Friday, July 18, 2014

လွယ်လွယ်လေးပုစ္ဆာ

လွယ်လွယ်လေးပုစ္ဆာ

နောက်ဆုံး နှစ်လုံးတူတဲ့ ထီဟာ စင်ကာပူဒေါ်လာ ခြောက်ဒေါ်လာကို ပေးတယ်။ ဘဝမှာ နည်းနည်းလေးရလိုက်တာတွေဟာ အများကြီးလွဲချော်သွားတာတွေအတွက် ခွန်အားဖြစ်စေတယ် ဘယ်ရှိပါ့မလဲ။ မျှော်လင့်ချက်နဲ့ပဲ လူဟာ သင်ယူတယ်။ မျှော်လင့်ချက်နဲ့ပဲ လူဟာ တောင်းစားတယ်။ မျှော်လင့်ချက်မရှိတော့တဲ့နေ့မှာ Shawshank က ဘိုးတော်ကြီးBrooks Hatlen ကတော့  Brooks was here လို့ရေးပြီး လောကဟောင်းကနေထွက်စို့ခေါ်ပစ်လိုက်တာပဲ။ ကြောက်စရာကောင်းတဲ့မသေချာမှုတွေအတွက် နောက်ဆုံးခံတပ်လေးဟာ နောက်ဆုံးထွက်သက်ပဲဖြစ်မယ်ထင်တယ်။

ကျယ်ပြန့်တဲ့လောကမှာ သိမ်ငယ်စိတ်နဲ့ရှင်သန်ရတာ မွန်းကြပ်မှာ အမှန်ပဲ။ လူဟာ ဆင်းရဲဒုက္ခကို အတန်အသင့်ခံနိုင်ရည်ရှိပေမယ့် သောကပြည့်တဲ့စိတ်နဲ့ကြာရှည်နေဖို့ခက်တယ်။ သေခြင်းတရားကို ရှုံးလုဆဲဆဲ စစ်တုရင်သမားက perpetual check လုပ်သွားသလို အသုံးချသွားကြတယ်။ ဒါဟာ နောက်ဆုံးအချိန်ရဲ့ ထွက်ခတ်ပေါ့။

တိတ်တိတ်လေးနေနေတဲ့ အမှောင်ရိပ်ထဲက သစ်စေ့လေးတွေဟာ နှစ်ပေါင်းများစွာ ပုန်းအောင်းနေကြလိမ့်ဦးမယ်။ တောင်တန်းပေါ်က လှိမ့်ဆင်းလာတဲ့ကျောက်စရစ်ခဲလေးတစ်ခုရဲ့ ပျော်ရွှင်မှု၊ အတောင်ပျက်ကျလာတဲ့လေယာဉ်တစ်စီးရဲ့ ကမူးရှုးထိုးဆန်မှုတွေနဲ့ မိုးရာသီဟာ ဖော်ရွေလွန်းနေတယ်။ ၃၅ ဒီဂရီစွေရွာနေတဲ့ မိုးမြားတန်းတွေ၊ ရင်ကော့ရပ်နေတဲ့ ပန်းပင်စိမ်းစိမ်းတွေ၊ မြေသင်းနံ့ကလွဲရင် ဘာမှမပိုင်ဆိုင်တဲ့ ဘဒ္ဒလောကကြီးရဲ့ ညနေခင်း စိုစွတ်မှုဟာ ဂီတပဲပေါ့။

သက်ပြင်းချခြင်းကို သင့်တော်တဲ့ တစ်နေရာမှာ ချထားခဲ့ပြီး ခုန်ပေါက်ပြေးလွှားသွားတဲ့ လူတစ်ယောက်ဟာ ပျော်ရွှင်မှုဆီကိုပြေးဝင်သွားတာလား။ မွန်းကြပ်လှောင်ပိတ်မှုတွေဆီက ထွက်ပြေးသွားတာလား။ ငွေ့ရည်ဖွဲ့ပြီးသားတိမ်တွေ ရွာရန်ရွာနှုန်း တစ်ဆင့်ချင်းမြင့်တက်လာတာကို ငေးကြည့်နေရင်း ဘဝရဲ့ အချည်းနှီးဖြစ်မှုဟာ ဟဒယဝတ္ထုမှာ ထင်ရှားဖြစ်ပေါ်လာနေတယ်။

သီချင်းဟာ ငယ်ဘဝရဲ့ တက်တူးထဲက ခုန်ထွက်နေတယ်။
ချစ်ခြင်းတရားနဲ့ အရိုးစွဲနေတဲ့သိမ်မွေ့စိတ်ထဲ တိမ်တွေပွင့်နေတယ်။

မျှော်လင့်ချက်ကို ပစ်ဖဲထဲမှာ ရှာမတွေ့ရင် ဝိုင်းသိမ်းလိုက်တာပဲ။ မျှော်လင့်ချက်ကို ကန်းစွန်းရွက်ကြော်ထဲက မှိုစသေးသေးလေးတစ်ခုလိုရှာပြီး၊ ထန်းရည်အချိုလို နေမစောင်းခင်မော့ချလိုက်ဖို့ကောင်းတယ်။ နောင်တဆိုတာ ဘယ်အချိန်ရရမကောင်းတဲ့ အရာ။ မတော်တဆမှုတွေနဲ့  ဖြစ်မယ်ထင်တာတွေ ဖြစ်လာတော့ တလွဲဖြစ်နေတာမျိုး ကြုံဖူးမှာပေါ့။ ဗေဒင်ဆရာက suit ဝတ်ရကိန်းရှိတယ်ဆိုပြီး lawsuit ဖြစ်သွားတာမျိုး၊ အိုဇာတာကောင်းတယ် အသက်တော့ သိပ်ရှည်မှာမဟုတ်ဖူးဆိုတာမျိုးတွေပေါ့။ တစ်ခါတစ်ခါ နှလုံးလမ်းကြောင်းက ကျွန်းက ခင်ဗျားကြိုမသိဘဲ ၇၇ဘဝ ကြိုပြီး ပိတ်ထားလိုက်သလိုမျိုး။ ဒိုင်နဲ့ ဘိုးတော်ပေါင်းပြီး ပေါက်မယ့်အကွက် ကြိုပိတ်ထားသလိုမျိုး။

အကြောင်းပြချက်တစ်စုံတစ်ရာမရှိဘဲ နာနတ်သီးတွေ ရေထဲပစ်ပစ်ချနေတာ မမောဘူးလား။ အကောင်းစား ကရေကရာတစ်ဆယ်သား ဝယ်မစားနိုင်တဲ့နေ့ရက်တွေ၊ ပိုက်ဆံလေးတစ်သောင်းရဖို့ မုန့်ဖိုးတွေ တတိတတိစုခဲ့ရတာတွေ၊ ကိုယ်ပိုင်ကားရောင်းပြီး ကိုယ်ပိုင်ခြေထောက်နဲ့စလျှောက်တဲ့နေ့ကစပြီး မြေကြီးဟာပိုချစ်စရာကောင်းလာတာပဲ။ ဆင်းရဲဖူးမှ နားလည်မယ့် ထမင်းတစ်လုတ်ရဲ့တန်ဖိုးဟာ စံပယ်ရနံ့လင်းဖြာနေမှာ။

ဘဝခရီးဟာ တိုမလိုနဲ့ရှည်တယ်။ ယုံကြည်ရတဲ့ လက်ကလွဲရင် တခြားလက်တွေကို တင်းတင်းမဆုပ်မိစေနဲ့။ မှန်ပုံးထဲက ငါးလေးကတော့ ဒါတွေကို ဘာမှမသိရှာဘူး။ မျှော်လင့်ချက်နဲ့အစာတောင်းပြီး မျှော်လင့်ချက်နဲ့ကူးခတ်တယ်။ အနီရောင်အမောက်လှလှလေးနဲ့ လှလှလေး ကူးခတ်တယ်။ ချစ်ခြင်းတရားဟာ လှမ်းကြည့်လိုက်မှ အပင်ပေါ်တက်ပြေးသွားတဲ့ ရှဉ့်ညိုလေး။

အရှင်ဆေကိန္ဒတရားခွေတွေ၊ ဦးအောင်ကျော်စာအုပ် ရှေ့မှာ ပြုံးနေတဲ့စက်ဝိုင်းမျက်နှာ၊ တိမ်တွေပြိုကျရင် ပြေးစရာနေရာမရှိဘူး။ ငှက်တွေ အိပ်တန်းမပြန်ကြတော့ဘူး။ ထိုင်းမှိုင်းမှုန်ဝါးတဲ့ သစ်ရိပ်ညိုမှာ နားခိုနေမြဲနာနာဘာဝ ဝိညာဉ်တွေ။ လရောင်နဲ့ပွင့်တဲ့ ကုမုဒြာ။ နေရောင်နဲ့ပွင့်တဲ့ ကြာပဒုမ္မာ၊ မျက်ရည်နဲ့ပွင့်တဲ့ မျိုးမည်မသိကြာ၊ တော်တော်ကြာကြာ ကြာပန်းတွေပွင့်နေတယ်။ ကောင်းကင်ကိုမော့ကြည့်နေတာ မျက်ရည်တွေ မြေပေါ်မကျစေချင်လို့လည်းဖြစ်မယ်။ သင်္ခါရဓမ္မထဲ အလိုက်အလျားမသင့်နိုင်တဲ့ အယောနိသောမနသီကာရ သစ်မြစ်များနဲ့ အိုးပုတ်စံပယ်တွေ၊ လေးကျွန်းကြာခိုင်တွေ၊ တစ်ပင်ပြီးတစ်ပင် ညှိုးရော် ခြောက်သွေ့သွားမြဲ။ ဖြစ်ပြီးမပျက်သေးတာ၊ ပျက်ပြီး ပြန်မဖြစ်တော့တာတွေထဲမှာ သံယောဇဉ် ရက်လွန်အမှတ်တံဆိပ်ကဒ်ပြားတွေပေါ့။ ဟိုတစ်စ၊ ဒီတစ်စ၊ အမှတ်ရစရာတွေ စုသိမ်း၊ မီးရှို့၊ ပြာတွေကနေ ထထပျံ၊ ရှင်သန်လွန်းသော ဖီးနစ်ငှက်အမှတ်အသားနဲ့ အပြာဖျော့ဖျော့ သင်္ကေတအမှတ်တံဆိပ်များ။ ကံဆိုးခြင်း ၁၃ ဂဏန်းတစ်ခုကို ဆွဲကြိုးလုပ်ဝတ်ဖူးရုံလေးနဲ့ ဒီလောက်ဆိုးရတယ်တော့မဖြစ်သင့်ဘူး။

တိမ်တွေကို ငေးကြည့်ပြီးရင်းငေးကြည့်၊ တိမ်တွေလည်းမမြင်မိဘူး။ လက်ဖက်ရည်တွေ အေးအေးသွား။ အေးအေးသွားသော အပြုံးများ။ အေးအေးသွားသော သေချာမှုများ၊ လမ်းခွဲမှာရှိတဲ့ အအေးဓာတ်ကတော့ နိဗ္ဗာန်မဆန်ဘူး။ ရေခဲတိုက်ဆန်တယ်။

လွမ်းဆွတ်မှုဆိုတာ ကွဲကြေသွားတဲ့ သစ္စာတရားရောင် ကျောက်ခဲလှလှလေးပေါ့။ နွေးထွေးလုံခြုံတဲ့ အနာဂတ်တစ်ခုစာ ယုံကြည်မှုရဲ့ သည်းကြိုးပြတ်ဖိနပ်လေးတစ်ရံပေါ့။ ကိုယ့်ကိုယ်ကိုယ် ပြန်ထိုးစိုက်မယ့် ဓားတစ်လက်ကို နေ့တိုင်းမြမြထက်အောင် အမြဲသွေးတဲ့ ခပ်ချာချာ ဆာမူရိုင်းရဲ့ စိတ်ကူးလိုမျိုးပေါ့။ ရနံ့ပြယ်စံပယ်ပန်းခြောက်တွေ သိမ်းထားတဲ့ အနက်ရောင် ယွန်းဗူးလေးတစ်ခုပေါ့။

အလင်းရဲ့ဘာသာစကားမှာ မှောင်မိုက်အတွက် နေရာမပါဘူး။ အချိန်ကာလဟာ သစ်ရွက်စိမ်းတွေကို ခြောက်သွေ့စေဖို့ စီစဉ်ညွှန်ကြားချက်ထုတ်တာမျိုးမလုပ်ဘူး။ ဖြတ်သွားတဲ့ စိတ်ထဲက အပူလှိုင်းဟာ ပတ်ဝန်းကျင်ကို ဒုက္ခမပေးဘူး။ ငြိမ်ငြိမ်လေးထိုင်ပြီး အဝေးကို ငေးနေရုံနဲ့ ပန်းပွင့်ပွင့်သံတွေကြားလာတယ်။ တိုးတိတ်မှုထဲမှာ အရာရာကျယ်လောင်နေတာပဲ။ စိတ်တစ်ခုရဲ့စုစည်းဖြစ်တည်မှုဟာလည်း ဆူညံတယ်။ အလွမ်းရဲ့ဖွဲ့တည်မှုဟာလည်း ဆင်းရဲနေတယ်။ အပူငွေ့ငွေ့လေးရှိနေတယ်။ စုစည်းပြီးဖွဲ့တည်တယ်။ ထင်မြင်ချက်နဲ့ခံစားတယ်။ တွေဝေမှုနဲ့ မရေမရာဖြစ်နေတယ်။ အယောနိသောမနသီကာရကို အတစ်လုံးဖြုတ်ဖို့ စိတ်ရဲ့သဘာဝက တွန်းတိုက်တယ်။ ငြိမ်းခြင်းသဘာဝဘက်ကို စိတ်ကို ရွှေ့ယူသွားတယ်။ ပျော်ရွှင်စရာတွေနဲ့ စံပယ်ပန်းရနံ့ဟာ ပိုမွှေးမြလာတယ်။ တိမ်တွေရဲ့ငွေရောင်အနားသတ်ဟာ ကျယ်ပြန့်လာတယ်။ သိစိတ်ရဲ့ ထင်ယောင်ထင်မှားကင်းမှုနယ်မြေမှာ နေရောင်ခြည်တလက်လက်ပါတဲ့မိုးရည်စက်လေးတွေတွေ့တယ်။ အတွေးဟာ အသက်ရှူမဝတဲ့ငါးလို ဘွားခနဲရေပြင်ပေါ်ရောက်လာသလို ထင်ရှားရုန်းကန်လာတယ်။ အတွေးဟာ သိခြင်းရဲ့ကွင်းမှာ ခြေပျက်နေတဲ့တိုက်စစ်မှုးလို အကြိမ်ကြိမ် ဘောလုံးဆုံးရှုံးနေတယ်။ ဝင်လေနဲ့ပါလာခဲ့သမျှဟာ ထွက်လေနဲ့ပြန်ထွက်သွားရမှာပဲ။ ခင်ဗျားရော၊ ကျွန်တော်ရော၊ နာနတ်သီးတွေရော၊ တိမ်ပင်တွေရော၊ ချိုမြိန်သောသစ်သီးတွေရော၊ သာယာသော မြစ်နားက၊ စောင့်ရှောက်သော အတောင်တော်ရော၊ အားလုံးအားလုံး ..... ရောက်လာခဲ့ပြီးရင် ပြန်ထွက်သွားရမှာပဲ ................။                ။

Regards,
Z

================================================
မြစိမ်းတောင်တောရမှာ လမ်းဖောက်နေတာ အလှူခံနေပါတယ်။
မနှစ်ကတည်းက စနေကြပါပြီ။ ဒီနှစ်ကုန်လောက်အပြီး လုပ်နေကြပါတယ်။ ကွန်ကရစ်လမ်း ၁၀ ပေကို စင်ကာပူဒေါ်လာနှစ်ရာနှုန်းနဲ့ လှူဒါန်းနိုင်ပါတယ်။ Myaseintaung.net/road_updgrading.html
http://www.myaseintaung.net/road_upgrading.html
မှာ အသေးစိတ်ကြည့်နိုင်ပါတယ်။ ၁၆၅၃.၇ ပေ ကျန်ပါသေးတယ်။ လှူဒါန်းချင်တဲ့သူတွေ လှူနိုင်ကြစေဖို့ပါ။ ကျွန်တော်တို့လည်း မနှစ်ကဆယ်ပေလှူပြီးပြီ။ ဒီနှစ် ၁၅ ပေထပ်လှူပါမယ်။ မြန်မြန်ပြည့်သွားရင် ကောင်းတာပေါ့။

ကိုဇော်မိုးစံ +၆၅-၉၁၇၁၄၃၅၀ zawmoesan@yahoo.com.sg
မကျော့ကျော့ခိုင် +၆၅-၉၈၄၄၆၁၂၀ kyawtkk@gmail.com

မြန်မာပြည်တွင် ဆက်သွယ်လှူဒါန်းလိုသူများ အောက်ပါ ပုဂ္ဂိုလ်များသို့  ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
ကိုထင်ကျော် ၀၉-၄၂၈၁၈၃၆၉၀
 ကိုမျိုးဝင်းရီ ၀၉-၄၃၀၅၀၀၄၇
 မအေးဇာလီ ၀၉- ၃၆၁၅၄၉၀၁ ================================================



Peace B with U.

Tuesday, July 15, 2014

အမှတ်တရများ

အမှတ်တရများ

စိတ်ထဲက တရွေ့ရွေ့ထွက်ခွာသွားသော အမှတ်တရများ။ ထိုင်နေရင်း၊ ထနေရင်း၊ လမ်းလျှောက်ရင်း၊ လဲလျှောင်းရင်း တစ်စထက်တစ်စ။ တဖဲ့ပြီးတဖဲ့ကွာကျသွားတဲ့အရေပြားဟောင်းတစ်ခုလိုလို။ စိတ်ထဲကို ဝင်ပြီး delete လုပ်လို့မရတဲ့အခါ တစ်သက်လုံးသိမ်းထားချင်ခဲ့တဲ့ emails တွေကအစဖျက်တယ်။ တစ်ခုပြီးတစ်ခု။ ကိုယ့်နှလုံသားကိုယ်ပြန် သံချွန်နဲ့ကုတ်နေမိသလိုမျိုးလေ။ ကောင်းကင်မှာဆုတ်ခွာလာတဲ့လခြမ်းကွေး၊ ရင်ဘတ်ထဲမှာ လရောင်မဲ့သောည၊ ကြယ်လေးတောင်ဖျဖျမလင်းဘူး။ လမ်းတွေရှည်လျား၊ ရထားဥသြသံတွေရှည်လျား၊ ပင်လယ်ထဲခရီးပျောက်၊လမ်းပျောက်နေတဲ့ ပုလင်းလွတ်တစ်လုံးရဲ့ အနာဂတ်ဟာရှည်လျား။ အမှတ်တမဲ့များ၊ အမှတ်တရများ၊ အေးခဲထုံကျင်နေတဲ့ အိမ်မက်ဆိုးမှ ခြေထောက်များ။ ဆွံ့အကြောင်ငေးသွားသော အခိုက်အတန့်များ။ သိပ်သည်းသော ရေခိုးရေငွေ့များ။ သိပ်သည်းလွန်းသော မွန်းကြပ်မှုများ။ သိပ်သည်းလွန်းသော အလုံပိတ်ဒဏ်ရာများ။ အားလုံးအချောသပ်ပြီးမှ ကြက်ခြေခတ်နက်နက်ကန့်လန့်ဖြတ်ခတ်မိသော ပန်းချီကားတစ်ကားလိုနေ့များလား။

အခိုက်အတန့်အားဖြင့် အဆင်ပြေမှုများရရှိနေသည်။ အသက်ကိုမှန်မှန်ရှူသည်။ ရှင်သန်နေထိုင်မှုသည် မုန်တိုင်းကြောင့်အမြစ်ကျွတ်သွားသော သစ်ပင်အိုကို ငေးကြည့်နေသည်။ ဆောင်းဦးလှိုင်၏ တစ်ရက်တော့ငိုပါသီချင်းကို တစ်ယောက်ယောက်ဆိုနေသံကြားသည်။ မည်သည့်အကြောင်းပြချက်ဖြင့် အိပ်စက်ရန်ကောင်းကြောင်း စဉ်းစားနေတုန်းဖြစ်သည်။ ရှင်သန်ခြင်း၏ အစွန်းလွတ်သော အသက်ရှူသံများ။ အသက်ကိုမှန်မှန်ရှူသည်။ ရုတ်တရတ်ပျောက်ဆုံးသွားသော အောက်ဆီဂျင်ပါးရှားသောအနေအထားတွင် အောင်မြင်စွာ မြဲမြဲရပ်နေရန်ဖြစ်ပါသည်။ အဓိပ္ဗာယ်များအားလုံးမဲ့သွားရန် လမ်းခွဲများကသာတတ်နိုင်ပါသည်။ အသက်ကို ဝဝရှူပါ။ အနာဂတ်သည် အမည်းရောင်နက်နက်ကြီးဖြစ်သည်။ လက်တင်လိုတော့ Via Dolorosa ဟုခေါ်သည်ထင်သည်။ ကြေကွဲစရာလမ်း။

တိတ်ဆိတ်မှုသည်သာ ကျွန်တော်တည်ဆောက်သော ပိရမစ်ဖြစ်ပါသည်။ အထဲတွင် သိုလှောင်ထားရန် ရည်ရွယ်ချက်တစ်ခုမျှမရှိဘဲ အမြင့်မားဆုံးတည်ဆောက်နေသော အုတ်စီနည်းပညာ၏ရသမှာ ပြိုလဲမှုများနှင့် ဒွေးရောယှက်တင်ဖြစ်နေသည်။ လူတိုင်းသည် ကိုယ့်ကြမ္မာကိုယ်မဖန်တီးနိုင်ခဲ့သည်မှာ အတော်လေးကြာခဲ့ပြီ။ ကောင်းကင်၏ အနားသတ်တွင် တိမ်ဖြူလွလွတို့ရှိနေသည်။ လွင့်ပါးပျောက်ကွယ်ရန်ထွက်ခွာသော တိမ်ခရီးသည် လှပသော နှုတ်ဆက်တေးဖြစ်ပါသည်။ အလွန်အားနည်းနေချိန်မှ ခရီးဦးကြိုပြုသော ဝိုက်လက်သီးများ၏ ချိုမြိန်မှုကို မည်သို့မျှ သဘောမထားကြစေလိုပါ။ ပြန်ထလာရန်မလိုအပ်တော့လျှင် မည်မျှပြင်းထန်သော အင်အားဖြစ်စေ၊ တစ်ကြိမ်လောက်တော့ ရင်ဆိုင်ခဲ့နိုင်ပါသည်။

အနုပညာ၏လက်ခုပ်သံမလိုအပ်ခြင်းသည် စာအုပ်စင်ပေါ်မှ ဖုန်မှုန့်များဖြစ်ပါသည်။ ဉာဏ်ပညာသည်ကြေကွဲနာကျင်ရန်အတွက်သာ အသုံးဝင်သော ဂြိုဟ်ဆိုးတစ်ကောင်ဖြစ်သည်။ မိမိ၏ အရိုးများကို တစ်ချောင်းစီထုတ်၍ ညီညီညာညာစီထားလိုသော မိတ်ဆွေများကိုပင် အရူးဟုမထင်မိတော့။ ကံကော်ရွက်နုလေးနှင့်တူသော အလွန်လှပသလောက် နူးညံ့သောအချစ်သည်လည်း ကျောင်းတွင်ကျပျောက်ခဲ့ပြီးဖြစ်နေသည်။ မိုးထဲရေထဲ ဖိနပ်ပြတ်လိုက်၊ ဓာတ်ကြိုးကျရေအိုင်ထဲဖြတ်လျှောက်လိုက်ဖြစ်နေသော ကံကောင်းခြင်းတရားများအတွက် ဘယ်လိုပြုပြင်ရမှန်းမသိပါ။ နှင်းဆီပန်းတစ်ခင်းစိုက်ဖူးသော်လည်း ပိုးသတ်ဆေးတစ်ခါမှ မဖြန်းဖူးခဲ့သော ဥယျာဉ်မှုး၏ မိုက်မဲသောအသုံးကျမှုသည် အချည်နှီးသက်သက်သာဖြစ်သည်။ မိုးကောင်းကင်အလွတ်ကြီးကိုငေးကြည့်နေသောကြောင့် အိပ်ကပ်သည် ကပ်နေသောအိပ်ဖြစ်ပြီး အိပ်မက်သည် လုံခြုံနွေးထွေးနေသည်။ ငွေကြေးအထူးဂရုပြု အသိုင်းအဝိုင်းများမှ မကြာမကြာထွက်ခွာလာခဲ့ဖူးသည်။ နောင်တနှင့်တူသောအရာသည် မိုးစိုနေသော သီဟိုဠ်ပင်တန်းလေးများဖြစ်ကောင်းဖြစ်လိမ့်မည်။ ဆုပ်ဆုပ်ကိုင်ကိုင်ဖမ်းဆုပ်သက်သေပြ၍မရသည့်တိုင် ခရမ်းရောင်ပန်းပွင့်လေးများပွင့်ခြင်းသည် အလွန်လှသော နိမိတ်ပုံဖြစ်ပါသည်။ အနည်းဆုံး ဒဏ်ရာရချိန်တွင် မီရန်၊ ခိုရန်၊ နားနေရန် ကြိုလင့်သောရင်ခွင်တစ်ခု၏ နွေးထွေးမှုသည် ခရမ်းရောင်ဖြစ်မည်ထင်ပါသည်။ သက်တံ၏အဆုံးတွင် မြုပ်ထားသော ရွှေအိုးရှိချင်မှရှိပါလိမ့်မည်။ သို့တိုင် အလွန်လှသော ခရမ်းရောင်ပန်းလေးတစ်ပွင့်ကတော့ရှိနေပါလိမ့်မည်။

စာအုပ်ဟောင်းများကိုလှန်လိုက်တိုင်းအဟောင်းက အသစ်ဖြစ်ပါသည်။ ထို့ကြောင့် စာဖတ်ခြင်းကို ကျွန်တော်ရှောင်ကြဉ်ပါသည်။ အလွမ်းသည် အဆိပ်မဟုတ်သည့်တိုင် ကုမရသော အနုစားစိတ်ရောဂါဖြစ်ပါလိမ့်မည်။ ချစ်ခင်သူများမှအပ မည်သည့်အရာကိုမှ လွမ်း၍မရပါ။ အစားအသောက်ကိုလွမ်းသူသည် ဝအောင်မစားဖူးသူသာဖြစ်ပါသည်။ ချစ်ခြင်းတရား၏ မပြည့်စုံမှုသည် အလွမ်းကိုဖန်တီးသည်ထင်ပါသည်။ ချစ်နိုင်သည့်အချိန်တွင် ပြည့်ပြည့်ဝဝချစ်ခင်သူများသည် မလွမ်းဟု အိုရှိုကဆိုပါသည်။ သို့သော် နှဖူးပြောင်သူတို့သည် စိတ်ကူးကွန့်မြူးပြောဆိုလေ့ရှိရာ သူ့စကားလည်း သိပ်မယုံရပါ။ အလွမ်းသည် သမုဒယ၏ ကြိုးညှိတေးသွားတစ်ခုလည်းဖြစ်ကောင်းဖြစ်မည်။ အလွန်လှသော တိမ်များကို ငေးကြည့်နေရုံရှင်သန်နေချင်သူများသည် သက်ရှိလောက၏ ဂုဏ်ကျက်သရေဆောင်ရန် လောကသို့ အလည်လာခြင်းဖြစ်ပါသည်။ ရွှေငွေများအစား ချစ်ခြင်းတရားကိုသာ စုဆောင်းခဲ့ကြသူများဖြစ်ပါသည်။ ဒဏ်ရာများသည် နာလွန်းလျှင်ထုံပြီး၊ သန်းများသည်ကိုက်လွန်းလျှင်မယားကြတော့ဟု အိုင်ချင်းဆရာမကဆိုသည်။

ဆက်စပ်မဲ့သောလိုင်းများပေါ်သို့ခုန်ကျော်ပြေးလွှားနေသော ရှဉ့်နှစ်ကောင်မှာ Chip n Dale ဖြစ်နေသည်။ ထိုပျော်ရွှင်မှုမျိုး ဒီတစ်သက်တွင် နောက်တစ်ခါမရတော့ပါ။ ကျွန်တော်တို့၏မိဘများသည် လောကကြီး၏ အလှအပများကို သေချာပြောပြသွားရန် အသက်သိပ်မရှည်သွားကြပါ။ စိမ်းလန်းနေသော မြက်ခင်းမှ မြက်ရွက်လေး၏ ရှတတ အထိအတွေ့၊ ထိုမြက်ရွက်လေးပေါ်တွင် တွယ်ကပ်နေသော ရေမှုန်ရေမွှားကလေးများ၏ လှပမှုများအကြောင်း ပြည့်ဝစွာသင်ကြားပေးရန် သူတို့ပျင်းရိခဲ့သည်ထင်သည်။ လေတိုက်သည့်ဟန်ချက်နှင့်အညီ ယိမ်းနွဲ့နေသော ကြခတ်ဝါးပင်လေးများ၏ ရွက်နုလိပ်အရင်းကို စားကြည့်လျှင် နူးညံ့သောအရသာရှိကြောင်း မသိခဲ့သော ကလေးဘဝများသည် ကျဉ်းမြောင်းပါသည်။ သစ်ပင်စိုက်ရန် လူဖြစ်လာတာရောမဖြစ်နိုင်ဘူးလို့ ဘာကြောင့်သေချာလိုက်ကြပါလိမ့်။ ကျယ်ပြန့်သောလောကတွင် အလွမ်းနှင့်ဖြစ်စေ၊ အခြား စိတ်ခံစားချက်တစ်ခုခုနှင့်ဖြစ်စေ ပိတ်မိနေပါက အင်မတန်ကျဉ်းမြောင်းသော ဘဝဖြစ်သွားနိုင်သည်။ ဘယ်နှစ်ကြိမ်ကြိမ်သေသေ၊ သူ့ကိုယ်သူသေသွားမှန်းမသိသော ပန်းထိမ်ငိုပန်းပင်လေးသည် နောက်နှစ်မိုးရာသီရောက်တိုင်းပြန်ပြန်ပွင့်နေမြဲဖြစ်နေသလို ရှင်သန်လိုစိတ်ရှိကြဖို့လိုမည်ထင်ပါသည်။

သစ်ပင်များသည် မိမိတို့၏သစ်ရွက်ကြွေများကို လိုက်လံကောက်သိမ်းမည်မဟုတ်ပါ။ သစ်ပင်၏သဘာဝသည် အမှိုက်ဖွရန်၊ ကာဗွန်ရှူရန်၊ အောက်ဆီဂျင်များများထုတ်ပေးရန်၊ လိုအပ်သောအောက်ဆီဂျင်နည်းနည်းပြန်ယူရန်၊ဖိုတိုဆန်းသဇစ်လုပ်ရန်၊ ရေစုပ်ယူရန်၊ ဇိုင်လမ်မှတစ်ဆင့်ရေထမ်းရန်၊ ချစ်သူများနာမည်ကို ကိုယ်ပေါ်တွင် သံချွန်ဖြင့်ထွင်းရန်၊ ထိုလုပ်ငန်းတို့မှအပ တာဝန်မရှိပါ။ တောင်တန်းများ၏လုပ်ငန်းမှာ ငုံ့ကြည့်နေရန်ဖြစ်ပါသည်။ ပထမဆုံးအကြိမ် ပျံထွက်သွားသည့် လှောင်အိမ်ထဲမှငှက်သည် အလကားရောက်လာမည့်အစာထက်၊ ကျယ်ဝန်းသော လောကကိုသာ ပိုချစ်မည်ဟု ကျွန်တော်ထင်ပါသည်။ အဆင်သင့်ဖြစ်ချိန်မှ ဖြစ်သော အချင်းအရာတစ်စုံတစ်ခုမှ လောကတွင်ရှိပုံမရပါ။ သစ်ပင်များသည် ကြွေကျသွားသော သစ်ရွက်များဖြင့်သာ မသွားနိုင်သော ခရီးကိုသွားပါလိမ့်မည်။ တိမ်ဆီသို့ပျံတက်သွားသော သစ်ရွက်တစ်ရွက်တစ်လေလည်းရှိမည်။ မြောင်းထဲမှတစ်ဆင့် ပင်လယ်ဆီခရီးထွက်သွားမည့် သစ်ရွက်လေးလည်းရှိလိမ့်ဦးမည်။

လူသားသည် မိမိမှန်သည်ထင်သည်ကိုသာ သေသည်အထိလုပ်မြဲဖြစ်ပါသည်။ မှားသည်ဖြစ်စေ၊မှန်သည်ဖြစ်စေ၊ မိမိစိတ်ကို မိမိ ချမ်းသာအောင်ထားနိုင်လျှင် သင့်သည်ဟုယူဆသည်။ မျှော်လင့်ချက်မဲ့သောအဖြစ်ထက် မျှော်လင့်ချက်ရှိသောအဖြစ်သည်သာ၍ကောင်းသည်ဟုမထင်ပါ။ သဘာဝတရားရွက်ကြွေတောထဲမှ သစ်ရွက်များသည် ဂုဏ်မောက်နေရန်မလိုလှပါ။အိပ်မက်များသည် မအိပ်မီကတည်းက စီတန်းစောင့်ကြိုနေသည်။ ဘဝတွင် ချစ်သူခင်သူ အနည်းငယ်တော့ရှိမှကောင်းသည်။ ရှိနေလျှင်တန်ဖိုးထား၊ မရှိတော့လျှင် မေ့ထားရန်သင့်တော်သည်။ တည်ဆောက်မှုတန်ဖိုးအားဖြင့် သုညဖြစ်သော်လည်း ကျွန်တော်၏ ပိရိမစ်၏ အခြေသည် ခြောက်ထောင့်ပုံ စေ့စေ့ငှငှရှိပါသည်။ ခရမ်းရောင်တစ်ခြမ်း၊ အဖြူရောက်တစ်ခြမ်းသုတ်ထားသော အူကြောင်ကြားပိရမစ်ထဲတွင် မည်သည့်အလောင်းမှရှိမနေပါ။ ကျွန်တော်စိုက်ထားသော cactus တစ်ပင်တစ်လေတော့ရှိရင်ရှိနေလိမ့်မည်။ ရေလောင်းပေးရန်မလိုအပ်ပါ။ အပူရှိန်ထဲမှ ရေငွေ့ဖြင့်သာရှင်သန်နေလိုက်သည်။ စိမ်းစိမ်းလန်းလန်း ပျော်ပျော်ရွှင်ရွှင်။            ။

Zephyr



Peace B with U.