Friday, December 23, 2011

သောကြာနေ့ဖြစ်သည် ငါ့ရှင်တို့။

သောကြာနေ့ဖြစ်သည် ငါ့ရှင်တို့။

မဟာသီဝမထေရ်ကြီး တစ်ဝါကျွတ်သွားတိုင်း တရားမရသေးပါလား ထိုင်ထိုင်ငိုရရှာတာနဲ့ဆန့်ကျင်ဘက် သောကြာနေ့ရောက်တိုင်း အကျွတ်တရားရတော့မလို ပျော်နေပြုံးနေကြတဲ့ ငါ့ရှင်တို့၊

သောကြာနေ့ဆိုတာ စနေနေ့ အနားရတဲ့လူတွေအတွက်ပျော်စရာပေပဲ။

သမ္မတကြီးရော အကြံပေးကြီးများတို့ရဲ့ ဖောဖောသီသီ သဒ္ဓါတရားကို သာဓုခေါ်ဖို့အတော်ကြီးကို အဆင်သင့်ဖြစ်နေတုန်း ရှင်းရှင်းလင်းလင်းသိချင်တာလေးတွေလည်း ပေါ်ပေါ်လာတယ်။

ဟိုတလောကပဲ ပိုက်ပိုက်မချိတော့လို့ မီတာခ တစ်ယူနစ် ၃၅ ကျပ် (ပထမ ၅၀ကျပ် နောက်ပြန်လျှော့တာ ၃၅ ကျပ်) ကောက်မယ်လို့ ထုတ်ပြန်ကြော်ငြာပြီးသကာလမှာ ဘာအကြောင်းမှ မရှိဘဲ ပိုက်ပိုက်ပြန်ချိသွားပြီး နိုင်ငံခြားပိုက်ဆံနဲ့ရတဲ့အခွန်တောင် တို့ကတော့ တို့ကတော့ မယူရေးချ မယူာ တော့ဘူးဖြစ်ပြန်ပါတယ်။

အဲဒီတော့ ဒါဖြစ်သင့်တာပေါ့လို့ တစ်ချို့လည်းပြောတယ်။ ပြည်တွင်းကလူတွေကြတော့ မြန်မာငွေနဲ့ရလို့ အခွန်ဆက်ဆောင်ရမယ့်သဘောရှိပါတယ်။ ဒါဟာ ပိုက်ဆံချင်း အဆင့်အတန်းခွဲခြားရာရောက်တယ်လို့ထင်တာပါပဲ။

အပြောင်းအလဲဆိုတာ အခုစာကလေးကြော် အခု လင်းတကင် မဖြစ်သင့်ဘူး။ ရေတိုစီမံကိန်းဖြစ်ဖြစ်၊ ရေရှည်စီမံကိန်းဖြစ်ဖြစ် စီမံကိန်းကို ရှင်းပြသင့်တယ်။ ကျွန်တော်ကတော့ တိုက်စစ်မှုးတွေ နောက်တန်းသမားကို ကျော်ဖြတ်ပြေးပြီး ဂိုးသမားပါ လိမ်ခေါက်ပြီးကာမှ မိုးပေါ်ထောင်ကန်လိုက်ရင် ဆဲမိတာပဲ။ ဟုတ်မလို၊ဟုတ်မလိုနဲ့ ပိရမစ်ဆောက်သလို အဖျားရှူးရှူးသွားမှာကို တိုင်းပြည်သားကောင်းကြီးပီပီ မလိုလားပါဘူး။ အခု အခွန်မဆောင်ရတော့ဘူးဆိုတော့လည်း ထူးပြီးမပျော်ပါဘူး။ နောက်ဘာလုပ်ဦးမလဲသိပြီးမှ ပျော်သင့်ရင်ပျော်ပါမယ်။ မဟုတ်ရင် ရှေ့နားက နံရံကို ဘောလုံးနဲ့အားနဲ့ကြုံးကန်လိုက်သလို မျက်နှာကိုပြန်မှန်ရင် ကန်ချက်ပြင်းရင် ပြင်းသလောက် ကိုယ်ပဲနာရတာပါပဲ။ သိပ်ပျော်တတ်တဲ့လူတွေဟာ သိပ်ဝမ်းနည်းရတတ်တဲ့သူတွေလည်းဖြစ်တတ်ပါသေးတယ်။ အဲဒါကြောင့် မျက်နှာကို ပြန်ထိနိုင်တဲ့ဘောလုံးကို ဖြည်းဖြည်းကန်သလို ဖြည်းဖြည်းချင်းပျော်ပါတယ်။

သမ္မတကြီးလုပ်ပေါက်ဟာ နှလုံးရောဂါရှိတဲ့သူတွေအတွက် သေနိုင်တယ်လို့တောင်ပြောလာကြပါတယ်။ ဒီနေ့အခွန်မဆောင်ရတော့ဘူး။ မနက်ဖြန် နိုင်ငံသားတစ်ယောက် အိမ်တစ်လုံး။ သန်ဘက်ခါကြတော့ တစ်ယောက်ကို BMW တစ်စီး၊ ဖိန်းနွှဲခါကြတော့ သမ္မတကြီးက သမ္မတ သက်တမ်းပြည့်သွားတော့ သူ့လောက်သဘောမကောင်းတဲ့သူတက်လာပြီး ရှေ့ကလူကြီးနောက်တာကို အတည်မယူပါနဲ့ဆိုရင်သေရချည်ရဲ့ဗျာ။

ဖတ်ဖူးတဲ့ဟာသတစ်ခုကိုပြန်ပြောပြချင်တယ်။ မောင်ကောင်းထိုက်ရဲ့ဟာသအရှည်တစ်ခုပါ။ အတိအကျကြီးမပြောတော့ဘူး။ နည်းနည်းအကျဉ်းချုပ်လိုက်ပါမယ်။ ယေဓမ္မာ ဟေတုပ္ပဘ၀ါ ဆိုတာနဲ့ သောတပန်တည်သွားတဲ့ ပါရမီရင့်သူ ရှင်သာရိပုတ္တရာထုံး နှလုံးမှုပြီး အကျဉ်းကို ကိုယ့်ပါရမီနဲ့ကိုယ် ကျယ်လိုက်ကြပါ။

ရပ်ရှားမှာ မော်တော်ပီကယ်တစ်ယောက် ဖမ်းစရာကားကလည်းမရှိ၊ မိုးကလည်းရွာ၊ ဒီနေ့တော့ဂွင်မတည့်ဘူးလို့ ညစ်နေပါတယ်။ အဲဒီအချိန်မှာ မာစေးဒီးစ် တံခါးခြောက်ပေါက်ကြီးတစ်စင်းရောက်လာပြီး မှန်တံခါးကို ချပြီး လက်တစ်ဖက်ထွက်လာပြီး ပိုက်ဆံ တစ်ရာတန်တစ်ရွက်ထုတ်ပေးလိုက်တယ်။ ရော့ ... မင်းအတွက် မုန့်ဖိုး လို့လည်းပြောလိုက်ပါသေးတယ်။

ဒီလိုနဲ့ရက်ပေါင်းများစွာ မာစေးဒီးစ်ပိုင်ရှင်ကြီးက မော်တော်ပီကယ်ကို တစ်နေ့တစ်ရာတစ်ရာ လာလာပေးပါတယ်။ မော်တော်ပီကယ်ကလည်း ကျေးဇူးတွေ တင်လို့ပါပဲ။

ဒီလိုနဲ့ တစ်ရက်မှာ မာစေးဒီးစ်ကားကြီးပေါ်မလာတော့ပါဘူး။ မော်တော်ပီကယ်လည်း ရင်ဘတ်ထဲမှာ အပူလုံးကြွယူကျုံးမရတွေဖြစ်ရရှာတယ်။ ဂွင်ကောင်းနေပြီဆိုပြီး သုံးနေဖြုန်းနေတာတွေလည်း အခက်ကြုံကုန်တယ်။ မျှော်သာမျှော်တယ် ကားကြီးကတော့ ပြန်ပေါ်မလာတော့ဘူး။ စိတ်ဓာတ်တွေ ဘာတွေတောင်ကျတယ်။ ထိုင်ရမလို၊ ထရမလိုဖြစ်ပြီး ကုန်းကုန်းကွကွကြီးဖြစ်ဖြစ်နေရှာတယ်။ ဒူးနဲ့မျက်ရည်သုတ်ရင်း ဘောင်းဘီတွေဘာတွေ ဂွပြဲကုန်တယ်။

ဒီလိုနဲ့ တစ်လကြာတော့ မော်တော်ပီကယ်ရှေ့မှာ မာစေးဒီးစ်ကားကြီး ထိုးဆိုက်လာတယ်။ အတွင်းက လက်တစ်ဖက်ထွက်ပြီး တစ်ရာတန်တစ်ရွက်ထွက်လာတယ်။ မော်တော်ပီကယ်ခမျာ သေမတတ်ပျော်သွားတယ်။ ဆရာနေများကောင်းရဲ့လားဗျာ။ ဆရာ့ကိုမတွေ့တာကြာလို့ နေများကောင်းရဲ့လားတောင်ပူပန်နေမိတယ်လို့ ရွှန်းရွှန်းဝေအောင်ပြောတယ်။ ကားထဲကလူက ပြောတယ်။ နေကောင်းပါတယ်ဗျာ။ ကျွန်တော့်သားသမီးတွေကို ပြင်သစ်ကို လိုက်ပို့နေလို့ပါ။ သွားလိုက်ဦးမယ်ဗျို့။ ဆိုပြီး ကားမှန်ကို ပြန်ပိတ်ပြီးထွက်ခွာသွားတယ်။

ကားထွက်သွားတော့ မော်တော်ပီကယ်ကတွေးတယ်။
တောက်။ ငါ့ပိုက်ဆံတွေနဲ့ ဒီကောင် ပြင်သစ်သွားလည်နေတာကိုး၊


ဟာသ နာယူကုန်သော တကာ၊ တကာမတို့တတွေလည်း ပုထုစဉ်ပီပီ consistant ဖြစ်တာကို ကြိုက်ကြမှာပဲ။အခု ဟာသထဲကလို expectation မျိုးဟာ တော်တော်လေး အန္တရာယ်ကြီးပါတယ်။ တစ်လ ဒေါ်လာ တစ်ရာ ဆိုတာ တစ်လ စင်ကာပူဒေါ်လာ ၁၂၀ ဆောင်နေရတဲ့ ကျွန်တော်တို့တွေနဲ့သိပ်တော့မကွာပါဘူး။ ကျွန်တော်တို့ကလည်း မော်တော်ပီကယ်လိုပဲ အမြဲ ကင်းလွတ်ခွင့်ရမယ်လို့မျှော်လင့်ပါတယ်။ အမြဲရလိမ့်မယ်လို့ထင်ပါတယ်။ သမ္မတကြီးကို request လုပ်ချင်တာက ကျေးဇူးပြုပြီး ပြင်သစ်ကို သွားမလည်ပါနဲ့ သမ္မတကြီးခင်မျာ။


Regards,
ညနေကြရင် တစ်နှစ်ကို ၁၄၄၀ သက်သာသွားပြီးဆိုတဲ့ အထိမ်းအမှတ်နဲ့ မြန်မာပီပီ ဖြုန်းဖို့ အသင့်ဖြစ်နေတဲ့ နိုင်ငံသားကောင်း နဲ့သမ္မတကြီးကို ခင်တဲ့ မော်တော်ပီကယ်၊
The Gardener

(juz my 2 cents)



Peace B with U.

Monday, December 19, 2011

အို အသင်စင်ကာပူရ တနင်္လာမောနင်းမှာ ကျွန်တော် ကျကွဲသွားပြီ။

အို အသင်စင်ကာပူရ တနင်္လာမောနင်းမှာ ကျွန်တော် ကျကွဲသွားပြီ။


မိုးရွာဖို့ကလည်းလွဲရင် အလုပ်မရှိသလိုမျိုးအထာနဲ့ ကောင်းကင်။
အလုပ်သွားစရာရှိတိုင်း မိုးအေးအေးနဲ့ အိပ်ကောင်းနေတဲ့ မနက်ခင်းတစ်ခုဟာ လွတ်သွားတဲ့ငါး၀၀ကြီးပမာ။

လေအေးတွေနဲ့ မိုးရနံ့ဟာ ဆောင်းရာသီထဲ ချော်လဲကျနေတာ သနားစရာတစ်ဝက်ကောင်းခဲ့တယ်။

အိမ်မက်အသေတွေနဲ့ နောက်ဆံငင်နေတဲ့ နတ်ဆိုးတစ်ကောင်ရဲ့ အစွယ်ချွန်မြ ... ရေစိုလို့ ကြွက်စုတ်ဖြစ်နေတဲ့ ငှက်ကလေးတွေရဲ့ တုန်ရီမှု၊ ဒါတွေဟာ မိုးရေစီးကြောင်းထဲ နားခိုဖို့ မဖြစ်နိုင်သေးတဲ့ မျှော်လင့်ချက်ဆိုတာပဲဖြစ်မယ်။

ဘယ်ဘက်ကပတ်စီးစီး၊ ညာဘက်ကပတ်စီးစီး၊ သံသရာဝိုင်းနေရင် တစ်နေရာမှာတွေ့မယ်။ ခင်ဗျားရဲ့ကားမပျက်စေနဲ့။ ဦးနှောက်ထဲမှာ ၀င်နေတဲ့ အကောင်သုံးကောင်ရှိပြီး သူတို့ဟာ ခင်ပွန်းဖွဲ့မနေကြတာခက်တယ်။

ဓားတုံးကြီးနဲ့ တဒုန်းဒုန်း ခုတ်ချလိုက်သည့်တိုင်အောင် ပြတ်ကျမသွားတဲ့ သံယောဇဉ်ဆိုတာ မနေ့တစ်နေ့က လွတ်ကျခဲ့တဲ့ ငါးကျပ်တန် အသစ်တစ်ရွက်ပမာ။ ကြေကွဲခြင်းတွေဟာ ကြက်ဥခွံထဲဝပ်နေတဲ့ ကွဲရှလွယ်တဲ့ ဖန်ခွက်ပါးပါးလေးပါကွာ။

ဆုံးမစကားတွေရဲ့နောက်ဆုံးမှာ သက်ပြင်းချသံပါတယ်။ ဒွိဟိတ်တွေကို တရားမဟောနဲ့ ကိုယ်တော်။ ရှေ့တွင်ရှိသော ဖြောင့်သောလမ်းမှ ကြွချီရစ်ပါ။ နောက်မှ အေးအေး လိုက်ဖြစ်ရင် လိုက်ခဲ့ပါဦးမယ်။

ရွေးချယ်မှုဆိုတာ အထပ်မြင့်တိုက်ကြီးရဲ့ ဘယ်အထပ်က ခုန်ချရင်ကောင်းမလဲဆိုတဲ့ တွေဝေမှုပါ။ သိပ်တိတိကျကျတွေးချင်ရင် လူ့ဘ၀ကို မယူခဲ့တာကောင်းတယ်။ ကျောက်စရစ်ပုံကြီးထဲက လုံးဝိုင်းချောမွတ်တဲ့ကျောက်စရစ်တစ်လုံးရှာနေတဲ့ကလေးတွေလို မျှော်လင့်ချက်လေးကိုယ်စီနဲ့ လူတွေ။ အရစ်ကျသတ်မလား၊ တခါတည်းသတ်မလား။ အသက်အောင့်လိုက်တဲ့ ခဏတိုင်းအတွက် သေကြောင်းကြံစည်မှု အသေးစားလေးတွေ ဖြစ်ဖြစ်သွားတယ်။ စူဠ suicide ပေါ့။ ဘာပဲဖြစ်ဖြစ် သေခြင်းတရားဟာ တွန်းဖွင့်ရမယ့်တံခါးတစ်ချပ်ပါ။ ကန်ဖွင့်မလား၊ လှည့်ဖွင့်မလား၊ ပခုံးစောင်းနဲ့တိုက်မလား၊ တံခါးရှေ့မှာ လှည့်ပြန်လို့မရတော့တာတော့ သိပ်ကိုသေချာနေပြီ ကိုယ့်လူ။

မနေ့က ကြိမ်ဒဏ် ၁၈ ချက်ခံခဲ့ရတဲ့ကောင်လေးကပြောတယ်။ သေမတတ်နာတယ်။ ဒါပေမယ့် ဖြစ်ပါတယ်တဲ့။ သူ့ကြည့်လိုက်တော့ အရပ်ငါးပေလောက်၊ ပိန်ပိန်သေးသေး မကြာမကြာထောင်ထဲဝင်တယ်။ မူးယစ်ဆေးဂိုဏ်းမှာပါတယ်။ သူ့ရဲ့တစ်ဦးတည်းသော ခိုလှုံရာအဘွားဖြစ်တဲ့သူ ဆုံးတော့မှ နောင်တရတယ်။ လူကောင်းဖြစ်တယ်။ လူကောင်းလို့သတ်မှတ်ထားတဲ့သူတွေရဲ့ အညွှန်းဘောင်ထဲပြန်ရောက်တယ်။ အရောင်းစာရေးလုပ်နေတယ်။ လူကောင်းဆိုတဲ့လူတွေ သိပ်များနေတာလည်း မကောင်းလှဘူး။

ဘယာနကဆန်ဆန် အိမ်မက်တွေ ဘာသာစကား ကိုးမျိုးနဲ့မက်တယ်။ မနက်နိုးလာရင် မအိပ်ရသေးဘူးလို့ထင်တယ်။ ရာသီဥတုဟာ အလုပ်ချိန်နဲ့တိုက်ဆိုင်မှုမရှိဘူး။ သောက်လိုက်တဲ့ဆေးမှာ Phensedyl ပါလို့ အိပ်ချင်နေတာလား။ ခေါင်းကိုယမ်းခါလိုက်တော့ ဆောင်းရာသီဥခွံထဲက မိုးတွင်းကို လတ်လတ်ဆတ်ဆတ်တွေ့တယ်။ ဒီဆက်တင်ကို ဘယ်သူ အိမ်ရှေ့ပြတင်းပေါက်မြင်ကွင်းထဲလာချသွားတာလဲ။ အောက်ဆီဂျင်အပြည့်ပါတဲ့လေကို အဆုတ်တစ်ဝက်စာ ရှူတာဟာ ငါ့ရဲ့ရောင့်ရဲမှုပေါ့ကွာ။

ဟိုတစ်နေ့က ဘယ်လ်ဂျီယမ်မှာ open fire ပစ်ခတ်သွားတဲ့လူကိုတွေ့ရင်ပြောလိုက်ပါ။ ကိုယ့်ဘာသာကိုယ် အရင်ပစ်ပြီးမှ တစ်ခြားသူကို ပစ်ဖို့ ဖြစ်လေရာဘ၀မှာ ဆုပန်စမ်းပါလို့။ အဘွားအိုတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်သေသွားတယ်။ ကမ္ဘာပေါ်မှာ အမျိုးသမီးဦးရေ တယ်များပါလားလို့ open fire(Belgium) Theory အရသိရတယ်။ ခရစ်စမတ် shopping ထွက်နေတုန်း ခေါ်တော်မူသွားတယ်လို့ဆိုကြမယ်ထင်တယ်။ သေခြင်းတရားဟာ shopping centre အနီးမှာရှိတယ်ဆိုရင် ခင်ဗျားကတော့ နှုတ်ခမ်းတွန့်ဦးမယ်။ ဟင့်အင်း၊ သေခြင်းတရားဟာ ညတိုင်း လက်သည်းချွန်တွေနဲ့ စိတ်ကို လာလာ ကုတ်ခြစ်နေတဲ့ ခွေးအ၀၀ကြီးတစ်ကောင်ပါ။

မနက်ခင်းရဲ့ အလင်းတရားမှာ ကျွန်တော်မှောင်မိုက်ခဲ့ပါတယ်။ ချိုသာသောလမ်းတစ်လျှောက် စိတ်အခါးကြီးနဲ့လျှောက်ပါတယ်။ ကောင်းကင်ကိုမော့ကြည့်လို့ တိမ်မရှိရင် ဒီနေ့ဟာ ပြဿဒါးလို့ထင်ထင်နေမိတယ်။ အလာရော အခါပါ မကောင်းပေမယ့် နှောင်းနေခဲ့တဲ့ ကံကောင်းခြင်းတရားဟာ ရောက်လုဆဲဆဲမှာ အမောဖောက်ပြီး သေသွားတယ်ကြားပါတယ်။ ကိုယ်စောင့်နတ်တွေဟာ ရာထူးအပြောင်းအလဲရှိတယ်တဲ့။ ကျွန်တော့်ကိုယ်စောင့်နတ်ကရော ကျွန်တော့်လိုပဲ အပျင်းထူထူတစ်ယောက်လား။ သေချာတာကတော့ မိုးအေးအေးမှာ သူလည်း အိပ်ရာက ထချင်ရှာမှာမဟုတ်ဘူး။ ကိုယ်စောင့်နတ်တွေဟာ နတ်သာဖြစ်နေပြီး နတ်မဆန်ရှာဘူး။ မီးပျက်နေတဲ့ ဓာတ်တိုင်တွေလို ပျင်းစရာကြီးနေမှာ။

ကားမှတ်တိုင်ရောက်တော့ ဘုရားဟောထဲကလို ဒီကားမှတ်တိုင်တစ်ခုတည်းမှာ အခုနာမည်မျိုး နာမည်နဲ့ချည်း သေခဲ့တာ အကြိမ်တစ်ရာလို့ နှလုံးသွင်းကြည့်သေးတယ်။ မရပါဘူး။ ကျွန်တော့်နာမည်ဟာ တစ်ကမ္ဘာအတွင်း နောက်တစ်ကြိမ်ပြန်လည်တိုက်ဆိုင်ဖို့ အနည်းဆုံး သံသရာ ခုနှစ်ဆယ့်ခြောက်ပတ်လောက်လိုမယ်ထင်တယ်။ ကမ္ဘာကြီးသက်တမ်းတောင် ဒီလောက်မကြာသေးဘူး။

ရေသောက်တော့လည်း ငါ့မျက်ရည်တွေပါလားလို့တွေးကြည့်တယ်။ မရပါဘူး။ မျက်ရည်တွေက ငန်တယ်။ ပင်လယ်တစ်ခုစာငိုဖို့ဆိုတာ ငိုတတ်တဲ့ဘ၀တွေ အနန္တလောက်လိုမယ်။ ဒီလောက်ကို မကြာသေးဘူးထင်တယ်။ နောက်ဆုံးထွက်လာတော့ ငရဲမှာ မီးမွှေးနေတုန်း။ ဒီလောက်ကြာခဲ့ပြီဆိုလည်း သံသရာမှာ ကိုယ်က senior ။ ဘယ်သူမှ ဂရုစိုက်မနေချင်တော့ဘူး။

မကြာမကြာ သမ်းဝေခြင်းတရားမှာ ဒဿနတွေ ဖိတ်ဖိတ်ကျတယ်။ လူတွေဟာ ကိုယ့်အမှန်တရားနဲ့ မှန်အိမ်လေးတွေ ကိုယ်စီဆောက်ပြီး ကိုယ့်ယုံကြည်ချက်နဲ့ အပြင်ကို ခဲနဲ့ပေါက်ကြတယ်။ အဲဒါပါပဲ မိတ်ဆွေကြီးရေ။ ခဲတစ်ပေါက်စာ ပြတင်းပေါက်လေး စိတ်ထဲမှာ ကျယ်ကျယ်ဖွင့်ထားဖို့ကြိုးစားကြပါစို့။

ကိုယ့်ကိုယ်ကိုယ်တောင်မယုံရတဲ့အထဲ တိုင်းပြည်နဲ့လူမျိုး၊ အစိုးရနဲ့ သူခိုးတွေကို ယုံဖို့ဆိုတာ ပိုခက်တာပေါ့။ (နဘေညှိလိုက်တာ သူခိုးဖြစ်သွားတယ်။) ပိုခက်သည်ဖြစ်စေ၊ လွယ်သည်ဖြစ်စေ မနက်ဖြန်တစ်ခု ရရင် ခင်ဗျားနဲ့ကျွန်တော် ဒါကို အသုံးချမှာပဲ။ အချိန်ကို တတ်သမျှ၊ မှတ်သမျှနည်းတွေနဲ့ အဆိပ်ခတ်သတ်ရမှာပဲ။ ဒီအချိန်မှ မကုန်ရင် ဘယ်အချိန်က ကုန်ရမှာလဲ။ ဒီသက်တမ်းကုန်ရင် နောက်သက်တမ်းတစ်ခုရရမှာပဲ။ ၀က်သားထဲကပိုးတွေဟာ အပြုတ်ခံရမှာသိလို့ အပူချိန်မြင့်မြင့်မှာ ရှင်သန်နိုင်အောင်ကြိုးစားထားကြတယ်ထင်တယ်။ သတ္တ၀ါတိုင်းဟာ သူ့စိတ်နဲ့သူ ဘုံအသစ်ကို ဖန်ဆင်းတယ်ထင်တယ်။ ကျွန်တော်ထင်တာ သုံးဆယ့်တစ်ဘုံဆိုတာ အကြမ်းဖျင်းလောက်ပြောတာဖြစ်မယ်။ ကမ္ဘာကြီးကိုပဲကြည့် ခင်ဗျားကြိုက်တဲ့ ဘုံအသေးလေးတွေထပ်ခွဲထားပြီးပြီ။ အဆင်မပြေသေးရင် heater ကိုနည်းနည်းမြှင့်လိုက်၊ လူဖြစ်ရတဲ့ဒုက္ခတွေထဲမှာ ကော်ဖီကောင်းကောင်း သောက်ဖို့ ကြိုးစားရတာလည်းပါတယ်။ နှပ်ထားတဲ့ကော်ဖီနွေးနွေးငွေ့ငွေ့လေးကို စိတ်ရှည်လက်ရှည်ဖျော်ပြီးသောက်နေရင်း ကျွန်တော် ဘယ်မှာ နေနေလဲဆိုတာ မေ့သွားတယ်။ ကော်ဖီတစ်ခွက်ကြောင့်ဖြစ်ရတဲ့ မောဟတွေထဲမှာ ကျွန်တော်သာယာနေပါတယ်။ ပထမဆုံး ကော်ဖီရနံ့သင်းဖျဖျ စိုရီရီလေးရကတည်းက ဂန္ဓာရုံမှာ မောဟဖြစ်တယ်ဆိုပေမယ့် ဒါကို ကျွန်တော် တာဝန်ယူပါတယ်။ မောဟ ဟာ ငါစွဲမထားရင် ငါ့မောဟ မဖြစ်ဘူးလို့ ထင်ပါတယ်။ အခွံမှားဝင်မိတဲ့ ၀င်ကစွပ်ကောင်ဟာ သူ့အခွံအတွက် သူတာဝန်မယူပါဘူး။ အဲဒါပါပဲ၊ နောက်ထပ် အခွံလွတ်လိုလာရင် ပြောင်းရွှေ့ကြတာပေါ့။

မနက်ခင်းမှာ သည်းသည်းလှုပ်လှုပ်ရွာနေတဲ့မိုးစက်တွေမှာ အဓိပ္ပာယ်တစ်ခုခုရှိမယ်လို့ မထင်မိဘူး။ သဘာဝတရားကပဲ ဆေးကြောပစ်ပါလိမ့်မယ်။ လူတွေညစ်ညမ်းနေတဲ့ မြေလုံးကြီးပေါ်မှာ ဒိုင်နိုဆောတွေပြီးတော့ ကျုပ်တို့ အလှည့်ပေါ့။

ဟမ် ... ဒါဟာ အော်တိုမစ်တစ်အရေးအသားတဲ့။ ခင်ဗျားမှားပြန်ပြီ။ အဲဒီဖြစ်စဉ်ကြီးကို ကွက်မကြည့်နဲ့။ ဒါဟာ ဦးနှောက်ထဲက အကောင်လေးသုံးကောင်ရဲ့ အချီအချစကားဆိုခန်းပါ။ ပြီးပါပြီဆိုတဲ့စာတမ်းကိုတွေ့တော့ ရုံထဲကထပြန်သွားသလို သံဝေဂရလောက်စရာ သင်္ခါတရားတို့၏ အပျက်ကို မတွေ့ကုန်သော တတိယတန်း သတ္တ၀ါ(ဝေနေယျမဟုတ်) တို့သည် ရှည်လျားသော ဆောင်းရာသီ အဆစ်အပိုင်း အိမ်မက် များကို ဖျစ်ဖျစ်မြည်အောင်မက်ကုန်လျက် အဆင်ပြေသလိုလေး ဘ၀ကို နေထိုင်ကြကုန်သည် ရှိသည်ဖြစ်စေသော်။

Regards,
The Gardener

Notes:
စောစောစီးစီး ပြင်းပြင်းထန်ထန်၊ တသွင်သွင် ပျက်ပျက်ထင်ထင် မျှော်ကြည့်သည်ရှိသော်။



Peace B with U.

Saturday, December 17, 2011

The contingency plan of SMRT? So simple; juz one word : Nothing.

The contingency plan of SMRT? So simple; juz one word : Nothing.

Fri Dec 16, 2011
As a good pessimist to the crowded trains here, I am always worry about these crowded trains. Yesterday proof is one of my worries I had foreseen last few years ago. I would like to repeat some of so-called apologies of the CEO of MRT. Frankly, her apology is so lame. She did mention this kind of thing cannot be foresee or predict. I would like to ask are you sure about it.

Do you know how many problems in your East-West Line? How many times the train shakes more than normal between Bedok to Boonlay? Do you even notice one of old trains in East-West Line's floor is unbalanced? I believe you CEO should take your trains three times a day at least, especially in rush hours. I believe you also didn't know the fact that your MRT station staffs' pronunciations are too lousy to understand. Especially for the important announcement, they are not suited. There is no proper message on the board as well. As you admitted, the staff put the wrong warning message last night. It is so shameful and unprofessional. In other words, that can be the regular ways of your MRT department is running all along.

One of you in the press conference mentioned there is the emergency light. I wonder did you mention the firefly? Or the light from the phone can be assumed as the emergency light? Actually, there is no light at all. Nothing. No proper ventilation system and thus, it leads two female commuters a breathing problem and one is fainted. As we always see on the sign-board in our neighborhood, "Low crime is no crime", similarly, low problems didn't mean no problem. This kind of train fault is very dangerous if there is no proper contingency plan. 45 min to go out from the cars is not acceptable. Since there is a new yellow line in this year, it goes deeper from the ground level, we are now no confidence of riding yellow line. If the train stops abruptly in nowhere we cannot imagine and the oxygen is not enough, what should we do? Though we break open the door, there will be no oxygen or there can be even a worse scenario of breathing unwanted, dangerous gases. Do you think you are not responsible for this kinds of accidents?

Before extension of the new line, we'd preferred to make sure old lines are still in good shape for all residents to use them in safe and can ride with peace of mind. You spoke your team is working over night for three nights. I am thank you for it. But, this short term firefighting solution will not solve the overall root cause lying behind. Probably, this can be the tip of the iceberg!

The word "Commuters " also can be changed to "Survivors" if the problem is more than the power shortage. This case cannot be said just the first time and it is neglectable. This is serious enough for a CEO or topmost personnel to be demoted or to resign for her own dignity. It is better resigning than keep apologizing every now an then. Besides, this can be the easiest way for your successor to understand the important of the safety.

Last 3.9years ago, I always got wow! experience when I took trains. There were only two places where the trains shakes a bit between Jurong East and Eunos for the green line. Nowadays, there are seven to eight places that can shake you down or wake you up if you felt asleep on trains. I read an article that said the government is planning to buy 35 more trains in coming years. But, now we all know not only new trains are needed, but also good railways, or regularly maintained railways are essential.

Please try to be a good leader who knows the following creative abandonment by Drucker . The another term of CEO, (Chief Embezzlement Officer) often misuses the people's trust on him/her by doing improper planning that he/she must have to prepare, yet taking the biggest portion of the organization's profit is his/her only job and giving lame excuse when the time of real action required is actually an evil person for the society. Those who have 0% knowledge of emergency planning shouldn't be seen in that level. Role and responsibilities must come hand in hand. The organization hired the best one as the CEO not for giving excuses to the public but for the excellent planning she/he can do for the organization and branding of the organization. By 2011 statistics, there are 2.246 millions of MRT rider daily.

Creative Abandonment

A critical question for leaders is, "When do you stop pouring resources into things that have achieved their purpose?" The most dangerous traps for a leader are those near-successes where everybody says that if you just give it another big push it will go over the top. One tries it once. One tries it twice. One tries it a third time. But, by then it should be obvious this will be very hard to do. So, I always advise my friend Rick Warren, "Don't tell me what you're doing, Rick. Tell me what you stopped doing."

Sat Dec 17, 2011

Yesterday night, in the news, the Transport Minister said : SMRT must make this right. Does this suggestion/pointer work? Hell no, today it happened again. OMG. You, clowns are so funny. It is too easy to say make it right or make it damn right or whatever right, but the underlying cause is that how to make it right? We have 150% doubt in SMRT committee and lost confidence in them. I am not sure the replacement of more professionals to this quicksand-like problems as these problems will be effective as well but it will definitely lead to the betterment. Prevention always is better than putting issues under the carpet. Currently, no one knows when did these problems start silently. All we feel now is that there are some issues in MRT system and they cannot be seen or solved by the current team.

People's belief or confidence cannot be restored so easily. If something happened, it is difficult to put back to the status quo. This event makes me remember the flyer that stopped suddenly and there was no proper emergency plan last few years. For this case , at last, the firemen came down and rescued the people on it. I remembered some needed to climb down using the ropes as well. The main difference between the flyer and the SMRT is that we can avoid the flyer if we wish but we cannot avoid SMRT since it is part of our daily life, daily routine.

Now, it's the time for all-rounded checking and full maintenance for MRT railways. Time for replacement of the faulty parts.

It goes without saying, a better CEO too!

Regards,
ur consistent hater



Peace B with U.

Thursday, December 15, 2011

2ဆတိုးလျှပ်စစ်မီတာခ၊ ခေတ်မီနိုင်ငံတော်သို ကုလားမခြေထောက်ဖြင့် အပြေးတပိုင်း၊

2ဆတိုးလျှပ်စစ်မီတာခ၊ ခေတ်မီနိုင်ငံတော်သို့ ကုလားမခြေထောက်ဖြင့် အပြေးတပိုင်း၊


ဆပ်ပြာလည်လင်ပျောက်ဆိုသော မြန်မာစကားသည် ဆပ်ပြာသည်အလေ့အထကို မသိသော ကျွန်တော်တို့နှောင်းလူတို့အဖို့ ခန့်မှန်းရခက်စေသည့်အတွက် မည်မျှ ပြာပြာသလဲနိုင်မှန်းခန့်မှန်းမရပါ။
သို့သော် ဆပ်ပြာသည်များ အတော်ပေါလာပြီဖြစ်ကြောင်း သတင်းများမှတစ်ဆင့်သိရပြီး၊ သူတို့၏အကြံပြုချက်များအရ လင်ပျောက်သွားမှန်း အတော်သေချာနေပြီဖြစ်သည်။

သမိုင်းတွင် နာမည်တွင် ပေါ ပါသော သီပေါမင်းဆိုသည့် ဘုရင်ကြီးတစ်ပါးရှိခဲ့သည်။ နာမည်အရ သီသီလေးပေါသည်ဟုထင်စရာရှိသော်လည်း အတော်လေးပေါခဲ့သည်။ မြန်မာပြည်တွင် ထီရုံများဖွင့်ရာမှ အမြတ်အစွန်းများစွာရသဖြင့် ထီရုံများကို ဆက်တိုက်တိုးချဲ့ဖွင့်ရန် အမိန့်တော်ကို ပေါပေါလောလော ချမှတ်ခဲ့သည်။ ပြည်သူများ ထီအထိုးလွန်ပြီး မွဲပြာကျလွန်း၍ complaint တက်သောအခါမှ ထီရုံများကို ပိတ်ပစ်လိုက်သည်ဟု သမိုင်းစာအုပ်များကဆိုသည်။ မင်းဘဏ္ဍာဖြစ်စေ၊ အခွန်ဖြစ်စေ သတ်မှတ်သည့်အခါ ဦးနှောက်ဖြင့် ထုတ်ပြန်ရသော အမိန့်များဖြင့် လုပ်ကိုင်သင့်သည်။

အစိုးရသည် တစ်ခါတစ်ရံမိဘဖြစ်ပြီး တစ်ခါတစ်ရံ သူစိမ်းများဖြစ်နေသည်။ အခွန်ကိစ္စများတွင် သူစိမ်းပြင်ပြင်ပြုမူနိုင်သည်ကိုတွေ့ရသည်။ လျှပ်စစ်မီတာကို ၂ ဆမဟုတ်ဘဲ အဆ ၂၀၀ တိုး၍ ကောက်ခံလိုက်လျှင် နိုင်ငံတော်ဘဏ္ဍာ မြောက်များစွာတိုးမှန်း လေးတန်းကျောင်းသားလေးကို မြှောက်ခိုင်းလျှင် လည်းသိနိုင်ပါလိမ့်မည်။ သို့သော် တိုင်းပြည်တစ်ပြည်လုံး၏ အရေးကိစ္စသည် mascara သုံးထားသော မျက်တောင်ကော့ကော့ကြီးများထက် ပိုမိုဝေးလံအောင် မျှော်ကြည့်ရသေးကြောင်း နီးစပ်သော အမောင်တို့ လက်တို့ပြောပြလိုက်ကြပါ။

သီအိုရီသည် လွန်ခဲ့သော ဆယ်စုနှစ်ဝန်းကျင်က ပိုက်ဆံမရှိဘူး ဆိုသော သီချင်းကို သီဆိုခဲ့သည်ကို အမှတ်ရသူများ ရပါလိမ့်ဦးမည်။ လက်ရှိ အစိုးရ၏ သီချင်းသစ်မှာ အစိုးရဘဏ္ဍာငွေမရှိဘူး ဖြစ်နေသည်ကိုတွေ့ရသည်။ အစိုးရဘဏ္ဍာများကို အစောပိုင်း အလစ်သုတ်သမားတစ်စု မသွားသည်ဟုကြားရသည်။ ထိုသူများထံမှ ပြန်တောင်းကြည့်သင့်သည်ဟု တစ်ခါတစ်ရံ ၂ ဆင့်တန် အကြံများရရနေသည်။

တစ်ဦးချင်းဝင်ငွေမတူသော နိုင်ငံများနှင့် တန်းသွားသွားညှိချင်လျှင် နိုင်ငံသားများ၏ တစ်ဦးချင်းဝင်ငွေအကွက်လေးကို ကျော်၍ကြည့်လိုက်ရုံမျှဆိုသည့် အဆိုပြုချက်ကို မသိစိတ်မှ လက်ခံထားကြသည့် လူကြီးမင်းများအနေဖြင့်လည်း လိုအပ်လျှင်လူကြီးမင်းဖတ်ပြရန်ရေးပေးလိုက်သော စာတမ်းပိုင်ရှင်များကို လက်ဖက်ရည်တိုက်၍ အနည်းငယ်ရှင်းပြခိုင်းလိုက်စေချင်ပါသည်။ တစ်ဦးချင်းဝင်ငွေဆိုသည်မှာ လူကြီးမင်းတို့မိသားစုနှင့် လွန်ခဲ့သော နှစ်အနည်းငယ်က မင်းမူခဲ့သော အလစ်သမားများ၏ ၀င်ငွေမဟုတ်ကြောင်းကို သိရန်အတွက် Cambridge တွင် စီးပွားရေးပညာသင်ဖူးရန်မလိုအပ်ပါ။ ရပ်ကွက်ထဲမှ အဒေါ်ကြီးများပြောပြောနေသော ကိုမောင်စိန်(common sense) မျှသာလိုသည်ဟုထင်ပါသည်။

လမ်းမများကို တစ်ခြမ်းစီခင်းတတ်ပြီဖြစ်ကြောင်း ကျွန်ုပ် ၂၀၁၁ အတွင်း နှစ်ကြိမ်တိတိ လာရောက် လေ့လာပြီးဖြစ်၍ လမ်းမတစ်ခြမ်း စီမံကိန်းကိုထောက်ခံပါသည်။ ၂၀၁၂ ပြန်လာသည့်အခါတွင်လည်း လမ်းမများကို သီတင်းကျွတ်အမီ ကြင်ရာကြင်ဖက် အလားတူ လမ်းမတစ်ခြမ်းနှင့် လက်ဆက်ပေးစေလိုပါသည်။ ထိုအရာသည်လည်း ဘဏ္ဍာတော်ငွေ ခမ်းနေသောကြောင့်ဟူသော ဘောလည် သီချင်းတစ်ပုဒ်၏ ထပ်ကျော့အပိုဒ်လေလား ကျွန်တော်မျိုးမသိပါ။

ရန်ကုန်မြို့သည် မြို့ကွက်အနေအထားအရ နောက်ပိုင်းတွင် ဖြစ်ချင်ရာဖြစ်နေသောမြို့ဖြစ်ပါသည်။ ပထမဆုံး အညောင်းဒဏ်မခံနိုင်၍ ဖင်ထိုင်ချလိုက်သော တိုက်ကို ရေကျော် မောင်အေး ကဖီးဘေးတွင် လူကြီးမင်းတို့သွားရောက်ကြည့်ရှုလျှင်တွေ့ပါလိမ့်မည်။ ထိုအချိန်က ကျွန်ုပ်သည် ရှစ်တန်းကျောင်းသားအရွယ်သို့ရောက်ခဲ့ပြီဖြစ်သည်။ ဘေးမှ တိုက်အသစ်ဆောက်ရန် မြေ ၆ပေခန့်တူးနေစဉ် ယခုကဲ့သို့ဖင်ထိုင်ကျသွားခြင်းဖြစ်သည်ကို ပြန်လည်လေ့လာလျှင် သိနိုင်ပါလိမ့်မည်။ ဆိုလိုသည်မှာ မြန်မာပြည်၏တိုက်များသည် အဘိုးအရွယ်သို့ရောက်နေပြီဖြစ်သည်။ တရုတ်ဘာသာအားဖြင့် ယဲ့ယဲ့ ယဲ့ယဲ့ဟု ပြောင်းလဲသုံးစွဲနိုင်သည့်တိုက်များဟုလည်း ဆိုနိုင်ပါသည်။ အဆိုပါတိုက်များထက် အခြေအနေဆိုးသော ဘိလပ်မြေနှင့်ထုံး အချိုးအဆမှားပြီးဆောက်ထားသည့်တိုက်များ၊ လှေကားထစ်ကို နှစ်ကောင်ပြိုင်ဆင်းရင်း ညပ်သေသွားသော ကြွက်နှစ်ကောင်ဇာတ်လမ်းများစတင်စေခဲ့သော ခေတ်မီမီးခြစ်ဆံတိုက်များ၊ ဘယ်အရာမဆိုဖြစ်ပျက်ပဲ၊ ဆောက်ပြီးရင်ပြိုမှာပဲဆိုတဲ့တရားသဘောနဲ့လုပ်နေတဲ့ constructions များ၏ တက်သုတ်ရိုက်လက်ရာတိုက်များ အပြည့်ရှိနေသေးသည်ကို မမေ့လျှင် MRT စီမံကိန်းရေးဆွဲသည့်အခါ ရန်ကုန်မြို့လည်ကို ခမ်းလှမ်းလှမ်းမှသာ ပတ်ရန်၊ ဘရားဇီးမြို့ကလေး ကာရစ်တစ်ဘာကဲ့သို့ မြို့ထဲတွင်ကားမမောင်းဘဲ လမ်းလျှောက်ဝင်ရောက်နိုင်ရန် စီစဉ်ထားသင့်ကြောင်း လူကြီးမင်းတို့အနေဖြင့် သိနှင့်ပြီးသားဖြစ်ပေလိမ့်မည်။

စင်ကာပူနိုင်ငံနှင့်တူချင်လျှင် ပထမဆုံးလုပ်ရမည့်အလုပ်မှာ import လုပ်ငန်းများကို အစိုးရက မောင်ပိုင်စီးလိုက်ရန်ဖြစ်သည်။ သြစတြေးလျမှ ၁၀ တန် ၀ိုင်များကို ၄၀ SGD ဖြင့်ရောင်းနေသည့် စင်ကာပူအစိုးရ၏ လုပ်ကွက်များကို အတုယူစေလိုပါသည်။ ထို့အပြင် CPF ဟူသော Central Provident Fund
ကို ကောက်ခံပြီး အသက်၂၀၀ နှင့်အထက်များကို ထုတ်ပေးမည်ဟု ကြေငြာလိုက်ရန်ဖြစ်သည်။ CPF ကို TPF ဟု အမည်ပြောင်းရန် ပိုမိုသင့်လျော်နေပြီးလားမသိပါ။ Temasek အဖွဲ့ကြီးလည်း သက်တော်ရာကျော်ရှည်နေပါလိမ့်မည်။ မြန်မာနိုင်ငံသားအစစ်များအား အိမ်တစ်လုံး အစိုးရက စီစဉ်ပေးလျှင်လည်း အလွန်ကို စင်ကာပူရဆန်ပါသည်။ (ထိုသို့စီစဉ်ပေးလျှင် နောက်နှစ်ခါ မဲပေးပါမည်။) နောက်ထပ်စင်ကာပူကို ကျော်တက်နိုင်သည့်အကွက်မှာ မြန်မာ HDB များကို ခြေတံရှည်နိုင်သမျှ ရှည်ရှည်ဆောက်ရန်ဖြစ်သည်။ ဆူနာမီကာကွယ်ရေးအတွက်လည်း အသုံးဝင်သလို lift upgrade လုပ်ရင်း မဲဆွယ်ဖို့ အချိန်ပိုရနိုင်မည်ဖြစ်သည်။ စင်ကာပူအစိုးရသည် ပထမဆုံးသော HDB များတွင် နှစ်ထပ်လျှင်တစ်ခါရပ်သော lift များအမြော်အမြင်ရှိရှိတပ်ဆင်ခဲ့သောကြောင့် ယခုချိန်အထိ မဲဆန္ဒရှင်များ၏ ဆန္ဒကို အောင်မြင်စွာ ဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။ ထို့ကြောင့် အစိုးရမင်းများအနေဖြင့် lift ပါသော မြန်မာ HDB များဆောက်သည့်အခါ လေးထပ်လျှင်တစ်ကြိမ် ရပ်သော lift များတပ်ဆင်ပါက ပို၍ သက်တမ်းရှည်ရှည် စိုးစံတော်မူနိုင်မည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံကြီးမှ ခေါင်းဆောင်များသည် ဖုန်းရွှေဆရာများကို အားကိုးသည်ဟုသိရပါသည်။ လူကြီးမင်းတို့အနေဖြင့်လည်း ဆရာ့ဆရာများကို အားကိုးစေချင်ပါသည်။ လေရဟတ်အကြီးကြီးဆောက်၍ ၀င်လဲမစဲတသဲသဲဆိုသောစာလုံးကို ရွှေပြားတွင် ကြီးနိုင်သမျှကြီးကြီးထိုးထားပြီး ပတ်ဝန်းကျင်နိုင်ငံများနှင့်ဘက်မှ မြန်မာနိုင်ငံဘက်သို့ လည်ပတ်စီးဝင်နေအောင်စီမံထားသင့်ပါသည်။ စီးပွားရေးကောင်းနေသော တရုတ်၊စင်ကာပူ၊အိန္ဒိယ နိုင်ငံများဘက်သို့ လေရဟတ် နှစ်ခုစီတပ်ဆင်လိုက်ပါက သူတို့ထံမှ အကောင်းအညွန့်များ လေထဲမှာနေတစ်ဆင့် မြန်မာပြည်ကြီးဆီသို့ရောက်လာနိုင်မည်ဖြစ်ပါသည်။

ထို့အပြင် လူကြီးမင်းတို့ကဲ့သို့ အရှေ့တောင်အာရှ၏ ၀၀ဖီးဖီးပူစီကတ်ကြီးအနေဖြင့် ကိုယ်ပိုင်ဂြိုဟ်တုတစ်စင်းလောက်တင်ဖြစ်အောင်တင်သင့်ပါသည်။ ထိုအခါတွင် လူကြီးမင်းတို့ ပြောပြောနေသော တယ်လီဖုန်းပြဿနာများ၊ အင်ထနက် အင်ထဖြူ ပြဿနာများကို အတော်အသင့်ဖြေရှင်းနိုင်ပါလိမ့်မည်။ လူကြိးမင်းတို့ရှေ့နားက တိုင်းပြည်ချောက်ထဲကျနေသည်ကို ပခုံးထမ်းကယ်တင်သွားခဲ့သော မြို့မေတ္တာခံယူသူကြီးများ၏ အသိအကျွမ်းဖြစ်သူ မောင်တက်ဆင်သည် ထိုအပိုင်းများ၌ ကျွမ်းကျင်သူဖြစ်သောကြောင့် အကြံဉာဏ်များတောင်းကြည့်နိုင်ပါသည်။ သူ့ညီမ၏ ဖေ့စဘွတ်ခမှ မတ်ဆေ့ခ်ျပို့လိုက်ပြီး မေးကြည့်လျှင်တောင်ရနိုင်မည်ထင်ပါသည်။

အယ်ဒီဆင် ဆိုသော ပညာရှင်ကြီးကို လူကြီးမင်းတို့ အလွန်ကြည်ညိုမှန်းကျွှန်တော်ရိပ်စားမိပါသည်။ ထိုသူသည် အကြိမ်တစ်ထောင်မှားသည်မဟုတ် အလုပ်မဖြစ်တဲ့နည်း အခုတစ်ထောင်သိခဲ့သည်ဟု ဆိုခဲ့သူဖြစ်ပါသည်။ သို့သော် အယ်ဒီဆင်၏ အနောက်တွင် သူ့မိသားစုနှင့်တပည့်များသာရှိပါသည်။ တိုင်းပြည်တစ်ပြည်မရှိပါ။ လူကြီးမင်းတို့၏ အလုပ်မဖြစ်သောနည်းစမ်းသပ်ချက်များအတွက် တိုင်းသူပြည်သားများ၏ အစာအိမ်ထဲမှ ဗုံသံများသည် ကြာကြာသံပတ်တင်းမထားနိုင်တတ်ပါ။

သဘာဝသယံဇာတ အလွန်ပေါများလို့များ resource trap ထဲ အခုလို ယက်ကန်ယက်ကန်ဖြစ်နေရသည်လား ကျွန်တော်တစ်နေ့တစ်နေ့ ထိုင်ထိုင်တွေးနေမိပါသည်။ ပြည့်ရှင်မင်းမကောင်းလို့ ဆန်ရေစပါးရှားပါးသည်ဆိုသော ခေတ်တွင်ဆိုလျှင် လူကြီးမင်းတို့ အခြေအနေမဟန်ဟုပင် ပြောင်ချော်ချော်တွေးမိပါသေးသည်။ bottom billion စာအုပ်ကို လူကြီးမင်းတို့၏ အကြံပေးများဖတ်ဖူးသည်ဟု မြန်မာပြည်ပြန်စဉ်က သိခဲ့ရပါသည်။ ပြည်တွင်းစစ်သည်လည်း မွဲရာမွဲကြောင်း အကျင့်ကောင်းဖြစ်သည်ကိုလည်း သိပြီးဖြစ်ပါလိမ့်မည်။ အကျဉ်းသားများကို နိုင်ငံတော်စရိတ်ဖြင့် ထမင်းကျွေးမနေဘဲ သူ့ဘာသူရှာစားနိုင်ရန် လွှတ်ပေးလိုက်ခြင်းသည် မင်္ဂလာနှစ်ပြားဖြစ်ပါသည်။ ကျန် အပြားပြားသော မင်္ဂလာများကိုလည်း သင့်လျှင် သင့်သလိုကျင့်ကြံစေချင်ပါသည်။

လစာသုံးဆတိုးလျှင် မီတာခ နှစ်ဆတိုးသည်မှာ ၀န်ထမ်းများအဖို့ အဆင်ပြေနိုင်ပါသည်။ လစာမတိုးသော ကန်စွန်းရွက်သည်အနေဖြင့် သူ့ကန်စွန်းရွက်ကို ဈေးကွက်စီးပွားရေးအရ ဈေးသုံးဆတိုးလိုက်လျှင်လည်း လူကြီးမင်းတို့ vicious cycle ထဲ တစ်ဘီးစက်ဘီးစီးနေရပါဦးမည်။ virtuous circle ဖြစ်အောင်စဉ်းစားစေချင်ပါသည်။ (ဗျစ်တသျှလိုထည့်ထည့်ရေးရခြင်းမှာ ကျွန်ုပ်၏ မြန်မာစာအားနည်းချက်ကြောင့်ဖြစ်သည်။)

မကြာမီ မြန်မာနိုင်ငံတွင် ပြန်လည်အခြေချတော့မည်ဖြစ်ရာ ကျွန်ုပ်တို့သည် မိမိတို့၏ ဇာတိချက်ကြိုး ကတ်ကြေးတိုးရာ ပြည်မြန်မာ၏ ကောင်းသတင်းများကို အစဉ်သဖြင့်နားစွင့်နေရကြောင်း၊ သမ္မတကြီးကိုလည်း ကျန်းမာ၊ထီပေါက်၊နိဗ္ဗာန်ရောက်ဟု မြန်မာနိုင်ငံသားတစ်ဦးဆန်စွာ ဆုမွန်ကောင်းပို့သအပ်ပါကြောင်း၊ မီတာခ မတိုးခင် တစ်ဦးချင်းဝင်ငွေကို တိုးအောင် အမိန့်ကြီးကြီး ချစေလိုကြောင်း၊ တိုင်းပြည်ကြီး၏ စီးပွားရေးအကျိုးအမြတ်များကို လည်ပင်သွေးစုပ်နေသော ရုပ်ဆိုးဆိုး ဒရတ်ကူလာများကို ရှင်းလင်းပေးစေချင်ကြောင်း၊ စကားမစပ် သမ္မတကြီး၏ ပုဆိုးပြာဖက်ရှင်မှာ ယခုအခါ ကမ္ဘာတစ်လွှားသို့ ပြန့်နှံ့ပြီး သမ္မတရာထူးမှ အနားယူသည့်အခါ ပုဆိုးကြော်ငြာရိုက်မရိုက် ကမ္ဘာတ၀ှမ်းမှ ကြော်ငြာဒါရိုက်တာများမှ သိချင်နေကြကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါရစေတော့။

သင့်ရဲ့ အစစ်အမှန်

Zephyr
(၀မ်းသာစရာကောင်းတာကတော့ လေဆိပ်မှာ ဆတ်ကြေးအဖွဲ့မရှိတော့ပါဘူး။ အလှူခံအဖွဲ့ပဲကျန်ခဲ့တဲ့အတွက် သမ္မတကြီးကို ကျေးစ်ဇူးစ်)





Peace B with U.

Wednesday, December 7, 2011

ရှုပ်ထွေးသော၊မွန်းကြပ်သော၊ဆာလောင်သော၊တိတ်ဆိတ်သော၊ အေးရိပ်။

ရှုပ်ထွေးသော၊မွန်းကြပ်သော၊ဆာလောင်သော၊တိတ်ဆိတ်သော၊ အေးရိပ်။


ဘယ်ဘက်ထောင့်ကပ်ပြီးလမ်းလျှောက်သူတစ်ယောက်အနေနှင့်၊ နေရာတကာမှာတော့ အလယ်အလတ်မကျခဲ့မိပါ။ရပ်ကြည့်ပြုံးပြန်ဇာတ်လမ်းများ မရေးဖွဲ့ခဲ့ဖူးသည့် စာအုပ်တစ်အုပ်လို၊ သူ့ကိုယ်သူ သိမ်သိမ်မွေ့မွေ့ အပိတ်ခံထားရလည်း သာသာယာယာရှိခဲ့ပါသည်။ ပြန်လည်ဆန်းသစ်ခြင်းခေတ်နှင့်တေ့လွဲလွဲသွားသော ရီနေဆွန့် နောက်ပိုင်းခေတ်မှ သမားရိုးကျတစ်ယောက်အနေဖြင့် လောကနှင့်ရော မိမိဇနီးသည်နှင့်ပါ အငြင်းအခုံလုပ်လေ့မရှိခဲ့ပါ။ ဆော့ခရေတ္တိ ဈေးသွားသည်မှာ စကားစမြည်ပြောရန်ဖြစ်ပါသည်။ ကျွန်တော်ဈေးသွားလျှင်တော့ ကြက်သားသည်မှ ရင်ပုံနှစ်ခုကို အရေခွံဆုတ်ပြီး နုပ်နုပ်စင်းပေးလိုက်ပါသည်။ ၀က်သားသည်မှလည်း ၀ယ်နေကျအတိုင်း နုပ်နုပ်စင်းထားသော ၀က်သား ကီလိုဝက်၊ ၀က်နံရိုး ကီလိုဝက်ကို အပိုများများထည့်ပေးလိုက်ပါသည်။ ကျွန်တော်သည် သမားရိုးကျ အပြောင်းအလဲကင်းနေသည်ကို မကျေမနပ်မဖြစ်တတ်သောလူအမျိုးအစားဖြစ်ပါသည်။

ဈေးဝယ်ရသည်ကို နှစ်သက်သော ယောကျာ်း အမျိုးအစားတစ်မျိုးသပ်သပ်ရှိသည်လားမသိပါ။ wet market ထဲတွင် ကျွန်တော်နှင့်မျိုးတူများကို တွေ့ရပါသည်။ ခေါင်းထဲတွင် ဈေးစာရင်းတစ်ခုပါကြောင်း မြွေမြွေချင်းခြေမြင်နေကြပါသည်။ ယောကျာ်းများဈေးဝယ်ထွက်ကြသည်မှာ အင်မတန်မှ မော်ဒန်ဆန်ပါသည်။ ရှေးခေတ်မှ အမျိုးသားဇာတ်ကောင် အိမ်ဦးနတ်ကြီးများအနေဖြင့် ဤရသကို ခံစားလိုက်ရမည်မဟုတ်ဟု မိမိဘာသာတွေး၍ ပြုံးမိပါသေးသည်။

ငါးမစားသောကြောင့် ငါးမကြိုက်သော အမျိုးသမီးကို ရှာဖွေ၍ ယူထားခြင်းမဟုတ်ပါဘဲလျက် ရှေးရေစက်ကြောင့် ငါးမကြိုက်သူများဖြစ်နေကြသည်ကိုလည်း အံ့သြမိသည်။ ဟင်းခတ်အမွှေးအကြိုင် အစုံရသော ကုလားဆိုင်မှ သူတို့ကိုယ်တိုင်ပြုလုပ်သော ငရုပ်ကောင်း လတ်လတ်ဆတ်ဆတ်ဝယ်ရသည်မှာလည်း ပျော်စရာကောင်းသည်။ အရောင်တင် ငရုပ်သီးများအနေဖြင့် မြန်မာ့ရိုးရာ ငရုပ်သီးများကဲ့သို့ မစပ်လှဘဲ အရောင်ထွက်လွန်းသောကြောင့် နောက်တစ်ကြိမ် မ၀ယ်ဖြစ်တော့သည်ကိုလည်း အမှတ်ရသည်။ ထိုဆိုင်မှပင် ထောပတ်ထမင်းအတွက် ghee ထောပတ်ဝယ်ခဲ့ဖူးသေးသည်။ မြန်မာဆန်သော ဟင်းခတ် အမွှေးအကြိုင်တော်တော်များများကို အိန္ဒိယကုန်စုံဆိုင်များတွင်ရလေ့ရှိသည်။

ပုစွန်များကိုတွေ့တော့ ပုစွန်ခွာခြင်းကို ဝေရာမဏိ လုပ်ပါမည်ဟု ပြီးခဲ့သည့်နှစ်ပတ်ကတည်းက သိက္ခာပုဒ်တစ်ခုပမာ စောင့်ထိန်းရန် ဆုံးဖြတ်ခဲ့သည့်အကြောင်းကို ပြန်တွေးမိသည်။ ပုစွန်များကို ခွာရာတွင် ကျွန်တော့်အတွက်တော့ အဆင့်လေးဆင့်ရှိပါသည်။ ပထမအဆင့်မှာ အင်မတန်ထက်သော ကတ်ကြေးဖြင့် ဦးခေါင်းနှင့် အမြီးကို ညပ်ပါသည်။ ကျောနှင့်ရင်ကို ခွဲပါသည်။ အထဲမှ အနက်ရောင် အမျှင်များကို အနုကြည့်မှန်ပြောင်းပမာ စေ့စပ်သော မျက်လုံးများဖြင့်စေ့စပ်စွာကြည်ရင်း ဆွဲထုတ်ပါသည်။ ထို့နောက် ညှီစော်နံသွားသော လက်ကို ဆပ်ပြာနှင့် မကြာမကြာဆေးပါသည်။ (ပုစွန် သုံးကောင်ကို လက်တစ်ခါဆေးသည်။) ထိုသို့ အသေးစိတ်ရာမှ ပုစွန်ခွာခြင်းတစ်ခုတည်းဖြင့် တစ်နာရီမျှ ကြာခဲ့ဖူးသည်။ ကံကောင်းထောက်မပြီး ပုစွန်ခွာရသော အလုပ်ဖြင့် အသက်မမွေးခဲ့မိသည်ကိုတော့ ၀မ်းသာမဆုံးဖြစ်ရသည်။

ဇနီးသည်သည် ကင်းမွန်(ပြည်ကြီးငါး) အလွန်ကြိုက်သူဖြစ်သည်။ ကျွန်တော်ကတော့ လုံးဝမကြိုက်ချေ။ ဗိုက်ထဲတွင် ပလတ်စတစ်အိတ်ပါသောအကောင်မျိုးနှင့် မပတ်သက်ချင်ပါ။ ၀ယ်ခဲ့ပါဆိုလျှင်တောင် မေ့ချင်ယောင်ဆောင်ထားလိုက်သည်။

အသီးအရွက် များများစားရမည်ဟု မိခင်ကြီးကလည်းမှာသည်။ ယောက္ခမနှင့် မရီးများကလည်းမှာသည်။ ထို့ကြောင့် အရွက်မျိုးစုံဝယ်သည်။ တစ်ပတ်လုံး တစ်မျိုးမဟုတ် တစ်မျိုး ဟင်းရည်ချက်သောက်လေ့ရှိသည်။ ဟင်းရည်သောက်ရာတွင်လည်း ဟင်းရည်ချည်းသပ်သပ်သာ သောက်သုံးလေ့ရှိသည့်အတွက် ဟင်းရည်ထဲမှ အဖတ်များသာ စားလေ့ရှိသော ဇနီးသည်နှင့် အသုဘနှင့် ကွာစေ့ပမာ လိုက်ဖက်ညီချေတော့သည်။

နွားနို့နှင့်သောက်ရေ၊လိမ္မော်ရည်များ ကုန်နေသည့်အခါ NTUC fair price သို့ဝင်ရသည်။NTUC fair price (fair price မှာနာမည်နှင့်တော့ သိပ်မကိုက်ညီလှ) မှပစ္စည်းများကို ကြွပ်ကြွပ်အိတ်မယူဘဲ မိမိ၏ဈေးခြင်းတောင်းတွန်းလှည်းနှင့် ထည့်လျှင် ပြားနှစ်ဆယ်လျှော့ပေးပါသည်။ ဆိုင်မှလူများကလည်း အင်မတန်ယုံသည်။ သောက်ရေ သုံးဘူး ၁.၃၅ တန် ခြောက်ဘူးဝယ်လျှင် တစ်ဗူးသာပြရန်လိုသည်။ ကျန်တာတွေ ခြင်းထဲမှာထည့်ထားပြီး ခြောက်ဘူးဆိုလျှင် သူ့ဘာသာသူတွက်သည်။ ခြင်းထဲထည့်ထားသော ဗူးအားလုံးထုတ်ပြရန်မလိုပါ။ နွားနို့ကို Meiji low fat သောက်ရသည်။ အင်မတန်ဝသော ဇနီးသည်၏အကြိုက်အရဖြစ်သည်။ ကျွန်တော်ကတော့ ရိုးရိုးနွားနို့ပဲကြိုက်သည်။ ဒန်နီးယလ် ဂိုးမန်း၏ Ecology Intelligence စာအုပ် အရတော့ Trans Fat မပါလို့ စာတမ်းကပ်လိုက်လျှင် ပိုရောင်းရခဲ့သည်ဟုဆိုသည်။ မာဂျရင်းများမှ Trans fat ပြန်ဖယ်လိုက်ခြင်းဖြင့် တစ်နှစ်တစ်နှစ် အမေရိကန်ထောင်ဂဏန်းလောက် အသက်ချမ်းသာရာရသည်ဟုလည်းဆိုသည်။ Trans fat ကြောင့်ဒုက္ခရောက်ရအောင် မိမိသည် အမေရိကန်နိုင်ငံသားမဟုတ်ပါဟု ဆင်ခြင်မိလေသည်။

လိမ္မော်ရည်မှာ sunkist ပလတ်စတစ်ဘူး ဖြစ်သည်။ စင်ကာပူတွင် ရွေးချယ်စရာအလွန်နည်းသည်။ မနက်စောစောစီးစီး သွားတိုက်ပြီး sunkist သောက်ကြည့်လျှင် အင်မတန် အရသာဆိုးကြောင်း သင်လည်း ခံစားမိလိမ့်မည်။ ကျန်းမာရေးအရ ကော်ဖီ မသောက်ရသည့်အတွက် sunkist ကို အောင့်ခါနမ်းရသည်မှာ အတော်အောင့်နေချေပြီ။

ဈေးခြင်းတွန်းလှည်းကိုကြည့်ပြီး လူတစ်ယောက်၏စိတ်နေစိတ်ထားကို ခန့်မှန်း၍ရမည်ဟု သင်ထားပါသလား။ တစ်ချို့လူများသည် ဈေးခြင်းတောင်းကို ရပ်ကွက် အမှိုက်ပုံလို စုပြုံပစ်ထည့်သည်။ တစ်ချို့လူများက အင်မတန်စနစ်ကျသည်။ ပိုက်ဆံပေါသူများက စတီးကိုင်းနှင့် ဈေးခြင်းတွန်းလှည်းလှလှလေးဝယ်သည်။ များများဝယ်တတ်သူများက ဆိုဒ်ကြီးသော ဈေးခြင်းတွန်းလှည်းကိုတွန်းသည်။ တွန်းသည့်ပုံစံလည်းကွာသည်။ တစ်ချို့က စိတ်မပါလက်မပါတွန်းသည်။ တစ်ချို့က ပြောင်းပြန်ထားပြီး ဆွဲလာသည်။ တစ်ချို့ကလည်း ဘေးဘီမကြည့် စွတ်တွန်းသည်။ တစ်ချို့ကြတော့လည်း အထဲတွင်ကွဲတတ်သော အရာပါသည့်ပမာဖြည်းဖြည်းညင်သာတွန်းသည်။ လူတို့သည် မည်သည့်နေရာတွင်မဆို မိမိ personality ကို ဖော်ပြတတ်သည်ကို ဈေးထဲတွင် သင်လေ့လာကြည့်နိုင်သည်။

ဈေးဝယ်သော ဖက်ရှင်များကိုလည်း သင်လေ့လာနိုင်သည်။ ဆင်းရဲသော နိုင်ငံများမှ လာသူများသည် ဈေးထဲသို့လာလျှင် တပတ်နွမ်း၊နှစ်ပတ်နွမ်းများဖြင့်လာသည်။ တီရှပ်အသစ်နှင့်လာလျှင် စင်ကာပူရိရန်ဖြစ်နိုင်သည်။ ပုဆိုးနှင့်လာလျှင် ဘင်္ဂလားကုလားဖြစ်မည်။ အတော်လေးနွမ်းသော အ၀တ်နှင့်ဆိုလျှင် အင်ဒိုမိတ်ဖြစ်သည်။ စကားဗလွတ်ရွတ်တနှင့်ဈေးဝယ်နေလျှင် ဖိလစ်ပင်းမဖြစ်သည်။ ဘေးနားက ယောကျာ်းကို လိုအပ်သည်များမှာကြားနေလျှင် မြန်မာဇနီးမောင်နှံဖြစ်သည်။ အုန်းသီး ခြစ်သည်၊ ညှစ်သည်နားတွင် ၀ိုင်းအုံနေလျှင် အိန္ဒိယကုလားနှင့် အင်ဒိုကုလားများဖြစ်သည်။ အင်မတန်ထူးခြားသောသူများလည်းရှိသည်။ ထိုအန်တီကြီးကိုဈေးထဲတွင်မကြာမကြာတွေ့သည်။ တွေ့လိုက်တိုင်း ရှိုးကျလျက်။ အင်္ကျီအပြာ၊ ဘောင်းဘီရှည်အပြာ၊ ပန်းအပြာ(ပန်းကအတုတွေ)၊ မျက်လုံးအပြာ၊ လက်သည်။အပြာ စသည်ဖြင့်။ အ၀ါဝတ်ရင်လည်း တစ်စုံလုံး အ၀ါ။ သူ့သာနှင့်သူတော့ fashion ကျနေသည်။ ဈေးသွားဝယ်လျှင် သင်သည် Wet Market culture ကို ပိုမိုသိလာနိုင်သည်။

ဈေးကအပြန်တွင် ကိတ်မုန့်လေးဘာလေးဝယ်ဖြစ်သည်။ များသောအားဖြင့် မပြောင်းမလဲ swiss roll ဖြစ်သည်။

အစားအသာက်နှင့်ပတ်သက်လျှင် အင်မတန်မှ မငြီးမငွေ့စားနိုင်သည်။ မွေးသမိခင်ကြီးမှာ တစ်ထိုင်တည်း ကြေးအိုး ပွဲကြီး နှစ်ပွဲခွဲစားနိုင်သည်ကို အားကျသောကြောင့်  မိမိသည်လည်း တစ်ခါတစ်ခါ အစားများများ ကြိုးစားစားလေ့ရှိသည်။ (ယခုအထိတော့ ပွဲကြီးတစ်ပွဲခွဲကျော်ကျော်သာစားနိုင်သေးသည်။) ငယ်စဉ်က သူငယ်ချင်းတစ်ယောက်နှင့် ကြာဆံချက် ပြိုင်စားခဲ့ဖူးပြီး တစ်ထိုင်ထဲ ၆ ပွဲစားသွားသော သူငယ်ချင်းကို တစ်ထိုင်တည်း ၇ ပွဲခွဲဖြင့် အနိုင်ယူခဲ့ကြောင်း ဇနီးသည်ကိုပြောပြတော့ နောက်နေသည်ထင်ပုံရသည်။ သူ အိမ်တွင် ကြာဆံချက် ချက်သည့်အခါ ၈ ပွဲစားလိုက်တော့မှ စူစကာပုဏ္ဏားဘက်မှ တိုက်ရိုက်ဆင်းသက်လာသော အနွယ်တော်များ ကျန်နေပေသေးတကားဟု zနီးသည် ဆာတိုရီရသွားခဲ့သည်။

အသီးဆိုင်မှလည်း သစ်သီးဝယ်လေ့ရှိသည်။ ပန်းသီးအစိမ်း၊ဂရိတ်ဖရု၊ရှောက်ချိုသီး၊ နာနတ်သီး၊သင်္ဘောသီး၊ ဖရဲသီး၊ သခွားမွှေး၊ စပျစ်သီး၊စတော်ဘယ်ရီ၊ သစ်တော်သီးများဝယ်ပြီး စားတန်စား၊ ပျင်းတန်ဖျော်ရည်ဖျော်သောက်သည်။ တစ်ခွက် 3SGD တန်ဖျော်ရည်နှစ်ခွက်၏ မူရင်တန်ဖိုးမှာ 2 SGD မျှသာဖြစ်သည်။ မိမိဘာသာဖျော်လျှင် fruit juice ကို smoothe
ဖြစ်အောင်လုပ်သည့်အခါ စိတ်ကြိုက်အနေအထားရသည်။ အရောင်ကို လည်း မိမိကြိုက်သည့်အနေအထားရောက်သည်အထိ ရေထည့်လျှင်ထည့် နွားနို့ထည့်လျှင်ထည့်လုပ်၍ရသည်။ ဆိုင်များမှ တစ်နေ့သုံးခါမျှမဆေးသော blender၊၊juicers များဖြင့် စီမံသော ဒုတိတန်းစား ဖျော်ရည်များမှာ မိမိလက်ရာနှင့်ယှဉ်လျှင် အတော်ညံ့သည်ဟုထင်မိသည်။ (ထိုအရာသည် ဘ၀င်အစိတ်သားပါသော မာနဖြစ်သည်ဟု ဇနီးသည်မှထောက်ပြသည်။ တိန်။) စင်ကာပူနိုင်ငံမှဆိုင်များသည် သံပုရာရည်ပင်ဖြောင့်အောင် မဖျော်တတ်ကြပါလားဟု မကြာမကြာညည်းတွားမိသည့်အတွက် လူမြင်ကတ်ခြင်းခံရသည်။ သစ်သီး ဖျော်ရည်သောက်သုံးသူ အမျိုးမျိုးရှိနိုင်သည်။ သို့သော် မိမိ၏ရည်ရွယ်ချက်မှာ လတ်ဆတ်၍ သဘာဝကျသော အရသာ သုံးဆောင်လို၍ဖြစ်သည်။ သကြားရည်များထည့်၍ဖျော်ပေးသော သစ်သီးဖျော်ရည်များမှာ သစ်သီးဖျော်ရည်သောက်သုံးခြင်း အဘိဓမ္မာကို အင်မတန်သွေဖည်သည်ဟုထင်သည်။ ပုံမှန်အားဖြင့် အန်တီအောက်ဆီးဒင့် များများပါသည့်လတ်ဆတ်သောသစ်သီးများသည် ဖရီး ရာဒီကယ်တွေကို တိုက်ဖျက်ဖို့အတွက် အကောင်းဆုံး လက်နက်များဟုပင်ပြောနိုင်သည်။ (Detox စာအုပ်တွေမှာတော့ ဒီလိုရေးတာတွေ့ဖူးသည်။ သိပ်လတ်ဆတ်တဲ့ပဒိုင်းသီးတို့ဘာတို့တော့ မပါဘူးပေါ့ဗျာ။)သကြားရည်သောက်ချင်လျှင် ကိုကာကိုလာသောက်နိုင်သည်။ သစ်သီးဖျော်ရည်သောက်ပြီး ကျန်းမာရေးအတွက်ပါ ဆင်ခြင်လိုက်လျှင် ကျွဲကူးရင်း ရေရော ကန်းစွန်းရွက်ပါ ပါလာသလိုဖြစ်နိုင်သည်။ ထို့ကြောင့် သစ်သီးဖျော်ရည်များကို သဘာဝအတိုင်း အရသာရှိစွာ သောက်သုံးချင်လျှင် အချိန်အနည်းငယ်ပေး၍ ပြင်ဆင်ဖို့လိုအပ်သည်။မိမိစိတ်ကြိုက်ဖျော်ရည်တစ်ခွက်ကို မိမိဘာသာ ပြင်ဆင်ရသည်မှာ အနုပညာ မြောက်သော လုပ်ဆောင်ချက်တစ်ရပ်ဟု ခံစားရသည်။

အကယ်၍ သင့်ဘ၀တွင် တစ်ကိုယ်တော် ဈေးဝယ်ထွက်ခြင်း အတွေ့အကြုံမရှိသးပါက လာမည့် ၀ိကန်းဒ်စ်(weekends) တွင် စတင်၍ အကျင့်လုပ်ကြည့်စေချင်သည်။ သို့မဟုတ်ပါက အစားအသောက် ဈေးဝယ်ထွက်ခြင်းသည် ပျော်စရာကောင်းသော အပန်းဖြေလုပ်ငန်းတစ်ခုဖြစ်သည်ဟုဆိုလျှင် သင်နားလည်နိုင်မည်မဟုတ်ပါ။

ခေါင်းစဉ်သည် ပို့စ်နှင့်လားလားမျှမဆိုင်ပါ။ ထိုသို့မဆိုင်ရခြင်းမှာ ကျွန်ုပ်သည် ကွန်တမ်ပရာရီဆန်နေအောင် တမင်အားထုတ်ခြင်းလည်းမဟုတ်ရပါ။ ဈေးဝယ်ခြင်းမှ ရနိုင်သော ရသများကို အရင်းအတိုင်း တင်ပြလိုက်ခြင်းသာဖြစ်ပေသည်။

Regards,
The Gardener, တနင်္ဂနွေနေ့ဈေးသွားပေးနေသည့် househusband
(အင်မတန်မှ ဂုဏ်ယူဝံ့ကြွားဟန်ဖြင့် နှုတ်ခမ်းတွန့်ပြုံး၊ သွားမှ တွင်န်ခနဲ အရောင်လက်သွားသည်ဟု မှတ်ယူလိုက်ရန်)

Notes:
ဈေးသွားပေးနေသည့် ဖြစ်ပါသည်။
မိမိသဘောဖြင့် ဈေးသွားပေးနေရသည့် ဆိုပြီး ရကောက်တစ်လုံး ဖြည့်မဖတ်ပါနှင့်။




Peace B with U.

Thursday, December 1, 2011

စိတ်ချမ်းသာရေးအတွက် Tips and Tricks

စိတ်ချမ်းသာရေးအတွက် Tips and Tricks

အသက်ကတော့ တစ်နှစ်ထက်တစ်နှစ်ကြီးလို့လာပါပြီ။
ဘာလိုလိုနဲ့ ဒီ blog မှာ မြင်တွေ့သိရှိနေကြတာသုံးနှစ်ကျော်သွားပြီ။
ဒီမှာတော့ ကတ္တရာပုံးထဲဝင်ထိုင်နေတဲ့ကျွဲမည်းမည်းကြီးတွေလို လေးနက်တဲ့ခေါင်းစဉ်ကြီးတွေ တကယ်ကို မရှိတာအသေအချာပါပဲ။

ကြီးလာလေ ပေါ့ပါးတာတွေစိတ်ဝင်စားလာလေပဲ။ ခေါင်းကလည်းမကောင်းတော့ဘူး။
ကလေးတွေဖတ်ဖို့ ရေးတာ လာဖတ်တဲ့လူကြီးတွေရှိရင်လည်း ကလေးတွေဖတ်ဖို့ရေးတာလို့ နှလုံးသွင်းပြီးဖတ်ပါ။ နှလုံးသွင်းမှန်ဖို့လိုပါတယ်။ ဘောလုံးပွဲမှာတော့/နှစ်လုံးသွင်း/ တယ်ဆိုရင် 2-0 နဲ့နိုင်တာပါပဲ။ နှလုံးသွင်းမှန်တယ်ဆိုတာ ဘာသာရေးစကားအရဆိုရင်တော့ စိတ်ထားမှန်မှန်ထားနိုင်တာပါပဲ။ ထူးထူးခြားခြားမဟုတ်ပါဘူး။ စိတ်ကောင်းကောင်းထားပြီး၊ သာသာယာယာနေတာကိုပဲ နှလုံးသွင်းမှန်တယ်လို့ခေါ်လို့ရပါတယ်။ ကိုယ့်ကြောင့်ဘယ်သူမှမထိခိုက်ဘူးဆိုရင် လမ်းပေါ်မှာ ကပြီးပြေးနေလည်း တင့်တယ်တာပါပဲ။

လူတွေဟာ အသက်ကြီးလာရင် အသက်ရဲ့ တားဆီးမှုကိုခံရတယ်။
သိပ်မပေါနဲ့ အသက်ကိုလည်းကြည့်ဦးဆိုတဲ့ ကိုယ့်ရဲ့စိတ်က ပြန်ပြန် ဆရာလာလုပ်နေတာကို အတော်တွန်းလှန်ရမယ်။ အမှန်က အသက်ကြီးလာလေ၊ သဘာဝကျကျနေဖို့ကောင်းလေပဲ။ မြက်ခင်းပေါ်မှာ ငယ်တုန်းကလှဲချပြီး အိပ်နေသလို၊ တစ်ခါတစ်လေ အဆင်ပြေတဲ့မြက်ခင်းရှာပြီး လှဲအိပ်ပါ။ ပိုက်ဆံပေါရင် စင်ကာပူ ဂေါ့ဖ်ကွင်းမှာဖြစ်ဖြစ်သွားလှဲနေပါ။ ပါးစပ်မဟထားမိရင် ပိုအဆင်ပြေနိုင်ပါတယ်။

အပိုတွေမလုပ်နဲ့တော့။ ဟန်ဆောင်ပန်ဆောင်တွေ လုပ်မနေနဲ့။ အသက်ကြီးလာပြီ။ ကိစ္စနည်းအောင် အပိုမလုပ်တာကောင်းတယ်။ လူမှုရေးကိစ္စတွေသိပ်အများကြီးလုပ်မနေနဲ့။ ကိုယ့်ဘာသာကိုယ် အေးအေးနေတတ် အောင်လုပ်ထားတာကောင်းတယ်။ သူငယ်ချင်းတွေကို ခင်တယ်ဆိုတာလည်း သူတို့မရှိရင် မဖြစ်ဘူးဆိုတာမျိုး မဖြစ်အောင်သတိထားဖို့လိုမယ်။ တစ်ယောက်တည်းလည်းအဆင်ပြေပြေ မပျင်းမရိနေနိုင်ရင်ကောင်းတယ်။ အချိန်ကို တန်ဖိုးရှိရှိအသုံးချပါ။ charity အလုပ်တွေလုပ်ပါ။ မလုပ်နိုင်ရင် လုပ်နေတဲ့သူတွေကို အားပေးပါ။

သတင်းတွေ တော်ပါတော့။
အဲဒီသဘောထားကို ငယ်တုန်းကတော့ ဆန့်ကျင်ခဲ့တယ်။ တကယ်တမ်းပြန်စဉ်းစားတော့ ကျွန်တော်တို့ဖတ်ခဲ့တဲ့သတင်းစာတွေ နည်းမှမနည်းဘဲ။ ဘာအသုံးကျလဲဆိုရင် ဘာမှအသုံးမကျဘူး။ အခုလည်း နေ့တိုင်းလည်းဖတ်နေတာပဲ။ ပြန်စဉ်းစားကြည့်တော့ သတင်းတွေ ဒီလောက်မလိုတော့ဘူး။ သတင်းတွေ များများသိတာဟာ စိတ်ချမ်းသာဖို့ အထောက်အကူမပြုလှဘူး။ စိတ်ဝင်စားစရာ သတင်းဟာလည်း စိတ်ထဲ အမှိုက်ပွရုံပဲ။ သတင်းတွေကို လျှော့ပြီး စိတ်ကို အလွတ်အတိုင်းလေးထားဖို့လည်း ကြိုးစားသင့်တယ်။

အချိန်တွေဘယ်မှာကုန်နေလဲ။
အဲဒါကတော့အတော်လေး အရေးကြီးတယ်။ ကျွန်တော်ကတော့ အားလပ်ချိန်ရဲ့သုံးပုံတစ်ပုံကို Temple Run Game မှာပြေးနေတာ တစ်ပတ်ရှိပြီ။ နောက်ဆုံး point 5 သန်းတစ်ခုပဲ နိုင်စရာကျန်တော့တယ်။ မနေ့ည ၄.၅ သန်းရပြီဆိုတော့ ဒီတစ်ပတ်ကုန်ရင် ဂိမ်းဆော့စရာအချိန်လည်းသိပ်မလိုတော့ဘူး။ ပိုလာတဲ့အချိန်တွေကို အပြင်မှာ တကယ်ပြေးမလားလို့စဉ်းစားရင်း မောမောနေတယ်။ ဘာပဲဖြစ်ဖြစ် အချိန်ကို စီမံခန့်ခွဲနိုင်တာဟာ တစ်သက်လုံးသင်ယူရမယ့်အရာပါပဲ။ General Rule ကတော့ စိတ်ချမ်းသာတဲ့နေရာမှာ အချိန်များများသုံးထား။ ရုတ်တရတ် ခေါက်ခနဲသေတဲ့အခါကြရင် အင်မတန် တာသွားမယ်။

စိတ်ထားကောင်းတယ်ဆိုတာက လုပ်ယူလို့ရသလားမရသလားတော့မသိဘူး။ စိတ်ထားကောင်းတဲ့လူအများစုက ပင်ကိုယ်ကောင်းတာ။ စိတ်ထားပင်ကိုယ်မကောင်းတဲ့သူတွေကြတော့လည်း အော်ဆိုးတာ။ (အော်ရီဂျင်နယ်ဆိုးတာ)။ ကလေးတွေတောင်မှ မုန့်ကျွေးပြီး ပြန်တောင်းလို့ရတဲ့ကလေးဆိုမှ စိတ်ထားကောင်းတယ်။ ပြန်မပေးတဲ့ကလေးဆိုရင် မွေးရာပါ တွန့်တိုတဲ့ကလေးတွေ။ အဲဒီလိုကလေးတွေတွေ့ရင် မုန့်ကို ပြန်လုလုမိနေတတ်တယ်။

အချိန်ပိုထားပါ။ အချိန်ဆိုတာ စိတ်ချမ်းသာဖို့ နည်းနည်းတော့ အပိုရှိမှဖြစ်မယ်။
အလုပ်ကို ၁၂ နာရီလောက်လုပ်ရတဲ့အခါ လူက ကိုယ့်ဘာသာကိုယ်သိချင်လည်းသိမယ်၊ မသိချင်လည်းမသိဘူး။ စိတ်ကတော့ အတော်လေး ပင်ပန်းသွားပြီ။ လူဆိုတာ မွေးရာပါ သဘာဝတရားကိုကြိုက်တယ်။ အခု အလုပ်လုပ်ကြတဲ့ အနေအထားဟာ အတော်လေးကို သဘာဝနဲ့ဆန့်ကျင်တယ်။ ကိန်းဂဏန်းတွေ၊ အတိုင်းအထွာတွေ၊ အချက်အလက်တွေကို အာရုံပြုရလွန်းတယ်။ လူ့သဘာဝအရ ဒါတွေကို လုပ်ချင်တာမဟုတ်ဘူး။ ပိုက်ဆံရဖို့သာလုပ်ကြရတယ်။ တစ်နည်းအားဖြင့် စိတ်ကို လှည့်ဖြားထားပြိး ညာခိုင်းနေရတာ။ စိတ်ပါလက်ပါ လုပ်နိုင်တဲ့အချိန်အပိုင်းအခြားကို ကျော်လာပြီဆိုရင် စိတ်ကိုက လေလာတယ်။ မပြီးလို့မဖြစ်ဘူးဆိုလို့သာ ဖျစ်ညှစ်လုပ်ရင်းနဲ့ tension များလာတတ်တယ်။ အချိန်မီမလျှော့ရင် ဇက်ကြောတက်မယ်။ မျက်လုံးကိုက်မယ်။ စိတ်ရော လူပါ အညောင်းမိမယ်။ စိတ်တိုလာမယ်။ ကမ္ဘာမှာ အလုပ်များများပိုလုပ်တဲ့သူက ပိုက်ဆံများများပိုရတာမဟုတ်မှန်း ကျွန်တော်တို့သိကြတာကြာပြီ။ ဒီအလုပ်ကိုပဲ ပိုက်ဆံပိုပေးတဲ့ နေရာမှာပိုပေးပြီး လျှော့ပေးတဲ့နေရာက လျှော့ပေးတယ်။ I.T သမားတွေဟာ ကြွယ်ဝချမ်းသာဆိုတဲ့နေရာကို ရောက်သွားနိုင်တဲ့သူ အရှားဆုံး အသက်မွေးဝမ်းကြောင်းဖြစ်တယ်။ လူတန်းတောင် စေ့တဲ့သူစေ့တယ်။ မစေ့တဲ့သူမစေ့ဘူး။ အလုပ်ချိန်ကြတော့ နှစ်ဆပိုများတယ်။ အဲဒီလို ဘ၀တူတွေကို အင်မတန်စာနာပါတယ်။ အနားယူပါ။ အနားယူတယ်ဆိုတာ လူ့သဘာဝရဲ့ လိုအပ်ချက်ပဲ။ ခရီးသွားပါ။ စိတ်ကို အလုပ်ကနေ လုံးဝခြားနားတဲ့နေရာတစ်ခုကို ခေါ်သွားပါ။ ဥပမာ၊ အိမ်ပြန်လို့မရသေးရင် facebook က home ကို အကြိမ်တစ်ရာလောက် နှိပ်ကြည့်ပါ။ စိတ်ပြေလက်ပျောက်ပေါ့။

စိတ်ချမ်းသာနေတာဟာ လူ့သဘာဝ

တစ်ခါတစ်လေ စိတ်ချမ်းသာနေတယ်။
ဒါပေမယ့် အဲဒီအချိန်မှာ ဘာကိုမှ ခံစားနေတာမရှိဘူး။ ဘာမှ မလုပ်ရဘဲ စိတ်ချမ်းသာနေတာ။ အဲဒီအချိန်မှာ ဘာမှလည်း မလိုချင်ဘူး။
အဲဒီချမ်းသာနေတဲ့စိတ်ကို ကြည့်ပြီးတော့ တကယ်စိတ်ချမ်းသာနေတဲ့အချိန်မှာ ဘာကိုမှ လိုချင်စိတ်မရှိပါလားဆိုတာကို လေးလေးနက်နက်သဘောပေါက်သွားတယ်။ (စိတ်ချမ်းသာဖို့လိုရင်းပါ။ pg. 65)

ကျွန်တော်သဘောပေါက်သွားတာမဟုတ်ပါဘူး။ ဆရာတော် သဘောပေါက်သွားတာပါ။


Regards,
The Gardener

Notes:
ပြီးခဲ့တဲ့အပတ်က သူငယ်ချင်းတစ်ယောက်နဲ့တွေ့တယ်။
မင်းကြည့်ရတာ အတော်အားနေပုံပေါ်တယ်။
ပို့စ်တွေ နေ့တိုင်းရေးနေတယ်ဆိုလို့၊ မအားလည်းရေးပါတယ်။ စိတ်ချမ်းသာတဲ့သူတွေများအောင် စိတ်ချမ်းသာစရာတွေများများရေးပါတယ်ဆိုပြီး ပြန်ပြောခဲ့သေးတယ်။ လူတွေစိတ်ချမ်းသာတာဟာ စိတ်ဆင်းရဲနေတာထက် အများကြီးပိုကောင်းပါတယ်။

စာတစ်ခုကို ငါးမိနစ်ခွဲလောက်ဖတ်ပြီးလို့မှ အချိန်ကုန်တာပဲ အဖတ်တင်တယ်ဆိုရင် မဖတ်တာကောင်းပါတယ်။ ကိုယ့်ဘ၀ကြီးရဲ့ အဖိုးတန် ငါးမိနစ်ကို ပိုပြီး စိတ်ချမ်းသာစရာကိစ္စတစ်ခုမှာ ပျော်ပျော်ကြီးသုံးလိုက်ရတာကမှပိုတန်ပါဦးမယ်။ စိတ်ချမ်းသာစရာတွေကို ပိုပြီး စိတ်ဝင်စားရတာက အလုပ်မှာစိတ်ပင်ပန်းတဲ့သူတွေ ဖတ်လိုက်ရင် စိတ်သက်သာအောင်ပါ။

အနည်းဆုံး စိတ်ချမ်းသာဖို့ကို တစ်နေ့ကို တစ်နာရီလောက် အချိန်ပေးပါ။ အဲဒီတစ်နာရီမှာတော့ ကိုယ်စိတ်ချမ်းသာဖို့ ကိုယ့်စိတ်နဲ့ကိုယ်နေပါ။ ဒီလိုမှမဟုတ်ရင် ဘ၀ပျောက်သွားလိမ့်မယ်။ ဘ၀တော့ရှိတယ်၊ တခြားသူတွေအတွက်ပဲနေပေးလိုက်ရတဲ့ဘ၀ဖြစ်သွားရင် လူဖြစ်ရှုံးတယ်ခေါ်ရမယ်။

လူဖြစ်ရှုံးတယ်ဆိုတဲ့စကားလုံးကို အတော်ကြောက်စရာကောင်းတယ်။

လူဖြစ်မြတ်ကြပါစေ။ လူဖြစ် အရင်းပြန်ရကြပါစေခြင်းအကျိုးငှာ ...............။

Regards,
Zephyr

Adsense ထည့်လိုက်ပါတယ်။ အဲဒီအတွက် ဘေးနားမှာ တခါတလေ ကြော်ငြာတွေပေါ်ပါမယ်။ စိတ်ဝင်စားတဲ့ကြော်ငြာတွေကို ကလစ်ခေါက်တော်မူနိုင်ပါတယ်။ စိတ်မ၀င်စားတဲ့ကြော်ငြာတွေကိုလည်း စေတနာဗလပွထားပြီး ကလစ်ခေါက်သွားပေးဖို့မလိုပါဘူး။ ကိုယ်တိုင်ကလည်း ဗျစ်တရှမဟုတ်တဲ့အတွက် မျိုးချစ်စိတ်တခွဲသားကြီးနဲ့ ဗျစ်တရှလို ရေးဖို့ မကြိုးစားမိပါဘူး။ ပို့စ်ထဲမှာလည်း အင်္ဂလိပ်စာလုံး အနည်းငယ်ပိုအသုံးပြုမိဖို့ ကြိုးစားမယ်လို့လည်း /သံနိတ်ထန်/ မချထားပါဘူး။

ငြိမ်းချမ်းသောနေ့ဖြစ်ပါစေ။



Peace B with U.

Wednesday, November 30, 2011

dreams

dreams ...inside dreams...
sometimes two-layer, sometimes three.
I often dreamed multilayered dreams now and then
Outside of a dream also can be inside of another dream.
The dream we love can be bounded by another dream we hate.
Life is like a series of dreams woven nicely or sadly.
We don't know what is the reality. To simplify the statement, we cannot differentiate what is the reality in the dream and what will be outside these dreams. Will there be a big dream that can swallow up the big reality we believed in? Living seriously in the dreams make us dreamers. Dreamers never rethink about the reality again. Realities in dreams also are virtualities in deed. We cannot avoid these kinds of dreams and dream-related pains.

We are happy when we escaped from a bad dream. Actually, the bad dream is a piece of a reality, although we feel safe inside the dreams, may be hypothetically.

Do we really want to escape from dreams though they are the best places for us to be relaxed and peaceful. Parallel realities are around us. Gigantic Dreams are evolved day after day to make us safe as we wish. The best dream can be our aim. Realities are not that important to the dreamers.

Waking up from series of dreams makes me think I am still inside a big dream.
This is my problem.
Indecisive, confused ....
but ....
still in peace as a dreamer.


(Zephyr)

Notes:
My FB status,
quite long huh?
or
duh quite long really.. :P



Peace B with U.

Tuesday, November 29, 2011

ပူဖောင်းမှုတ်ခြင်းအနုပညာ

ပူဖောင်းမှုတ်ခြင်းအနုပညာ


အတော်ခမ်းနားတဲ့ခေါင်းစဉ်ပဲ။

ပူဖောင်းဆိုတာ ကျွန်တော်တို့ငယ်ကတည်းက ဆော့လာကြတဲ့ လေမှုတ်ပူဖောင်းတွေဖြစ်ပါတယ်။
အသက် ၃၀ ပြည့်ခါနီးအထိ ဘ၀မှာ ကျောင်းသားအသစ်လိုဖြစ်နေတုန်းပဲ။ အခုလည်း ပူဖောင်းမှုတ်နေပါသတဲ့။

ပူဖောင်းတွေကို မှုတ်ကြည့်ရင် အတိုင်းအတာကိုသိရတယ်။
သူ့ရဲ့ maximum အရွယ်အစားအထိမှုတ်လိုက်ရင်၊ မကြာခင်မှာပဲ ပေါက်တာပဲ။
သူကြုံ့နိုင်၊ဆန့်နိုင်ဖို့ နေရာနည်းနည်းချန်ထားပေးရတယ်။
အဲဒီလို ချန်ထားရင် ပူဖောင်းကတော့ နည်းနည်းသေးသွားမယ်။
ပိုပြီး ကြာကြာထားလို့ရမယ်။

အချင်း ကုလားမတို့ ... အဲလေ.. ကာလာမတို့ ..........၊ အဲဒါကလည်း သိပ်မဆီလျော်ဘူးနော်။ အို အေသင်တိုင်းသူပြည်သားတို့ ... (ဒါကလည်းမနိပ်ဘူး။) အို အောဖလိမြို့သားတို့ ..... ( ပရောဖတ်သိပ်ဆန်နေတယ်)....

ထားလိုက်ပါတော့ ... စကားဦးသန်းလို့မရတဲ့အတူ .... တဲ့တိုးပြောလိုက်တာကောင်းပါတယ်။

ဘ၀မှာလည်း ပူဖောင်းလိုပါပဲ။ ကိုယ့်ရဲ့ တစ်နေ့တာ အချိန်တွေကို အပြည့်အသိပ်လုပ်လွန်းရင် ပေါက်ထွက်ကုန်မယ်။ အလုပ်ဆိုတာ ဒီနေ့နောက်ဆုံး မဟုတ်သေးဘူး။ (မနက်ဖြန် ပင်စင်ယူတော့မယ့်သူတွေ မဖတ်မိပါစေနဲ့) နောက်လည်းလုပ်ရဦးမှာ။ နည်းနည်းလေး နေရာလွတ်လေးပေးပါ။ စိတ်ကို နည်းနည်းလေး သက်သက်သာသာထားပါ။ စိတ်သက်သာအောင်ထားပါဆိုမှ အလုပ်မှာ အချောင်ခိုမယ်ဆိုတဲ့ တလွဲဆံပင်ကောင်းတွေကိုလည်း အချောင်ခိုဖို့မတိုက်တွန်းတဲ့အကြောင်းထပ်လောင်းပြောချင်ပါတယ်။ အထူးသဖြင့် အလုပ်သိပ်များနေပြီး အိမ်မက်ထဲမှာပါ အလုပ်တွေ ရောက်နေပြီဆိုရင်တော့ အိုဗာတိုင်ကြေးမရဘဲ စိတ်က overused ဖြစ်နေပြီဆိုတာကို သတိပြုမိသင့်ပါပြီ။ ရောဂါတွေ အလုပ်က ရလာရင် အလုပ်ကပေးထားတဲ့ပိုက်ဆံနဲ့ ပြန်ကုလို့ လောက်ချင်မှလောက်ပါလိမ့်မယ်။ အဲဒါကို သေချာစဉ်းစားပါ။

ပူဖောင်းကို အပြည့်မှုတ်ထားတဲ့လူတွေအတွက် ဆရာတော်ရဲ့စကားတစ်ခွန်းရှိပါတယ်။ များများလုပ်ရင် မြန်မြန်သေမယ်တဲ့။ အတော်လေးရှင်းပါတယ်။ ကိုယ့်ရဲ့ရွေးချယ်မှုနဲ့ Lifestyle ဟာ ကိုယ့်ရဲ့ သက်တမ်းကို ပြဌာန်းနိုင်ပါတယ်။

အလုပ်ကို လုပ်ရင်လည်း ပျော်ပျော်ရွှင်ရွှင်လုပ်ပါ။
အလုပ်ဆင်းရင် အလုပ်အကြောင်းမပြောပါနဲ့။
အလုပ်အကြောင်း များများပြောတဲ့သူဟာ ဘ၀မှာ အတော်အရှုံးကြီးရှုံးနေတဲ့သူဖြစ်ပါတယ်။
လုပ်ရတာသိပ်ဝါသနာပါလွန်းလို့ပြောတာဆိုရင်တောင် နားထောင်ရမယ့်လူရဲ့ အရိပ်အကဲကိုကြည့်ပြီး သင့်ရုံလောက်ပြောပါ။ လူတိုင်းမှာ အချိန်နည်းနည်းပဲရှိတယ်။

တစ်နေ့တစ်နေ့ ၁၁ နာရီ ၀န်းကျင်လောက် ရုံးမှာသုံးပြီးပြီ။
ကျန်တဲ့အချိန်တွေကို ရုံးကိစ္စမဟုတ်တဲ့ စိတ်ချမ်းသာတဲ့အလုပ်တွေ၊ ကုသိုလ်ရပြီး ပျော်စရာကောင်းတာတွေမှာ သုံးမယ်ဆိုရင် အသက်ကြီးလာလေလေ စိတ်ချမ်းသာလေလေဖြစ်နိုင်မှာအမှန်ပါပဲ။

အခုတလော စင်ကာပူရုံးတွေမှာ ယောဂတွေဘာတွေ ရုံးအဆင်းမှာ သင်တန်းပေးတယ်။ ပေးတာကလည်း တခြားနေရာဟုတ်ရိုးလား။ Cubicles တွေဘေးတင်လေ့ကျင့်ရတာ။ တော်တော်မဆီလျော်တဲ့ အိုင်ဒီယာပဲ။ တကယ်ဆိုရင် ရုံးကလူတွေကျန်းမာစေချင်ရင် ရုံးစောစောလွှတ်ပြီး သူ့ဘာသာသူ ယောဂသင်တန်းတက်ပစေပေါ့။ အခုတော့ ရုံးမှာကလည်း သေမတတ်ပင်ပန်းတဲ့သူဆိုရင် ယောဂကလည်းပင်ပန်းနဲ့ စောစောသေဖို့ရှိတယ်။

စင်ကာပူမှာ Depression rate မြင့်လာတာဟာလည်း အဲဒီ ရုံးချိန်တွေ များလွန်းတာကြောင့်ပါပဲ။ အတုခိုးမှားပြီး အလုပ်ပဲလုပ်ဖို့မွေးလာတဲ့ဂျပန်ကို အတုခိုးတော့ MRT ကအစ ဂျပန်ဆန်ဆန်ကြပ်လာပြီး၊ အလုပ်ချိန်ကတော့ ဂျပန်နဲ့တန်းတူဖြစ်လာပါတယ်။ ကလေးမွေးဖွားနှုန်းကျတာလည်း ထပ်တူပဲ။ ဂျပန်ရဲ့တစ်ဝက်လောက်ပဲ လစာပေးနိုင်တာကတော့ အတော်လေး ရှော်တဲ့ကိစ္စပါ။

အခုဆိုရင် ရှေ့နှစ်မှာ စီးပွားရေးတွေနှေးမယ်၊ အကျအရှုံးရှိမယ်ဆိုတာတွေကို ထိန်းချုပ်ဖို့ MAS ကို အလေးထားလုပ်နေတာတွေ့ရပါတယ်။ မနေ့က လီးရှန်းလွန်းရဲ့စကားမှာလည်း ကြိုးစားကြမယ်လို့တော့ပြောပါတယ်။ မထိခိုက်ဘူးလို့တော့ သူလည်း အာမမခံနိုင်ပါဘူး။ ကမ္ဘာ့စီးပွားရေးနဲ့ တိုက်ရိုက်ဆက်စပ်နေတာမဟုတ်တဲ့အတွက် အဆုံးအရှုံးကို ခန့်မှန်းလို့မရသေးပါဘူး။ သေချာတာကတော့ ရှေ့နှစ်ဟာ ပျော်စရာစီးပွားရေးနှစ် မဖြစ်ဖို့များတယ်ဆိုတာပါပဲ။

အဲဒါတွေကို သိထားပြီး စိတ်အေးလက်အေးနဲ့ လုပ်စရာရှိတာကိုလုပ်ဖို့ပါပဲ။ အချိန်တန်ရင် company လည်းပျက်ချင်ပျက်မယ်။ ကိုယ့်မှာ ရုံးကြောင့် ရောဂါမရဖို့ ပူဖောင်း သိပ်အကြီးကြီး မမှုတ်မိဖို့ သတိပေးရင်း နိဂုံးချုပ်ပါတယ်။

ကျန်းမာရေးဟာ အရေးကြီးပါတယ်။ စိတ်ချမ်းသာရေးဟာ ကျန်းမာရေးထက်ပိုပြီးအရေးကြီးပါတယ်။ လစာဟာ အဲဒီအရာနှစ်ခုရဲ့ နောက်မှာပဲ အမြဲ အရေးကြီးသင့်ပါတယ်။

Rule No1: စိတ်ချမ်းသာရေးနဲ့ ကျန်းမာရေးကို လခနဲ့မလဲပါနှင့်။

Regards,
The Gardener


Notes:

Anti-926
၉ နာရီကနေ ၆ နာရီ အလုပ်ချိန်ကို ဆန့်ကျင်သူ။
၁၀ နာရီကနေ ၅ နာရီ အလုပ်ချိန်ကို ထောက်ခံသူ။

Work hard is not as valuable as work smart.
Longer work hours doesn't mean your company is progressing, booming but it just means the staffs' life-span is constantly decreasing according to the extra work hours.



Peace B with U.

Monday, November 28, 2011

Alicia Keys can lead to ပဲအိုး 2။

Alicia Keys can lead to ပဲအိုး 2။





ဂီတ၌နစ်မြောနေ။
Zနီးသည်မှ ပဲအိုးကြည့်ထားရန်မှာသွား။
ခေါင်းညိတ်ပြလိုက်။

Alicia keys အသံသည် jazz ပီယာနိုနှင့် လိုက်ဖက်။
R&B များတကျော့ပြန်နားထောင်နေ။
လွင့်မျောနေသောစိတ်များ၊
လွင့်မျောနေသော သိခြင်းတရားများ၊
လွင့်မျောနေသော ခံစားချက်ရသများ .........။
တုန့်ခနဲအရပ်။

မီးဖိုချောင်သို့
အပြေးတပိုင်းဝင်။

တူးတတ်သောအရာသည် တူးလေ့ရှိကြသည်တကား။

မျက်နှာတွင် ချိုမပေါသော်လည်းကြံဖန်ပြီး
မျက်နှာချိုသွေး၊
လေသံကိုပျော့ပြောင်းချိုသာစွာထား၊

မိန်းမရေ ... ပဲအိုးတူးသွားတယ် ကွာရ်။ ။

Rule No1:။ ။ ဟင်းအိုးကြည့်နေစဉ် သီချင်းနားမထောင်ပါနှင့်။ အထူးသဖြင့် R&B

Regards,
The Gardener
(ချာပါတီစားသုံးသူနှင့် ပဲအိုးစောင့်ကြည့်လေ့လာသူ)

Notes: ကွယ်လွန်သူမိခင်ကြီးအားသတိရ။ သူသည်လည်း 26060။ တူး ဝေေ၀။ ဟင်းချက်လျှင်တူးပြီး၊ ထမင်းချက်လျှင်ဝေသည်။ ငါသည်လည်း မျိုးရိုးဂုဏ်စောင့်ထိန်းသူပေတကား။ ပဲအိုးလျှင်တူးပြီး၊ နွားနို့လျှင် ဝေစေအံ့။



Peace B with U.

Friday, November 25, 2011

အဟဲ .. ရေသန့်ဗူးတော်သို့ ဖူးမျှော်မိခြင်း

အဟဲ .. ရေသန့်ဗူးတော်သို့ ဖူးမျှော်မိခြင်း



တနလာင်္နေ့ကနေ သောကြာနေ့အထိ ပျော်ရွှင်မှုဟာ အစဉ်အတိုင်းကြီးထွားလာတာ ဘာကြောင့်လဲ။ (ပျင်းလို့နေမယ်။)
ဘယ်ခေတ်ဘယ်အခါမှနဲ့မတူအောင်ပါပဲ၊ မြန်မာပြည်ဟာ ကမ္ဘာကို ထူးခြားဆန်းပြား ရေသန့်ဗူးများကို ဖြန့်ဖို့ စတင်ကြိုးစားနေခဲ့ပါပြီ။ (အဆန်းတွေချည်းပဲ။)

ဒါမျိုးတွေ ကျွန်တော်တို့ကျောင်းတက်တုန်းကလည်းရှိခဲ့တယ်။ ကျောင်းက သန်လျင်မှာတက်ရတယ်။ ကျောက်တန်းက ဥယျာဉ်ရွာက အိမ်တစ်အိမ်မှာ အလင်းရောင်ကနေ ရွှေတိဂုံစေတီပုံလည်းပေါ်တယ်။ ကျိုက်ထီးရိုးစေတီပုံလည်းပေါ်တယ်။ ဂျာနယ်ထဲမှာတော့ နှစ်ခါလောက်ပါလာတယ်။ အဲဒီတုန်းက ကျောက်တန်းမှာနေတဲ့ သူငယ်ချင်းနဲ့ အဲဒီရွာဘက်သွားဖို့ စီစဉ်ထားပေမယ့် မသွားဖြစ်လိုက်ဘူး။

မန္တလေးမှာလည်းရှိတယ်။ စေတီပုံပေါ်တာ။ အရင်ကတည်းက အနည်းနဲ့အများတော့ ရှိတယ်။

အခု ရေသန့်ဗူးကို နေပူချိန်မှာ သောက်ရမှာလား၊ ကန်တော့ရမှာလားဆိုတဲ့ ကြီးမားတဲ့ပြဿနာကို တွေ့ရှိရဖို့ရှိပါတယ်။ စွယ်တော်ပင့်လာလို့ စွယ်တော်ရွက်ပုံပေါ်တာဆိုရင် အတော်လေးကို နိမိတ်ပုံဆန်တဲ့တန်ခိုးပြသမှုလို့ဆိုရပါမယ်။ မြန်မာနိုင်ငံသားများမို့လို့(မူကွဲ၊ မလို့) ခန့်မှန်းဖော်ထုတ်နိုင်တယ်လို့ယူဆပါတယ်။ အစဦးဆုံးတွေ့ရှိသူကို စီးပွားရေးဆိုင်ရာ နိုဗယ်ဆုအတွက် nominate လုပ်ဖို့ကောင်းပါတယ်။ တကယ်လို့ စွယ်တော် ရေသန့်ဗူးတွေ ကမ္ဘာကို ဖြန့်ချိနိုင်ရင် တိုင်းပြည်ရဲ့ဝင်ငွေ နှစ်ဆတိုးဖို့ရှိပါတယ်။

အင်မတန်အံ့သြမိတာက တန်ခိုးပြာဋိဟာ နဲ့ပတ်သက်ရင် သက်တော်ထင်ရှားရှိစဉ်ကတည်းက အားပေးတော်မမူတဲ့ ဘုရားရှင်ဟာ ဓာတ်တွေမွေတော်တွေကြမှ တန်ခိုးပြစေလို့တော့ အဓိဌာန်ခဲ့မှာမဟုတ်ဘူးလို့ထင်မိပါတယ်။ ဖတ်ဖူးတာကတော့ သက်တမ်းတိုလာတဲ့အတွက် နောက်ပိုင်းဝေနေယျတွေကုသိုလ်ပိုရဖို့ ဓာတ်တွေမွေတော်တွေကို တစ်စုတစ်စည်းမချန်ရစ်စေဘဲ ပိုပိုသာသာလေး ချန်ထားပေးခဲ့တယ်ဆိုတာပါပဲ။ အဲဒီဓာတ်တွေမွေတော်တွေစုစည်းပြီးတည်ထားတဲ့ စေတီတစ်ဆူစီဟာ ဘုရားရှင်တစ်ပါးအနေနဲ့ကိုယ်စားပြုပါတယ်။ အဲဒါကြောင့်လည်း ရည်စူးကုသိုလ်တွေမှာ ဆူးလေစေတီကို လှူမယ့်ဝတ္ထုကို ရွှေတိဂုံစေတီပြောင်းမလှူကောင်းဘူးဆိုတာတွေဖြစ်လာတာပါ။

ထေရ၀ါနဲ့ပတ်သက်ရင် လောလောဆယ်မှာ မြန်မာပြည်က စူပါအနေအထားမှာရှိပါတယ်။ ဓာတ်တော်တွေ၊ စွယ်တော်တွေ နဲ့ပတ်သက်ရင်လည်း အခုအချိန်မှာ မြန်မာပြည်မှာ အများဆုံးလောက်ရှိပါတယ်။ ရဟန္တာတစ်ထောင်ရဲ့ဓာတ်တွေတွေစုထားတဲ့စေတီဆိုတာများတွေလည်း မြန်မာပြည်မှာရှိပါတယ်။ တရုတ်ပြည်က စွယ်တော်ပင့်ရတယ်ကြားရင် ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ မိုးကုတ်ဆရာတော်ကြီးအကြောင်းကို သတိရပါတယ်။

ဆရာတော်ကြီးက သူ့တကာမ/တကာတွေကို မေးတာပါ။

တကာ၊တကာမတို့ ခရီးသွားကြမယ်ဆို။
မှန်ပါ့ဘုရား၊ ရဟန္တာပေါ်တယ်ဆိုလို့ သွားဖူးကြမလို့ပါဖျာ့။
ဟာ မင်းတို့တွေက ရဟျန္တာရှေ့မှာထိုင်နေလဲ သိနိုင်မှာလား

အဲဒီစကားရဲ့အဓိပ္ပာယ်ကလည်း ဆရာတော်ကြီး ဓာတ်တော်ကျတယ်ဆိုမှပဲ ရဟန္တာသွားဖူးခဲ့တဲ့သူတွေသိကြရတယ်။ မြန်မာပြည်မှာ အနားမှာမရှိတဲ့အရာကို ပိုပြီးတန်ဖိုးထားတဲ့အလေ့အထမျိုးရှိပုံရတယ်လို့ထင်မိပါတယ်။ ရွှေတိဂုံဘုရားကို သုံးလေးထောင် လှူဖို့လက်တွန့်နေတဲ့သူတွေတောင် တရုတ်ပြည်က လာတုန်း ဖူးရခဲတယ်ဆိုတဲ့စွယ်တော်ကိုတော့ တစ်သောင်းလောက်လှူလိုက်ဖို့ဝန်မလေးကြပါဘူး။

ဘုရားကို သိပ်ချစ်တဲ့ရဟန်းတစ်ပါးအကြောင်းလည်း နာကြားခဲ့ဖူးပါတယ်။ သူက ဘုရားကို ချစ်ခင်တော့ ရှေ့နားက နေရာဦးဦးပြီး မျက်နှာတော်ကို ထိုင်ငေးနေရတာကို ကျေနပ်နေတဲ့သူပါ။ ရှေ့နားမှာကွယ်တဲ့ဘုန်းကြီးရဟန်းရှိနေရင် သူက ဒေါပွပါတယ်။ သူ့ဘုရားကို ကွယ်ထားရကောင်းလားဆိုပြီးတောင်ဖြစ်တယ်လို့သိရပါတယ်။ သူက တရားပွဲတိုင်းလိုက်ပါတယ်။ တရားမနာပါဘူး။ ဘုရားကိုထိုင်ကြည့်နေတာပါ။ အဲဒါကိုပဲ ပျော်နေတဲ့သူပါ။ အဲဒီရဟန်းဘာရသွားလည်းဆိုတော့ ဘုရားရှင်ရဲ့ အဆူအပူစကားလုံးဖြစ်တဲ့ ဟယ် .. မဂ်ဖိုလ်မနီး အချည်းနှီးရဟန်း ဘုရားနားမှာနေပြီး ဝေးနေတဲ့သူ၊ တရားကိုသိမှ ဘုရားရဲ့သင်္ကန်းစွန်းဆွဲပြီးလိုက်နေသလို နီးနေတဲ့သူဖြစ်တယ်ဆိုပြီး ပြောခံလိုက်ရပါတယ်။ အတော်လေး ရင်နာစရာကောင်းပါတယ်။ ဘုရားသွားလေရာလိုက်ပြီး ဖူးနေတာကိုတောင် ဂလို အပြောခံရတယ်ဆိုရင် ဘုရားရှင်ဟာ သက်တော်ထင်ရှားရှိတုန်းက အင်မတန် တင့်တယ်လှပတဲ့ရုပ်သွင်ကို ကြည်ညိုတာကိုတောင် အင်မတန် ဆန့်ကျင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်ဆိုတာ အင်မတန်ထင်ရှားပါတယ်။ (ကြေကွဲသွားတဲ့ရဟန်းဟာဘုရားအပြောခံလိုက်ရတော့ အတော်လေး စိတ်ဓာတ်ကျသွားပါတယ်။ ဘေးနားမှာ ရဟန်းတွေအများကြီးရှိတော့ ရှက်လည်းရှက်သွားပုံရပါတယ်။ အဲဒီတော့ တောင်ပေါ်ကို တက်ပါတယ်။ HDB မရှိတဲ့ခေတ်ရဲ့ ဖြစ်ရပ်မှန်ပါ။ ချောက်ကမ်းပါးစွန်းမှာရပ်ပြီး Titanic ထဲကလို လက်ကိုဆန့်တန်း၊ ခေါင်းကလေးကိုမော့၊ မျက်လုံးလေးကိုမှိတ်၊ မျက်ရည်တွေစို့နေ၊ နှာရည်အနည်းငယ်ဖြည်းဖြည်းချင်းစီးကျလာ၊ တော်ပြီ မချစ်တော့ဘူး သီချင်းကို ကြားယောင်၊ ကဲကွာ free fall ဆိုပြီး၊ ချောက်ကမ်းပါးထဲမှောက်ချလိုက်တာ။ ဖြစ်ချင်တော့ ချောက်ကမ်းပါးအောက်က ဆန်တက်လာတဲ့လေက တွန်းထားလို့ မိုက်ကယ်ဂျတ်ဆင် အကထဲကလို 45 ဒီဂရီအနေအထားမှာကြီးဖြစ်နေတယ်။ အဲဒီအချိန်မှာ ဘုရားကြွလာပြီး တရားဟောမှ လေထဲမှာ 45 ဒီဂရီကြီးနဲ့ ရဟန္တာဖြစ်တော်မူပါတယ်။ အဲဒီတော့မှ ဘုရားက အခုမှ ဘုရားနဲ့နီးတဲ့သူဖြစ်ပြီလို့ သတ်မှတ်ပါတယ်။ ဒါက အပိုဟောပေးလိုက်တာပါ။)

ဘုရားက သူ့ကိုလာတွေ့ရင် ကိလေသာအေးရာအေးကြောင်းတွေပဲ ဟောလိုက်တာပါ။ ငါဘုရားမရှိတော့တဲ့အခါမှာ တရားအဆုံးအမနဲ့နေကြဖို့ပဲဟောပါတယ်။ သာသနာသုံးရပ်အကြောင်းမှာ ဓာတ်တော်တွေအကြောင်းထည့်မဟောပါဘူး။ သက်တော်ထင်ရှားကတည်းက ပုဂ္ဂိုလ်ထက် တရားကိုမင်တာကိုပဲ တစ်စိုက်မတ်မတ် လက်ခံခဲ့ပြီး၊ တန်းခိုးပြတာကို ဆန့်ကျင်ခဲ့တဲ့ဘုရားရှင်ဟာ ရေသန့်ဗူးမှာ စွယ်တော်ပုံလေးထင်ပြတယ်ဆိုတာဟာ အင်မတန် ထေရ၀ါဒမဆန်တဲ့ ယုံကြည်မှုဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဘုရားရှင်ဟာ မာရ်နတ်တပ်ကြီးလာတုန်းကတောင် တန်ခိုးနဲ့ပြန်မ fight ခဲ့ပါဘူး။ မေတ္တာဓာတ်နဲ့ပဲအောင်နိုင်ပြီး၊ မေတ္တာသည်ဟာ အကြီးဆုံးစွမ်းအားဆိုတဲ့ ငြိမ်းချမ်းမှုကိုပဲပြသခဲ့ပါတယ်။ တပည့်တွေအများကြီးနဲ့ရသေ့ရဲ့ မီးတင်းကုပ်က နဂါးကို အနိုင်ယူရတယ်ဆိုတာကလည်း ရသေ့တွေကို အကျွတ်တရားရစေချင်လို့ပါပဲ။ ဒီ့အပြင်ကတော့ တန်ခိုးကို တခါမှ အလွယ်သုံးစားမလုပ်ခဲ့ကြောင်းအမှန်ပါ။ ဘုရားရှင်က ပထမဈာန်အဆင့်ကို infant လောက်ကတည်းကရခဲ့တဲ့အတွက်၊ တန်ခိုးတွေဘာတွေကို ကလေးကလားဆန်တယ်ထင်ခဲ့လားတော့မပြောတတ်ပါဘူး။

မဟုတ်တာတွေကို သိပ်ပြီး ဇာချဲ့နေရင်တော့ ဘုရားဖူးလွန်းနေတဲ့ရဟန်းကို ပြောသလို ဟယ် မဂ်ဖိုလ်မနီး အချည်းနှီး ဆိုတာကြီး သင့်ဆီလည်း ပျံဝဲရောက်ရှိမှာ တကယ်ပဲစိုးရိမ်မိပါတယ်။ ။

Regards,
Zephyr,


Ref:
တုစ္ဆ ၀က္ကလိ (အချည်းနှီးသော ၀က္ကလိ)



Peace B with U.

Monday, November 21, 2011

ထုတ်ပြောရတာတော့အားနာတယ်။

ထုတ်ပြောရတာတော့အားနာတယ်။


ကျွန်တော်အလုပ်စလုပ်နေပြီ။ တစ်နှစ်နဲ့လေးလအကြာမှာ။ အလုပ်မှာ အလုပ်လည်းလုပ်ရသေးတာကိုးလို့ စတင်နားလည်လာပါပြီ။

စာတွေအများကြီးရေးဖြစ်စေခဲ့တဲ့အလုပ်ကို လခတိုးပြီးမှ ပြောင်းမယ်လို့စိတ်ကူးထားတယ်။
ကျွန်တော်တို့ မကြာခင် ပြန်လည်ဆုံတွေ့ကြပါစို့။

facebook မှာတော့ စကားတွေပြောနေတုန်းပဲ။ Blog မှာတော့ အရင်ကလောက် မရေးဖြစ်တော့ဘူးထင်တယ်။ အခုလို part time chef အကူ၊ international ပန်းကန်ဆေးသမား(ညပိုင်း)၊ poem review ၊ စာအုပ်စာရင်းပြုစုသူ၊ Juice အဖျော်ဆရာ (ညပိုင်း)၊ ပလာတာဆရာ (weekend)၊ Technical reader၊ ၀က်သားလုံးကြော်ကျွမ်းကျင်သူ၊ ၀က်နံရိုးအိုး စောင့်ကြည့်လေ့လာသူ၊ BPL ၀ါသနာရှင်၊ beauty and the feast တစ်ခါတစ်လေကြည့်သူ၊ Manga Addict (Every Wednesday)၊ X factor ကြည့်ရင်းအိပ်သူ၊ ဆည်တဲ့ကန်သင်းမှ ရေစီးရေလာများနေကြောင်း သတင်းအပို့ခံရသူ၊ Temple run ကို battery ကုန်တဲ့အထိပြေးသူ၊ Zombie Highway မှာ zombie တွေကို ကားနဲ့တိုက်သတ်နေသူ၊ စက်တင်ဘာလ လောက်ကစပြီး တစ်ပတ်၊နှစ်ပတ်ကို တစ်ပေါင် တက်တက်နေပြီး၊ အစားလျှော့စားဖို့ ကြံစည်နေသူ၊ တစ်လ ခြောက်ဆယ် အခွန်ထမ်းဆောင်သူ၊ လစ်ဘရယ်ဒီမိုကရက်တစ်ဆိုတာ ဘာမှန်းမသိသူ၊ BBC/VOA နားထောင်လေ့မရှိသူ၊ Adele ရဲ့ Daydreamer သီချင်းကို တစ်နေ့ ခြောက်ခါနားထောင်သူ၊ အဖြစ်မှာ၊ Time management လေ့လာဖို့လိုနေပြီလို့ထင်မိတယ်။ ဘ၀ဟာ အဝေးကြီးကြည့်နေရင် စိတ်ပင်ပန်းတယ်။ ကြည့်မနေတော့လည်းပြုတ်ကျတယ်။ ကိုယ့်ဘ၀ကို ကိုယ်ကျေနပ်ရင် နေ့တိုင်း ပျော်စရာကောင်းပါတယ်။ မပျော်ရင်လည်း စင်ကာပူမှာ HDB တွေအများကြီးရှိတယ်လေ။

ဒီနေ့ဟာ ဘ၀ရဲ့နောက်ဆုံးနေ့ဆိုပါတော့၊

ခင်ဗျား အကြွေးယူဖို့ စိတ်ကူးနေမှာလား .... ကျွန်တော်သိချင်မိတယ်။ ။

Notes:
နေ့ရက်တိုင်းကို နောက်ဆုံးနေ့လို့ သဘောထားရမယ်ဆိုတဲ့ အဆိုကို အကောက်အယူလွဲတဲ့လူတွေ ဘယ်လောက်များလဲဆိုတာကို တွေးကြည့်စေချင်ပါတယ်။ ပျော်ရွှင်သော weekend ဖြစ်ပါစေ။ ကျွန်တော့်စိတ်ထဲ တနင်္လာနဲ့သောကြာ အမြဲတမ်း မှားမှားနေတယ်။

Regards,
The Gardener



Peace B with U.

Thursday, November 17, 2011

ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ထော့ကျိုးထော့ကျိုး

ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ထော့ကျိုးထော့ကျိုး


အမှန်ကတော့ အပြေးတပိုင်းသွားတာပဲ၊ ပလက်ဖောင်း အက်နေ၊ကွဲနေတာတွေကို ရှောင်ပြီးချီတက်ရတာဆိုတော့ ထော့ကျိုးထော့ကျိုးဖြစ်သွားရတယ်။

အမျိုးသားခေါင်းဆောင်ပုံရောင်းလို့ရပြီ။

ဒီမိုကရေစီဆိုတာဘာလဲ။ အဲဒါကို Tကာချဲ့ဖို့မဟုတ်ပါဘူး။

မြန်မာပြည်မှာ ဒီမိုကရေစီရပြီဆိုတော့ ဘာတွေများထူးခြားလည်း လမ်းပေါ်မှာလေ့လာတယ်ပေါ့ခင်ဗျာ။

လေ့လာတော့ ဗိုလ်ချုပ်တို့သားအဖ လမ်းပေါ်ရောက်နေတာတွေ့ရတယ်။
ဖိုတိုရှော့ပ်ထားတဲ့ ပုံလှလှလေးတွေနဲ့အတူ၊ တိုင်းပြည်ခေါင်းဆောင်ကြီးကိုပြန်တွေ့ရတယ်။
သူကတော့ရုပ်တည်ကြီးနဲ့ပဲ။ မေးတွေဘာတွေ မထောက်ထားဘူး။ မြန်မာပြည်မှာပဲနေသွားတော့ ပဲတွေဘာတွေ သိပ်မပေးတတ်ဘူး။ ရုပ်တည်ကြီးနဲ့ မုန့်တီသောက်နေတဲ့ပုံတွေပေါ့ဗျာ။ အဲဒါကို ဘယ်လိုရောင်းလဲဆိုတာလည်း စိတ်ဝင်စားမိတယ်။ ဗိုလ်ချုပ် ဆိုပြီး ဈေးခေါ်ရောင်းသလား။ မသိဘူး။ အိမ်တွေမှာ ကပ်ထားကြသေးလား။ အဲဒါလည်းမသိဘူး။ ဘယ်နေရာတွေမှာကပ်ထားသလဲ။ အဲဒါလည်းမသိဘူး။

မကြာသေးမီက အရင်တစ်ယောက် (နာမည်တော့မေ့ပြီ)။ လူရွှင်တော် ဟာသမင်းသမီးကြီး မသန်းရွှေနဲ့ နာမည်ဆင်တဲ့တစ်ယောက်ပုံတွေတော့ ရုံး နံရံတွေ ညစ်ပတ်တယ်ဆိုပြီး ဖြုတ်လိုက်တာသိရတယ်။ ဗိုလ်ချုပ်ကိုရော ရုံးတွေက ပြန်လက်ခံပြီလားတော့မသိရသေးပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းဆိုတာ သမိုင်းမှာတော့ အာရှရဲ့ ဂန္ဓီဂျီ ( Gtalk မှာ အမြဲစိမ်းနေလို့) နဲ့ တန်းတူသတ်မှတ်လေးစားရတဲ့ပုဂ္ဂိုလ်ကြီးပေမယ့် အစိုးရရုံးတွေမှာတော့ သိပ်ပေါ်ပြူလာမဖြစ်ဘူးဖြစ်နေတာတွေ့ရတယ်။ အဲဒါတွေကတော့ ၀ါသနာပါရင် ကပ်ထားသင့်တဲ့ အမျိုးသားခေါင်းဆောင်ပုံရဲ့နေရာမှန်ပါ။ လမ်းပေါ်မှာ အမျိုးသားခေါင်းဆောင်ပုံကို ရောင်းခွင့်ပြန်ရတဲ့အတွက်တော့ အင်မတန်ဝမ်းသာပါတယ်။

Youtube ခွေများ

ရှေးရှေးတုန်းက မီဒီယာ လွတ်လပ်ခွင့်မရတဲ့အပြင်၊ ပြည်သူလူထုတွေ အတွေးအမြင်မှားယွင်းစေနိုင်တဲ့အတွက် နိုင်ငံတော်ရဲ့စေတနာအရ ပိတ်ဆို့ပေးထားတဲ့ youtube မှာတင်ထားတဲ့ ဦးခင်ညွှန့်ဇာတ်လမ်းတို၊ နာဂစ်တုန်းက ကလေးပုံတွေ စတာတွေကို အခွေတွေ ရောင်းဝယ်နေတာလည်းတွေ့ခဲ့ပါတယ်။ ဒါကို မီဒီယာလွတ်လပ်ခွင့်လို့ခေါ်ရင် အတော်လေး လွတ်လပ်ပါတယ်။ အခွေတွေကတော့ စုံတယ်။ အက်ရှင်မင်းသား Jason Statham ကို မြန်မာမှုပြုထားတဲ့နာမည်ကိုတော့ အတော်လေးကြိုက်သွားတယ်။ ပြောင်ကြီးတဲ့။ အကို ပြောင်ကြီးကားတွေရှိတယ်။ အသားကုန်မိုက်တယ်။ လန်းတယ်။ လုံးဝမဂွမ်းဘူး။ မကောင်းရင် နောက်နေ့ ပြန်လာပေး။ အလကားလဲပေးလိုက်မယ် ဆိုပြီး ပြောတာပဲ။ သုံးခွေ တစ်ထောင်နဲ့ သုံးလေးထောင်ဖိုး ၀ယ်ခဲ့မိတယ်။ ယူကျူ့ဘ်ကဟာတွေတော့ မ၀ယ်ခဲ့ဘူး။ ပုပ်သိုးနေတဲ့သတင်းတွေ။ News resurrections လို့တောင်ပြောလို့ရတယ်။

ဝန်ကြီးများရုံး

ဒီနေရာကတော့ အရင်က အတွင်းဝန်များရုံး၊နောက်ပိုင်းဝန်ကြီးများရုံး စသဖြင့် နာမည်တွေပြောင်းလာရင်း၊ နေပြည်တော်ကို ရုံးတွေရွှေ့သွားတော့ ဟိုတယ်အဖြစ်ပဲ ဖြတ်၊ဖောက်၊ချုပ်ရတော့မလိုလို၊ ပြတိုက်အဖြစ်နဲ့ပဲ လူပျိုကြီးဘ၀ကို အရိုးထုတ်ရတော့မလိုလို ဖြစ်နေတဲ့ နေရာပါပဲ၊ နှစ်ပေါင်းတစ်ရာကျော်ရှိပါပြီ။ အဲဒီအနီးအနားမှာရှိတဲ့ ဘုရားကျောင်းတောင် ရှေ့နှစ်မှာ နှစ်တစ်ရာပြည့်ပါမယ်။ နှစ်တစ်ရာဆိုတာ ထင်သလောက်တော့ အသက်မကြီးသေးပါဘူး။ ဒါပေမယ့် ဒီရုံးဟာ မြန်မာတစ်နိုင်ငံလုံးအတွက် sentimental value ရှိတယ်လို့ထင်တယ်။ heritage လို့တော့မပြောချင်ဘူး။ အင်္ဂလိပ်တွေဆောက်ထားတာဆိုတော့ မြတ်နိုးနေစရာတော့မရှိပါဘူး။ ဒါပေမယ့် ဒီရုံးဟာ သမိုင်းစာအုပ်တွေဖတ်လိုက်ရင် ရှိနေတုန်းပဲ။ မြင်းခွာတစ်ချက်ပေါက်လျှင် မီးဟုန်းဟုန်းတောက်စေရမည်ဆိုပြီး ဆန္ဒပြခဲ့တာလည်းအဲဒီနေရာပဲ။ ခရေပန်းကောက်ကြတဲ့ကလေးတွေ ကားတိုက်တာလည်း အဲဒီနေရာလေးတွေပဲ။ ရုံးကို ရှိုးနဲ့လာတုန်း ကျီးကန်းက ပေါ့ပေါ့ဆဆ အညစ်အကြေးစွန့်လို့ စိတ်တိုကြရတာလည်း အဲဒီရုံးနားလေးပဲ။

ရုံးထဲမှာတော့ ပြေးလွှားဆော့လို့ရအောင်ကျယ်ပါတယ်။ အထဲမှာ ကားပါကင်တွေကို အကွက်ချထားတယ်။ အင်္ဂလိပ်တွေဟာ အဲဒီလို အကွက် အကွက်လေးတွေမှာ သပ်သပ်ရပ်ရပ်ရှိတာကို ကြိုက်ပုံရတယ်။ ကြမ်းပြင်နဲ့ အမိုးတွေနဲ့ဟာ ပေနှစ်ဆယ်လောက်ကွာမယ်ထင်တယ်။ ၀င်ပေါက်တွေကို လေးထောင့်မဟုတ်ဘဲ ဘုရားကျောင်းတွေကလို တြိဂံချွန်လိုမျိုး၊ စက်ဝိုင်းခြမ်းလိုမျိုးလေးတွေ လုပ်ထားတယ်။ အုတ်တွေကလည်း သာမန်အုတ်တွေထက် ထူတယ်။

ဗိုလ်ချုပ်တို့ အသတ်ခံရတယ်ဆိုတဲ့ အခန်းကတော့ အပေါ်ဘက်မှာပါ။ အဲဒီနေရာကို အမှတ်တရအဖြစ် ပြုပြင်မွမ်းမံသင့်တယ်။ အခန်းကို မှန်တွေနဲ့ပြန်ကာပြီး အပြင်ကနေကြည့်လို့ရအောင် သူ့အတိုင်းလေးထားထားသင့်တယ်။ ဟိုတယ်ဆောက်ချင်ရင်တော့ အဲဒီရုံးပတ်လည်က မလိုအပ်ဘဲ ကျယ်ဝန်းနေတဲ့ ပလက်ဖောင်းနဲ့ ခြံဝင်းကို ပတ်ပြီး ဆောက်သင့်တယ်။ ၀န်ကြီးများရုံးကိုတော့ ဟိုတယ်မလုပ်သင့်ဘူး။ ရုံးအထဲမှာကို အပင်တွေစိုက်ထားတဲ့အကွက်တွေမှာ နေရာလွတ်တွေရှိတယ်။ အဲဒီနေရာမှာ ဟိုတယ်ဆောက်ရင်တော့ Pile ရိုက်နေတုန်းမှာပဲ ရုံးပြိုနိုင်တယ်။ အက်ရာတွေရှိတယ်။ တစ်ချို့နေရာတွေမှာတော့ အုတ်တွေကွာကျနေတယ်။

ဇေကမ္ဘာဦးခင်ဇော်ကတော့ ပြတိုက်လုပ်သင့်တယ်ဆိုတဲ့သူတွေဟာ အဆိုးမြင်တွေလို့ပြောတယ်။ ကမ္ဘာမှာ tourists တွေဟာ ပြတိုက်ကို အရင်ဆုံးသွားကြတယ်လို့ဖတ်ဖူးတယ်။ ပြင်သစ်က အဆိုးမြင်တွေ၊ အီတလီက အဆိုးမြင်တွေနဲ့ လန်ဒန်က အဆိုးမြင်တွေရှိလို့ တော်သေးတာပေါ့လို့တွေးမိတယ်။ မဒမ်တူးဆော့တို့များ အဆိုးမြင်တတ်ပါပေတယ်တောင် ချီးကျူးမိတယ်။ တကယ်ဆိုရင် အဲဒါတွေကို ဟိုတယ်လုပ်လိုက်ရင် ပိုမကိုက်ဘူးလားလို့ အင်္ဂလန်သား၊ပြင်သစ်သားနဲ့ အီတလီသားများကိုလည်း မေးခွန်းထုတ်ပြိး အပြစ်တင်ကြည့်စေလိုကြောင်းပြောချင်ပါတယ်။

ဒီမိုကရေစီမှာတော့ ဒီလိုပဲ။ နည်းနည်းတော့ အပြောအဆိုရှိမယ်။ ကိုယ်ပြောတာမှန်တယ်ထင်ရင် သတင်းစာကနေ (ဦးနုတို့ခေတ်ကလို) ရေးချင်လည်းရေးနိုင်တယ်။ မဟုတ်ဘူးထင်တဲ့သူတွေက မဟုတ်ဘူးငြင်းလိမ့်မယ်။ ကိုယ်နဲ့မတူတာဟာ အဆိုးမြင်ဆိုရင်တော့ အရှင်ဒေ၀ဒတ်အတွက် ဂေါတမမြတ်စွာဘုရားဟာ အဆိုးမြင်တစ်ယောက်ဖြစ်မယ်။ သူ့ပရိုပိုဆယ်တွေကို ဘုရားဗီတိုအာဏာနဲ့တောင်ပယ်လိုက်တာ တယ်အဆိုးမြင်တာပဲလို့ ဆိုစရာရှိတယ်။

Exchange Rate

Exchange Rate ဟာ FE bank နဲ့ Sedona မှာတော့ ပါးစပ်ထဲမှာရှိတယ်ဗျ။ FE bank မှာ ဇနီးသည်အတွက် အခွန်ဆောင်တော့ တစ်ဒေါ်လာဟာ ၈၅၀ ကျပ်တဲ့။ အခုနလေးတင် အစိုးရပေါက်ဈေး ၈၀၀ ဆိုတာတွေ့ခဲ့ပါတယ်ဆိုတာတောင်မှ မရဘူး။ အကျိုးဆောင်ခ ၂၀၀၀၀ ကျပ်။ exchange rate မှာ တစ်ဒေါ်လာ ငါးဆယ်ကျပ် ပိုပေးပြီး ဆောင်ခဲ့ရတယ်။ ဒီမိုကရေစီစနစ်ဟာလည်း အဆင်ပြေဖို့ရေလောင်းနေရတုန်း။

Sedona မှာလည်း 850 ကျပ်နဲ့တွက်သဗျ။ ဒီမိုကရေစီမှာ ညီညွတ်မှုကို ဦးစားပေးရမယ်မဟုတ်လား။ ဒီနေရာတွေမှာတော့ အစိုးရဌာနတွေနဲ့သဘောတူညီထားသလိုကို ညီမျှနေတာ။ တစ်ခန်းကို တစ်ရက် ၇၀$ ခင်မျာ့။ နည်းနည်းမှ လျှော့တော်မမူဘူး။ လျှော့တာလိုချင်ရင် tour agency တွေနဲ့လာမှရမယ်တဲ့။ (တစ်ရက်တည်းခဲ့ပါတယ်။တည်းဖူးတယ်ရှိအောင်။)

လာဘ်ပေးလာဘ်ယူကိစ္စ အနည်းငယ်

အရင်လိုတော့ဟုတ်ကိုမဟုတ်တော့ဘူး။ ဥပမာ စည်ပင်ရုံးမှာ ပိုက်ဆံသွားပေးရင် ခင်ဗျားကို။ ဟာဗျာ။ ခင်ဗျားဘယ်လိုလုပ်တာလဲဆိုပြီး ပြာပြာသလဲနဲ့ မယူဘူးပြန်သိမ်းဆိုပြီးပြောလိမ့်မယ်။ စည်ပင်မှာ web cam တွေရော အသံဖမ်းစက်တွေပါတပ်ထားတယ်။ ပေးချင်ရင် ရုံးပြင်ပ တစ်ခြားနေရာမှာပေး။ ရုံးထဲမှာပေးလို့ကတော့ ခင်ဗျားဟာ တို့ရန်သူအစစ်ပဲ။ လာဘ်ပေး၊လာဘ်ယူတို့ရန်သူ(စည်ပင်ရုံးအတွင်း) လို့ဆိုင်းဘုတ်ကို နည်းနည်းပြင်ပေးရမယ်။

ကျန်တဲ့ဌာနတွေကတော့ အဆင်ပြေသလိုပဲယူပါတယ်။ အဆင်ပြေအောင် လက်ဖက်ရည်ဖိုးလေးဘာလေးပေးရတာလည်းရှိပါမယ်။ လက်ဖက်ရည် ခွက်လေးဆယ်ဖိုးလောက်ပေးရတာလည်းရှိသလို၊ လက်ဖက်ရည် ၁၆၇ ခွက်စာပေးရတာမျိုးလည်းရှိပါတယ်။ ကိုယ့်ကိစ္စပေါ်မူတည်တာပေါ့။ ကားအဟောင်းတွေ နာမည်ပေါက်တွေဘာတွေဆိုရင်တော့ လက်ဖက်ရည်ဖိုးမဟုတ်လောက်တော့ဘူး။ ဘီယာဖိုးလောက်ပေးရလိမ့်မယ်ထင်တယ်။

မပေးရင်ဘာဖြစ်လဲဆိုတော့။ ကြာတယ်ဗျာ။ ပိုက်ဆံမပေးဘဲ ရုံးကိစ္စတစ်ခုလုပ်တာ နှစ်ရက်ကြာတယ်။ ပိုက်ဆံပေးရင် ချက်ချင်းရတယ်။ အဲဒါမျိုးတွေကို အားနေတဲ့အခါ ပိုက်ဆံမပေးဘဲ စောင့်ယူခဲ့တယ်။

မီဒီယာခေတ်ရောက်လာပြီလို့ဆိုကြတယ်။ မြန်မာပြည်မှာကို ခေတ်က အမျိုးမျိုး။ အဲဒီတော့ မကျေနပ်ရင် ၀န်ကြီးကို ဖုန်းဆက်တိုင်လို့ရတယ်တွေ ဘာတွေဖြစ်လာတယ်။ ဘာလုပ်မလဲဗျာ။ လူတွေကို ဘာလို့ဒုက္ခပေးမလဲ။ ကိုယ်လည်းအဆင်ပြေ၊ သူလည်းအဆင်ပြေရင်ကောင်းတယ်။ အခု ညွှန်ကြားရေးမှုးတစ်ဝက်လောက်က စစ်ဘက်ကနေပြောင်းလာတဲ့သူတွေပဲ။ တော်ရုံနဲ့လည်း ပြုတ်စရာမရှိပါဘူး။ ကိုယ့်ကိစ္စအဆင်ပြေပြီး၊ ကိုယ်အဆင်ပြေတယ်ဆိုရင် ပေးလိုက်လို့ရတယ်။ သိပ်များများတောင်းတယ်ဆိုရင်တော့ အသိလေးမိတ်ဆွေလေးရှာပြီးသွားပေါ့။ မြန်မာပြည်မှာ မိတ်ဆွေက အရေးအကြီးဆုံးပဲ။ မိတ်ဆွေရဲ့အသိဆိုတာနဲ့ကို ကူညီချင်နေပြီ။ ဘယ်နေရာမှာမဆိုပါပဲ။

အရင်ကတော့ ဒီလိုကိစ္စတွေမှာ သိပ်အစွန်းရောက်တယ်။ နောက်တော့စဉ်းစားကြည့်တယ်။ ကျွန်တော်တို့တွေ အများစုဟာ ၀န်ထမ်းမိသားစုတွေကပဲ။ အရင်လို မဟုတ်တော့တဲ့ ကုန်ကျစရိတ်တွေနဲ့ဝန်ထမ်းလုပ်ရတာလည်းလွယ်မယ်မထင်ဘူး။ သူလည်းအဆင်ပြေ၊ ကိုယ်လည်းအဆင်ပြေတာကောင်းပါတယ်။ တစ်နေ့နေ့ သူတို့ရဲ့ဝင်ငွေတွေဟာ မိသားစုအတွက် လုံလောက်ပြီဆိုတဲ့ခေတ်ရောက်ရင်တော့ လာဘ်ပေးလာဘ်ယူစနစ်က ပိုပြီး ဆန့်ကျင်ဖို့လိုအပ်လာမယ်ထင်ပါတယ်။ တစ်သောင်းဆိုရင် စင်ကာပူဒေါ်လာနဲ့ဆိုရင်၂၀ SGD လောက်ပဲရှိမယ်။ အဲဒီလောက်ပေးပြီး ဒီမှာ ၁၄၀၀ SGD လောက်သက်သာသွားမယ်ဆိုရင် အဲဒီ ၂၀ SGD ကို ကျွန်တော်ပေးမိမှာပါပဲ။ ဒီမှာ အေးဂျင့်တွေကို ပေးတာထက်တောင် နည်းနေပါသေးတယ်။

ဘဏ်က မန်နေဂျာကတော့ ပိုက်ဆံလုံးဝမတောင်းပါဘူး။ ရှေ့မှာ ပင်စင်တွေထုတ်ပေးနေလို့ နောက်ကနေ၀င်သွားပြီး လက်မှတ်လေးထိုးစရာလိုလို့ပါဆိုတော့ တစ်ခါတည်းထိုးပေးလိုက်ပြီး၊ ဆက်လက်ခိုင်းရမယ့်သူကို တခါတည်းလုပ်ခိုင်းပြီး စောင့်ယူသွားပါလို့ပြောတယ်။ အဲဒီလိုလူမျိုးလည်းရှိပါတယ်။ သူတို့ရုံးအဖွဲ့ရဲ့ကထိန်အတွက်တောင် အမှတ်တရလှူခဲ့သေးတယ်။ ရုံးတိုင်းတော့ ပိုက်ဆံမတောင်းဘူးဆိုတာကိုပြောချင်တာပါ။

ပညာရေး ကုန်ကျစရိတ်များ

ဝင်ငွေကိစ္စကို ကျွန်တော်တို့ နည်းမှန်းသိတာကြာပါပြီ။ အဲဒါကို မြှင့်တင်ပေးဖို့ဆိုတာ တောင်းဆိုသင့်တဲ့အချိန်တောင်းဆိုတတ်ဖို့လည်းလိုပါတယ်။ လောလောဆယ် အဲဒီ တစ်ဦးချင်းဝင်ငွေတွေထက် အရေးကြီးတဲ့ ကုန်ကျစရိတ်တွေကိုပဲပြောချင်ပါတယ်။

ကျွန်တော်တို့ကျောင်းတက်တုန်းက ကျောင်းကားခက တစ်ထောင်အောက်မှာပဲရှိပါတယ်။ အခုဆိုရင်ဆယ်ဆလောက်ဖြစ်နေပြီ။ အဲဒါတွေကိုတော့ ပြောချင်ပါတယ်။ မြန်မာပြည်မှာ မိသားစုတွေက အားလုံးရင်းပြီး ပညာသင်ပေးကြတာ။ အထူးသဖြင့်ဆင်းရဲတဲ့မိသားစုတွေမှာ ၀န်ထုပ်ဝန်ပိုးလိုဖြစ်လာတာကို စိတ်မကောင်းပါဘူး။ ဘာမှ ရေရေရာရာ အနာဂတ်မသေချာလှတဲ့ နှစ်ရှည်တက်ပြီး ဘာမှဖြစ်မလာမှာကို သေသေချာချာ စဉ်းစားစေချင်တယ်။ အချိန်တွေရော ၊ ပိုက်ဆံတွေရောပိုနေလို့ ကျောင်းအကြာကြီးတက်တာ ပြဿနာမရှိပေမယ့် အချိန်နဲ့ငွေနဲ့တွက်ပြီး တက်ဖို့လိုတဲ့သူတွေက သင့်တော်တဲ့ကျောင်းကို ရွေးဖို့လိုတယ်။

ကုန်ကျစရိတ်တွေကို ခေတ်အရ ဈေးတက်တာကို အစိုးရအနေနဲ့ subside လုပ်စေချင်တယ်။ ကျောင်းတွေမှာ ပိုက်ဆံလိုနေတာ မြန်မာနိုင်ငံမှာမှမဟုတ်ပါဘူး။ နိုင်ငံတကာက ကျောင်းကောင်းတွေမှာလည်း အစိုးရထောက်ပံ့မှပဲ လည်ပတ်နိုင်တာပါပဲ။ အထူးသဖြင့် တိုင်းပြည်ရဲ့ အဓိက ပညာတတ်အင်အားစုကို ရနိုင်ဖို့ ပညာရေးမှာ များများထောက်ပံ့စေချင်တယ်။ ဖောင်ဒေးရှင်းတွေ ဖွင့်ဖို့ကိုလည်း ကြိုဆိုမိတယ်။ အစိုးရမလုပ်နိုင်ရင်လည်း လုပ်နိုင်တဲ့သူတွေက လုပ်ဖို့ကြိုးစားသင့်တယ်။ ကလေးတွေခမျာ ကျောင်းတွေ အဝေးကြီးတွေမှာ ဘယ်လောက်ပင်ပင်ပန်းပန်းတက်နေကြရလဲဆိုတာကို နားလည်မိတယ်။ အရင်ခေတ်ကလို ကျောင်းသားတွေကို ကြောက်စရာ ရန်သူလို့ မြင်တဲ့လူတွေလည်းမရှိတော့တဲ့အတွက် ကျောင်းတွေကို နီးနီးနားနားမှာ စုစုဝေးဝေးထားနိုင်ဖို့ကို မျှော်လင့်တယ်။

ဆရာတွေကိုမွေးထုတ်ဖို့အကြောင်းကိုလည်း အခုလက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ပါမောက္ခတစ်ယောက်နဲ့ စကားစမြည်ပြောဖြစ်ခဲ့တယ်။ စင်ကာပူက မြန်မာပြည်ကဆရာတွေကို လေ့ကျင့်ပေးဖို့ ကမ်းလှမ်းထားတာတွေရှိတယ်။ လွှတ်လိုက်ရင် ပြန်မလာမှာစိုးလို့ ဘယ်လိုလုပ်ရင်ကောင်းမလဲစဉ်းစားနေရတယ်လို့ပြောတယ်။

ပညာရေးနဲ့ပတ်သက်ပြီး ကမ္ဘာ့အဆင့်မီဖို့ နှစ်သုံးဆယ်လောက် အချိန်ယူပြီးလုပ်စေချင်တယ်။ ဈေးနှုန်းသက်သာပြီး အဆင့်မြင့်တဲ့ပညာရေးစနစ်ကို ကျွန်တော်တို့ ဒီမိုကရေစီနိုင်ငံသားတိုင်း ရစေချင်တယ်။


Regards,
Zephyr (ခေတ္တမြန်မာပြည်)

Notes:
ဒီနေ့စိတ်မကောင်းစရာသတင်းတစ်ခုကို အားလုံးနဲ့အတူကြားခဲ့ရပါတယ်။
တိုက်ပေါ်ကနေ ခုန်ချသွားတဲ့ ကလေးမလေးအတွက် စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်တို့တွေ အားလုံး ကိုယ့်အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ကို အချိန်နည်းနည်းစီပိုပေးဖို့ သတိပြုစရာပါပဲ။ ကျွန်တော်တို့တွေ သူငယ်ချင်းတစ်ယောက် တကယ်လိုအပ်နေတဲ့အချိန်မျိုးမှာ အသင့်ရှိနေတတ်ဖို့ သတိထားမိတယ်။
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် နောက်ထပ် ဒီလို အဖြစ်ဆိုးမျိုးတွေ ထပ်ပြီးမဖြစ်စေချင်တော့ဘူး။ ကိုယ့်သူငယ်ချင်းတွေထဲမှာရော ဒီကလေးမလေးလို လူမသိသူမသိ အထီးကျန်နေတဲ့သူတွေရှိနေမလား ဆိုတာကို သေချာတွေးကြည့်မိတယ်။

သေခြင်းတရားဆိုတာ နောက်ထပ်ဆုတ်စရာမရှိတော့လို့ မှီကပ်ရပ်လိုက်တဲ့ နောက်ဆုံးက အုတ်နံရံတစ်ခုပါပဲ။ ဖြစ်လေရာဘ၀မှာ အေးချမ်း၊ငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။



Peace B with U.

Wednesday, November 16, 2011

သိပ်မကြာတော့ပါဘူး

သိပ်မကြာတော့ပါဘူး


မနက်ဖြန် ဗုဒ္ဓဟူးနေ့ရောက်ပြီ။ မကြာမီ ကြာသပတေး၊ သောကြာ၊ ....။
ပျော်အောင်နေပါ။ မကြာမီ စနေပဲ။

ပျော်အောင်နေပါ။
စနေ .... ရောက်တော့မှာပါ ....။
မကြာခင် လကုန်တော့မှာပါ။
မကြာခင် အသက်ကုန်တော့မှာပါ။
ပျော်အောင်နေပါ။
အေးဆေးပေါ့။

ငြိမ်ြးိငိမ်းချမ်းချမ်း။
သာသာယာယာ။ ။

Zephyr

----------------------------------------------------------------------------------------------

မနေ့က ဖေ့စ်ဘွခ် ပရိုဖိုင်းမှာ တင်ထားဖြစ်တဲ့ စာတိုပေစလေးပါ။
---------------------------------------------------------------------------------

“ အပ္ပမာဒေါ အမတံ ပဒံ ” ဆိုတာ…အပ္ပမာဒေါ- မမေ့မလျော့ခြင်းသည်၊ အမတံ-မသေခြင်း၏ (တစ်နည်းအားဖြင့်) နိဗ္ဗာန်၏ ၊ ပဒံ- အကြောင်းပင်တည်း။
“ ပမာဒေါ မစ္စုနော ပဒံ ” ဆိုတာ…ပမာဒေါ-မေ့လျော့ခြင်းသည်၊ မစ္စုနော-သေခြင်း၏၊ ပဒံ-အကြောင်းပင်တည်း။
“ အပ္ပမတ္တာ နမီယန္တိ- မမေ့မလျော့သူတို့သည် မသေကုန် ”
“ ယေ ပမတ္တာ ယထာမတာ- မေ့လျော့သူတို့သည် သေသူတို့နှင့် တူကုန်၏ ”

ဆိုတဲ့ အဆုံးအမကိုလည်း ပြန်ပြီး မှတ်မိလာကြမယ်ထင်ပါတယ်။ တနေ့ကုန် တစ်နေ့နီးရင်း အပြီးတိုင်ကြတော့မှာပါပဲ။ ငြိမ်းငြိမ်းချမ်းချမ်း၊ သာသာယာယာပဲသွားကြရင်ကောင်းမယ်။ သိပ်မလောပါနဲ့။ အချိန်ကုန်သွားရင် ပြန်မရတော့ဘူး။ ကိုယ်လုပ်နေတာတွေက စားဝတ်နေရေးတွေ၊ ဒုတိယဦးစားပေးအလုပ်တွေပဲဖြစ်နေတာများတယ်။ လူရော၊စိတ်ရော မထိခိုက်စေဘဲ စိတ်ချမ်းချမ်းသာသာ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ ကိုယ့်ကိုယ်ကိုသတိပေးတာပါ။ ကိုယ်ရနေတဲ့အချိန်ဟာ unlimited မဟုတ်ဘူးဆိုတာကို မေ့လျော့နေတဲ့လူတိုင်းအတွက် လည်းရည်ရွယ်ပါတယ်။

------------------------------------------------------------------------------

With Peace,
Zephyr



Peace B with U.

Sunday, November 13, 2011

facebook တိုက်ခိုက်သိမ်းပိုက်ထားသော တောင်ကုန်း အမှတ် ၂၀၁၁

facebook တိုက်ခိုက်သိမ်းပိုက်ထားသော တောင်ကုန်း အမှတ် ၂၀၁၁


မနက်မိုးလင်းလာတော့ ဖုန်းကနေ FB message တက်လာသည်။ ဘဂျမ်း လန့်သွားသည်။ ညသန်းခေါင် Like Message များကို စိတ်ပျက်နေမိသည်မှာလည်း အတော်ပင်ကြာခဲ့ပြီ။ Sign out လုပ်ထားဖို့မေ့သည့်ညများတွင် ည နှစ်နာရီမတ်ဆေ့ခ်ျများကြောင့်နိုးပေါင်းများပြီ။ မနက်မိုးလင်းလာလျှင် မျက်နှာသစ်ရင်း၊ Like စရာရှိသည်များကို Like သည်။ ရေအိမ်ဝင်ရင်း Notes များကိုဖတ်သည်။ Birthday Notifications များတွေ့လျှင် မွေးနေ့ကို နှုတ်ဆက်သည်။

ရှေ့တစ်ပတ် မြန်မာပြည်ပြန်ပြီး ယောက္ခမများထံမှ လက်ထပ်ခွင့်တောင်းရန်၊ ယောက္ခမ၏ fb account သို့ Message ပို့လိုက်သည်။ သက်သေလိုက်မည့်သူများကိုလည်း group invitation message ပို့ပြီးပြီဖြစ်သည်။ FB သည် ဧရာဝတီကယ်ဆယ်ရေးမှစ၍ မြန်မာနိုင်ငံ၏ ကျေးဇူးရှင်ဖြစ်လာသည်။

မကြာမီ အနန္တောအနန္တ ထပ်တိုးစာရင်းတွင် Google နှင့်အတူ ပါဝင်ခွင့်ရတော့မည့် facebook ဟူ၍ပင်နိမိတ်၊ တဘောင်တွေပေါ်ထွန်းလာခဲ့သည်။ ပြည်တွင်းမှ ဂျာနယ်လစ်များကလည်း ဒီကိစ္စကို အထူးတလည် အရေးပေးဆွေးနွေးကြသည်။ အေမီ ၀ိုင်းဟောက်စ်သေတုန်းက ဓာတ်ပုံမှားထည့်မိသော ဂျာနယ်မှ facebook အကြောင်းကိုလည်း Google+ တံဆိပ်ဖြင့်တမင်အလွဲလုပ်ထားသည်ကိုတွေ့ရသည်။ အလွဲအမှားများသည် ဂျာနယ်များကို ရောင်းကောင်းစေသည်ဟုဆိုသည်။

12 မီဒီယာ ဂရုမှလည်း ဂရု သံသည် မပြေ၍ လဟု သံပြောင်းပြီး 12 မီဒီယာ လဟု အဖြစ်ပြောင်းလဲရန် facebook မှ နေ၍ နိုင်ငံရေးသမားဟောင်းများကို ဖိတ်သည်။ (ဂရုသံ၊ လဟုသံကို ပီသစွာထွက်ပါ။) 12 ဘောလုံးဂျာနယ်ဖြင့် စတင်အောင်မြင်ခဲ့ပြီး၊ Weekly 12, Premier 12 , အစရှိသဖြင့် အမျိုးမျိုးသော 12 များထုတ်လုပ်ခဲ့ရမှာမှ အနှစ်အသားအပြည့်ပါသော 12 ဗလာစာအုပ်များအထိ အောင်မြင်ခဲ့ကြောင်း၊ လက်ထောက်အယ်ဒီတာပေါင်း သောင်းခြောက်ထောင်၊ ( ရေတွင်းရေကန်သောင်းခြောက်ထောင်ကိုမှီးပါသည်။)ကို ဆှာမြတ်ဟောင်းအားကိုးဖြင့် ပရင့်ထုတ်သလို ရိုက်ထုတ်ခဲ့ကြောင်း၊ အားကစားသတင်းများကို သတင်းထောက်လွှတ်၍ သတင်းယူခဲ့သော သတင်းဌာနကြီးဖြစ်ကြောင်း၊ ကျိုက္ကစံလမ်းမှ ရုံးတွင် for the people, by the people ဟု quotes ကို ဘယ်သူပြောမှန်းမသိရေးထားကြောင်း (12 မှ ချယ်မန်တစ်ယောက်ပြောတာနေမှာဟု သတင်းထောက်တစ်ယောက်ကဆို)။ ကျိုက်ထီးရိုးရေမြုပ်သော သတင်းအောင်မြင်မှု၏ နောက်ဆက်တွဲအရ၊ တစ်ခြားစေတီများကိုလည်း ခေတ်နှင့်အညီ ရေမြှပ်သွားမည်ဖြစ်ကြောင်း ဒေါက်တာဂျီးမှ facebook wall တွင်မားမားမတ်မတ်ဆို။ မြန်မာပြည်တွင် ပြောရေးဆိုခွင့်အတွက် ဂျာနယ်ထုတ်ရန်လိုအပ်သလို၊ facebook account တစ်ခုရှိရန်လည်းလိုအပ်ပါသေးသည်။

အရင်လို ဂျာနယ်ပိတ်ခံရခြင်းမရှိတော့သည့်ဒီအသံ ဂျာနယ် မှလည်း ဘယ်လိုရေးရင် အပိတ်ခံရမလဲဆိုသည့်အချက်ကို သတင်းနှင့်စာနယ်ဇင်း ဌာနသို့ ဆက်သွယ်မေးကြောင်း facebook ဆိုင်ရာ သတင်းပဒေသာ အစီအစဉ်မှတင်ဆက်သွား။ နှစ်ပတ်စာကို တစ်ပတ်ထဲနဲ့ရရင် တစ်ပတ်အပိတ်ခံရဲသည်ဆိုသည့် သတ္တိမှာ မဟာဗန္ဓုလသတ္တိထက်သာလွန်ကြောင်းသိရ။

မြန်မာနိုင်ငံ၊ ဆက်သွယ်ရေးဌာနမှလည်း တစ်လတစ်လ အမေရိကန်ဒေါ်လာ ငါးသန်းဆုံးရှုံးနေသောကြောင့် ခေါလဘက် (callback) ခါ့ထ်(စ်) ( cards) များဖြင့်ချိတ်ဆက်ထားသော တယ်လီဖုန်းများကို အရေးယူဖမ်းဆီးနေကြောင်း ဌာနဆိုင်ရာ facebook မှာ ထုတ်ပြန်။ တစ်မိနစ် 2 SGD နဲ့ဆက်ကြမယ်ဆိုရင် တိုင်းပြည်အနာဂတ်မှာ ဒီထက် တိုးတက်လာနိုင်ကြောင်း ထုတ်မပြောသေး၍ ၀ံဂျီးမှာ စိတ်ကျန်းမာရေးအတွက် အနားပေးရန်မလိုသေးဟုသိရသည်။ တစ်မိနစ် 2SGD ဖြင့် ခေါ်ဝံ့သော သတ္တိကို လခ ၄၅၀၀ ထက် နည်းသော လူလတ်တန်းစားများအဖို့ ခက်ခဲလှသည်ဟု ၀ံဂျီးအား ဖေ့စ်ဘွတ်ခ် ရပ်ကွက်မှတစ်ဆင့် ရပ်ကွက်အော်သံထည့်လိုပါသည်ဟု ဘဂျမ်းတွေးတောနေသည်။ ယခုကဲ့သို့ တိုးတက်နေသော ခေတ်ကြီးတွင် စင်ကာပူဒေါ်လာရှစ်ကျပ်ဖြင့် ထိုင်းနိုင်ငံသို့ မိနစ် ၁၅၀ မှ ၂၀၀ ၊ တရုတ်ပြည်သို့ မိနစ် ၄၀၀ မှ မိနစ် ၆၀၀ ခန့်၊ အိန္ဒိယပြည်သို့ မိနစ် ၄၀၀ မှ မိနစ် ၆၀၀ ခန့် ခေါ်ဆိုနိုင်သော အချိန်တွင် ၂၃ မိနစ်သာပြောခွင့်ရသည့်အတွက် ဘယ်သူ့ကိုကျေးဇူးတင်ရမှန်းမသိဖြစ်ကြရသည်။ ဒိုဟာ တို့ကာတာတို့လည်း ဈေးကြီးတာပါပဲ။ Look on the bright sight မှပေါ့ဟုအတိုက်အခံရပ်ကွက် ဝေါလ(Wall) တွင် မြန်မာပြည် သို့ ဖုန်းခေါ်လေ့မရှိသူတစ်ချို့ ရေးပြီး နောက်ပါတစ်စု လိုက်ခ်လုပ်ထားကြကြောင်းသိရသည်။

ရွှေဆိုင်မှ သူ့ဆိုင်၏ Page ကို Like လုပ်လျှင် အလျော့တွက် လက်ခလျှော့ပေးမည်ဟုဆိုသည်။ မောင်းကွင်းများကို ပါးနိုင်သမျှ ပါးပါးလေးလုပ်ထားပေးကြောင်း နမူနာပုံကို FB Photo တွင်တင်ထားပေးကြောင်း အကြောင်းကြားလာသည်။

သရုပ်ဆောင်၊ မြန်မာဇာတ်မင်းသား၊ အကမင်းသား၊ ဘရိတ်ဒန့်၊ မြန်မာဒန့်၊ ကုလားဒန့်စ် အကုန်ဒန့်စ်နိုင်သော မင်းသားမှ မဂ္ဂဇင်းအတွက် တောင်းသော ဓာတ်ပုံကို ဖေ့စ်ဘွတ်ခ်မှ ဒေါင်းလိုက်ပါဟုပြောကြားခဲ့သည်။ ထိုပုံများ၏ quality မှာမကောင်းကြောင်း ထိုမင်းသား စင်ကာပူလာစဉ်က သွန်သင်လိုက်ရန်မေ့သွားသည့် ကိုယ့်ကိုယ်ကိုယ်ပဲ ဘဂျမ်းအပြစ်တင်နေမိသည်။ ဖေ့စ်ဘွတ်ခ်သည် အာလာဒင်ညပ်နေသော လိုတရမီးခွက်များမှတ်နေသလားကွယ်ရို့ဟုသာ ညည်းမိသည်။

ဘဂျမ်းရန်ကုန်ပြန်စဉ်က ဖေ့စ်ဘွတ်ခ်ကာများ၏ တိုက်တွန်းချက်ဖြင့်စင်ကာပူတွင်ရိုက်သွားသော မြန်မာကားစစ်စစ်ကို ကြည့်ခဲ့ရသေးသည်။ ကိုးရီးယားကားများသည် သွေးကင်ဆာနှင့် ကင်မ်ချီခေါက်ဆွဲ၊ အညာကဇီးယိုနှင့် ရုပ်ချောသော ဗီလိန်စနစ်၊ ညပိုင်း အိမ်ရှင်မများကိုးရီးယား ၀တ်တက်ချိန်စသည်များကိုတင်သွင်းခဲ့သည်။ ယခုကားတွင်လည်း စင်ရော်ကြီးသည် ကြော်ငြာများလည်းရိုက်ရင်း၊ ဗီဒီယိုလည်းရိုက်ခဲ့ခြင်းဖြစ်သည်။ မြန်မာများသည် ဆန်ဆေးရင်း ရှူးပေါက်ခြင်းအားဖြင့် ဘက်စုံ လုပ်ကိုင်ခြင်း (multitasking) ကို တတ်ကျွမ်းခဲ့ကြပြီးဖြစ်သည်ဆိုသည်ကို လက်မွန်မဆွ၊ရှေး၊ကနဦး၊ ရှေးအထက်ကျော်ကာရီမှပင် သိရှိခဲ့ကြရပြီးဖြစ်သည်။ (ကျွန်ုပ်၏ အသုံးအနှုန်းများကို မရှင်းလျှင် မောင်ခင်မင်ပြုစုသော မြန်မာစကားပြေ အရေးအသားကို ပြန်ဖတ်လိုက်ကြပါ။) ထိုကားတွင်လည်း နေတိုးသည် စင်ကာပူတွင် စတန့်ထွင်၍ လာသေခြင်းဖြစ်ကြောင်း အတော်လေးကြာမှသိရသည်။ ပိုက်ဆံပေါသော ထုတ်လုပ်သူများရှိနေသေးပါက ပိုလှသော ဆွစ်ဇာလန်တွင် သေဖို့ကောင်းသည်ဟု အကြံပြုလိုကြောင်း xanthos ကလည်း သူ့ fb ဝေါလ တွင် အဆိုပြုခဲ့သည်။ မင်းသားရော မင်းသမီးပါ ကင်ဆာဖြစ်တယ်ဆိုတာဟာ အင်မတန်မှ နေနဲ့လ၊ရွှေနဲ့မြ၊ ကားဒီးလက်စ်နဲ့ ဘုန်းတော်ကြီး ဈာပနလိုပါပဲ။ တင့်တယ်တယ်။ ကျက်သရေရှိပါတယ်။ မြန်မာတွေဟာ အဆင့်မြင့်မြင့် စင်ကာပူမှာ လာပြီး ဈာပနပြုလုပ်ကြတယ်ဆိုတာကို အခုဆို ကျွန်တော် တခြားနိုင်ငံမှာ သွားသေဖို့စိတ်ကူးမရကြသေးတဲ့ စလုံးတွေကို ကြွားနိုင်ပြီ။

နာရေးကူညီမှုအသင်းမှ ဘုန်းတော်ကြီးများအတွက် နာရေး ကားများကို အသက်အရွယ်ကြီးသည့် လူကြီးများကွယ်လွန်မှုတွင် အသုံးပြုပေးသဖြင့်၊ တချို့ စတန့်ထွင်သူများသည် ကွယ်လွန်သူ၏ အသက်ကို ပိုကြီးသယောင်ပြောခြင်းဖြင့် အဆင့်မြင့်ကားကြီးဖြင့် ကွယ်လွန်ကြခြင်းမှာ ခေတ်စားနေကြောင်း မြန်မာပြည် ၂၅ ရပ်ကွက် အခြေစိုက် သတင်းသမား၏ Facebook Profile Message အရသိရသည်။ ထူးခြားသော မြန်မာ့ဓလေ့များကို ဖေ့စ်ဘွတ်ခ်သည် ဖော်ထုတ်ပေးလျက်ရှိနေသည်မဟုတ်ပါလား။

အံသြကုန်နိုင်ဖွယ် မင်္ဂလာပွဲများအကြောင်းကိုလည်း မြန်မာ့အလင်း၏ facebook ကြော်ငြာ page တွင်တွေ့လိုက်ရသေးသည်။ Hotel များမှ အဝေးရောက်နေသော ရွှေမြန်မာများအတွက် web cam တွင် တောင်ရှည်ပုဆိုး၊ ချိတ်ထမီများဖြင့် ရပ်နေပြီး ထိုရုပ်သံများကို Hotel ၏ မင်္ဂလာပွဲခန်းမတွင် ပရိုဂျတ်တာများဖြင့်ပြသပေးကြောင့်။ နှစ်ပွဲတိတိ အောင်မြင်စွာစီမံပြီးကြောင်းကြော်ငြာထားသည်။ Connection ပျက်တောက်သွားလျှင် မည်သို့ဖြစ်မည်နည်းဆိုသော comment ကိုမူ ယခုအချိန်အထိ ပြန်လည်ဖြေကြားထားခြင်းမရှိသေးပါ။

မြန်မာတစ်နိုင်ငံလုံးပထမပဲရတာကို ၀မ်းမနည်းပါနဲ့တော့သမီးလေးရယ်ဟူသော စကားမှာ Facebook ဆိုင်ရာ လူကြိုက်အများဆုံး protocol တစ်ခုဖြစ်ခဲ့သေးသည်ဟု ဘဂျမ်းတွေးမိသည်။

အနားယူသွားသော ၀န်ကြီးများအတွက် စိတ်မကောင်းကြောင်းသ၀ဏ်လွှာပို့သပွဲတွင် ၀မ်းသာကြောင်းသ၀ဏ်လွှာပို့သ မိသော ဘဂျမ်းတစ်ယောက် မိမိ၏ မှားယွင်းမှုကို ပြုံးဖြီးဖြီး နောင်တရမိသည်။

အမျိုးသားရင်ကြားစေ့ရေးအတွက် ကြယ်သီးတစ်လုံးပို့သခဲ့ဖူးသော ဘဂျမ်းသည် အမတ်နေရာပြိုင်ပွဲတွင် စင်ကာပူရောက်နေသောကြောင့် သင်္ဃန်းကျွန်း အပိုင်စားရသော အမတ်တစ်ယောက် လျော့နည်းသွားသည်။ လမ်းများသည် လိုသည်ထက် စုတ်ပဲ့လျှက်ရှိပြီး၊ တစ်ချို့နေရာများသည် ရေများပင်ထွက်လျက်ရှိကြောင်း သွားရောက်လေ့လာစဉ်တွေ့ရှိခဲ့ရသည်။ တာဝန်ကျသော အမတ်မှာ ရေနံများထွက်လာချိန်အထိစောင့်နေကြောင်း၊ မိလ္လာပိုက်များ အပေါ်မှ ဖောက်လုပ်ထားသော လမ်းမများတွင် ရေနံထွက်မည်ဟု အထူးတလည်မျှော်လင့်နေကြောင်းသိရသည်။ ထိုအရာများကို Notes ရေးမည်ဆိုသော် အချင်းချင်းမျက်နှာပျက်မည် မရေးပါနှင့်ဟုဆို၍ Facebook တွင်မရေးခဲ့ရချေ။

တောင်ကျရေကာကွယ်ရေးအတွက် ပခုက္ကူတွင် မီးချိတ်၊မီးကဒ်များနှင့်အတူ၊ တစ်အိမ်လျှင် မိုးပျံပူဖောင်းအကြီး ဆယ့်ငါးလုံး ချိတ်ဆွဲထားရန် ဆုံးဖြတ်လိုက်ကြောင်းသိရသည်။ အရေးပေါ်အခြေအနေတွင် အလျှင်အမြန်ပြောင်းရွှေ့နိုင်ရင် အိမ်များကို ရွှေ့လျားနိုင်သော ကုလားမခြေထောက်များဖြင့်တည်ဆောက်ထားသင့်ကြောင်း၊ ရေသောက်ကြမ်းသော ငါးများကို ပိုမိုမွေးမြူ၍ အရေးပေါ်အခြေအနေများတွင် ထိထိရောက်ရောက် အသုံးချသင့်ကြောင်း တာဝန်ရှိသူများမှပြောကြားသွားသည်။ ယခုတောင်ကျရေများသည် ကျေးရွာနေပြည်သူများအတွက် အဖိုးတန်သော သင်ခန်းစာပင်ဖြစ်ကြောင်း၊ အသက်နှင့်ရင်းလိုက်ရသည်ဖြစ်သော်လည်း ယူတတ်လျှင် သင်ခန်းစာသည် နောက်ဘ၀အထိ ယူသွားနိုင်ကြောင်း၊ ချောင်းများသည်တိမ်လာလျှင် တိမ်လာသည် မှတ်မနေဘဲ ထူးတန်တူး၊ ဆွတန်ဆွ၊ ကလိတန် ကလိသင့်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နာဂစ်ရံပုံငွေများကို သေးဖွဲသော ကိစ္စများတွင် ထုတ်သုံးရန်ခက်ခဲကြောင်း၊ အစိုးရတွင် အခွန်ဝင်ငွေမရှိကြောင်း၊ ထောက်ပံ့ပစ္စည်းများရောင်းရငွေဖြင့် အခွန်ပေးစေလိုကြောင်း။ အခွန်ကို အရစ်ကျစနစ်ဖြင့်ပြုလုပ်လိုကြောင်း၊ အခွန်သာရရှိမည်ဆိုလျှင် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဒီထက် မြန်ဆန်ဖွယ်ရှိကြောင်း စသည့် စိတ်ဝင်စားဖွယ်သတင်းများကိုလည်း ဖေ့စ်ဘွတ်ခ် Notes များမှသာဖတ်ရသည်။

ယောက္ခမကို မုန်းသည်။ ၄၀%
ယောက္ခထီးကို မုန်းသည်။ ၆၀%
နှစ်ယောက်စလုံးကိုမုန်းသည်။ ၁၂၀%
ဆိုသော မေးခွန်းများဖြင့် ညစ်ညမ်းနေသော ဖေ့စဘွတ်ခ တွင် ကမ္ဘာ့ပြဿနာ၊ မြန်မာ့ပြဿနာအပြင်၊ တကိုယ်ရေပြဿနာများဖြန့်ခင်းပြသရာ အရောင်းမြှင့်တင်ရေးစင်မြင့်လည်းဖြစ်သည်ဟုဘဂျမ်းထင်မိသည်။

တကိုယ်တော် လူပျိုကဗျာဆရာ အန်ကယ်လင်း သည်ပင်
ကျွန်ုပ်ဒီနှစ် လက်ထပ်မည်။ ၀%
ကျွန်ုပ် နောက်နှစ်လက်ထပ်မည်။ ၀.၀၀၀၀၀၀၀၁%
ကျွန်ုပ် လက်ထပ်ချင်မှလက်ထပ်မည်။ ၉၉.၉၉၉၉၉၉၉% ဆိုသော မေးခွန်းကို ပရိတ်သတ်များအတွက် ပဟေဠိလုပ်ထားသေးသည်။ ရရှိသော အဖြေများအတွက် ၀မ်းနည်းဝမ်းသာဖြစ်နေရကြောင်းသိရသည်။

ဖေ့စ်ဘွတ်ခ်၏ ကျူးကျော်ဝင်ရောက်မှုများသည် နိစ္စဓူဝ ကြုံတွေ့နေရပြီဖြစ်သည်။ မကြာသေးမီက မြန်မာအဆိုကျော်တစ်ယောက်၏ ပြင်းထန်သော မှတ်ချက်ကို ဖေ့စ်ဘွတ်ခ်တွင်တင်ခဲ့သေးသည်ကိုတွေ့ရသည်။
အကြိုက်ကိစ္စမှာ ကြီးကျယ်သောကိစ္စမဟုတ်ပါ။ သတင်းအရေးအသားသည် ဖွရန်သက်သက်သာဖြစ်ကြောင်း ငယ်သူငယ်ချင်း သတင်းထောက်မှ ဘဂျမ်း၏ အိမ်အပြန်လမ်းတွင် လက်ချာရိုက်ခဲ့သေးသည်။ မြန်မာပြည်သည် မကြာသေးမီကမှ မီးပုံမှန်ရရှိသော နိုင်ငံသာဖြစ်သည်ဟူသော အချက်ကို နှလုံးသွင်းပြီး အချက်အလက်နှင့် ရာခိုင်နှုန်းဆိုင်ရာများအတွက် အသင့်မဖြစ်သေးကြောင်း လက်ခံနိုင်လျှင်ကောင်းပါသည်။ လေးဖြူနာမည်ကြီးနေစဉ်က "အခုလို အော်ဟစ်သီဆိုနိုင်ဖို့ ဘယ်လိုလေ့ကျင့်ရသလဲ"ဟု အူကြောင်ကြောင်မေးသည့် သတင်းထောက်ကို "ကျွန်တော် မအော်ဟစ်ပါဘူး။ သီချင်းဆိုတာပါ"ဟုဖြေသည်ကို သတင်းထောက်မှ မကျေနပ်သောကြောင့် အကျယ်အကျယ်မငြိမ်းဖွယ်မေးခွန်းကြောင်တွေ ထွက်လာခဲ့ပါသေးသည်။ အဖြေများသည် မေးခွန်းမေးသူအပေါ်တွင် မူတည်ပါလိမ့်မည်။ မြန်မာစကားသည် ကျယ်ပြန့်ပါသည်။ အမှား၊အမှန်များကို ဆုံးဖြတ်ရန်အလုပ်သည် ဘဂျမ်း၏ အလုပ်မဟုတ်ပါ။ Facebook သည် အဖြေမလိုသော မေးခွန်းများ မီးတောင်ပေါက်သလို ပေါက်ကွဲထွက်နေသော နေရာလည်းဖြစ်ပါသည်။

တစ်ချိန်ချိန် မြန်မာပြည်ပြန်ရောက်လျှင် ဘဂျမ်းသည် facebook ရက်တို အမြန်သင်တန်းဖွင့်ပါမည်။
How to write comment ကို အချိန်ပေး၍ သင်ကြားပေးမည်ဖြစ်ပါသည်။
How to block /How to Unfriend/ စတာတွေကိုလည်း Syllabus ဆွဲသားပြီး အတိအကျသင်ကြားပေးသွားမည်ဖြစ်သည်။ လူမည်းသမ္မတသည် Mark Elliot Zuckerberg အကူအညီဖြင့် လူငယ်များထံမှ ထောက်ခံမဲများစွာ ရခဲ့သည်ဖြစ်၍ အမတ်များအတွက် မဲဆွယ်နည်း course ကိုလည်း အထူးနှုန်းဖြင့် ဆောက်ရွက်သွားမည်ဖြစ်သည်။ Fan page များလုပ်ထားပြီး ရောင်းချသွားဖို့လည်း စီစဉ်ထားပါသည်။

facebook သည် ပုံမှန်သုံးစွဲနေသူများ မည်သည့်အခါမျှ စွဲလေ့မရှိပါ။
၂၀၁၁ မှစ၍ မွေးဖွားလာသော ကလေးတစ်ယောက်သည် ဆေးရုံနှင့် သင်္ချိုင်းတွင် အစအဆုံးမဟုတ်တော့ပါ။ ဖေ့စ်ဘွခ်တွင် စ၍ ဖေ့စ်ဘွတ်ခ်တွင်သာဆုံးပါသည်။

ပြောရင်းဆိုရင်း ကိုတင်မင်းထက်က သူတို့တွေ အပစ်အခတ်ရပ်စဲထားတာ ၁၂ နှစ်ရှိပြီဆိုတဲ့ စာသားကိုဘိုလိုတင်လိုက်တာကိုတွေ့ရသည်။

Today is our 12th anniversary :)

အော် ဖေ့စ်ဘွတ်ခ်ပစ္စယာ သင်္ခါရလား၊ ဖေ့စ်ဘွတ်ခ်ပစ္စယာ ဘဝေါလား။
အဲဒါ ကျွန်တော့်ရဲ့ ဒီနေ့ profile message ပေါ့။


With Regards,
ဘဂျမ်း... အဲလေ Zephyr



Peace B with U.

Friday, November 11, 2011

ရန်ကုန်လား ... အခြေအနေ အကောင်းဘက်ကို ဦးတည်ရွေ့လျားနေတယ်။ ထင်ရတာပဲ။

ရန်ကုန်လား ... အခြေအနေ အကောင်းဘက်ကို ဦးတည်ရွေ့လျားနေတယ်။ ထင်ရတာပဲ။


လမ်းမများ

လွန်ခဲ့တဲ့ခြောက်လကထက် လမ်းပေါ်က ချိုင့်တွေက ခြောက်လက်မ ပိုနက်လာတယ်။
Budget စောင့်နေတာလို့ပြောတယ်။ အင်္ဂတေ တစ်ပိုင်း လမ်းမရိုင်းတွေကလည်း ကျန်တဲ့ တစ်ဝက်မှာ နှစ်လမ်းမောင်းနေရတော့ လကမ္ဘာအတွေ့အကြုံရရှိစေတယ်။ ဥပမာ။ သွားကောလိပ်ရှေ့နား။

Taxi

ပထမဆုံး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေလုပ်ရတယ်။ တစ်ချို့ဒရိုင်ဘာတွေက ဆေးလိပ်သောက်တယ်။ တစ်ချို့က လမ်းမကို အနီရောင် ဆေးဆိုးဖို့ တာဝန်ကျနေသလို၊ တစ်လမ်းလုံး ကွမ်းတပျစ်ပျစ်နဲ့။ အမှိုက်လား။ လမ်းမပေါ်ပစ်လိုက်ကြတာပဲ။ မှန်တံကားက ဂွနဲ့လှည့်ပြီးချရတယ်။ ဈေးက တစ်စီးနဲ့တစ်စီး ၅၀၀ ကနေ ၁၅၀၀ အထိ ကွာတယ်။ စိတ်ရှည်ရှည် စောင့်နိုင်ရင် ပိုပေးပြီး မစီးတာကောင်းတယ်။

မြေဈေး

ပေတရာပတ်လည်ခြံကျယ်ကြီးမှ ၇ သိန်းပဲရှိတယ်။
အဲ ... နေရာကတော့ လှည်းကူးမှာ။

ဒဂုံ ဘေလီတံတားအဆင်းနားက ခြံတောင် သိန်း ရှစ်ရာတွေ ဘာတွေ ဖြစ်နေပြီ။ အံ့သြလို့မဆုံးဘူး။ အခုတလော ကားဈေးကွက် ကမောက်ကမ ဖြစ်လာတော့ ကားဝယ်ရောင်းတွေက မြေကွက်တွေဘက် လှည့်ကုန်ပြီ။ ဒီအတိုင်းပစ်ထားရင်း ဈေးတက်လာတဲ့ မြေကွက်တွေဟာ အစိုးရကြောင့် ဈေးပြောင်းတဲ့ကားလို risk မများဘူးလို့ပြောတယ်။

ဈေးပေါတာတွေလည်းရှိပါတယ်။ နေရာပေါ်မူတည်တယ်။ ပတ်ဝန်းကျင်ကောင်း၊မကောင်းပေါ်မူတည်ပြီး ဈေးက ငါးသိန်း၊ ဆယ်သိန်းကွာတာလည်းရှိတယ်။

စင်ကာပူလို ကျွန်းက သေးနေလို့ မြေဈေး၊ အိမ်ဈေးတွေ ခေါင်ခိုက်နေတာကို မအံ့သြပေမယ့်၊ ရန်ကုန်လို ဘယ်နေရာသွားသွား ကွက်လပ်တွေ အများကြီးကျန်သေးတဲ့နေရာမှာ ဈေးတွေ ဒီလောက်ကြီးလာတာကတော့ ကမ္ဘာနဲ့ ပထမဆုံး တန်းလိုက်တဲ့ ရင်ပေါင်လို့ပဲထင်တယ်။ ရင်ပေါင်တန်းတယ်ဆိုတာ အရပ်သိပ်ပုတဲ့သူက အရပ်သိပ်ရှည်တဲ့သူရဲ့ပေါင်နားမှာသွားရပ်လိုက်လို့ သိသိသာသာပုသွားတာကို ခေါ်တာမျိုးပဲပိုဖြစ်သင့်တယ်။

ယုံကြည်မှုများ

မြန်မာပြည်မှာက လူတစ်ယောက်ကို မသိဘဲ ယုံကြည်လို့မရတာ တော်တော်လေးဆိုးရွားတယ်။ မကြာမကြာလိမ်တယ်။ လူတစ်ယောက်ကို မလိမ်အောင် ထိန်းချုပ်ထားတာတွေ နည်းနေလို့ဖြစ်မယ်ထင်တယ်။ အိမ်တွေကို ကြိုပွိုင့်နဲ့ရောင်းပြီး မဆောက်ဖြစ်သေးလို့ နှစ်နဲ့ချီ စောင့်နေရတာတွေလည်းရှိတယ်။

ငွေရဖို့ကို သိပ်ဦးစားပေးလွန်းရင် အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုပြီး လိမ်တဲ့အလုပ်ကို ဂုဏ်ရှိတယ်ဆိုပြီးတောင် လုပ်မိကြတယ်ထင်တယ်။

တော်တော်လေးကို သတိထားရတယ်လို့ပြောတယ်။

ကမ္ဘာ့အံ့ဖွယ် နှစ်ခု

ရွှေတိဂုံ ဘုရားမှာတော့ ကမ္ဘာ့ အံ့ဖွယ် နှစ်ခုတွေ့ရမယ်။ နံပါတ်တစ်က ရွှေတိဂုံဘုရားပေါ့။ ရွှေတန်ချိန်လည်း မနည်းဘူးဆိုတော့။

ဒုတိယတစ်ခုက ဓာတ်လှေကား မောင်းသမား။ ဓာတ်လှေကားဆိုတာက တစ်ယောက်ယောက်က စက်ပစ္စည်းတစ်ခုခုလို မောင်းနှင်ရတာလို့ ခံစားလိုက်ရတဲ့အသိကလည်း ကမ္ဘာ့ အံ့ဖွယ် အသိပဲ။ ဓာတ်ပုံတောင်ရိုက်လာသေးတယ်။

အတိုတွေ ဘာတွေဝတ်လာရင်လည်း ၃၀၀၀ ကျပ် အပေါင်ပေးပြီး ယောဂီထမီငှားလို့ရတယ်။ ထမီအတွက်နဲ့ အလုပ်ရှုပ်နေဖို့မလိုဘူး။ မြန်မာပြည်။ အကုန်လုံးအဆင်ပြေအောင်လုပ်ပေးတယ်။

ဘုရားပန်း

ဘုရားပန်းကပ်တာဟာ မြန်မာဓလေ့မှာ အတော်လေး အကြမ်းဖျင်းဆန်တယ်။ ပန်းကို မဟာတရားကြီးတဲ့ ပန်းအိုးထဲ အင့် ဆိုပြီး ထည့်လိုက်တာကိုပဲ ပန်းကပ်တယ်ခေါ်နေကြတယ်။ ပသာဒဖြစ်အောင် မကပ်တော့ဘူး။ စုပြုံထိုးသိပ်ထားသလိုဖြစ်တယ်။ ရှေ့က နွမ်းနေတဲ့ပန်းတွေ ဘာတွေ ဖယ်ဖို့ ဘယ်သူမှ မစဉ်းစားဘူး။ ဖယ်လိုက်ရင်လည်း ပန်းထိုးသွားတဲ့သူက မုန်းဦးမယ်ဆိုတဲ့ အသိကြောင့်လည်းဖြစ်မယ်။

ပန်းက တစ်စည်းကို တစ်ထောင်။
ငွေပန်းတွေကို တုတ်ချောင်လေးတွေနဲ့လုပ်ထားတာတော့ သဘောကျတယ်။
ပန်းကို ပန်းလိုကပ်ချင်တာထက် ယတြာချေဖို့လောက် ကပ်နေတာများတယ်။ အရွက်တွေနဲ့ ဘုရားကိုပူဇော်မှ ကိုယ့်ဒုက္ခအေးမယ်ဆိုတဲ့ အသိမျိုးဟာ အတော်လေး သနားစရာကောင်းတယ်။ ဒီလောက် မြင့်မြတ်ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကို ကိုးကွယ်ဆည်းကပ်တယ်ဆိုကတည်းက ကိုယ့်မှာ ဘေးကင်းရန်ကင်းဖြစ်မယ်ဆိုတာ စိတ်ချထားလို့ရတယ်။ ဗေဒင်ဆရာပြောတဲ့ အရွက်တွေ၊ အညွန့်တွေထားဖို့ ထောင့်နားမှာ အရွက်စင်ဆိုပြီးသပ်သပ်ထားပေးဖို့ကောင်းတယ်။ ဗေဒင်ဟာ ဟိန္ဒူအယူဖြစ်ပြီး၊ ထေရ၀ါဒမှာ ဗေဒင်မပါပါဘူး။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ပဲပါပါတယ်။ နှင်းဆီပန်းလှလှလေးတွေကပ်တာဟာ ကံကော်ညွန့်နဲ့ တခြား အညွန့်တွေ အရွက်တွေ ကပ်မှ ရမယ်ထင်နေတဲ့ အကျိုးကျေးဇူးတွေလည်း အကုန်ရနိုင်ပါတယ်။ စဉ်းစဉ်းစားစားလေး ပန်းကပ်တော်မူကြပါ။

ကိုယ်ကပ်နေတာဟာ အမြင့်မြတ်ဆုံးလို့ ကိုယ်လက်ခံထားတဲ့ သူဖြစ်ပါတယ်။ ကိုယ့်အခန်းထဲမှာ ကလေးတွေက သစ်ရွက်တွေလာထိုးပေးတာနဲ့ပန်းတွေလာထိုးပေးတာကိုပဲစဉ်းစားကြည့်။ မဟာကရုဏာတော်ကို အလွဲသုံးစားလုပ်ပြီး ဘုရားခေတ်တုန်းကလည်း မြက်ရှစ်ဆုပ်လှူသေးတာပဲဆိုတာမျိုးကို ကိုးကားပြီးပြောတဲ့သူလည်းရှိတယ်။ ဟိုလူက မြက်ရှစ်ဆုပ်ကို လှူလိုက်တာ ယတြာချေတာမဟုတ်ဘူးဆိုတာကိုမေ့မထားပါနဲ့။ ယတြာချေဖို့လောက် လုပ်တဲ့ကုသိုလ်က အဲဒီတန်သလောက်ပဲ ကုသိုလ်ရပါမယ်။ လိုချင်တဲ့စိတ်နဲ့လုပ်တဲ့ကုသိုလ်နဲ့ မလိုချင်တဲ့စိတ်နဲ့လုပ်တဲ့ကုသိုလ်ရဲ့ ဖြူစင်မှု၊ လောဘကင်းမှုတွေဟာ မတူသလို ၊ အကျိုးပေးတွေကလည်းကွဲပြားပါတယ်။

ရောတိရောရာ အနုပညာ

ရွှေတိဂုံဘုရားနဲ့ပတ်သက်ပြီး ဆံပင်ရေညှစ်နေတဲ့ အမျိုးသမီးကို ငယ်ကတည်းက အမြင်မရှင်းပါဘူး။ ကြီးလာတော့ရှာဖတ်တော့ အဲဒါကလည်း ဇာတ်ကွက် အမှားဖြစ်တယ်ဆိုတာသိလာပါတယ်။ အဲဒီ ၀သုနြေ္ဒနတ်သမီးဟာ မာရ်နတ်တပ်ကြီး ဘုရားဆီချီလာတာကို ဆံပင်က ရေညှစ်လိုက်တာ မာရ်နတ် troops တွေ ရေထဲမျောသွားတယ်တဲ့။ မေတ္တာဓာတ်နဲ့အောင်နိုင်ပါတယ်ဆိုမှ ကြားထဲမှာ မဟုတ်က ဟုတ်က ဇာတ်လာထိုးနေတာ အတော်ဆိုးတယ်။ အဲဒီဆင်းတုကို ဘုရားတွေ ရှေ့နားမှာထားတာဟာ တကယ်ဆို ဘုရားရှင်ကို စော်ကားရာတောင်ရောက်တယ်။ သာသနာရေး နဲ့သက်ဆိုင်တဲ့အဖွဲ့တွေဟာ အဲဒီလို အမှားအယွင်းတွေကို ဆက်လက်ထားရှိတာဟာ သင့်လား၊မသင့်လား ဆင်ခြင်ဖို့ကောင်းတယ်။ ဒါမှမဟုတ်လည်း အများသူငှာအမြင်ရှင်းအောင် နတ်သမီးသည် သူ့ဘာသာသူ ခေါင်းလျှော်ရည် ကြော်ငြာနေခြင်းသာဖြစ်သည်လို့ စာတမ်းအသေးလေးထိုးထားပေးသင့်တယ်။

ဘာလို့ပတ်တာလဲ။

ဘုရားရောက်ရင် ဘာလို့ ပတ်ကြတာလဲ။ လက်ယာရစ်ဖြစ်စေ၊ လက်ဝဲရစ်ဖြစ်စေပတ်တာ ဘာလို့လဲဆိုတာ သိတဲ့သူလည်းနည်းတယ်။ ရှေးဟောင်း အိန္ဒိယ ယဉ်ကျေးမှုတစ်ခုပါပဲ။ တစ်ယောက်ယောက်ကို လေးစားရင် ပတ်ပြီး အလေးအမြတ်ပြုရပါတယ်။ သုံးကြိမ်ပတ်လေ့ရှိပါတယ်။ ရှိခိုးတဲ့ အဓိပ္ပာယ်ပါပဲ။ တရားဟောတာတွေ နားထောင်ရင် မကြာမကြာ ကြားရမှာပါ။ ခင်ပွန်းနဲ့ခင်ပွန်းမတွေ တရားအရှာထွက်ကြတော့မယ်ဆိုရင် တစ်လှည့်စီပတ်ပါတယ်။ ပြီးရင် ဦးချပါတယ်။ လမ်းခွဲပါတယ်။ ပတ်နေတာဟာ ရှိခိုးနေတာဆိုတဲ့ အသိကို မေ့လျော့နေရင်တော့ လေတွေပေါရင်း ပတ်နေမိတတ်ပါတယ်။ ဖုန်းတွေပြောရင်း ပတ်နေမိတတ်ပါတယ်။ ပတ်လမ်းကနေ ဘုရားအထိဟာ ခဲတစ်ပစ်စာ အကွာအဝေးဖြစ်လို့ အဲဒီအကွာအဝေးမှာ ဘုရားအကြောင်း၊ တရားအကြောင်းနဲ့ မဆိုင်တာတွေ ပြောတာဟာလည်း အကုသိုလ်အလုပ်ဖြစ်ပါတယ်။ ဒါကတော့ တင်းကြပ်တဲ့စည်းကမ်းတွေအရပြောတာပါ။ ငယ်တုန်းကဖတ်ခဲ့တဲ့ ရဝေနွယ်(အင်းမ) (အရှုင်ရာဇိန္န) စာအုပ်ထဲမှာတော့ ခဲနှစ်ပစ်စာ အကွာအဝေးအထိ ပုရ၀ုဏ်အတွင်းလို့ သဘောထားပြီး အပိုကိစ္စတွေ မပြောသင့်ဘူးဆိုတာပါပါတယ်။

ကြည်နူးဖွယ်မြင်ကွင်း

ဘုရားမှာ ဝေရာဝစ္စအဖွဲ့တွေ မိုးရေစိုနေတဲ့ကျောက်ပြားတွေကို ရေမတင်အောင် သုတ်သင် သန့်ရှင်းနေတာကို မြင်ခဲ့ရတယ်။ အရင်လည်း သူငယ်ချင်းတွေက အဲဒီအဖွဲ့တွေမှာပါတော့ မနက်အစောကြီး သွားပြီး တံမျက်စည်းလှည်းကြတာ၊ သန့်ရှင်းရေးလုပ်ကြတာတွေကို သိရတယ်။ ကြည်နူးစရာ မြင်ကွင်းပါပဲ။ မြန်မာပြည်မှာ volunteer spirit ဆိုတာကို စကားလုံး အများကြီးနဲ့ ရှင်းပြနေစရာမလိုပါဘူး။ မြန်မာအားလုံးရဲ့ မွေးရာပါ စိတ်အခြေခံလို့ပဲထင်မိတယ်။

မုန့်ဟင်းခါးစားခြင်းအနုပညာ

မုန့်ဟင်းခါးတစ်ပွဲ အကြော်နဲ့မှ ၆၀၀ ကျပ်ပါ။ မြောင်းမြ ဒေါ်ချိုဆိုင်ဖြစ်ပါတယ်။ တစ်ခါစားရင် အကြော်နှစ်မျိုးစီနဲ့ နှစ်ပွဲစားပါတယ်။ စင်ကာပူမှာ အင်မတန်ညံ့ဖျင်းတဲ့ မုန့်ဟင်းခါးကိုတောင် တစ်ပွဲ 7SGD (4200 ကျပ်လောက်နဲ့) စားရတာကို စိတ်နာတဲ့အနေနဲ့ကြုံရင် ကြုံသလိုစားသွားပါတယ်။

လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုပြောင်းလဲလာခြင်း

ကျောင်းနေဖက်သူငယ်ချင်းက မနက် ၈ နာရီခွဲမှာ မနက်စာစားဖို့ လာခေါ်တယ်။ မတွေ့တာကြာပေမယ့် အရင်လိုပဲခင်ကြတယ်။ လက်ဖက်ရည်ဆိုင်တွေကို ကြီးကြီးကျယ်ကျယ်တွေဖွင့်ကြတယ်။ မနက်စာရတဲ့ဆိုင်တွေက ပိုပြီး အလုပ်ဖြစ်တယ်။ တစ်ချို့လည်း စားသောက်ဆိုင်လိုဖြစ်နေပြီ။ လက်ဖက်ရည်သောက်ချင်တဲ့သူက လက်ဖက်ရည်သောက်။ အစားအသောက်တွေကလည်း မဆိုးဘူးဆိုတော့ အဆာပြေစားချင်တဲ့သူတွေစားလို့လည်းရတယ်။ စားပွဲထိုးတွေကတော့ အရင်လိုပဲ သိပ်မတွက်တတ်သေးတာတွေ့ရတယ်။ မနက်တစ်ပိုင်းတင် ငွေကွာတာ ၂၀၀၀ လောက်ရှိပြီဆိုလို့ မင်းကတော့ လခတောင်ကျန်ပါ့မလားဆိုပြီး သေချာတွက်ဖို့ပြောခဲ့သေးတယ်။ သူ့မှာ ဂဏန်းပေါင်းစက်လည်းပါတယ်။ အဲဒါကို မှားနေတာ။ သူငယ်ချင်းကတော့ ဟိုမှာ စီးပွားရေးလုပ်နေတော့ပိုက်ဆံတွက်တာကျွမ်းကျင်ပုံပေါ်တယ်။ သူပဲတွက်ပေးလိုက်တယ်။ သူ့ကိုလည်း ပြန်တွက်ကြည့်ဦး မှားဦးမယ်ဆိုတော့ အကိုတို့ကို ယုံပါတယ်ဆိုပြီး တွက်မနေတော့ဘူးဆိုပြီး ရယ်ပြတယ်။ ဗဟန်းက ဆိုင်တစ်ဆိုင်ပဲ။ နာမည်တော့ မမှတ်မိဘူး။

နောက်တစ်ခေါက်ကြတော့ မနက်စာကို သူငယ်ချင်းသုံးယောက်သား royal rose မှာ စားတယ်။ အမြုပ်များတဲ့ နွားနို့ကို သောက်တယ်။ အစားအသောက်တွေက သိပ်အကောင်းကြီးမဟုတ်ဘူး။ ငယ်တုန်းက ကြိုက်တာတွေကို သိပ်မကြိုက်တော့ဘူးလို့ ကော်ရည်ခေါက်ဆွဲစားတဲ့ ဇနီးသည်ကပြောတယ်။

လပ်ကီးဆဲဗင်းမှာတော့ စားလို့အဆင်ပြေတယ်။ မုန့်ဟင်းခါးလည်းကောင်းတယ်။ ဆိတ်မွထမင်းကြော်လည်းကောင်းတယ်။ လက်ဖက်ရည်လည်းကောင်းတယ်။ မြန်မာပြည်မှာတန်တာက အဲဒီလက်ဖက်ရည်၊မုန့်ဟင်းခါးတွေပဲ။


ဘီယာဆိုင်ယဉ်ကျေးမှု

မြန်မာပြည်မှာ အရွယ်ရောက်သူတိုင်း ဘီယာမသောက်မနေရ စနစ်များ ကျင့်သုံးလိုက်သလားထင်ရလောက်အောင် သောက်ကြတယ်။ မြန်မာပြည်မှာ ပုံမှန်သောက်သုံးသူလူတန်းစားကို မနည်းလှဘူး။ ဘီယာဆိုင်က အစားအသောက်တွေက အငန်များနေတာကြုံခဲ့တယ်။ ဘီယာသောက်ရင်းစားတဲ့သူတွေတော့ အဆင်ပြေသလားမသိဘူး။ မသောက်တဲ့ ကျွန်တော်တို့ လင်မယားကတော့ ငန်လို့ မနည်းကုန်အောင်စားရတယ်။ ခေါက်ဆွဲကြော်တစ်ပွဲက မြန်မာငွေ ၂၆၀၀ လောက်ကျတယ်။ ဈေးများတယ်ထင်ရင် စင်ကာပူငွေနဲ့ပြန်တွက်ပြီးစားကြရတယ်။ ဆာတေးတွေကောင်းတယ်။ ၀က်သားတုတ်ထိုးညံ့တယ်။ လမ်းဘေးက ၀က်သားတုတ်ထိုးစားချင်တာတော့ မစားခဲ့ရဘူး။ ရန်ကင်းကြားမှတ်တိုင်က ၀က်သားတုတ်ထိုးသည်ကြီးလည်း မဖွင့်တော့ဘူးလားမသိဘူး။ ရောက်တော့ ရှာကြည့်တာ ဆိုင်ဖွင့်တာမတွေ့တော့ဘူး။ ၁၂ လုံးတန်းက နောက်ထပ်တစ်ဆိုင်ကလည်းပိတ်ပြီ။

ဘဏ်များကို လေ့လာခြင်း

အရင်က ဘဏ်တိုး ၁၂ % per annum (နှစ်တိုး) ကို အခု ၁၀% ပြောင်းလိုက်ပြီ။ ဘဏ်တွေက ခြေသွက်နေတယ်။ ထိပ်ဆုံးနေရာကို ကမ္ဘောဇက ယူထားတယ်။ ဘာလို့ယူထားနိုင်တာလည်းဆိုတော့ သူတို့မှာ background ကောင်းတယ်။ ကျန်တဲ့ဘဏ်တွေ ပေါင်းပြီး ကမ္ဘောဇကို ဖြုတ်ချဖို့ကြိုးစားခဲ့သေးတယ်။ နောက်ဆုံး ကမ္ဘောဇက မီဒီယာတွေနဲ့ပေါင်းပြီး သိပ်ခိုင်မာတဲ့အကြောင်းကို သက်သေပြခဲ့တယ်။ ဗဟိုဘဏ်က အငြိမ်းစားယူတဲ့သူတွေကို ကမ္ဘောဇက ဒိုင်ခံလိုက်ခေါ်တယ်။ အိမ်တိုင်ရာရောက် အလုပ်လျှောက်ဖို့ လာပြောတယ်။ ဆိုလိုတာက ကမ္ဘောဇမှာ ဗဟိုဘဏ်က လူကြီးဟောင်းတွေ အများကြီးရှိတယ်။

Exchange Counter တွေအတွက် ပြင်ဆင်လှုပ်ရှားနေကြတယ်။ ခြေသွက်တဲ့နောက်ထပ် တစ်ဘဏ်က မြန်မာ့ရှေ့ဆောင်။ အရင်က ဦးအိုက်ထွန်းရဲ့ အာရှဓနဘဏ်ကလူတွေနဲ့ ပြန်ဖွဲ့ထားတယ်။

ဒေါ်လာကို ကမ္ဘောဇက ရသလောက်ဝယ်မယ်ဆိုပြီး ဈေးကို ၃၀ ကျပ်ပိုပေးလိုက်တယ်။ အစိုးရပေါက်ဈေး ၇၉၅/၈၀၀ ကျပ်ပဲရှိတဲ့အချိန်မှာ ၈၃၀ ကျပ်နဲ့ဝယ်တယ်။ သန်း နှစ်ရာ အရှုံးခံပြီးဝယ်စုထားပြီးပြီလို့ သိရတယ်။ အဲဒီ ဒေါ်လာတွေကို ဗဟိုဘဏ်မှာပြန်အပ်ထားရတယ်။ အဲဒီလို အပ်ဖို့ ဗဟိုဘဏ်ရဲ့ စည်းမျဉ်းအရ မကိုက်ညီတဲ့ ဒေါ်လာတွေကိုတော့ ၇၃၀ ကျပ်နဲ့ပြန်ရောင်းတယ်။ မြန်မာပြည်မှာတော့ ခေါက်ရာပါတာမယူဘူး။ မြင့်တယ်။ ပိုက်ဆံတောင် ရွေးပြီးသုံးတာ။

USD, EURO, FEC, SGD လေးမျိုးကို နောက်ပိုင်းမှာ လွယ်လွယ်ကူကူလဲနိုင်ပြီ။ Exchange Counters တွေရှိလာပြီ။ နောက်ထပ်တစ်ခုက နိုင်ငံခြားငွေအပ်ချင်ရင် အကောင့်ထ်ဖွင့်လို့ရတော့မယ်။ International Bank Transfer ကိုလည်း စလုပ်နေပြီ။ နောက်ပိုင်းမှာ ဖြစ်လာနိုင်တယ်။

ရယ်စရာတစ်ခုက ATM ကို ရုံးတွေမှာ လခပေးဖို့တပ်တဲ့အကြောင်း။ ရုံးက လခကို ATM မှာထုတ်ရတယ်။ ချန်ထားလို့လည်းမရဘူး။ အကုန်ထုတ်ရတယ်။ အဲဒီတော့ ထုတ်ဖို့ကို ဘယ်သူမှ မသွားချင်ဘူး။ သွားမယ့်လူတစ်ယောက်ကို အားလုံးက Cards တွေပေးပြီး Password တွေ ရေးပေးလိုက်ရတယ်တဲ့။ ကဲ ဘယ်လောက်ရှင်းတဲ့ မြန်မာ့ရိုးရာစနစ်လဲ။

ATM စနစ်နဲ့ Nets နဲ့ လုပ်နိုင်ရင်တော့ ပိုက်ဆံတွေ ဆာလာအိတ်နဲ့ထည့်နေရတဲ့သူ၊ ခြင်ထောင်ကို ပက်လက်လှန်ပြီး ပိုက်ဆံသိမ်းရတဲ့ သူတွေအတွက်တော့ အတော်လေး အဆင်ပြေနိုင်တယ်။ ကျွန်တော်တို့လို အခြေခံလူတန်းစားတွေကတော့ ဘာကဒ်မှမရှိလည်း အဆင်ပြေပါတယ်။

ကားဈေးကွက်ကိုလေ့လာခြင်း

ကားဈေးတွေက ထက်ဝက်လောက်ကျသွားတယ်။ အခုအသစ်သွင်းဖို့ ကားသစ်တွေတင်လာပါတယ်ဆိုတဲ့ သင်္ဘောရောက်ရင် ထပ်ကျဖို့ရှိတယ်။ ကားသွင်းဖို့ company တွေအလျှိုလျှိုပေါ်လာတယ်။ သတင်းစာမှာဆို အဲဒီလိုဟာတွေချည်းပဲ။

နိုင်ငံခြားငွေရတဲ့ အလုပ်လုပ်တဲ့သူတွေဆိုရင် အခွန်ကို USD ၃၀၀၀ ဆောင်ပြီးရင်တောင် ကားသွင်းခွင့်ရမယ်လို့ပြောတယ်။ Eleven News မှာလည်းပါတယ်။ အခွန်ကို လျော့လျော့ပေါ့ပေါ့ဈေးတွေနဲ့ဆောင်နေပြီး ကားသွင်းဖို့ စိတ်ကူးရော၊ပိုက်ဆံပါမရှိတဲ့ ကျွန်တော်တို့အတွက်တော့ သိပ်မထူးဆန်းဘူး။

မြန်မာပြည်က ပြန်ချပေးမယ့် ပါမစ်တွေအရ ကားဟောင်းပဲသွင်းခွင့်ရမယ်။ မော်ဒယ်ကို ကန့်သတ်တယ်။ ဈေးကို ကန့်သတ်တယ်ဆိုတာကိုတော့ သိပ်နားမလည်ဘူး။ ဘာကြောင့်လဲဆိုတာကို သိပ်နားမလည်တာ။ ကားအကောင်းစားကြီးတွေ မစီးစေချင်လို့လား။ မော်ဒယ်အမြင့်တွေက ပိုပြီး safe ဖြစ်တယ်ဆိုတာကို မသိလို့လား။ အခွန်ပိုရချင်တဲ့သူတွေကိုပဲ မေးခွန်းထုတ်ရတော့မှာပဲ။ ကားအဟောင်းတွေ ဈေးတက်တယ်။ လေးဘီးကားလိုမျိုးကားတွေ၊ ဈ၊ဇ တွေ လိုက်ဝယ်ကြတယ်။ ပါမစ်လိုချင်လို့။ တကယ့်ကို ကမောက်ကမ။ ဒါပေမယ့် အလားအလာတွေက စိတ်ဝင်စားဖို့ကောင်းတယ်။

နေပြည်တော် Convention Centre

ဒီတစ်ခါ အာဆီယံ ၁၄ ကြိမ်မြောက် အစည်းအဝေးကို ကမ္ဘောဒီးယားမှာ လုပ်ဖို့ စီစဉ်ထားတယ်။ သူတို့က မလုပ်နိုင်ဘူး။ အဲဒီမှာ ၁၆ ကြိမ်မှာ ကျင်းပခွင့်ရထားတဲ့ မြန်မာနိုင်ငံက လွှဲပြောင်းပြီး ကျင်းပခွင့်ယူတယ်။ အဲဒါနဲ့ေ နပြည်တော်မှာဆောက်တယ်။ ဆောက်တဲ့ ပရောဂျတ်ကို ရွှေတောင်က ရတယ်။ ပထမဆောက်တယ်။ တရုတ်ပညာရှင်တွေက လာကြည့်တယ်။ နောက်တော့ အကြောင်းတစ်ခုကြောင့် လက်ရှိအနေအထားကို သိပ်မကြိုက်ဘူးဆိုပြီး အာဆီယံမှာရှိတဲ့ Convention Centres တွေကို လေ့လာရေးတွေပို့တယ်။ တစ်ချို့နိုင်ငံတွေက ကောင်းတယ်။ တစ်ချို့ကသာမန်ပဲ။ ကောင်းတာက ဂျာမန်က ဒီဇိုင်နာ၊ ဂျာမန်က အာခီတက် နဲ့ တရုတ်က ဆောက်ပေးလို့ဖြစ်နေတယ်။ အဲဒီတော့ မေးခွန်းတွေရှိလာတယ်။ မြန်မာတွေဖြစ်ပါ့မလားဆိုပြီး။ အဲဒီတော့ ရေကြီးလို့ ခေါင်းရှုပ်နေတဲ့ ထိုင်း ၀န်မကြီး၊၀န်ကြီးမကတော့ မြန်မာကို ထောက်ခံလိုက်တယ်။ တစ်ချို့ကလည်း မယုံဘူးတဲ့။ ဒီကောင်တွေ နာမည်ပျက်လေးရှိတယ်တဲ့။ အဲဒါနဲ့ အင်ဒိုကနေ လေ့လာရေးဆိုပြီး လာအကဲခတ်တယ်။ ၀န်ကြီးတွေက စိတ်ဆိုးတယ်။ အရင်လည်းဘယ်မှာမှ လုပ်နိုင်လား၊ မလုပ်နိုင်လားစစ်တာမရှိပါဘူး။ ငါတို့ကြမှ စစ်ရဆေးရတယ်ဆိုပြီးဖြစ်တယ်ဆိုပြီးမကြည်လင်ကြဘူး။ လာစစ်တဲ့သူက လုပ်နေတာတွေတော့ အဆင်ပြေတယ်။ ပြီးအောင်ရော လုပ်နိုင်မယ့် ငွေအားလူအားရှိလားမေးတယ်။ ၀န်ကြီးကလည်း ဂွင်ထဲဝင်ပြီဆိုပြီး မြန်မာပြည်မှာ တူးဖော်ဆဲရော မတူးဖော်ပဲ ချန်ထားတဲ့ သံယံဇာတရော များကြီးများကြီးပဲ လို့ကြွားလိုက်တယ်။ ထုတ်မသုံးရသေးတဲ့ သယံဇာတဆိုတာကို ကျွန်တော်တို့ အမြဲ ကြောက်ရွံ့ပါတယ်။ ထုတ်သုံးလိုက်ရင် ဘာဖြစ်မလဲဆိုတာကိုလည်း အမြဲသတိထားပြီး ထုတ်သုံးစေချင်ပါတယ်။

ဤတွင် ရန်ကုန်သတင်းများကို ကြေငြာလို့ပြီးပါပြီ။ သောတရှင်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခညာ။

Regards,

Zephyr (Now in Yangon)

Notes: အစားအသောက်မဆင်မခြင်စားတာကြောင့် မင်္ဂလာဆောင်မတိုင်မီရှေ့တစ်ရက် ဆေးထိုးလိုက်ရပါသေးတယ်။ မြန်မာပြည်ပြန်ရောက်ခိုက် ဖုံပါတဲ့အစားအစာများများစားပေးခြင်းဟာ ရေရှည်မှာ အကျိုးရှိစေနိုင်ပါတယ်။ ရေမုန့်၊ ကောက်ညှင်းကျည်တောက် စတာတွေကို ဖုံတောထဲက ၀ယ်စားခဲ့ပါသေးတယ်။ ကမ္ဘာ့အကောင်းဆုံးဆန်ဆု ရသွားတဲ့ ပေါ်ဆန်းမွှေးဆန်အကြောင်းလည်း သတင်းထဲမှာဖတ်ခဲ့ရပါသေးတယ်။ ရေကြီးတဲ့သတင်းတွေလည်း ဖတ်ခဲ့ရပါသေးတယ်။

အိုးအိမ်ရုံးရှေ့မှာ လယ်သမားတစ်ရာ ဆန္ဒပြတယ်ဆိုတာကိုတော့ အဲဒီရှေ့နားဖြတ်သွားပေမယ့် လယ်သမားတွေမတွေ့ခဲ့ပါ။ (အချိန်ကွာတာကြောင့်လည်းဖြစ်နိုင်တယ်။) လယ်သမားတွေ ဆန္ဒပြတာကို ရေဒိယိုကနေ အင်မတန်အားပေးနေတဲ့ လေလှိုင်းကအဒေါ်ကြီးတွေ အမေရိကားမှာ ဘောနပ်စ်ရစေချင်ပါတယ်။ ပဲခူးကနေ ရန်ကုန်အထိ ဆန္ဒလာပြတယ်ဆိုတာကို ပြောသွားတာကြားလိုက်ရပါတယ်။

သတင်း မှန်ကန်မှုကို တန်ဖိုးထားစေချင်ပါတယ်။ အချိန်ကို တိတိကျကျမဟုတ်ဘဲ ရမ်းသမ်းပြောတာဟာ သတင်းဌာနတွေအတွက်တော့ တာဝန်မကျေမှုပါပဲ။ အမုန်းတရားအခြေခံတဲ့ သတင်းထုတ်ပြန်မှုတွေ ကျဆုံးပါစေ။ အမှန်တရား အခြေခံတဲ့ သတင်းတွေ အောင်မြင်ပါစေ။ (အပို၊အလိုဆိုတာ သတင်းရဲ့ကိစ္စမဟုတ်ပါဘူး။ သတင်းမှာ အပို၊အလိုလုပ်စရာမလိုပါဘူး။ တိတိကျကျထုတ်ပြန်ဖို့ပဲလိုပါတယ်။) လက်ရှိအစိုးရအနေနဲ့လည်း သတင်းထုတ်ပြန်မှုလွယ်ကူအောင် အစိုးရ websites လုပ်သင့်ပါတယ်။ သတင်းရဲ့ တန်ဖိုးကို ပေါ့ပေါ့မတွက်သင့်ပါဘူး။ သတင်းတစ်ခုကြောင့် ဘေးဒုက္ခသည်တွေအတွက် အဆင်ပြေသွားနိုင်သလို၊ သတင်းတစ်ပုဒ်ကြောင့် မလိုလားအပ်တဲ့ အထင်အမြင်လွဲမှားမှုတွေလည်းဖြစ်နိုင်ပါတယ်။




Peace B with U.