Friday, November 2, 2012

မောင့်လိုလူတစ်ယောက်

မောင့်လိုလူတစ်ယောက်


မောင့်လိုလူတစ်ယောက်

မောင် တခြားကောင်မလေးတစ်ယောက်နဲ့တွေ့ပြီး အခြေကျနေပြီလို့ကျမကြားတယ်။ မောင် အခုလက်ထပ်လိုက်ပြီလို့လည်းကြားတယ်။ မောင့် အိမ်မက်တွေ လက်တွေ့ဖြစ်လာနေပြီလို့လည်းကြားတယ်။ သူ(မ)က မောင့်ကို ကျမ မပေးနိုင်ခဲ့တာတွေ ပေးနိုင်/ဖြည့်ဆည်းပေးနိုင်မယ်လို့ ကျမထင်တယ်။ ကျမရဲ့ တချိန်က သူငယ်ချင်း(သို့) မောင် ဘာလို့ အရှက်သည်းနေရတာလဲ။ မောင့်ကို တားဖို့ မရည်ရွယ်ဘူး၊ သိုဝှက်ဖုံးကွယ်ထားဖို့လည်းမရည်ရွယ်ဘူး။ 

ကျမကို မဖိတ်ခေါ်ဘဲ၊ မောင့်ရှေ့မှာ ရုတ်တရတ်ကြီး  ဘွားခနဲပေါ်လာသလိုမျိုးဖြစ်မှာကို တကယ် မုန်းပါတယ်။ ဒါပေမယ့်  ဒါကို ကျမ မထိန်းချုပ်နိုင်ဘူး။ မောင် ကျမမျက်နှာမြင်ပြီး ပြန်ပြီး အမှတ်ရသွားမယ်လို့လည်း မျှော်လင့်နေမိတတ်တယ်။ ဒါဟာ ကျမတစ်ယောက်တည်းအတွက်ပါ။ ဒီလိုလေးပဲ ပြီးဆုံးသွားဖို့ မဖြစ်နိုင်ခဲ့တာတွေပေါ့။

ထားလိုက်တော့။ ကျမ(ကိုသိပ်ချစ်မယ့်)မောင့်လိုလူတစ်ယောက် ရှာလိုက်မယ်။
မောင့်အတွက်လည်း အကောင်းဆုံးတွေဖြစ်ပါစေလို့ ဆန္ဒပြုတယ်။ 
မောင်တောင်းပန်တယ်၊ မောင့်ကို(မောင့်အချစ်) မေ့မသွား/မေ့မထားပါနဲ့ လို့ မောင်ပြောခဲ့တာလေးကို  ကျမ သတိရတယ်။ တစ်ခါတစ်လေ ဒီစကားလေးတွေက ချစ်ခြင်းတရားနဲ့ တည်တံ့နေတယ်။ တစ်ခါတစ်လေတော့လည်း ဒဏ်ရာတွေပေးတယ်။ တစ်ခါတစ်လေ ဒီစကားလေးတွေက ချစ်ခြင်းတရားနဲ့ တည်တံ့နေတယ်။ တစ်ခါတစ်လေတော့လည်း ဒဏ်ရာတွေကိုပဲ ပေးနေတော့တာပဲ မောင်ရေ။

အချိန်တွေဘယ်လိုကုန်သွားလဲမောင်သိလား။ မနေ့တနေ့ကပဲ ကျမတို့ရဲ့ ဘဝလေးအတွက် ပျော်စရာအချိန်လေးရှိခဲ့သေးတယ်။ ကျမတို့တွေ နွေဦးရာသီ မြူနှင်းမှုန်တွေကြားမှာ မွေးဖွားကြီးပြင်းလူလားမြောက်လာခဲ့ကြတာ။ ကျက်သရေမင်္ဂလာနဲ့ပြည့်စုံတဲ့ ကျမတို့ရဲ့နေ့ရက်တွေက ရလာတဲ့ အံ့သြခြင်းတွေ ဝန်းဖွဲ့နေခဲ့သေးတာ။

ကျမကို မဖိတ်ခေါ်ဘဲ၊ မောင့်ရှေ့မှာ ရုတ်တရတ်ကြီး  ဘွားခနဲပေါ်လာသလိုမျိုးဖြစ်မှာကို တကယ် မုန်းပါတယ်။ ဒါပေမယ့်  ဒါကို ကျမ မထိန်းချုပ်နိုင်ဘူး။ မောင် ကျမမျက်နှာမြင်ပြီး ပြန်ပြီး အမှတ်ရသွားမယ်လို့လည်း မျှော်လင့်နေမိတတ်တယ်။ ဒါဟာ ကျမတစ်ယောက်တည်းအတွက်ပါ။ ဒီလိုလေးပဲ ပြီးဆုံးသွားဖို့ မဖြစ်နိုင်ခဲ့တာတွေပေါ့။

ထားလိုက်တော့။ ကျမ(ကိုသိပ်ချစ်မယ့်)မောင့်လိုလူတစ်ယောက် ရှာလိုက်မယ်။
မောင့်အတွက်လည်း အကောင်းဆုံးတွေဖြစ်ပါစေလို့ ဆန္ဒပြုတယ်။ မောင်တောင်းပန်တယ်၊ မောင့်ကို(မောင့်အချစ်) မေ့မသွား/မေ့မထားပါနဲ့ လို့ မောင်ပြောခဲ့တာလေးကို  ကျမ သတိရတယ်။ တစ်ခါတစ်လေ ဒီစကားလေးတွေက ချစ်ခြင်းတရားနဲ့ တည်တံ့နေတယ်။ တစ်ခါတစ်လေတော့လည်း ဒဏ်ရာတွေပေးတယ်။ တစ်ခါတစ်လေ ဒီစကားလေးတွေက ချစ်ခြင်းတရားနဲ့ တည်တံ့နေတယ်။ တစ်ခါတစ်လေတော့လည်း ဒဏ်ရာတွေကိုပဲ ပေးနေတော့တာပဲ မောင်ရေ။

နှိုင်းယှဉ်နေစရာလည်းမရှိဘူး၊ စိတ်ပူပန်တာ၊ ဂရုစိုက်စရာလည်းမရှိဘူး။ အမှတ်တရရှိနေတာတွေက ဝမ်းနည်းခြင်းတွေနဲ့ အမှားအယွင်းတွေကို ဖန်ဆင်းနေတာ။ ဘယ်သူတွေက ဒီခါးသက်ချိုမြမှုလေးရဲ့ အရသာကို သိနိုင်ကြမှာလဲမောင်။

ထားလိုက်တော့။ ကျမ(ကိုသိပ်ချစ်မယ့်)မောင့်လိုလူတစ်ယောက် ရှာလိုက်မယ်။
မောင့်အတွက်လည်း အကောင်းဆုံးတွေဖြစ်ပါစေလို့ ဆန္ဒပြုတယ်။ မောင်တောင်းပန်တယ်၊ မောင့်ကို(မောင့်အချစ်) မေ့မသွား/မေ့မထားပါနဲ့ လို့ မောင်ပြောခဲ့တာလေးကို  ကျမ သတိရတယ်။ တစ်ခါတစ်လေ ဒီစကားလေးတွေက ချစ်ခြင်းတရားနဲ့ တည်တံ့နေတယ်။ တစ်ခါတစ်လေတော့လည်း ဒဏ်ရာတွေပေးတယ်။ တစ်ခါတစ်လေ ဒီစကားလေးတွေက ချစ်ခြင်းတရားနဲ့ တည်တံ့နေတယ်။ တစ်ခါတစ်လေတော့လည်း ဒဏ်ရာတွေကိုပဲ ပေးနေတော့တာပဲ မောင်ရေ။

မောင့်အချစ်
အဒဲလ်(Adele) 
Someone Like You.

Hehe.
Regards,
Zephyr

Enjoy Weekends!!!



Peace B with U.

သတင်း ကြေငြာချက်။


စင်ကာပူနိုင်ငံမှာ ပြီးခဲ့တဲ့တစ်ပတ်က အမျိုးသားတစ်ဦးက စင်ကာပူနိုင်ငံသား ပေါ်လီကျောင်းသူတစ်ဦးကို ဗလက္ကာရ (ဆွဲလားရမ်းလား) ပြုလုပ်မှုဖြစ်ပွားခဲ့ပါတယ်။ ညကိုးနာရီဝန်းကျင်မှာလို့သိရပါတယ်။ ပေါ်လီကျောင်းသူက သူ့အိမ်ကို ပြန်လာတဲ့ လမ်းမှာ လူပြတ်တုန်း အဲဒီ အဲဒီ အမျိုးသားက အတင်းဖက်တယ်လို့သိရပါတယ်။ ရုန်းကန်အော်ဟစ်ပေမယ့် မလွှတ်ဘူး။ နောက်ဆုံး အတင်းရုန်းရင် နှစ်ယောက်စလုံး လဲကျသွားပြီး အထိနာသွားမှ အဲဒီအမျိုးသားက ထပြေးဖို့ လုပ်ပါတယ်။ နောက်တစ်ရက်မှာတော့ ရဲကို အမှုဖွင့်ထားတယ်လို့သိရပါတယ်။ ချက်ချင်းအမှုဖွင့်နိုင်ရင် ပိုပြီး ဖမ်းရလွယ်တယ်လို့ ရဲအဖွဲ့က ပြောဆိုတယ်လို့သိရပါတယ်။ အဲဒီကျောင်းသူကတော့ လတ်တလောမှာ အလွန်ကြောက်ရွံ့နေတဲ့အတွက် ချန်ဂီဆေးရုံမှာ စိတ်အထူးကုဆရာဝန်တွေနဲ့ ဆွေးနွေးနေရပြီး၊ လောလောဆယ်ကာလအတွင်း အဖော်မပါဘဲ မသွားဖို့ ညွှန်ကြားခံထားရတယ်လို့သိရပါတယ်။ အရင်က စင်ကာပူမှာ ဒါမျိုး ဖြစ်တယ်ဆိုတာ မရှိသလောက်ပါပဲ။ စိတ်ချရတယ်ဆိုပြီး သတိမမူမိကြမှာစိုးလို့ အားလုံးကို သတိပေးလိုက်ပါတယ်။ ညဘက် သွားစရာလာစရာရှိရင် လူပြတ်တဲ့ ဘက်က မသွားကြဖို့နဲ့ သတိဝီရိယရှိကြဖို့ ပြောချင်ပါတယ်။ အချင်းချင်း နှမသားချင်း စာနာပြီး စောင့်ရှောက်ကြပါလို့ အလေးအနက်တိုက်တွန်းပါတယ်။ 

(Zephyr)



Peace B with U.

Sunday, October 28, 2012

စနေနေ့ တရားနာခြင်းနှင့်စပ်လျဉ်း၍

စနေနေ့ တရားနာခြင်းနှင့်စပ်လျဉ်း၍


အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တ ဒေါက်တာနန္ဒမာလာဘိဝံသ ရဲ့ မြတ်ဗုဒ္ဓ၏ လောကဝိဇယ တရားတော် ပထမပိုင်းကို online ကနေ နာလိုက်ပါတယ်။ လွန်ခဲ့တဲ့ တစ်လ လောက်က ကဗျာဆရာ ကို ငြိဏ်းဝေ တင်ထားတာနဲ့ ဆရာတော်ဟောထားတဲ့ ပဌာန်းတရားတွေကို သဘောကျမိတယ်။ အဲဒါနဲ့ ဆက်နာဖြစ်သွားတဲ့သဘောပါ။ သေချာ ကျကျနန နာလိုက်တာမျိုးတော့မဟုတ်ဘူး။ ထမင်းစားရင်းနဲ့မှ သတိရတာနဲ့ ထမင်းစားရင်း တစ်ခါတည်းနာ၊ ပန်းကန်ဆေးရင်းနာ၊ အအေးသောက်ရင်းနာလိုက်ပါတယ်။ တစ်ခြားဟာတွေ လုပ်နေရင်းနာပေမယ့် စိတ်ကတော့ တရားနာတဲ့ထဲမှာရှိပါတယ်။

ဒုတိယနေ့မှာတော့ Toa payoh ကျောင်း (Balestier, Ah hood ကျောင်းဆိုတာကမှ နည်းနည်းပိုမှန်မယ်ထင်ပါတယ်။) မှာ တရားပွဲဆက်လုပ်မယ်ဆိုတော့ ဒုတိယနေ့ကိုပဲသွားဖို့ရွေးချယ်ခဲ့ပါတယ်။

ဒီနှစ်အတွင်းမှာ ရွှေတောင် Group က ကွန်ဒိုမီနီယံတွေလာရောင်းမယ်ဆိုတာလည်း တစ်ခါရေးခဲ့ဖူးပါတယ်။ အဲဒါ ဒီနေ့နဲ့ မနက်ဖြန်မှာ ပြသမှာဖြစ်ပါတယ်။ Orchard က Hilton ဟိုတယ်မှာ ကွန်ဒို သွားကြည့်ရင်း ဘုန်းကြီးကျောင်း ဆက်သွားခဲ့ပါတယ်။

တရားပွဲနဲ့ပတ်သက်ပြီး နည်းနည်းပြောချင်တယ်။ ဟောတဲ့တရားကိုတော့ မပြောတော့ဘူး။ စိတ်ထဲရှိတာကိုပဲပြောမယ်။ အမြင်မတော်ဘူးထင်တာကို နည်းနည်းတော့ပြောမှဖြစ်မယ်။

တကယ်တော့ တရားပွဲဆိုတာက ရှိသင့်ရှိထိုက်တဲ့အရာပဲ။ ကုသိုလ်ရတာမရတာထက်၊ ကိုယ်သိသင့်တဲ့ ဓမ္မအမွေအနှစ်၊ ဘဝနေနည်းတွေ ယူဖို့၊ လိုက်နာဖို့၊ လေ့လာကြရတာပဲ။ ကိုယ့်ဘဝကို ကိုယ်တည်ဆောက်ဖို့ လိုအပ်တဲ့ နည်းနာ၊ ကိုယ့်စိတ်ကို ကိုယ်သိဖို့ လိုအပ်တဲ့ ပညာကို ရှာရတဲ့သဘောပဲ။

တရားပွဲကို စီစဉ်သူတွေက အပင်ပန်းခံ စီစဉ်ကြရတာပဲ။ မလွယ်ဘူးဆိုတာ သဘောပေါက်တယ်။ တစ်ခါထက်တစ်ခါ အဆင်ပြေအောင်၊ ပြည့်စုံအောင် ကြိုးစားကြတာတွေ့တယ်။ Live လွှင့်ပေးတာတို့ဘာတို့ဆို အင်မတန်ကောင်းမွန်တယ်။ ကုသိုလ်လည်း အများကြီးရမှာအမှန်ပဲ။ သူတို့တွေကို ကျေးဇူးတင်မိတယ်။

တရားလာနာတဲ့သူတွေသိဖို့က တရားပွဲဆိုတာ ဇာတ်ပွဲမဟုတ်ဘူးဆိုတာပါပဲ။ လူပြည့်နေရင် သင့်တော်တဲ့ နေရာက နာဖို့လိုပါတယ်။ ထမီတလွှားလွှားတဲ့ ကျော်ခွဝင်လာနေတဲ့သူတွေကို အင်မတန်မှ မသင့်တော်ဘူးလို့မြင်ပါတယ်။ အမျိုးတွေအတွက် နေရာဦးတာ၊ ကလေးတွေ တိုးလို့တွဲလောင်းနဲ့ လူအုပ်ထဲ အတင်းတိုးဝင်တာ၊ ဒါတွေဟာ အင်မတန် အကြည့်ရဆိုးတာပဲ။ ဒါဟာ တရားရဲ့ အနှစ်သာရကို နားမလည်တာပဲ။ အခြေခံ အသိပညာ သိပ်နည်းတဲ့ သဘောရှိတယ်။ ဒုတိယထပ်ကို သွားပေးကြပါဆိုလည်း တတိယထပ်မှာ တိုးတယ်။ နင်းတယ်။ ကျော်ခွတယ်။ စင်ကာပူမှာ နေတဲ့သူတွေထက် တောက အရပ်ဇာတ်ပွဲလာကြည့်တဲ့သူတွေနဲ့ပဲပိုတူတယ်လို့ထင်မိတယ်။ အမျိုးသမီး လေးငါးယောက် ထမီတလွှားလွှားတွေ ခေါင်းမှာအုပ်မှာစိုးတာနဲ့ပဲ ထိုင်နေရာက ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ထပြီး ဒုတိယထပ်မှာပဲ တရားနာဖို့ ဆင်းပေးခဲ့ပါတယ်။

ဒီနေရာမှာ မြတ်စွာဘုရား မတ်တပ်ရပ်ပြီး တရားအကြာကြီးနာခဲ့တဲ့ဖြစ်ရပ်လေးကို သတိရတယ်။ ဟောတဲ့ တပည့်ရဟန်းက အဟောကောင်း အပြောကောင်း၊ မြတ်စွာဘုရား ဒီအတိုင်းဝင်သွားရင် တရားနာနေ၊ ဟောနေသူတွေ မြတ်စွာဘုရားကို ခရီးဦးကြိုပြုနေရတာနဲ့ တရားနှလုံးသွင်းတာပျက်မှာစိုးလို့ တရားခန်းမရဲ့ အပြင်ဘက်လေးမှာပဲ ရပ်ပြီး တရားနာခဲ့တယ်ဆိုတာလေးပါ။ အင်မတန်ကြည်ညိုစရာကောင်းပါတယ်။ ဘုရားဖြစ်ပြီဆိုရင် ကိုးကွယ်စရာ လူပုဂ္ဂိုလ်မရှိတော့ပါဘူး။ ဓမ္မကိုပဲ ကိုးကွယ်ရာပြုပြီး နေကြတာပါပဲ။ သူဟောထားတဲ့ ဓမ္မကိုတောင် လေးလေးစားစား နာပါတယ်။ ချမ်းအေးတဲ့ ရာသီမျိုးမှာတောင် ပြင်ပရာသီဥတုဒဏ်ကို သည်းခံပြီး တရားနာပါတယ်။ ဒါဟာ အတုယူစရာသိပ်ကောင်းတဲ့ ဥပမာပါ။ ဘုရားသော်မှ တရားနာယူသူတွေကို ကရုဓမ္မစိုက်တယ်။ တရားနာပျက်မှာစိုးရိမ်ကြောင့်ကြရှိတယ်ဆိုတာကို မမေ့အပ်ပါဘူး။

personality သိပ်နိမ့်တဲ့သူတွေတွေ့ရင် အဆင်မပြေဘူး။ တရားလာနာတယ်ဆိုတာ တိတ်တိတ်ဆိတ်ဆိတ်လေး တရားကို နှလုံးသွင်းတာကောင်းတယ်။ စကားများနေတဲ့သူတွေကြောင့် တရားနာရတာ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ဒုတိယထပ် စပီကာကနေ နာနေရတာဖြစ်လို့ အသံက နည်းနည်းလေးတိုးပါတယ်။ အနောက်မှာထိုင်တဲ့ ကြီးတော်နဲ့ ဘေးနားက လူတစ်ချို့ စကားသံတွေကြောင့် ကြားတစ်ချက် မကြားတစ်ချက် နည်းနည်းဖြစ်ရတယ်။ အဲဒါတွေက ဓမ္မန္ဓရာယ်ဖြစ်နိုင်တဲ့ အကုသိုလ်ပဲ။ ဘယ်ဘာသာမှာမှ တရားဟောနေတုန်း ဖုန်းဖွင့်ထားခွင့်မရှိပါဘူး။ တရားကိစ္စမပြောနဲ့၊ အရေးကြီးတဲ့ အစည်းအဝေးမှာဆိုရင်လည်း ဖုန်းပိတ်ထားရပါတယ်။ ကိုယ့် ဖုန်းသံကြောင့် အနှောက်အယှက် ဖြစ်တာမျိုးကို ရှောင်ကြဉ်ရပါတယ်။ ဒါပေမယ့် တရားပွဲတော်တော်များများမှာတော့ ဖုန်းသံတလွင်လွင်ပါပဲ။ ဒါဟာ အင်မတန်မှ အသိနုံ့နဲ့တဲ့သူတွေရဲ့ တရားတော်ကို မလေးစားတဲ့အပြုအမူတစ်ရပ်လို့ထင်ပါတယ်။ ဘေးလူတွေကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။ ပုံမှန်အားဖြင့်တော့ ဒီလောက် အသေးအဖွဲလေးတွေကို မိဘက သင်ပေးထားပြီးသား ဖြစ်နေဖို့ကောင်းတယ်။ ဒါတွေကို နားမလည်တဲ့သူတွေ သိပ်များသေးတာတွေ့တော့ အစီအစဉ်ကြေငြာသူတွေကိုပဲ ဒါလေးတွေပါ ထည့်ပြောစေချင်တယ်။

ဘုရားစေတီမှာ အလ္လာပ္ပသလ္လာပ္ပလာပြောနေတာ၊ ဘုရား၊တရားနဲ့ မဆိုင်တာတွေပြောနေတာကိုက မကောင်းပါဘူး။ သင့်လည်းမသင့်တော်ပါဘူး။ ကိုယ့်သတိလေး၊ အသိလေးနဲ့ ထိန်းသိမ်းကြဖို့ကောင်းပါတယ်။ နာခဲရတဲ့တရားကို လေးလေးစားစား လာနာကြတာဆိုတာလေးကို မမေ့ကြဖို့လိုပါတယ်။ တရားနာဖို့လာရင်း အကုသိုလ်မျိုးစေ့တွေ မစိုက်ပျိုးမိဖို့လိုပါတယ်။ ရိုရိုသေသေတရားနာ၊ စည်းကမ်းရှိရှိတရားနာ၊ ကိုယ်ချင်းစာနာပြီး တရားနာကြရင် မကောင်းဘူးလား။

တရားပွဲစပြီဆိုရင် ဆူညံသံမရှိဖို့လိုပါတယ်။ တရားဟောသူ၊ နာယူသူတွေဟာ တရားကို နှလုံးသွင်းပြီး လေးလေးစားစား သေသေချာချာနာယူနိုင်ဖို့လိုပါတယ်။ လေးနက်တဲ့ သဘောတရားတွေလည်းပါနိုင်တယ်။ ကိုယ့်ဘဝအတွက် လိုအပ်တာလေးတွေ၊ အသိအမြင်ရှင်းဖို့လိုတာလေးတွေ ကြားလိုက်နိုင်ဖို့ နားစိုက်ပြီး နာရပါတယ်။ သိပြီးသားကိစ္စတွေကိုလည်း နာဖူးထပ်မံ ဆိုသလို ပြန်နွှေးပြီးသားဖြစ်အောင် ဆက်စပ်မိအောင် နာယူရပါတယ်။ ကိုယ့်အသိနဲ့ ကိုက်ညီပြီး ကိုယ်လက်ခံနိုင်တာကို တစ်ခါတည်း မှတ်သားရပါတယ်။ စိတ်ထားမှားနေတာတွေ ပြင်ဖို့လိုရင်လည်း တစ်ခါတည်း ပြင်နိုင်ရင်ပြင်သွားမယ်ဆိုတဲ့ အသင့်ဖြစ်မှု၊ နိုးကြားမှုတွေနဲ့ နာယူရပါတယ်။ အသိဥာဏ်ထက်တုန်း ဥာဏ်နဲ့ယှဉ်တဲ့ နာယူမှုမျိုးဖြစ်အောင်လည်း ဖြတ်လတ်စူးရှအောင် သတိထားပြီး နာယူကြရပါတယ်။ ဒီဘဝမှာ မနာယူလိုက်နိုင်ရင် နောက်တစ်ခါ နာယူဖို့ နောင်သံသရာဘယ်နှစ်ခုကြာသွားမယ် မသိတဲ့အတွက် သံဝေဂနဲ့ ယှဉ်ပြီး နာယူရပါတယ်။ မြတ်စွာဘုရားရှင်ရဲ့ တရားတော်ကို နာယူခွင့်ရသူတွေဟာ အင်မတန် ဘုန်းကြီးသူများဖြစ်ပါပေတယ်ဆိုတဲ့ မိထွေးတော် ဂေါတမီ ပြောခဲ့တဲ့စကား အတိုင်း၊ ဘုန်းကြီးပြီး ကံကောင်းတုန်း နာရတဲ့တရားကို လေးစားကြဖို့လိုပါတယ်။

တရားပွဲမှ ပြန်တွေ့ရတဲ့ မိတ်ဆွေတွေ၊ သူငယ်ချင်းတွေရှိရင်လည်း တရားပွဲပြီးမှ သင့်တော်တဲ့နေရာမှာ အေးအေးဆေးဆေး စကားပြောစေချင်တယ်။ စင်ကာပူမှာ ဆရာတော်တွေ တစ်နှစ်တခါကြွဖို့ တော်တော်ကြိုးစားရတယ်။ လာဟောတဲ့ဆရာတော်ကြီးတွေရဲ့ သက်တော်ဝါတော်တွေကိုကြည့်ရင် ဒါကို ပိုနားလည်နိုင်တယ်။ စေတနာ၊ မေတ္တာ၊ ကရုဏာနဲ့ အပင်ပန်းခံပြီး လာဟောတာ၊ အချိန်အားနေလို့၊ လမ်းကြုံလို့ လာဟောတာ မဟုတ်ပါဘူး။ ဒါတွေကို နားလည်ရင် ဟောတဲ့ တရားကိုလည်း ဒီထက် နည်းနည်းလေးပိုပြီး တန်ဖိုးထားတတ်နိုင်မယ်လို့ ထင်ပါတယ်။

လုပ်သင့်တာမလုပ်တာဟာလည်း အပြစ်၊ မလုပ်သင့်တာ လုပ်တာလည်း အပြစ်ပဲလို့ တရားမှာ ပါတယ်။ ရလာတဲ့ စီးပွားကို ကိုယ်ချမ်းသာအောင်နေ၊ မိဘတွေကို ချမ်းသာအောင်ထား၊ မိသားစုကို ချမ်းသာအောင်ထား၊ မိတ်ဆွေတွေကို မျှဝေခံစား၊ ကုသိုလ်ကောင်းမှုလုပ်၊ အဲဒါ ငါးခုအတွက် သုံးစွဲတာ၊ ကုန်စေတာဟာ အကျိုးရှိတယ်လို့လည်းဆိုတယ်။ လုပ်သင့်တာ မလုပ်သင့်တာနဲ့ပတ်သက်ပြီး မနေ့က ပထမပိုင်းက ဟောတာလေးတွေ ဆက်ဟောတယ်။

ဆရာတော်ရဲ့ ထူးခြားချက်ကတော့ ခက်ခဲတာတွေကို ရှင်းအောင်ဟောနိုင်တဲ့သဘောရှိတယ်။ သူပေးတဲ့ ဥပမာတွေဟာ ရိုးတယ်၊ ရှင်းလင်းတယ်။ ပညာနဲ့ယှဉ်တဲ့ တရားကို ခေတ်ဥပမာနဲ့ ရှေးဥပမာ တိုက်ဆိုင်ပြီး နမူနာပေးပြီးဟောတယ်။ အဝိဇ္ဖာနဲ့ တဏှာ တစ်လှည့်စီဦးဆောင်တဲ့အကြောင်းကို ရှင်းပြတာမျိုးဆိုရင် အင်မတန်မှရှင်းတယ်။ ဒါတွေကို အင်မတန် သဘောကျမိတယ်။

ရေးချင်တာက တရားလာနာတဲ့သူတွေ အချိုးမကျတာကို ပြောဖို့ အဓိကဆိုတော့ ကျန်တာတွေကို သိပ်မပြောတော့ဘူးစိတ်ကူးတယ်။ ဗစ်ဒယိုရိုက်တဲ့သူတွေကိုတော့ Live ရိုက်တဲ့ အခါမှာ တရားပွဲကို ရိုးရိုးလေးပဲရိုက်စေချင်တယ်။ တရားပွဲပြီးလို့ လူတွေကို ရိုက်မနေစေချင်ဘူး။ ပထမနေ့မှာ တရားပွဲပြီးတော့ ထမီပြင်ဝတ်တဲ့သူ၊ ပုဆိုးပြင်ဝတ်တဲ့သူတွေပါ ပါလာတာတွေ့တယ်။ ဒါတွေကိုတော့ နည်းနည်း သတိထားမိစေချင်တယ်။ အပြစ်တင်တာတော့မဟုတ်ပါဘူး။ အကြံပေးတဲ့သဘောပါပဲ။ အပြုသဘောဆောင်သော အကြံဥာဏ်ဆိုပါတော့။

ဗန်းမော်ဆရာတော်ရဲ့တရားပွဲမှာရော အခုတရားပွဲမှာပါ တရားခွေလေးတွေ ဓမ္မဒါနပြုတာ တွေ့တယ်။ အဲဒါသိပ်ကောင်းတာပဲ။ လင်မယားနှစ်ယောက်ကို နှစ်ခွေတောင်ပေးလိုက်တယ်။ တစ်ခွေကို အသိမိတ်ဆွေတစ်ယောက်ကို ပြန်ပြီး ဒါနပြုလိုက်တယ်။ သောက်ရေနဲ့ ငှက်ပျောသီးလည်းဝေတယ်။ အဲဒါကိုတော့ရလိုက်တယ်။ ကော်ပြန့်လည်းကျွေးတယ်လို့ပြောတယ်။ မြင်တော့ မမြင်လိုက်ရဘူး။ ပြန်ဆင်းလာတာ နောက်ကျလို့ဖြစ်မယ်။ မကောင်းတာကတော့ ဖိနပ်တွေကို နင်းသွားတာတွေ့တယ်။ ဖိနပ်တွေကို စီစီရီရီချွတ်ပြီး စည်းကမ်းရှိရှိဆင်းရင် ဒီလို နင်းမိကြမယ်မထင်ဘူး။ မြန်မာလူမျိုးဟာ အင်မတန် စည်းကမ်းနည်းတဲ့သဘောရှိတယ်။ ဒါတွေကို ပြင်နိုင်မှဖြစ်မယ်။ စည်းကမ်းမရှိတဲ့ လူမျိုးဟာ တိုးတက်စရာလည်းမရှိဘူး။ ချီးကျူးစရာလည်းမရှိဘူး။ အထင်ကြီးလေးစားစရာလည်း မဖြစ်ဘူး။ ဘုရားကျောင်းကန်လာတာတောင် စည်းမဲ့ကမ်းမဲ့ဖြစ်တာတွေ့တယ်။ အသက်အရွယ်ငယ်တဲ့သူတွေမဟုတ်ဘူး။ ဒီအရွယ်အထိ ဒီလောက် အသိအားနည်းတာ သိပ်မကောင်းဘူးလို့မြင်တယ်။ ဘုန်းကြီးကျောင်းက ပြန်တာကို မီးလန့်လို့ထပြေးသလို ဆင်းစရာကို မလိုဘူး။ ဖြည်းဖြည်းချင်း စည်းကမ်းရှိရှိ သွားလာတတ်ဖို့လောက်တော့ သတိထားကြဖို့ကောင်းတယ်။ ဘုန်းကြီးကျောင်းမှာ မြန်မာတွေပဲရှိတာမဟုတ်ဘူး။ ကိုယ်ရောက်နေတဲ့ နိုင်ငံမှာ ကိုယ့်လူမျိုးကို အထင်သေးခံရအောင် ဘယ်တော့မှ မလုပ်သင့်ဘူး။

ဒါတွေကို ပေါ့ပေါ့တန်တန် အပြစ်တင်ချင်လို့ ပြောတယ်လို့ မမှတ်စေချင်ဘူး။ စည်းကမ်းမရှိတဲ့သူတွေ ဒီလောက် များနေတာ မကောင်းဘူး။ တရားပွဲလာတာတောင် ဒီလောက် ဆိုးရွားတယ်ဆိုရင် ကျန်တဲ့နေရာတွေမှာ ဘယ်လောက်စည်းပျက်ကမ်းပျက်ဖြစ်နေမလဲ ယှဉ်ပြီးစဉ်းစားကြည့်နိုင်တယ်။ ကိုယ့် အသိဥာဏ် အဆင့်အတန်းနဲ့ ညီမျှတဲ့ အပြုအမူ၊ အပြောအဆို၊ အနေအထိုင်ကို ပြုမူပြောဆို နေထိုင်ဖို့လိုပါတယ်။ ဒီလို အသေးအဖွဲလေးတွေကို ဂရုစိုက်တတ်တဲ့ သူတွေ များများရှိလာစေချင်ပါတယ်။ သင်လို့ပြုလို့မရတော့တဲ့သူတွေကိုတော့ ဘာမှ မပြောလိုပေမယ့် လူငယ်လေးတွေ၊ ညီငယ်၊ ညီမငယ်တွေကိုတော့ ပြောချင်တယ်။ နေပုံထိုင်ပုံ၊ ပြောဆိုပြုမူနေထိုင်ပုံ အင်မတန် အဆင့်အတန်းရှိတဲ့ မျိုးဆက်ဖြစ်အောင် နေထိုင်ကြပါ။ ရှေ့က ထုံထိုင်းအန အသုံးမကျတဲ့ မျိုးဆက်ဟောင်း အမှိုက်တွေလုပ်နေ၊လုပ်သွားတာတွေကို အတုမယူကြစေချင်ဘူး။ တစ်ယောက်စီကောင်းရင် အဖွဲ့အစည်းကောင်းတာပါပဲ။ ဒါလေးတွေကို သိတဲ့ မျိုးဆက်သစ်တွေ ဖြစ်လာဖို့လိုတယ်။ စည်းမဲ့ကမ်းမဲ့လူမျိုး မဖြစ်အောင် တစ်ယောက်စီက သတိထားဖို့လိုပါသေးတယ်။ မြန်မာတွေ စည်းကမ်းရှိဖို့ကို အဝေးကြီးလိုပါသေးတယ်ဆိုတာကို သတိထားမိအောင် ဒီ post ကိုရေးပါတယ်။ နိုင်ငံရေးမှာ စည်းကမ်းမရှိတဲ့သူတွေနဲ့ တည်ဆောက်ရင် စည်းကမ်းမရှိတဲ့ ဒမော့ခ်ကရေစီပဲရပါမယ်။ ဘာသာရေးမှာလည်း စည်းကမ်းမရှိတဲ့သူတွေ တရားနာလာရင် စည်းကမ်းမဲ့တဲ့ တရားပွဲဖြစ်လာပါမယ်။ စည်းကမ်းမဲ့တဲ့သူတွေ၊ personality မှာ အောင်မှတ်မရသူတွေဟာ အမှိုက်လိုလူတွေ၊ ပတ်ဝန်းကျင်ကို ဒုက္ခ ပေးတဲ့သူတွေပဲလို့ တွေးနေမိပါသေးတယ်။

နောက်နောင် စည်းကမ်းမရှိသူတွေရှိတဲ့ နေရာတွေကို သတိထားရှောင်ကြဉ်သွားဖို့ ကိုယ့်ကိုယ်ကို ဆုံးမရပါဦးမယ်။                 ။

Z



Peace B with U.