Friday, August 6, 2010

လာ့ဖ်ဖီလော်ဆော့ဖ်ဖှီ ၊ ကြာဆံကြော်နှင့် ကျွန်တော်



လာ့ဖ်ဖီလော်ဆော့ဖ်ဖှီ ၊ ကြာဆံကြော်နှင့် ကျွန်တော်

ဂွတ်ဒ်ဒေးလ် မိုင်ဒီးယားဖရင်းဒ် ....

Let me talk about love :) ....

လူတိုင်းမကင်းနိုင်တဲ့ အကြွေးရယ်၊ အပေါ့အလေးသွားရခြင်းတွေရယ်ပြီးရင် ကျန်တဲ့မကင်းနိုင်တဲ့အရာဟာ အချစ်ဖြစ်တယ်လို့ဆိုပါတယ်။ အချစ်မှာကိုက အချစ်တု .. အချစ်ရွှေရည်စိမ်၊ အချစ်မစစ်တစစ်၊ အချစ်စစ်၊ အချစ်စစ်စစ်၊အချစ်စစ်စစ်ရေမရောဆိုပြီး ကွဲပြားတယ်လို့လည်းပြောပါတယ်။ ကိုယ်တွေ့သမားတွေပြောတာကြားတာပါ။ အကြမ်းဖျင်းပြောရင်တော့ အချစ်ဆိုတာ သမုဒယဒီဂရီကို မူတည်ပြီး အမျိုးအစားကွဲသွားပါတယ်။

ကလေးတွေအတွက် အရေးအကြီးဆုံးက မိခင်နို့ ...၊ စင်ကာပူအစိုးရအတွက် အရေးအကြီးအဆုံးက အခွန်ရဖို့ နဲ့ ... နိုင်ငံပေါင်းချုပ်အသင်းကြီးအတွက် အရေးအကြီးဆုံးက ဒစ်ပလိုမေစီကျွမ်းကျင်တဲ့ မန်နေဂျာလို အကြီးအကဲရဖို့ ...ဖြစ်သလို ... ဆိုတော့ကာ လူတိုင်းမှာ အရေးအကြီးဆုံးက ဇိယု (Zeus)လက်အငြိမ်မနေနိုင်လျှောက်ခွဲထားတဲ့ အခြမ်းပျောက်ရှာဖို့ သို့တည်းမဟုတ် .. မုတ်ဆိတ်ဖြူကြီး အလိုမတူဘဲဖြုတ်သွားတဲ့ နံရိုးကို ပြန်ရှာဖို့ ဖြစ်နိုင်ပါတယ်။ ဗြဟ္မာဝင်စားမို့ တဏှာအခင်မထားပါဆိုလည်း သတိထားပါ ...။ တချို့သူတွေက ကောင်မလေးတွေ စိတ်မ၀င်စားဘူးဆိုရင် ကောင်လေးတွေရော လို့ စိတ်ဝင်စားသလားမေးပါလိမ့်မယ်။ အချင်းချင်းကြတော့လည်း တာဝန်ပျက်ကွက်မှုနဲ့ အရေးယူမယ်တို့ ... ။ မင်းတို့လိုလူတွေချည်းပဲရှိရင် ကမ္ဘာလူဦးရေက အလိုလိုထိန်းချုပ်ပြီးသားဖြစ်သွားမယ်တို့ ... စသဖြင့်တွေ ပြောပါလိမ့်မယ်။ မသိမသာ အသက်လေးဆယ် ဆိုတဲ့ မိုးမိုး ရဲ့ သီချင်းကို forward လုပ်တာမျိုးလည်းခံရပါမယ်။ သာသနာ့ဘောင်မှာ ပျော်ပါ့မလား ဘုရာ့လို့ Chat box ကနေ လာလာအော်တာတွေလည်း ခံရပါမယ်။ ကိုယ့်ဘာသာကို မယူချင်လို့နေတာဆိုရင်လည်း ... ယုံရခက်ကြီးပါ ငါ့ရှင်လို့ပြောမယ့်သူတွေက ပါးစပ်ကိုတောင် adj တွေနဲ့ပြင်ထားကြပါပြီ။

လူဝတ်ကြောင်ဘ၀မှာ ... (တယ်လာတဲ့စကားလုံးနော်) ... ဘယ် brand ၀တ်ပြီးကြောင်မလဲဆိုတာက အတော်လေးစဉ်းစားစရာကောင်းပါတယ်။ ၀တ်ကြောင်ဆိုလို့ မ၀တ်ဘဲနေမယ်ဆိုရင်ကြတော့လည်း အရူးဖြစ်သွားပါမယ် ...။ စိန်ဖရန်စစ် အစီစီ ဆိုတဲ့သူတော်စင်က ခရူးဆိတ်စစ်ပွဲကအပြန်မှာ သူ့အဖေဆိုင်က အ၀တ်အထည်တွေကို တွေ့သမျှလူကိုပေးပစ်လို့ အဖေကြီးက ဒေါပွပြီး မင်းမ၀တ်နဲ့ဆိုပြီး အားလုံးချွတ်ပြီး တရားသူကြီးတွေဆီခေါ်သွားပါတယ်။ အဲဒီတော့ သူက မရှက်ပါဘူး ...။ ဒါဟာ အမှားလုပ်တာမဟုတ်ဘူး....။ လူတွေပျော်နေတာကို သူကျေနပ်တယ်ဆိုပြီး ခပ်တည်တည် ရသေ့ဝတ်သွားပါတယ်။ နောက်တော့ အနူတွေနဲ့နေပါတယ် ...။ ဖရန်စစ်ကန်ဂိုဏ်းကိုထူထောင်ပါတယ်။ သိက္ခာမရှိတဲ့ ပုပ်ရဟန်းမင်းကြီး ကိုယ်တော်လုပ်နေတာ ဘုရားအလိုတော်မဟုတ်ဘူးလို့သွားပြောပါတယ်။ အဲဒါတွေကတော့ လူသိပ်မသိတာတွေပါ ...။ လူသိများတာကတော့ သူ့ဆုတောင်းပါ ...။

Lord, make me an instrument of your peace;

where there is hatred, let me sow love;

where there is injury, pardon:

where there is doubt, faith ;

where there is despair, hope

where there is darkness, light

where there is sadness, joy

O divine Master,

grant that I may not so much seek to be consoled as to console;

to be understood, as to understand;

to be loved, as to love;

for it is in giving that we receive,

it is in pardoning that we are pardoned,

and it is in dying that we are born to Eternal Life.

Amen.

where there is hatred, let me sow love; အမုန်းတရားတွေရှိတဲ့နေရာမှာ ချစ်ခြင်းကို စိုက်ပျိုးသောသူဖြစ်ချင်တယ်လို့ပါပါတယ် ....။ နောက်တစ်ချက်က to be loved, as to love; ဖြစ်ချင်ပါသတဲ့ ...။ အချစ်ခံရအောင် ကြိုးစားတဲ့သူမဖြစ်ချင်ဘူး သူကပဲ ချစ်နေချင်တယ်လို့ပြောပါတယ် ...။ သူပြောတဲ့အချစ် ကို နားလည်ရင် နည်းနည်းဆက်ပြီး ဆွေးနွေးလို့ရပါမယ် ....။

ချစ်တဲ့အချစ်ကို ဘယ်လိုဆိုပြီးပြောလို့မရပါဘူး။ ဥပမာ အိမ်ကခွေးကလေးကို ဘယ်လိုချစ်ပြီးကောင်မလေးကိုဘယ်လိုချစ်တာလဲဆိုတာကိုပဲခွဲပြောကြည့် ... အတော်လေးခက်ပါတယ်။ သူတို့ဗိုက်ဆာနေရင် တစ်ခုခုကျွေးချင်မယ် ...။ သူတို့နဲ့လမ်းလျှောက်ချင်မယ် ...။ သူတို့မွှေးပြီးသန့်ပြန့်နေတာကိုမြင်ချင်မယ် ....။ သူကိုယ့်ကို ချစ်လို့ ထိုင်ကြည့်နေရင်ဝမ်းသာမယ် ....။ အဲဒီလိုဆိုရင် အတူတူပဲမဟုတ်လားငှင် ... ဆိုရင် ဘယ်လိုဖြေရပါ့မလဲ ....။ ဟုတ်တော့ဟုတ်တယ် မဟုတ်သေးဘူးကွာ ... လို့ပဲ အူကြောင်ကြောင်ဖြစ်ရဦးမှာပါ ....။

တစ်နည်းနည်းနဲ့တော့ အချစ်ကိုသက်သေပြရပါတယ်။ ဗန်ဂိုးဆို နားရွက်တောင် ဖြတ်သေးတာဆိုရင် ကိုယ်ကလည်း တစ်ခုခုတော့ဖြတ်ပြရလိမ့်မယ် ... ...(တမျိုးမတွေးပါနဲ့)။ ဥပမာ ဆံပင်။ ဆေးလိပ်၊ အရက်၊ အင်မတန်ဆွဲဆာင်မှုရှိသော ဖြတ်သွားဖြတ်လာပန်းပွင့်များ၊ .....။ ဆိုလိုတာကတော့ သူစိတ်ချမ်းသာမယ်ဆိုရင် ကိုကာကိုလာဖြစ်ဖြစ်၊ ဘာလီဖြစ်ဖြစ်သောက်သင့်သောက်ရမှာပါပဲ ...။ အဆိပ်ဆိုရင်တော့မသောက်ပါနဲ့ ...။

ကိုယ့်ဘဏ်ငွေစာရင်း ၁၂၀ မှာ အကြွေးက ၅၀၀ ဆိုတာကို မပြောဘဲမနေပါနဲ့ ...။ ရိုးသားပါ။ ဖတ်ဖူးတဲ့ဟာသထဲကလို ပိပိရိရိမလိမ်တတ်ရင် ရိုးသားတာအကောင်းဆုံးပဲ ဆိုတာကိုမမေ့ပါနဲ့။ အချစ်ဟာ ရိုးသားခြင်းကိုတောင်းဆိုတယ်။ အသေးအဖွဲလေးဖြစ်ဖြစ်ရိုးသားပါ။ အကြီးအမားကြရင်တော့လည်း .. ဖူးးးးးး (သက်ပြင်းချတာ)......ဆက်လက်ရိုးသားပါ ...။

အဖိုးတန်တာမတန်တာထက် အချစ်ကိုလက်ဆောင်ပေးပါ။ ဘူဂစ်မှာ နာရီ တစ်ဆယ်တွေပေမယ့် ချစ်သက်လက်ဆောင်ကွာ ... သိပ်ကြိုက်လို့ဝယ်လာတာ ...ဆိုရင် တစ်ရက်လောက်တော့ဝတ်ကြည့်ချင်မှာပါ ....။ တစ်ရာတန်ဝယ်ပေးရင်လည်း ငါးကျပ်တန်ကြီးဝယ်ပေးတယ်ထင်မယ့်အတူတူ တစ်ဆယ်တန်ဝယ်ပေးပြီး ငါးကျပ်တန်လောက်ထင်တာက သက်သာပါတယ်လေ .....။ အချစ်ဟာ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်တာကိုတောင်းဆိုတယ်။

အချစ်မှာ အလိုအပ်ဆုံးဟာ နားလည်မှုပါပဲ ...။ (အဲဒါကြောင့်လည်းတစ်ချို့တွေ ပါးရိုက်ကြတာနေမယ် ...။နားကိုလည်ထွက်သွားတာပဲ .....။ ....။) နားလည်မှုရှိရင် အတော်လေးပျော်ဖို့ကောင်းပါတယ်။ အော် သူလည်း ကိုယ့်လိုပိုက်ဆံလိုနေရင် ချေးချင်ရှာမှာဆိုပြီး Sympathy အပြည့်နဲ့ ပိုက်ဆံချေးတာတို့ဘာတို့ ... ဟဲဟဲ .. အဲဒီလိုတော့မဟုတ်ဘူးပေါ့နော် ...။ တစ်ယောက်ကို တစ်ယောက်နားလည်တယ်ဆိုတာ ပြောမှသိ၊ ထိမှနာ၊ သေမှငို၊ ရိုက်မှပြေး ... အဲဒီလို ကြောင်းကျိုးဆက်စပ်တာမျိုးကိုပြောတာမဟုတ်ပါဘူး။ မပြောလည်းသိပါ။ .. သူကိုယ့်ကို ဒေါသထွက်တာလား toilet သွားချင်တာလားကို နားလည်တာမျိုးကအစ ... သူ့စိတ်ခံစားချက်ကိုနားလည်တာမျိုးအထိပါ ...။ ငါနားလည်ပါတယ်ကွာဆိုပြီး နားမထောင်ဘဲပြောချင်ရာပြောတဲ့သူတိုင်းကို သိပ်ကိုကြည်ညိုနေမိပါတယ်။ .. ကိုယ်တိုင်လည်း အဲဒီလို အကြည်ညိုမခံရအောင်နေပါတယ်။ အချစ်ဟာ ပိရမစ်တစ်ခုဆို အထဲမှာသေနေတာဟာ ကိုယ့်အတ္တပဲဖြစ်ပါစေ ...။

နောက်တစ်ခုက ချစ်သူရဲ့ဂုဏ်သိက္ခာကိုကာကွယ်ပါ။ ဘာအကြောင်းနဲ့မှ သူ့ကို မထိခိုက်စေပါနဲ့။ တန်ဖိုးထားပါ။ အမျိုးသမီးတွေကို မာတုဂါမလို့ခေါ်တာ အမေမျိုးနွယ်လို့ပြောတာပါ။ လေးစားတန်ဖိုးထားဖို့ပါ ...။ ကိုယ်စိတ်ချမ်းသာဖို့ကိုပဲမကြည့်ပါနဲ့။ သူ့တန်ဖိုးကို ကာကွယ်ပါ။ သူ့ကို စောင့်ရှောက်ပါ။ ဟန်ဆောင်စောင့်ရှောက်မှုတွေကို မလုပ်ပါနဲ့ ....။ တစ်သက်လုံးညာနေရတာကို ပျော်တယ်ဆိုရင်တော့ လုပ်ချင်လုပ်ပါ။ တစ်သက်လုံး ဆိုတာကိုမမေ့ပါနဲ့။ တစ်သက်လုံးအတွက်မရည်ရွယ်ရင်လည်း ကိုယ့်ဒုက္ခကိုယ်မရှာပါနဲ့ ..။ သက်တောင့်သက်သာ အေးအေးဆေးဆေးနေပါ။

အချစ်မှာမျက်စိမရှိဘူးဆိုတာကို လူတိုင်းပြောပါတယ်။ မျက်စိမရှိတာမဟုတ်ဘဲ မမြင်ချင်ယောင်ဆောင်တာဖြစ်မှာပါ။ မြင်အောင်တော့ကြည့်ပါ။ နောင်တစ်ချိန်မှာမှ ကိုယ့်ခေါင်းကို ကိုယ်ထုထုပြီး ... နောင်တမရပါနဲ့။

နောက်တစ်ခုက Love at first sight ဆိုလားပဲ .. မြင်မြင်ချင်းချစ်တယ် ....။ နောက်တစ်ခါကြည့် နောက်တစ်ခါချစ်တယ် ...။ မျက်စိမမြင်တဲ့သူတွေက Love at first touch လို့များပြောမလား။ Love at first word လို့များ ပြောမလားမသိဘူးနော်။ မြင်မြင်ချင်းမချစ်ဘူးဆိုရင်တော့ ကြာကြာမကြည့်တာကောင်းတယ်။

နောက်ထပ် အချစ်ဆိုတာ ကို Sex နဲ့မကွဲတဲ့သူတွေကိုလည်း ဟာသလေးတစ်ခုပြောချင်ပါတယ်။ Women are sex objects တဲ့။ ဖတ်ကြည့်ရင်ကိုတော်တော် ရင်နာစရာကောင်းပါတယ်။ အမှန်က ဒီလိုပါ ...။ Sex ဆိုတာနဲ့ Objects လုပ်လို့ပါတဲ့။ ဒါကိုလည်း သီးခြားခေါင်းစဉ်တစ်ခုအနေနဲ့ရေးဖို့ အကြမ်းရေးထားပါတယ်။ Love or Sex ,or Love and Sex ဆိုတာမျိုးဖြစ်သွားနိုင်ပါတယ်။ ခွင့်ပြုမိန့်ကတော့ ကျစရာမရှိတော့ပါဘူး။ ပလေးတိုးကြီးနစ်သွားတဲ့ အချစ်အကြောင်းကိုလည်း နည်းနည်းတော့ပြောချင်ပါတယ်။

အရင်က ကဗျာလေးတစ်ပုဒ်ရေးဖူးပါတယ်။

ပလေတိုးနစ်ချစ်ခြင်း

အိုးခြမ်းပဲ့လေးပါ ..
သမုဒ္ဒရာရဲ့ရေခံခွက်လေး အဖြစ်မှာ ရောင့်ရဲစွာ ...။

အလင်းပြာရီလက်နေတဲ့ ကြယ်လေးတစ်စင်းပါ ...
အိုခြမ်းပဲ့လေးထဲမှာ လင်းဖြာလက်ပနေတာ ...။

သိပ်ပြီးဝေးပါတယ် ...
ဒါပေမယ့် ...အိုးခြမ်းပဲ့လေးရင်ထဲမှာ ကြယ်လေးမရှိဘူးလို့တော့
မထင်လိုက်ပါနဲ့ ... မှားသွားလိမ့်မယ် ....။

Zephyr

ချစ်နေဖို့ဆိုတာ ချစ်နေဖို့ပဲလိုတယ်ဆိုတဲ့ အယူရှိပါတယ်။ ဆော့ဆော့ (ဆော့ခရေတ္တိ ကို မြန်မာမှုပြုထားတာပါ)ရဲ့ အမေက ၀မ်းဆွဲဖြစ်ပါတယ်။ အဲဒီအတွက် ဆော့ဆော့ရဲ့ တပည့် ပုလွေတို(ပလေတို၊ပလေးတိုး ဆိုတာလဲသူပဲ)ပြောတာကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။ သူ့ဆရာ က အချစ်နဲ့ပတ်သက်ပြီးဘာတွေ သွန်သင်ခဲ့သလဲဆိုတာ ဘယ်သူမှမသိပါဘူး ....။ ဒါပေမယ့် အချစ်ကို ငွေတိုးချေးသလို .. အသွားအပြန်တွေ၊ တိုးရင်းပေါင်းတွေ။ အပေါင်ဆုံးတွေ လုပ်တာကိုတော့ လက်မခံပါဘူး။ ချစ်နေဖို့ပဲလိုတယ်ဆိုတာထက် အကျိုးကို လိုလားတဲ့မေတ္တာသဘောကိုပိုပြီးပါဝင်တဲ့ အယူအဆဘက်ကို Plato ကချဉ်းကပ်ပါတယ်။ ချဉ်းကပ်ကို ရှေးမြန်မာတွေက ချီးကပ်လို့ အသံထွက်ပါတယ်။ တော်တော်ညစ်ပတ်တဲ့မြန်မာစကားလုံးလို့သတ်မှတ်ရပါမယ်။ ... မြန်မာစာပီသချင်ရင် ချဉ်းကပ်ပါ.. :)


တကယ်တော့ Love for Love's Sake ဖြစ်သင့်ပါတယ်။ ဘာအတွက်မှချစ်တာမကောင်းပါဘူး။ အကြောင်းမပါတဲ့ Uncoditional Love ဖြစ်ဖို့လိုပါတယ်။ ကိုယ့်ကို အကြွေးရှိလို့ ချစ်လိုက်ရတယ်ဆိုတာ အင်မတန်မှ ဇာတ်နာပါတယ်။ အဲဒီအကြွေးကိုတောင် ကိုယ်ပေးထားတာကို ကိုယ်ယူတယ်ထင်ရင် အင်မတန့်အင်မတန်မှ ဇာတ်နာပါတယ်။ တက်လမ်းရှိမှ ချစ်ကြမယ်ဆိုရင် ကိုယ်တို့တွေအားလုံး လှေကားထစ်တွေကိုပဲချစ်နေကြမိမယ်ထင်ပါတယ်။


နောက်တစ်ခုက မျှော်လင့်ခြင်းပေါ့။ ချစ်သူဆီက ဘာကိုမျှော်လင့်လဲ။ တစ်ခုခုတော့မျှော်လင့်တယ်။ သူ ပြုံးနေတာကိုမြင်ချင်တယ်ဆိုရင် အပြုံးကိုမျှော်လင့်တယ်။ မျှော်လင့်တာက သိပ်မဆိုးပါဘူး။ အလွန်အကျွံမမျှော်လင့်ရင်တော့ပိုကောင်းပါတယ်။ သူ့ဘာသာသူနေနေတာကို ချစ်နိုင်ရင် အကောင်းဆုံးပါ။ သူ့ဘ၀မှာ ကိုယ်မပါလည်းဖြစ်ရင် အကောင်းဆုံးပါ။ သူ့ခြေသူ့လက်နဲ့ ရပ်နေနေနိုင်တာကို ကျေနပ်တတ်ဖို့လိုပါတယ်။ ကိုယ့်ကိုမမှီခိုအောင်၊ သူလုပ်နိုင်တာသူလုပ်တတ်အောင် သင်ပေးရပါမယ်။ ကိုယ့်ကို အမြဲမီခိုအောင်လုပ်ထားရင်တော့ ကိုယ်မရှိရင် သူဘယ်လိုနေမလဲဆိုတာ စဉ်းစားသင့်ပါတယ်။


နောက်ပြီးသိပ်အရေးကြီးတာက ယုံကြည်ခြင်းပါ။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်တယ်ဆိုတာ ဘာလဲ။ ယုံကြည်တာလည်းဒီဂရီအမျိုးမျိုးရှိပါတယ်။ ဂျူးလီယက်ဆီဇာဆိုလည်း ယုံကြည်ခဲ့ပါတယ်။ အော် ဘရူးတပ်စ် မင်းကိုး ...လို့ပြောဖို့ ယုံကြည်ခဲ့တာပါပဲ။ Jesus ကလည်း Judas ကို ယုံကြည်ခဲ့တာပဲ ...။ ယုံကြည်မှုဆိုတာ အလွဲသုံးစားလုပ်လိုက်ရင် တစ်သက်လုံးပြန်မရတော့ပါဘူး။ ဘ၀မှာ လူတစ်ယောက်ကို တစ်ခါပဲယုံလို့ရပါတယ်။ တစ်ခုခု မယုံရတော့တဲ့သူကို နောက်တစ်ခါ အခွင့်အရေးမပေးတော့ပါဘူး။ တော်တော်လေးယုံရတယ်ဆိုတဲ့စကားနဲ့ ဒီလူက သိပ်စိတ်ချရတယ်ဆိုတဲ့စကားဟာ အကွာအဝေးမတူပါဘူး။ ချစ်သူကို ယုံကြည်လို့မရရင် အဲဒါဟာ တကယ်မချစ်လို့ပါပဲ။


နောက်တစ်ခုက လိုနေလို့ဖြည့်လိုက်တာလားဆိုတာပါ။ တော်တော်လေးခက်ခဲတဲ့မေးခွန်းဖြစ်ပါတယ်။ လူတွေဟာ ကိုယ့်မှာ မရှိတဲ့ အရည်အချင်းရှိတဲ့သူတွေကို ကိုယ့်မှာရှိတဲ့အရည်အချင်းနဲ့ပေါင်းလိုက်ရင်ကောင်းသွားမယ်၊ ပိုကောင်းသွားမယ်လို့တွေးပါတယ်။ တစ်ခါက သိပ်ရုပ်ဆိုးတဲ့ ဘားနက်ရှောဆိုတဲ့စာရေးဆရာကို မိန်းမချောတစ်ယောက်က စပါတယ်။ ဘားနက် ရယ် ..ကျုပ်တို့ယူလိုက်ရင် ကလေးတွေက ရုပ်ချောပြီး အသိဥာဏ်ရျိလာမှာနော်လို့စတော့ ..ဘားနက်က အဲဒီလိုဆိုရင်တော့ကောင်းတာပေါ့ဗျာ ...တကယ်လို့ ကျုပ်လိုရုပ်ဆိုးပြီး ခင်များလို ဥာဏ်တုံးတာတွေ မွေးလာရင်တော့ ဒုက္ခပဲပေါ့ဗျာတဲ့ ....။ ဆိုလိုတာက လူများဆီမှာရှိတာ ကိုယ့်ဆီမှာရှိတာမဟုတ်ဘူးဆိုတာကိုပြောချင်တာပါ။ တစ်ယောက်နဲ့တစ်ယောက်ချစ်တယ်ဆိုတာ လိုနေလို့ဖြည့်လိုက်တာမဟုတ်ဘူး။ တစ်ယောက်ကို တစ်ယောက်က ဘာဖြည့်ဆည်းပေးနိုင်မလဲ ...ဘာအသုံးကျမလဲ ပေသီးခေါက်ပြီးချစ်ကြတာမကောင်းပါဘူး။ ဖြစ်ချင်းဖြစ် သူ့ဘ၀မှာ ကိုယ်ရျိနေတာ သူစိတ်ချမ်းသာရဲ့လားဆိုတာကိုပဲ သေချာတွေးသင့်ပါတယ်။


သူစိတ်ချမ်းသာအောင်ကိုယ်ထားနိုင်မလား။ အဲဒီမေးခွန်းကလည်း အကြီးအကျယ်စိန်ခေါ်ပါတယ်။ သူ့ဘာသာသူ ပျော်အောင်မနေနိုင်ဘူးဆိုရင်တော့ ကိုယ်ရှိနေလို့ပျော်မယ်လို့ အာမခံနိုင်မယ်မထင်ပါဘူး။ မောင်နှမအချင်းချင်းတောင်၊ ညီအကိုအချင်းချင်းတောင် အဆင်မပြေတာတွေရှိတတ်တဲ့အတွက် ... အမြဲတမ်း စိတ်ချမ်းသာအောင်ထားမယ်ဆိုရင်တော့ over promise ဖြစ်နိုင်ပါတယ်။ ကိုယ်ကတော့ စိတ်ဆင်းရဲအောင်မလုပ်ပေမယ့် ဘ၀မှာ ကြုံရတတ်တဲ့လောကဓံတွေကြောင့်တော့ စိတ်ဆင်းရဲရမှာပါပဲ။ အဲဒါကိုတော့ အတတ်နိုင်ဆုံးဖေးမတာကလွဲရင် စိတ်မဆင်းရဲစေရဘူးလို့မပြောနိုင်ပါဘူး။ ကိုယ့်ကြောင့်တော့ စိတ်မဆင်းရဲစေရဘူးဆိုတာကိုတော့ သေချာအောင်လုပ်ပါ။


ပြောဖို့မေ့သွားတာ အခုမှပြောလိုက်ပါတယ် ...။ အသက်သုံးဆယ်ကျော်လူများနှင့် ဤပို့စ်သည် လားလားမျှ မအပ်စပ်ပါ ....။ ၂၉ နှစ်ခွဲများနှင့်လည်းမပတ်သက်ပါ ...။ ၂၈ နှစ်ခွဲများနှင့်လည်း ဘောင်မ၀င်တော့ပါ။ အသက် ၂ ၅ အောက် ကလေးများဆင်ခြင်ရန်အလို့ငှာစုစည်းသုံးသပ်လိုက်ခြင်းမျှသာဖြစ်ပါကြောင်း။



ခင်မင်စွာဖြင့် ...

သီအိုရီမပိုင်သော သုံးသပ်သူ

Zephyr


Notes:

လူကြီးတွေကတော့ အချစ်အကြောင်းသိပ်မပြောနဲ့တော့ .. ပဲကြာဇံကြော်စားပြီးပြန်ပါ။

အပေါ်ကပုံကတော့ ရုံးမှာ အမျိုးသားနေ့အတွက် အလံထောင်ထားတာပါ။





Peace B with U.