ဘဝရဲ့ဒုတိယပိုင်း
ရှေ့သက်တမ်းတစ်ဝက်တွင် သင်ယူလေ့လာခဲ့သမျှကို ပြန်လည်မေ့ဖျောက်ရန် ကျွန်တော် အလေးအနက်တွေးနေမိသည်။ ဒုတိယပိုင်းသည် ပထမပိုင်း၏ အဆက်မဟုတ်ပါ။ လေထဲလွင့်သွားသော ဖုံမှုန့်လေး ဘယ်များရောက်သွားပါလိမ့်ဟု ကျွန်တော်တွေးနေတုန်းဖြစ်ပါသည်။ It's a heartache ဟုBonnie Tyler က ၁၉၇၈ ကတည်းက ကြိုသိနေခဲ့ခြင်းမှာ မဆန်းပါလော။ သင်ယူလေ့လာမှုသည် ခြောက်သွေ့လွန်းသော သမားရိုးကျနည်းလမ်းများကို လွန်မြောက်ရမည်ဟု ဆရာသမားကဆိုသည်။ ဤအဆိုကိုလည်း သူ့ဆရာသမားမှ လက်ဆင့်ကမ်းခဲ့ခြင်းဖြစ်လိမ့်မည်။ ပျော်ရွှင်ဖွယ်ကောင်းသော သင်ယူမှုဖြင့်သာ ရှင်သန်တတ်ရန် သင်ကြားပေးခဲ့သူများကို လေးစားတတ်ရန် အချိန်ယူရပါလိမ့်မည်။
ပထမပိုင်း၏ အခက်အခဲမှာ မလုပ်မဖြစ် အချိန်ဇယားများဖြစ်ပါသည်။ တကယ်မလိုအပ်မည့် စာများကို အချိန်နာရီထောင်ပေါင်းများစွာပေး၍ ကျက်မှတ်ခဲ့ပါသည်။ ယခုခေတ်ဘဏ်မန်နေဂျာများထက် သင်္ချာ နှစ်ဆပိုတွက်ခဲ့ဖူးပြီး၊ ယခုခေတ်အရောင်းသမားများထက် တက်ကျမ်း ၂ ဆပိုဖတ်ခဲ့ဖူးသည့်အတွက် နည်းနည်းမျှ ဂုဏ်မယူခဲ့မိပါ။ ထိုအရာများသည် ဘဝ၏ ဒိုင်းမင်းရှင်းကို ပိုမို ကျယ်ပြန့်စေသော တရားများသာဖြစ်သည်ဟု နားလည်လာခဲ့ချိန်အထိ စိတ်ရှည်နေခဲ့ဖို့သာလိုသည်။ အကြောင်းမဲ့ဖြစ်သောအရာ တစ်ခုမှ မရှိဟု မုတ်ဆိတ်ရော၊နှုတ်ခမ်းမွှေးပါမက၊ မျက်တောင်မွှေးများပင် ဖြူနေသော ဆရာကြီးတစ်ဦးကဆိုသည်။ ထိုအရာတစ်ခုကို သေချာသိဖို့ ဖြူခဲ့ရသည့် အမွှေးအမျှင်များပင် မနည်းလှဟု တွေးပြီး ရယ်မိမလိုဖြစ်သွားသည်။
ဒုတိယပိုင်း၏ ပြဿနာမှာ ပထမပိုင်းတွင် သိမ်းပိုက်စွဲလန်းထားသော ဥပါဒါန်များကို တစ်ခုစီ ပြန်လည် စွန့်လွှတ်ရန်ဖြစ်ပါသည်။ ထိုအခက်အခဲမှာ ရယ်မောတတ်ရန် အချိန်များစွာ လိုအပ်နေခြင်းတွင် အခြေခံသည်။ အလေးအနက်များကို စွန့်လွှတ်လိုက်လျှင် ပေါ့ပါးစွာ လေးနက်ခွင့်ကို ပြန်လည် ရရှိလာလိမ့်မည် ထင်သည်။
ပထမဆုံး ကြိုးပမ်းချက်အနေဖြင့် အချိန်နာရီပေါင်းများစွာပေး၍ တည်ဆောက်ထားသော စာကြည့်တိုက်လေးတစ်ခုကို မြန်မာပြည်ပြန်ပို့လိုက်သည်။ စာအုပ်များသည် အင်မတန်အကျိုးပေးခဲ့သည်။ အကျိုးများစွာရှိစေခဲ့သည်။ ဘဝတွင် အပေါ့၊အလေးသွားသောကိစ္စမှအစ ကုသိုလ်ရရန်သင်ပေးခဲ့သည်။ အနာဂတ်ငွေကြေးစီမံမှုကိုလည်း သင်ကြားပေးခဲ့သည်။ လူအုပ်ကြီးထဲတွင် အဆင်ပြေရန်၊တစ်ယောက်တည်း အထီးမကျန်စေရန် အစစအရာရာသင်ကြားပေးခဲ့သည်။ မြန်မာပြည်မှစာအုပ်များကို အကြိမ်ကြိမ်ခွဲ၍ သယ်ခဲ့ရသည်။ စာအုပ်စင် အမြင့်ကြီးများ ဝယ်ပြီး သပ်သပ်ရပ်ရပ်ဖြည့်စွက်ခဲ့သည်။ စာအုပ်တစ်အုပ်စီကို အချစ်ဆုံးသူငယ်ချင်းတစ်ယောက်စီလို ရင်းနှီးချစ်ခင်ခဲ့သည်။ ပထမပိုင်း၏ သမိုင်းသည် စာကြည့်တိုက်လေးတစ်ခုဖြစ်သည်။ ထိုစာကြည့်တိုက်ကို ပြန်မပို့လျှင် ဒုတိယပိုင်းတွင် ပထမပိုင်း ကိစ္စများ ရှုပ်နေနိုင်သည်။ မည်သည့်လူငယ်လေးတစ်ယောက်မဆို စာကြည့်တိုက်အသေးစားလေးတစ်ခု ပိုင်ဆိုင်လာသည့်နေ့တွင် လေးနက်သော ဘဝအမြင်တစ်ခု ကိုယ်ပိုင်ဖန်တီးယူနိုင်လာလိမ့်မည်။ စာအုပ်များထက်ပို၍ ကိုယ့်စိတ်ကိုကိုယ် ပြန်လည်သိမြင်စေသော ပြင်ပအကူမရှိပါ။ အချိန်ဆယ်နှစ်သည် စာအုပ်တစ်ထောင်ကျော်ကို ကျေညက်စွာဖတ်ရန် လုံလောက်ပါသည်။ ထိုအသိတရားသည် ဘဝ၏ပထမပိုင်းတွင် နေပျော်သူတစ်ဦးဖြစ်စေနိုင်သည်။ စာအုပ်မပါဘဲ ခရီးသွားလေ့မရှိသူ၊ စာတစ်ပိုဒ်မျှမဖတ်ဘဲ အိပ်မပျော်နိုင်သူဖြစ်အောင် စာကြည့်တိုက်လေးက ကူညီခဲ့သည်။ သူ သိုဝှက်သိမ်းဆည်းထားသော အနုပညာနှင့် ချစ်ခြင်းတရားကို စာကြည့်တိုက်လေးက မခြွင်းမချန်ပေးအပ်ခဲ့သည်။ ပညာကို တန်ဖိုးထားသော စိတ်ဓာတ်အမွေကိုလည်း ပေးခဲ့သေးသည်။
ဘဝ၏ဒုတိယပိုင်းသည် ပြင်ပမှပညာကို စိတ်အတွင်း ပြန်ရှာကြည့်ရန် အလေးအနက်ထားရသည့် ကာလဖြစ်သည်။ သင်ယူမှုများ၏ အဆီအနှစ်သည် ဒုတိယပိုင်းတွင် ကိုယ်ပိုင်အမှတ်အသားဖြစ်လာသည်။ စာရေးသူတစ်ယောက်သည် စာရေးရင်းရေးရင်း သူ့ရေးဟန်တစ်ခုဖြစ်လာသလို အတွေးအခေါ်သည်လည်း စုစည်းလေ့လာမှုမှ အသစ်တစ်ခုဖြစ်လာသည်။ စိတ်ထားသည်လည်း အသစ်တစ်ခု ဖြစ်လာသည်။ ပြောင်းလဲမှုဖြစ်သည်။ ထိုအရာသည်လည်း ဆင့်ကဲဖြစ်စဉ်တစ်ခုသာဖြစ်သည်။ လူသားတစ်ဦးစီ၏ ပြောင်းလဲမှုသည် နောင်နှစ်သန်းပေါင်းများစွာကြာသည့်အခါ သိသာသောဖြစ်ထွန်းမှုဖြစ်လာနိုင်သည်။ ဆန်းကြယ်သော စိတ်၏ စွမ်းအားများသာဖြစ်သည်။ စစ်ပွဲလိုလားသူများသာ နှစ်တစ်သန်းတိုင် စစ်ပွဲဆက်တိုက်လိုလားခဲ့လျှင် မွေးရာပါ လက်နက်တပ်ဆင်ပြီးသား လူသားများဖြစ်ထွန်းလာနိုင်သည်။ လောကကို ဦးဆောင်သောအရာမှာ စိတ်ပင်ဖြစ်သည်။ လောကသည် စိတ်အစုအပေါင်း၏ ရောင်ပြန်ဟပ်ဖြစ်ထွန်းမှုသာဖြစ်သည်။ မငြိမ်းချမ်းသော စိတ်များက မငြိမ်းချမ်းသော လောကသစ်တစ်ခုကို ပြုလုပ်နေသည်။ ဘဝ၏ ဒုတိယပိုင်းတွင် မသိစိတ်ဖြင့် မငြိမ်းချမ်းမှုကို အားပေးအားမြှောက်မလုပ်ရန် အရေးကြီးလာသည်။ လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို ခြုံငုံကြည့်တတ်ရန်လိုလာသည်။ ငါစွဲမှသာမက နိုင်ငံစွဲမှပါ လွတ်မြောက်ရန်လိုအပ်လာသည်။ ကမ္ဘာသားအမြင်၊ စကြဝဠာအဖွဲ့အစည်းမှ မော်လီကျူးလေးငယ်လေးတစ်ခု၏ အမြင်မျိုးလိုအပ်လာသည်။ အင်မတန်သေးဖွဲသော စကြာဝဠာ၏ အမှုန်လေးတစ်ခုအနေဖြင့် မလုပ်သင့်၊မရှိသင့်သော အတ္တမာနများနှင့် မလိုလောဘများကို စွန့်ဖယ်လိုက်ရန်လိုအပ်လာသည်။
စကြဝဠာ၏ တည်နေပုံအရ ကမ္ဘာအပါအဝင် နေအဖွဲ့အစည်း၏ ပျောက်ကွယ်သွားနိုင်မှုမှာ တစ်စက္ကန့်အတွင်း ဖြစ်ပျက်သွားနိုင်သည်။ လောင်ကျွမ်းမှုကုန်ဆုံးသောနေ့တွင် နေသည်လည်း ငြိမ်းသွားနိုင်သည်။ လောင်ကျွမ်းမှုမညီမျှမှုလေးတစ်ခုကြောင့်ပင် ရက်သတ္တပတ်တစ်ပတ်အတွင်း ကမ္ဘာကြီး အေးခဲသွားနိုင်သည်။ ကမ္ဘာကြီး၏ဖြစ်တည်မှုသည်လည်း အလွန်တရာ တိုက်ဆိုင်နေသော ကြုံတောင့်ကြုံခဲ မတော်တဆမှုလေးမျှသာဖြစ်သည်။ ကမ္ဘာကြီးကို ပတ်လမ်းထဲမှ တိုက်ထုတ်ပစ်လိုက်ရန် စကြဝဠာအတွင်းတွင် အစိုင်အခဲများစွာရှိနေသေးသည်။ တစ်နေ့မဟုတ် တစ်နေ့ လူသားအားလုံး ရုတ်တရတ် မျိုးပြုတ်သွားနိုင်သည်။ ထိုအခက်ကြီးအတွင်း ပျော်နေသော ကိုယ့်စိတ်ကိုယ် အံသြလေးစားတတ်ရန် အရေးကြီးလာသည်။ မောဟသည် အလွန်လှသော ကမ္ဘာတစ်ခုဖြစ်စေသည်။ မနက်ဖြန်ကို စိတ်မချနိုင်လျှင် ဒီညကို ပျော်အောင်အိပ်ဖို့ ခက်နေမည်ထင်သည်။
မသေချာမှုများကို သေချာယောင်ဆောင်ထားသော အရာမှာ မောဟပင်ဖြစ်သည်။ သေနိုင်သောအရာများကို မသေနိုင်ဟုထင်နေစေသော အရာမှာ မောဟပင်ဖြစ်သည်။ မောဟ၏ ပြုပြင်မှုဖြင့် အမှန်မမြင်နိုင်သော ကမ္ဘာတစ်ခုထဲတွင် ကျွန်တော်တို့အားလုံးပိတ်မိနေကြသည်။ သေတတ်သောလူများသေသွားခြင်းကို ဝမ်းနည်းနေခြင်းမှာ မောဟ၏ ပိတ်ဆို့မှုသာဖြစ်သည်။ လူအားလုံး သေရမှာပဲဟူသော အသိကို ယုံကြည်သောစိတ်ကိုပင် မောဟက လက်မခံချေ။ ထို့ကြောင့်မကြာခဏ စိတ်သည် သေခြင်းကို တုန်လှုပ်ရသည်။ မိဘများသေဆုံးလျှင် သာ၍တုန်လှုပ်သည်။ ခံနိုင်ရည်မရှိအောင်ဖြစ်ရသည်။ ဘဝ၏ဒုတိယပိုင်းတွင် မောဟကို နားလည်သော ပညာတစ်မျိုးလိုလာသည်။ မိမိ၏စိတ်ကို မောဟ မခြယ်လှယ်လျှင် စိတ်သည် ခံနိုင်ရည်ပိုရှိလာနိုင်သည်။ ပထမပိုင်းတွင် ဥစ္စာစီးပွားရှာရန်လိုသော ပညာကို ကျကျနနသင်ယူလေ့လာခဲ့ကြပြီးဖြစ်သော်လည်း ဒုတိယပိုင်းတွင် မိမိတို့သည် သူငယ်တန်းပြန်ဖြစ်နေသည်။ မိမိစိတ်ကို ပျော်အောင်မထားနိုင်သေးသော ကလေးငယ်များသာဖြစ်နေသည်။ မောဟ၏ မှောင်မိုက်ကို ကျော်လွန်၍ မသွားနိုင်သော ကလေးငယ်များသာဖြစ်နေသည်။ ထိုခံစားချက်သည် အလွန်သိမ်ငယ်ဖွယ်ကောင်းသည်။ ပထမပိုင်း၏ ပညာများသည် ဒုတိယပိုင်း၏ အခက်အခဲအတွက် လုံလောက်သော ပုံသေနည်းများ မပေးနိုင်တော့။ ပထမပိုင်း၏ ပင်လယ်တွင် ဖောင်သဖွယ်ဖြစ်ခဲ့သော ပညာများကို ဒုတိယပိုင်းကမ်းခြေတွင် ချထားခဲ့ရတော့မည်။ ဒုတိယပိုင်း၏ အခက်အခဲသည် ပိုမိုသိမ်မွေ့သည်။ သိသာသော အခက်အခဲများမဟုတ်တော့။ သိမ်သိမ်မွေ့မွေ့လေး ဒုက္ခပေးနေသော ဒဏ်ရာဒဏ်ချက်များဖြစ်လာသည်။
လူသည် လောကတွင် ရှင်သန်ရန် ပညတ်များကို စနစ်တကျ သင်ယူခဲ့ပြီး၊ လောကလွန်တရားသို့ ဆက်သွားရန် ပညတ်များကို စနစ်တကျ ပြန်လည် စွန့်ပစ်ကြရသည်။ ဒုတိယပိုင်း၏ ကသိကအောင့်ဖြစ်ဖွယ်အမှန်တရားမှာ မိမိတို့၏ အသားကျနေသော ဆင်ခြင်မှုပုံစံဖြစ်သည်။ ဒုတိယပိုင်းသည် သိမ်မွေ့သော ပြောင်းလဲမှုလေးတစ်ချက်သာဖြစ်သည်။ လူသည် ဒုတိယပိုင်းကိစ္စများကို သတိမမူမိလျှင် ပထမပိုင်းဟုသာ ထင်နေမိနိုင်သည်။ ပထမပိုင်းသည် အင်မတန် လှုပ်ရှားသက်ဝင်သည်။ တက်ကြွစွာပါဝင်သည်။ ရဲရင့်စွာစူးစမ်းသည်။ အင်အားသစ်များစွာရရှိသည်။ ဒုတိယပိုင်းတွင် ခန္ဓာထက် စိတ်၏ အခန်းကဏ္ဍမှာ ပို၍လေးနက်လာသည်။ ပထမပိုင်းတွင် လူတစ်ယောက် အကူအညီလိုလျှင် ပစ္စည်းတစ်ခုခုပေးလိုက်ရန် အာရုံထားသည်။ ဒုတိယပိုင်းတွင် လူတစ်ယောက်အကူအညီလိုလျှင် မည်သည့်ပစ္စည်းကို မည်သည့်စိတ်အခြေအနေဖြင့် ပေးသည်ကို အာရုံထားလာသည်။ သေးဖွဲသောအရာဟုထင်ခဲ့သော အရာများကို အကျယ်ချဲ့၍ကြည့်သည်။ ကိုယ့်စိတ်၏ အပြောင်းအလဲမြန်ဆန်မှုများကိုသာ အချိန်ပေး၍လေ့လာသည်။
ပထမပိုင်းတွင် ဂီတကို နားထောင်သည်။ စာပေကိုဖတ်ရှုသည်။ ဒုတိယပိုင်းတွင် ဂီတ၏ နောက်ကွယ်မှ အနုပညာအင်အား၊ စာပေ၏နောက်ကွယ်မှ အနုပညာအင်အားကို ခံစားသည်။ မူလဓာတ်၏ တစ်ခုတည်းဖြစ်မှုဆီသို့ ပြန်သွားသည်။ ရှုပ်ထွေးမှုများသည် ရှင်းလင်းမှုတစ်ခု၏ အလင်းဖြာမှုများသာဖြစ်ကြောင်း ခံစားနားလည်ရန်ကြိုးပမ်းကြသည်။ သဘာဝတရား၏ လေးနက်မှုဘက်ကို ကိုင်းညွတ်လာကြသည်။ ပထမပိုင်း၏ ပျော်မွေ့ဖွယ် ကိစ္စများကို ဒုတိယပိုင်းတွင် လျှော့ချလာကြသည်။ စူပါမားကတ်၏ ဆန်းပြားမှုဆီမှ တောအုပ်၏ စိမ်းညို့မှုဆီသို့ စိတ်ကိုပို့လွှတ်ကြသည်။ မူလစိတ်၏ အင်အားပြည့်စုံမှုပြန်လည်ရရှိရန် ပိတ်ဆို့ကာဆီးသမျှကို တလွှာချင်းခွာချပစ်သည်။ ကြိုက်တာစားရာမှ သင့်ရာစားလာကြသည်။ ကြိုက်ရာဝယ်နေရာမှ လိုအပ်တာသာဝယ်တော့သည်။ အမှုကိစ္စများကိုလည်း တတ်စွမ်းသရွေ့လျှော့ချ၍ ပိုတန်ဖိုးရှိသော ရွေးချယ်မှုများ လုပ်ကိုင်လာကြသည်။
ပထမပိုင်းမှ သင်ယူလေ့လာမှုများသည် အတ္တကို စနစ်တကျ တည်ဆောက်ရန် ဖြစ်သည်ဟုဆိုလျှင် ဒုတိယပိုင်း၏ ပညာသည် အနတ္တအမြင်ကို ခိုင်မာရန်ထောက်ကူမှုဖြစ်လိမ့်မည်။ ပထမပိုင်းမှ ပညာသည် ရှင်သန်ခြင်း၏ အခက်အခဲများကို ပြေလည်စေရန်အတွက် အရေးကြီးသည်ဆိုလျှင် ဒုတိယပိုင်း၏ပညာသည် သေဆုံးခြင်းကို လွယ်ကူစေရန် အရေးကြီးသည်ဟုဆိုရမည်။ ပထမပိုင်း၏ ပညာသည် လှုပ်ရှားမှုဆိုလျှင် ဒုတိယပိုင်း၏ ပညာသည် ရပ်တန့်တည်ငြိမ်မှုသာဖြစ်ရမည်။ ပထမပိုင်းသည် ပျော်ရွှင်သော ဘဝအတွက်ဆိုလျှင် ဒုတိယပိုင်းသည် ငြိမ်းချမ်းသော ဘဝဖြစ်လိမ့်မည်။ တန်ဖိုးကိုယ်စီရှိသည်။ မတူညီသော ဒိုင်းမင်းရှင်းနှစ်ခုပါဝင်သော ရှင်သန်မှုကာလကို ဘဝဟုခေါ်ခြင်းဖြစ်လိမ့်မည်။
ပထမပိုင်းနှင့် ဒုတိယပိုင်း၏အကူးအပြောင်း၏ ထူးခြားသိသာသော လက္ခဏာမှာ လစ်ဟာမှုဖြစ်သည်။ ပထမပိုင်း၏ ပြည့်စုံမှုသည် ဒုတိယပိုင်းတွင် တစ်စုံတစ်ခုလိုနေသည်။ ပထမပိုင်းတွင်ရရှိခဲ့သော အောင်မြင်မှုများသည် ဒုတိယပိုင်း၏ လိုအပ်မှုကို မဖြည့်စွက်နိုင်ပေ။ ထိုလစ်ဟာမှုလေးကို ငြိမ်းချမ်းမှုမှအပ မည့်သည့်အရာနှင့်မျှ ဖြည့်စွက်၍မရ။ မြင့်မြတ်ခြင်းတွေ၊ ဉာဏ်စဉ်တွေထက် ပိုအရေးကြီးသည်မှာ ကျက်သရေရှိသော ရှင်သန်မှုဖြစ်သည်။ မိမိ၏စိတ်သည် လိုနေသောစိတ်တစ်ခုမဟုတ်။ တန်ဖိုးရှိသော ငြိမ်းချမ်းမှုဖြင့် ပြည့်နေသော စိတ်အခြေအနေဖြစ်နေရမည်။ လောကကြီးကို ခက်အောင်မလုပ်သည့်စိတ်ဖြစ်နေသည်။ လူသားများ၏ ဘဝကို ခက်အောင်မလုပ်သူဖြစ်လာမည်။ လူသားတိုင်း၏ ဘဝကို လွယ်ကူစေချင်သောစိတ်သည် မေတ္တာနှင့်ကရုဏာအပြည့်ပါနေလိမ့်မည်။ တကူးတကဖြည့်စွက်ထားသော မေတ္တာမျိုးမဟုတ်။ သူ့အလိုလို ပေါ်လာသော မူရင်းသဘာဝသာဖြစ်လိမ့်မည်။ ပထမပိုင်း၏ ကုသိုလ်များသည် ဆင်ခြင်ဉာဏ်နှင့် အသိတရားကို အခြေခံ၍ပြုခဲ့သည်ဆိုသော် ဒုတိယပိုင်း၏ ကုသိုလ်များသည် နူးညံ့သောစိတ်မှ သူ့အလိုလိုပွင့်ဖူးလာသော ပန်းပွင့်များသဖွယ်ဖြစ်သည်။ ကုသိုလ်ကိုပြုသူမရှိတော့။ စိတ်၏လိုအပ်ချက်ကို စိတ်၏သဘာဝက ဖြည့်စွက်သော ဖြစ်စဉ်သက်သက်မျှဖြစ်လာသည်။ ဒုတိယပိုင်းတွင် အတ္တ၏ နယ်မြေကျဉ်းသထက်ကျဉ်းလာပြီး သဘာဝတရားပိုဆန်လာသည်။ နွေရာသီတွင် ကြွေကျသော သစ်ရွက်လေးတစ်ရွက်သည် သဘာဝစည်းမျဉ်းကို သဘာဝအတိုင်းလိုက်နာသလိုမျိုး၊ စိတ်က သူ၏ မူလသဘာဝဆီသို့ ပြန်၍သွားလိမ့်မည်။ စိတ်၏သဘာဝအတိုင်း စင်ကြယ်မှု၊ သဘာဝအတိုင်းလျှင်မြန်မှု၊ သဘာဝအတိုင်း အတွေးများတွင် ငြီးငွေ့လွယ်မှုများကို အရှိအတိုင်းသိနေခြင်းသည် ဒုတိယပိုင်း၏ တစ်ခုတည်းသော အလုပ်ဖြစ်လာလိမ့်မည်ထင်ပါသည်။
ရှင်သန်နေဆဲကိစ္စများအတွက် ပထမပိုင်း၏ ပညာများကို သုံးစွဲနေရသည့်တိုင် ဒုတိယပိုင်းသည် သူ့လက္ခဏာများကို လူတိုင်းကို သတိပေးနေမြဲဖြစ်သည်။ ပထမပိုင်းတွင် ပွင့်လန်းခဲ့သော အသိပညာ၏ပန်းများသည် အသီးအဖြစ်သို့ရောက်လာသော အခိုက်အတန့်သည် ဒုတိယပိုင်းဖြစ်သည်။ ဒုတိယပိုင်း၏ အသီးသည်၊ ပထမပိုင်း၏ ပန်းပွင့်နှင့် အသွင်သဏ္ဍာန်ခြားနားသော ဖြစ်တည်မှုဖြစ်သလို၊ မတူညီသော လိုအပ်ချက်လည်းရှိလိမ့်မည်။ ဒုတိယပိုင်းသည် မတူညီသော်လည်း ပထမပိုင်းနှင့်မကင်းချေ။ ပထမပိုင်း၏အဆက်မဟုတ်သော်လည်း ပထမပိုင်း၏ တင်းအားတွင် အခြေခံ၍ ပျံသန်းထွက်လာသော မြားတစ်စင်းဖြစ်သည်။ ပထမပိုင်း၏ တင်းအားသည် ဒုတိယပိုင်းပျံသန်းမည့် မြားတစ်စင်း၏ အကွာအဝေးကို ပြဌာန်းလိမ့်မည်ထင်သည်။ ရှုပ်ထွေးမှုမှ ရိုးရှင်းမှုဆီသို့ ပြန်သွားရသော ခရီးသည် ထင်မှတ်မထားလောက်အောင် ခက်ခဲနေခြင်းမှာ မိမိတို့ကိုယ်တိုင် စနစ်တကျ ခြေရာဖျောက်ထားသောကြောင့်ဖြစ်ပါသည်။ ခက်ခဲသော်လည်း မဖြစ်နိုင်သည့် ခရီးတော့မဟုတ်ပါ။ မသေချာသော ကမ္ဘာကြီးထဲတွင်၊ မသေချာသော ရှင်သန်မှုများဖြင့် ရစ်ပတ်ဖွဲ့နှောင်ထားသော လူသားသည် ငြိမ်းချမ်းသောစိတ်တစ်ခုကိုသာ ကိုယ်ပိုင်ဥစ္စာအဖြစ်ယူသွားနိုင်လိမ့်မည်ထင်သည်။
အရှိတရား၏ ပြည့်စုံမှုကို နားလည်ရန် ငြိမ်သက်သောစိတ်ဖြင့် ဒုတိယပိုင်းကို စတင်ဖို့လိုလိမ့်မည်ထင်သည်။ လူသည် အပိုမလုပ်တော့လျှင် အလွန်ပေါ့ပါးသော စိတ်ရှိလာနိုင်သော သတ္တဝါဖြစ်ပါသည်။ တစ်နေ့တစ်နေ့ တိမ်များကို အချိန်ပေး၍ ငေးကြည့်နေသူများတွေ့လျှင် လူပျင်းများဟု မထင်လိုက်ကြပါနှင့်။ ထိုသူများသည် ဒုတိယပိုင်း သင်ခန်းစာများကို သဘာဝတရားဆီမှ ပြန်လည် လေ့လာနေသူများလည်း ဖြစ်နေနိုင်သည်။
စံပယ်ပန်းလေးတစ်ပွင့်ကို ခူးယူပြီး ဘုရားကပ်မည့်အစား အပင်မှာပွင့်နေသည့် စံပယ်ပန်းလေးကိုပဲ ဘုရားကိုလှူလိုက်ခြင်းသည် ဒုတိယပိုင်း၏ စိတ်ထားဖြစ်လာလိမ့်မည်။ နူးညံ့သောစိတ်ထားဖြင့် ရဲရင့်သောရှင်သန်ခြင်းသည် ဒုတိယပိုင်း၏ ဖတ်စာအုပ်ဖြစ်လာလိမ့်မည်။ ပထမပိုင်း၏အလင်းသည် အနီရောင်ဖြစ်လျှင် ဒုတိယပိုင်း၏အလင်းသည် အပြာရောင်ဖြစ်လိမ့်မည်။ ငြိမ်သက်သောစိတ်သည် အများအတွက် အချိန်ရှိသောစိတ်လည်းဖြစ်သည်။ ဒုတိယပိုင်းကိစ္စများသည် ကိုယ်ကျိုးအတွက် သိပ်များများလုပ်စရာမရှိတော့။ ပထမပိုင်းတွင် အများအကူအညီဖြင့်/ပြင်ပအထောက်အပံ့ဖြင့် ရရှိခဲ့သော အသိပညာနှင့်ဥစ္စာပစ္စည်းများကို ဒုတိယပိုင်းတွင် အများအတွက် လွယ်ကူအောင်လုပ်ပေးသည့် အလုပ်များအတွက် ပို၍အသုံးချလာမည်။ ဒုတိယပိုင်း၏ အလှတရားသည် ပထမပိုင်းထက်ပိုပြီး သိမ်မွေ့သည်။ ပိုပြီးနူးညံ့သည်။ လေးနက်သော ပညာကို လက်ဆင့်ကမ်းခြင်းသည် ဒုတိယပိုင်း၏ လှပသောဒါနတရားတစ်ခုဖြစ်လာလိမ့်မည်။ ပထမပိုင်းတွင် မြင်ရသော သစ်ရွက်ခြောက်၏ အဆင်းအရောင်မွဲခြောက်မှုသည် ဒုတိယပိုင်းတွင် တောက်ပလာသည်။ ဒုတိယပိုင်းလောကသည် အရောင်အသွေးပိုမိုစုံလင်လာသည်။ ပထမပိုင်း၏ နားလည်မှုသည် ဖြေသိမ့်သော စကားလုံးများဖြစ်လျှင် ဒုတိယပိုင်း၏ နားလည်မှုသည် နာကျင်မှုအတွင်း အတူယှဉ်တွဲ ငြိမ်သက်နေခြင်းသာဖြစ်လိမ့်မည်။
စိတ်ထဲတွင် ခက်ခဲနေသောအရာများသည် လွယ်ကူသောအရာတစ်ခု၏ အလင်းပြန်မှုသာဖြစ်လိမ့်မည်။ ခက်ခဲမှု၏ပြဿနာမှာ လွယ်ကူသောအရာများတွင် သဘောထားမမှန်ကန်မှုများ စုစည်းပေါင်းဖွဲ့လာခြင်းသာဖြစ်ရလိမ့်မည်။ လောကကြီးကို လွယ်ကူစေခဲ့သူများကို လေးစားသောစိတ်သည် တစ်နေ့တစ်ခြားတိုးပွားလာရမည်။ ပထမပိုင်း၏ သီလသည် ရှောင်ကြဉ်မှုပေါ်တွင် အခြေခံလျှင် ဒုတိယပိုင်း၏ သီလသည် တစ်ဆင့်မြင့်ရလိမ့်မည်။ ခက်ခဲနေသူများအောင် လွယ်ကူအောင်လုပ်ပေးရမည်။ အလိမ်ခံရသူများအား အလိမ်မခံရအောင်ကူညီရမည်။ အခိုးခံရသူများအား အခိုးခံလိုက်ရသော ဥစ္စာပစ္စည်းများပြန်ပေးရမည်။ အသက်ဘေးရောက်နေသူများအား ကုသစရိတ်ပေးရမည်။ ကုသ၍မရတော့သူများအား ငြိမ်သက်သောစိတ်ပေးရမည်။ လူတစ်ယောက်က တခြားလူတစ်ယောက်ကို အနိုင်အထက် ပြုကျင့်မှုမရှိအောင် အသိဉာဏ်ရော၊ခွန်အားကိုပါ အသုံးပြုပြီး ဆန့်ကျင်ရမည်။ မူးယစ်စေသောအရာများမလိုအပ်သော ကမ္ဘာသစ်တစ်ခု၏ အလှတရားအကြောင်းကိုလည်း ပြောပြရလိမ့်မည်။ ကလေးငယ်များအတွက် နေပျော်သော၊ အလွန်လှသော ကမ္ဘာသစ်တစ်ခုကို ငြိမ်းချမ်းသောစိတ်ဖြင့် တစ်ဦးစီ ဝိုင်းဝန်းတည်ဆောက်ရန်လိုအပ်ကြောင်းလည်း နှိုးဆော်ရလိမ့်ဦးမည်။
ဒုတိယပိုင်း၏ အခက်အခဲမှာ စကားလုံးများဖြင့် ခရီးဆက်၍ မရခြင်းဖြစ်ပါသည်။ သိစိတ်များ၏ ဆက်သွယ်မှုသည်သာ ထိရောက်သော ဝါကျတစ်ကြောင်းဖြစ်ပြီး နှလုံးသားချင်းနားလည်မှုသည်သာ နူးညံ့သော ကဗျာတစ်ပုဒ်ဖြစ်လိမ့်မည်။
ဆက်လက်ခရီးဆက်ကြပါဦးစို့။ ။
With Peace,
Uncle Zephyr
Peace B with U.