ချွေတာပါ။
ပိုက်ဆံချွေတာဖို့ကို ကျနော် နည်းနည်းရေးချင်တယ်။ ကျန်တာတွေချွေတာဖို့လည်း ကြုံရင်ရေးဦးမယ်။
တစ်ချို့ပိုက်ဆံတွေက မကုန်သင့်ဘဲကုန်နေတာဆိုတာ ကျနော်တို့သိတယ်။ လိုနေတာက နည်းနည်းပါးပါး အားပေးမယ့်သူပဲ။ အနေအထိုင် နည်းနည်းလေးပြောင်းလိုက်တာနဲ့ နှစ်တိုင်း တစ်သောင်းလောက် အပိုထွက်လာနိုင်တယ်။ ကိုယ့်ဟာကိုယ် ဟိုလျှောက်ဖြုန်း ဒီလျှောက်ဖြုန်းတွေက ပေါင်းလိုက်ရင် နှမြောစရာကောင်းလောက်အောင်များနေတာတွေ့ရတယ်။ အသက်အရွယ်အရ ကျနော် ပိုက်ဆံစုစပြုလာတယ်။ တစ်နှစ်ကျော်လောက် ကိုယ့်အကျင့်တွေ ကိုယ်ပြင်ခဲ့တယ်။ ကိုယ့်အတွက် အကျိုးရှိမယ့်နည်းတွေကို တစ်နှစ်လုံး ဖတ်ခဲ့တယ်။ အခုလည်း ဖတ်နေတုန်းပဲ။ ကောင်းတာတွေ အတုယူနေတုန်းပဲ။ ကိုယ့်လိုပဲ ပိုက်ဆံစုချင်တဲ့ မိတ်ဆွေတွေရှိမယ်ထင်တယ်။ မသုံးရဘူးလို့မဆိုလိုဘူး။ မကုန်သင့်တာမကုန်အောင်ကြိုးစားကြဖို့ကို မကြာမကြာ ရေးမယ်စိတ်ကူးတယ်။
သုံးလေးလလောက်အချိန်ယူပြီး ကိုယ်ဘာတွေသုံးနေသလဲဆိုတာကို စာရင်းလုပ်ပါ။ အဲဒီနေရာကစရမယ်။ မစရရင်မဖြစ်ဘူး။ တခါတလေ ကိုယ့်ကုန်ကျစရိတ်ကို ကိုယ်တိုင်သေချာမသိဘူး။ လကုန်ရင် ပိုက်ဆံကုန်အောင်သုံးခဲ့ကြတာ သိပ်ပျော်စရာကောင်းတယ်ထင်မိတယ်။ ပိုက်ဆံစုတာလည်း ပျော်စရာကောင်းပါတယ်။ သုံးရတာပျော်စရာကောင်းသလို စုရတာလည်းပျော်စရာကောင်းတယ်ဆိုတာ တွေ့ရတယ်။
မလိုတာတွေကို ရပ်တန်းကရပ်ပါ။ မြန်မာလူမျိုးတွေရဲ့ ပြဿနာလို့ကျနော်ထင်တယ်။ အဲဒါဟာ ဘာလဲဆိုတော့ အတွက်၊အချက်ပျင်းတာပါ။ အဲဒါတွေရဲ့ အကျိုးဆက်အနေနဲ့၊ မလိုတာတွေမှာ ပိုက်ဆံအပိုကုန်ရတယ်။ Phone ဝယ်တယ်ဆိုရင်လည်း ပထမအကြိမ်မှာ များများ ပေးရရင် မတန်ဘူးထင်ကြတယ်။ ကိုယ်လိုသလောက် plan ကို သေချာမသိကြတာများတယ်။ Callback card နဲ့ တစ်ကဒ် ၅ ကျပ်ကို Local မိနစ် ၂၀၀ ဝန်းကျင်လောက်ပြောလို့ရတဲ့အချိန်မှာ မိနစ် ၁၀၀ ပိုပြောလို့ရဖို့အတွက် တစ်လကို ၁၀ လောက်ပေးရတဲ့ plan ကို subscribe လုပ်မိတာများတယ်။ ၁၀ ဆိုတာ တစ်လချင်းတွက်ရင် ဘာမှမရှိဘူးလို့တွက်ကြတာကြောင့်ဖြစ်မယ်။ ၁ နှစ်ကို ၁၂၀၊ ၅ နှစ် ကို ၆၀၀ ပိုများမယ်ဆိုတာကို လွယ်လွယ်လေးမေ့ထားလိုက်တာပဲ။ အဲဒီလိုကိစ္စမျိုးတွေများလာတော့ မလိုဘဲ ယိုပေါက်များလာပြီး အဖက်မတင်ကြတော့တာဖြစ်မယ်။
မလိုတာတွေကိုရပ်ဆိုတာတစ်ခုနဲ့တင် တော်တော်လေးကို ယိုပေါက်ပိတ်နိုင်မယ်ထင်ပါတယ်။ ဥပမာ လျှပ်စစ်ပစ္စည်းတစ်ခုကို ဝယ်တယ်ဆိုပါတော့။ နောက်နှစ်မှာ ဒီပစ္စည်းထက်ကောင်းတာတစ်ခုတော့ သေချာပေါက်ထွက်မှာပဲ။ ဒီလိုမှ မထွက်နိုင်ရင်လည်း ကုန်ထုတ်လုပ်ငန်းက မွဲဖို့ရှိတယ်။ သူကတော့တစ်မျိုးပြီးတစ်မျိုးထုတ်မှာပဲ။ Nike ဆိုရင် သူ့အမှန်ခြစ်ကို ဟိုခြစ်ဒီခြစ်နဲ့ တစ်မျိုးပြီးတစ်မျိုးထုတ်ရတာပဲ။ Adidas ဆိုလည်း 3 stripes ကို ဟိုရွှေ့ဒီရွှေ့နဲ့ အမြဲတမ်းထုတ်နေရတာပဲ။ မထုတ်လို့မဖြစ်ဘူး။ ဆက်တိုက်ကို ထုတ်ရမှာ။ ထုတ်တဲ့သူမှာ အပြစ်မရှိဘူး။ သူက သူ့စီးပွားသူလုပ်နေတာ။ ကုန်စည်သစ်ဟာ သူ့အတွက် အကျိုးအမြတ်ဖြစ်ထွန်းမယ့်အရာတွေ။ ဝယ်သူဘက်ကတော့ အသစ်တိုင်းဝယ်နိုင်မလား၊ အသစ်တိုင်း လိုအပ်သလား၊ အသစ်တိုင်း ဝယ်ကိုဝယ်ရမလားဆိုတာတွေက အရေးကြီးလာပါတယ်။ ကိုယ်တကယ်မကြိုက်တာဆိုရင် ဒီကိစ္စက သိပ်လွယ်တယ်။ ကိုယ်ကြိုက်တာကို ဝယ်နိုင်ရက်နဲ့ အောင့်ထားရတာမလွယ်ဘူး။ ကိုယ့်စိတ်ကိုယ် သိပ်အလိုလိုက်စရာမလိုဘူး။ မလိုတာတွေကို မဝယ်တာကလည်း အကျင့်ဖြစ်သွားရင် မဝယ်ဖြစ်တော့ဘူး။ ထောင်နဲ့ချီတဲ့ပစ္စည်းတွေကို ဥပမာပေးချင်တယ်။ လူလတ်တန်းစားဟာ သောင်းနဲ့ချီတာတွေအထိလည်း မမီဘူး။ သူသိပြီး သူကောင်းတယ်ထင်နေတာ ထောင်ဂဏန်းပတ်ချာလည်က ပစ္စည်းတွေပဲ။ သူတကယ်မသိတာက ကြော်ငြာမှာပါတဲ့ ကိန်းဂဏန်းတွေနဲ့ တကယ့်အစစ်အမှန် တန်ဖိုးတွေကို ခွဲခြားမသိတာပါပဲ။ Laptop ရဲ့ processing speed မြင့်ရင် သိပ်ကောင်းထင်နေတာမျိုးဟာ ကောက်ချက်ချအမှားထဲမှာ အကျုံးဝင်ပါတယ်။ အဲဒီလိုထင်တဲ့ လူတွေကို ရောင်းတဲ့သူတွေညာတဲ့နည်းတစ်နည်းလည်းရှိပါတယ်။ i5 တွေ i7 တွေကို ကြိုက်လာကြတဲ့အချိန်မှာ compatible ဖြစ်တဲ့ board မှာ processor လဲတပ်ပြီး ရောင်းကြတာတွေ့ပါတယ်။ တကယ်တမ်းမှာ ထင်သလောက်လည်း မြန်မလာပါဘူး။ သာမန် သုံးစွဲသူတွေအနေနဲ့တော့ processing speed ဆိုတာကို ဂရုစိုက်စရာမလိုတော့တာ တော်တော်လေးကြာခဲ့ပါပြီ။ ဘာအတွက် သုံးချင်ပြီး ဘယ်လောက်မြန်မယ်မျှော်လင့်သလဲဆိုတာက ကိုယ့်ဟာကိုယ်သေချာသိဖို့လိုပါတယ်။ Gamer တွေအတွက်ဆိုရင်လိုအပ်တာက တစ်မျိုးဖြစ်နိုင်ပါတယ်။ facebook လို၊ Office လို ကိစ္စတွေလောက်မှာ 2.55GHz နဲ့ 2.99 GHz ဘာကွာတယ်ပြောရခက်မယ်ထင်ပါတယ်။ Internet လိုင်းအတူတူဆိုရင် browse လုပ်တဲ့နေရာမှာတော့ သိသိသာသာကွာဖို့ခက်ပါတယ်။ Processing တွေ၊ Memory တွေဆိုတာ Computer အသုံးချပြီး program ရေး၊ ဒီဇိုင်းဆွဲ၊ အိမ်ပုံဆွဲ၊ ဓာတ်ပုံပြင်၊ ဗီဒီယိုပြင် လုပ်တဲ့လူတွေလောက်ပဲ သိသိသာသာလိုအပ်တော့သလိုဖြစ်လာပါပြီ။ ဒီလိုပြောရတာလည်း benchmark လုပ်တာတွေကို နားမလည်ဘဲ ဂဏန်းတွေကြည့်ပြီးကောင်းတယ်ထင်နေမှာစိုးတာကြောင့်ပါ။ လိုအပ်လို့ ဝယ်ရင် အကောင်းဆုံးကိုဝယ်မလား၊ streamline ဖြစ်တဲ့ နည်းနည်းလေးနိမ့်ပြီး လူများစုသုံးတာကို ဝယ်မလားဆိုတာတွေကို အတွေးခက်နေတာတွေ့တယ်။ အဲဒီလိုခက်လာရင် ကိုယ့်ကိုယ်ကိုယ်သာပြန်မေးပါ။ အခုဝယ်မယ့်ပစ္စည်းကို ဘယ်နှစ်နှစ်သုံးမယ်စိတ်ကူးလဲ။ အဲဒါကိုဖြေတဲ့အဖြေပေါ်မူတည်ပြီး ဝယ်သင့်တဲ့ ပစ္စည်း၊ မဝယ်သင့်တဲ့ပစ္စည်းဖြစ်လာတာပဲ။ ဥပမာလွယ်လွယ်ပဲပေးမယ်။ ၃၀၀၀ တန်ပစ္စည်းကို ၁ နှစ်ပဲသုံးမယ်ဆိုတဲ့သူအတွက် အဲဒီပစ္စည်းက တစ်လကို ၂၅၀ တန်တယ်။ ၅ နှစ်သုံးမယ့်လူအတွက်က ဒီပစ္စည်းက တစ်လကို ၅၀ ပဲတန်တယ်။ ရေရှည်သုံးမယ်စိတ်ကူးပြီး၊ တကယ်လည်းသုံးရင် ဈေးနည်းနည်းကြီးတာ အကြောင်းမဟုတ်ဘူး။ ၃ထောင် ၄ ထောင်တန်ဝယ်ပြီး တစ်လလောက်မှာမကြိုက်တော့လို့မသုံးတော့ရင် အဲဒီပစ္စည်းရဲ့တန်ဖိုးဟာ မတန်တဆများသွားတာပဲ။ တတ်နိုင်တာ မတတ်နိုင်တာထက် အဝယ်မှားတယ်ဆိုတာဟာ ကိုယ့်ရဲ့ ညံ့ဖျင်းနုံချာမှုလို့ပဲ သဘောထားသင့်တယ်။ ၅ ကျပ်ဖိုးအဝယ်မှားရင် ၅ ကျပ်ဖိုးညံ့တဲ့သူပဲ။
လစဉ်ပေးရတာတွေကို သတိထားကြည့်ပါဦး။ တခါတလေ bill ပေးတာနောက်ကျလို့ ပိုက်ဆံဒဏ်ကြေးပေးရတာရှိတယ်။ အဲဒါတွေက အပိုဖြုန်းတဲ့သဘောပဲ။ ကိုယ်သုံးထားလို့ ပြန်ပေးရတာကို နေ့ရွှေ့ညရွှေ့လုပ်တဲ့လူတွေဟာ လူပျင်းတွေပဲ။ အဲဒီလိုမဖြစ်အောင်သတိထားကြပါ။ Credit card bill က late payment charge ကို waive လုပ်ဖို့ ဖုန်းဆက်ပြောရင်ရတယ်။ ဒါပေမယ့် ကိုယ့်စာရင်းထဲမှာ နောက်ကျဖူးတယ်ဆိုတာ မကောင်းဘူး။ ငွေများများချေးတဲ့အခါမျိုးမှာ ဒါတွေကို လျှောက်ကြည့်တတ်တာတွေ့ရတယ်။ ကိုယ်ပေးဖို့ နောက်ကျဖူးတာမှ ပိုက်ဆံ ၂၀၊ အဲဒါကြောင့် လေးငါးသောင်းလောက် လျှော့ပြီး ချေးတယ်ဆိုတာ ကြားရင်တော့ ရယ်စရာပဲ။ ဒါပေမယ့် အဲဒါဟာ တကယ်ပဲ။ Home Loan ယူတဲ့အခါမျိုးတွေမှာ ဒီလူ အကြွေးမှန်မှန်ဆပ်တတ်ရဲ့လားဆိုတဲ့ ရာဇဝင်ကိုလှန်တာပဲ။ နောက်ကျဖူးရင် ချေးတဲ့ Amount လျော့သွားတတ်တယ်။ Approve ဖြစ်ဖို့ နည်းနည်းပိုကြာတတ်တယ်။ အသေးအဖွဲကအစ စီစစ်တာ သိပ်ကိုကောင်းတဲ့အကျင့်တွေပဲ။ လူကြီးတွေထက် လူငယ်ပေါက်စတွေ၊ လူလတ်တွေ သိသင့်တယ်။ လူငယ်တွေ ငယ်ကတည်းက အကျင့်ကောင်းမွေးထားလိုက်ရင်ကြီးလာရင်ပြင်စရာမလိုတော့ဘူး။ သဘာဝလိုဖြစ်သွားတယ်။ အကျင့်ဟာ သိပ်ကို တန်ဖိုးထားပျိုးထောင်သင့်တဲ့အရာပဲ။ ကောင်းတဲ့အကျင့်လေးတစ်ခုပါသွားရင်ကို ကောင်းကျိုးသိပ်များတယ်။ မကောင်းတဲ့အကျင့်များပါလာလို့ကတော့ တစ်သက်လုံးဒုက္ခရောက်တော့တာပဲ။
Membership.ရုံးအဝတ်အစား။ ရုံးမှာလုပ်တဲ့လူတွေ ယောကျာ်းလေးဆိုရင်လည်း လေးငါးဆယ်စုံလောက်တော့ ဝယ်ရတယ်ထင်တယ်။ အဝတ်အစားက ၆ လလောက်ကြာရင်နွမ်းလာတာဆိုတော့ တစ်နှစ်ကို အစုံ ၂၀ ဝန်းကျင်တော့လိုမယ်ထင်တယ်။ ရုံးဝတ်တာတွေကို brand တစ်မျိုးတည်းဝတ်တယ်ဆိုရင် အဲဒီဆိုင်မှာ Member လုပ်ထားတာအင်မတန်သက်သာတယ်။ တစ်နှစ်ကို ၂၀၀ ကနေ ၅၀၀ သက်သာတယ်။ ၂၀၀၀ ကနေ ၅၀၀၀ ဖိုးအတွင်းဝယ်ကြမယ်လို့ အကြမ်းဖျင်းတွက်လိုက်တယ်။ ၁၀ ရာခိုင်နှုန်းသက်သာတာနဲ့ပဲအကြမ်းဖျင်းပြောတာ။ အမှန်တော့ မွေးနေ့မှာ ရတဲ့ promotion တွေကြောင့်လည်း ဒီ့ထက်သက်သာတယ်။ အဲဒါတွေက ဘာမှမခက်ဘူး သိပ်မထူးဘူးထင်ပြီး မလုပ်ကြတာကြောင့် တစ်နှစ်ကို သုံးလေးငါးရာ နစ်နာနေတာပဲ။ ဖိနပ်လည်း ၁၂၀ တန် နှစ်ရံဝယ်ရင် ၂၄၀ကျမယ်။ ၁၀ရာခိုင်နှုန်းရရင်၂၄ ကျပ် သက်သာတယ်။ ၂၄ ကျပ်နဲ့ညစာသွားစားလိုက်ရင်လည်း ရတယ်။ အမြတ်ပဲ။ ပိုမကုန်သင့်တာ မကုန်စေနဲ့။ လင်မယားနှစ်ယောက်ပေါင်းဆိုရင် နှစ်ဆ သက်သာမယ်။ နှစ်ဆအပိုထွက်မယ်။ အကျင့်ကတစ်ခုတည်းပေမယ့် အကျိုးအမြတ်ကျတော့ နှစ်ဆဖြစ်သွားတာပဲ။
အစားအသောက်ကို အိမ်မှာ ချက်စားကြပါ။ ကျန်းမာရေးနဲ့လည်းညီညွတ်၊ အရသာလည်းရှိ၊ ဈေးလည်းသက်သာ၊ အင်မတန်တွက်ချေကိုက်တယ်။ ကိုယ်စားချင်တာကိုယ်ချက်တာကိုက ပျော်စရာကောင်းတယ်။ ကိုယ်နဲ့တည့်တာ ကိုယ်စားတာ သိပ်ကောင်းတယ်။ ဈေးလည်းအင်မတန်သက်သာတာပဲ။ ပုစွန်ကြော်အပြင်မှာ ၁၀၊ ၁၅ ကျပ်တန်မျိုး၊ အိမ်မှာ လုပ်စား ငါးကျပ်တောင်မကုန်ဘူး။ ကြက်သားဆိုပိုတောင်သိသာသေး။ တစ်ကောင်လုံးဝယ်ပြီး နှစ်ရက်စားရင်တောင် ၆ ကျပ်၊ ၇ ကျပ်ပဲ ကုန်တယ်။ အပြင်မှာစားတာတွေထက်လည်း အရသာပိုရှိတယ်။ ဝက်နံရိုးဆိုလည်းအတူတူပဲ။ အပြင်မှာ နံရိုးနှစ်ချောင်းလောက်ပါတာကို ၅ ကျပ်ယူတယ်။ ကိုယ့်ဟာကိုယ်ချက်စားရင် ဒီ့ထက်အများကြီးသက်သာတယ်။ များများစားရတယ်။ ငါးကျပ်ခွဲတန်ငါးတစ်ကောင်ဆိုရင် နှစ်ယောက်စားလို့ရတယ်။ ငါးလည်းပါတယ်။ ဥလည်းပါတယ်။ တန်မှတန်ပဲ။ squid ဆိုလည်း သုံးကောင်ဆိုရင် မနက်ညစားလို့ရပြီ။ သုတ်စားလို့လည်းကောင်းတယ်။ အရသာလည်းရှိတယ်။ မလေးဆိုင်တွေလို မင်တွေပေါက်ပြီး အရောင်ပျက်နေတာမျိုးမဟုတ်ဘူး။ ကိုယ့်ဟာကိုယ်သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်လေးချက်စားလို့ရတယ်။ လွယ်မှလွယ်။ လတ်မှလတ်၊ တန်မှတန်ပဲ။
ဈေးဝယ်ရင်လည်း မိတ်ဖွဲ့ရတယ်။ ခင်တဲ့ဆိုင်ဆိုရင် အဆစ်ပေးကြတာပဲ။ ပျော်စရာတောင်ကောင်းသေးတယ်။ အသီးအရွက်ဆိုင်တွေဆိုလည်း သက်သာတဲ့ဆိုင်၊ ဈေးသင့်တဲ့ဆိုင်ရွေးတတ်လာတာပါပဲ။ ဝယ်စားတာဟာ အလုပ်ရှုပ်သက်သာပါတယ်။ ဒါပေမယ့် ကိုယ်ကြိုက်တာ ကိုယ်ချက်စားတာနဲ့တော့ မတူပါဘူး။ မချက်တတ်ရင်လည်း သင်ပြီး ချက်စားကြပါ။ တဖြည်းဖြည်းနဲ့ ကိုယ်ချက်တဲ့အရသာကို နားလည်ပြီး ကိုယ့်စိတ်ကြိုက်ချက်တတ်လာပါလိမ့်မယ်။ ကျနော်တို့ဇနီးမောင်နှံကတော့ သောကြာနေ့တို့၊ အလုပ်များတဲ့နေ့တို့ဆိုရင်တော့ ညစာ အပြင်မှာစားတယ်။ ပုံမှန်တော့ အိမ်မှာပဲချက်စားပါတယ်။ အပြင်မှာ စားဖို့စရိတ်ကို တစ်လဆို ဘယ်လောက်ဆိုပြီး သတ်သတ်မှတ်မှတ်ထားပါတယ်။ အိမ်မှာများများစားဖြစ်တဲ့လဆိုရင် အဲဒီစရိတ်က သက်သာသွားတာပါပဲ။
လှူဖို့လည်းနေ့တိုင်းစု။ လှူတယ်ဆိုတာ အလောဘပါပဲ။ လောဘမတက်ရင် ပိုက်ဆံနဲ့ပက်သက်တဲ့ သောကလည်းနည်းပါတယ်။ ရှာထားတာကို တွယ်ကပ်တဲ့သဘောလည်းနည်းတာပါပဲ။ ပိုက်ဆံပေါ်မှာ လောဘမရှိရင် ရတဲ့ပိုက်ဆံဟာ များတယ်လို့ စိတ်ထဲမှာ ခံစားရတာပါပဲ။ ကိုယ်သုံးဖို့ လိုသလောက်ရရင် လုံလောက်တာပါပဲ။ လောဘတက်နေရင်သာ ဘယ်လောက်ရရ များတယ်မထင်ဘူးဖြစ်နေတာပါ။ နည်းနေသေးတယ်။ပိုရှာမှဆိုတာမျိုးဖြစ်နေတာပါ။ လှူတဲ့အခါ တစ်ခါတည်း ၁၀၀၊ ၂၀၀ လှူလိုက်တာထက် တစ်နေ့ကို ပြားရှစ်ဆယ်၊ကိုးဆယ်စုပြီး လေး၊ငါးလမှာတစ်ခါ လှူလိုက်ရတဲ့အရသာဟာ မတူပါဘူး။ ဘုန်းကြီးဆွမ်းကပ်ဖို့ အလှူ၊ သင်္ကန်းအလှူ စတာတွေအတွက် စုဗူးလေးတွေထားပါတယ်။ အဲဒီမှာစုရင်းစုရင်း ပြည့်တဲ့အခါ သွားလှူလိုက်ပါတယ်။ လှူရတာလည်းပျော်စရာကောင်းသလို၊ ကိုယ့်အတွက်လည်း ဝန်မပိပါဘူး။ အကြွေကနေ အလှူငွေဖြစ်လာပါတယ်။ လှူတဲ့သူဟာ လိုတဲ့အခါ ပိုက်ဆံရတတ်ပါတယ်။ သိပ်ပြီးကပ်စေးမနည်းပါနဲ့။ သေရင်ပါမှာကို သေရင်မပါမှာထက်တော့ တန်ဖိုးထားပါ။ လှူဖို့တန်းဖို့ဘက်ကို စိတ်ရောက်သွားတဲ့အခါ မလိုဘဲ ဖြုန်းမိမှာကို ရှက်တဲ့စိတ်လေးပါ ရလာတတ်ပါတယ်။ အဲဒါဟာ အမြတ်ပါပဲ။
ဘဝမှာ ဘယ်လိုနေချင်လဲ။ အခုပျော်ပြီး နောက်ကြေကွဲရမှာတွေ မလုပ်မိရင်ကောင်းတယ်။ ပိုက်ဆံဆိုတာ ရတာနဲ့ သုံးတာမမျှရင် ဘယ်လောက်ရရ အဖက်မတင်ဘူး။ အဲဒါလေးကို နည်းနည်းလောက်တွေးမိရင်ကျေနပ်ပါပြီ။
ကျန်းမာရေးကိုလည်း ဂရုစိုက်ကြပါ။ ကျန်းမာရေးမကောင်းရင်တော့ ပိုက်ဆံသိပ်ကုန်ပါတယ်။ ကျနော်ကတော့ ဒီတစ်နှစ်လုံး ဖျားတာနာတာဘာမှမဖြစ်ပါဘူး။ သစ်သီးဖျော်ရည်တွေ ညတိုင်းနီးပါးသောက်လို့ထင်ပါတယ်။ အခုပြောင်းတဲ့ရုံးမှာ ၁ နှစ်ပြည့်တော့မယ်။ တခါမှ MC မယူရသေးပါဘူး။ သစ်သီးတွေကိုလည်း ပုံမှန်လေး စားပေးကြပါ။ ကျန်းမာရေးအတွက် တော်တော်အထောက်အကူပေးတယ်လို့ထင်ပါတယ်။ ပျော်ရွှင်ဖွယ်သောကြာနေ့ဖြစ်ပါစေ။ ။
Regards,
Z
ယူဆချက်။ ။ စင်ကာပူဒေါ်လာဖြင့်ရေးသော်လည်း ကျပ်ဟု မကြာမကြာရေးနေကျအတိုင်း ရေးလိုက်ပါသည်။ မြန်မာကျပ်ငွေထင်ပြီး နားရှုပ်မှာစိုးတဲ့အတွက် ဖြေရှင်းချက်ရေးလိုက်ပါသည်။
Peace B with U.