Saturday, June 19, 2021

မိဘဆရာ အစည်းအဝေး

 မိဘဆရာ အစည်းအဝေး


အခုသားက Nurseryဘယ်လောက်လည်းမသိဘူးရောက်ပြီ။ တစ်ကျောင်းတစ်ကျောင်းသတ်မှတ်တာ နည်းနည်းလေးကွာတော့ မိမိလည်း မမှတ်ထားမိဘူး။ ဗျစ်သသျှကောင်စီမှာလည်း တစ်မျိုးခေါ်သေးတယ်။ ထားပါတော့ ကလေးကိစ္စ ကလေးအမေပိုသိတယ်။ ဒီနေ့တော့ ဆရာမတွေနဲ့တွေ့ရင်း ကျောင်းမှာဘယ်လိုလဲမေးရတာပေါ့။ စာကိုတော့ စိတ်မပူဘူး။ စိတ်မပူဘူးဆိုတာ မိမိအမြင်က ကလေးဟာ ဆော့ရမယ်။ သူငယ်ချင်းတွေနဲ့ပြောနေရမယ်။ ကျန်တာတွေက သူလုပ်နိုင်သလောက် လုပ်လိမ့်မယ်။ အဲဒီလိုယူဆတော့ စာပိုင်းမှာ မလိုက်နိုင်မှာတွေ ဘာတွေ မေးလေ့မရှိဘူး။ ဆော့လား၊ စားလား၊ စကားပြောလားပဲမေးတယ်။

ပထမ အင်္ဂလိပ်စာဆရာမပြောတယ်။ အတန်းရှေ့မှာ ပြောရတာမျိုးတွေတော့ စပြီးလေ့ကျင့်ပေးနေပြီပေါ့။ သူငယ်ချင်းတွေ၊ ဆရာ၊ဆရာမတွေနဲ့ပြောတာတွေမှာတော့ အားကောင်းလာပြီ။ စာလုံးတွေ အင်မတန်မှတ်မိတယ်။ နောက်တော့ စကားလုံးတွေ၊ စကားဆက်တွေပါ သူဖတ်တတ်နေပြီလို့ပြောတယ်။ သူ့အသက်အရွယ်အရ ဒါတွေ မသိလည်းရသေးတယ်။ သူက ညပိုင်း အိမ်မှာ မိဘတွေက စာဖတ်ပြတော့ စကားလုံးတွေ အများကြီးသိတယ်။ အိမ်မှာစာဖတ်ပြတဲ့အကြောင်းတော့ နည်းနည်းပြောပြလိုက်တယ်။ ရှေ့အတန်းကြရင် စာရေးတာ ပိုဦးစားပေးတော့မှာလို့ပြောတယ်။ မိမိကတော့  စာရေး၊စာဖတ်တာတွေက အချိန်တန်ရင် တတ်လာမှာပဲလို့ ယူဆသူဆိုတော့ ဆရာမတွေ သင်တာ အဆင်ပြေရင်ပြီးတာပဲ။ ကလေးကို မလောဖို့ရယ်၊ ဖိအားမပေးဖို့ရယ်ပဲ သတိထားတယ်။

ပြီးတော့ သားရဲ့ အတန်းပိုင် တရုတ်ဆရာမပြောတယ်။ သားက တရုတ်အရေးအသားတွေကို စိတ်ဝင်စားတယ်လို့သိရတယ်။ သူက stroke တွေကို သေချာသိတယ်လို့ပြောတယ်။ တရုတ်လိုမေးရင် နားလည်တယ်။ အင်္ဂလိပ်ပဲ ပြန်ဖြေတယ်လို့ပြောတယ်။ များသောအားဖြင့် postive feedback ရတော့ ဝမ်းသာရပါတယ်။ အခုဆိုပိုပြီး open ဖြစ်လာတယ်။ သူ့ကို တစ်ယောက်ယောက်က ရိုက်လိုက်တာဆိုရင် ဆရာမတွေကို ပြန်ပြောတတ်လာပြီ။ အရင်ဆိုရင် အဲဒီလို မပြောတတ်ဘူး။ သားက တရုတ်ဆရာမကို ချစ်တော့ တရုတ်လို အများကြီး လေ့လာတယ်။ စာလုံးလေးတွေ၊သီချင်းလေးတွေပါသိလာတာ သတိထားမိတယ်။ အမူအယာတွေကအစ တရုတ်ဆရာမဆီကရတယ်။ စာသင်တဲ့ပုံစံ၊ စာသင်နေတာ နားမထောင်ရင် စိတ်ဆိုးတဲ့ပုံစံတွေကအစ လုပ်ပြတတ်တယ်။ သားကို မိဘနှစ်ပါးလုံးက မိမိအတ္တတွေ အစာကျွေးတဲ့အနေနဲ့ ဖိအားပေးတာမျိုးမလုပ်ဘူး။ ဒါပေမယ့် သူသိချင် တတ်ချင်တာတွေ သိအောင်တတ်အောင်တော့ ဖြည့်ဆည်းပေးတယ်။ သူ့အတွက် လေ့လာလို့ရမယ့် ပတ်ဝန်းကျင်ပဲ ဖန်တီးပေးတယ်။ သားရဲ့သင်ယူမှုဟာ သူ့ရဲ့ ပျော်ရွှင်မှုနဲ့ အတူ လက်ချင်းတွဲသွားတာမျိုးပဲ ဖြစ်စေချင်တယ်။


ကျောင်းကနေလည်း ကောင်းတဲ့ အမူအကျင့်တွေ အများကြီးရလာတယ်။ ဒါဟာ ဝမ်းသာစရာပါပဲ။ သားကျောင်းမှာပျော်တယ်ဆိုတာဟာ ကျနော်တို့အတွက်တော့ အောင်မြင်မှုတစ်ခုပါပဲ။ နှစ်နှစ်မပြည့်ခင်ကတည်းက ကျောင်းကို စသွားခဲ့တဲ့ ကလေးပေါက်စလေးတစ်ယောက် အခုလို ကျောင်းမှာ သူငယ်ချင်းရလာ၊ ပျော်လာတာဟာ ဘာနဲ့မှမလဲနိုင်ဘူး။ မိဘတစ်ယောက်ရဲ့ပီတိဟာ အကြီးအကျယ်အောင်မြင်မှုတွေမဟုတ်ပါဘူး။ သားလေး ကျောင်းမှာပျော်တယ်၊ အဆင်ပြေတယ်ဆိုရင်ကိုပဲ ဝမ်းသာပီတိဖြစ်ရပါတယ်။ သူငယ်ချင်းတွေရလာတော့ သူ့ရဲ့ လောကလေး ကျယ်ပြန့်လာတာ ဝမ်းသာစရာကောင်းတယ်။ မိဘတွေဟာ ပြီးပြည့်စုံသူတွေ မဟုတ်တဲ့အတွက် မိမိတို့သိမှုအကန့်အသတ်ထဲကနေ အကောင်းဆုံးကြိုးစားပျိုးထောင်ကြတာကိုကပဲ အနုပညာဆန်တယ်လို့ထင်မိတယ်။




















Peace B with U.

သန့်ရှင်းရေးသမား

 သန့်ရှင်းရေးသမား


နွေဦးတော်လှန်ရေး ရက် ၁၂၀ ကျော်လာခဲ့ပြီဖြစ်သည်။


တရပ်တကျေးမှ ကလေးအဖေတစ်ဦးသည် ရေချိုးခန်း သန့်ရှင်းရေးလုပ်လျှက်ရှိသည်။ မီးကို စတင်တွေ့ရှိသူမှာ မည်သူမှန်းမသိခဲ့သော်လည်း လက်အပူလောင်ခဲ့သူဖြစ်နိုင်သည်။ ပြဿနာအစသည် ဂျိုင်းပတ်စော်နံခြင်းမှစသည်ဟု ကနဦးအယူရှိသည်။ ပန်းသီးရှာလကာရည်ကို ရေတစ်ဝက်ဖြင့်ဖျော်သော် ပန်းသီးရှာလကာရည်အပျော့ (ဝါ) ဆိုက်ဒါပျော့ ရလေသည်။ ထိုအရာသည် ဘေ့စ် ပျော်ရည်ဖြစ်လေသည်။ အက်ဆစ်နှင့် ဘေ့စ်သည် အညမည အကျိုးပြုလေသည်။ ရှာလကာရည်အပျော့သည် အနံ့ပျောက်စေသည်။ ချိုင်းကို ပွတ်ထားပြီး အိပ်သော်၊ မနက်လင်းလာလျှင် ချိုင်းနံ့ဆိုးကင်းလေသည်။ ချိုင်းဟုရေးသော်လည်း ဂျိုင်းဟု ဖတ်လေရာ၊ ချိုဟုရေးသော် ဂျိုဟု ဖတ်ရာ မမချိုသည် မမဂျို ဖြစ်မသွားသော်လည်း သံချိုတေးများ ချိုသာစေကြောင်း ဆုမွန်တောင်းလေသည်။




မိမိ၏အားနည်းချက်မှာ မိမိဘာအားနည်းမှန်းမသိသော အချက်ဖြစ်ပါသည်။


ထို့ကြောင့်လည်း မိမိ မိန်းမယူလိုက်ခြင်းဖြစ်သည်။ အနည်းဆုံး ဇနီးသည်က သင့်အားနည်းချက်ကို သင့်ထက် ပိုသိပါလိမ့်မည်။ အိမ်ထောင်သက်ကြာလာလျှင် သင့်ကိုပါ ပြုပြင်ဖို့ကြိုးပမ်းပါလိမ့်ဦးမည်။ သို့သော် ဒီထက်ကြာလာလျှင် သူသည်လည်း မိမိကို ပြုပြင်၍မရနိုင်မှန်း ရိပ်မိသွားပါလိမ့်မည်။ ဤ တောင်တောင်အီအီ အတွေးများသည် မိမိ ရေချိုးခန်းသန့်ရှင်းရေး ရလာသော အတွေးများဖြစ်ပါသည်။ တကယ်တမ်းတွင်တော့ချိုင်းပတ်စော် ပြဿနာမှာ ဂလန်းများကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ချိုင်းမွှေးဖြစ်သည်။ တတိယအချက်မှာ spice များစားသောကြောင့်ဖြစ်သည်။ လူသည် မှန်ကို ပွတ်တိုက်နေသော်လည်း ဦးနှောက်သည် ဖတ်ခဲ့သော စာများကို စားမြုံ့ပြန်နေသည်။ သားငယ်တုန်းက သုံးခဲ့သော ရေချိုးဆပ်ပြာများကို လွှင့်ပစ်ရင်း  သူကြီးလာသောကြောင့် မိမိမှာ ကုန်ကျစားရိတ်သက်သာသွားပုံကို ပြုံးမိသည်။ ထိုမှ တစ်ဆင့် ပိုလာသော ပိုက်ဆံကို စုမလား ဖြုန်းမလား စဉ်းစားရပြန်သည်။ မျက်နှာဆိုင်မှ ဝယ်ယူထားသော မျက်နှာသစ်ဆပ်ပြာသည် သတိရမှ တစ်ခါ သုံးဖြစ်သောကြောင့် မကုန်နိုင်ဖြစ်နေသည်မှာ နှစ်ချီနေပြီဖြစ်သည်။ ဂဠုန်၊ ကာဠု ၊ ဠင်းတတို့သည် ဠ အက္ခရာအတွက် မနည်းရပ်တည်ပေးနေရသော စာလုံးများဖြစ်နေပြီး၊ လေးနှစ်ကျော်ကလေးတစ်ယောကို သင်ရသည်မှာလက်ဝင်ပါသည်။ ဘာမှမဆိုင်ဟုသင်ထင်စရာရှိသော်လည်း ဒက်ဒီ ရေးတာမှာ ဠ ကြီး မပါသေးဘူး ထည့်ရေးဆိုသည်နှင့် ရေးရခြင်းဖြစ်ပါသည်။ ကလေးအဖေတစ်ယောက်၏ အားသာချက်မှာ ကလေးရှိခြင်းဖြစ်ပါသည်။ ကလေးအဖေတစ်ယောက်၏ အားနည်ချက်မှာလည်း ကလေးရှိခြင်းဖြစ်ပါသည်။


ရေချိုးခန်းသည် သွားတိုက်ဆေးအဟောင်းများညှစ်ချပြီး ဆေးလိုက်လျှင် ပြောင်လက်လာပါသည်။ သွားတိုက်ဆေးအနံ့ကို သင်မကြိုက်လျှင် ပလုတ်ကျင်းဆေးရည်ဖြန်းပြီး အနံ့ပြောင်းနိုင်ပါသည်။ ထိုအနံ့ကို မကြိုက်သေးလျှင် ချိုင်းမွှေးရိတ်ရန် သုံးသော ဂျီလတ် အမြုပ်ဖြင့် မှန်သော်လည်းကောင်း၊ မျက်နှာသစ်ကန်ကိုသော်လည်းကောင်း သန့်စင်နိုင်သေးသည်။ ဤဥပမာသည် ဂဏန်းဥပမာပင်ဖြစ်သည်။ ဂဏန်းလက်မကို ထိန်းချုပ်ရန် ဂဏန်း၏ အခြားလက်ချောင်းထိပ်မှ အချွန်ကိုချိုးကာ လက်မအဆစ်ထဲထိုးထည့်လိုက်နိုင်သည်။ ထိုအရာကို ဂဏန်းလက်ထိပ်ခတ်သည်ဟုခေါ်သည်။ ရေချိုးခန်းသန့်ရှင်းရန် ရေချိုးခန်းသုံး သွားတိုက်ဆေး၊ ပလုတ်ကျင်းဆေးရည်၊ မုတ်ဆိတ်ရိတ်အမြုပ် စသည်တို့ကိုအသုံးပြုခြင်းမှာလည်း ထိုအတိုင်းပင်ဖြစ်သည်။ မြန်မာအခေါ် ငါးကြင်းဆီနှင့် ငါးကြင်းကြော်ခြင်းနှင့်များ ဥပမာ ပြုနိုင်မည်လားမသိ။


သန့်ရှင်းရေးသည်  အတင်းအကြပ်မလုပ်ရလျှင် ပျေ်ာစရာကောင်းပါသည်။ နာရူတို၏ ဆရာ ကာကာရှီသည်လည်း သန့်ရှင်းရေးလုပ်ခဲ့ပါသည်။ အိမ်သာဆေးရပါသည်။ ကာကာရှိသည် အစွယ်ဖြူနင်ဂျာ၏ သားဖြစ်၍ ပါရမီရှင်လည်းဖြစ်ပါသည်။ သို့သော် အိမ်သာဆေးပါသည်။ အိမ်သာဆေးရန်အတွက်မူ ပါရမီရှိရန်မလိုပါ။ သို့သော် အိမ်သာကို ကျကျနနဆေးတတ်ရန် သင့်ထံတွင် စေ့စပ်မှုလိုပါသည်။ အထူးသဖြင့် အိမ်သာဆေးနေခြင်းကို သင်သဘောပေါက်ဖို့လိုပါသည်။ ညစ်ပတ်နေ၍ဆေးခြင်းမဟုတ်ပါ။ အစဉ်အလာမပြတ်၊ မင်္ဂလာနံနက်မှာ ဘုရားရှိခိုးသလို၊ စာအုပ်ဖတ်သလို၊ သင့်စိတ်ကို လွတ်လပ်ပေါ့ပါးစေရန် အိမ်သာဆေးနေခြင်းဖြစ်ပါသည်။ ဘုရားရှိခိုးခြင်း၊ သမထပွားများခြင်း၊ စာဖတ်ခြင်းနှင့် အိမ်သာဆေးခြင်းသည် ခြားနားခြင်းမရှိပါ။ သင့်စိတ်သည် အိမ်သာဖြစ်ပါသည်။ ဆေးထားလျှင် တောက်ပြောင်ပါသည်။ ဆေးရန် ဘရပ်စ်နှစ်မျိုးလိုပါသည်။ တစ်မျိုးမှာ  စတုဂံပုံဖြစ်ရန်လိုပြီး၊ နောက်တစ်မျိုးမှာ စက်ဝိုင်းအခြေပြုရန်လိုပါသည်။ သို့မှသာ အပြင်အတွင်း၊ နှုတ်ခမ်းသားသင့်သန့်ရှင်းနိုင်ပါလိမ့်မည်။ ဆေးဖြန်းပြီး ခဏစောင့်နေခခြင်းသည် သင့်စိတ်နှင့်တူပါသည်။ သင့်စိတ်ကို လျှော်ဖွတ်ရန် အရင်ဆုံးသီလယူရပါသည်။ သီလသည် ကြွေကြေးချွတ်ဆေးဖြစ်ပြီး၊ သမထသည် ဘရှပ်နှင့် ပွတ်တိုက်ခြင်းဖြစ်ပါသည်။ ဝိပဿနာသည် ပြောင်လက်လာမှုကို ဆင်ခြင်ခြင်းဖြစ်ပြီး မဂ္ဂသည် တောက်ပြောင်သန့်ရှင်း ရနံ့သင်းသော ရလဒ်ဖြစ်ပါသည်။ အိမ်သာဆေးနေသော်လည်း သင်၏ အကျင့်တရားကို လက်မလွှတ်ထားသင့်ပါ။ ဆေးကြောသန့်စင်ပြီးသော အိမ်သာကို ရေခြောက်အောင်သုတ်ရင်း အိမ်သာတောင် သန့်အောင်ထားနိုင်ရင် ငါ့စိတ်ကို သန့်အောင်မထားနိုင်ဘူးလားလို့ သင်တွေးမိကောင်း တွေးနေမိနိုင်သည်။


သန့်ရှင်းရေးသမားသည် ကလေးအဖေဖြစ်သောကြောင့် ကလေးရှိပါသည်။ ကလေးရှိသောကြောင့်လည်း ကလေးအဖေဖြစ်ပါသည်။ အပင်မှ မျိုး၊ မျိုးမှအပင်ဆိုသည့် ကွန်ဆက်သည် အထွေအထူးမဟုတ်ပါ။ ချိုင်းမွှေးရိတ်ခြင်း၊ အိမ်သာဆေးခြင်း၊ ရေချိုးခန်းသန့်ရှင်းရေးလုပ်ခြင်းသည်လည်း သင်၏ ဘာဝနာလည်းဖြစ်နိုင်ပါသည်။ သွားကိုက်နေသောကြောင့်ပါရာစီတမော တစ်လုံးသောက်ရပါသည်။ သွားနှုတ်ရန် ရက်ချိန်းယူထားသောကြောင့် ဒီသွားသည် အနှေးအမြန် ထွက်ခွာသွားမည်မှာ သေချာပါသည်။ သို့သော် မိမိအား အနှောက်အယှက်မပေးပါ။ ကိုက်စရာရှိသောသွားသည် ကိုက်နေမည်ပင်ဖြစ်ပါသည်။ သောက်စရာရှိသောဆေးကိုသောက်ရင်း၊ သွားဆရာဝန်နှင့်ရက်ချိန်းယူထားဖို့တော့လိုပါသည်။ သံသရာသည် သွားကိုက်နေသော ဖြစ်စဉ်သာဖြစ်ပြီး မိမိတို့၏ စိတ်အထားအသိုများသည် အကိုက်အခဲပျောက်ဆေးဖြစ်နိုင်ပါသည်။ သွားကိုက်သက်သာစေနိုင်သော်လည်း သွားဆရာဝန်ဆီမသွားမချင်း၊ ဒီသွားကို မပြင်မချင်း ကိုက်မြဲကိုက်နေမည်သာဖြစ်သည်။ ဗုဒ္ဓသည် သွားနှုတ်ခိုင်းခြင်းဖြစ်ပြီး၊ တာအိုသမားများသည် အကြောထုတ်ခိုင်းပြီး ဆက်ထားထားစေခြင်းဖြစ်ပါသည်။ မိမိမှာမူ နှုတ်တန်သည်နှုတ်၊ အကြောထုတ်တန်သည်ထုတ်နှင့် အချိုဆက်စားနေသူ သန့်ရှင်းရေးသမားဖြစ်ပါသည်။ ဂနာဟိ မှတ်လော့ဟု မကြာမကြာပြောသူသည် မမှတ်သော ပရိတ်သတ်များကို ဟောနေသူလည်း ဖြစ်နိုင်ပါသည်။ တထာဂတသည် ရှိပြီးသည်များကို ထုတ်ပြညွှန်ကြားနေသူဖြစ်ပါသည်။ သန့်ရှင်းရေးသမားသည်ပြောင်လက်နေသော ရေချိုးခန်းကိုကြည့်ရင်း ပီတိကို စားနေသည်တမုံ့။   ။






Peace B with U.

Sunday, June 13, 2021

Family Bonding : Reading 2

ဒီလိုနဲ့ ပြီးသွားမှာလား။ တစ်ဖက်က အင်အား၊ တစ်ဖက်က ဥာဏ်ပညာနဲ့ဆိုတော့ ဥာဏ်ပညာ အင်အားကောင်းလာရင် ပြီးသွားမှာပဲ။ အင်အားကနေ ဥာဏ်ပညာကောင်းလာစရာက သိပ်မဖြစ်နိုင်ဘူး။ ဒီကြားကာလမှာ လုပ်နိုင်တာ တစ်ခု ဖြစ်တဲ့ ကျောင်းမထားရသေးတဲ့ အရွယ်တွေ၊ ငါးနှစ်အောက်တွေအတွက် ဘာတွေ သင်လို့ရလဲ၊ ဘယ်လိုစာအုပ်ဖတ်မလဲ ဆိုတာတွေ ကျယ်ကျယ်ပြန့်ပြန့်ရေးမယ်။ 


ပထမဆုံး လုပ်ရမှာက စာအုပ်ဝယ်မှာလား၊ စာအုပ်ငှားမှာလား စစဉ်းစားရမယ်။ စာအုပ်ဝယ်တာက ကောင်းတာတော့ခဏခဏ ပြန်ဖတ်လို့ရတယ်။ စာအုပ်ငှားတာကတော့ နေရာမရှုပ်ဘူး။ တစ်မျိုးစီကောင်းတယ်။ မီနီမယ်လ်လစ် ဖြစ်ရင်တော့ အနည်းဆုံး လိုအပ်ချက်ပဲ ထားတာဆိုတော့ကလေးရှိလာရင် တချို့ဟာတွေ ပြန်ချိန်ရမယ်။ 

ကျနော်တော့ ဝယ်တယ်။ တစ်ခါဝယ်ရင် ဒေါ်လာ တစ်ရာဖိုးလောက် စုဝယ်တယ်။ ကြိုက်တဲ့စာအုပ်ဆို သုံးလေးအုပ်ဝယ်တယ်။ လက်ဆောင်ပေးတယ်။ အထူးသဖြင့် စာအုပ်ပွဲတော်တွေကနေ ဝယ်တယ်။ စျေးသက်သာတယ်။ အဆစ်ရတယ်။ 

စာအုပ်ဝယ်ဖို့ငှားဖို့ပြီးရင် စာအုပ် စာရင်းမှတ်တာလေးတစ်အုပ်ထားရတယ်။ ဘယ်စာအုပ်ဖတ်တယ်။ အမေနဲ့ဖတ်တာလား၊ အဖေနဲ့ဖတ်တာလား။ စာအုပ်က ဘာအကြောင်းလဲ။ အကျဉ်းရေးဖို့၊ စာအုပ်ထဲက ပုံတစ်ပုံလောက် ကူးဆွဲဖို့ စတာတွေအတွက် စာအုပ်လေးတစ်အုပ်ထားရမယ်။ ကလေးတွေအတွက်ဆိုတော့ စိတ်ဝင်စားအောင်လုပ်ရမယ်။ ဥပမာ စတစ်ကာတွေ ကူပွန်လေးတွေ ကပ်ပေးရတယ်။ အဲဒါဆိုရင် စာဖတ်ခြင်းဟာ သူ့အတွက် ကစားနည်းတစ်ခု ဖြစ်လာလိမ့်မယ်။ ကစားရရင် ကလေးတွေဟာ မပျင်းပါဘူး။ စာကို ပျင်းအောင် သင်တဲ့ ဆရာ၊ဆရာမတွေဟာ ဆရာမဖြစ်သင့်တဲ့သူတွေပဲ။ 

ကျနော်တို့ မိသားစု စာဖတ်ဝိုင်းကတော့ ပျော်စရာသက်သက်ပါပဲ။ စာအုပ်တွေမှာ များသောအားဖြင့် အသက်အရွယ်အလိုက် ဖတ်ဖို့ စာအုပ်တွေ ခွဲထားပေးတယ်။ စာလုံးရေ၊ စာကြောင်းတည်ဆောက်ပုံတွေကအစ ကလေးတွေအတွက်ဆို ကလေးတွေနားလည်မယ့် အနေအထားနဲ့ပဲ ရေးကြတယ်။ မြန်မာပြည်မှာ ရွှေသွေးမှာ လူကြီးတွေကလေးလိုရေးတဲ့ကလေးကဗျာတွေဆိုရင် တကယ်က ကလေးမဆန်ဘူး။ မင်းသုဝဏ်တို့ တင်မိုးတို့ကဗျာတွေကမှ ကလေးတွေချစ်စရာ ကဗျာမျိုး ဖြစ်တယ်။ အသံသာယာမှုတွေ ကြည်ရွှင်မှုတွေပါတယ်။ အင်္ဂလိပ်မှာတော့ ဒေါက်တာ SEUSS ဒေါက်တာ စူး စာအုပ်တွေ မှာ ဒီ အသံသာမှုတွ တွေ့နိုင်တယ်။ ကဗျာလေးတစ်ပုဒ်လိုပဲ။ ကဗျာလိုပဲဆိုတာ စာရေးသူဟာ ကဗျာဆရာ ဖြစ်နေတာကိုး။ ကာတွန်းလည်းဆွဲ၊ ကဗျာလည်းရေး၊ စာလည်းရေးတဲ့ ဆရာကြီးတွေ။ 

လွန်ခဲ့တဲ့ လေးငါးနှစ်ကတော့ ပြင်သစ်ကျောင်းမှာ စနေနေ့ဆိုရင် စာကြည့်တိုက်သေးသေးလေးမှာ ကလေးတွေအတွက် ဆရာမတစ်ယောက်က ပြင်သစ်ပုံပြင်လေးတွေ ပြောပြတယ်။ ကလေးတွေက ဝိုင်းထိုင်ပြီး နားထောင်ရတယ်။ ပျော်စရာလေး။ ဆရာမကလည်း သံနေသံထားကအစ စိတ်ဝင်စားအောင် ပုံပြောတာဆိုတော့ ကောင်းတယ်။ ဒီလို ပုံပြင်ဖတ်ပြတဲ့ အလေ့အထဟာ အင်မတန်ကောင်းတဲ့ပညာရေးပဲ။ 

စာဖတ်တဲ့အခါမှာ စာသင်ချင်စိတ်ကြီးရှိနေရင် အရင်ဖျောက်လိုက်ပါ။ မြန်မာပြည်မှာက စာသင်ချင်စိတ်တော်တော်များနေတယ်။ ကလေးတွေကို ဝါသနာပျိုးထောင်ပေးတဲ့အနေနဲ့ပဲ စာဖတ်ခိုင်းပါ။ စာဖတ်တာ ဝါသနာပါသွားရင် သူ့ဘာသူ ဖတ်ပါလိမ့်မယ်။ အထူးသဖြင့် ဘာသာစကားတွေကို စာများများမဖတ်ဘဲ မတတ်ဘူး။ ပြောတတ်ပေမယ့် မရေးတတ်ဘူးဆိုတာ စာဖတ်တာနည်းသွားလို့။ အင်္ဂလိပ်စာလည်း ဒီလိုပဲ။ အင်္ဂလိပ်လို ကျကျနနတတ်ရင် အင်္ဂလိပ်လိုသင်တဲ့ဘာသာရပ်တွေမှာ ဘာသာရပ်ကိုပဲ အာရုံစိုက်ရတယ်။ အင်္ဂလိပ်စာအတွက် အားထုတ်နေစရာမလိုတော့ဘူး။

ကလေးပေါက်စလေးတွေကို စာဖတ်ပြရင် သူဖတ်ခိုင်းသလောက်ပဲ ဖတ်ပါ။ သူတို့ စာအုပ်အများကြီးဖတ်ချင်တာမဟုတ်ဘူး။ သူတို့ကြိုက်တဲ့ စာအုပ်တစ်အုပ်အုပ်ကို အခါ တစ်သောင်းလောက် ဖတ်ချင်တာ။ ဖတ်ရင်းနဲ့ စကားပြောပါ။ တချို့စာအုပ်လေးတွေက ချစ်စရာကောင်းအောင်သေချာလုပ်ထားတာ။ ဥပမာ ခွေးစာအုပ်ဆိုရင် ခွေးနားရွက်နေရာမှာ ကတ္တီပါစလို အစလေးကပ်ထားတော့ texture မတူတာကို ကိုင်ကြည့်ပြီး ဒီစာအုပ်ကို သဘောကျတယ်။ အိပ်ရာဝင်ပုံပြင်ဆိုတော့ ခွေးသားအဖ စွန်လွှတ်တယ်။ အိမ်အပြန်မှာ တူတူပုန်းတမ်းကစားတယ်။ ပင့်ကူကို မှန်ဘီလူးနဲ့ကြည့်တယ်။ ကမ္ဘာလုံးပုံကို ပြပြီး ကြီးလာရင် သွားရမယ်လို့ပြောတယ်။ အိပ်တော့ သားလေးရေလို့ပြောတယ်။ စာအုပ်လေးက ပါးပါးလေး။ ဒါပေမယ့် ဒီနေရာမှာ သုံးချက်ပါတယ်။ ညနေစောင်းရင် အိပ်ရမယ်။ သဘာဝမှာ အကောင်လေးတွေရှိတယ်။ ကြည့်ရမယ်။ စူးစမ်းရမယ်။ ကမ္ဘာကြီးမှာ နိုင်ငံတွေရှိတယ်။ ခရီးသွားရမယ်။ အိပ်ရာဝင်ရင် နှုတ်ဆက်ရမယ်။ ချစ်ခင်ကြရမယ်။ ဒါလေးကိုပဲ ပုံလှလှလေးတွေ ဆွဲပြီး သင်ပေးလိုက်တာပဲ။ 

ညအိပ်ခါနီးစာဖတ်တယ်ဆိုတာ wind downလုပ်တာပဲ။ စိတ်ကို ဖြေလျှော့ပြီး အိပ်ဖို့ပြင်တာပဲ။ ဒီလိုအိပ်ခါနီး မိဘက စာဖတ်ပြတယ်ဆိုရင် ကလေးတွေက ဒါ မိဘရဲ့ချစ်ခြင်းမေတ္တာဆိုတာကို နားလည်တယ်။ စာအုပ်ထဲမှာ ပါတဲ့ ပင့်ကူကို အပြင်မှာ ပြလို့ရတယ်။ အိမ်မှာတော့ အပင်တွေစိုက်ထားတော့ ပင့်ကူတွေရှိတယ်။ တရုတ်ဆရာမရဲ့တပည့်ဆိုတော့ သူက ပင့်ကူကို ကျိကျူး 蜘蛛 လို့ခေါ်တာလည်း သိတယ်။ ဒါက မိဘတွေမသိဘူး။ သူ့ကိုမေးရတယ်။ သူက သူသိတာ ပြောပြရရင် ပိုကျေနပ်တယ်။ ဒက်ဒီ အသံမထွက်တတ်ဘူးဆိုရင် ဒီမှာ သေချာနားထောင်ဆိုပြီး ရှင်းပြပါလေရော။ ပင့်ကူကိုကြည့်တဲ့ မှန်ဘီလူးဆိုရင် သူသိတယ်။ magnifier ဝယ်ထားပေးလို့ရတယ်။ သူ့ဟာသူ လျှောက်စူးစမ်းနေလိမ့်မယ်။ အိမ်မှာ ကမ္ဘာလုံးဝယ်ထားပေးတယ်။ မြန်မာပြည် ဘယ်နားမှာလဲသူရှာတတ်လာတယ်။ ကမ္ဘာပေါ်မှာ တိုက်ကြီးတွေရှိတာ၊ ပင်လယ်တွေရှိတာတွေ သူသိလာတယ်။ ရေကို အပြာနဲ့ပြတာ၊ကုန်းမြေကို အညိုနဲ့ပြတာတွေလည်း သူပုံဆွဲရင် ထည့်ဆွဲတယ်။ ငယ်ကတည်းက ဒက်ဒီစာအုပ်စင်က စာအုပ်တွေ ဆွဲပြီးကြီးလာတာဆိုတော့ စာအုပ်တွေကို မဖြဲဘူး။ ဟိုးငယ်ငယ်လေးကတည်းက စာအုပ်တွေ ပေးကိုင်တယ်။ တခါမှ မဖြဲဘူး။ လက်တွေသန်အောင် ရွှေဥဒေါင်းစာအုပ်တွေအထူကြီးဆိုတော့ စာရွက်လှန်ခိုင်းထားတာကနေ လက်တွေ သန်လာတာ။ 

စာအုပ်မှာက စာသားပဲပါတယ်။ ဒီစာသားကို visualise လုပ်ရတယ်။ စာအုပ်ထဲမှာ စွန်လွှတ်တာပါတယ်။ ဒက်ဒီဝုတ်ဝုတ်နဲ့ ပါပီလေးက စွန်လွှတ်တယ်။ ဒက်ဒီတို့အတွက် မေမေက စွန်ဝယ်ပေးတယ်။ ကမ်းခြေမှာ သွားလွှတ်ကြတယ်။ သူ့အတွက် စွန်ဟာ စာအုပ်ထဲမှာမဟုတ်တော့ဘူး။ အပြင်မှာရှိတယ်။ စာအုပ်ဟာ စာသားမဟုတ်ဘူး။ တကယ့်အပြင်ကဟာတွေကို ထည့်ရေးထားတာလို့ သူနားလည်လာတယ်။ ကာတွန်းထဲက ဒက်ဒီဝုတ်ဝုတ်ဟာ တူတူပုန်းတမ်းကစားတယ်။ အိမ်မှာလည်း ကစားတယ်။ တစ်လှည့်စီ ပုန်း၊ ပြန်ရှာ။ ပိုက်ဆံမကုန်ဘူး။ မိသားစု bonding လည်းရတယ်။ အထူးသဖြင့် emotional intelligence ရှိလာဖို့ ထွေထွေထူးထူးမလိုဘူး။ အချိန်ပေးပြီး ဂရုတစ်စိုက်ထားဖို့ပဲလိုတယ်။ 

စာအုပ်ထဲမှာ ဒက်ဒီဝုတ်ဝုတ်က ပါပီလေးကို good night sleepyhead လို့နှုတ်ဆက်တယ်။ ပြီးတော့ နဖူးကိုနမ်းတယ်။ ဒါတွေကလည်း ချစ်လို့ဆိုတာ ကလေးတွေသိတယ်။ ချစ်တဲ့မိသားစုမှာ နေရတဲ့ ကလေးတွေဟာ အင်မတန် ယုံကြည်မှုရှိတယ်။ သိမ်ငယ်စိတ်ရှိကို ရှိမနေဘူး။ ချမ်းသာသည် ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ၊ မေတ္တာလုံလုံလောက်လောက်ရနေရင် ကလေးတွေက လုံခြုံတဲ့စိတ်နဲ့ကြီးပြင်းလာတာ ဖြစ်တဲ့အတွက် အင်မတန် ပြည့်ဝတဲ့ကလေးတွေပဲ။ ဒီလိုကလေးတွေကြီးလာရင် ပိုကောင်းတဲ့ ကမ္ဖာ္ဘဖြစ်အောင် လုပ်ကြမှာပဲ။ စိတ်အကျိုးအပဲ့တွေနဲ့ မဟုတ်ဘူး။ တစ်ယောက်နိုင်ဖို့ တစ်ယောက်ရှုံးရမယ်ဆိုတဲ့ အယူအဆနဲ့ကြီးပြင်းလာတာမဟုတ်ဘူး။ အပြင်လောကမှာ ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ အိမ်မှာ နှစ်သိမ့်ပေးမယ့်၊ မေတ္တာတရားရှိတဲ့မိဘတွေရှိနေမှာဆိုတဲ့ သေချာတဲ့ ခံစားချက်မျိုးရှိနေတဲ့ ကလေးတွေ။ ဒီလိုဖြစ်လာအောင် ကျနော်တို့ စာဖတ်ပြကြတာ။ စာလုံးတွေကို ဖတ်ပြတာမဟုတ်ဘူး စာလုံးတွေကနေ အပြင်လောကနဲ့ဆက်စပ်မယ်။ အပြင်လောကမှာရှိတဲ့ ခံစားချက်တွေနဲ့ဆက်စပ်မယ်။ လူကြီးလူကောင်းတစ်ယောက် ဘယ်လိုနေရမယ်ဆိုတာကို သင်ပေးမယ်။ အခွင့်သင့်ရင် သင့်သလို။ စာဖတ်တယ်ဆိုတာဟာ စာဖတ်တာသက်သက်မဟုတ်တော့ဘူး။ မိသားစုရဲ့ ချစ်စရာ ကစားနည်းတစ်ခုဖြစ်လာတယ်။ activity တွေလိုက်လုပ်လို့ရတယ်။ passive reading မဟုတ်ဘူး။ စာအုပ်ကနေတစ်ဆင့် လောကကြီးအကြောင်းကို ပြောပြကြတာပါပဲ။ ကလေးပေါက်စလေးကို စာဖတ်ရင်း ငယ်တုန်းက ကိုယ့်မိဘတွေ၊ ညီအကိုဝမ်းကွဲတွေ စာဖတ်ပြတာကို သူ့ကို ပြန်ပြောပြလို့ရတယ်။ 

စာအုပ်တွေဖတ်ပြီးရင် အခုန ပြောတဲ့ စာအုပ်မှတ်တဲ့စာအုပ်မှာ ဒီစာအုပ်မှာပါတဲ့ စကားလုံးလေးတွေ ချရေးပေးထားလိုက်တယ်။ သူ့ကိုလည်း ပြန်ဖတ်ပြတယ်။ ရက်စွဲနဲ့မှတ်ထားလိုက်တယ်။ တစ်လမှာ စာအုပ် ၁၀ အုပ်ဖတ်မယ်ဆိုရင် ဘယ်နှစ်အုပ်ဖတ်ပြီးပြီ။ ဘယ်နှစ်အုပ်ကျန်သေးလဲဆိုတာပါ ပြောပြလို့ရတယ်။ ကျောင်းက ငှားလာတဲ့စာအုပ်ဆိုရင် ပျောက်ရင်၊ပြဲရင် ဒေါ်လာ ၂၀ လျော်ရတယ်။ ဒါဆိုရင် သူစားနေကြ ၂ ကျပ်တန် ဝါဖှယ်နဲ့ဆိုရင် ၁၀ ခုမစားရဘူးလို့ပြောပြရတယ်။ ဒါဆိုရင် သူက ငွေတန်ဖိုးကို စားစရာနဲ့ တွဲမှတ်မိသွားတယ်။ စာအုပ်ပျောက်ရင် ဒေါ်လာ ၂၀ ဆိုတာ သူနားမလည်ဘူး။ ဒါပေမယ့် စာအုပ်ပျောက်လို့ ဒေါ်လာ ၂၀ လျော်ရရင် ဝါဖှယ် ၁၀ ခု၊ ၁၀ ရက်စာ မစားရဘူးဆိုတာတော့ ရိပ်မိသွားတယ်။ ဒါကတော့ စည်းကမ်းရှိဖို့ သင်ပေးတာပါ။ ဒေါ်လာ ၂၀ နဲ့တော့ သူစားနေကြဟာ မကျွေးဘဲ မထားပါဘူး။ ဒါပေမယ့် ဒီလိုပဲ သင်ပေးရတယ်။ ကလေးတွေဟာ ငယ်တုန်းမှာ နူရွန်တွေက မဆက်သေးဘူး။ ပက်တမ်တစ်ခုမဖြစ်သေးဘူး။ အဲဒီပက်တမ်ဟာ အနာဂတ်လူကြီးရဲ့ personality ပဲ။ အဲဒါတွေကို ဆက်စပ်ယူဖို့က အချိန်လိုတယ်။ အဲဒါကြောင့် ကလေးတွေကြည့်ရင် အမြဲတမ်း စိတ်က ပြောင်းနေတာ။ သူတို့က personality တည်ဆောက်တုန်း၊ logic တည်ဆောက်တုန်းဆိုတော့ တစ်ချို့ဟာတွေက လူကြီးအမြင်နဲ့ဆိုရင် ဂျီကျတယ်၊ ဆိုးတယ်၊ ရိုင်းတယ်၊ မလိမ္မာဘူးတွေ ဖြစ်နေနိုင်တယ်။ ဖြစ်နိုင်ရင် အဲဒီလို တံဆိပ်ကပ်တဲ့ အကျင့်ကိုရှောင်ပါ။ ကောင်းတာတွေ အားပေးပါ။ မသင့်လျော်တာတွေ တစ်ဖြည်းဖြည်းချင်း ပြုပြင်ယူပါ။ ခဏခဏ ပြောပြီးသားပေမယ့် တကယ်လိုတာ သုံးခုထဲပါ။စိတ်ရှည်ပါ။ အချိန်ပေးပါ။ မေတ္တာနဲ့ ဆက်ဆံပါ။ တကယ်တော့ စိတ်ရှည်တယ်ဆိုတာလည်း မေတ္တာရှိလို့သာ စိတ်ရှည်တာ။ ဒီသုံးခုနဲ့ပဲသွားရမယ်။ မွေးထားပြီးပြီဆိုတော့ အမှိုက်ပုံလည်း သွားပစ်လို့မရတော့ဘူးလေ။ ကိုယ့်သားသမီး ကိုယ့်ဟာကိုယ်ပဲသွန်သင်ရမှာပေါ့။ စာသင်ချင်စိတ်ကို လျော့ပြီး ကလေးတွေ စာဖတ်ရတာကို ပျော်အောင် လေ့ကျင့်ပေးတာက အဓိက အချက်ပဲ။ 

စာရှည်သွားပြီဆိုတော့ ဒီလောက်နဲ့ရပ်လိုက်တယ်။ ကလေးတွေရဲ့အသက်အရွယ်အလိုက် စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေရှိတာတွေကိုလည်း နားလည်ဖို့လိုတယ်။ သူတို့ဟာ ကျနော်တို့နဲ့တူပေမယ့် သူတို့ရဲ့သီးခြားဝိသေသတွေလည်းရှိတယ်။ မတူညီမှုတွေကိုလည်း လေးစားဖို့လိုတယ်။ သူတို့မေးလာရင် တလေးတစား ဖြေဖို့လိုတယ်။ သိရင်သိတယ်။ မသိရင် အတူရှာကြည့်ကြမယ်ဆိုတာမျိုးဟာ သူတို့ရဲ့ ပညာရေးအပေါ်မှာ အများကြီး သက်ရောက်မှုရှိတယ်။ အခုခေတ်ကလေးတွေ သိပ်တော်ကြတယ်။ ရွယ်တူ မိတ်ဆွေတွေ မွေးထားတဲ့ ကလေးတွေလည်း အင်မတန်ထက်မြက်တာတွေ့တယ်။ အနာဂတ်မှာ ပိုထက်မြက်တဲ့ မျိုးဆက်သစ်တွေက ဦးဆောင်မှာပဲ။ သူတို့တွေရဲ့ ထက်မြက်မှုဟာ တခြား သူတို့လောက်မထက်မြက်တဲ့သူတွေကို လူလည်ကျဖို့၊ နင်းတက်ဖို့မဟုတ်ဘူးဆိုတာကိုတော့ သေချာသင်ပေးလိုက်ရမယ်။ မိဘတစ်ယောက်အနေနဲ့ အကောင်းဆုံးတွေပဲ ကိုယ့်သားသမီးကို ပေးချင်တယ်။ ဒီလိုပဲ ကိုယ့်သားသမီးဟာ ကိုယ်ချင်းစာတတ်တဲ့လူကြီးလူကောင်းပဲ ဖြစ်လာဖို့ ငယ်ကတည်းက သူတို့ သေချာပေါက်ဖတ်နေတဲ့စာအုပ်က မိဘနှစ်ပါးပဲ။ ဒီမိဘတွေဆီကပဲ သူတို့ရဲ့ personality ကို အဓိက တည်ဆောက်တာ။ စာအုပ်တွေဖတ်ပြရင်း ကိုယ့်ဟာကိုယ်လည်း ပြင်စရာရှိတာ ပြင်ကြဖို့လိုမယ်ထင်တယ်။ 

ကလေးတွေအတွက် ပျော်စရာ ကမ္ဘာဖြစ်ဖို့ လူကြီးတွေရဲ့ဥာဏ်ပညာဟာ အရေးကြီးတယ်။ ကိုငှက်ပြောတဲ့ဥာဏ်ပညာနဲ့ ချစ်ခြင်းတရား ဟာ ကလေးပညာရေးမှာတော့ အလွန်ဆီလျော်တယ်။ မိဘတွေ စိတ်တင်းကြပ်နေရင် စိတ်မရှည်နိုင်ဘူး။ စိတ်မရှည်ရင် လေသံချိုသာဖို့မလွယ်ဘူး။ ကလေးတွေကို အချိန်ပေးဖို့မလွယ်ဘူး။ အဲဒီတော့ မိဘတွေမှာလည်း ကိုယ့်စိတ်ကိုယ်သတိထားဖို့လိုတယ်။ ကလေးတွေကိုသင်ပေးမယ့်အရာဟာ ကိုယ်တတ်ပြီးသား အရာဖြစ်နေဖို့လိုတယ်။ ကလေးတွေက စာအုပ်ဖတ်လိုက်၊ မိဘတွေရဲ့ အမူအကျင့်တွေဖတ်လိုက်လုပ်နေတယ်ဆိုတာ အမြဲသတိပြုပါ။ 
 Z



Peace B with U.

သွား

ဒီနေ့ သွားဆေးခန်းသွားတာ တော်တော်ရယ်ရတယ်။ သွားက မနာနေဘူး။ ဒါပေမယ့် သွားကြားညပ်ရင် နာမှာစိုးတယ်။ သွားက မကောင်းတော့တဲ့အချောင်းဆိုတော့ နှုတ်လိုက်တာအေးမယ်ပေါ့။ သွားပိုးစားပြီး ခပ်တိုတိုပဲကျန်တော့တာ။ အဲဒါ ဆရာဝန်ဆီကိုသွားတယ်။ သွားက နာမနေတော့ ဘယ်နဲ့ညာနဲ့ မှားပြောလိုက်တယ်။ ဘယ်ဘက် အပေါ်ဆုံးထောင့်က molar နှုတ်လိုက်ဆိုတော့ဆရာဝန်က သေချာခုနစ်ခါကြည့်တယ်။ သူ့အတွေ့အကြုံ သုံးဆယ့်လေးနှစ်အရ နှုတ်ဖို့မလိုဘူးတဲ့။ အဲဒီသွားရဲ့ ဘေးမှာတော့ filling လုပ်စရာလိုတာ တွေ့တယ်။ အဲဒါကိုလုပ်မယ်တဲ့။ အဲဒီအထိလည်း ငါမသိဘူး။ ချချဆိုပြီး ထုံဆေးထိုးဘာညာပေါ့။ သွားကို နည်းနည်းဖောက်တယ်ပြီးတော့ temorary filling တစ်လထားဖို့လုပ်တယ်။ ၃၀၀ ကျတယ်။ အတိအကျတော့မမှတ်မိဘူး။ ၃၀၀ ဝန်းကျင်ပဲ။ အဲဒါပြီးတော့ ကားငှားပြီး ပြန်ဖို့ကားစောင့်နေရင်းနဲ့မှ။ မဟုတ်သေးပါဘူး။ ငါ့သွားက ညာဘက်အပေါ်ဆုံးကဟာပါဆိုတာ သတိရတယ်။ အဲဒါနဲ့ ဆေးခန်းကို ပြန်သွားတယ်။ အေး၊ မေ့သွားလို့။ တလက်စတည်း ဒီဘက်သွားကိုရော နှုတ်လို့ရမလားမေးတော့ သွားဖုံးခွဲရမယ်၊ ပြီးမှနှုတ်လို့ရမယ်။ မိုင်နာ အော်ပရေးရှင်းဆိုတော့ အမ်စီ ငါးရက် ယူရမယ်ပြောတယ်။ ဘယ်ဘက်ခြမ်းက သွား၊ အခုန ဖာလိုက်တာကို permanant filling လုပ်ပြီးမှ လုပ်ပါဆိုတာနဲ့ ဘယ်လောက်လဲဆိုတော့ ၉ ၀၀ လို့ပြောတယ်။ မရသေးတဲ့ဘောနပ်စ်လည်း သွားဖိုးနဲ့ကုန်ပြီထင်တယ်။ ဆရာဝန်က ဘယ်လောက်မှတ်မိလည်းဆိုရင် ငါ့သွားတွေ အလွတ်ကျက်ထားသလိုမှတ်မိတယ်။ ဟိုတစ်ချောင်းကတော့ ဘယ်လို၊ ဘယ်လိုလေးလုပ်လို့ရတယ်။ ဒီဘက်ကတစ်ချောင်းကတော့ အခုဘာမှမဖြစ်သေးပေမယ့် ဖာဖို့လိုလာမယ်။ စသဖြင့်ပေါ့လေ။ ဟိုးတစ်ခေါက် သူ အိတ်စ်ရေးရိုက်ထားတာကို ပြန်ပြောရင်း ဘောနပ်စ်ရရင် ပြန်လာခဲ့ဦးပေါ့လေ။ အမှန်တော့ ရန်ကုန်ပြန်ပြီး လုပ်စရာရှိတာတွေလုပ်ဖို့ မနှစ်ကတည်းက ပြင်ထားပေမယ့် သွားမရ၊ပြုမရနဲ့ တော်တော်ပိတ်မိသွားတယ်။ မဟုတ်ရင်တော့ ဟိုမှာစားရိတ်ငြိမ်းစားသောက်၊ခရီးအသွားအပြန်အပြင်၊ ခွေးတစ်ကောင်၊နှစ်ကောင်ပါ ဝယ်နိုင်မယ်ထင်တယ်။ ဒီနှစ်ကုန်ပြန်မှ လုပ်လို့ရတာ ရန်ကုန်မှာလုပ်မယ်။ မအလ မသေသေးတာနဲ့ပဲ အပိုကုန်ရတယ်။ စစ်က ဖြစ်ရင် အမြန်ဖြစ်မှ။ မဟုတ်ရင် ကယားပြည်နယ်အထိနာမယ်။ ချင်းပြည်နယ်အထိနာမယ်။ ပြီးရင် ကချင်နဲ့ကရင် အထိနာမယ်။ တိုက်မောင်း၊ တိုက်ပွဲခေါ်သံ၊ ဃနေ့ တစ်ခုခု အော်တော့မှာလား မသိသေးဘူး။ အော်ပြီဆိုရင်လည်း ပြင်ဆင်ပြီးသားဖြစ်နေအောင်နေကြ။ အခုအခြေအနေကို မကြိုက်ဘူး။ တတိတိ ဖြစ်နေတယ်။ စီးပွားတွေ ပြိုလဲကုန်ရင် အများစု ဒုက္ခရောက်ကြမှာ စိုးတယ်။



Peace B with U.