အိုမင်းခြင်းအနုပညာ
စင်ကာပူမှာ အသက်အရွယ်ကြီးတဲ့သူတွေရဲ့ဘ၀ကို တစေ့တစောင်းအကဲခတ်ဖြစ်တယ်။ အားလုံးသိကြတဲ့အတိုင်း နိုင်ငံတစ်ခုကို company ကြီးတစ်ခုလို စီမံခန့်ခွဲနေတဲ့ အရပ်ဒေသမှာ သက်ကြီးရွယ်အိုတွေ အဆင်ပြေရဲ့လားစဉ်းစားနေမိတတ်တယ်။ (အတော်လေး အားနေလို့လည်း စဉ်းစားနိုင်တာဖြစ်တယ်။)
ဒီနေ့ အိမ်ရှင်အဖွားက မနက် ၇ နာရီခွဲလောက်မှာ တံခါးဖွင့်ပြီး အပြင်ထွက်သွားတယ်။ အရင်ဆို ထွက်လေ့မရှိဘူး။ ရေချိုးဖို့ ရှစ်နာရီမှာ ထလာတော့ သူနဲ့တွေ့တော့ ရယ်ပြီးပြောတယ်။ ဒီနေ့သောကြာနေ့ကို စနေမှတ်လို့ ဈေးသွားဝယ်တာတဲ့။ ရယ်လည်းရယ်မိတယ်။ သူတို့ဘ၀မှာ စကားပြောဖော်လည်းမရှိ၊ အိမ်ငှားဖြစ်တဲ့ ကျွန်တော်တို့လင်မယားကို တခါတလေ စကားတွေလာလာပြောတယ်။ သူက အင်္ဂလိပ်လိုလည်း ကောင်းကောင်းမတတ်တော့ ပြောနေရင်း တရုတ်လိုတွေပါလာတတ်တယ်။ ကျွန်တော်တို့ကလည်း နားလည်သလိုလိုလုပ်နေလေ့ရှိတယ်။ တခါတလေလည်း သူတို့ရဲ့ growing old ဖြစ်လာတဲ့ process ပုံစံမျိုးကို မကြိုက်ဘူး။
သက်ကြီးရွယ်အိုတွေကို တစ်ယောက်တည်းနေကြတာ အများကြီးတွေ့ရတယ်။ ဘယ်လိုလုပ် စိတ်ချကြလဲဆိုတာတော့ တွေးမရနိုင်ဘူး။ နေမကောင်းဖြစ်တဲ့အခါ၊ ရုတ်တရတ် သတိမေ့သွားတဲ့အခါ၊ လဲကျသွားတဲ့အခါ သူတို့ဘယ်လိုလုပ်မလဲလို့တွေးမိတယ်။
လွန်ခဲ့တဲ့ ခြောက်နှစ်က သြစတြေးလျမှာနေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ အမေ ချော်လဲပြီး ခြေထောက်ကျိုးသွားတယ်။ သူ့သားသမီးတွေဆီကို ဖုန်းဆက်ဖို့ကြိုးစားရင်း နောက်တစ်နေ့အထိ ကြာသွားတယ်။ Accident ဆိုတာ ဖြစ်နိုင်တာပဲ။ ဘယ်သူမှ ကြိုတင်မသိနိုင်ဘူး။ ဒီလိုအဖြစ်မျိုးတွေ ဒီမှာလည်းအများကြီးရှိနိုင်တယ်။
ဟိုတလောက ဖိုးစိန်နဲ့တွေ့တော့ သူတို့အလုပ်အကြောင်းပြောရင်း စင်ကာပူမှာ ရှိတဲ့ ဆင်းရဲသားမိသားစုတွေအကြောင်းတွေ ရောက်သွားတယ်။ ဒီမှာရှိတဲ့လူတွေက ပိုပြီးတောင် မလွယ်ဘူးထင်တယ်။ ပိုက်ဆံမရှိရင် ကုန်ကျစရိတ်မြင့်မားတဲ့နေရာက လူတွေက ပိုပြီးခက်ခဲတယ်ဆိုတာ သိသာတယ်။ စင်ကာပုဟာ လစာအနေနဲ့ ကမ္ဘာ့စံချိန်မ၀င်ပေမယ့် စရိတ်စက အကြီးဆုံး နိုင်ငံတွေထဲမှာပါဝင် (ဆောက်လုပ်မှုကုန်ကျစရိတ်အမြင့်ဆုံးနီးပါးဖြစ်လာနေ) တဲ့အတွက် ပိုက်ဆံမရှိရင် အတော်လေးခက်ခဲပါတယ်။ ဒီနေရာမှာ စကားစပ်လို့ပြောရရင် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ လူမှုရေးစောင့်ရှောက်မှုတွေမှာ အင်မတန်မှ ဆိုးရွားနိမ့်ကျသေးတယ်လို့ ပြောရမယ်ထင်ပါတယ်။
ဆေးရုံတက်တဲ့ ဖြစ်ရပ်လေးတစ်ခုကိုပဲ နမူနာပြောချင်တယ်။ အခမဲ့ဆေးကုသရေးစနစ်တွေ ကျယ်ကျယ်ပြန့်ပြန့် ရှိပုံမရပါဘူး။ စင်ကာပူလူမျိုးတွေကိုယ်တိုင် ဆေးရုံတက်ရင် သောက်သောက်လဲကုန်တာကို ညည်းတာ မကြာခဏ ကြားရပါတယ်။ Insurance တွေက up to 70 % cover ဖြစ်တာတွေရှိပေမယ့် Insurance မ၀ယ်နိုင်တဲ့လူတွေအတွက်တော့ အခက်အခဲရှိနိုင်ပါသေးတယ်။ သက်ကြီးရွယ်အိုတွေအတွက် ပိုခက်တာက Insurance ၀ယ်မယ်ဆိုရင်လည်း illness မျိုးစုံ ရှိနေပြီးသားမို့လို့ extra premium အများအပြား ပေးရဖို့ရှိပါတယ်။ နောက်ထပ်ပိုဆိုးတာက insurance တွေ cover ဖြစ်တယ်ဆိုတာမှာလည်း မ၀ယ်ခင်ဖြစ်တဲ့ ရောဂါဆိုရင် claim လုပ်နိုင်တဲ့ percentage မတူတာပါ။ ကြံကြံဖန်ဖန် ဖြစ်တာတွေလည်း ရှိပါတယ်။ ဥပမာ ကင်ဆာဆိုပါတော့ မနှစ်က insurance ၀ယ်ထားတယ်။ ဒီနှစ်မှာဖြစ်တယ်ဆိုပြီးကုတယ်။ ဒီနှစ်မှာဖြစ်တယ်ဆိုပေမယ့် စဖြစ်တာလွန်ခဲ့တဲ့နှစ်နှစ်ကလို့ ဆရာဝန်ကပြောရင် အဲဒါကိစ္စမျိုးကလည်း တော်တော်လေးကို ရှုပ်ထွေးပြီး ပြန် claim တဲ့အခါကြရင် စကားအတော်လေးေ ပြောရပါလိမ့်မယ်။ ၀င်ငွေအများကြီးမရှိတဲ့ လူကြီးသူမတွေအတွက်တော့ စင်ကာပူဟာ ကျန်းမာရေးစောင့်ရှောက်ဖို့ တာဝန်ယူနိုင်တဲ့ နိုင်ငံမျိုးမဟုတ်ဘူးဆိုတာ သေချာသလောက်ရှိပါတယ်။
အသက်ကြီးတဲ့လူတွေဘာတွေလုပ်နိုင်လဲ။
အသက်ကြီးတဲ့လူတွေအတွက် ထိုင်ခုံလေးတွေလုပ်ထားတဲ့ Senior Corner မှာထိုင်နိုင်မယ်။ နောက်ပြီး ez-link card ကဈေးသက်သာမယ်။ (အလကားပေးစီးလိုက်ရင်လည်းမွဲသွားမှာကြလို့။ မြန်မာပြည်မှာတောင် အသက် ၇၀ လောက်ဆို စပယ်ယာက ပိုက်ဆံမယူဘဲတွဲတင်နေပြီ။) နောက်ပြီး ချိကုန်းသင်တန်း အလကားတက်လို့ရတယ်။ အကသင်တန်းလေးတွေ ရှိတယ်။ တခြားတော့ ထူးထူးခြားခြားသတိမထားမိဘူး။ Fair Price မှာဈေးနည်းနည်း လျော့ပေးတယ် ထင်တယ်။ ၀င်ငွေက သိသိသာသာ နည်းရင် ထောက်ပံ့ကြေး အနည်းငယ်ပေးတယ်။
အလုပ်အကိုင်အခွင့်အလမ်း
အသက်ကြီးရင် ယောကျာ်းဆိုရင် Taxi မောင်းကြတယ်။ ညနေဘီယာသောက်၊အော်ကြီးဟစ်ကျယ်ပြော၊ ToTo တို့ 4D တို့ထိုးကြတယ်။ မိန်းမတွေကတော့ Food Court မှာလုပ်ကြတယ်။ Aljunied က chicken rice ရောင်းတဲ့ဆိုင်က အဘွားဆို သူ့သားက America မှာလို့ တစ်ခါပြောတယ်။ အရင်ရုံးက သန့်ရှင်းရေးလုပ်တဲ့ အဒေါ်ကြီးရဲ့သားတွေက အီတလီမှာဆိုလား။ သက်ကြီးရွယ်အိုတွေဟာ အလုပ်မလုပ်ရင် မြန်မြန်သေမှာလို့ ထင်နေတယ်။ သူတို့ဘ၀ဟာ တစ်သက်လုံး အလုပ်နဲ့ပဲ ချိတ်ဆက်ထားလို့ အလုပ်မရှိဘဲ မနေနိုင်ကြသလိုဖြစ်နေတယ်။ အသိုင်းအ၀န်းရဲ့ အပြင်ဘက်မှာ ရောက်သလို ဖြစ်မှာကို မခံစားနိုင်ဘူး။ ဘာသာရေးရဲ့ နှစ်သိမ့်မှု၊သက်သာရစေမှု မရှိကြဘူး။ သူတို့ဘ၀မှာ အလုပ်မလုပ်တော့ရင် တန်ဖိုးမရှိတော့ဘူးလို့ပဲ ခံစားရပုံ ရတယ်။
စင်ကာပူနိုင်ငံသားတွေက သူတို့မိဘတွေကို ဒီလို အလုပ်တွေ ဆက်လုပ်နေတာ ခွင့်ပြုတာကို မြန်မာမျက်စိနဲ့ကြည့်ရင်တော့ သနားစရာဖြစ်တယ်။ အမြင်မတော်သလိုပဲ။ သူတို့ပါဝင်လို့ရတဲ့ ပိုပြီးအဓိပ္ပာယ်ရှိတဲ့ charity organization တွေရှိသင့်တယ်။ ဒေါက်တာ အဲဘတ်ရွိုင်ဇာလို အသက်ကြီးမှ တန်ဖိုးပိုရှိတာ လုပ်ချင်လာတဲ့ သူတွေအတွက် စင်ကာပူမှာတော့ ဘာမှမရှိဘူး။ အော် .. အဲဒီလိုတော ယတိပြတ့် မပြောနိုင်ဘူး။ တစ်ရှူးရောင်းလို့တော့ရတယ်။ ဒါတောင် register လုပ်စရာ လိုတယ်လို့သိရတယ်။ မဟုတ်ရင် ဖမ်းလို့များရလား မသိဘူး။ ဖမ်းတာတော့ မတွေ့ဖူးသေးဘူး။
မေတ္တာတရားပေးပါ။
မယ်ကိုးရေးတာ တစ်ခါဖတ်လိုက်ရတယ်။ သူ အဘွားကြီးတစ်ယောက်ကို ဖတ်ချင်လို့ဆိုလား။ သူက သစ်ပင်တွေကိုလည်း ဖက်ချင်၊ သက်ကြီးရွယ်အိုတွေလည်း ဖက်ချင်ဆိုတော့ …. အဲ အဲ … လမ်းချော်သွားတော့မယ်။ သူရေးတာကို ကျွန်တော်လက်ခံတယ်။ ဒီမှာ သက်ကြီးရွယ်အိုတွေကို ဖက်ဖို့နေနေသာသာ အနားကပ်လာရင်တောင် သိပ်မကြိုက်ကြဘူး။ ဘယ်သူကမှလည်း သူတို့ကို အရေးတယူမထားဘူး။ ကွန်ဖြူးရှပ် စာပေတွေကို ငယ်တုန်းက ခဏ သင်လိုက်တာကလွဲရင် သူတို့မှာ လူကြီးတွေကို သိတတ်ရမယ်လို့ သင်ကြားခံခဲ့ရတာမဟုတ်ဘူး။ ဂါရဝေါစ၊နိဝါတောစတွေ သိတာမဟုတ်ဘူး။။ စင်ကာပူမှာ Free Hug လုပ်ရင်တောင် ရူးများနေသလားထင်ဦးမယ်။ ဒီနိုင်ငံက ဘယ်နိုင်ငံကို အတုယူသလဲတော့ မသိဘူး။ ငွေကြေးနဲ့မပတ်သက်တဲ့ ကိစ္စတွေမှာတော့ သိပ်ခေတ်နောက်ကျတယ်။
ရုံးမှာ သန့်ရှင်းရေးလုပ်တဲ့ အဒေါ်ကြီးကိုတော့ စကားလေးဘာလေး တစ်ခါတစ်လေ ပြောဖြစ်တယ်။ တွေ့ရင်ပြုံးပြတယ်။ ဟိုတစ်နေ့ စားပွဲကို တစ်ရှူးနဲ့သုတ်နေတုန်း ပစ္စည်းတွေပဲဖယ်ပေး။ သူ သုတ်လိုက်မယ်ဆိုပြီး ရေစိုဝတ်နဲ့သုတ်ပေးသွားတယ်။ တကယ်တမ်း သူ့အလုပ်က အမှိုက်သိမ်းတာနဲ့ ကော်ဇောဖုန်စုပ်တာပဲ။ စားပွဲတွေ ဘာတွေသုတ်ပေးစရာ မလိုဘူး။ ကူညီပြီးလုပ်ပေးတာ။ အပြုံးဟာ အင်တာနက်ရှင်းနယ် ဖြစ်တယ်။ ပြုံးပြလိုက်ရင် လူတိုင်းနားလည်တယ်။
Today သတင်းစာဝေတဲ့ အဒေါ်ကြီးတွေ ဆိုလည်း Thank you တော့ ပြောဖြစ်တယ်။ သူ့အလုပ် သူလုပ်တာ ဖြစ်ပေမယ့် ကိုယ် အလကားဖတ်ရတာ ကျေးဇူးတင်လို့။ သူတို့တွေလည်း နောက်တော့ welcome ပြန်ပြောတယ်။ ပထမတော့ ကြောင်အအပဲ။ အားလုံးက အမြန်ယူပြီး သုတ်သုတ်လစ်တာ ဆိုတော့ ကျေးဇူးမတင်အားကြဘူး မဟုတ်လား။
ကိုယ်ချင်းစာပါ။
ရထားပေါ်မှာဖြစ်ဖြစ် ကားပေါ်မှာဖြစ်ဖြစ် အသက်ကြီးတဲ့သူတွေကို နေရာဖယ်ပေးဖြစ်တုန်းပဲ။ သူ့ဘာသာသူ သန်သန်မာမာ သွားလာတယ်ဆိုဦးတော့ ကိုယ့်အဘွားအရွယ်ကြီးရှေ့မှာ ထိုင်ပြီးမနေနိုင်ဘူး။ လမ်းတွေဘာတွေ လျှောက်ရင်း တွေ့ရင်လည်း သုံးလေးခါတွေ့နေရင် ပြုံးပြလိုက်တာပဲ။ သိသိမသိသိ။ အထုပ်အလေးကြီး ကားပေါ်တင်ရင်လည်း ကူဆွဲတာပဲ။ ဒီကအဘွားတွေက အစားအသာက် မဆင်ခြင်ကြလို့ထင်တယ်။ ဒါမှမဟုတ် လေ့ကျင့်ခန်း အလုပ်နည်းတာလည်း ဖြစ်နိုင်တယ်။ လူတွေက balance မဖြစ်ဘူး။ အလေးအပင် မရင် လဲမလို ခဏခဏဖြစ်တာ တွေ့တယ်။
စင်ကာပူနိုင်ငံဟာ နိုင်ငံကျဉ်းတဲ့အတွက် တခြားနိုင်ငံတွေထက် အသုံးစရိတ် ပိုနည်းတယ် ဆိုတာသိသာပါတယ်။ အထူးသဖြင့် လမ်းတွေဘာတွေ တစ်နှစ်တစ်ခါ ပြင်တာမျိုး မကုန်လှဘူး။ အဲဒီပိုတာတွေကို သက်ကြီးရွယ်အိုတွေအတွက် တစ်ခုခု လုပ်ပေးနိုင်ရင် ကောင်းပါတယ်။ တကယ်တော့ စင်ကာပူနိုင်ငံ ဒီလောက် တိုးတက်လာတာ လွန်ခဲ့တဲ့ မျိုးဆက်သုံးဆက် (အခုအဘိုး၊အဘွားတွေ)ရဲ့ ကြိုးစားမှုကနေ စခဲ့တာပါပဲ။ သူတို့ရဲ့ကျေးဇူးတွေကို လွယ်လွယ်နဲ့မမေ့လိုက်သင့်ဘူး။ သူတို့တွေကို ပိုပြီးကောင်းတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရှိသင့်တယ်။ သူတို့တွေရဲ့နေထိုင်ရေးကို အဆင်ပြေရဲ့လား စစ်ဆေးပေးသင့်တယ်။ သူတို့တွေရဲ့ဘ၀မှာ နောက်ဆုံးနေ့ရက်တွေကို အထီးကျန်မနေဖို့ သူတို့တွေ ပါဝင်နိုင်တဲ့ အဖွဲ့အစည်းတွေ များများရှိအောင် လုပ်ပေးသင့်တယ်။ ကျွန်တော်တို့လည်း တစ်နေ့အိုရမှာပဲ၊ အဲဒီတစ်နေ့ကလည်း သိပ်အဝေးကြီးမှာ မဟုတ်ဘူး။ ကျွန်တော်တို့ရော အိုတဲ့အခါ ဘယ်လိုနေချင်လဲ။ ကျွန်တော်တို့ အိုတဲ့လူတွေကို ဆက်ဆံပုံဟာ ကျွန်တော်တို့အိုတဲ့အခါ ပြန်အဆက်ဆံခံရမယ့် ပုံစံလို့တွေးကြည့်လိုက်ရင် ကျွန်တော်တို့နောင်တရမိဦးမလား။
Regards,
The Gardener
Notes:
ပို့စ်ရေးပြီးလို့ xanthos ကိုဖတ်ခိုင်းတော့ ကျန်သေးတယ်။ အဘိုးကြီးတွေက ဏှာဗူးတွေကွတဲ့။ ဟုတ်တယ်။ အဲဒါကို ထည့်မပြောလို့မဖြစ်ဘူး။ မိန်းကလေးတွေကတော့ ဒီက အဘိုးကြီးတွေကိုလည်း သတိထားပါ။ လူငယ်တွေက မဘူးလှဘူး။ အဘိုးကြီးဖြစ်သွားတဲ့အခါ သွားမရှိတော့မှ အမဲရိုးကိုဆာလောင်နေသလိုတွေဖြစ်နေတာတွေ့ရတယ်။
Peace B with U.