Monday, January 14, 2013

ရန်ကုန်သွား တောလား အပိုင်း(၂)။

ရန်ကုန်သွား တောလား အပိုင်း(၂)။

ရန်ကုန်မှာ ခဏလေးပဲနေဖြစ်တယ်။

အပြောင်းအလဲတွေကို မြင်သလောက်ပြောချင်တယ်။ တစ်ချို့ကိစ္စတွေကို အလေးအနက်နဲ့ကျယ်ကျယ်ပြန့်ပြန့် သိအောင်ပြောချင်တယ်။ လူနည်းစုတစ်စုလောက်သိတာထက်ပိုအောင် ပြောချင်တယ်။ အထူးသဖြင့် ပညာရေးနဲ့ပတ်သက်တာတွေ ကြားရတာ စိတ်မချမ်းသာဘူး။ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ သူငယ်ချင်းတွေနဲ့လည်း စကားစမြည်ပြောဖြစ်တယ်။ ရာထူးကြီးကြီးယူထားတဲ့ အသိမိတ်ဆွေနဲ့လည်း စကားပြောဖြစ်တယ်။ ခရီးသွားတောလားမှာတော့ အကြမ်းဖျင်းလောက်ပဲပြောနိုင်မယ်ထင်တယ်။ တောလားဆိုတာကလည်း ခရီးသွားရင်း လမ်းတစ်လျှောက်မြင်သလောက်ကိုဖွဲ့ကြတာမဟုတ်လား။

ရန်ကုန်မှာ ကားတွေပေါလာသဗျ။
ကားသစ်တွေပေါလာတာ ကောင်းတယ်။ မြင်မြင်သမျှ ကားတွေကြည့်ရင် မုဒိတာပွားမိပါရဲ့။ Taxi ဈေးတွေ အဆမတန် သက်သာသွားတာတွေ့ရတယ်။ မနှစ်ကပြန်တုန်းကနဲ့ယှဉ်ရင် တစ်ထောင်လောက် သက်သာသွားတယ်လို့ဆိုနိုင်တယ်။ အရင် သုံးထောင်ဆို အခု ၂၀၀၀ လောက်ပဲ။ စင်ကာပူငွေ ၁.၅ လောက်သက်သာတာလည်းမဆိုးဘူးမဟုတ်လား။ Taxi တွေထဲမှာမှ အသစ်လည်းအသစ်၊ လှလည်းလှတဲ့ကားတွေပဲ ရွေးစီးခဲ့တယ်။ မောင်းတဲ့သူတွေနဲ့လည်း စကားစမြည်ပြောဖြစ်တယ်။

ဈေးကွက်အနေနဲ့ကတော့ သိန်း ခုနစ်ဆယ်လောက်ကနေ သိန်း ၁၅၀ ကြားလောက်က ကားတွေ အဝယ်ရှိတယ်ပေါ့။ တစ်ချို့တွေလည်း အဝယ်နည်းလာတာကို အရစ်ကျပေးတဲ့စနစ်နဲ့ကာမိအောင် ရောင်းကြတယ်။ ကား showrooms တွေက ကွမ်းယာဆိုင်ထက်များတယ်လို့ ဒီဇင်ဘာလမှာတစ်လပြန်သွားတဲ့ ရဲရဲနီက ပြောသွားပါတယ်။ ဘုရားဝင်းကိုတောင်မှာ showroom လုပ်ဖို့ကြံတယ်လို့ The Voice မှာလည်း ဖတ်လိုက်ရပါသေးတယ်။ ဘနဖူးသိုက်တူးတာထက်တောင်သာကုန်ကြပြီ။

အရစ်ကျပေးချေမှုအနေနဲ့ကောင်းတာရော ဆိုးတာပါရှိပါတယ်။ အကောင်းကတော့ သိန်း ငါးဆယ်လောက်နဲ့ Van တစ်စီးလောက်ဝယ်နိုင်တာပေါ့။ အဆိုးအနေနဲ့ကတော့ ကိုယ် ၁၅၀ နဲ့ဝယ်ထားတဲ့ကားတန်ဖိုးဟာ သုံးလေးလအတွင်း သိန်း ၁၂၀ ဝန်းကျင်ဖြစ်သွားတဲ့အခါ သိန်း ၃၀ ပိုပေးပြီး ဝယ်ရသလိုဖြစ်သွားပါတယ်။ ရောင်းချင်သူများလာရင် ဈေးကျလာမှာပါပဲ။ ဈေးကွက်ရဲ့ အီကွေလီဗရမ်ကို နားလည်ရင် ဒါတွေကို သဘောပေါက်ဖို့လွယ်မယ်ထင်ပါတယ်။ မလိုချင်တော့တဲ့စိတ်ဟာ ဈေးကွက်ကို မှောက်ခုံလှန်နိုင်တယ်ဆိုတာ တကယ်လည်း ဟုတ်ပါတယ်။ ဘယ်သူမှ မလိုချင်တော့ရင်  ဘယ်သူ့ကိုရောင်းမှာလဲ။

နောက်ထပ်တွေ့ခဲ့တာတစ်မျိုးကတော့ ကားဟောင်းတွေမောင်းတဲ့ Taxi အမောင်းသမားပါ။ အဝင်အထွက် အင်မတန်ရဲပါတယ်။ ဘာလို့လဲဆိုပြီးမေးကြည့်တော့၊ ကားသစ်လဲဖို့ ပိုက်ဆံစုနေတာ၊ သူ့ကားကိုတိုက်ရင် သုံးသိန်းလောက် အလျှော်တောင်းမယ်စိတ်ကူးတယ်လို့ပြောပါတယ်။ စီးမိတာတောင် အနည်းငယ်လန့်သွားမိတယ်။ အဲဒီလို အုပ်စုက တစ်စုသပ်သပ်ကိုရှိတယ်။ ကားသစ်မောင်းနေတဲ့သူတွေ သတိထားရမယ်ထင်တယ်။ ကိုယ့်ရှေ့ကဖြတ်ဝင်လို့ တိုက်မိရင်လည်း ယာဉ်စည်းကမ်းဥပဒေတွေရဲ့ဟာကွက်တွေအရ နောက်ကားအမှားဖြစ်ဖို့ အခွင့်အလမ်းများသလားမသိဘူး။ ယာဉ်မှုစစ်လည်း ခေါ်ကြတာရှားတယ်။ ကားမောင်းသူတွေအနေနဲ့တော့ ဒီလိုဖြတ်ဝင်တဲ့ကားတွေကို ပိုသတိထားရမယ်ထင်တယ်။

ယာဉ်ကြောပိတ်ဆို့မှုများပါတယ်။ ဒါကိုလည်း လက်ခံနိုင်ပါတယ်။ လောလောဆယ်အချိန်မှာ ဒီလိုပြဿနာရှိတာဟာကောင်းပါတယ်။ အကုန်လုံးကို အကောင်းဆုံးဖြစ်စေချင်ပေမယ့် ဖြတ်သန်းသွားရမယ့်အဆင့်တွေကို သည်းခံနိုင်တာဟာလည်း မင်္ဂလာတစ်ပါးပါပဲ။ လမ်းတွေကိုချဲ့ရမယ်၊ လမ်းဘေးဈေးသည်တွေကို လမ်းပေါ်တက် ဈေးရောင်းတာတွေကို အဆင်ပြေအောင် လုပ်ပေးရမယ်။ ကားတွေရပ်စရာနေရာမရှိလို့ လမ်းမပေါ်ထိုးရပ်ထားတာတွေကို ဖြေရှင်းရမယ်။ မြို့ထဲကို လိုင်းကားတွေ ဝင်စရာမလိုအောင် လိုင်းတွေကို ပြန်စီစစ်ရမယ်။ မီးပွိုင့်တစ်ခုနဲ့တစ်ခုကြား အကွာအဝေးနဲ့ မီးပွိုင့်တစ်ခုစီရဲ့ကြာချိန်နဲ့ ယာဉ်စီးရေကို ပြန်တွက်ချက်ရမယ်။ overhead bridge တွေဆောက်ရမယ်။ သတ်မှတ်မိုင်နှုန်းနဲ့မောင်းကြရမယ်။ သိပ်နှေးနေလို့လည်းမဖြစ်ဘူး။ လမ်းပြင်ဆင်တာတွေကို ညဆိုင်းနဲ့လုပ်ကြရမယ်။ ညပိုင်းလမ်းခင်းပြီး မနက်မှာ အသင့်ဖြစ်နေရင် အဆင်ပြေတာပေါ့။ လိုင်းကားအသေးတွေကို လျှော့ရမယ်။ အကြီးတွေနဲ့အစားထိုးရမယ်။ မြို့ပတ်ရထားကို ပိုကောင်းအောင်လုပ်ရမယ်။ အဲဒါတွေအတွက်လည်း အခု လွှတ်တော်ကနေ အဖွဲ့တစ်ဖွဲ့ဖွဲ့ပေးထားပါတယ်။ ရန်ကုန်မြို့တော်မှာ ကား ဆယ်သိန်းကျော်သွားပြီဆိုတာကနေ စပြီး သူတို့ အဖြေရှာကြရမယ်ထင်ပါတယ်။ စင်ကာပူမှာလည်း ၁၀ သိန်းဝန်းကျင်ဆိုတော့ ကားပိတ်တဲ့အခါပိတ်တာပါပဲ။ ဒါတွေကိုကြုံတွေ့ရတာဟာ မြို့ပြရဲ့သဘာဝတစ်ခုပါပဲ။ public transport တွေကောင်းလာရင်တော့ ကားအသုံးပြုမှု နည်းနည်းလျော့သွားမယ်ထင်တယ်။

ကားတွေများလာတော့ ဆက်စပ်လုပ်ငန်းတွေဖြစ်တဲ့ ကားပစ္စည်းတွေ၊ workshop တွေအဆင်ပြေလာတာပေါ့။ အနှေးယာဉ်တွေတော့ အခက်တွေ့ဖို့ရှိတယ်။ ပြောင်းလဲမှုတိုင်းမှာ စတေးလိုက်ရတာတွေရှိစမြဲမဟုတ်လား။

လမ်းတွေပြင်နေတာကိုတော့မတွေ့ခဲ့ဘူး။ အကြီးစားပြင်ဆင်မှုကိုဆိုလိုတာပါ။ ဟိုအပေါက်ဖာ၊ ဒီအပေါက်ဖာတာလောက်တော့တွေ့တယ်။ ကောင်းတဲ့လမ်းတွေလည်းတွေ့တယ်။ ဆိုးတဲ့လမ်းတွေလည်းတွေ့တယ်။ လမ်းတွေကိုဖာနေတာဟာ ရေရှည်မှာ အလုပ်ပိုတာသက်သက်ပဲလို့ထင်တယ်။ တစ်ခါတည်း အကောင်းဆုံးဖြစ်အောင်လုပ်ထားရင် ပျက်ဖို့လည်းမလွယ်တော့ဘူးပေါ့။ အထူးသဖြင့် လမ်းပေါ် ရေမတင်အောင် ဂရုစိုက်လုပ်ကြရမယ်ထင်တယ်။ သိပ်ပြီး တန်ချိန်များတဲ့ကားတွေကို မြို့ထဲအထိ အဝင်မခံသင့်ဘူး။ ဒါတွေကို ဖြည်းဖြည်းချင်း လုပ်သွားနိုင်ရင် ပိုအဆင်ပြေလာမယ်ထင်ပါတယ်။

အဝေးပြေးကားတွေလည်း သိပ်ကောင်းတာတွေရှိလာပြီ။ ဒါဟာ ဝမ်းသာစရာပဲ။ စိန်စီတဲ့မင်္ဂလာပွဲတွေများလာတာထက်၊ လူလတ်တန်းစားတွေ ပိုအဆင်ပြေလာတာက ပိုပြီး မုဒိတာပွားရလွယ်တယ်ထင်မိတယ်။ ရန်ကုန် ရောက်ပြီး နောက်တစ်ရက် မနက်မှာ သူငယ်ချင်းတွေနဲ့ခဏလောက်ဆုံတယ်။ တာမွေက Moon Bakery မှာ သူငယ်ချင်းတွေနဲ့စားရင်းသောက်ရင်း စကားလက်ဆုံကျတယ်။ သူငယ်ချင်းတွေက အသက်တွေသာကြီးလာတယ်။ အားလုံးဟာ အရင်လိုပဲ ချစ်ချစ်ခင်ခင်၊ နောက်နောက်ပြောင်ပြောင်တွေဆိုတော့ ပျော်စရာကောင်းတယ်။ D form သွားလုပ်တယ်။ ဆယ်မိနစ် မိနစ်၂၀ နဲ့ရတယ်။ ဒါလည်းကောင်းတာပဲ။ စာပေလောကရောက်တယ်။ စာအုပ်အထားအသိုက ရှာရခက်စေတယ်ထင်တယ်။ ကိုငြိမ်းရဲ့ ညှို့ငင်တောင်ဝယ်ဖို့သွားတာ၊ မရှိဘူးဆိုတာနဲ့ ဆရာတော်ဦးဇောတိကရဲ့ စာအုပ်နှစ်အုပ် ပူဇော်ခဲ့တယ်။ မောင်သာနိုးရဲ့ တွမ်ဆင်ဘာဆိုလား ကဗျာအကြောင်းစာအုပ်တစ်အုပ်ဝယ်ခဲ့တယ်။ ဈေးကြီးတာတွေမဝယ်နိုင်ဘူး။ ကဗျာစာအုပ်တွေ ငုံ့ကြည့်နေတုန်း အပေါ်က ကဗျာစာအုပ်တွေ ခေါင်းပေါ်ပြုတ်ကျလာတယ်။ ကောက်ပေးဖို့ ငုံ့လိုက်တော့ အနောက်ဘက်က စင်ကို တင်ပါးနဲ့တိုးသလိုဖြစ်ပြီး စင်တစ်စင်ပြုတ်ကျသွားတယ်။ (တင်ပါးအသားပေးဖော်ပြတယ်မမှတ်စေချင်ဘူး။ စာအုပ်စင်တွေ ကပ်နေတာကို မြင်သာဖို့ဖော်ပြတယ်လို့မှတ်ယူပါ။)

အိမ်မှာခဏနားတုန်း သတင်းစာတွေ၊ ဂျာနယ်တွေဖတ်လိုက်တယ်။ တော်တော် နားလည်သွားတယ်။ မြန်မာပြည်မှာ လူတွေ တော်တော်အားတယ်။ သတင်းစာဆိုတာ မနက်ခင်းလောက် ဖတ်ဖို့မဟုတ်တော့ဘူး။ တစ်နေကုန်ဖတ်တဲ့သူတွေလည်းရှိတယ်။ ရုပ်မြင်သံကြားကိုလည်း အကြာကြီးကြည့်ကြတယ်။ အဲဒါ အချိန်ကုန်တယ်လို့ မသတ်မှတ်ကြဘူးထင်တယ်။ လူကြီးတွေကြည့်တာ ကိစ္စမရှိဘူး။ လူငယ်တွေ အချိန်ကုန်သွားရင် နှမြောစရာ။ (ကိုယ်ရေးတာ ကိုယ်ပြန်ဖတ်ရင်း ဘူဇွာဆန်နေမလားတွေးတယ်။ ၁၉၉၀ နှစ်များတုန်းက ကိုတာတစ်ယောက် လက်ဖက်ရည်ဆိုင်က လူငယ်တွေကို ပါဂျဲရိုးပေါ်က သနားသလိုဖြစ်နေတာလည်းမကောင်းဘူးထင်တယ်။) အနာဂတ်ကို ကြိုမတွေးရင်တော့ ဘာမှ ဖြစ်မလာတာလည်း မဆန်းဘူးထင်မိတယ်။ ကိုယ်ဖြစ်ချင်တာနဲ့ပတ်သက်တာတွေကို လေ့လာနေမှ အခွင့်အရေးတစ်ချက်ရရင် ကိုယ့်တက်လမ်း ကိုယ်ရှာနိုင်မယ်ထင်တယ်။ ဝီရိယ ဆိုတဲ့ ရဲရဲရင့်ရင့် စိတ်ထက်ထက်သန်သန် ကြိုးစားမှုနည်းသွားကြသလားတွေးမိတယ်။

ရန်ကုန်မှာ ကားသစ်တွေများလာတယ်။ ဖုန်းသစ်တွေများလာတယ်။ အိုင်ဖုန်း ၅ ကို ၁၆ GB မှ ၆ သိန်း ၃ သောင်းပဲပေးရတာတွေ့တယ်။ နာနိုဆင်းမ်ဖြစ်အောင် ဆင်းမ်ကဒ်ကို ဖြတ်တောက်ကြတယ်။ အစပိုင်းမှာဆိုရင် ဓားသွေးကျောက်နဲ့ပါသွေးရတယ်ပြောတယ်။ တော်တော်လေး အံ့သြလေးစားမိသွားတယ်။

ညနေကားနဲ့ ကျိုက်ထီးရိုးတက်သွားတယ်။

ကားပေါ်မှာထုံးစံအတိုင်း အိပ်မပျော်ဘူး။
ဟိုဒီငေးတယ်။ အမှောင်ထဲမှာ ဖွင့်ထားတဲ့ ဗစ်ဒယို အညံ့တွေကြည့်၊ တစ်ချက်တစ်ချက် လက်နေတဲ့ ကြယ်ကလေးတွေကြည့်နဲ့ ပျော်စရာကောင်းပါတယ်။

ကျိုက်ထီးရိုးကို တတိယအကြိမ်သွားတာ။ အရင်နှစ်ခေါက်တုန်းက သူငယ်ချင်းတွေပါတယ်။ မြန်မာပြည်မှာ ကျောင်းသားဘဝမှာ သူငယ်ချင်းတွေနဲ့အတူတူ ကျိုက်ထီးရိုးမသွားဖူးတဲ့သူ ရှိပါ့မလား။ မရှိသလောက်ရှားမယ်ထင်တယ်။ လူငယ်ဘဝကိုပြန်တွေးကြည့်တယ်။ အဲဒီအချိန်တွေ ပြန်မရတော့ဘူး။ ဒါပေမယ့် အဲဒီတုန်းက ပျော်ရွှင်မှုဟာ ကျန်သေးတယ်။ လူငယ်ဘဝမှာ ပိုက်ဆံသိပ်မလိုဘူး။ မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းတော့လိုတယ်။ ကိုယ်ပျော်ရွှင်တာကို မျှဝေခံစားဖို့၊ ကိုယ်နာကျင်တာကို နားလည်ဖို့ သူငယ်ချင်းကောင်းတွေရှိခဲ့တယ်။ ရှိနေတုန်းပဲ။ တက္ကသိုလ်ဆိုတာ မိတ်ဆွေကောင်းတွေရှာဖို့နဲ့ ပညာရေးကို စိတ်ဝင်စားဖို့လောက်ပဲ အသုံးဝင်တဲ့နေရာဖြစ်မယ်ထင်တယ်။

ကားလမ်းတွေကောင်းလာတော့ ပိုပြီးမြန်မြန်ရောက်တယ်။ ညနေ ငါးနာရီကထွက်လာတာ မနက် ၂ နာရီလောက်မှာ(ည ၁၀ နာရီမှာ) ကျိုက်ထီးရိုးတောင်ခြေရောက်တယ်။ တစ်လမ်းလုံးသာသာယာယာ ငြိမ်းငြိမ်းချမ်းချမ်းပါပဲ။

ကော်ဖီသောက်ရင်း ... ညမှာ ကြယ်တွေစုံနေတာကို ကြည့်တယ်။
ကြယ်တွေစုံတာကို မမြင်ရတာကြာပြီ။

မှောင်မိုက်ပြီး
ကြယ်ရောင်မလင်းတဲ့နှစ်တွေ
ကြာနေပြီ။

ဟိုး တစ်ချိန်က
ကြယ်တွေကိုမော့ကြည့်ရင်း
တစ်ယောက်ယောက်ကို
သတိရနေခဲ့ဖူးတယ်။

အခု
ကြယ်တွေကိုကြည့်ရင်း
ကြယ်တွေနဲ့ကွယ်နေတဲ့
ကြယ်အသစ်တစ်လုံးကို
ကြည့်နေတယ်။

ကောင်းကင်ဟာ
ဟိုးအရင်တုန်းကကောင်းကင်ဆိုတာ
သေချာမယ်ဆိုရင်
ကြယ်ပျောက်ရှာနေတဲ့ မျက်လုံးတွေဟာလည်း
အရင်ကမျက်လုံးတွေဆိုတာ
သေချာလိမ့်မယ်ထင်ပါရဲ့။  

ရန်ကုန်သွားတောလား ဒုတိယပိုင်း ရန်ကုန်-ကျိုက်ထို(ကင်မွန်းစခန်း) ခရီးစဉ် နိတ္ထိတံ။

Regards,
Z



Peace B with U.

Sunday, January 13, 2013

ရန်ကုန်သွား တောလား အပိုင်း(၁)။

ရန်ကုန်သွားတောလား အပိုင်း(၁)။

ချမ်းသာခြင်း၊ဆင်းရဲခြင်းကင်းရာ နိဗ်ဗာန်သို့ မရောက်မီ ဘိုအင်းအဟောင်း စီးစိမ့်သောငှာ စင်ကပေါအဲလိုင်းစ် လက်မှတ်ကို ဝယ်လေသည်။ ဈေးသက်သာသည်ဟု အနည်းငယ်ဆိုနိုင်လေသည်။ လူသုံးရာကျော်ခန့်ဆန့်သည်ဟုဆိုသည်။ လူတစ်ရာလောက်နှင့်အတူသေရခြင်းထက် သုံးရာနှင့်အတူသေရသော် ပိုသိုင်းဝိုင်းမသွားပေဘူးလားဟုတွေး၏။

ဇနီးသည်မူကား ၁၃ရက်သွားမည့်ခရီးကို ၃၁ ရက်စာအဝတ်များထည့်ချေသော် ခက်ကပြီ။ သို့သော် လေသံဖွဖွနှင့်သာပြောဝံ့သည်။ ဒီဘက် Luggage လည်းအချောင်ကြီးရှိသေးတာ ထည့်ပါ။ အတို့ကျွန်(ဝါ) အကျွန်ုပ်သည် အင်မတန် သိမ်မွေ့သော ယောက်ကျားကောင်းဖြစ်ရန် ဆုကြီးပန်သူမဟုတ်တုံလော။ သူပျော်သော် အကျွန်ုပ်လည်းကုသိုလ်မရလော။

လေယာဉ်သည်ကြီး၏။ ဘစ်ဇနက်ကလပ်စ် စီးနိုင်သူတို့သည် အရင်တက်ကြလေသည်။ လူမွဲသည်ဘယ်သောဘယ်အခါမျှ နေရာပေးခံရခြင်းမရှိ။ ဤ​သည်မှာ နိယာမ တရားတည်း။

လေယာဉ်သည် ခုံကိုးတန်း အတန်းလိုက်စီထားသော ဘတ်စ်ကားနှင့်တူချေသည်။ လေယာဉ်စပယ်ယာမလေးများသည် အအေးကို အကန့်အသတ်မရှိတိုက်ချေသည်။ ကောင်းလေစွ။
တီဗီပေါက်စ တစ်လုံးစီပါ၏။ ကားသစ်များကိုယ့်ဟာကိုယ်ရွေးကြည့်နိုင်၏။ အစားအသောက်များလည်း မဆိုးလှ။

အိမ်သာသည် သန့်၏။ ကျယ်ပြော၏။ သာယာ၏။ ရေပါ၏။ ခလုတ်သည် ထင်ရှား၏။ ပွတ်ရှ်(push)ဟူ၍ သေချာရေးထား၏။ အတက်အဆင်းညင်သာ၏။ အကောင်ကြီး၍ တက်ရန်စက္ကန့်လေးဆယ်ကျော်ပြင်ဆင်လျှောက်လှမ်းရ၏။ လေပေါ်တွင် ငြိမ်၏။ တိမ်ကင်းသောကြောင့်ဖြစ်ချေမည်။

အဆင်းသည်လည်းသိမ်မွေ့၏။ သက်ကြီးရွယ်အိုများနှင့်သင့်တော်၏။ သုံးဆယ်ကျော် အဘ ဘဂျမ်းအတွက်တော့ အင်မတန် အရေးပါ၏။ သုံးဆယ့် တစ်ဆိုသည်မှာ လေးဆယ်ထဲဝင်သွားပြီဟု မှတ်ယူရာ၏။

ဒုတိယမြို့တော်တွင် အအေးဓာတ်သည် စောင့်ကြိုလျက်ရှိသည်။ အမိနိုင်ငံတော်တွင် ဆောင်းရာသီရှိသောကြောင့် ပျော်မွေ့ဖွယ်ကောင်း၏။ လေဆိပ်သည် အရင်လိုပင်ဖြစ်သည်။ စောင့်ရသည်။ ကြာသည်။ မပြောင်းမလဲတည်နေသော တစ်ခုတည်းသော အရာမှာ ပြောင်းလဲခြင်းတရားဖြစ်သည်ဟု ဆိုသွားသော ဗုဒ်ဓသည်လည်း ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မမြင်ဖူး၍သာဖြစ်မည်ဟု ကျွန်ုပ်တွေးဆမိသည်။

ဘယ်မှာလဲ ဒမော့ကရေစီဟု ကျွန်ုပ်ရှာပါသည်။

နိုင်ငံတွင်းတွင် လာဘ်ပေးလာဘ်ယူမှုများကို ပြင်းပြင်းထန်ထန်တိုက်ဖျက်နေပြီဖြစ်သည်။

ထို့ကြောင့် အင်မီဂရေးရှင်း ကောင်တာတွင် အလှူငွေ မထည့်ခဲ့ပါ။ တောင်းလည်းမတောင်းတော့ပါ။ နှစ်သစ်ကူးလက်ဆောင်လေးမပေးတော့ဘူးလား ညီလေးဟုသာဆိုရှာသည်။ ဆောရီးဗျာ ဘာမှ မဝယ်လာမိလို့ အစ်ကိုကြီးဟု တုံ့ပြန်သော်၊ ပြုံးရွှင်မပျက်ဘဲ၊ ရတယ် ညီလေး အေးဆေး၊ ဒီ ဖောင်းမ်လေးလုပ်သွားဖို့မမေ့နဲ့နော်ဟု ဆိုလေသည်။

ဒမော့ကရေစီ၏ အစွန်းထွက်သည် စင်ကာပူ ငါးကျပ်၊ တစ်ဆယ်တန်ချေသည်။

ထိုအရာကို ပေါ့ပေါ့လေးပြောသည်ဟု မမှတ်စေလို။

ဗျည်းနွဲ့လက်ရာ အမာရွတ်ကို ဟီရူဒွိုက်ဆေးလူး၍ ပျောက်ကင်းသွားသလို အလှူခံကောင်တာရှေ့မှာ အလကားဖြတ်သန်းခွင့်ရတာဟာ ဘာနဲ့မှမတူအောင်အရသာရှိပေတာပဲ။ သူတို့ အရင်လို မဟုတ်ကြတော့ဘူးဆိုတဲ့ အသိဟာ ကြည်နူးစရာသိပ်ကောင်း။

စင်ကာပူ-မြန်မာ ခရီးစဉ် ပထမပိုင်း နိတ္ထိတံ။

Regards,



Peace B with U.