Friday, December 2, 2016

စင်ကာပူရောက်မြန်မာမိသားစုများနှင့် နိုင်ငံတော်အကြံပေးတွေ့ဆုံပွဲ ( ဒီဇင်ဘာ တစ်ရက်နေ့ ၂၀၁၆)


Meeting of Union of the Republic of Myanmar's State Counsellor Daw Aung San Suu Kyi with Myanmar Community in Singapore


(1)
ဒီနေ့ နိုင်ငံတော် အကြံပေး ဒေါ်အောင်ဆန်းစုကြည်နဲ့ စင်ကာပူက မိသားစုတွေတွေ့တဲ့ပွဲကို သွားခဲ့ပါတယ်။ ပုံမှန်ဆိုရင် သွားလေ့မရှိပါဘူး။ အိမ်ကနေကြည့်လည်းရတာပဲ၊ လက်မှတ်ဝယ်ရခက်တဲ့သူတွေ ရပါစေလို့ပဲ သဘောထားပြီး အိမ်ကနေကြည့်ပါတယ်။ အခု အစိုးရဖြစ်ပြီးနောက်ပိုင်း ဘာတွေ ပြောင်းလဲလာလဲဆိုတာ သိချင်တယ်။ စင်ကာပူကို ရောက်ရောက်ချင်းပဲ နှစ်နှစ်ဆယ်မှာ ကျော်တက်မယ်ပြောလိုက်တော့ သဘောကျသွားတယ်။ ဘယ်လိုကျော်တက်မလဲဆိုတာလည်း သိချင်သွားတယ်။ အဲဒါနဲ့သွားလိုက်တယ်။ ဗော်လံတီယာတွေက လမ်းတွေညွှန်နေတာတွေ့ကတည်းက သိပ်ပျော်သွားတယ်။ အဲဒါ မြန်မာပဲ၊ တာဝန်သိစိတ်နဲ့ လုပ်သွားတာ မင်္ဂလာသိပ်ရှိ။ အဖွဲ့နှစ်ဖွဲ့သုံးဖွဲ့လောက်ပေါင်းလုပ်ကြတယ်ထင်တယ်။ တစ်ဖွဲ့က TTMY ဆိုလားပဲ၊ စိတ်ဓာတ်တွေကို လေးစားတယ်။ အစီအစဉ်ကလည်း အပိုအလိုမရှိဘူး။ ကွက်တိပဲ။

လက်မှတ်ထုတ်ရတာလည်း booth တွေသေချာစီစဉ်ထားတော့ အဆင်ပြေမှပြေ။ မြန်မာတွေထဲမှာ စည်းကမ်းရှိပြီး ပညာတတ်တဲ့သူတွေ တနေရာတည်း အများကြီးတွေ့ရတာ မင်္ဂလာပဲ။ အားလုံးက စည်းကမ်းလိုက်နာကြတယ်။ တမင်ကြီးလုပ်နေတာမဟုတ်ဘူး။ ယဉ်ယဉ်ကျေးကျေး၊ လူကြီးလူကောင်းဆန်ဆန်ပဲ။ ထိုင်ခုံနေရာချထားပေးတာကအစ ကူညီမယ့်သူတွေ အများကြီးပဲ။ ကိုယ်ဝန်ဆောင်တွေဆိုရင်လည်း လက်တွဲပြီးတောင် လိုက်ပို့လိုက်သေးတယ်။ ကိုယ့်ဟာကိုယ်ဝပြီးဗိုက်ပူနေတာတောင် လက်အတင်းလိုက်ဆွဲလို့ မနည်းရှောင်ရတယ်။ နိုင်ငံတော်အကြံပေးကအချိန်အတိအကျရောက်လာတယ်။ ဒါက သူ့ထုံးစံပဲ။ စည်းကမ်းအင်မတန်ကောင်းပြီး ဝီရိယ အင်မတန်ရှိမှန်းသိသာတယ်။ ပွဲဆက်တွေများနေလို့ပင်ပန်းနေတယ်။ ဒါပေမယ့် အားမာန်ရှိတယ်။ မိသားစုဆန်ဆန်ပဲ ပြောသွားတယ်။ ဝေ့ဝိုက်တာမပါဘူး။ တိုင်းပြည်အတွက် အားလုံးရုန်းကြမှဖြစ်မယ်ဆိုတာကို အဓိကပြောသွားတယ်။ မဲပေးပြီးပြီ၊ နှပ်လိုက်ဦးမယ်လုပ်လို့မရဘူးဆိုတာပြောတယ်။ သူတို့ငယ်တုန်းက အမှိုက်ပစ်ရင် ငါးပြားပေးရတာပြောတယ်။ ငါးပြားဟာ ဆီးသီးနှစ်ထုပ်စားလို့ရတော့ အမှိုက်ပုံးထဲပဲပစ်ကြတယ်။ မပစ်ရင် မုန့်ဖိုး ငါးပြားပါသွားမှာကိုး။

အခုခေတ်ကလေးတွေက ငါးပြားနဲ့တော့မရတော့ဘူး။ ငါးကျပ်လောက်ဆိုရင်တော့ ရမယ်ထင်တယ်လို့ပြောတယ်။ အခုခေတ်ကလေးတွေ တစ်နေ့မုန့်ဖိုး ငါးရာလောက်ပေးရတာတော့ သူမသိဘူးထင်တယ်။ ကလေးတွေလည်းကြီးကုန်ပြီကိုး။

ငြိမ်းချမ်းရေးနဲ့နိုင်ငံတောဖွံ့ဖြိုးရေးကို အဓိကထားဆောင်ရွက်တယ်လို့ပြောတယ်။ အဲဒါ သူ့ရဲ့ အမြင်ပဲ။ နိုင်ငံတစ်ခုကို ဦးဆောင်တဲ့သူဟာ ဒီလိုအမြင်ရှိတာ သိပ်တန်ဖိုးရှိတယ်။ အသေးအဖွဲတွေလျှောက်ပြောနေရင် သဘောကျချင်မှကျမယ်။ ဒီနှစ်ခုအရေးတကြီးလုပ်နေတယ်။ ကိုးလအတွင်းမှာ တိုးတက်မှုတွေရှိလာတာတွေ့တယ်လို့ပြောတယ်။ အဲဒါလည်းမှန်သင့်သလောက်မှန်တာပဲ။

ခက်တာတွေလည်းရှိတဲ့အကြောင်းပြောတယ်။မေးခွန်းတွေမှာလည်း ဒါကိုဖြေပေးတယ်။ ဥပမာအားဖြင့် လူမှန်နေရာမှန်ဖြစ်တာ၊မဖြစ်တာမေးတော့ တစ်ချို့လည်း ဒီတိုင်းကအကောင်း၊ အာဏာရတော့မှ ပျက်တာလို့ ရယ်ရင်းပြောသွားတယ်။ အွန်လိုင်းအခြေစိုက် ဒီမိုယောင်ယောင်တွေလို အမုန်းစကားမပြောဘူး။ အမျိုးသားရင်ကြားစေ့ရေးအတွက်ပြောသွားတာ သဘောကျတယ်။

ကလေးတွေကို အဓ္မမပြုကျင့်တဲ့အကြောင်းလည်းဖြေသွားတာကောင်းတယ်။ ကိုယ်နဲ့ သဘောထားတူညီတယ်။ အကြောင်းကိုရှာပြီး အမြစ်ပြတ်ချေမှုန်းမယ်လို့ပြောတယ်။ ပြစ်ဒဏ်တစ်ခုတည်းနဲ့မရဘူးဆိုတာသိတယ်။ စာများများဖတ်တဲ့ခေါင်းဆောင်ဟာ ဒီလို ခြေခြေမြစ်မြစ်သိနိုင်တယ်။ အဲဒါ သဘောကျတယ်။ ဖမ်းပြီး တစ်ခါတည်းသေဒဏ်ပေးမယ်လို့ပြောရင် ငါကတော့သဘောကျမှာမဟုတ်ဘူး။

တစ်ယောက်ကနောက်သလိုလိုနဲ့မေးခွန်းတစ်ခုမေးတယ်။ အမှိုက်ကောက်တဲ့သူတွေကို ငွေဒဏ်၊ ငွေဒဏ်မပေးနိုင်ရင် ထောင်ချတာ အလုပ်ရှုပ်တယ်တဲ့၊စင်ကာပူက ကြိမ်လုံးဝယ်သွားပါလို့အကြုံပြုတယ်။ အန်တီစုက ဒါကို လက်မခံဘူးတဲ့။ ပညာပေးရမယ်။ ပြောင်းလဲဖို့ကြိုးစားရမယ်လို့ပြောတယ်။ အမြင်တိမ်တိမ်တွေကို သူလက်မခံဘူး။ သူ့မှာအိမ်စာလုပ်ပြီးသား အတွေ့အကြုံအများကြီးရှိတယ်။ မေးခွန်းတွေကိုရမ်းသမ်းဖြေနေတာမဟုတ်ဘူး။ ဥာဏ်ကောင်းလို့ရွှီးပြီးဖြေနေတာမဟုတ်ဘူး။ လေးနက်တဲ့ အယူအဆနဲ့ သုံးသပ်ထားတာများတယ်။ ချက်စ်စကားနဲ့ပြောရင် ဒီလိုင်းတွေ ကြေပြီးသားပေါ့။

(2)
တစ်ယောက်က မေးခွန်းမေးတယ်။ အန်တီစုက နှစ်နှစ်ဆယ်မှာ စင်ကာပူကို မီရမယ်ပြောသွားလို့ အားရတယ်။ ကျနော်တို့ ဘယ်နေရာမှာ ပါဝင်ရမလဲတဲ့။ အဲဒီတော့ သူက အရွှန်းဖောက်ရင်းပြန်ဖြေတယ်။ မီရ
မယ်ပြောတာမဟုတ်ဘူး။ ကျော်တက်မယ်ပြောတာတဲ့။ သိပ်အားပါတယ်။ ဒါပေမယ့် သူပြောတာ နည်းလမ်းကျတယ်။ လူတိုင်းဟာကိုယ့်နိုင်ငံအတွက် ကူနိုင်တာကူရမယ်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ ကျောင်းဆရာ နိုင်ရာတာဝန်ထမ်းရမယ်။ ကိုယ်ဘယ်လောက် နိုင်ငံအတွက်လုပ်သလဲ၊ လုပ်သလောက်ပဲ မျှော်လင့်နိုင်မယ်ဆိုတာပြောတယ်။ အဲဒါသဘောကျတယ်။ ဘာလို့လည်းဆိုတော့အပြောသမားတွေဟာ ဘာမှမလုပ်ပဲ ပြောနေတာပဲများတာကိုး။

နောက်တော့ ပတ်စပို့ ကိစ္စပြောတယ်။ သူဆွေးနွေးပြီးပြီဆိုတာဖြေပေးတယ်။ရှိနေတဲ့ ပတ်စ်ပို့တွေကို သက်တမ်းကုန်တဲ့အထိ လဲစရာမလိုဘူးလို့ပြောတယ်။ ဒါကိုအကြောင်းပြပြီး ငွေညှစ်တဲ့အရာရှိတွေကိုလည်း ထိထိရောက်ရောက် အရေးယူမယ်ပြောတယ်။ ကောင်းတာပဲ။
နောက်ထပ်မေးခွန်းတွေကိုလည်း ဒိုးဒိုးဒေါက်ဒေါက်ပဲဖြေသွားတယ်။ စင်ကာပူမှာရှိတဲ့ မလေးတွေက ဘာသာရေးဖိနှိပ်တယ်ဆိုတဲ့ အမြင်မျိုးနဲ့ Media တွေမှာ နည်းနည်း ပြောဆိုနေတာတွေရှိတယ်။ ဒီပွဲမှာတော့ ဒါကို မပြောသွားဘူး။ မလေးရှားမှာ နာဂျစ်တို့ကတော့ လမ်းလျှောက်ဆန္ဒပြမယ်ပြောတယ်။ တစ်ချို့ကလည်း အမျိုးသားဝါဒ၊ဘာသာရေးနဲ့ နိုင်ငံရေးအင်အားပြန်လည်ထူထောင်တာလို့သုံးသပ်တယ်။
ကျနော့်သဘာဝအားဖြင့်တော့ပုဂ္ဂိုလ်ရေးကြည်ညိုတာ အင်မတန်နည်းတယ်။ ဘယ်လောက်တော်တော် အထင်ကြီးလေ့၊ အထင်သေးလေ့မရှိဘူး။ သူ့ဟာသူတော်တာ၊ သူ့ဟာသူတတ်တာ ကောင်းတာပဲ၊ မတော်တဲ့သူလည်း သူ့ဟာသူမတော်တာ ကောင်းတာပဲလို့တွေးတယ်။ ဒေါ်အောင်ဆန်းစုကြည်မှာကြတော့ ရဲရင့်တဲ့သတ္တိကိုမြင်ရတယ်။ ဒါတော်တော်ရှားတဲ့ ဂုဏ်ပဲ။ ဖက်ရှင်ဒီဇိုင်းတွေတော်တာတော့ သိတယ်။ ဒီသတ္တိကတော့ သူ့မျက်လုံးမှာပေါ်နေတယ်။ မြန်မာထဲမှာ ဒီလောက် သတ္တိကောင်းတဲ့မျက်လုံးရှိတာ သိပ်ရှားတယ်။

သူက နိုင်ငံတော်ရဲ့ နယ်နိမိတ်တွေ ကာကွယ်ဖို့ကိစ္စတွေလည်း ပြောသွားတယ်။ မျှတတဲ့ အမြင်မျိုးနဲ့ပဲပြောသွားတာ။ ရှေ့ကလူ နှိပ်ကွပ်မယ်မပြောဘူး။ ဥပဒေကြောင်းအရပဲ၊ မှားနေရင်တောင် ခွင့်လွှတ်နိုင်တာ ခွင့်လွှတ်ပြီးပြုပြင်ရင် လမ်းကြောင်းမှန်သွားမယ်ဆိုတဲ့ စိတ်ထားမျိုးထားတယ်လို့ပြောတယ်။ ဒီလိုစိတ်မရှိဘဲလည်း နိုင်ငံရေးလုပ်လို့မရဘူး။ အွန်လိုင်းက ဒီမိုဆိုတဲ့သူတွေကြည့်၊ အားလုံးသတ်လိုက်၊ ရှေ့ကကောင်တွေ အားလုံးဖြုတ်ဆိုတာက စတာပဲ။ အတွေးအခေါ်က founded မဖြစ်ဘူး။ ယုတ္တိမတန်ဘူး။ ကလေးဆန်လွန်းတယ်။ အဲဒါမျိုးမကြိုက်ဘူး။ ခေါင်းဆောင်က ပညာရှိပြီး နောက်လိုက်တွေက ဒီလိုဖြစ်နေရင် မကောင်းဘူး။ မူဝါဒချင်းမတူဘူးလို့ပြောလို့ရတယ်။

အန်တီစုပြောသွားတဲ့အထဲမှာ တစ်ချက်ပါတယ်။ ကျမတို့အစိုးရလက်ထက်မှာတောင် ကြောက်နေသေးတယ်ဆိုရင် အဲဒီလူ အလို့ပဲတဲ့။ မှန်တာကို ပြောရဲရမယ်။ ထောက်ပြရဲရမယ်။ လာဘ်စားတာကိုလည်းတိုင်ရမယ်။ တောင်းလို့ အမြန်လိုချင်လို့ပေးလိုက်ရပါတယ်ဆိုလည်း အဲဒါပါ ထည့်ပြောပြီးတိုင်တဲ့။ ဝန်ကြီးတွေကတော့ လာဘ်မစားတော့ဘူး။ အောက်ခြေမှာတော့အရင်အတိုင်းဆိုပြီး သူ့ကိုပြောကြတာတွေရှိတယ်တဲ့။ နိုင်ငံသားတွေရဲ့တာဝန်က အဲဒီလူတွေကို ရှာဖွေဖော်ထုတ်ပြီး တိုင်ဖို့ပဲတဲ့။ ငါလည်း မြန်မာပြည်ပြန်ရင် မကျေနပ်တာမှန်သမျှတိုင်မယ်စိတ်ကူးတာ အခန့်သင့်သွားတယ်။

(3)
နောက်တစ်ချက်စဉ်းစားစရာကောင်းတာက လူအများစုဟာ ဘာမဆို အစိုးရကပဲလုပ်ပေးမယ်ထင်နေတာ။ အဲဒါ ဒီမိုကရေစီနဲ့ မကိုက်ညီဘူး။ ဒါကိုလည်းပြောသွားတယ်။ ဒီမှာရှိတဲ့လူတွေက NLD ကိုဘာလို့ မဲထည့်လိုက်ကြတာလည်း၊ ဘာလို့ အပင်ပန်းခံပြီး အားပေးထောက်ခံဝန်းရံကြတာလဲဆိုတာသူစဉ်းစားတယ်၊ နောက်ဆုံးနိုင်ငံအတွက် ကောင်းတာတွေလုပ်ပေးနိုင်မယ်လို့ ယုံကြည်လို့မဲပေးလိုက်တာပဲလို့ သူယူဆတယ်လို့ပြောတယ်။ အားလုံးလက်ခုပ်တီးကြတာပေါ့။ မျှော်လင့်ချက်တွေ အများကြီးထားကြတာလည်း သူသိတယ်။ အဲဒါ အရေးကြီးတယ်။ ပြည်သူတွေ မျှော်လင့်တာကို မသိရင်ကြိုးစားကြမှာမဟုတ်ဘူး။ အစိုးရအဖွဲ့မှာလည်း နိုင်ငံတော်အကြံပေးလိုလူ ဆယ့်ငါးယောာက်လောက်ရှိစေချင်တယ်။ အတွေးအခေါ်ရော စိတ်ဓာတ်ကိုပါ လေးစားတယ်။ တခြားအစိုးရအဖွဲ့ဝင်တွေကို နှိမ်တာမဟုတ်ဘူး။ ကြိုးစားကြစေချင်တာ။

ရုံးလုပ်ငန်းတွေ ပိုပြီး မြန်ဆန်အောင်ဆောင်ရွက်ပေးမယ်လို့တော့ပြောတယ်။ ဒီနေရာမှာတော့ သိပ်ကျယ်ကျယ်ပြန့်ပြန့်မပြောသွားနိုင်ဘူး။ အချိန်မရှိလို့။ ဒီကလူတွေကလည်း online ဝန်ဆောင်မှု များများသုံးပါလို့ အကြံပေးချင်တယ်။ ကားသက်တမ်းတိုးတာ၊ ရေခွန်၊မီးခွန်ဆောင်တာတွေ online ကနေပေးလို့ရတယ်ဆိုရင် လူတွေ အလုပ်ရှုပ်သက်သာသွားမယ်။ ကားပိတ်တာနည်းသွားမယ်။ ဆီကုန်သက်သာသွားမယ်။ လူတွေအလုပ်မရှုပ်တော့ဘူး။ ဒဏ်ငွေဆောင်တာလည်း online ကနေဆောင်လို့ရရင် စောင့်ရတာမရှိတော့ အဆင်ပြေတယ်။ မြန်မာပြည်မှာ စာရွက်စာတမ်းကိစ္စအချိန်သိပ်ကြာတယ်။ တစ်ခုခုမေးလိုက်ရင် အထက်ကိုတင်ပြထားပါတယ်ဆိုတာကနေ မဆင်းလာတော့ဘူး။ အဲဒါလည်း မေးခွန်းမေးတာပါတယ်။ အန်တီစုလည်း ဒါတွေကိုသိပါတယ်။ ခက်တာတွေကို ခက်မှန်းသိရက်နဲ့အစိုးရသစ်ဟာ အခက်တွေရင်ဆိုင်ဖို့ တက်လာတာလို့ပြောပါတယ်။ ဒီတစ်ချက်ကို အားလုံးသိကြရင်ကောင်းတယ်။ တစ်ချို့လည်း ဝန်ကြီးသာဖြစ်လာတယ်။ ဥပဒေလည်း နားမလည်၊ စကားပြောရင်လည်းကျပန်းလိုလို၊ ပါတီဘုန်းတော်ဘွဲ့လိုလိုပြောတာ ငါနားမလည်ဘူး။ ပြည်သူတိုင်းကတော့ ဒီပါတီကြိုက်ချင်မှကြိုက်မှာပေါ့။ နိုင်ငံအတွက် လုပ်ပေးမယ်ယုံလို့မဲပေးတာ။ ခေါင်းဆောင်ကတောင် ပါတီမွှမ်းခန်းမဖွင့်ဘူး။ မယ်ဘော်တွေ အတော်ကဲတာ။

တစ်ယောက်စီကိုလည်း စည်းကမ်းလိုက်နာဖို့၊ ဝီရိယမလျော့ဖို့၊ ဝီရိယလေးဆင့်နဲ့၊ လဲကျနေရင်တောင် ထပြီး ပြန်ဆက်လုပ်ဖို့၊ ရှုံးနေရင်တောင် ဆက်ကြိုးစားဖို့အထိ ဝီရိယကြီးကြီးနဲ့သွားကြဖို့ပြောတယ်။ ဒါ အရေးကြီးတယ်။ ကိုယ်ကတော့ငပျင်း၊ အစိုးရဖျင်းနေရင် ထိုင်ဘုတောနေဖို့မကောင်းဘူး။ နောက်များဆို ငါလည်း သတိထားမှပဲလို့ သံဝေဂ ငါးမူးဖိုးလောက်ရသွားတယ်။ ဒါပေမယ့် ငါ အွန်လိုင်းက ဒီမိုသမားတွေအစွန်းရောက်ကြတာကိုတော့ မကြိုက်ဘူး။ အာဃာတများလွန်းတယ်လို့ထင်တယ်။ ဒီစိတ်နဲ့လုပ်လို့မရဘူးလို့ငါထင်တယ်။ လူတိုင်းမှားတတ်တယ်။ မှားတာကို ပြန်ပြင်လို့မရဘူးလို့ဘာလို့ထင်ကြတာလဲ ငါလည်းမတွေးတတ်ဘူး။

တရုတ်ပြည်က ပန်းရံဆရာတွေ ဝင်လာတဲ့အကြောင်းမေးတာကို ဖြေတာတော့ကြိုက်တယ်။ တကယ်လုပ်နိုင်မလုပ်နိုင်တော့ ငါလည်းမသိဘူး။ နိုင်ငံတွင်းမှာ လာလုပ်တဲ့ နိုင်ငံခြားလုပ်ငန်းတွေထဲမှာ နိုင်ငံအတွက်နဲ့ နိုင်ငံက အလုပ်သမားတွေရဲ့ ကျွမ်းကျင်မှုအဆင့်မြှင့်တင်ပေးနိုင်မယ့်လုပ်ငန်းတွေကို ဦးစားပေးမယ်ပြောတယ်။ ခက်တာက ငါတို့ဆီက အလုပ်သမားတွေက ငပျင်းများတာ။ တကယ်မှမလုပ်ချင်တာ။ တရုတ်ကအလုပ်ကြမ်းသမားက ဟိုမှာ စားစရာရှိချင်မှရှိမယ်။ ဒီမှာတကယ်လာလုပ်နေတာ။ ပိုက်ဆံတကယ်လာရှာနေတာ။ လုပ်ငန်းလည်း တကယ်ကျွမ်းကျင်ပြီးမခိုမကပ်လုပ်နေတာ။ အဲဒီနှစ်ခုကို နိုင်ငံသားကို အခွင့်အရေးပေးချင်ရင်တောင် လုပ်ငန်းရှင်က ရွေးချယ်ခွင့်ရှိနေရင် ဈေးပိုကြီးရင်တောင် စိတ်ချရတဲ့ လုပ်အားကိုပဲ သူကကြိုက်မှာပဲ။ ဒီကိစ္စက လေးနက်တဲ့ကိစ္စ တစ်ခွန်းနှစ်ခွန်းနဲ့မပြီးဘူး။ ငါလည်း ဒါကို အလေးအနက် စဉ်းစားမိတယ်။ နိုင်ငံတော်အကြံပေးကလည်း ပြည်တွင်းအလုပ်သမားတွေ (ဥပမာ ပန်းရံတွေ၊ သံချည်သံကွေးအလုပ်သမားတွေ)ကို နည်းပညာအဆင့်မြှင့်တင်ပေးတဲ့ သင်တန်းလာဖွင့်ချင်တဲ့သူတွေရှိရင်လည်း ကြိုဆိုတဲ့အကြောင်းပြောတယ်။

ငါသဘောကျတာတော့ သူက လက်တွေ့ကျတယ်။ လေနဲ့ပဲပြောပြီး လေနဲ့ပဲ ပြီးသွားတာကြိုက်ပုံမရဘူး။ အဲဒီလို လေနဲ့ထူထောင်လို့ ငါတို့နိုင်ငံကြီးမွဲသွားတာပဲ။ သူက မြန်မာနိုင်ငံသားတွေဟာ မြန်မာတွေပါလို့ ရဲရဲဝံ့ဝံ့ ဂုဏ်ယူပြီးပြောနိုင်စေချင်တယ်။ မြန်မာဖြစ်လို့ မျက်နှာငယ်ရတာမျိုးမဖြစ်စေချင်ဘူး။ အဲဒါလည်း အရေးကြီးတယ်။ တစ်ချို့လည်း ကိုယ့်လူမျိုး သိက္ခာချဖို့ မွေးလာသလိုပဲ။ ငါကတော့ နိုင်ငံနဲ့လူမျိုးအစွဲသိပ်မထားတော့ သိပ်တော့မခံစားရဘူး။ မသိလို့ စည်းကမ်းမရှိတဲ့သူလည်းရှိတယ်။ တစ်ချို့လည်း လစ်ရင် လစ်သလို စည်းကမ်းဖောက်တာပဲ။ မြန်မာပြည်မှာတော့ စည်းကမ်းကိစ္စဟာ တစ်ကနေ ပြန်စပြီး ပညာပေးရမယ်ထင်တယ်။ ငါတို့ကို ပြန်လာပြီး ပညာပေးကြပါလားမေးနေဦးမယ်ဆိုပြီး ပြောတောင်မပြောရဲတော့ဘူး။

(4)
ကလေးတွေ အဓမ္မမှု၊ တစ်ချို့လည်းသက်ငယ်မုဒိန်းမှုလို့ရေးကြတယ်။ သက်ငယ်ဟာ ပြစ်မှုကျူးလွန်သူရဲ့အသက်ကိုဖော်ပြတဲ့ ဥပဒေစကားပဲ။ သက်ငယ်မုဒိန်းမှုကို ဥပဒေလိုနားလည်ရရင် ပြစ်မှုကျူးလွန်သူက အရွယ်မရောက်သေးဘူးလို့အဓိပ္ဗာယ်ထွက်တယ်။ အဲဒါကြောင့်များ ထောင်ဒဏ်တွေနည်းကုန်တာလားတော့မသိဘူး။ ဒါကို ဆွေးနွေးတဲ့အခါမှာ ပြစ်ဒဏ်ဟာ ပြစ်မှုနဲ့ မျှတရမယ်ဆိုတာပြောတယ်။ နောက်တော့ မိဘတွေရဲ့ အခန်းကဏ္ဍကိုပြောတယ်။ မိဘတွေက မအားကြလို့လား။ အဲဒါဆို စီးပွားရေးပြဿနာကြောင့် ဒီလိုဖြစ်တာလား။ ပတ်ဝန်းကျင်ကရော ဘာလို့ မစောင့်ရှောက်တာလဲ။ အစိုးရက ကလေးတွေအတွက် မိဘတွေအစားစောင့်ရှောက်ပေးတဲ့ ကျောင်းတွေဖွင့်ပေးဖို့လိုသလား ဒါတွေစဉ်းစားဖို့လိုတယ်လို့ပြောတယ်။ ဒါ နိုင်ငံရေးတော်ကီမဟုတ်ဘူးနော်။ နားထောင်နေကြလူဆိုရင်သိတယ်။ အမေရိကန်မှာ နိုင်ငံရေးသမားတွေ သိပ်လည်တယ်။ ခင်ဗျားစကားနှစ်ခွန်းလောက်ပြောလိုက်ရင် သူဘာပြောလိုက်ရင် ခင်ဗျားကျေနပ်မလဲသူသိနေပြီ။ အဲဒီအကွက်မျိုးမဟုတ်ဘူး။ သူပြောတာက ဓမ္မဓိဌာန်ကျတယ်။ မူးယစ်ဆေးကြောင့် ဒီလိုအမှုတွေပိုဖြစ်တာလား၊ ညစ်ညမ်းစာပေ၊စာအုပ်တွေ၊ရေဒီယိုတွေ( ဒီနေရာမှာ သူက ရေဒီယိုဆိုလို့ ငါဖြင့် အံ့သြသွားတယ်။ ငါတို့ခေတ်မယ် sex chat တို့၊ phone sex တို့တော့ကြားဖူးပါရဲ့ Radio porn ဖြင့် တခါမှ မကြားဖူးသေးဘူး) ကနေ ဒီလိုမျိုးဖြစ်စေတာလား။ အဓိက အခြေခံအကြောင်းရင်းကို ရှာဖို့လိုတယ်လို့ပြောတယ်။ ဒါမှန်တာပေါ့။ ဟိုတလောကပဲ malcolm gladwell ရေးတာတွေဖတ်ပြီး ဒီလို ပြစ်ဒဏ်နဲ့ပြစ်မှု မမျှတရင် ဥပဒေကြီးပေါထွက်သွားတာ စာမြည်းလေးရေးလိုက်သေးတယ်။ ရေခဲချောင်းလုပြေးတာ တတိယမြောက်အမှုဆိုပြီး ထောင်၁၅ နှစ်၊ အနှစ်၂၀ ကျကုန်တာ။ ဒီကိစ္စကို အလေးအနက်ထားတယ်ဆိုတာနဲ့တင် နောက်တစ်ခေါက်မဲပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ပြည်သူ့အသံနားထောင်ရင်အစိုးရပဲ။

စင်ကာပူမှာက ပြည်ကြီးတရုတ်မုန်းကြတာရှိတယ်။ အဲဒါ မြန်မာပြည်ကို ဝင်နေတဲ့ တရုတ်ပြည်က ငွေကိစ္စကိုတစ်ယောက်မေးတယ်။ သူကတော့ရှင်းရှင်းပဲဖြေတယ်။ ဘယ်လိုဝင်လာတဲ့ငွေလဲ၊ဘယ်လိုမြုပ်နှံတာလဲ၊ တိုင်းပြည်အတွက်ရော အကျိုးရှိသလားဆိုတာတွေဟာလည်း ထည့်သွင်းစဉ်းစားတဲ့အချက်တွေဆိုတာဖြေသွားတယ်။ စင်ကာပူမှာ ဝန်ကြီးအဖွဲ့မှာ စင်ကာပူကဘွဲ့ရတောင်ပါရဲ့လားငါမသိဘူး။ အများစုက အနောက်တိုင်းမှာ ဘွဲ့အကြီးကြီးတွေ ယူလာကြတာ။ ခေတ်မကောင်းစဉ်တုန်းကတော့ ငွေခဝါချမှုတွေ အသံထွက်ခဲ့တယ်။ ခေတ်ကောင်းလာတော့ MAS ဆိုတဲ့အဖွဲ့ကြီးဖွဲ့တယ်။ အဲဒီအဖွဲ့ကြီးက ဘဏ်တိုင်းကို လျှောက်စစ်နေတာ။ စည်းမျဉ်းနဲ့ဘယ်ဘဏ်မှမညီဘူးထင်တယ်။ ငါသိသလောက်တော့ ဘဏ်တိုင်းနီးပါး fine အနည်းနဲ့အများဆောင်ရတာပဲ။ သူက ဘယ်လောက်အထိလိုက်စစ်သလဲဆိုရင် agent တွေ commission ပေးတာလည်း သူပါတယ်။ မြန်မာဟွန်ဒီတွေ ဘဏ်အကောင့်မှာ သိန်းဂဏန်းအထက် transaction တစ်လအတွင်း ဘယ်နှစ်ခါဖြစ်တယ်ဆိုတာလည်း သူသိတယ်။ အဲဒါပေါ်မူတည်ပြီး ခေါ်မေးတယ်။ အဖြေကိုသံသယရှိရင် ဘဏ်ကိုပါစစ်တယ်။ ငွေဝင်ငွေထွက်ကို အစိုးရထက်ပိုပြီး ဘယ်သူမှ မသိရဘူး။ စင်ကာပူရဲ့ core ဟာ အနောက်တိုင်းပညာရှင်တွေနဲ့ အချိန်ကုန်ငွေကုန်ခံပြီး နှစ်ပေါင်းများစွာ research လုပ်ထားတဲ့ စံနစ်တွေ၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုရင် အခုဆို 365 ခေါ်တယ်။ လူနာတစ်ယောက်ဟာ ရောဂါရာဇဝင်ပေါ်မူတည်ပြီး၊ သူနေတဲ့ အိမ်လိပ်စာပေါ်မူတည်ပြီး အစိုးရက သင့်တဲ့ စောင့်ရှောက်မှုပေးနိုင်အောင်လုပ်ထားတယ်။ စင်ကာပူကို ကျော်တက်ဖို့ဆိုတာ သူတို့တွေရဲ့အားသာချက်ကိုလည်း သိရမယ်လို့ငါထင်တယ်။ အချောင်မခိုဘဲ အလုပ်ကြိုးစားတာ၊ ပိုက်ဆံမဖြုန်းတာတွေလည်း အတုယူသင့်သလို၊ သူတို့ရဲ့နှစ်ရှည်စီမံကိန်းတွေထဲက အလုပ်ဖြစ်တာတွေလည်း ယူနိုင်တာပဲ။ တကယ်တတ်တဲ့သူတွေကို ပိုက်ဆံပေးပြီး ရေးဆွဲတဲ့ စီမံကိန်းတွေဟာ သိပ်စိတ်ကူးယဉ်မဆန်လွန်းရင် ကောင်းတာများတတ်ပါတယ်။

မြန်မာတစ်ယောက် အင်္ဂလိပ်လိုရေးပြီးမေးတာကို မြန်မာချင်း မြန်မာလိုပြောတာပဲအားရတယ်လို့ပြောတယ်။ အဲဒါ ရယ်ရတယ်။

နောက်တစ်ခုကတော့ ငါလည်း ပြောချင်နေတဲ့ အစိုးရမီဒီယာအားနည်းချက်။ အဲဒါလည်းပြောသွားတယ်။ အရေးကြီးတဲ့ သတင်းတွေ အင်္ဂလိပ်လို မြန်မြန်တက်မလာတာ အစိုးရ မီဒီယာမှာ အင်္ဂလိပ်စာ တတ်ကျွမ်းတဲ့သူ သိပ်မလုံလောက်လို့တဲ့။ ငါလည်းသိပ်မပြောတော့ဘူး၊ စိတ်ကူးတယ်။ အင်္ဂလိပ်လိုရေးတတ်တဲ့သူတွေကလည်း သူ့ထမင်းသူရှာစားနေတာနဲ့ မရေးနိုင်သေးဘူးဖြစ်နေ၊ သတင်းမှားဖြန့်တဲ့သူတွေကတော့ အင်္ဂလိပ်လိုကောင်းကောင်းတတ်တယ်။ ဘင်္ဂလီကလေးတောင်မှာ ရခိုင်တွေ အဓမ္မကျင့်သတ်ဖြတ်တာ ရပ်လို့ အင်္ဂလိပ်လိုရေးထားတဲ့ဆိုင်းဘုတ်လေးကိုင်ထားတာတွေ့တယ်။ ငါတို့မြန်မာတွေ အဲဒီကလေးလောက် အင်္ဂလိပ်လိုတတ်ရင် ခက်ဦးမယ်။

နိုင်ငံကြီးရွေ့အောင်တွန်းဖို့ ခေါင်းဆောင်ကောင်းတော့ရှိတယ်။ ကျန်တာတွေက သိပ်သုံးလို့မရဘူးလို့ ငါထင်တယ်။ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ဖို့လိုတာကို ဒေါ်အောင်ဆန်းစုကြည်ကပြောသွားတယ်။ ဒါပေမယ့်ခက်တာက ပြည်သူက ဘယ်လို ပါရမှန်းမသိတာ။ ပြည်သူဆိုတာ ညီညွတ်စရာရှိရင် ညီညွတ်တာပဲ။ လာဟေ့ ရပ်ကွက်ထဲ အမှိုက်ကောက်ကြစို့ဆိုရင် ပေါ်မလာဘူး။ တရားပွဲသွားကြအောင်ဆိုရင် ဗိုက်အောင့်သလိုလိုဖြစ်ကုန်ရော၊ ဘောလုံးကွင်းမှာ စတိတ်ရှိုးခေါ်တဲ့ concert လေးများရှိတယ်ဆိုရင် အဘွားကနေ မြေးအထိရောက်လာရော၊ ညီညွတ်စရာရှိရင် ညီညွတ်ကြတာပြောပါတယ်။ ဆိုလိုတာက ပြည်သူတွေ ဘယ်နေရာတွေမှာ ဘယ်လိုလေး လုပ်ကြပါလောက်တော့ အစိုးရကထုတ်ပြောဖို့လိုတယ်။ တစ်ချို့က မသိလို့မလုပ်တာ၊ လုပ်ပါဆိုရင် လုပ်ကြမှာ။ အဲဒီလို လုပ်ရင် အစိုးရ ငွေကုန်သက်သာတာပေါ့။ ရပ်ကွက်ထဲမှာ သူခိုးရှိရင် ဖမ်းပြီး ရဲစခန်းပို့ပေးကြပါဆိုရင် ရဲတွေလည်း အနားရတာပေါ့။ အဲဒါမျိုးတော့ ဘယ်ဖြစ်လိမ့်မတုန်း။ ရဲတွေလည်း ဓားနဲ့ထိုးလို့ သေသေကုန်တာ ငါစိတ်မကောင်းဘူး။ ငါ့အသိရဲဆိုရင် ကွန်မန်ဒိုလိုပဲ။ ဓားနဲ့နှစ်ယောက်လောက်ကို လက်နက်မဲ့ ဖမ်းနိုင်တယ်။ ရဲအလုပ်က အန္တရာယ်များတယ်ဆိုတာသိလို့ကိုယ်ခံပညာ ကောင်းကောင်းသင်ထားတာ။ အဲဒီလိုဖြစ်ရမှာပေါ့။ အနားကပ်လာရင် ပစ်တန်ပစ်ပေါ့။ လက်နက်စုံရမယ်လေ။ ကျဉ်စက်မရှိရင် အစိုးရက ဝယ်ပေးပေါ့။ ဝယ်ပေးတဲ့ ကျဉ်စက်နဲ့ ပြည့်တန်စာပဲ ဖမ်းဖမ်းနေရင်တော့ ခက်ကုန်တာပဲ။ ကားလိုပေါ့။ မင်း ပိုက်ဆံရှိတယ်ဆိုပြီး အမေရိကန်မာဆယ် ဝယ်ပြီး ဘီးမတပ်ဘဲမောင်းကြည့်ပါလား ဘယ်သွားမလဲ၊ အဲဒီလိုပဲ ခေါင်းဆောင်ကောင်းတယ် အသာလေးဘီးဖြုတ်ပြီးလိုက်မယ်ဆိုတဲ့သူတွေ ဒီလောက်များတာ ဘယ်သိပ်ရွေ့မလဲ။ ခေါင်းဆောင်လဲ မောမှာပဲလို့ ငါတွေးမိတယ်။ ကာကွယ်ရေးအင်အားစုလည်း လုံလောက်ရမယ်။ လက်နက်လည်း တပ်ဆင်ပေးရမယ်။ ရဲတစ်ယောက်ကို ဓားနဲ့ထိုးသတ်တယ်ဆိုတာမျိုးငါ မကြားချင်ဘူး။ အခုဖြစ်နေတဲ့အမှုတွေက ချောင်ကလောင်မှာဖြစ်နေတာမဟုတ်ဘူး။ မြို့လယ်မှာဖြစ်နေတာတွေ၊ အဲဒါ မြို့တော်မှာ ကာကွယ်ရေးမလုံလောက်တော့ဘူးဆိုတာကိုပြနေတာပဲ။ နိုင်ငံတော်အကြံပေးဟာ ဒီလိုကိစ္စတွေအထိ သူဆင်းလုပ်စရာမလိုဘူး။ ရဲအဖွဲ့နဲ့ ဝန်ကြီးတွေ တိုင်ပင်ပြီးလုပ်ရမှာ။ နေရာတကာ သူချည်းပဲ ဝင်လုပ်နေရရင် ပိုအရေးကြီးတဲ့နေရာတွေမှာ လစ်ဟင်းကုန်နိုင်တယ်။ စင်ကာပူက ဥာဏ်ကောင်းတဲ့သူတွေလည်း ပြန်သွားရင် ကိုယ့်အလုပ်ပဲကိုယ်လုပ်နေတာတွေ့တယ်။ ဆရာအောင်သင်းလို ပြောကြ၊ဟောကြမှပေါ့။

ငါ့အလုပ်ကတော့ လူကောင်း၊လူတော်တွေ အလုပ်လုပ်တာ ချောမွေ့အောင်ကူညီဖို့ပဲ။ စာရေးတတ်လို့ စာရေးပြီးကူတာပေါ့။ အဲဒါ ငါလုပ်နေတဲ့အလုပ်ပဲ။ လေနဲ့ပွားတာပေါ့။ ဒီအတွေးအခေါ်ရသွားတဲ့သူတွေများလာရင် အချောင်သမားနည်းသွားတာပေါ့။ အသိုင်းအဝန်းကို စောင့်ရှောက်မယ့်သူများလာတာပေါ့။ အဲဒီလိုနဲ့ လူကောင်းတွေက အစိုးရကောင်းတည်မြဲဖို့ကြိုးစားမှ ငါတို့နိုင်ငံလည်း ထိပ်တန်းအမြန်ဆုံးပြန်ရောက်မှာပေါ့။

(5)
နောက်တစ်ခုက နိုင်ငံခြားကနေ ဘွဲ့ရလာကြတဲ့သူတွေဟာ တက္ကသိုလ်မှာ ဆရာလုပ်လို့ရမရမေးတယ်။ အဲဒါနောက်ပိုင်းမှာလုပ်မယ်ပြောတယ်။ တက္ကသိုလ်က ဆရာကို ကိုယ့်ဟာကိုယ်ရွေးချယ်ခေါ်နိုင်တယ်။ အဲဒါအေးတာပဲ။  ပညာရေးမြှင့်တင်ဖို့ဆိုတာ တော်တော်သတ္တိရှိမှရမှာလေ။ ကျောင်းတက်တာကို လုပ်သက်ထဲထည့်တဲ့စံနစ်တို့၊ သနားပါတယ် အအောင်ပေးလိုက်ပါတို့ဆိုတာ မလုပ်ကောင်းတဲ့စံနစ်တွေ၊ မလုပ်ကောင်းဘူးဆိုပေမယ့် လုပ်ခဲ့ပြီးပြီဆိုတော့ ရာထူးပေးတဲ့အခါ ခက်ကုန်ရော၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ ရှင်းရှင်းပဲ လုပ်နိုင်တဲ့နေရာကနေလုပ်ကြပါ။ ကျောင်းမှာစာမသင်ရလည်း ပညာဖြန့်ဝေလို့ရတာတွေ အများကြီးရှိပါတယ်လို့ပြောတယ်။ ကျောင်းကနေ ပညာဖြန့်ချင်၊ တက္ကသိုလ် ဆရာလုပ်ချင်တဲ့သူတွေအတွက်တော့ လွယ်ချင်မှလွယ်မယ်ထင်တယ်။

အနှစ်ချုပ်ရရင်တော့ ကိုယ်စွမ်းတဲ့နေရာကိုယ်လုပ်ဖို့ သမိုင်းကြောင်းတစ်လျှောက်မှာ နိုင်ငံသားတွေ အတူဝိုင်းကြိုးစားကြပြီး မအောင်မမြင်ဖြစ်ခဲ့တယ်ဆိုတာ မရှိဘူးဆိုတာလေးနဲ့ အားတင်းကြိုးစားကြဖို့၊ စည်းကမ်းရှိပြီး ဝီရိယကောင်းကြဖို့၊ ခက်တာတွေကိုမကြောက်ကြဖို့၊ အချင်းချင်း ညီညွတ်ကြဖို့တွေပြောသွားပါတယ်။

နိုင်ငံရေးသမားတစ်ယောက်အနေနဲ့မဟုတ်ဘဲ ဒီအသက်အရွယ်ကြီးနဲ့ ကိုယ့်နိုင်ငံအတွက် ဒီလောက်လုပ်နေတဲ့အမျိုးသမီးကြီးတစ်ယောက်အနေနဲ့တောင် လေးစားမိပါတယ်။
ကျန်တဲ့အစိုးရအဖွဲ့ဝင်တွေလည်း အစွမ်းအစပြကြပါဦးလို့ တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။

Regards,
Zephyr




Peace B with U.

Saturday, October 29, 2016

ဆောင်းခိုငှက်များ

ဘူမာရင်းဟာ ငါ့ဆီကနေ ဘယ်တော့မှ ထွက်ခွာမသွားဘူး။ တေးသံတွေတိတ်သွားရင် .. ပန်းပွင့်ကြွေသံကိုကြားရလိမ့်မယ်။ တစ်ချို့အမှားတွေက ပြင်ခွင့်မရလိုက်ဘူး။ အဝေးကြီးသွားခါနီးမှ ခရီးဟာ လိပ် သွားခဲ့တယ်။ ငှက်တစ်ကောင်လို ဘာရယ်မဟုတ် သစ်ပင်ထဲမှာ ပုန်းခိုနေလိုက်တယ်။ ခွန်အားဟာ မြှားတံရဲ့ထိပ်ဖူးမှာမဟုတ်ဘဲ နောက်မြီးစွန်းလေးမှာပါဝင်နေခဲ့တယ်။ ရာကိုလို့ အမည်ရတဲ့ ကြက်တူရွေးလေးဟာ ရာကို၊ မားမား၊ ဂွတ်ဘော့(အီ) စတာတွေကို ပီပီသသပြောတတ်ပေမယ့် ပျံထွက်သွားတယ်။ ကော်ဖီတစ်ခွက်ဟာ အပူရှိန်ပေါ်မူတည်ပြီး ခါးသက်လာတယ်။ လောကနဲ့ယှဉ်ရင် လောကဓံက အလေးသာတယ်။ မနက်ဖြန်တွေမှာ မနက်ဖြန်မပါတော့ဘူး။ သုတ္တံကျမ်းဟာ ဆုံးမလွန်းသလိုရှိနေခဲ့ပြီး .... ဆာလံကျမ်းကသာ သီချင်းသံပိုမြည်တယ်။ သေမင်း၏ အရိပ်လွှမ်းမိုးသော ချိုင့်ထဲသို့ လျှောက်သွားရသော်လည်း ဘေးအန္တရာယ်ကို မကြောက်ပါတဲ့။ ချစ်ခြင်းမှာ အပြစ်ကင်းစွာ။ အနည်တွေအများကြီးသာ တည်ငြိမ်သွားပေမယ့် မုန်တိုင်းကတော့တည်ငြိမ်တဲ့နောက်ပျောက်ကွယ်သွားရတာပဲ။ ရေနွေးစီးကြောင်းနောက်လိုက်သွားမိတဲ့ ငါးတစ်ကောင်လိုပါပဲ၊ တိမ်တွေကိုဆွတ်ယူဖို့ လက်တွေနှင်းပွင့်မိုးသားလိုဖြူ၊ အမှိုက်သိမ်းကားဟာ သူမသိမ်းနိုင်တဲ့ အမှိုက်တွေ မြို့ပြမှာ ကျန်ရစ်ခဲ့မှန်း နှစ်ပေါင်းအတော်ကြာမှ ရိပ်မိလာခဲ့တယ်။ ဒါ ငါတို့ခေတ်ရဲ့တန်ရာတန်ကြေးဆိုပါတော့။ ဘယ်အချိန်အထိ လွင့်ပျံသွားမယ်မသိတဲ့ကြေးစည်သံ .... ချမ်းသာလေးမျိုးထဲမှာ စတုတ္ထက အပြစ်ကင်းချမ်းသာ ... အဲဒီအထိ လှော်ခတ်ကြရလိမ့်မယ်။ ဘဝဟာ ရှည်လျားသော ဇာတ်လမ်းတွဲဖြစ်တဲ့အတွက် ဇာတ်လမ်းငယ်တစ်ပိုင်းရဲ့ အဆုံးသတ်ဟာ နောက်ထပ်ဇာတ်လမ်းတစ်ခုရဲ့အစလည်းဖြစ်သွားနိုင်သေးတယ်။ ဆောင်းဟာထင်တာထက်အေးခဲပြီး ... မှောင်မိုက်လွန်းတယ်။ ဇီဝနာရီများဟာ တစ်ခါတစ်ခါ ပြင်ရင်ခက်လွန်းတယ်။ မျက်ရည်များဟာ အလည်လွန်နေတတ်ပေမယ့် အချိန်မီ ပြန်လည်ရောက်လာဖို့အသင့်ရှိနေကြတယ်။ စိတ်ကောင်းရှိတဲ့ လူတစ်ယောက် လျော့သွားတော့ ကမ္ဘာကြီးအထီးကျန်တာပေါ့။ ကမ္ဘာကြီးဆီက လိပ်ပြာတွေ ပြန်ထွက်သွားတဲ့နေ့၊ ပန်းပွင့်တွေ အေးခဲသွားတဲ့နေ့ ၊ ရွှေဝိညာဉ်ခြံကြီးကို ကျေးငှက်တို့ စွန့်ခွာသွားတဲ့နေ့ဆိုတာ ဒီနေ့ပဲထင်ပါရဲ့။ ကျွန်တော်တို့ဟာ အဆင်သင့်မဖြစ်ခဲ့မှုပေါင်းများစွာရှိခဲ့ပါလျှက် ချစ်ခင်သူများနှင့် ခွဲခွာရန် မည်သည့်အခါမှ အဆင်သင့်မဖြစ်ခဲ့ခြင်းကို အထူးအလေးအနက်ခံစားနာကျင်ကြရပါတယ်။ ယာယီရှင်သန်မှုတွေဆိုပေမယ့် ချစ်ခြင်းတရားနဲ့သယ်ဆောင်သွားမယ့်အမှတ်တရနွေးထွေးမှုများကတော့ သံသရာအဆက်ဆက်ပါသွားဦးမှာပါပဲ။ ကျန်ရစ်သူတွေဟာ ..... ဘယ်တုန်းကမှ အသင့်မဖြစ်ခဲ့သလို ... ဘယ်တော့မှလည်း အသင့်ဖြစ်နေမှာမဟုတ်ဘူး။ ရှေ့ကနေသွားသူနဲ့နောက်ကနေလိုက်ကြရမယ့်သူတွေ၊ တစ်ယောက်ကို တစ်ယောက်က အားပေးရင်း၊ တစ်ယောက်လက်ကို တစ်ယောက်တွဲထားလိုက်ကြတယ်။ ဒီသံသရာဟာ ထင်တာထက် ရှည်လျားတယ်။ လောကနဲ့ယှဉ်ရင် လောကဓံက အလေးသာတယ်။ ပန်းပွင့်တွေနဲ့ လိပ်ပြာတွေ ထွက်ခွာသွားနဲ့နောက်မှာ ဥယျာဉ်တစ်ခုဟာ ရင်ပွင့်ကျန်ခဲ့ရတာပါပဲ။


RIP ညီလေး။

 ==========================

Uncle ငြိမ်း (ငြိမ်းအေးအိမ်)ရဲ့သား နိုင်ငံငြိမ်းအေး ၂၂ နှစ် ဆုံးသွားတယ်။ ၂၀၁၆ မှာ စိတ်ထိခိုက်စရာ ဒီတစ်ခုပဲရှိတယ်။ Blog ပြန်လာဖတ်ရင်း စာပြန်ရေးဖို့ အချိန်ရောက်ပြီလို့ ခံစားရတာနဲ့ နိုင်ငံ့အတွက် ရေးထားတာလေးတင်လိုက်တယ်။ တစ်နှစ်ကျော်အတွင်းမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရှာဖွေခဲ့တာတွေပိုမိုရရှိခဲ့ကြတယ်။ အရင်က မထင်ထားခဲ့တဲ့ နိုင်ငံရေးအပြောင်းအလဲတွေလည်းဖြစ်တယ်။ ကမ္ဘာကြီးလည်း ခက်ခဲမြဲခက်ခဲတယ်။ ခက်နေတဲ့ ကမ္ဘာကြီးမှာ လူဟာ ပျော်အောင်၊စိတ်ချမ်းသာအောင်၊ ငြိမ်းချမ်းအောင်နေကြရတာပါပဲ။ လူငယ်လေးတစ်ယောက် သူ့မိသားစုထဲကနေ ရုတ်ချည်းထွက်ခွာသွားတာ အင်မတန် သံဝေဂရစရာကောင်းတယ်။ အခုဆို facebook account ထဲမှာ သွားလေသူ နှစ်ယောက်ဖြစ်သွားပြီ။ ကိုညီသစ်နဲ့နိုင်ငံ။ ဂီတကိုချစ်တဲ့သူတွေ။

ပထမဆုံး တင်ဖြစ်တဲ့ ပို့စ်ဟာ ကြေကွဲခြင်းဖြစ်နေတာတော့လည်း မတတ်နိုင်ဘူး။ ဒါဟာလည်း လောကဓံနဲ့လူတို့ရဲ့ ထိခတ်မိခြင်းသံစဉ်တစ်ခုပဲ။ ပန်းပွင့်တွေဟာ မုန်တိုင်းထဲမှာလည်းပွင့်နေတာပါပဲ။ နားစွင့်ထောင်ကြည့်လိုက်တိုင်း သေခြင်းတရားဟာ အနားမှာ အမြဲရှိနေမှန်း ရိပ်မိလာတယ်။ ကျွန်တော်တို့ ၂၂ နှစ်တုန်းက ကျောင်းသွားတော့ ဟိုင်းလပ်စ်ခေါင်းမိုးပေါ်မှာ သူငယ်ချင်းတွေနဲ့ လက်ချင်းတွဲပြီး စီးခဲ့ဖူးတယ်။ လူငယ်တွေမှာ အိမ်မက်တွေရှိခဲ့ကြပြီး ... သူတို့ကမ္ဘာဟာ အမြဲတောက်ပနေခဲ့ကြတယ်။ အခုတော့ လူကြီးတွေဖြစ်လာပြီဆိုတော့ လူငယ်တွေရဲ့ အနာဂတ်အတွက် ကိုယ့်မှာ တာဝန်ရှိတယ်လို့ ခံစားရတယ်။ သူတို့တွေရဲ့ စိတ်ကူးလေးတွေ၊ အားမာန်တွေနဲ့ ယုံကြည်ချက်တွေ ဆက်လက်မြင့်မားနေဖို့ ၊ ကမ္ဘာကြီးကို ကောင်းစေချင်တဲ့ လူငယ်လေးတွေအတွက် အချိန်နည်းနည်းပိုပေးသင့်တယ်လို့ မြင်လာတယ်။ လူငယ်တွေအတွက် လုံခြုံနွေးထွေးပြီး မေတ္တာတရားရှိတဲ့ အသိုင်းအဝန်းတစ်ခုရှိမယ်ဆိုရင် သူတို့တွေရဲ့ဘဝတွေ အများကြီးပိုလွယ်ကူမယ်လို့ ကျွန်တော်ထင်တယ်။

ရေးထားတာတွေ နောက်နေ့မှပဲ တင်လိုက်ပါဦးမယ်။

 Zephyr



Peace B with U.