Friday, May 31, 2013

ခက်အောင်မလုပ်ကြနဲ့




ဘာမှမဟုတ်ပါဘူး။ ရေးဖြစ်တဲ့ပို့စ်နဲ့ နှစ်ကာလတွေကိုပြန်ကြည့်ပြီး တစ်လမှာ ဘယ်လောက်ရေးဖြစ်သလဲဆိုတာကို ပြန်သုံးသပ်တာပါ။ နောက်ပိုင်းမှာ တစ်လကို ပို့စ် ၆ ခုအောက်ပဲ ကြိတ်နှုန်းထွက်တော့တာတွေ့တယ်။ ငါးရက်မှာ တစ်ပုဒ်လောက်ပဲရေးတဲ့သဘောဖြစ်သွားပြီ။ အသက်ကြီးလာတာဖြစ်မယ်။ 2009 တုန်းက သုံးရက်မှာ နှစ်ပုဒ်လောက်ရေးဖြစ်သလိုဖြစ်နေတာတွေ့တယ်။ ရောဂါဖြစ်လိမ့်မယ်ထင်တယ်။ ၂၀၁၀ နဲ့ ၂၀၁၁ မှာတော့ သိပ်ဇယားမငြိမ်ဘူး။ ၂၀၁၂ လောက်မှာတော့ သိသာသွားပြီ။ အကျပိုင်းရောက်သွားပြီ။ ဂရပ်ဖ်နဲ့ပြရင် ကုန်းဆင်းဘက်ကို ဆက်သွားနေပြီ။ ကိုယ့်စိတ်ထဲမှာရှိတာတွေလောက်ပဲရေးတော့တယ်။ ရင့်ကျက်သွားပြီ။ ဒါမှမဟုတ်လည်း ရေးချင်စိတ်နည်းသွားပြီဖြစ်လိမ့်မယ်။ ရေးစရာတွေကုန်သွားတာတော့မဟုတ်ဘူး။

                   နှစ်                       ရက်

5 1826.25
10 3652.5
15 5478.75
20 7305
25 9131.25
30 10957.5
35 12783.75
40 14610
45 16436.25
50 18262.5
55 20088.75
60 21915
65 23741.25
70 25567.5
75 27393.75
80 29220

အသက် ငါးဆယ်လောက်အထိနေရရင် ရက်ပေါင်း သောင်းရှစ်ထောင့်နှစ်ရာခြောက်ဆယ့်နှစ်ရက်ခွဲတိတိနေရမှာပဲ။ နောက်ထပ် ဆယ့်ရှစ်နှစ်လောက်နေရဦးမယ်။ ခြောက်ထောင့်ငါးရာ ခုနှစ်ဆယ့်လေးရက်ခွဲ တိတိကျန်သေးတယ်။ အလုပ်လုပ်တာနဲ့ဘာနဲ့ဆိုရင် ရက် ၄၀၀ လောက်တော့ ကိုယ့်အတွက်ကျန်မှာပဲ။ တကယ်တော့ လူဆိုတာ စိတ်ကူးနဲ့နေကြတာပဲ။ တစ်လကို ၂၂ ရက်လုပ်ရတဲ့ လမှာ ပိတ်ရက်က ပျမ်းမျှ ၈ ရက်လောက်ပဲ။ ၈ ရက်ကို ၁၂ လနဲ့မြှောက်ရင် ၉၆ ရက် + public holidays+ leaves ဆိုရင် ရက် ၁၂၀ လောက် အားလပ်ရက်ရမယ်။ ရက် ၁၂၀ ကို ၁၈ နှစ်နဲ့မြှောက်ရင် ၂၁၆၀ ရက်လောက်ကျန်မယ်။ အဲဒီထဲမှာမှ ရက် ၄၀၀ လောက်ကို တကယ်နေဖြစ်အောင်နေမှ၊ မဟုတ်ရင် တွက်ခြေမကိုက်လိုက်ဘူးဖြစ်သွားမယ်။

နေရတာနဲ့ သေရတာဟာ တစ်ချို့အတွက် တစ်ခုစီခက်ကြတယ်။ တစ်ချို့အတွက် နှစ်မျိုးစလုံးခက်တယ်။ တစ်ချို့အတွက် နှစ်ခုစလုံးမခက်ဘူး။ ဖြစ်နိုင်ချေ နှစ်မျိုးဆိုရင် 2^2=4 မျိုးဖြစ်သွားတယ်ထင်တယ်။ သင်္ချာကနောက်မှတက်တာ အိမ်မှာ ငယ်ကတည်းက ချဲထီထိုးရင် ဂဏန်းသုံးလုံးဆို ရင် ဂဏန်းက ၀ ကနေ ၉ အထိဆိုတော့ ၁၀လုံး။ ၁၀ လုံးရှိတဲ့ဂဏန်းကို သုံးနေရာမှာဖြစ်ချင်တာဆိုရင် အလုံး ၁၀၀၀=10^3 ဆိုတာကို သိနေတာပဲ။ ငယ်တုန်းကတော့ လခစားပဲလုပ်တယ်။ မုန့်ဖိုးကို တစ်နေ့စီပေးရင် မယူဘူး။ တစ်လပေးထားပြီး ထပ်ပေးရင်သာ ယူရင်ယူတယ်။ ကိုယ့်ငွေကိုယ် စီမံတတ်တာဟာ ပညာပဲ။ ငယ်တုန်းကတည်းက မုန့်ဖိုးများများမရဖူးတဲ့ကလေးဟာ ကြီးလာလို့ ပိုက်ဆံများများရရင် စီစီစစ်စစ်သုံးတတ်ဖို့မလွယ်ဘူး။ ကိန်းဂဏန်းတွေကို ချစ်တတ်အောင်သင်တဲ့ ဆရာနဲ့မတွေ့ရင်တော့ ဆရာကြီးဥလို ယူကလစ်မှာ လူမဖြစ်ဘူးတွေဘာတွေဖြစ်ကုန်လိမ့်မယ်။ ကိုယ့်ဘဝကြီးကို ခက်အောင်မလုပ်ကြနဲ့။ လွယ်အောင်လုပ်ထားပါ။

ဗန်ဂိုးဆိုတဲ့သူက ပန်းချီသာဆွဲတာ ပရိုဂျက်ရှင်းဆွဲတာကို ကောင်းကောင်းမဆွဲတတ်ဘူး။ အဲဒီတော့သူ့ဘာသူ ဘောင်တစ်ခုလုပ်ထားတယ်။ အဲဒါလေးနဲ့ တိုင်းတိုင်းပြီး ဆွဲတယ်ပြောတယ်။ ဟုတ်လိမ့်မယ်ထင်တယ်။ သူဆွဲတဲ့ ထိုင်ခုံတွေဆို လိမ်ဖယ်ဖယ်ဖြစ်နေတာတွေ့ဖူးတယ်။ သူ့ဟာသူအဆင်ပြေမယ့် နီးလမ်းကို လုပ်ထားတာကို ပြောချင်တာပါ။ ကိုယ့်ဘဝလွယ်အောင် ကိုယ်မတတ်တာတွေကို ဘယ်လို အလုပ်ဖြစ်အောင်လုပ်မလဲဆိုတာကို တွေးထားရမယ်။

ဒါရိုက်တာမောင်မျိုးမင်းဆိုရင် ရုပ်ရှင်ရိုက်တော့ တခြားသမ္ဘာရင့်တွေလို ထောင့်စေ့အောင်မရိုက်တတ်ဘူးပြောတယ်။ အဲဒီတော့ သူ့ဘဝအဆင်ပြေအောင် ကင်မရာ နှစ်လုံးနဲ့ ရိုက်ပြီး ပြန်ဆက်စပ်ယူတယ်။ နောက်တော့ သူ့နည်းလိုလိုတောင်ဖြစ်သွားတယ်လို့ အင်တာဗျူးတစ်ခုမှာပြောဖူးတယ်။ အလုပ်ဖြစ်တယ်ဆိုတာ အဲဒါမျိုးကိုပြောတာ။

အေစီဒီစီက ဂစ်တာသမား ဂစ်တာတီးရင် သူတီးတာကို အသံ ပြည့်ပြည့်ဝဝဖြစ်အောင် ဆောင်းဘောက်စ်နှစ်ခုထားတယ်ဆိုလား ငယ်တုန်းက အလင်္ကာမှာဖတ်လိုက်ရတယ်။ အဲဒါလည်း သူ့ဟာသူဟုတ်သွားတာပဲ။ ကိုယ်အဆင်ပြေအောင်လုပ်တတ်ရင် အဆင်ပြေတာပဲ။

ဘဘဦးသုခ ရဟန်းစားသောတွေ၊မစားသောတွေရိုက်တော့ မျက်လုံးမကောင်းတော့ဘူး။ အဲဒီတော့ ရိုက်ပြီးသားပြန်ပြရင် သူ့ကို အသံကျယ်ကျယ်ဖွင့်ပေးထားရတယ်။ အဲဒီအသံမှာ တမ်ပိုကိုနားထောင်ပြီး မှားနေသလားဆိုတာကို သူထောက်ပြနိုင်တယ်။ အသံသရုပ်ဆောင်တာနဲ့ ရုပ်အမူအယာဟာ ဆက်စပ်နေတာပဲ။ မမြင်ရရင်လည်း အဆင်ပြေအောင်လုပ်သွားတာပဲ။ တစ်ချို့လူကြီးတွေက တော်တော် တော်ကြတာလည်းပါတာပေါ့။

ဘဝကြီးကို ခက်အောင်မလုပ်နဲ့လို့ ကိုယ့်ကိုယ်ကိုလည်းပြောရတယ်။ တခြားသူတွေကို ပြောတယ်ဆိုတာ ဆရာလုပ်ချင်လို့ဖြစ်မယ်။ ကိုယ့်ကိုယ်ကို မပြောဘဲ တခြားသူတွေကိုပြောနေရင် Hypocrite ဖြစ်မှာပဲ။ တခြားသူတွေ မပြောဘဲ ကိုယ့်ကိုယ်ကို ဆုံးမနေရင်တော့ ငြိမ်းချမ်းတဲ့သူဖြစ်လာမယ်ထင်တယ်။ ဘဝဆိုတာ လွယ်တာတော့မလွယ်ဘူး။ ခက်တာတွေရှိတာကို ပိုခက်အောင်မလုပ်မိရင်ကို တော်တော်သက်သာပြီ။ ခန္ဓာကိုယ်ကိုရော စိတ်ကိုပါ မညှင်းဆဲတဲ့သူဖြစ်အောင် နေဖို့လိုတယ်။ တခြားသူတွေကို ဒုက္ခပေးပြီး စာဖတ်ဖို့ ခုံဖယ်ပေးမယ်ဆိုလို့ဖြစ်တာမဟုတ်ဘူး။ လူများကို စိတ်ဆင်းရဲအောင်လုပ်ဖို့ဆိုတာ ကိုယ်တိုင် စိတ်ဆင်းရဲအရင်ခံရတာပဲ။ ဟိုဒင်းပေအောင် ဟိုဒင်းငုံထွေးသလိုမျိုးပဲ။ (ကွမ်းသွေး)။

ကိုယ့်ဘဝကြီးကို အဆင်ပြေအောင်လုပ်ရမယ်။ အခုလည်းအဆင်ပြေ၊ နောင်လည်းအဆင်ပြေ၊ သေခါနီးလည်းအဆင်ပြေအောင်ထားရမယ်။ သေဖို့ဆိုတဲ့ကိစ္စက သိပ်အရေးကြီးတယ်လို့မမှတ်သင့်ဘူး။ အပြင်ကို လမ်းခဏထွက်လျှောက်ဖို့သွားတဲ့ကိစ္စမျိုးလိုပဲသဘောထားသင့်တယ်။ သိပ်ပူနေစရာမလိုဘူး။ ကျန်ခဲ့တဲ့သူတွေ ဘယ်လို၊ဘယ်ဝါ တွေးမနေနဲ့၊ ကိုယ်က စိတ်ပုတ်ထားပြီး ဦးအောင်သေတာမဟုတ်ဘူး။ သူ့ဟာသူ ဇီဝနာရီ ရပ်သွားတာ ဘာတတ်နိုင်မလဲ။

သေတဲ့အချိန်မှာ နောင်တမဖြစ်ဖို့လိုတယ်။ မဟုတ်ရင် လားရာကတိတွေ လွဲသွားလိမ့်မယ်။ မောင်းထွက်သွားမယ့်ကားပေါ် ပြေးတက်နေတုန်း ဘေးဘီကို လှည့်ကြည့်ရင်း ချော်လဲ ဒူးပြဲ ကားမမီဖြစ်သွားတာမျိုးနဲ့ဆင်တယ်။ အာစိဏ္ဏကံကောင်းပြီးသားဆိုရင် ဘာမှမလုပ်တာက တစ်ခုခုလျှောက်လုပ်တာထက်ပိုအဆင်ပြေစရာရှိတယ်။

ပြောရင်းဆိုရင်း အသက်ရှူကြပ်လာသလိုပဲ။ တော်သေးပြီ။               ။

Regards,
Z




Peace B with U.

Tuesday, May 28, 2013

ခေတ်ကုန်ချိန်

ခေတ်ကုန်ချိန်

ဘလော့ခ်သေပြီ ဟု သတင်းစကားများမှတစ်ဆင့်သိလိုက်ရသည်။ ကဗျာသေပြီဟု လွန်ခဲ့သော လေးနှစ်က အက်ဆေးတစ်ပုဒ်ကဆိုခဲ့သည်။ သေသွားသည်ကို မသိလိုက်သူတစ်ချို့မှအပ ကျန်ဝိညာဉ်များ လွတ်ရာကျွတ်ရာသို့လစ်သွားချေပြီ။ သေလျှင်ပြီးပြီဟု ဆိုခဲ့သော ဂျာနယ်ဇင်းသမားလည်း မသေသေး၍ မပြီးသေး။ သို့သော် ခေတ်ကုန်ချိန်သည် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာသည်။

မူလကတည်းက လင့်ခ်လာပို့၍ ဖတ်သည်မှအပ ဘလော့ခ်တွင် များများဖတ်စရာမရှိပါ။ ကြီးကျယ်သည်ဟုထင်ကြသော်လည်း အမှန်စင်စစ် ရင့်ကျက်ချိန်ကို စောင့်နေခြင်းသာဖြစ်သည်။ တစ်ချို့စာရေးသူများသည် အဆင့်အတန်းရှိသော စာများကိုရေးသားလာကြသည်ကို တွေ့ရသော်လည်း ဆရာချောစကားအရ ငါးဖျင်းများလေသည်။ လူကြိုက်နည်းတဲ့ကောင်ကဗျာသည် လောကကို ထင်ဟပ်လေသည်။

ပညာတတ်အသိုင်းအဝိုင်း၏ ပြဿနာမှာ သူတို့အချင်းချင်းသာ နားလည်နိုင်ကြခြင်းဖြစ်ဟန်တူသည်။ သူတို့သနားသည်ဟုပြောသော ဒုက္ခသည်များသည် သူတို့ကို ဂရုပြုပုံမရ။ သူတို့ အကြံပြုလိုသော သမ္မတအကြံပေးများသည် သူတို့ အကူအညီမလိုချေ။ သူတို့ဖော်ဆောင်လိုသော အဆင့်မြင့်ပညာရေးဆိုသည်မျိုးမှာ ကလေးပါးစပ်ထဲ ယောက်ချိုဇွန်းနှင့် ခွံ့သလိုဖြစ်နေပုံရသည်။ ပညာတတ်များသည် လက်တွေ့ကျဖို့ခက်ခဲလာလေသည်။ သူတို့၏ အမြင်များသည် လက်တွေ့မဆန်သလိုဖြစ်လာလေသည်။ လမ်းပေါ်ကလူအတွက် သူတို့စာအုပ်ပေါ်မှ ကျော်၍ကြည့်နေသည်မှာ အံလွဲသလိုလို၊ ဒီဂရီလွဲသလိုလိုဖြစ်နေပုံရသည်။ ထိုကိစ္စကို ကျွန်ုပ်က ဆင်ခြင်လေသည်။

ပြီးခဲ့သည့်အပတ်က ၃၉ ဘတ်စ်ကားကို ပရမ်းပတာမောင်းနေသော ဒရိုင်ဘာကို ဖြည်းဖြည်းမှန်မှန်မောင်းရန်ပြောသောကြောင့် ကျောင်းဆရာကို ၃၉ စပယ်ယာသည် ထိုးကြိတ်မည်ဟု ပြောလေသည်။ ထိုအခါ ဆရာများမှ မခံနိုင်၍ တိုင်တန်းကြလေသည်။ နောက်ဆုံးဘာဖြစ်မည်ဆိုသည်မှာလည်း သိပြီးသားသာဖြစ်သည်။ ပြစ်မှုထင်ရှားလျှင် စပယ်ယာ ခြောက်လခန့်နားရမည်။ ဒုတိယအကြိမ်ကျူးလွန်ခြင်းဆိုလျှင် တစ်နှစ်ခန့်နားရမည်။ မည်သူအကျိုးဖြစ်ထွန်းပါသနည်း။ အသုံးမကျ၊ ညံ့ဖျင်း ရိုင်းစိုင်းသူများကို ပထမအဆင့် ပညာပေးခြင်းသည် အင်မတန်သင့်တော်သည်ဟုထင်ပါသည်။ ပညာမပေးခင် အပြစ်ပေးလိုက်ခြင်းသည် သင့်တော်သော ဖြေရှင်းနည်းဟုတ်ဟန်မတူ။ ထိုကိစ္စကို ကျွန်တော်မနှစ်မြို့သောကြောင့် ယခုစာကိုရေးပါသည်။ မြန်မာပြည်၏ ပြဿနာမှာ Gravity ပြောင်းသွားသော မြေကြီးကို အရင်ခြေလှမ်းများဖြင့် ဆက်လျှောက်သူများလွန်းခြင်း ဖြစ်ဟန်တူသည်။

လူတို့သည် အဆင့်ဆင့်ပြောင်းလဲကြသည်။ စာရွက်ပေါ်တွင် ရေးရသည်ကို ဂုဏ်ယူဟန်တူသူတို့ကလည်း သီးခြားတစ်ဂိုဏ်းဖြစ်လေသည်။ စာရွက်ပေါ်တွင်ရေးရေး၊ အိမ်သာနံရံတွင်ရေးရေး အနုပညာ (သို့) အသိပညာတစ်ခုခုတော့ပါရမည်ထင်သည်။ ဘာမှမပါလျှင် ဘာအကြောင်းနှင့် အချိန်ကုန်ဖတ်နေမည်နည်း။ အကျအပေါက်များလှသောကြောင့် ခေတ်ပေါ်မြန်မာစာသစ် ထွန်းကားလာပြီဟု မှတ်ထင်ယူဆရသော မဂ်ဂဇင်းများ၊ ဂျာနယ်များတွင် ကော်လံစားရေးသည်ဖြစ်စေ၊ အသုံးမပြုမီ သစ်လွင်နေသေးသော အိမ်သာသုံးစက္ကူတွင်ရေးသည်ဖြစ်စေ မိမိ၏ အစစ်အမှန်သိမှုကိုသာရေးသင့်သည်ဟုထင်သည်။ ဘာသာပြန်စာပေသည် မူရင်းမဖတ်နိုင်သူများအတွက်သာ အသုံးဝင်သည်။ ဘာသာပြန်အလွဲစာပေသည် ခြများကို ကျွေးရန်အသုံးဝင်လှသည်။ နိုင်ငံတကာစာပေ ဖြစ်ဖြစ်မြောက်မြောက်မဖတ်ဖူးဘဲ စာရေးဆရာယောင်ယောင်လုပ်နေသူများသည် ပီဘိသနားစဖွယ်ကောင်းလှသည်။

စတော့ခ်ရှယ်ရာဖြင့်ကြီးပွားနည်းစာအုပ်ကို မြန်မာဘာသာသို့ပြန်ဆိုသည်ကြားသည်။ သထိန်းဖေဖေဆိုသည့်စာအုပ်လည်းတွေ့သည်။ ခေါင်းစဉ်ကအစ မှားနေသော ဘာသာပြန်စာအုပ်မျိုးကို တမြတ်တနိုးဝယ်ဖတ်ရမယ့် ဘဝသည် မမီမကမ်း ဖြစ်နေသော မိမိခြေမကို ကြိုးစားကိုက်ကြည့်ရာမှ အောင်မြင်သွားသည်ထက်အဖြစ်ဆိုးလေသည်။

နိုင်ငံရေးစာပေများပြန်လည် အရောင်းသွက်လာသည်ဟုကြားသည်။ ယခုခေတ်တွင် စာကို စာလိုရေးတတ်သူရှားသွားပြီဖြစ်သည်။ မသေမပျောက်ကျန်သူအချို့လည်း သိပ်ကြာကြာနေရတော့မည့်ပုံမပေါ်။ သရဲဝတ္ထု ဘာသာပြန်လိုလို၊ မြန်မာမှုပြုသလိုလို စာအုပ်များဖြင့် ထမင်းရှာစားကြရသည်ကြားသည်။ အင်မတန်ကြေကွဲဖွယ်ရာ ကြက်ဥခွံစာပေ အမျိုးအစားသစ်ဖြစ်နိုင်သည်။ ပင်ကိုယ်ရေးမကျ ဘာသာပြန်မရသည့်သူများ၏ ထမင်းအိုးသစ်ဖြစ်မည်။

စာပေ၏ အသုံးဝင်မှုသည်လည်း အတန်အသင့် နိမ့်ကျသွားပုံရသည်။ မြန်မာစာမတတ်သော ကလေးများ များလာသည်ကိုတွေ့နေရ၍ ဤအဆိုသည် မှန်လောက်သည်ဟု တစ်ထစ်ချထင်စရာရှိသည်။ စာရွက်တစ်ရွက်၏ တန်ဖိုးမှာ တစ်ကျပ်ဖြစ်လျှင် တစ်ကျပ်ထက် ပိုတန်ဖိုးမရှိသော စာမျိုးကို မင်ကုန်ခံ၍ မရေးသင့်ပေ။ စာမျက်နှာ ၁၀၀ ဝန်းကျင်အတွင်း ထူးမခြားနားဇာတ်လမ်းကို အချိန်ပေး၍ ရေးနေနိုင်သည်မှာ အတော်ပင် အံ့သြချီးမွမ်းစရာဖြစ်လာသည်။ ထို့ထက် ထုံအသူများပင် စာရေးဖို့ကြိုးစားလာကြသည်မှာ မြန်မာ့စာပေလောကအတွက် ရင်အေးဖွယ်၊ စိတ်ချလောက်ဖွယ်ဖြစ်လာခြင်းပင်။ ယုတ္တိစဉ်ပင် မသိသော လူ့အန္ဓတို့၏ စာများကို ပိုမိုတွေ့လာရသည်။ ကြက်ဆူပင်တို့သည်မင်းမူရန်စိုင်းပြင်းကြလေသည်။ ငတုံးများရေးသောစာဖတ်ခြင်းထက် စာမဖတ်ခြင်းက သာ၍ အန္တရာယ်ကင်းလေသည်။

မြန်မာစာဖြင့် ရေးသားဆက်သွယ်ပြောဆိုစရာကိစ္စများသည် ခေတ်တုံးသွားပြီဖြစ်သည်။ Template ခေါ် အသင့်ရေးသားစီစဉ်ပြီးသော စာရွက်စာတမ်းများကိုသာ အသုံးပြု၍ ဌာနဆိုင်ရာကိစ္စများတွင် လျှောက်လွှာတင်ရာမှအစ၊ အသုဘကိစ္စအဆုံး အသင့်သုံးဖြစ်နေပြီဖြစ်သည်။ ဘလော့ခ်သေဆုံးသွားသည်မှာ သိပ်မဆန်းလှ၊ စာဖတ်သူလူတန်းစား၏ စာပေအပေါ်တန်ဖိုးထားမှု၊ အချိန်ပေးနိုင်မှု၊ စဉ်းစားဆင်ခြင်ဖြန့်ကျက်တွေးခေါ်မှုတို့သည်လည်း အချိန်ကိုက် လျော့နည်းကျဆင်းသွားသည်ကမှ ဆန်းလှသည်။ မြန်မာစာ မတတ်သော ဆယ်တန်းကလေးများကို တွေ့တိုင်း ဒီကလေးတွေ အသက် ၁၆ နှစ်အထိ မြန်မာစာအုပ်တွေ၊ ကာတွန်း၊ ဝတ္ထုတွေကို ဘယ်လိုရှောင်တိမ်းနေထိုင်ခဲ့ပါလိမ့်ဟု အံ့အားသင့်ခဲ့ရာမှ ယခု ၂၀၁၃ သို့အရောက်တွင် စာအုပ်ဆိုင်သေဆုံးခြင်း၊ စာဖတ်သူသစ်သေဆုံးခြင်းကိစ္စများနှင့်စပ်လျဉ်း၍ ဆက်လက်၍ ကြီးစွာ အံ့အားသင့်နေမိသည်။

ဟယ်ရီပေါ့တားစာအုပ်ကို အင်္ဂလန်မှ ကလေးများ တန်းစီ၍ ဝယ်နေကြချိန်တွင် မြန်မာပြည်မှ ကလေးများ ဘာလုပ်နေကြပါလိမ့်။ စာမဖတ်သော မိဘများ၏ အမွေကို အပြည့်အဝဆက်ခံထားနေပုံရသည်။ စာဖတ်မည်ဆိုလျှင်ရော ကလေးစာပေ မြန်မာလိုစုံစုံလင်လင် များများပြားပြားရှိနေမည်လား။ မသေချာ။ မြန်မာလိုစာအုပ်ဖတ်စရာမရှိ၍ English လိုဖတ်ရန်အတွက်လည်း မြန်မာလူလတ်တန်းစားမိသားစုမှ ကလေးများအတွက်ခက်သထက်ခက်နေသေးသည်။ English လိုမတတ်သော Englishစာ ဆရာများ၏ ရမ်းသမ်းသင်ကြားမှုအောက်တွင် ဘွဲ့ရသည့်တိုင် English လို စာငါးကြောင်းပြည့်အောင် မရေးတတ်သူများ ဒုနဲ့ဒေး စည်ကားဖွံ့ဖြိုးဝေဆာလာသည်မှာ အင်းဝ စာအုပ်ဆိုင်မှ ရောင်းမကုန်သော English စာအုပ်များအတွက် အဖြေဖြစ်လေသည်။

စာပေတစ်ခု၏ သေဆုံးခြင်းသည် ယဉ်ကျေးမှု အမွေအနှစ်၏ အသက်ငင်ခြင်းလည်းဖြစ်သည်ဟုထင်သည်။ ရှေးဘိုးဘွားဘီဘင်တို့သည် အရိုင်းအစိုင်းဘဝမှ အဆင့်ဆင့်မြင့်တက်လာသော ယဉ်ကျေးမှုများကို လက်ဆင့်ကမ်းရန် စာပေကို တီထွင်ခဲ့ကြသည်။ ဗဟုသုတကို မျှဝေခဲ့ကြသည်။ ခံစားချက်ကိုဝေမျှခဲ့သည်။ လူကြီးလူကောင်းဆန်ရန် စာရိတ္တဗလကို ထုဆစ်စေနိုင်သော စာပေကို အမွေချန်ထားရစ်သည်။ ဆရာမြသည် ဘာသာပြန်များကို စွမ်းစွမ်းတမံကြိုးစားခဲ့သည်။ ဆရာကြီးရွှေဥဒေါင်းသည် မြန်မာလူကြီးလူကောင်းဖြစ်ရန် ဆေးတံအသောက်ကျင့်ခဲ့သည်။ ကမ္ဘာ့စာပေကို ရှေးလူကြီးတို့သည် မူရင်းမပျက်ခေါ်သွင်းလာကြသည်။ နှောင်းလူတို့သည် ဉာဏ်တစ်ထွာတစ်မိုက်ဖြင့် ဘာသာပြန်မကျ၊ ပင်ကိုယ်ရေးမမြည် အာကလိအောက်စာပေကို တီထွင်ကြလျှင်ဖြင့် ရှေးလူကိုလည်း ရှက်စရာမည်သလို ကိုယ့်ခေတ်ရောက်မှ ကိုယ့်စာပေသမိုင်း ရာဇဝင်ရိုင်းစေရာလည်းကျမည် အမှန်ပင်။

စာကို စာလိုရေးတတ်သူများအနေဖြင့် ကိုယ်နိုင်ရာဝန် ကိုယ်ထမ်းခြင်းသည် ကိုယ့် အမျိုးဂုဏ်၊ ကိုယ့်စာပေဂုဏ်ကို တတ်နိုင်သမျှ ခွဲဝေထမ်းဆောင်ခြင်းလည်းဖြစ်သည်ဟု ထင်သည်။ ဘလော့ခ်မှာရေးရေး၊ သစ်ရွက်မှာရေးရေး၊ ဗလာစာအုပ်မှာရေးရေး၊ ရသစာပေရေးရေး၊ သုတစာပေရေးရေး၊ ပျော်စရာရေးရေး၊ ငိုစရာရေးရေး ... စာကိုချစ်စိတ်ဖြင့် ရေးသော် နေရာကျပေစွဟုထင်သည်။ မြန်မာလူမျိုးဖြစ်သည်ကို တန်ဖိုးထားခြင်းသည်လည်း မြန်မာ့စာပေကို ရှင်သန်ကျန်ရစ်ရန် တစ်တပ်တစ်အားဟုထင်သည်။ စာချစ်သူမရှိလျှင်၊ စာရေးသူသည် သူတစ်ယောက်တည်းရေး၍ သူ့ဘာသူဖတ်နေရုံသာရှိချိမ့်မည်။ နိုင်ငံတကာစာပေများကိုလည်း ဖတ်ရမည်၊ အသိပညာကိုလည်းဝေငှရမည်။ မိမိစာပေအဆင့်အတန်းကိုလည်း မြှင့်တင်နိုင်စွမ်းရမည်။ ယခုမဖြစ်သေးသော် တစ်ချိန်တွင် ဖြစ်စိမ့်မည်ဟု စိတ်ထားကြီး ထားအပ်သည်။

သို့ဖြစ်ရာ .. ဘလော့ခ်သေဆုံးသွားပြီဟုဆိုသည့်တိုင် အကျွန်ုပ်သည် ခရာဝန်း အက္ခရာဆန်းများကို ရိုက်ကာနှိပ်ကာဖြင့် ... ခေတ်ကုန်ချိန် ဟု အမည်တွင်သည့် ဤစာစုကို အားမနာတမ်း ရေးလိုက်ရလေသည်။ မသေမရှင် ရေးဖော်ရေးဖက်များအနေဖြင့်လည်း အချိန် အနည်းငယ်ယူကာ စာရေးသားခြင်းအမှုကို မကြာမကြာပြုလုပ်နိုင်ပါစေကြောင်း ဆုမွန်ကောင်းပို့သလိုက်လေသည်။       ။

လေးစားသမှုဖြင့်
Z



Peace B with U.

Monday, May 27, 2013

My third Billy from Ikea

My third Billy from Ikea

မြန်မာပြည်ပြန်တုန်းက စာအုပ် ၁၀၀ လောက် ထပ်သယ်လာတဲ့အတွက် စာအုပ်စင် အသစ်လိုလာပါတယ်။ အရင်ဝယ်ထားတဲ့ Billy အကြီးတစ်ခု၊ အသေးတစ်ခုကလည်း နောက်ထပ်နှစ်အနည်းငယ်ဖတ်စရာစာအုပ်တွေပြည့်နေပြီဆိုတော့ စာအုပ်စင်ဝယ်ဖို့ကြံစည်ပါတယ်။ ကြံစည်နေတာ ငါးလကြာသွားပါတယ်။ စာအုပ်တွေကတော့ ကုတင်အောက်က သေတ္တာအံဝှက်ထဲမှာ ငါးလလောက်သီတင်းသုံးနေထိုင်လိုက်ရပါတယ်။

စာအုပ်သမားနှစ်မျိုးရှိတယ်ထင်ပါတယ်။ ဒီ့ထက်လည်းပိုနိုင်ပါတယ်။ တစ်မျိုးက collector ထင်ပါတယ်။ ဖတ်ချင်မှတော့ဖတ်လိမ့်မယ်။ စုတာကိုအရင်လုပ်တယ်။ collector တွေက ဖြစ်ဖြစ်မြောက်မြောက် ကြိုးစားပြီးဖတ်ချင်မှဖတ်တယ်။ လိုအပ်ရင်ဖတ်ဖို့လောက်ပဲသဘောထားတယ်။ များသောအားဖြင့် collector တွေဟာ သူစုထားတဲ့စာအုပ်ကို သူကျေနပ်တဲ့ခံစားချက်ကို ကြိုက်တာထင်တယ်။ ကျနော်ကတော့ အဲဒီ collector ဂိုဏ်းဝင်ပါပဲ။ collector တွေရဲ့ပြဿနာက မဖတ်ဖြစ်သေးဘဲပုံနေတဲ့စာအုပ်တွေကိုပြီးအောင်မဖတ်သေးဘဲ အသစ်ဝယ်ဖို့ကို စိတ်အားထက်သန်တာပါ။ ဒါကိုဖြေရှင်းဖို့ဟာပြောရင်သာလွယ်သလိုရှိပေမယ့် တကယ်လုပ်ဖို့က နည်းနည်းခက်ပါတယ်။ အချိန်လည်းအတော်အသင့်လိုပါတယ်။ ဘဝအတွက်ဖတ်ရတာတွေကိုက မကုန်နိုင်မခမ်းနိုင်ဖြစ်နေတဲ့အချိန်မျိုးမှာ တစ်ချို့စာအုပ်တွေက တစ်ချိန်မှာ အရေးကြီးပေမယ့် အခုအချိန်မှာ အရေးပေါ်ဖတ်စရာမလိုတာမျိုးဖြစ်နေတဲ့အခါ ဦးစားပေးအစဉ်အရ နောက်ရောက်ကုန်ပါတယ်။ collector က ဝယ်တာကို ရပ်မှပဲ သူဝယ်တာကို ကုန်အောင်ဖတ်နိုင်ဖို့ဖြစ်နိုင်ပါတယ်။ မဟုတ်ရင်တော့ စာကြွေးကျန်များနေတတ်ပါတယ်။

နောက်ထပ် စာဖတ်သမားတစ်မျိုးကတော့ စာအုပ်တွေ စုထားချင်မှစုထားမယ်၊ စာကို တကယ်ပြီးအောင်ဖတ်နိုင်ကြတဲ့တစ်မျိုးပါ။

တံဆိပ်ခေါင်း Collector များဟာ တံဆိပ်ခေါင်းတစ်ခုကိုကိုင်ကြည့်ရင် အဲဒီ့တံဆိပ်ခေါင်းနဲ့ပတ်သက်တာတွေအားလုံးကို အပြည့်အဝခံစားတတ်ပါတယ်။ ဘယ်တုန်းက ဘယ်လိုဝယ်ခဲ့တာ၊ ဒီတံဆိပ်ခေါင်းဟာ ဘယ်လိုအရေးပါပြီး သူ့ဘဝကို ဘယ်လိုပြည့်စုံစေခဲ့တာ စသဖြင့် အသေးစိတ်မှတ်မိနေတတ်ပါတယ်။ စာအုပ်စုဆောင်းသူတွေဟာလည်း အလားတူပါပဲ။ ငယ်တုန်းက မုန့်ဖိုးစုပြီးဝယ်စဉ်က ဘယ်စာအုပ်ကိုတော့ ဘယ်လောက်ခက်ခက်ခဲခဲဝယ်ခဲ့ပြီး၊ ဘယ်စာအုပ်ကို ဘယ်လိုရလာခဲ့တယ်ဆိုတဲ့ ဇာတ်သွားလေးနဲ့တွဲပြီးမှတ်မိနေတတ်ပါတယ်။ တစ်ချို့စာအုပ်တွေကြတော့ တစ်ကြောင်းစ နှစ်ကြောင်းစလေး မှတ်သားစရာပါပေမယ့် အဲဒါလေးကိုက အဖိုးတန်လွန်းလို့ ၁၀ နှစ်၊ ၁၅ နှစ်ကြာသွားလည်း မှတ်စွဲနေတတ်တယ်။ အဲဒီစာအုပ်တွေကိုတော့ ကျေးဇူးရှိလို့ကို ဆက်ပြီးစုသိမ်းထားရတာပါပဲ။ သိမ်းထားတဲ့ စာအုပ်အဟောင်း ၇၀ ရာခိုင်နှုန်းလောက်က ပြန်ဖတ်ဖို့မရည်ရွယ်ဘူး၊ ကိုယ့်ရဲ့ ငယ်ဘဝကို အမှတ်ရစေဖို့လောက်ပဲ အသုံးဝင်တယ်။ ဒီစာအုပ်တစ်အုပ်စီဟာ ကျနော့်လူငယ်ဘဝရဲ့ သမိုင်းစာမျက်နှာတွေပဲ။ ဒါတွေကို လွှင့်ပစ်လိုက်လို့မဖြစ်သေးဘူး၊ ကိုယ့်သမိုင်းကို ကိုယ်အပျောက်အရှခံလို့မဖြစ်ဘူး။

စာအုပ်စင်နဲ့ပတ်သက်ရင်တော့ ပြောစရာတော်တော်များများရှိတယ်။ စင်ကာပူမှာ သစ်သားကောင်းကောင်းနဲ့လုပ်တဲ့ ပရိဘောဂရှားတယ်။  ကြိတ်သားနဲ့စင်တွေမှာ ၃၀ ကီလိုလောက်တင်ထားလိုက်ရင် ၂ လဆိုရင် ညွတ်ပြီးကွေးဝင်သွားတာပဲ။ အရည်အသွေးညံ့ပေမယ့် ဈေးကလည်းမပေါဘူး။ Ikea ရဲ့ Billy တွေကြတော့ ခံနိုင်ဝန်ကိုပါ ရေးထားတော့ ကိုယ်တင်မယ့်စာအုပ် အလေးချိန်ပေါ်မူတည်ပြီး ဝယ်လို့ရတယ်။ ကြိတ်သားပေမယ့် ခံနိုင်ရည်နည်းနည်းပိုရှိအောင် ပြင်ထားတယ်လို့ထင်တယ်။ လုံးဝမကွေးဘူးလို့တော့မဆိုလိုဘူး။ တစ်နှစ်လောက်ကြာရင်တော့ နည်းနည်းကွေးတယ်။ မသိမသာလေးဘဲ။ အနည်းဆုံး ၃ နှစ်ဝန်းကျင်လောက်တော့ ကောင်းကောင်းသုံးနိုင်မယ့် အခြေအနေရှိတယ်။ ပထမတစ်ခေါက်တုန်းက ဝယ်ချင်တာမရလိုက်ဘူး။ နည်းနည်းအသားပိုပျော့ပြီး ဈေးနည်းနည်းပိုသက်သာတဲ့တစ်ခုပဲရလိုက်တယ်။ အရည်အသွေးကလည်း သစ်သားလောက်မမာပေမယ့် ကြာရှည်ခံပါတယ်။ တကယ်လို့ ၃ ၊ ၄ နှစ်လောက်မှာကွေးသွားတယ်ဆိုရင်တောင် အခင်းပြားပြန်ဝယ်ပြီး အစားထိုးလို့ရတဲ့အတွက် reusuable ဖြစ်တယ်ထင်ပါတယ်။

Ikea သွားရရင်ပျော်ပါတယ်။ ကြည့်ချင်တာတွေကြည့်ရင်း ဈေးပေါပြီး အသုံးတည့်တာလေးတွေဝယ်ရင်း လမ်းကြာကြာလျှောက်ရတာကို သဘောကျပါတယ်။ ရေခဲမုန့်အညံ့ကိုတော့မကြိုက်ပါဘူး။ ဈေးပေါတဲ့ ဟော့ထ်ဒေါ့ခ်ကိုတော့ တစ်ခါတစ်ခါစားပါတယ်။ များသောအားဖြင့် ဝယ်ဖြစ်တာကတော့ ဘုရားမီးပူဇော်တဲ့ ဖယောင်းခွက်လေးတွေပါပဲ။ အခုတစ်ရာပါတဲ့အထုတ် ၂ ထုပ်လောက်ဝယ်ထားရင် ၆ လ၊ ၇ လလောက်ခံပါတယ်။ ပန်းအိုးတွေလည်းတစ်ခါတစ်လေ ဝယ်ပါတယ်။ ဖန်သားကတော့ သိပ်အကောင်းကြီးမဟုတ်ဘူး။ သပ်ရပ်တယ်၊ ဈေးသင့်တယ်။ တန်ဖိုးနဲ့ အရည်အသွေးညီတယ်ထင်ရင်ဝယ်ဖြစ်ပါတယ်။

စင်ကာပူမှာ ဟင်းပေါင်းအိုးဈေးကလည်း ဘာလို့မှန်းမသိဈေးကြီးပါတယ်။ ၁၀၀ အောက်မှာဆိုရင် ကောင်းကောင်းကန်းကန်းမရှိတတ်ပါဘူး။ Ikea ကပေါင်းအိုးကတော့ စတီးလည်း အတန်အသင့်ထူပြီး၊ လက်ရာလည်း သပ်ရပါတယ်။ ဈေးနှုန်းလည်းမျှတပါတယ်။ Robinson က ဂျာမနီပေါင်းအိုးတွေထက် တစ်ဆင့်နိမ့်လောက်တော့ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် အရည်အသွေးအားဖြင့်တော့ ယှဉ်နိုင်လောက်တယ်။ တောက်ပြောင်မှုနဲ့ဒီဇိုင်းကတော့ ဈေးနှုန်းသက်သာတာဝယ်ရင် နည်းနည်းစီလျော့သွားမယ်။

စာအုပ်စင်တွေကတော့ အစားစားပါပဲ။ တံခါးကတော့ သုံးမျိုးရှိတယ်။ ကော်ပြားနဲ့တံခါးရယ်၊ မှန်အပြည့်တံခါးရယ်၊ မှန်တစ်ဝက် ကြိတ်သားတစ်ဝက်တံခါးရယ်။ မှန်အပြည့်နဲ့တစ်ဝက်က ၁၀ စီကွာတယ်။ စာအုပ်စင်က တံခါး ၂ ချပ်တပ်ရတဲ့အရွယ်ဆိုရင် သုံးပေဝန်းကျင်လောက်ရှိမယ်။ နည်းနည်းတော့လျော့မယ်။ 80 cm။ တံခါးတပ်ရင်တော့ သတိထားပြီးဖွင့်ရတယ်။ တံခါးရဲ့အလေးချိန်က စာအုပ်စင်နဲ့ယှဉ်ရင်ပိုလေးနေတတ်တဲ့အတွက်၊ တံခါး ၂ ချပ်လုံးဖွင့်ထားရင် စာအုပ်စင်က ရှေ့ကိုငိုက်ကျလာတတ်တယ်။ လေးတဲ့စာအုပ်တွေကို အောက်မှာထားပြီး၊ နေရာမရွှေ့တော့ဘူးဆိုတာသေချာရင် နံရံကိုဖောက်ပြီး စင်ကိုကပ်ထားသင့်ပါတယ်။ စာအုပ်စင်ဝယ်ပြီးသကာလမှာ ၁၅၀ ဖိုးနဲ့အထက် single receipt ဆိုရင် ဘာပေးမယ်ဆိုလားကြားလိုက်ပါတယ်။ ဆူညံနေတော့ သေချာမကြားလိုက်ပါဘူး။ စာအုပ်စင်က ၁၂၉၊ တံခါးတစ်ချပ်စီက ၆၉ ဆိုတော့ ၁၅၀ ကျော်တာတော့ သိပါတယ်။

အဲဒါနဲ့ပိုက်ဆံရှင်းပြီးတော့ အရောင်းစာရေးကိုမေးတော့ Restaurant မှာစားပြီးရင် ပြန်နှုတ်ပေးတယ်လို့ပြောတယ်။ ဝယ်ပြီးမှ သွားစားဖို့လုပ်ထားတာဆိုတော့ အဆင့်ကပြောင်းပြန်ဖြစ်နေတယ်။ Cashier က အဲဒါကို customer service မှာသွားပြောဖို့ပြောတယ်။ Cashier စကားကို နားမထောင်လိုက်ဘဲ delivery မှာ ပစ္စည်းအရင်သွားအပ်လိုက်တယ်။ ပြီးတော့မှ customer service ကိုသွားတော့၊ ရတယ် သွားစားပြီးမှ ပြန်လာခဲ့ဆိုပြီး၊ delivery မှာအပ်ထားတဲ့ အထုပ်တွေကို customer service ဘက်ကိုပြန်သွားရွှေ့လာတယ်။

ဇနီးမောင်နှံနှစ်ယောက်သား အဝစားလိုက်တယ်။ ၃၇ SGD ကျတယ်။ ဘယ်လောက် refund ရမလဲတော့မသိဘူးဆိုပြီး စားပြီးတော့ပြန်ဆင်းသွားတယ်။

customer service က ဘာလုပ်ပေးသလဲဆိုတော့ ဝယ်ထားတာကို cancel ပြန်လုပ်ပေးတယ်။ စားထားတဲ့ receipt နဲ့ ဝယ်ထားတဲ့ receipt နှစ်ခုပေါင်းပြီး cashier counter မှာ ဒုတိယံပိ ထပ်သွားဝယ်ရတယ်။ စာအုပ်စင်ကိုလည်း နှစ်ခါမြောက်တွန်းလိုက်ရတယ်ဆိုပါတော့။

နောက်ဆုံးတော့ အောင်မြင်စွာ ၃၇ SGD refund ပြန်လုပ်ပေးလိုက်ပါတယ်။ စာအုပ်စင်ဝယ်တာ ညစာအလကားစားလိုက်ရတာပါပဲ။ ကံကောင်းတော့ နောက်တစ်နေ့မှာပဲ delivery လာပို့ပြီး ဆင်ပေးသွားပါတယ်။ ဟိုတစ်ခေါက်တုန်းကလို ပဲ့တာရွဲ့တာပါလာလို့ ပြန်လဲရတာမျိုးမရှိပါဘူး။

တနင်္ဂနွေနေ့မှာ စာအုပ်တွေပြန်စီရင်း.... ငယ်ဘဝကို ပြန်သတိရနေမိပါတယ်။ အချိန်တွေဟာ ကုန်သွားတာပါပဲ။ သေဖို့နီးလာတာကိုလည်း ကျေနပ်မိတယ် ............။ လူဟာ သေရင် ဘာမှ ယူသွားလို့မရဘူးဆိုတဲ့ တရားကို ဟိုတစ်နေ့က ထပ်နာလိုက်သေးတယ်။

သုမေဓာဘဝမှာ သုမေဓာသတို့သားဟာ မွေးလာတော့ အင်မတန်ချမ်းသာတယ်။ မိဘတွေ၊ဘိုးဘွားတွေတော့ မရှိကြတော့ဘူး။ သူတို့ဥစ္စာပစ္စည်းတွေတော့ လက်ညှိုးထိုးမလွဲကျန်ခဲ့တယ်။ အဲဒီတော့ သုမေဓာ သတို့သားက အထိန်းတွေကိုမေးတယ်။ အဖေတို့၊အမေတို့၊ အဘိုးတို့ အဘွားတို့က ဘာလို့ ဒီဥစ္စာပစ္စည်းတွေကို မယူသွားတာလဲဆိုပြီးမေးတယ်။ အထိန်းတွေက သေတဲ့နောက်ကို သယ်သွားလို့ မရလို့ပါလို့ဖြေတယ်။ အဲဒီမှာ သူ သံဝေဂရသွားတယ်လို့ဆိုတယ်။

သေရင်မပါမယ့် စာအုပ်တွေထားဖို့၊ သေရင်မပါမယ့် စာအုပ်စင်ဝယ်ပြီး၊ သေဖို့နီးလာသူက ကျေနပ်နေတာဟာ သံဝေဂရစရာ ဟာသတစ်ပုဒ်များဖြစ်နေမလား စဉ်းစားနေမိပါတယ်။            ။

Regards,
Z

မှိုစွပ်ပြုတ်။ (သိပ်တော့စားမကောင်း)


အချိုပွဲ။(အင်မတန်အီသည်။) အရသာကတော့ကောင်း၏။



အမဲသားလုံးကောင်း၏။ မြင်းသားဟုတ်ဟန်မတူ။ (အာလူးတွေမစားမိရင်ကောင်းမယ်။ Jam ကတော့ အအီပြေထည့်ထားပုံရသည်။



အရွတ်ပါတဲ့ အမဲသား။ (သိပ်စားမကောင်း)



အရသာမဆိုး။ ဆီတော့များသည်။



သက်သေခံပြေစာ။


ဒီပုံကတော့ ခဲတံတွေကို သဘောကျလို့ရိုက်လာတာ။ ငှက်ပျောသီးနဲ့တူတယ်နော်။



နမူနာပုံ။ အရုပ်သုံးရုပ်ကတော့ ဘယ်လိုနေရာလာဦးသွားလိုက်မှန်းမသိဘူး။






Peace B with U.