ကွန်ဖြူးရှပ်နှင့်လောက်ဇူ
ကွန်ဖြူးရှပ်နဲ့လောက်ဇူတွေ့တဲ့အခန်း မောင်အိုရှိုရေးတဲ့ လုံးဝတောက်(absolute tao) မှာပါတယ်။ ကိုဖြူးက လူဆိုတာ ပြင်ရင်ကောင်းတယ်။ ပြင်ရမယ်။ မကောင်းရင်ပြင် ကောင်းလာမယ်။ ကောင်းရင် ထပ်ပြင် ပိုကောင်းမယ်ဆိုတဲ့ အတွေးအခေါ်ရှိတယ်။
အဲဒီတုန်းက တရုတ်ပြည်မှာ ကိုဖြူး (ကျနော်တို့က အဲဒီတုန်းက အငယ်တွေ။ အဲဒီတော့ ကိုဖြူးလို့ပဲမြန်မာဆန်ဆန်ခေါ်တယ်။) ကဉာဏ်ပညာအရာ ငါဆရာဆိုတဲ့အနေအထား။ ဒါပေမယ့် ပညာယှိပီပီ ငါ့မှာလည်း ဆှာလိုတယ်ဆိုပြီး လိုက်ရှာတယ်။ ဗုဒ်ဓဆိုတဲ့လူကြီးလည်း ဘုရားဖြစ်ဖြစ်ချင်း အလုပ်လက်မဲ့လိုဖြစ်သွားတယ်။ ကိုးကွယ်ရာပျောက်သွားလို့၊ လိုက်ရှာရင်းနောက်ဆုံး ဓမ်မတွေ့မှ သက်ပြင်းချနိုင်တယ်။ လူဟာ အင်မတန်ကိုးကွယ်ချင်တဲ့သတ္တဝါ။ ဘုရားဖြစ်တာတောင် လေလေးချွန်ပြီး ဇိမ်နဲ့အိပ်မနေဘူး။ ကိုးကွယ်ဖို့ တစ်ခုခုလိုသေးတယ်ထင်တာ။ ကိုဖြူးကလည်း ဒီအကြောင်းတွေဖတ်ဖူးတော့ ပညာယှိပေမယ့် နည်းနာဆည်းပူးဖို့လိုသေးတယ်လို့ ရေပြည့်အိုးကြီးပီပီဘောင်ဘင်မခတ်ဘဲတွေးတယ်။ တပည့်တွေကိုပါ ဆှာလိုက်ရှာခိုင်းတယ်။
အဲဒီမှာ အဖိုးကြီး လောက်ဇူနဲ့တွေ့တယ်။ သူကိုယ်တိုင်တွေ့တာတော့မဟုတ်ဘူး။ တပည့်တွေတွေ့လာတာ။ လောက်ဇူဆိုတာလည်း အသံထွက်မမှန်ဘူး။ တရုတ်လိုမတတ်တော့ ရမ်းကစ်လိုက်တာပဲ။ အဲဒီလိုရမ်းကစ်လိုက်ပေမယ့် အဲဒီခေတ်က အသံထွက်နဲ့ နီးစပ်သွားနိုင်တာပဲမဟုတ်လား။ လောက်ဇီလို့လည်းအသံထွက်တယ်။ အသံထွက်က ကိစ္စမရှိဘူး ဘာသာပြန်လိုက်ရင် အဖိုးကြီးဆိုတဲ့ အနက်ထွက်တယ်ဆိုတော့ အဘိုးကြီးပဲထားလိုက်။
အဖိုးကြီးကလည်း အသက်ကြီးချက်က ၉ ကျော်တယ်။ ဘာလို့ ၉ ကျော်တာလဲဆိုတော့သူ့ မျိုးနွယ်ကို ဘယ်သူမှမသိတော့ဘူး။ အဲဒါနဲ့ ကိုဖြူးက ဒီလောက်အသက်ကြီးတာ ငါပညာယူစရာတစ်ခုခုရှိမယ်ဆိုပြီးသွားတွေ့တာ။
လူဆိုတာ ကိုယ်သိတာကိုပဲအကောင်းထင်တဲ့သဘာဝရှိတယ်။ ဘာသာရေးပြဿနာဆိုတာ ကိုယ့်ဘာသာကိုယ်ကောင်းတယ် အလွန်အမင်းထင်ကုန်တာကြောင့်ပဲ။ လူတွေသိပ်မကောင်းရင် ဘာသာကောင်းကောင်းအရိပ်ထဲမှာ ပုန်းနေလိုက်တာပဲ။ ဘာသာတရားစည်းကမ်းနဲ့နေလိုက်ရင် ကိုယ်မကောင်းတာမေ့ထားလို့ရသွားတာကိုး။ အဲဒီလိုပဲ ကိုဖြူးကလည်း သူသိတာလေးသွားပွားတယ်။
လူ့ကျင့်ဝတ်တွေကဘာလဲ၊ စာရိတ္တကောင်းကဘာလဲစတာတွေ အာဖျံကွီးတာပေါ့။ အဖိုးကြီးက ဟက်ဟက်ပက်ပက်ရယ်တာပေါ့။ သူ့ဒဿနအရက မကောင်းတဲ့သူတွေဟာ ကောင်းဖို့ကြိုးစားတာ။ တကယ်ကောင်းတဲ့သူက ကောင်းဖို့ကြိုးစားမနေဘူး။ သဘာဝကျကျနေလိုက်တာပဲ။ ကျင့်ဝတ်သိက္ခာတမင်စောင့်ထိန်းနေရသေးရင်ကို မကောင်းတော့ဘူး။ တကယ်ကောင်းတဲ့သူဟာ သူ့အထုံဗီဇအတိုင်းကောင်းနေတာပဲ။ မရှိတာကြီးကို ရှိအောင်ကြိုးစားလုပ်ယူနေရတာ မစွံဘူးလို့ အဖိုးကြီးကယူဆတယ်။
အဲဒါမှန်တယ်လို့ထင်တယ်။ ပိုက်ဆံအကြောင်းတွေးနေသေးတဲ့သူဟာ မချမ်းသာသေးဘူးလို့ အဆိုရှိတယ်။ စိတ်ထဲမှာသဘာဝကပေးထားတဲ့ ငြိမ်းချမ်းမှုရှိပြီးသား။ တရားထိုင်၊ တရားမှတ်ကြတယ်ဆိုတာလည်း အတွင်းကငြိမ်းချမ်းမှုကို ပိတ်ဆို့ထားတဲ့ အကာအရံတွေကိုဖယ်တာပဲ။ သဘာဝတရားကိုနားလည်ဖို့ရိုးရှင်းတဲ့စိတ်ဖြစ်အောင်ပြင်ယူကြတာပဲ။ နိဗ္ဗာန်ရောက်တယ်ဆိုတာလည်း စိတ်က သူ့အလုပ်သူလုပ်သွားတာပဲ၊ ကိုယ့်ဟာကိုယ် လှမ်းခုန်လိုက်လို့ရောက်တာမှမဟုတ်တာ။ အဘိုးကြီးက ယင်နဲ့ယန်ကို နားလည်တယ်။ ဆန့်ကျင်ဘက်တရားတွေဟာ ဒွန်တွဲနေတယ်ဆိုတာကို သဘောပေါက်ပြီးသား။
ကိုဖြူးကတော့ အကောင်းဘက်အခြမ်းကိုပဲအသားပေးချင်တယ်။ အဆိုးဘက်ကို အတင်းဆန့်ကျင်တယ်။ အတင်းဆန့်ကျင်တာမှာ မကောင်းတာနှစ်ခုလောက်ဖြစ်တယ်။ ပထမတစ်ချက်က ပင်ပန်းတယ်။ ဒုတိယတစ်ချက်က ကိုယ်က ကောင်းတာလုပ်နေတာလို့တွေးရင် မကောင်းတာလုပ်နေတာလို့ယူဆတဲ့သူကို အထင်သေးတော့တာပဲ။ မကောင်းတာလို့ကိုယ်ယူဆပြီး ကိုယ့်ဟာကိုယ် မလုပ်ချင်လို့မလုပ်တာကောင်းတယ်။ အတင်းပြင်ယူတာမဟုတ်ဘူး စိတ်ရဲ့မူလဘူတသဘာဝအတိုင်း အလိုက်သင့်လေးနေတာ။ မကောင်းတာလုပ်တဲ့သူလည်း သူကြိုက်တာသူလုပ်ပစေ။ အထင်မသေးဘူး။ ကောင်းတယ်ဆိုတာလည်း မကောင်းတာလုပ်တဲ့သူရှိလို့သာကောင်းတယ်ဖြစ်တာ။ သာမန်အားဖြင့် ဘာမှမဟုတ်ဘူး။
သံသရာလည်တယ်လို့ယူဆရင် အကောင်းနဲ့အဆိုးဟာ ဆတူလောက်လုပ်ပြီးသားတွေချည်းပဲ။ ဘဝတွေသိပ်များလာရင်တော်တော်လေးထုံနေပြီ။ အကုသိုလ်လည်းစုံပြီ။ ကုသိုလ်ကတော့ နိဗ္ဗာန်ရရာရကြောင်းကလွဲရင် ကျန်တာတွေစုံလောက်ပြီ။ ဘယ်သူမှမသာဘူး။ နိဗ္ဗာန်ကလည်း ငရဲရှိလို့သာပြည့်စုံတဲ့နေရာဖြစ်တာ။ လူ့ဘဝရဲ့ အနိစ္စ၊ဒုက္ခ၊အနတ္တတွေရှိနေလို့သာ အဲဒါတွေကင်းတာ ကောင်းတယ်ဖြစ်ကုန်တာ။ ဆန့်ကျင်ဘက်တွေနဲ့ ဒွန်တွဲနေလို့သာ အရာရာ အချိုးညီနေတာ။
ဟိုတလောကပဲ ဆရာတော်ဦးဇောတိကဟောတာတစ်ခုဖတ်လိုက်သေးတယ်။ မာရ်နတ်ကြီးကိုတောင်ကျေးဇူးတင်တယ်တဲ့။ မာရ်နတ်ကြီးမရှိရင် ဘုရားရဲ့ တန်ခိုးတွေ ပေါ်လွင်မှာမဟုတ်ဘူး။ အရှင်ဒေဝဒတ္တလည်းဒီလိုပဲ။ သူတို့တွေ လုပ်ကြံနေလို့သာ ဘုရားရဲ့မေတ္တာပိုပေါ်လွင်တာ။ မဟုတ်ရင် ဆွမ်းလှူနေတဲ့သူတွေပေါ်လောက်ပဲ မေတ္တာထားနိုင်တယ် ထင်ရင်ထင်ကြမှာ။ ကိုယ့်ကို လုပ်ကြံတဲ့သူအပေါ်မှာလည်း တူညီသောမေတ္တာထားနိုင်တဲ့စိတ်ထားပေါ်လွင်ဖို့ဆိုတာ ဗီလိန်ကောင်းကောင်းလိုတယ်။ ဒါမျိုးက အလေးအနက်တွေမှာမှမဟုတ်ဘူး။ Megamind နဲ့ Metro Man ကြည့်ရင်လည်းသိနိုင်တယ်။
ခရစ်ယာန်ဝါဒမှာလည်း ဘုရားသခင်နဲ့လူစီဖာနဲ့ရှိတာပဲ။ သူ့ဟာနဲ့သူပေါ့။ မင်းသားနဲ့ဗီလိန်အတွဲညီညီရှိမှဖြစ်တာ။ ကောင်းကင်ဘုံရှိရင် ငရဲလည်းရှိတာပဲ။ အညမည ကျေးဇူးပြုတာပဲ။ လောကကြီးက ညီညွတ်နေဖို့ဆန့်ကျင်ဘက်တရားနှစ်ပါးက ဖြည့်ဆည်းပေးတာပဲ။ တစ်ခုတည်းက ရွေးလိုက်ရင် နောက်တစ်ခုကို ဆန့်ကျင်ရတော့တာပဲ။ ကုသိုလ်ကို ကုသိုလ်ပြုချင်လို့ပြုတာ အင်မတန်လှတယ်။ အင်မတန်ဖြူစင်တယ်။ အကုသိုလ်ကြောက်လို့ ကုသိုလ်ပြုတာကတော့ အင်မတန် ကလေးဆန်တယ်။ ရယ်စရာတောင်ကောင်းတယ်။ ကလေးတွေရဲ့ ဘာသာရေးမျိုးဖြစ်သွားတတ်တယ်။
အဘိုးကြီးက ဒါတွေကို နားလည်တယ်။ သူက တော်ကီသမားမဟုတ်ဘူး။ ခံစားသိနဲ့ပဲသိစေချင်တာ။ လောကကြီးမှာ လူလိုနေရင် လူပီပီသသလေး နေသွားစေချင်တာ။ လူကောင်းဆိုတဲ့ ဂုဏ်သိက္ခာရဖို့ အတင်းဖျစ်ညှစ်ကြိုးစားပြီး လူမဆန်တာမျိုးကို အားပေးပုံမပေါ်ဘူး။ အဘိုးကြီးက အင်မတန်ရိုးသားတဲ့အမြင်ရှိတယ်။ အင်မတန်လေးနက်တဲ့ရိုးရှင်းမှုမှာ သူ့အတွေးက အခြေချတယ်။ ကိုဖြူးတော်တော်လေးတုန်လှုပ်သွားတယ်။ ဒီအဘိုးကြီးက အန်တရာယ်အလွန်များတယ်ဆိုပြီးကြောက်လာတယ်။ သူ့အတွေးအခေါ်မျိုး ကိုဖြူးမကြားဖူးဘူး။ အဲဒီအတွေးအခေါ်မျိုးကိုကြောက်လို့ ချွေးတောင်ပျံတယ်လို့ဆိုတယ်။ တပည့်တွေကိုလည်းပြောတယ်။ ဒီဘီးကျဲဆီမသွားနဲ့။ အင်မတန် dane dane dane danger ကြီး။ ငါတို့လစ်မယ်။ အဲဒီလိုပြောပြီးလစ်တာ။ နောက်တစ်သက်လုံးအဘိုးကြီးဆီပြန်မသွားတော့ဘူးလို့ပါတယ်။
တချို့သူတွေက အင်မတန်တွေးတာ။ အသက်ကြီးလာလေတွေးလေပဲ။ အရှင်အနုရုဒ္ဓါဆိုရင် အသက်တစ်ရာ့ငါးဆယ်အသက်ရှည်တယ်။ ဒုတိယသံဃာယနာတင်ဖို့ နှစ်သုံးဆယ်မှ သူစံလွန်တယ်။ နိဗ္ဗာန်စံပြီး သက်တမ်းကုန်လွန်တယ်။ မဟာပုရိသဝိတက်ဆိုတာ သူ့ပြဿနာပဲ။ အင်မတန်တွေးတဲ့သူ။ ကောင်းတာတွေတွေးပြီး ဝိတက်တွေများတာ။ ဝိတက်ကတော့ ကောင်းတာတွေးတွေး၊မကောင်းတာတွေးတွေး သမာဓိမရဘူး။ သမာဓိမရရင်ပညာမဖြစ်ဘူး။ အဲဒီလို ဝိတက်တွေနဲ့နပမ်းလုံးနေတုန်း ဗုဒ္ဓရောက်လာပြီး နောက်ထပ် ဝိတက်နှစ်ခု ထပ်ပေးလိုက်မှ တရားရသွားတယ်။
ကိုဖြူးနဲ့အဘိုးကြီးတွေ့တာဟာ ဆင်ခြင်စရာကောင်းတဲ့ ဝိတက်တစ်ခုပဲ။ အားနေရင် အားနေသလိုနေကြပါ။ မအားသလိုကြီးဟန်မဆောင်ကြပါနဲ့။ ဘဝတိုတိုလေးမှာ ခင်ဗျားတို့ကို ဘယ်သူအထင်ကြီးကြီး၊ အထင်သေးသေး သိပ်ကိစ္စမရှိကြပါနဲ့။ ကိုယ့်ဘဝကို ပျော်ပျော်နေကြစမ်းပါ။ အဘိုးကြီးလို ရယ်ရယ်မောမောနေကြပါ။ ကိုဖြူးလို လူတကာထက် ခေါင်းတစ်လုံးသာဖို့ ၊ ဖြူစင်လွန်းသူကြီးတွေဖြစ်ဖို့ မကြိုးစားကြပါနဲ့။ ကိုယ့်သဘာဝနဲ့အညီကိုယ်နေပြီး ကိုယ့်စိတ်ကိုကိုယ်သတိထားနေရင် စိတ်ဟာ သူ့အလိုလိုပြုပြင်ပြီး သဘာဝတရားအသစ်တစ်ခုကိုမွေးဖွားပေးလိုက်မှာပဲ။
အဘိုးကြီးကပြောတယ်။ တော်ကီထဲမှာ တရားမရှိဘူး။ တရားထဲမှာလည်း တော်ကီမရှိဘူး။ ခံစားနားလည်လာတဲ့တစ်နေ့ သဘောပေါက်တာပဲ။ အဲဒီလိုစိတ်ရဲ့သဘာဝကို စိတ်က သိမြင်တာ တရားပဲပေါ့။ တစ်ယောက်ယောက်လာပေးတာလည်းမဟုတ်ဘူး။ နဂိုရှိပြီးသားကို သတိထားမိလာတာ။ ပျောက်နေတဲ့ ရွှေလက်စွပ်ကို ပြန်ရှာတွေ့တာမျိုး။ ယောနိသောမနသီကာရဖြစ်နေတဲ့စိတ်နဲ့လက်ရှိ အခိုက်အတန့်လေးကို မဆုံးဖြတ်ဘဲ၊ မခံစားဘဲ တည့်တည့်လေးကြည့်နေတဲ့အရသာဟာ သူ့သဘာဝပေါ့။
ငြိမ်းချမ်းတဲ့စိတ်ကို နားလည်နိုင်တာ နောက်ထပ်ငြိမ်းချမ်းတဲ့စိတ်ပဲ။
Regards,
Z
Peace B with U.