Saturday Thought
အားလုံးမသိနိုင်ပါဘူး။
အားလုံးသိနိုင်တဲ့
ကိုယ့်အကြောင်းကရော
အားလုံးကောင်းပြီလား!
အထက်ပါစာသားလေးကတော့ အရှင်ဆေကိန္ဒ စင်ကာပူကြွလာတုန်းက ဝေငှသွားတဲ့ ဓမ္မစာအုပ်လေးထဲက ကောက်နှုတ်ချက်လေးတစ်ခုပါပဲ။ အပေါ်ယံစကားတွေ၊ အပေါ်ယံခင်မင်မှုတွေ၊ အပေါ်ယံကိစ္စတွေ သိပ်များလာတဲ့ခေတ်မှာ တစ်ယောက်တည်းနေလို့ အဆင်ပြေတဲ့စိတ်လက်ကျန် ဘယ်လောက်ရှိသေးလဲဆိုတာ သတိထားကြည့်မိပါတယ်။
လူများများနဲ့နေတာကို အကျင့်ပါသွားရင် တစ်ယောက်တည်းမနေတတ်တဲ့သူမျိုး ဖြစ်လာနိုင်ပါတယ်။ လူတွေ ဘာလို့ Virtual Community တွေမှာ အချိန်များများအသုံးပြုသလဲဆိုတာကို တွေးကြည့်ရင် အထီးကျန်တဲ့စိတ်ရှိလို့ဆိုတာပဲအဖြေထွက်ပါတယ်။ နားလည်မှုတစ်ခုခုကို လိုအပ်တဲ့၊ စကားပြောဖော်လိုအပ်တဲ့၊ အနီးအနားမှာ ကိုယ့်ကို နားလည်မယ့်သူမရှိတဲ့သူတွေဟာ ပြင်ပက နားလည်ပေးနိုင်မယ်လို့ထင်တဲ့သူ ပိုလိုအပ်လာပါတယ်။ စိတ်မွန်းကြပ်မှုတွေကို ကိုယ့်ဘာသာကိုယ် မဖြေလျော့နိုင်တဲ့အခါ၊ မိတ်ဆွေတွေနဲ့ စကားလေးဘာလေးပြောလိုက်လို့ စိတ်ခဏသက်သာသွားတာကို တကယ်သက်သာသွားပြီလို့ထင်ကြပါတယ်။
ဘယ်အရာမဆို စွဲလန်းမှုကြောင့်ဖြစ်တဲ့ ပင်ပန်းမှုကို သတိထားကြည့်ရင် သိနိုင်ပါတယ်။ စွဲလန်းနေတဲ့အရာ ရှိနေရင် မသိသာပေမယ့်၊ စွဲလန်းနေတဲ့အရာ မရနိုင်တဲ့အခါမှာ အဲဒီဆင်းရဲဟာ ဆတိုးကြီးမားလာတတ်ပါတယ်။ အစွဲအလန်းကင်းဖို့ကြိုးစားကြတာ၊ တစ်ယောက်တည်း အဆင်ပြေနေတဲ့စိတ်ရှိဖို့ကြိုးစားကြတာဟာ၊ တကယ်တော့ ဘ၀မှာသိပ်ကို အရေးကြီးတဲ့အလုပ်တစ်ခုပါပဲ။
နေ့တိုင်း အနားမရနိုင်တဲ့စိတ်ကို အနားပေးဖို့၊ အေးချမ်းမွန်မြတ်တဲ့အလုပ်တွေအတွက် အချိန်ပေးဖို့၊ အမြန်သွားနေတဲ့စိတ်ကို ခဏလေးနှေးနှေးသွားခိုင်းဖို့၊ ဖြစ်နိုင်ရင် အတွေးတွေရပ်ထားပြီး နေတတ်ဖို့၊ အတွေးတိုင်းကို တွေးဖို့မလိုဘူးသိနေဖို့၊ အချိန်လေးနည်းနည်းတော့ရှိမှဖြစ်မယ်။ မဟုတ်ရင်တော့ ကိုယ့်စိတ်ကို ကျွန်ထိန်းလို မောင်းနှင်နေတဲ့ အတွေးတွေကြောင့်ပဲစိတ်ပင်ပန်းမယ်။
ပထမဆုံးတာဝန်ယူသင့်တာက ကိုယ့်အတွေးကို ကိုယ့်အတွေးလို့ တာဝန်ယူဖို့ပါပဲ။ ကိုယ်တွေးတဲ့အတွေးဟာ အမှားတွေ။အမှန်တွေ၊အဖြစ်မှန်တွေ၊အဖြစ်မှားတွေ မပါသေးရင်တောင် အဲဒါဟာ အတွေးပါပဲ။ အတွေးဟာ မှန်ချင်လည်းမှန်မယ်၊မှားချင်လည်းမှားမယ်၊ အတွေးမျှသာပါပဲ။ အတွေးကို စိတ်ချယုံကြည်ခွင့်လည်းရှိတယ်၊ အတွေးမျှသာလို့ထားခွင့်လည်းရှိတယ်။ ဆက်တွေးချင်လည်းရတယ်။
ငယ်တုန်းကဖတ်ဖူးတယ်။ အရှင်ဇနကာဘိဝံသ ပြောတာထင်တယ်။ ကိုယ့်စိတ်ကိုမှ ချမ်းသာအောင် မထားတတ်သေးရင် ဘာပညာမှမတတ်သေးဘူးမှတ်ပါတဲ့။ သူပြောတဲ့ ပညာတတ်တိုင်းတာတဲ့ပေတံနဲ့တိုင်းရင် ကျွန်တော်တို့အားလုံးဟာ ပညာမဲ့တွေဖြစ်နေနိုင်တယ်။ စိတ်ချမ်းသာဖို့ကို ဘယ်သူမှ အဖက်လုပ်ပြီး အချိန်ပေးလေ့လာလေ့မရှိဘူး။ စိတ်မချမ်းသာတဲ့အခါကြတော့မှ စိတ်ကလည်း ချမ်းကို မချမ်းသာနိုင်ဘူးလို့ထင်ကြတယ်။ တစ်ခုခုသုံးဖို့ဆိုပြီး ပိုက်ဆံစုထားကြသလို၊ စိတ်ဆင်းရဲတဲ့အခါသုံးဖို့၊ စိတ်ချမ်းသာစရာလေးတွေစုထားရင်မကောင်းဘူးလား။
စိတ်မချမ်းသာတဲ့အခါဖတ်ဖို့ တရားစာအုပ်လေးတစ်အုပ်၊ သီချင်းလေးတစ်ပုဒ်၊နှစ်ပုဒ်၊ ကဗျာလေးနှစ်ပုဒ်၊သုံးပုဒ်လောက်စုထားရင်မကောင်းဘူးလား။ စိတ်ချမ်းသာအောင်နေဖို့ကစပြီးပဲ ဘ၀ကို စီမံကိန်းချသင့်တယ်။ ကိုယ့်ရဲ့ပျော်ရွှင်မှုဟာ သူများကို မထိခိုက်တဲ့ပျော်ရွှင်မှု၊ အကုသိုလ်မဖြစ်တဲ့ပျော်ရွှင်မှုဖြစ်အောင် သတိထားပြီးပျော်သင့်တယ်။ စိတ်ချမ်းသာစရာအလုပ်တွေကို မပျော်ရွှင်ရတဲ့အလုပ်တွေကြားမှာ ကြားထိုးလုပ်သင့်တယ်။ အချိန်တန်ရင် စိတ်မချမ်းမသာဖြစ်ရရင် ခံရမှာက ကိုယ့်စိတ်ပဲ။ ကိုယ့်ကိုယ်ကို ဒုက္ခမပေးတာ၊ ကိုယ့်စိတ်ကို ကိုယ်ဒုက္ခမပေးတာဟာ အင်မတန်လိုလားအပ်တဲ့ စိတ်ထားပါပဲ။
စိတ်မချမ်းသာတာကိုတော့ ဘာမှမလုပ်ချင်ဘူး။ လုပ်ဖို့လည်းစိတ်ကူးမရှိဘူး။ စိတ်ချမ်းသာမှုကိုအပျက်ခံပြီး ဘာမှမလုပ်ဘူးလို့ စိတ်ကူးထားပါတယ်။ ဘ၀က တိုတိုလေး၊ သူ့ဘာသာသူအချိန်ကနည်းပြီးသား၊ စိတ်ဆင်းရဲဖို့အချိန်မရှိပါဘူး။ စိတ်ချမ်းသာလက်ချမ်းသာလေးနဲ့ပဲ သေမယ့်ခရီးကို ဆက်သွားကြပါစို့လား ငါ့ရှင်တို့။ ။
ခင်မင်စွာဖြင့်၊
The Gardener in Sage Mode
Notes:
Via Dolorosa (Sandi Patty) ရဲ့သီချင်းကို နားထောင်ရင်း စနေနေ့လည်းခင်းကို စိတ်လက်ချမ်းသာစွာဖြတ်သန်းနေပါသည်။ ချစ်ခင်သူများရော၊ မချစ်ခင်သူများပါ စိတ်ချမ်းသာလက်ချမ်းသာရှိပါစေသော်ဝ်။
Peace B with U.