ထုံပေပေပျင်းတင်းတင်းမေ့တေ့တေ့ရောဂါ
အမှန်တော့ထပ်ထည့်ရင်ရသေးတယ်။ ငေးတေးတေး၊ ယောင်တောင်တောင်၊အူတူတူ စသဖြင့်တွေ။ အသက်ကြီးလာရင် ဒီလိုပဲဖြစ်လာတယ်ထင်တယ်။ လက်ရှိဘဝကြီးက အသစ်တီထွင်စရာမလိုဘူး။ နေ့တိုင်းတစ်နေ့တစ်နေ့ရိုးလာတယ်။ပျင်းလာတယ်။ ငြီးငွေ့လာတယ်။ ငြီးငွေ့တာကလည်း ဖြစ်ပျက်တွေဆက်လာလို့ ဘင်္ဂဥာဏ်နဲ့ရင့်ကျက်လာတာမျိုးမဟုတ်ဘူး။ ကြီးပျင်းရိုးရောဂါသက်သက်ပဲ။ အဲဒါကို အသက်သုံးဆယ်ကျော်တွေမှာကြုံရတတ်တယ်။ ရွယ်တူတွေထဲမှာ အားလုံးလိုလို ငွေရေးကြေးရေးအားဖြင့်လည်း အတန်အသင့် အဆင်ပြေလာကြတယ်။ ဘဝမှာ သက်သက်သာသာနေလာရတဲ့အခြေအနေမျိုးရတဲ့သူရလာတယ်။ ဘဝရဲ့အဆင်ပြေတဲ့အပိုင်းထဲရောက်လာကြတယ်။ တစ်ချိန်တုန်းက စိတ်ကူးကြံစည်ထားတဲ့ဘဝမျိုးဖြစ်ကောင်းဖြစ်မယ်။ အဲဒါပေမယ့် အခုလက်ရှိမှာတော့ အဲဒီဘဝကြီးကို ထုံပေပေဖြစ်နေတတ်တယ်။
လုပ်စရာကိုင်စရာနည်းလာတဲ့သဘောဖြစ်လာတယ်။ တစ်ချို့လည်း အဲဒါကို midlife crisis ဆိုပြီး တစ်ယောက်တည်းသမားက ဇနီး၊ခင်ပွန်းယူ၊ ယူပြီးသားလူတွေက ကလေးမွေး၊ ကလေးရှိပြီးသားဆိုရင် နောက်တစ်ယောက်ထပ်ယူ၊ နှစ်ယောက်ရှိပြီးသားဆို လင်မယားနှစ်ယောက်စလုံးတောထွက်။ စသဖြင့်တွေ အူတူတူကိစ္စတော်တော်များမျာလုပ်မိကြတယ်။ အကုန်လုံးကိုတော့မဆိုလိုဘူး။ အများအားဖြင့် အဲဒီအသက်အပိုင်းအခြားကတော်တော်ခက်တယ်။ ဂေါတမဘုရားဟာ အသက် ၂၉ နှစ်မှာတောထွက်သွားတာဟာ ဒီ ကြီးပျင်းရိုးရောဂါကို ထွက်ပေါက်ရှာချင်တာလည်း တစ်ခုဖြစ်မယ်လို့ထင်တယ်။ ပါရမီပြည့်သွားတယ်ဆိုတာဟုတ်ကောင်းဟုတ်မယ်။ သို့သော်လည်း ကြီးပျင်းရိုးရောဂါကြောင့်လည်း ရာခိုင်နှုန်းအနည်းငယ်ပါလိမ့်မယ်။ မောင်းမမိဿံတွေကို ရွံတာလည်း နည်းနည်းပါလိမ့်မယ်။
Jesus ဆိုတဲ့လက်သမားကောင်လေးကိုကြည့်။ အသက်သုံးဆယ်အထိ လက်သမားလုပ်နေတာ။ ၃၀ ပြည့်မှ တရားထွက်ဟောရင်ကောင်းမယ်တွေဘာတွေဖြစ်လာတာ ကြီးပျင်းရိုး ရောဂါပဲ။ အဲဒီအချိန်မှာ အသက်ကကြီးလာပြီ။ လက်သမားလုပ်နေရတာကို ပျင်းလည်းပျင်းလာပြီ။ ဘဝကြီးကိုလည်းရိုးသွားပြီ။ အဲဒီအချိန်မှာ လုပ်မိလုပ်ရာလုပ်တယ်လို့ထင်တယ်။ ကိုယ်ပိုင်ထင်မြင်ချက်သက်သက်ပဲ။ မှားတယ်မှန်တယ် ငြင်းစရာမရှိဘူး။
အသက်သုံးဆယ်ဟာ အင်မတန်သတိထားရတယ်။ သိပ်ပျင်းလာတဲ့လူတွေက လုပ်စရာမရှိရင် ကိုယ့်ကိုယ်ကို သတ်သေသွားကြတယ်။ အဲဒါလည်း ၃၀ ဝန်းကျင်က ကြီးပျင်းရိုး ရောဂါကို ဆေးမြီးတိုနဲ့ ကုလိုက်ကြတာပဲ။ ကောင်းမယ်ထင်တာတွေ ဆက်တိုက်လုပ်လာလိုက်တာ နည်းနည်းအရှိန်ကုန်သွားတဲ့သဘောဖြစ်တယ်။ အင်နာရှားချော်တတ်တဲ့အရွယ်။ ငယ်တုန်းက ရိုးရိုးအေးအေးတွေတောင် အဲဒီအချိန်လောက်ရောက်ရင် ဂျစ်ကန်ကန်တွေဖြစ်လာတယ်။ နည်းနည်း ပလပ်(plug)ကျွတ်တဲ့အရွယ်ရောက်လာတဲ့သဘော။ အရင်စားတာတွေမစားတော့ဘူး။ အပြောင်းအလဲလုပ်လာတယ်။ အဲဒါတွေကို သတိထားမိဖို့လိုတယ်။ မဟုတ်ရင် ကိုယ့်ကိုယ့်ကို နားမလည်နိုင်ဘူး။ ငါဘာဖြစ်နေတာလဲဆိုပြီး အံ့သြနေလိမ့်မယ်။
လောဘနဲ့လုပ်ခဲ့တာတွေလည်း သိပ်အဓိပ္ပာယ်မရှိသလိုလိုဖြစ်လာတယ်။ တစ်သက်လုံးတန်ဖိုးထားလာတွေကိုလည်း ဟုတ်ရောဟုတ်ရဲ့လားဖြစ်လာတယ်။ သက်တမ်းကလည်း တစ်ဝက်ကျိုးပြီဆိုတော့ ဂျပန်သွားနေရင်ကောင်းမလားဖြစ်လာတယ်။ ဂျပန်မှာက ပျမ်းမျှသက်တမ်းရှည်တော့ သွားနေရင် ကိုယ်လည်း အသက်ရှည်လာနိုင်တယ်တွေဘာတွေတွေးမိလာတယ်။ ဘာဆက်လုပ်ရင်ကောင်းမလဲ၊ ဘာတွေကို လျှော့လိုက်ရမလဲ၊ ဘာအပြောင်းအလဲလုပ်ရင်ကောင်းမလဲ၊ အလုပ်ပြောင်းလိုက်ရင်ကောင်းမလား။ မြန်မာပြည်ပြန်ပြီး လက်ဖက်ရည်ဆိုင်ဖွင့်ရင်ကောင်းမလား။ ကျောင်းဆရာပြန်လုပ်ရင်ကောင်းမလားဖြစ်လာတယ်။ အဲဒီလိုအတွေးတွေ တစ်ချက်တစ်ချက်ပေါ်လာမယ်။ လွှမ်းမိုးမယ်။ ပြန်ပျောက်သွားမယ်။ လူက အူတူတူ ကျန်ခဲ့မယ်။
ကမ္ဘာကြီးပေါ်မှာနေတုန်း ငလျင်လှုပ်တယ်ဆိုရင် ကမ္ဘာကြီးရဲ့ သဘာဝကို မှီပြီးတည်နေတဲ့သတ္တဝါတွေမှာ ငြင်းပယ်လို့မရဘူး။ ခန္ဓာကမ္ဘာကြီးမှာ၊ စိတ်ကမ္ဘာကြီးမှာ မီတင်းနေထိုင်နေတဲ့ သတ္တဝါတွေလည်း ကံကြောင့်ဖြစ်တဲ့ခန္ဓာက ဝေဒနာတွေ၊ စိတ်ကဖြစ်တဲ့ အတွေးအမျှင်တွေ ကြုံရတယ်။ ရှောင်လို့မရတဲ့အခါ ကြုံရတယ်။ ငါ့မှ ဖြစ်ရလေခြင်းလို့လည်းမတွေးမိဘူး။ အားလုံးတစ်ယောက်တစ်မျိုးကြုံနေရတာပဲ။ မိဘမဆုံးသေးတဲ့သူတွေက မိဘ ဆုံးရှုံးတာကြုံရဦးမယ်။ ရှောင်လို့ရတာမျိုးမဟုတ်ဘူး။ မေ့ထားရင်သက်သာမယ်ထင်ပေမယ့် တစ်ကယ်ကြုံရရင် သာတောင်နာသေးတာပါပဲ။ ဒါတွေက အရင်လည်း ဒီလိုရှိနေတဲ့သဘာဝတွေ၊ သုံးဆယ်ကျော်လာမှ အဲဒီ ကိစ္စတွေက နည်းနည်း စဉ်းစားစရာဖြစ်လာတယ်။ ကြီးပျင်းရိုးရောဂါက ဇရာကိုရော၊ ဗျာဓိကိုရော၊ မရဏကိုပါ မီးမောင်းထိုးပြလာတယ်။ အဲဒါကြောင့်လည်း အင်နားရှားတွေ နည်းနည်းပျက်ကုန်တာ။
ကံကြောင့်ဖြစ်တဲ့ရုပ်၊ ကံကြောင့်ဖြစ်တဲ့စိတ်ဟာ ကံကုန်ရင်ပျက်တာပဲ။ အဲဒါတွေက အရင်တုန်းက အနှောက်အယှက်သိပ်မပေးဘူး။ သုံးဆယ်ကျော်လာတော့ ဒါတွေက နည်းနည်း overwhelm ဖြစ်လာတယ်။ အရင်ကထက် နည်းနည်းလေး အားနည်းသွားတယ်။ ၂၅ တုန်းက တော်ရုံတန်ရုံနဲ့ မပင်ပန်းတာမျိုး၊ ၃၀-၃၁ မှာ မဖြစ်နိုင်တော့ဘူး။ သွေးလှူပြီးရင် အရင်လို လတ်လျားလတ်လျားလျှောက်သွားနေလို့မရတော့ဘူး။ ရေသောက်ပြီးနားနေမှ။ နေပူထဲများလျှောက်သွားလိုက်လို့ကတော့မူးသလိုလိုလေးတောင်မှဖြစ်ချင်သလိုလို။ လူက အကျပိုင်းကို စရောက်လာပြီဆိုတာကို လက်ခံလိုက်ရပြီ။ လူ့သက်တမ်းဟာ ခဲလုံးတစ်လုံးကို မြှောက်တဲ့ဖြစ်စဉ်နဲ့တူရင် လေထဲကနေ ပြန်ကျဖို့ အသင့်ဖြစ်နေတဲ့ခဲလုံးရဲ့ အနေအထားနဲ့တူလာပြီ။ ဆက်တက်ဖို့ တစ်ချို့လည်းရုန်းကန်တယ်။ တစ်ချို့လည်း အကျသက်သာဖို့ ဘာဝနာနည်းနည်းဖက်လာတယ်။
ဆိုးတယ်ကောင်းတယ်ဆိုတာဟာ နှိုင်းရတန်ဖိုးဖြစ်နေတာများတယ်။ အသက်သုံးဆယ် ဆိုးသလားဆိုရင် မဆိုးဘူး။ ကောင်းသလားဆိုရင်လည်းမကောင်းဘူး။ ကောင်းတဲ့အပိုင်းကောင်းတယ်။ ဆိုးတဲ့အပိုင်းဆိုးတယ်။ အကောင်းနဲ့အဆိုးနဲ့ပြန်ပေါင်းရင် သုညပဲ။ ငယ်တုန်းကတည်းကလည်း သုညပဲ။ သေခါနီးအချိန်မှာလည်း သုညပဲ။ အသက်သုံးဆယ်မှာလည်းသုညပဲ။ ၃၀ ဝန်းကျင်မှာ မာစတာ၊ ပီအိတ်ခ်ျဒီဆက်မတက်ရင် ကျောင်းသားဘဝကလို ကျောင်းစာလုပ်ရတာမျိုးမရှိတော့ဘူး။ ဒါဟာ ကောင်းတာပဲ။ မိဘတွေရဲ့အဆူခံဘဝကလည်းလွတ်ပြီ။ ဆွေမျိုးဆိုတာတွေကိုလည်း ခပ်တည်တည် မသိချင်ယောင်ဆောင်ထားတတ်လာပြီ။ ကိုယ့်ကိုယ်ကို အချစ်ဆုံးပဲဆိုတာကို ကောင်းကောင်းသဘောပေါက်လာပြီ။ ကိုယ်နေကောင်းအောင်၊ ကိုယ်စိတ်ချမ်းသာအောင်ပိုထားတတ်လာပြီ။ လက်လွယ်တယ်လို့ မကြာမကြာပြောခံနေရတာက လက်ခက်တဲ့သူဖြစ်လာပြီ။ ၃၀၀၊၄၀၀ ထက်ပိုချေးလို့ကတော့ ချေးဖို့မရှိဘူးပဲပြောလိုက်တယ်။ ချေးဖို့မရှိဘူးလို့ပြောတာဟာ သေချာစဉ်းစားရွေးချယ်ထားတဲ့စကားလုံးပဲ။ ပိုက်ဆံမရှိဘူးဆိုရင် မုသာဝါဒဖြစ်မယ်။ ချေးဖို့မရှိဘူးဆိုတာကတော့ ချေးဖို့ သတ်မှတ်ထားတဲ့ပမာဏထက်များနေတယ်လို့ဆိုလိုတယ်။ မုသာဝါဒလည်းမဖြစ်ဘူး။ စိတ်ကောင်းလည်း နည်းသထက်နည်းလာတယ်။ ဒေါက်တာသန်းထွန်းပြောတဲ့ ကြီးလေဆိုးလေ၊ စိတ်ပုတ်လေဆိုတဲ့ အမျိုးအစားထဲပါလာတယ်။ တစ်ယောက်တည်း ခပ်အေးအေးနေရတာကို ပိုကြိုက်လာတယ်။ စကားတောင် တစ်ခွန်းကနှေနှစ်ခွန်းဖြစ်လာရင် အပေါက်အလမ်းမတည့်တဲ့သူများလာတယ်။ ပြောတာဆိုတာ နည်းလမ်းမကျတဲ့သူတွေကို ပိုအမြင်ကတ်လာတဲ့သဘောရှိတယ်။
ကလေးတွေကိုလည်း ဆုံးမချင်စိတ် သွန်သင်ချင်စိတ်နည်းလာတယ်။ အခုခေတ်ကလေးတွေကို တော်တော်ညံ့တယ်ထင်မိတယ်။ ဥာဏ်ရည်အရာမှာတော့တော်တယ်။ လူ့တန်ဖိုးတွေ၊ အခြေခံယဉ်ကျေးမှုတွေမှာ အင်မတန်ညံ့တယ်ထင်နေတတ်တယ်။ လူကြီး လူကြီးမှန်းမသိတာကို မိဘတွေကအစ နားမလည်ကြတော့ဘူး။ ဆိုးတာနဲ့ရိုင်းတာနဲ့ကိုတောင် ကောင်းကောင်းမသိတော့ဘူး။ အဲဒီလိုကလေးမွေးထားတဲ့မိဘတွေကတော့ အရှက်အခါခါကွဲတော့တာပဲ။ ကိုယ့်အမျိုးတွေထဲက ကလေးတွေကိုတော့ ယဉ်ကျေးတဲ့သူတွေဖြစ်စေချင်တယ်။ မိဘစကား နားမထောင်တာ၊ နားထောင်တာတွေထက်၊ စကားကိုဒေါသနဲ့မပြောတဲ့သူတွေပဲဖြစ်စေချင်တယ်။ ကိုယ်ထင်နေတာ၊ ကိုယ်မှန်တယ်ထင်တာကို အကျိုးသင့်အကြောင်းသင့်ပြောတတ်တဲ့ကလေးတွေဖြစ်ဖို့လိုတယ်။ ဒေါသထွက်တဲ့သူတွေဟာ တိရစ္ဆာန်စိတ်များတဲ့သဘောရှိတယ်လို့ထင်တယ်။ အရင်ဆို ဒါမျိုး ကလေးတွေတွေ့ရင် သိပ်ပြင်ပေးချင်တယ်။ အခုတော့ သူ့ကံနဲ့သူ သွားတာ ကိုယ်နဲ့မဆိုင်ဘူးထင်လာပြီ။ နောက်နှစ်အနည်းငယ်မှာ လူရိုင်းလေးတွေရဲ့ကမ္ဘာမှာ လူအိုအဖြစ်နဲ့ဖြတ်သန်းရမှာကိုပဲ ပိုပြင်ဆင်မိတယ်။ ကိုယ့်ဘာသာကိုယ် နေတတ်အောင်လေးနေမှ။
နောက်တစ်ခုက ဒီအရွယ်မှာ အလုပ်က နားရင် ဘယ်နားမှာ နေပြီး ဘာလုပ်စားရင်ကောင်းမလဲစဉ်းစားလာပြီ။ သာသာယာယာဘဝကိုရွေးချယ်ချင်တဲ့သူတွေအများကြီးတွေ့တယ်။ ၄၅ လောက်မှာ အခြေမကျရင်တော့ ၆၀ မှာလည်း ကျွဲလို၊နွားလို ရုန်းကန်ရဦးမယ်။ မြန်မာလူမျိုးဟာ အနာဂတ်ကို တွေးတဲ့နေရာမှာ အင်မတန် လျှော့လျှော့ပေါ့ပေါ့တွေးတယ်။ အကောင်းတွေပဲဖြစ်လာမယ်ထင်တယ်။ အဲဒါကြောင့် အဆိုးတစ်ခုခုကြုံရင် သေမတတ်ခံစားရတာလို့ထင်တယ်။ ဖြစ်လာနိုင်တဲ့ဟာတစ်ခုဖြစ်လာတာနဲ့ မဖြစ်ဘူးထင်တဲ့ဟာတစ်ခုဖြစ်လာတာ အင်မတန်ကွာတယ်။ စားနေတဲ့အစာတွေပေါ်မူတည်ပြီး အသက်ကြီးရင်ဖြစ်မယ့်ရောဂါကို ရွေးချယ်နေကြတာပဲမဟုတ်လား။ နောက်ဆုံးဖြစ်လာတဲ့ရောဂါတော်တော်များများဟာ ကိုယ်သေချာရွေးချယ်လိုက်တာပဲ။ နေ့စဉ်ဘဝထဲမှာ ကိုယ်ရွေးလိုက်တဲ့အစားအသောက်၊အနေအထိုင်ကပဲ ကိုယ့်ကို ပြဌာန်းသွားတာ။ ဒါတွေကိုလည်း စတွေးလာပြီ။ မကောင်းတဲ့အကျင့်၊ ကျန်းမာရေးနဲ့မညီညွတ်တာတွေကို နည်းနည်းချင်းစပြင်မိတယ်။ ကိုယ့်ဘဝကြီးသာယာဖို့ ကိုယ့်ကိုယ်ကို ဂရုစိုက်ရင်စိုက်၊ မစိုက်ရင် ဘယ်သူမှ လာမစိုက်နိုင်ဘူးလို့တွေးလာပြီ။
၃၀မပြည့်ခင် ၁ ရက်အလိုလောက်အထိ ငွေရေးကြေးရေးကို အရေးကြီးတယ်သိပ်မထင်ဘူး။ ရှိတာတွေကုန်သွားမယ်။ ပြန်ရှာမယ်။ ပြန်ကုန်သွားမယ်။ ဒီလိုနဲ့ပဲလည်နေတာ။ ငွေဆိုတာ များများရှိရင်ပျက်စီးတာပဲ၊ မြန်မြန်ဖြုန်းပစ်မှလို့တွေးတယ်။ နောက်တော့ အတွေးအခေါ်ပြောင်းစပြုလာတယ်။ အမေနဲ့အဘွားနဲ့ဆုံးတော့ သေခြင်းတရားမှာတောင် ပိုက်ဆံလေးရှိမှ အသေသက်သာတယ်ဆိုတာ ပိုသိလာတယ်။ လှူဖို့တန်းဖို့လည်း ငွေလိုတယ်။ မြန်မာ့ယဉ်ကျေးမှုအစစ်မှာတော့ ရိုးရိုးကျင့် မြင့်မြင့်ကြံတာကို အားပေးတယ် နောက်ပိုင်းယဉ်ကျေးမှုအတုတွေများလာပြီး၊ ပကာသနတွေလည်း များလာတာတွေ့တယ် (ပကာသနဆိုတာကို စင်ကာပူမှာကြီးပြင်းလာတဲ့ကလေးတွေသိချင်မှသိတော့မယ်။ ပကာသနဆိုတာ အပိုအကြွားအတွက်ပိုက်ဆံပိုဖြုန်းတာမျိုးလို့ အကြမ်းဖျင်းဆိုနိုင်တယ်။)။ အခုတလော အရှင်ဇနကာဘိဝံသရဲ့ တရားတွေနာပြီး ဘုန်းကြီးက တော်တော် ချွေတာစေချင်တာတွေ့တော့ သိပ်ဝမ်းသာတယ်။ (အဲဒီတော့လည်း ဘုန်းကြီးကိုတောင် ကွန်မြူနစ်ဘုန်းကြီးလို့ပြောကြတယ်တဲ့။) လှူတာကောင်းတယ်လောက်ဟောတာနဲ့ အကျိုးရှိရှိလှူတတ်ဖို့၊ မကုန်သင့်တာ ပိုမကုန်ဖို့ဟောတာမတူဘူး။ အလှူတောင်မှ အပိုတွေဖြုတ်လိုက်ရင် အကျိုးပိုရှိပြီး ပိုထိရောက်တာပဲလို့ ပိုနားလည်လာမိတယ်။ မနေ့ည ထမင်းစားနေတုန်း တရုတ်ဘုန်းကြီးတစ်ပါး လက်တို့ပြီး လာအလှူခံတယ်။ ဘုရားသာရှိသေးရင် တစ်ခါတည်း လူထွက်ခိုင်းခံရမယ့် ဘုန်းကြီးမျိုးဖြစ်မယ်။ မလှူလိုက်ဘူး။ ရဟန်းဟာ လောဘနည်းရမယ်။ များများလိုချင်ရင် လူထွက်ပြီး စီးပွားရှာ။ မရောင့်ရဲတဲ့ရဟန်းများလာရင် သာသနာကို အကြည်အညိုပျက်စေတာပဲ။ အသက်ကြီးလာလို့ စိတ်ပုတ်လာရတဲ့အထဲ ဝိနည်းနားမလည်တဲ့ သင်္ကန်းဝတ်တွေကြောင့် အကုသိုလ်ပွားမိမှာကို အင်မတန်သတိထားနေရတယ်။
စိတ်များဘယ်လောက်ဆိုးလာသလဲဆိုရင် အရင်လှူနေတဲ့ ဆေးကျောင်းတက်နေတဲ့ကလေးမလေးတွေကို ဖုန်းဆက်ပြီး အင်တာဗျူးခိုင်းဖို့စဉ်းစားနေတယ်။ အလှူရှင်တွေက ကျောင်းတက်ဖို့လှူနေတုန်း သူတို့တွေ တကယ်ကြိုးစားရဲ့လား။ လှူလိုက်တဲ့ပိုက်ဆံနဲ့ ရည်းစားကို လက်ဆောင်ဝယ်ပေးနေရင် မခက်ဘူးလား။ စသဖြင့်တွေ တွေးလာမိတယ်။ ဒါပေမယ့် ခဏကြာတော့ ကိုယ့်အတွေးကိုယ် ရယ်မိတာပါပဲ။ လှူတဲ့အချိန်ရော၊ မလှူမီနဲ့ လှူပြီးပါ စိတ်ကို အကောင်းအတိုင်းထားဖို့ သတိထားပေမယ့် သံသယဆိုတာတော့ရှိတယ်။ အသက်နဲ့အတူ သံသယပိုကြီးလာတယ်။ ကိုယ့်စိတ်ရဲ့ အပြောင်းအလဲကို သတိထားကြည့်ပြီး ပြင်စရာလိုတာပြင်ရတယ်။
အရှင်ဇနကာဘိဝံသတရားထဲမှာပါတဲ့ ဘုရင်ကြီးတစ်ပါးအကြောင်းပြောရဦးမယ်။ ဘုရင်ကြီးဟာ မိဖုရားကြီးကို သိပ်ချစ်တော့ သူ့မိဖုရားဆုံးတဲ့အခါမှာ ရွှေခေါင်းတလားထဲထည့်ပြီး၊ နေ့တိုင်း တလျလျတဆွေးဆွေး၊ တငူငူတငိုင်ငိုင်၊ တငိုငို၊ တရယ်ရယ်ဖြစ်တယ်။ မြေလည်းမချရက်ဘူး။ နောက်တော့ ဘုရားလောင်းရသေ့ကြီးချွတ်မှပဲကျွတ်တော့တယ်။ သူ့ဇနီးဟောင်းက ချေးပိုးထိုးဖြစ်။ ချေးပိုးထိုးအထီးနဲ့ အိမ်ထောင်ကျ။ ချေးပိုးထိုးကြီးကို ဘုရင်ကြီးထက် ပိုချစ်တယ်လို့ပြော။ ချေးပိုးထိုးဘာသာစကားနားလည်တဲ့ရသေ့ကြီးကိုတောင် အံ့သြမိသေးတယ်။ သို့သော်လည်း ဒါကို အာရုံမကျပါဘူး။ ဘုရင်ကြီးက အခေါင်းကို တစ်ခါတည်းသွားမြုပ်ခိုင်းလိုက်တယ်ဆိုတာကို စိတ်ထဲပိုဘဝင်ကျမိတယ်။ လူပုဂ္ဂိုလ်ဖြစ်စေ၊ အတွေးဟောင်း၊ အာရုံဟောင်းဖြစ်စေ၊ ဖြစ်ပြီးရင် ပျက်သွားတယ်။ လူပုဂ္ဂိုလ်ကို မစွဲလန်းစေရသလိုပဲ၊ အတွေးဟောင်း၊ အာရုံဟောင်းတွေကိုလည်း မစွဲလန်းတာ နေသာတယ်။ ကိုယ့်ကိုယ်ကို ချစ်တဲ့သူတွေဟာ ကိုယ့်စိတ်ချမ်းသာအောင် အမြဲသတိထားကြတယ်။ အတွေးဟာ စိတ်ကိုပင်ပန်းစေတယ်။ အတွေးနည်းလေ၊စိတ်ချမ်းသာလာလေပဲ။
ဘယ်လိုပဲဖြစ်ဖြစ်၊ စိတ်အပြောင်းအလဲတွေ ကြုံလာပေမယ့်၊ တာဝန်သိစိတ်ကိုတော့ ပိုတန်ဖိုးထားလာတယ်။ လူဟာ လူ့တာဝန်ရှိတယ်။ သားသမီးဟာ သားသမီးတာဝန်ရှိတယ်။ ဇနီး၊ခင်ပွန်းမှာလည်း ဇနီး၊ခင်ပွန်းတာဝန်ရှိတယ်။ တာဝန်ကျေတဲ့သူဟာ နောင်တ တဖန်ပူပန်ခြင်းကင်းတယ်။ ကိုယ်မလုပ်ဖြစ်လိုက်လို့၊ ကိုယ်တာဝန်မကျေလိုက်လို့ဆိုတာမျိုး ဘယ်တော့မှ မခံစားရဘူး။ မိဘတွေရှိတုန်း သားသမီးတာဝန်ကျေအောင်နေကြပါ။ မဟုတ်ရင် မိဘဆုံးရင် ၂ ဆ ခံစားရမယ်။ အဲဒါမကောင်းဘူး။ ညီအကို မောင်နှမတွေလည်း အသက်ရှင်နေတုန်းတည့်အောင်နေ။ ခင်ခင်မင်မင်နေ၊ သေရင်လည်း ငိုမနေနဲ့။ သူ့ကံနဲ့သူသေမယ်။ သူ့ကံနဲ့သူဆက်သွားမယ်။ သူ့ကံနဲ့သူပဲ။ တစ်ခြားလူတစ်ယောက်ရဲ့ဘဝထဲ ဝင်ပြီး မချယ်လှယ်ချင်နဲ့။ ဇနီး၊ခင်ပွန်းပင်ဖြစ်သော်လည်း သီးခြားလူနှစ်ယောက်။ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်တာ၊ ကူညီတာ၊ နားလည်တာကောင်းပေမယ့် ကိုယ်ဖြစ်စေချင်တာကို အတင်းအကြပ်မလုပ်စေချင်တာက ပိုပြီးကောင်းတယ်ထင်မိတယ်။ ကိုယ်ချစ်တဲ့သူတွေကို အချိန်များများပေး။ မဟုတ်ရင် တစ်ချိန်ကြမှ ခံစားရလိမ့်မယ်။ လူတော်တော်များများဟာ လိုချင်လို့ကြိုးစားပြီး ရလာရင် တန်ဖိုးမထားတော့ဘူး။ အဲဒီစိတ်ဟာ အင်မတန် သိမ်ဖျင်းတဲ့စိတ်ဆိုတာကို သတိထားရမယ်။ ကိုယ်ချစ်တဲ့ခင်တဲ့သူ၊ တန်ဖိုးထားတဲ့သူကို လေးစားပါ။ ဂရုစိုက်ပါ။ မပြောဘဲနဲ့ သိနေတဲ့သူဖြစ်အောင်ကြိုးစားပါ။ စာတိုလေးတစ်ကြောင်း၊ sms လေးတစ်ခု၊ phone စက္ကန့်အနည်းငယ်ပြောဖို့ အချိန်ရှိကြပါ။ ကိုယ့်စိတ်မှာရှိတဲ့ အထီးကျန်မှုကို နားလည်လာရင် တစ်ခြားသူတွေရဲ့စိတ်ကိုလည်း နားလည်လာတာပါပဲ။ ကိုယ့်စိတ်ကနေပဲစပါ။ ကိုယ့်စိတ်မှာ သိလာမှ ကိုယ်ချင်းစာနိုင်လာမယ်။ ကိုယ့်စိတ်ကိုနားလည်မှု တခြားသူကိုလည်း တကယ်နားလည်လာနိုင်မယ်လို့ ကျနော်ထင်ပါတယ်။
ငြိမ်းချမ်းတဲ့သူဖြစ်ဖို့မကြိုးစားပါနဲ့။
စိတ်ရဲ့ပင်ကိုယ်သဘောက ငြိမ်းချမ်းပြီးသားပါ။ အဲဒီ ပင်ကိုယ်သဘောကို ပြန်ရောက်ဖို့ သတိထားပြီး ပြုပြင်သွားပါ။ တစ်ချိန်မှာ စိတ်ရဲ့ပင်ကိုယ်သဘာဝအတိုင်း ကြည်လင် ငြိမ်းချမ်းနေတဲ့ သဘာဝကို ပြန်ရောက်သွားမှ ဒီ ထုံပေပေ၊ ပျင်းတင်းတင်း၊ မေ့တေ့တေ့ရောဂါလည်း ပျောက်မယ်ထင်ပါရဲ့။
Regards,
Z
Peace B with U.