစ်ခုကို တည်ဆောက်ရင် နှစ်နဲ့ချီကြာပေမယ့် ဖြိုမယ်ဆိုရင်တော့ ချက်ချင်းဖြိုလို့ရတယ်။ တည်ဆောက်ရတာနဲ့ဖြိုဖျက်ရတာနဲ့ အချိန်အများကြီးကွာတယ်။ .... ပြန်စဉ်းစားကြည့်ရင် အသေခံပြီး ဗုံးခွဲတယ်ဆိုတာ လူသားတစ်ရပ်လုံးကို စော်ကားလိုက်တာပါပဲ။ ..မွေးထားတဲ့အမေကို ကျေးဇူးကန်းရာလည်းရောက်တယ်။ ခင်ဗျားကို လူ့ဘ၀ထဲခေါ်လာဖို့ ကိုးလလွယ်ခဲ့ရတယ်။ အခုတော့ တစ်ရက်ထဲနဲ့ ခင်ဗျားက ဗုံးခွဲပြီး ပြီးဆုံးလိုက်ပြီ။ လောကကြီးမှာ ခင်များ ဘာတွေကောင်းတာတွေလုပ်ပြီးပြီလဲ ...။ လောကကြီးမှာ ထမင်းမ၀တဲ့ကလေးတွေ မှီခိုရာမဲ့တဲ့ သက်ကြီးရွယ်အိုတွေအတွက် ခင်များဘာလုပ်ပြီးပြီလဲ ....။ ရန်ညှိုးရန်စရှိတဲ့လူတစ်စုအတွက် ..မဆိုင်တဲ့သူတွေသေအောင်လုပ်လိုက်ရတာဟာ ခင်များကို ဘယ်လောက်ကျေနပ်သွားစေသလဲ ....။ မမျှတတဲ့ကမ္ဘာကြီးမှာ ကြောက်ရွံ့နေတဲ့သူတွေပိုကြောက်ရွံ့သွားအောင် ခင်များက လုပ်တာလား။ ခင်များ ဗုံးတစ်လုံးဖောက်လိုက်တဲ့အတွက် .. ခင်များရဲ့မိသားစုတွေနေတဲ့နေရာကို ဗုံးကြဲခံရနိုင်တယ်ဆိုတာ ခင်များမေ့ထားတာလား။ ဟမ္ဘူရာဘီရဲ့ ကိုဓ ဥပဒေအရတော့ မျက်လုံးတစ်လုံးဆုံးရင် မျက်လုံးတစ်လုံးကြေးပေါ့ ....။ ခင်များလိုလူတွေများလာတဲ့အခါမှာတော့ မျက်မမြင်တွေပဲရှိတဲ့ကမ္ဘာဖြစ်လာလိမ့်မယ် ....။ ... လူ့တန်ဖိုးကို ကျစေတဲ့သေးသိမ်နိမ့်ကျတဲ့ အသေခံဗုံးခွဲသမားကိုပြောချင်ပါတယ် ....။ ဒီလောကထဲမှာနေနေတာ ခင်များရဲ့ ညီအကိုတွေချည်းပဲ ..... ဖြစ်လေရာဘ၀တိုင်းမှာ .. ဆိုးရွားနိမ့်ကျမယ့်လမ်းဆိုတာ ခင်များသိမသွားတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ် ....။ လောကကြီးဟာ ... ခင်များထင်သလောက်မဆိုးသေးပါဘူး ....။ ခင်များသိမသွားသေးတဲ့ အေးချမ်းငြိမ်သက်မှုတွေအကြောင်း ရောက်လေရာဘုံဘ၀မှာ သင်ယူနိုင်ပါစေ ....။ ....

ကလေးတွေကို လမ်းမှာရောက်အောင်သွန်သင်တဲ့သူတွေရဲ့အဖျက်စွမ်းအားကလည်းကြီးပါတယ်။ ကလေးတွေကို မိဘမေတ္တာမပေးတဲ့မိဘတွေရဲ့ အဖျက်စွမ်းအားကလည်းကြီးပါတယ်။ ... အကုသိုလ်နဲ့ ကုသိုလ်ကို ခြေခြေမြစ်မြစ်နားမလည်တဲ့ ဆရာတွေရဲ့ အဖျက်စွမ်းအားကလည်းကြီးပါတယ် ....။ ...ကမ္ဘာပေါ်မှာရှိတဲ့ အဖျက်စွမ်းအားတွေ ကျရှုံးပါစေ ....။ မြင့်မြတ်တဲ့ စိတ်ဓာတ်နဲ့လုပ်ရပ်တွေ ထွန်းကားပါစေ ...။ အေးချမ်းခြင်းအကြောင်းကို .... လူတိုင်းနားလည်ကြပါစေ .. နားလည်ကြပါစေ....။

...ဆက်ရန် ...။


ခင်မင်စွာဖြင့်

Zephyr


Notes:

မိခင်ကြီးအားအမှုထားထား၍ ...သားဖြစ်သူ Zephyr ရေးသားစီရင်အပ်သည်။



Peace B with U.

Monday, May 17, 2010

Elite တွေမွေးထုတ်ပေးနေသော Zephyr


ကျွန်တော့်ဘလော့ခ်က Elite တွေမွေးထုတ်ပေးနေတာလို့ Xanthos ကစပါတယ်။ သူပြောချင်တာက အကောင်းမဟုတ်ပါဘူး။ ဖတ်ပြီး ရှည်လို့ အီပြီးလစ်သွားတာလို့ ပြောတာပါ။ (အမှန်တော့ အေလိ၊အလိလို့ပဲအသံထွက်တယ်။).... ရယ်စရာတွေ များများရေးတာကမှ ကုသိုလ်ရဦးမယ်လို့ အမနာပပြောပြီးဖုန်းချသွားတဲ့အတွက်သူ့ကိုလည်း ဘာမှပြန်မပြောလိုက်နိုင်ပါဘူး။ ဒီမှာ comment ရေးလို့မရတာကိုလည်း မင်း Blog က နိုင်ငံတော်သတင်းစာလို ကိုယ်ပြောချင်တာပဲပြောနေတာလို့ အားမနာတမ်းဝေဖန်သွားပါတယ်။ အခုလည်း သူပြောသလို အီလစ်တွေမွေးထုတ်ပေးမယ့် ပို့စ်တစ်ခုထပ်တင်လိုက်ပါတယ်။ အခုတလော American Prose Poetry ဆိုတဲ့စာအုပ်တစ်အုပ်ဖတ်ဖြစ်ပါတယ်။ အဲဒီထဲက ကဗျာတစ်ပုဒ်မှာပါတာလေးတွေနဲ့ ဆက်စပ်ပြီးတွေးထားပါတယ်။


James Richardson ရေးခဲ့တဲ့ prose poem ထဲက စာကြောင်းလေးတွေကို ဆက်ပြီးတွေးရင်း ပို့စ်လေးတစ်ခုရေးဖြစ်ပါတယ်။

The road reaches every place, the short cut only one.

အဲဒါလေးဖတ်မိတော့ပြုံးချင်စရာလေးလို့ခံစားရတယ်။ လမ်းဆုံးရင် ရွာတွေ့မယ်ဆိုပြီး လမ်းတစ်လျှောက်မဆုံးနိုင်အောင်သွားရင်း နေရာတကာရောက်နေမယ့်အစားဖြတ်လမ်းကနေ တစ်နေရာတည်းသွားလိုက်ဖို့လိုတယ်လို့ခံစားရတယ်။ လူအများစုရဲ့ဘ၀မှာ ဘယ်ကို သွားချင်မှန်း၊ ဘာလုပ်ချင်မှန်းမသိကြတာများပါတယ်။ အဲဒီတော့ စိတ်ကလည်း နေရာတကာရောက်ပါတယ်။ ဟိုဟာလည်းလိုချင် ဒီဟာလည်းလိုချင်ဖြစ်ပြီး ရွေးရခက်နေတဲ့အတွက် တစ်ခုခုကို သေချာရွေးချယ်ဆုံးဖြတ်လိုက်တဲ့လူလို မပြတ်သားဘဲနှောင့်နေးကုန်ပါတယ်။ တစ်ချို့လူတွေရဲ့ ဘ၀မှာ အလုပ်များများမလုပ်ခဲ့ပေမယ့် လုပ်ခဲ့တဲ့အလုပ်အနည်းငယ်ကို အကောင်းဆုံးလုပ်သွားနိုင်တာကိုတွေ့ရပါတယ်။ လမ်းရိုးအတိုင်းပဲ နေရာတကာရောက်အောင်သွားနေမလား ...ဖြတ်လမ်းလေးကနေပဲ ကိုယ်သွားရမယ့်နေရာကို သွားကြမလားဆိုတာက တော်တော်လေးတွေးဖို့ လိုအပ်ပါတယ်။ သံသရာလည်နေတဲ့ကိစ္စအထိ ချဲ့ထွင်ပြီးတွေးလို့ရပါတယ်။ လူ့စည်းစိမ်၊နတ်စည်းစိမ်၊ တီကောင်စည်းစိမ်၊ပုရွက်ဆိတ်စည်းစိမ်၊ ဗြဟ္မာစည်းစိမ် ခံစားပြီး၍ အဆုံးစွန်သောနေ့၌ ဆိုတာက လမ်းတစ်လျှောက်လုံးပတ်သွားနေချင်သူတွေရဲ့ဆုတောင်းလို့ခံစားရပြီး နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတိုရလိုကြောင်းဒဲ့တိုး ဆုတောင်းတဲ့သူတွေက ဖြတ်လမ်းကို သုံးတယ်လို့ခံစားရပါတယ်။ အလျင်လို လမ်းအိုလိုက်ဆိုတာကြီးကိုလည်း တော်တော်လေးစဉ်းစားမိပါတယ်။ ဆင်သွားရင် လမ်းဖြစ်ဆိုတာလည်းရှိပါတယ်။ လမ်းအိုလိုက်တဲ့ဆင်ဖြစ်မနေဖို့ပဲလိုတယ်လို့ နောက်ဆုံးသဘောပေါက်လိုက်ပါတယ်။ လမ်းအိုလိုက်တဲ့သူတွေချည်းပဲရှိမယ်ဆိုရင် ဒီနေ့ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက အတိုင်းပဲ ခေတ်မမီဖြစ်နေမှာပါ။ ဆင်ခြင်ဥာဏ်နဲ့ယှဉ်တဲ့ဖြတ်လမ်းတွေကို လိုက်ဖြစ်အောင်လိုက်တာဟာ လောကီလောကုတ်အတွက် နှစ်ဖြာ အကျိုးမယုတ်တဲ့ ဘ၀နေနည်းနဲ့ ဆုံးဖြတ်နည်းဖြစ်မယ်လို့တွေးမိပါတယ်။

Those who demand consideration for their sacrifices were making investments, not sacrifices.

ဒီအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးရင် အနာကို ရှောက်ရည်ညှစ်တယ်လို့ တစ်ချို့ကခံစားရမှာစိုးလို့ အကျဉ်းပဲရေးပါမယ်။ လူတွေက အမြဲပြောတယ်။ စတေးခဲ့တယ်တဲ့။ တစ်ခုခုအတွက် အနစ်နာခံပြီးလုပ်လိုက်တယ် ...။ အဲဒီအထိကတော့ ဟုတ်ပါတယ်။ တကယ်ချီးကျူးဖို့လည်းကောင်းပါတယ်။ ကိုယ်မလုပ်နိုင်တာလုပ်တဲ့အတွက် အာဇာနည်ဆန်တဲ့သူတွေလို့တောင်ချီးကျူးသင့်ပါတယ်။ ဒါပေမယ့် အဲဒီလို စတေးလိုက်လို့ သူတို့အတွက် တစ်ခုခု ပြန်စဉ်းစားပေးပါ။ တစ်ခုခုပြန်လုပ်ပေးပါဆိုရင်တော့ အဲဒါဟာ မဟုတ်တော့ပါဘူး။ James Richardson ရဲ့အဆိုအရတော့ မင်းတို့က စတေးတာမဟုတ်ဘူး၊ ရင်းနှီးမြုပ်နှံတာချည်းပါလားကွာ လို့ပြောရမလိုဖြစ်နေပါပြီ။ မိဘသဖွယ် စောင့်ရှောက်ချင်ပါတယ်ဆိုရင်လည်းနေ့ကလေးထိန်းကျောင်းဖွင့်ပြီး သက်သေပြလို့ရပါတယ်။ အခုတော့ ဖွတ်မိချောင်းဖြစ်လိုဖြစ် ... အရောင်တွေပြောင်းလိုပြောင်း .... ခါတော်မီ စတေးပစ်လိုက်ဖို့ အားလုံးက အသင့်အနေအထားနဲ့နေရာယူပြီးနေကြပါပြီ။ တစ်ခါတစ်ခါ တွေးမိတယ် ....။ အဲဒီ စတေးခဲ့တာတစ်ခုနှစ်ခုအတွက် ဘယ်လောက်ကြာကြာကျေးဇူးတင်နေဖို့လိုသလဲဆိုတာကိုပါ။ ဘာတာစနစ်မှာ တစ်ခုကို တစ်ခုနဲ့လဲသလို စတေးနေကြတာများလားလို့တောင်ထင်မိပါတယ်။

Despair says, I cannot lift that weight, Happiness says, I do not have to.

စိတ်ပျက်အားငယ်မှုက ဒီလောက်အလေးကြီးကို ငါမမ နိုင်ဘူးလို့ပြောတယ်။ ပျော်ရွှင်မှုက အဲဒါကို ငါမဖို့မလိုဘူးလို့ပြောတယ်တဲ့။ အဲဒီအတွေးလေးက အတော်လေးချစ်စရာကောင်းပါတယ်။ စိတ်ပျက်နေတဲ့အခါ၊ စိတ်ဓာတ်ကျနေတဲ့အခါမှာ စိတ်ထဲမှာ အတွေးတွေကလေးလံထိုင်းမှိုင်းနေတတ်ပါတယ်။ ကိုယ့်ဘာသာကို တာဝန်မယူချင်တဲ့သူဆိုရင် ပိုတောင်လေးတတ်ပါတယ်။ ဘယ်သူ့ကို အလေးတွေနဲ့ထပ်ဖိရင်ကောင်းမလဲ လူရှာရတာကလည်း ပိုလေးနေတတ်ပါတယ်။ ပျော်ရွှင်နေတဲ့အခါ စိတ်ဟာ ပေါ့ပါးနေပါတယ်။ ပျော်ရွှင်တယ်ဆိုတာကိုလည်း တရားဘက်ကကြည့်တဲ့ သန္တိတလို ငြိမ်းချမ်းပျော်ရွှင်တာကို ဆိုလိုဟန်မပေါ်ပါဘူး။ ကျွန်တော်တို့ နေ့တိုင်း ပျော်နေတဲ့သာမန်အပျော်ကိုပဲပြောပုံရပါတယ်။ အမှန်က ပျော်နေတာကလည်း ပင်ပန်းပါတယ်။ ဒါပေမယ့် စိတ်ပျက်နေတာနဲ့ယှဉ်ရင်တော့ တော်တော်လေး သက်တောင့်သက်သာပင်ပန်းနေတယ်လို့ဆိုနိုင်ပါတယ်။ တကယ်စဉ်းစားရမှာက ကိုယ်ကြုံတွေ့နေရတဲ့အပူတွေကို ကိုယ်က ပူနေဖို့လိုလားမလိုလားဆိုတာကိုပါ။ တစ်ချို့အချိန်တွေမှာ အပူတွေကို သတိမထားမိလို့ အပူတွေက ကိုယ့်အပူလို့ထင်နေတတ်ပါတယ်။ သက္ကာယ+ သောက ဟာ 1+1=6
ဆိုတဲ့ Synergy သီအိုရီမျိုးဖြစ်နေပါတယ်။( Synergy ကို အကြမ်းဖျင်းပြောရင် လူတစ်ယောက်တည်းလုပ်ရင် အလုပ် ၅ ခုပြီးပါတယ်ဆိုပါတော့ နှစ်ယောက်လုပ်လိုက်ရင် အခု ၁၀၀ ပြီးရင်လည်းပြီးပါလိမ့်မယ်။ နမူနာပြောရရင် မြေညီထပ်က အုတ်ခဲကို ပထမထပ်ကို တင်တဲ့အလုပ်ဆိုပါတော့ ...။ တစ်ယောက်တည်းဆိုရင် လှေကားကနေတက်ရမယ် ပြန်ဆင်းရမယ်။ နှစ်ယောက်ဆိုရင် တစ်ယောက်က အောက်ကပစ်တင်ပြိးတစ်ယောက်က အပေါ်က ဖမ်းပြိးစီပစ်လိုက်နိုင်ပါတယ်။ တစ်ယောက်က တစ်ဆ၊ နှစ်ယောက်ကို နှစ်ဆဆိုတာဟာ အင်မတန် formal thinking ကျတဲ့ကိစ္စမျိုးမှာပဲဖြစ်ပါတယ်။)သက္ကာယကို သက္ကာယ+သောကထဲက နှုတ်ရင်လည်း သောကသက်သက်ပဲကျန်မယ်လို့ ပြောချင်ပြောမယ်ထင်ပါတယ်။ အကြွင်းသုညကျန်တာမျိုးလည်းဖြစ်သွားနိုင်ပါတယ်။


Pessimists live in fear of their hope, optimists in fear of their fear.

ဒီတစ်ခုကိုတော့ အကြိုက်ဆုံးပါပဲ။
အဆိုးမြင်တဲ့သူဟာ သူမျှော်လင့်တာတွေကို မဖြစ်နိုင်ဘူးလို့ယူဆပြီး ကြောက်ရွံ့ပါတယ်။
အကောင်းမြင်တဲ့သူကတော့ ကြောက်ရွံ့စရာရှိတာကိုပဲကြောက်ရွံ့ရပါတယ်။ အဲဒီအတွက် အဆိုးမြင်ရတာဟာ တွက်ခြေမကိုက်ဘူးလို့ခံစားရပါတယ်။

I am saving good deeds to buy a great sin.

ကျွန်တော်ဟာ ကြီးကျယ်တဲ့အပြစ်တစ်ခုကို ၀ယ်ဖို့ ကောင်းမှုကုသိုလ်တွေ စုဆောင်းပါတယ်တဲ့။
တော်တော်ကန့်လန့်နိုင်တဲ့အတွေးလို့ထင်ရပါတယ်။ တကယ်တော့ လူအများစုမှာ ကြောက်လို့လုပ်နေတဲ့ကုသိုလ်တွေရှိပါတယ်။ အပါယ်လေးပါးကို ဘယ်သူမှ Discount ပေးတုန်းမသွားချင်ပါဘူး။ကောင်းတာတွေလုပ်နေတာဟာ ကိုယ်ပြုဖူးတဲ့အကုသိုလ်ကို ပြန်ချေပဖို့ ကြိုးစားနေသလိုဖြစ်နေတတ်ပါတယ်။

Each lock makes two prisons.

ဒီတစ်ခုလည်းကြိုက်ပါတယ်။ လမ်းကသာတစ်ခုတည်းခွဲကြပေမယ့် အသည်းကြတော့ နှစ်ခုကွဲရတတ်ပါတယ်။ မျဉ်းတစ်ကြောင်းဆွဲလိုက်ရင် နှစ်ဖက်ဖြစ်သွားသလိုမျိုးပါပဲ ....။ (အတွေ့အကြုံရှိသူများ ဆက်လက်စဉ်းစားပါရန်) ။

ခင်မင်စွာဖြင့်
Zephyr

Notes:
ဒီပို့စ်ကို ရေးရတာ အမြဲတမ်း ဂရုစိုက်တဲ့ အမေ့အတွက်ဖြစ်ပါတယ်။
ဖတ်ရင်း Elite ဖြစ်သွားတဲ့သူတွေကိုလည်း သာဓု ၂.၅ကြိမ်ခေါ်လိုက်ပါတယ် .....။

အခု Blog တွေကနေ သတင်းတွေ အလျင်အမြန် ဖြန့်နိုင်တဲ့ကိစ္စကို သဘောကျနေပါတယ်။
အားလုံးစုစုစည်းစည်းနဲ့ ကောင်းတာတွေအများကြီးလုပ်နိုင်တာ ကျေနပ်စရာကောင်းပါတယ်။

အခုလည်း ရေအတွက်နဲ့ ဆေးကျောင်းက ကလေးနှစ်ယောက် အတွက် ပရိုမိုးရှင်းလုပ်နေပါတယ်။
လှူနိုင်တဲ့နေရာမှာ လှူစေချင်ပါတယ်။ ဆေးကျောင်းတက်မယ့်ကလေးတွေကို ကူညီတာကတော့ သူတို့ကို Study Guides လုပ်စားပါလားလို့ စေတနာနဲ့အကြံပေးတဲ့သူတွေကို ရွဲ့ပြီးလှူလိုက်တာတော့မဟုတ်ပါဘူး .....။ တစ်ခါတစ်လေ ကလေးတွေက ဘယ်နယ်ကလဲဆိုတာနဲ့ ဆေးကျောင်းရဲ့ သဘောကို သိဖို့လိုပါတယ်။ ဆေးကျောင်းမှာ တက်နေတဲ့ကလေးတွေအများကြီးနဲ့ စကားပြောဖူးပါတယ်။ ဆယ်တန်းမှာ သူငယ်ချင်းခြောက်ယောက်မှာ ငါးယောက်က ဆရာဝန်လုပ်သွားတဲ့အတွက် ဘာတွေလွယ်ပြီးဘာတွေခက်တယ်ဆိုတာကို သိပါတယ်။ ဘာတွေ ဘယ်လောက်ကုန်သလဲဆိုတာကိုလည်းသိပါတယ်။ သူတို့တွေလည်း မတတ်သာလို့သာ အကူအညီတောင်းရတယ်လို့ခံစားရတဲ့အတွက် အကြွေတွေစုထားတဲ့စုဗူးတစ်ဗူးဖောက်ပြီးလှူလိုက်ပါတယ်။

တကယ်တမ်းပြောမယ်ဆိုရင် ကျောင်းတွေမှာ အစိုးရဆီက လျှောက်လို့ရတဲ့ ပညာသင်ထောက်ပံ့ရေးအစီအစဉ်တွေရှိပါတယ်။ ကလေးနှစ်ယောက်ဟာ ဒီ ထောက်ပံ့ကြေးမရတာလည်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် သူတို့ထက် လိုအပ်တဲ့သူတွေရှိနေလို့လည်းဖြစ်နိုင်ပါတယ်။ ဒါတွေကို သိပ်လည်းစိတ်မ၀င်စားလို့မမေးကြည့်လိုက်ပါဘူး။ ၂၀၀၂ လောက်ကလည်း 7 days ကနေတစ်ဆင့် အဲဒီလို ပညာတော်သင်ထောက်ပံ့ဖို့ အကူအညီပေးကြတာလေးကို သဘောကျခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ကူညီတာကို မ agree ဘူးဆိုလည်းရပါတယ်။ တစ်ချို့စကားတွေက ဘေးကနေပြောလိုက်တာ သိပ်လွယ်ပါတယ်။ ကျွန်တော်တို့လိုနေတာ helping hands တွေပဲဖြစ်ပါတယ်။ Talkative Nonsense တွေမဟုတ်ပါဘူး ....။ နှုတ်၏စောင်မခြင်းဆိုတာ လေနဲ့ကူနေတာကိုခေါ်တယ်လို့ပဲယူဆမိပါတယ်။ ... လေနဲ့လုပ်လို့ရတာကသုံးခုက လေမှုတ်ရုပ်ရောင်းတာရယ်၊ နိုင်ငံရေးသမားရယ်၊ သတင်းဖတ်တဲ့သူရယ်ပါ ....။ ....စိတ်ပါဝင်စားရင် အဲဒီအလုပ်တွေမှာ ကိုယ်ရည်ကိုယ်သွေးပြစေချင်ပါတယ်။ ....။



Peace B with U.