Friday, October 5, 2012

သောက်သောက်သောက် သောကြာ .......။

သောက်သောက်သောက် သောကြာ .......။

ဟိုရောက်ဒီရောက်

ကျောင်းသားဘဝတုန်းကတော့ သောကြာနေ့ဟာ ရန်သူလိုပဲ။ အနားကပ်လာတာနဲ့တင် မကြိုက်လှဘူး။ ကျောင်းမှာ အချိန်အများကြီးဖြုန်းခဲ့တယ်။ အခုပြန်တွေးကြည့်မှ အင်မတန် အရသာရှိတဲ့ အားလပ်ရက်တွေလို့ခံစားရတယ်။ ကျောင်းကို သုံးနှစ်လောက်တက်ခဲ့တဲ့သူတွေနဲ့ ငါးနှစ်ခြောက်နှစ်တက်ခဲ့သူတွေမတူနိုင်ဘူး။ အဲဒီတုန်းကတော့ ရေသန့်ဘူးနဲ့ဘောလုံးကန်တာတို့၊ ဖဲဝိုင်းမှာ ထွက်ပြေးရတာတို့ဟာ ဘာနဲ့မှ မလဲနိုင်တဲ့အရသာတွေဖြစ်လာမယ်လို့ ထင်မထားခဲ့မိဘူး။

စင်ကာပူမှာ ကျောင်းကို grading ကြည့်ပြီးတက်တယ်ဆိုတဲ့အကြောင်း မနေ့က သတင်းမှာနားထောင်လိုက်ရတယ်။ အရည်အချင်းဆိုတာ ဘာလဲဆိုတဲ့မေးခွန်းကို ကျနော်လည်းကောင်းကောင်းနားမလည်ဘူး။ ကိုယ်တိုင်လည်း အလယ်အလတ်လောက်ပဲဆိုတော့ ညံ့သွားမှာ၊ဖျင်းသွားမှာ၊ ဒူသွားမှာ၊ချာသွားမှာ သိပ်စိတ်မပူဘူး။ သံလမ်းပေါ်မှာ လမ်းလျှောက်သလိုပေါ့။ သံလမ်းကနေချော်ကျသွားဦး၊ အလွန်ဆုံးကျတစ်ထွာလောက် ပိုနိမ့်တဲ့ မြေကြီး (သို့)ကျောက်ခဲ(သို့) သစ်သား/အင်္ဂတေ ဇလီဖားတုံး ပေါ်ပဲကျမယ်ဆိုတော့ အလယ်အလတ်လူတွေ စိတ်မပူတာမဆန်းဘူး။ တော်တဲ့သူတွေကတော့ သံလမ်းကို မလျှောက်တော့ဘူး။ အိုင်ဖယ်တာဝါမှာကြိုးတန်းပြီးလျှောက်တာတို့ ဘာတို့လုပ်နိုင်တယ်။ သူတို့ရဲ့မွေးရာပါဗီဇကိုက တော်ပြီးသား။ ခြေမချော်ဘူး။ လှလှပပလေး သူ့လမ်းသူလျှောက်သွားကြတယ်။ မွေးရာပါအရည်အချင်းက အလယ်အလတ်ကို တော်ချင်ယောင်ဆောင်တဲ့သူတွေလည်းတွေ့ဖူးတယ်။ စာမေးပွဲဒီတိုင်းဖြေရင် roll 1 မရနိုင်မှာစိုးလို့ ခိုးဖြေတယ်ဆိုတာမျိုးဟာ အဲဒီလိုလူမျိုးတွေ။ သာမန်အရည်အချင်းအတိုင်းဖြေပြီး သာမန်ရလဒ်ထွက်လာမှာ လက်မခံရဲတဲ့သူတွေပေါ့။ ဒီကိစ္စကို မကြာမကြာစဉ်းစားမိတယ်။ မိဘတွေကလည်း ကိုယ့်သား၊သမီးကို ကမ္ဘာ့အတော်ဆုံးတွေ ထင်နေတာဖြစ်မယ်။ မွေးရာပါ ညံ့တာကို ညံ့တယ်လက်မခံနိုင်တာလည်းပါမယ်။ ကိုယ့်ကိုယ်ကို သိပ်တော်တယ်ထင်ပြီး ကိုယ့်သားသမီး ကိုယ်လောက် တော်အောင်လုပ်နေတယ် ဆိုတဲ့မိဘတွေလည်းရှိတာတွေ့ရတယ်။ တစ်ချို့မိဘတွေကြတော့လည်း ကိုယ့်အလှည့်မှာ ဆယ်တန်းကိုတောင် လေးဆယ်ပြည့်အောင် သေမတတ်ဖြေခဲ့ရပေမယ့် သားသမီးအလှည့်မှာတော့ ၂၄ နာရီ ကျူရှင်တွေဖြည့်ပေးပြီးတော်လာအောင်လုပ်မယ်ကွဆိုတဲ့ ပေါချာချာအတွေးအခေါ်တွေ ဝင်လာတယ်။ အရှိကိုအရှိအတိုင်း လက်မခံရဲတာဟာ အန္တရာယ်များတယ်ထင်ပါတယ်။ အရှိကိုအရှိအတိုင်းလက်ခံလိုက်တာဟာ မိဘရောသားသမီးပါစိတ်ချမ်းသာဖို့ပဲထင်တယ်။ အဲဒီလို စိတ်အခြေခံကောင်းတဲ့သား၊သမီးတွေဟာ အမှတ်တစ်မှတ်ပိုရဖို့ ခိုးဖြေစရာလိုတယ်လို့မထင်လောက်ဘူး။ ကိုယ်ရသင့်တာကိုပဲယူမယ်ဆိုတဲ့ အခြေခံစိတ်ထားက ရမှတ်တွေထက် အရေးကြီးတယ်လို့ထင်ပါတယ်။ ကိုယ့်နေရာနဲ့ထိုက်တန်တဲ့အရည်အချင်းကိုဖြည့်ဆည်းရမယ်ဆိုတာကမှ လူကြီးလူကောင်းဆန်တယ်လို့ယူဆပါတယ်။

အပင်များ

သောကြာနေ့မှာ ပေါ့ပါးတာတွေပြောတာ ပိုသင့်တော်မယ်။ အခုတလော အပင်စိုက်တယ်။ အပင်စိုက်တယ်ဆိုတာ ဗြဟ္မာပြည်ရောက်ဖို့အတော်အလားအလာကောင်းတဲ့အလုပ်ပဲ။ ရုက္ခစိုး certificate အရင်ယူတဲ့သဘောလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ မေတ္တာတရားလေးဘာလေးပွားနိုင်တယ်။ အပင်တွေဆိုတော့ လူတွေလို အရှုပ်အရှင်းသိပ်မရှိဘူး။ သူ့သဘာဝကိုကချစ်စရာကောင်းတယ်။ သူတို့ကိုပြုစုပျိုးထောင်ရင်း ကိုယ့်စိတ်ကိုလည်း ကိုယ်ပြုပြင်နိုင်တယ်။

ရယ်စရာကောင်းတာတစ်ခုက စံပယ်ပင်တစ်ပင်က ရိုးတံအရှည်ကြီးတစ်ခုထွက်လာတာကို မိန်းမက ပေါင်းပင်တစ်ပင်ပါလာတယ် နှုတ်လိုက်ဆိုတာနဲ့ နှုတ်လိုက်မိတာပဲ။ စံပယ်ရွက်က ထွက်ခါစမှာ ပုံစံမတူတာကို မသိဘူး။ နောက်တစ်ကိုင်းက ရှိပြီးသားအကိုင်းက ရှည်ထွက်လာမှ မိန်းမရေ ပေါင်းပင်ကြီးလာကြည့်ပါဦးဆိုပြီးခေါ်ပြရင်း နှစ်ယောက်သား ရယ်မိကြတယ်။

သြစတေးလျတိုက်မှာ ခြံစိုက်စားနေတဲ့သူငယ်ချင်းကတော့ ရေချိုးရင်ပိုက်ဆံကုန်မှာစိုးလို့ အပင်တွေရေလောင်းရင်းတစ်ခါတည်းချိုးတယ်လို့ပြောတယ်။ သူ့နည်းအတိုင်းလိုက်နာရင် ချမ်းသာလာနိုင်တယ်လို့ထင်မိတယ်။

သစ်ခွပင်ကတော့ စိုက်ရတာတွက်ခြေမကိုက်ဘူး။ မစိုက်တတ်တာလည်းပါမယ်။ အရွက်တွေတဖားဖားထွက်လာပေမယ့် ပန်းက တစ်နှစ်ကို နှစ်ခါလောက်ပဲပွင့်တာဆိုတော့ ရေလောင်းရတာနဲ့မကာမိဘူး။ သားသမီးမွေးမှ တွက်ခြေမကိုက်တာမဟုတ်ဘူး။ သစ်ပင်စိုက်ကြည့်ရင်လည်း တွက်ခြေမကိုက်တာသိရတယ်။

စံပယ်ပင်ကတော့ စိုက်ရလွယ်တယ်။ တစ်ပင်က အပွင့်ငါးဆယ်ကျော်ပွင့်ပြီးပြီ။ အတော်တန်သွားပြီ။ နောက်တစ်ပင်က အပွင့် ၂၀ လောက်ပဲပွင့်သေးတယ်။ ဆက်ပွင့်ဖို့ကောင်းတယ်။ နောက်နှစ်ပင်ကတော့ ပွင့်ပေမယ့် သိပ်မမွှေးသေးဘူး။ ပိုမွှေးတဲ့အပွင့်တွေပွင့်ဖို့လိုသေးတယ်။ ပန်းအိုးကိုလည်း မကြာမကြာလဲတယ်။ အမြစ်တွေပေါ်မူတည်ပြီး ထည့်သင့်တဲ့မြေဆွေးကိုရွေးတယ်။ သူတို့ရှင်သန်ဖို့ ဂရုတစိုက်စောင့်ကြည့်လေ့လာတယ်။ ပိုးတွေတွေ့ရင် အရွက်အောက်ခြေမှာဆေးဖြန်းတယ်။ အကုသိုလ်ဖြစ်မှာစိုးလို့ ပိုးကောင်ကိုတော့ တိုက်ရိုက်မဖြန်းရက်ဘူး။

ကစ်မီကွခ်ကတော့ အပွင့်ကြီးတွေ မဟားတရားပွင့်ရာကနေ အခုတလော နည်းနည်း လူကြီးဆန်လာတယ်။ မပွင့်တော့ဘူး။ အရွက်ကြီးတဖားဖားနဲ့ ။ ကလေးမွေးရမှာစိတ်ကုန်တဲ့ အပျိုကြီးလို အရွက်နုလေးတသသနဲ့နေနေတဲ့ပုံပေါက်တယ်။ ထူးဆန်းတာက အပွင့်ပွင့်နေတဲ့ပန်းခိုင်ကနေအရွက်ထွက်လာတာပဲ။ မိန်းမက ငယ်တုန်းက ဖတ်ခဲ့ရတဲ့သုတစွယ်စုံကို ဖြစ်ဖြစ် နက္ခတရောင်ခြည်ကိုဖြစ်ဖြစ် ပို့ဖို့ပြောတယ်။  လာဘ်ရွှင်စီးပွားတက် ထူးဆန်းသောသစ်ပင်ဆိုပြီး ဒေါ်လာ ငါးသောင်းလောက်နဲ့ရောင်းလို့ရရင်မဆိုးဘူး။ အခုတော့ အရွက်တင်မဟုတ်ဘူး။ ဆူးတွေပါထွက်လာတယ်။

အစားအသောက်

အခုတလော မိန်းမမွေးနေ့ကိုအကြောင်းပြပြီး အပြင်ဆိုင်တွေမှာ စားတယ်။ ပုံမှန်အားဖြင့်တော့ သောကြာနေ့တစ်ရက်ပဲအပြင်မှာစားတယ်။ ဈေးကြီးတာကလွဲရင် အရသာက သိပ်အကောင်းကြီးမဟုတ်ဘူး။ Thai Express ဆိုရင် လက်ရာက ကြမ်းတယ်လို့ထင်တယ်။ Lerk Thai ကတော့ အရသာမဆိုးပေမယ့် ဈေးပိုကြီးတယ်။ ထမင်းကနည်းတယ်။ ဗိုက်မပြည့်ဘူး။ Ayam Penyet Ria ကတော့ ငရုပ်သီးပဲကောင်းတယ်။ ဆိုင်က မြန်မာအမျိုးသမီးက များများမှာရင် နှစ်ယောက်တည်းစားမှာနော်ဆိုပြီး အူကြောင်ကြောင်မေးတယ်။ ကိုယ့်ဟာကိုယ်တောင် အစားပုတ်ပါတယ်ပြောရမလိုဖြစ်တယ်။ Vivo City က Food Republic ကတော့ စင်ကာပူအစားအစာတွေမှာ အတော်လေး authentic သေးတယ်လို့ထင်တယ်။ အဲဒီထက် နည်းနည်းသက်သာပြီး စားရသောက်ရအဆင်ပြေတာက Paya lebar စာတိုက်အောက်က Food Court၊ အရသာမဆိုးဘူး။ Astons က နေရာတော်တော်များများမှာ အရသာဖျင်းစပြုလာပြီ။ Parkway Parade မှာရှိတဲ့ ဆိုင်လို နေရာကောင်းတွေမှာရှိတဲ့ အဓိကဆိုင်တွေလောက်ပဲအဆင်ပြေတာများတယ်။ အပြင်food court တွေမှာ ကပ်ဖွင့်တဲ့ Astons တွေက တော်တော်ညံ့တာများတယ်။ ဒါပေမယ့် Paya Lebar က Astons ကတော့မဆိုးဘူး။ ထမင်းကောင်းကောင်းချက်တဲ့ဆိုင် ရှားတာတွေ့ရတယ်။ မြန်မာလူမျိုးတွေအနေနဲ့ အစာမကြေဖို့များတယ်။ ကုလားဆိုင်တွေကတော့ ဈေးကြီးပေမယ့် ကျန်းမာရေးနဲ့ညီညွတ်အောင်ချက်တာမရှိဘူး။ ဝတ်တာစားတာတင် အရောင်တောက်တာမဟုတ်ဘူး။ ကြက်သားဆိုရင် မီးပွိုင့်နီ၊ အာလူးဆိုရင် အဝါထိန်ထိန် အဲဒီလိုတွေချက်တယ်။ ထမင်းကြတော့ အညံ့စားဆန်သုံးတာများတယ်။ ဆိုင်ဖွင့်ရောင်းနေတဲ့ ကုလားတွေ၊ တရုတ်တွေဟာ ထမင်းကို ဆန်ကောင်းကောင်းနဲ့စားရတဲ့အရသာကို ကြိုက်ပုံမရဘူး။ သိပုံလည်းမရဘူး။ သိလည်း ဈေးတွက်တွက်တာဖြစ်ကောင်းဖြစ်မယ်။Plaza Singapura က ayam padang ဆိုင်ကတော့ သဘောကျတယ်။ Kopitiam ဆိုင်တိုင်းကတော့ ကဒ်နဲ့မှ ပုံမှန်ဈေးလောက်ကျတယ်ထင်တယ်။ ၁၀ % ဆိုတာလည်းမနည်းလှဘူး။ အဲဒီဆိုင်တောင် ကြက်သားပဲကောင်းတယ်။ တစ်ခြားဟာတွေစားတာ ဝက်စာလိုလုပ်ထားတဲ့ အရွက်ကြော်၊ ပြည်ကြီးငါးလည်း သိပ်စားမကောင်း။ ငါးလည်း သာမန်ပဲ။ အုန်းနို့နဲ့ကြိုက်ရင်တော့ အရည်များများဆမ်းတာကောင်းတယ်။ သရက်သီးသနပ်လိုဟာတစ်ခုလည်းအလကားပေးတယ်။ အဲဒီဆိုင်ကိုတော့ မဆိုးဘူးထင်တယ်။ Jurong Point က ဆိုင်နဲ့မတိမ်းမယိမ်းလောက် စားရတာ အဆင်ပြေတယ်။ Tiong Bahru Plaza က ပလာတာဝါလား ဆိုတဲ့ဆိုင်မှာလည်း စားကြည့်တယ်။ တိုရှည်တွေ၊ ပလာတာတွေအစုံရတယ်။ ဈေးလည်းသင့်တယ်။ အရသာလည်းမဆိုးဘူး။ မကောင်းတာကတော့ အစာသိပ်မကြေသလိုဖြစ်တယ်လို့ထင်တယ်။ နှစ်ခါစားတာ နှစ်ခါစလုံး အစာမကြေဘူး။ ပင်နီဆူလာက ငှက်ပျောရွက်ဆိုင်ကလည်း အဲဒီလိုပဲ၊အစာသိပ်မကြေဘူး။ ချက်တာ ပြုတ်တာ အချိုးမကျလို့ထင်တယ်။ မဟုတ်ရင်လည်း ကိုယ့်အစာအိမ်နဲ့မတည့်တာဖြစ်မယ်။ စားတိုင်းလည်း သတ်သတ်လွတ်ပဲစားတာများတယ်။ အရှင်တစ်ခါမှမစားဘူး။ သေပြီးသား၊အသတ်လွတ်ပြီးသားတွေ ၊ပံ့သကူတွေပဲစားတယ်။ ဂဏန်းမစားဘူး။ ငါးမန်းတောင်မသောက်ဘူး။ ကိုယ့်ကိုယ်ကို ညှင်းဆဲတဲ့ ဘူးဖေးမစားတော့တာကြာပြီ။ ဈေးချင်းအတူတူ၊ အရသာပိုရှိတာလေးပဲ စားနိုင်ရုံစားတာပိုတန်တယ်လို့ထင်တယ်။ Junk food တွေ Fast food တွေတော့မကြိုက်ဘူး။ စောစောစီးစီးသေဖို့ပြင်ဆင်ပေးလို့ fast food လို့ခေါ်တာလို့ထင်တယ်။

သောကြာနေ့ဆိုရင် ဇိမ်ကျတဲ့ tcc သွားပြီး အအေးသောက်ရတာ အင်မတန်အရသာရှိတယ်လို့ထင်တယ်။ မိန်းမက ကိတ်မုန့်ကြိုက်တော့ အဲဒီက လှလှပပ ကိတ်ကလေးတွေဝယ်ကျွေးဖြစ်တယ်။ ကလေးမရှိခင်လေး  နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင်နေမှလို့တွေးမိတယ်။ ပိုက်ဆံဆိုတာတော့ ကုန်သွားမှာပဲ။ မကုန်ခင် ကုသိုလ်ရအောင်၊ စိတ်ချမ်းသာရအောင် သုံးတတ်ဖို့ပဲလိုတယ်ထင်တယ်။ ကော်ဖီဆိုင်အညံ့စားတွေဖြစ်တဲ့ စတားဘတ်ခ်တို့ ဘာတို့ဆိုတာ ကော်ဖီမကြိုက်တဲ့သူတွေသောက်တာလို့ထင်တယ်။ ယာကွန်းက ကော်ဖီကတောင် စတားဘတ်ခ်ထက်သာတယ်ထင်မိတယ်။ ကော်ဖီဘင်းန်ဆိုလည်း ဈေးသက်သာပေမယ့် စတားဘတ်ခ်ထက်တော့ အရသာရှိသေးတယ်။ Killiney ကတော့ နည်းနည်းချိုတယ်။ အခုတလော လက်ဘက်ရည်အေးဘက်ကို ပြောင်းလိုက်တယ်။  Gelato အသီးအနှံနဲ့လုပ်တာလေးတွေကြိုက်တယ်။ (iluma bugis) အီလူးမကဆိုင်မဆိုးဘူး။ အလကားလည်းကျွေးတယ်။

နောက်ဆို အစားအသောက်အကြောင်းတွေများများရေးမှလို့တွေးမိတယ်။ ဓာတ်ပုံတွေဘာတွေ ရိုက်သင့်ရင် ရိုက်ထားမှလို့လည်းတွေးမိတယ်။

ဆွမ်းကပ်ခြင်း

အိမ်မှာ ဘုန်းကြီးဆွမ်းကပ်တော့ အသိဘုန်းကြီးကို တပည့်တော်တို့က ဆွမ်းကပ်ရင် ဘုန်းမှ ကြိုက်တယ်ဖျာ့၊ ကပ်တဲ့ဆွမ်းမကုန်ရင် အားကြီးစိတ်ဆိုးတယ်ဖျာ့ ဆိုတာနဲ့ ဦးဇင်းလည်း ကြိုးစားဘုန်းသွားရှာတယ်။ ဒါတောင် အသီးတွေ မဘုန်းလို့ဆိုပြီး နည်းနည်းလျှောက်လိုက်သေးတယ်။ ဦးဇင်းကလည်း လှူထားတဲ့အထုပ်ကျန်ခဲ့ပြီး ကျောင်းပြန်ကြွသွားလို့ ညဘက်မှ Clementi  ကျောင်းကိုပြန်သွားပို့ရတယ်။ ဦးဇင်းက အိန်ဒိယမှာ မာစတာတက်နေတယ်။ ကျနော်တို့လှူတဲ့ ဦးဇင်းနဲ့ အခုကြွတဲ့ဦးဇင်းနဲ့ဟာ သူငယ်ချင်းပေါ့။ ဖေ့ဘွတ်ခ်မှာတော့ တစ်ခါတင်ဖူးတယ်။ လစဉ် တစ်လ ဒေါ်လာ ၁၀၀ လောက်ဆိုရင် ဦးဇင်းတစ်ပါး လောက်လောက်ငင စာသင်ဖို့ဖြစ်နိုင်တယ်ဆိုတာ။ အိန်ဒိယမှာလည်း အစိုးရလွှတ်တဲ့ဦးဇင်းတွေနဲ့ ကိုယ့်စရိတ်နဲ့ကိုယ်သွားတက်ရတဲ့ဦးဇင်းတွေနဲ့မတူဘူး။ ဆွမ်းလည်းခံလို့ရတာမဟုတ်ဘူး။ ကိုယ့်ဟာကိုယ်ချက်ရတယ်။ အဲဒီကကျောင်းက ဘုန်းကြီးတွေချည်းသင်တာမဟုတ်ဘူး။ လူတွေနဲ့ရောတက်ရတာဆိုတော့ ကျနော်တို့ကျောင်းတက်သလိုပဲဖြစ်မယ်ထင်တယ်။ အနေရော အစားပါဆင်းရဲတယ်။ ဒါကို သိစေချင်လို့နည်းနည်းထပ်ရေးလိုက်တယ်။ သာသနာကိုစောင့်ရှောက်တဲ့ ဦးဇင်းတွေကို စောင့်ရှောက်တာဟာ သာသနာကို indirectly စောင့်ရှောက်ရာရောက်တယ်လို့ယူဆတယ်။


နိဂုံး
အလုပ်ကိုလည်း ကြိုးစားလုပ်ပါ။ ပျော်အောင်လည်းနေပါ။ စိတ်ချမ်းသာအောင်လည်းနေပါ။ အသက်ရှည်ရှည်နဲ့ ကောင်းမှုကုသိုလ်လည်းမကြာမကြာ လုပ်ပေးကြပါ။ ကိုယ်လုပ်နိုင်တဲ့ဘက်က ကူညီပေးကြတာဟာ အင်မတန်မြန်မာဆန်တဲ့ယဉ်ကျေးမှုပဲလို့ထင်တယ်။ ဘုန်းကြီးကျောင်းရောက်ရင် တစ်ခုခုစားပြီးမှပြန်တာတို့ဘာတို့ကလည်း အင်မတန်သင့်တာပါပဲ။ အလကားတော့မစားသင့်ဘူး။ ကျောင်းအလုပ်လေးဘာလေးလုပ်ပေါ့။ ရေသန့်ဘူးယူဖို့သွားတာမျိုးကတော့ မသင့်ဘူး။ ကလေးတွေကို sunday school လိုဖွင့်တာတွေ့တယ်။ ကလေးတွေ ပျော်နေတာတွေ့တယ်။ ပြီးပြီဆိုတာနဲ့ ဝုန်းကနဲထပြေးသွားတာလည်းတွေ့တယ်။ အင်မတန်ပျော်စရာကောင်းပုံရတယ်။

မြန်မာပြည်ကနေ ဒီတစ်ပတ်စနေမှာ သံလျင်တံတားအဆင်းက ကွန်ဒိုတွေဆိုလား လာရောင်းမယ်ကြားပါတယ်။ မှတ်မိသလောက်တော့ ကျောင်းသွားရင် တွေ့ခဲ့ရတဲ့ ရေလွှမ်းနေတဲ့အကွက်တွေလို့ထင်ပါတယ်။ မြစ်နဲ့သိပ်ကပ်တာတွေမဝယ်တာကောင်းပါတယ်။ မြစ်နဲ့ဝေးပြီး ရေနံအရာထမ်းရပ်ကွက်ဘက်ရောက်ရင်တော့ အင်မတန်ကောင်းမယ်ထင်မိတယ်။ သံလျင်က သာကေတီးယားနဲ့ကပ်နေပေမယ့် ရှင်မွေးလွန်းတို့ဘက်က မင်းနန္ဒာတို့သာကေတီးယားထက် မိုးပိုများပြီးရာသီဥတုမျှတပါတယ်။ ကားတွေဈေးပေါလာပြီဆိုတော့ ကိုယ့်ကားနဲ့ကိုယ်ဆိုရင်တော့ နေလို့ကောင်းမယ်ထင်ပါတယ်။ သံလျင်မှာတော့ မီးပွိုင့်တစ်ခုပဲရှိတယ်ထင်တယ်။  ဒါကတော့ စေတနာနဲ့အကြံပေးတာပါ။

မှတ်မိနေတာကတော့ သာကေတနဲ့သံလျင်၊ သုဝဏ္ဏ ငမိုးရိပ်ချောင်းဘက်မှာ လယ်ကွင်းတွေကို သဲဖြည့်ပြီးဆောက်တာတွေကို လွန်ခဲ့တဲ့ ၇ နှစ်ဝန်းကျင်က ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ လုပ်ခဲ့တယ်ထင်ပါတယ်။ မြို့ပြအင်ဂျင်နီယာဘာသာမတက်ခဲ့တဲ့အတွက် ဆောက်လုပ်ရေးနည်းပညာတွေကိုတော့နားမလည်ပါဘူး။ ဝယ်ရင်တော့ အထပ်နိမ့်တိုက်တွေထဲကရွေးတာ အကျနာသက်သာမယ်ထင်ပါတယ်။ ကြိုပွိုင့်တွေနဲ့ပတ်သက်ရင် စိတ်ချရတာရှာဖို့လိုပါတယ်။ မြန်မာပြည်ရဲ့ထူးခြားတဲ့ဥပဒေအနေနဲ့ ကြိုပွင့်ယူထားပြီးမဆောက်သေးတာကို တရားစွဲလို့မရပါဘူး။ မဆောက်တော့တာမဟုတ်ဘူး။ မဆောက်သေးတာလို့ဆိုပါတယ်။ Terms and Conditions တွေကို သေချာဖတ်ကြပါလို့ပဲမှာချင်ပါတယ်။

ပျော်ရွှင်စရာသောကြာနေ့ဖြစ်ပါစေ။

Z




Peace B with U.