Tuesday, March 5, 2013

ကျောက်စရစ်များသည် စမ်းချောင်းကြမ်းပြင်တွင် လိမ့်ဆင်းလျက်။


ကျောက်စရစ်များသည် စမ်းချောင်းကြမ်းပြင်တွင် လိမ့်ဆင်းလျက်။

Jazz&blu

ဒီဆိုင်လေးကို ကျနော်ချစ်တယ်။ paradise lost in this cup  ဆိုတဲ့ ပြုံးစရာ စာတန်းလေး ထိုးထားတဲ့ ခွက်ကလေးထဲမှာ တည်ငြိမ်ရင့်ကျက်စွာ လှနေတဲ့ ကော်ဖီဟာ နက်မှောင်လို့ပါပဲ။ ကျနော် ကော်ဖီဆိုင်ဖွင့်တဲ့အခါ ဒီလိုမျိုး ချစ်စရာကောင်းတဲ့ ဆိုင်လေးတစ်ဆိုင်ဖြစ်အောင် ကြိုးစားမယ်လို့ စိတ်ကူးဖူးတယ်။ ကော်ဖီကို အနုပညာတစ်ရပ်လို သဘောထားတာကို ကြိုက်တယ်။ အညံ့စားကော်ဖီကို ဈေးကြီးပေး သောက်တာဟာ ကော်ဖီရဲ့ဂုဏ်သိက္ခာကို ဦးနှောက်တုံးတုံးနဲ့ ကြိတ်လှီးနေတာလို့ ကျနော်ထင်တယ်။ လူများသောက်လို့သောက်တာ၊ လူကြိုက်များလို့ သောက်တဲ့သူမျိုးတွေကိုလည်း ကျနော်ကြည့်မရတတ်ဘူး။ သူ့ပိုက်ဆံ သူဖြုန်းတာကို အပြစ်မတင်ပေမယ့် ကော်ဖီရဲ့ စစ်မှန်တဲ့ တန်ဖိုးကို ပျက်ရယ်ပြုသူတွေဆိုပြီး မျက်မုန်းကျိုးလေမိသလားမသိဘူး။ ကျနော်ဆိုင်ဖွင့်တဲ့အခါ  ကော်ဖီကို ဆေးခါးတစ်ခွက်လို၊ အရက်ပြင်းတစ်ခွက်လို ဂွပ်ခနဲ ကောက်မော့တဲ့သူမျိုးကို မရောင်းဘူးစိတ်ကူးတယ်။ ဒီလူတွေဟာ သုံးစားမရတဲ့သူတွေပဲ။ အေးချမ်းတဲ့လောက၊ သာယာတဲ့ကမ္ဘာကြီးမှာ အရသာတစ်ခုကို အချိန်ပေး ခံစားလိုစိတ် မရှိတဲ့လူတွေပဲလို့ ကျနော်ထင်တယ်။

ဒီနေ့တော့ လူတစ်ယောက်နဲ့ ဒီကော်ဖီဆိုင်မှာ စကားစမြည်ပြောဖို့ ချိန်းထားတယ်။ ကျနော်တို့ စကားနည်းနည်းလောက်ပြောမယ်။ ကော်ဖီပူပူတစ်ခွက်သောက်မယ်။ ခဏလောက်ထိုင်နေမယ်။ ကျနော် အဲဒီလိုစိတ်ကူးတယ်။

ထိုင်နေရင်း အတွေးတွေ နည်းနည်းများလာတာနဲ့ စိတ်ကို ဖွင့်ထားတဲ့သီချင်းဆီကို အာရုံပြောင်းလိုက်တယ်။ ဆိုင်မှာက BOSE speaker တွေသုံးထားတယ်။ အသံမဆူညံအောင်နဲ့ နွေးထွေးတဲ့ အသံမျိုးရအောင် စပီကာတွေကို နေရာသေချာချထားတယ်။ လောလောဆယ်တော့ Air Supply ရဲ့ All out of Love လာနေတယ်။ အညိုရောင်တိမ်လိပ်တွေထဲ ကျနော်ပြန်လည်ရောက်ရှိသွားတယ်။ သီချင်းတွေမရှိရင် ခံစားချက်တစ်ဝက်သက်သာသွားမယ်ထင်တယ်။

I'm lying alone with my head on the phone
Thinking of you till it hurts
I know you hurt too but what else can we do
Tormented and torn apart
I wish I could carry your smile and my heart
For times when my life feels so low
It would make me believe what tomorrow could bring
When today doesn't really know, doesn't really know

I'm all out of love, I'm so lost without you
I know you were right believing for so long
I'm all out of love, what am I without you
I can't be too late to say that I was so wrong

သီချင်းတွေက ကဗျာတစ်မျိုးပဲ။ စိတ်ကို တိုက်စားနာကျင်စေတာတွေ။ ဘဝမှာ အကျအရှုံး၊ အနာအကျင်နည်းချင်ရင် ဒါတွေနဲ့ ကင်းကင်းနေတာ ကောင်းတယ်။ ကြားတာကို ကြားတယ်မှတ်နေရအောင်လည်း ကော်ဖီဆိုင်ဖြစ်နေတယ်။ ရိပ်သာမှုာဆိုရင်တော့တစ်မျိုးပေါ့။ သာမန်လူတွေအဖို့တော့ ခပ်ပါးပါး ခံစားရတဲ့ ခံစားချက်ဟာ ရသတစ်မျိုးပဲမဟုတ်လား။

ကျနော်ငယ်တုန်းက သိပ်ချစ်ခဲ့တဲ့ကောင်မလေးတစ်ယောက်ကတော့ သီချင်းတွေ လက်ဆောင်ပေးသွားတယ်။ အခုတော့ ဘယ်ရောက်သွားလဲမသိဘူး။ သူပေးတဲ့သီချင်းတွေနဲ့ ကျွန်တော်ကျန်နေခဲ့တာပဲ။ နှစ်တွေလည်းကြာလှပြီ။ သီချင်းတွေက သေမသွားဘူး။ အင်မတန်မှဆိုးရွားသွားတာကတော့ ဒီသီချင်းစာသားတွေကို သေချာဘာသာပြန်ပြီး သူဖတ်ဖို့ စာအုပ်ပေါင်းများစွာ ရေးခဲ့မိတာပါပဲ။ လူ့ဘဝကို ရတာဟာ အကြီးဆုံးအမှားဆိုရင် ဒီသီချင်းတွေကို သူ့အတွက် ရေးပေးခဲ့မိတာဟာ ကျွန်တော့်ရဲ့ ဒုတိယအကြီးဆုံးအမှားပဲ။

တယ်လီဖုန်းသံတစ်ခုကိုစောင့်ရင်း ကြေကွဲနာကျင်တဲ့လူတစ်ယောက်အကြောင်းကို ကျွန်တော်စဉ်းစားတယ်။ ဖြစ်နိုင်ရင် သူ့အပြုံးတွေကို ဆက်လက်သယ်ဆောင်သွားချင်တဲ့ လူတစ်ယောက်ဟာ နည်းနည်းရူးနေတာဖြစ်မယ်။ နည်းနည်းမက ရူးနေတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ စိတ်တွေသိပ်ကျနေရင် ထုတ်ကြည့်ဖို့ အပြုံးတစ်ခုလောက်လိုမလား အခုအချိန် ကျနော်တွေးကြည့်တော့၊ မလိုလောက်ဘူးမှတ်တာပဲ။ ဒါပေမယ့် ငယ်သော်မိုက်၏ဆိုတဲ့စကားဟာ ကြီးမှပြုံးဖို့ထွင်ထားတဲ့စကားပုံတစ်ခုပဲမဟုတ်လား။

ကျနော်တို့ ငယ်ဘဝမှာ အင်တာနက်မရှိဘူး။ စီဒီတွေပေါပေါလောလောမရှိဘူး။ ကိုယ်ချစ်တဲ့သူနားထောင်ဖို့ စီခြောက်ဆယ် ကက်ဆက်ခွေလေးနဲ့ သိပ်ကောင်းတဲ့သီချင်းလေးတွေကိုကူးရတယ်။ ကက်ဆက်ခွေ နှစ်ခွေထည့်လို့ရတဲ့ ကက်ဆက်တွေမပေါ်ခင်ကတည်းက ကြိုးစားပြီးကူးကြတယ်။ တစ်ခါတစ်လေ အခွေက တိပ်တွေညပ်သွားတာတို့ ထစ်သွားတာတို့ဆိုရင် ဒုက္ခရောက်သေးတယ်။ လက်ရေးမလှတဲ့သူက လက်ရေးလှတဲ့သူတွေကိုအကူအညီတောင်းပြီး သီချင်းနာမည်တွေကို ကူးရေးခိုင်းရတယ်။ walkman ရှိလာကြတဲ့အခါမှာ ဒီလို အမှတ်တရသီချင်းတွေကို တစ်နေ့ကုန်နားထောင်နေတာပဲ။ ကျောင်းမှာလည်း နားထောင်၊အိမ်မှာလည်းနားထောင်၊ အိပ်ခါနီးလည်းနားထောင်၊ပီတိကိုစား၍ အားဖြစ်ပါ၏ဆိုတာ ဟုတ်လောက်မယ်ထင်တယ်။ ဖရဏာပီတိလိုတော့ ဟုတ်ပုံမရဘူး။ ဟုတ်ရင်တော့ ရည်းစားပေးလိုက်တဲ့ ကက်ဆက်ခွေလေးနားထောင်ရင်း ပထမဈာန်၊ဒုတိယဈာန်တွေအထိ မြင့်တက်သွားတဲ့သူနည်းမှာမဟုတ်ဘူး။

နောက်ပိုင်းမှာ အသံသွင်းဆိုင်တွေမှာ လက်ရွေးစင်သီချင်းတွေရွေးကူးလာကြတယ်။ ပျော်စရာကောင်းတယ်ဗျ။ ရုပ်ဝတ္ထုအားဖြင့် နိမ့်ကျတဲ့ ခေတ်တွေမှာမှ ရနိုင်တဲ့ ရှားရှားပါးပါး အရသာတစ်မျိုးပေါ့ဗျာ။ ဥပမာတစ်ခုနဲ့နှိုင်းရရင်တော့ သိပ်ချမ်းသာနေတဲ့လူဟာ အကြွေးနဲ့ဝယ်ထားတဲ့ပစ္စည်းတစ်ခုရဲ့ နောက်ဆုံးအရစ်ကိုပေးလိုက်ပြီးတဲ့နောက်မှာ ခံစားရမယ့် ပျော်ရွှင်မှုအကြောင်းကို နားလည်နိုင်မှာမဟုတ်ဘူး ဆိုတာနဲ့ဆင်တယ်။ ဒီလိုအရသာကိုသိဖို့ဆိုတာ မပြည့်စုံတဲ့ ခေတ်မှာ နေဖူးတဲ့လူတွေလောက်ပဲသိကြတာ။ အခုခေတ်လို short message  လေးပို့နိုင်တာမဟုတ်ဘူး။ ဓာတ်ပုံကို upload လုပ်ပြီး ပို့နိုင်တဲ့ခေတ်လည်းမဟုတ်ဘူး။ အဲဒီခေတ်အခါကလူတွေက အချစ်နဲ့ပတ်သက်ရင် သိပ်သိမ်မွေ့ကြတာထင်တယ်။ လက်တွဲပြီးလမ်းလျှောက်ဖို့တောင် နှစ်နဲ့ချီကြာတယ်။ ဒါတောင်မှ ခြေလှမ်းနှစ်ဆယ်၊သုံးဆယ်လောက်။

ချစ်နေတုန်းကပေးခဲ့ကြတဲ့ကတိတွေဟာ တစ်ချိန်မှာ ဆက်လက်တည်တံ့မနေနိုင်တော့ရင် သိပ်ခံစားရတာပဲ။ ယာယီကာလလေးတစ်ခုကို တစ်သက်စာထင်မိတဲ့သူတွေက ပိုခံစားကြရတယ်။ တစ်သက်လုံး အတူလက်တွဲသွားကြတော့မယ်လို့ စိတ်ချထားလိုက်တော့မှ ကံကြမ္မာနဲ့ ယောက္ခမလောင်း ပေါင်းပြီး ဖဲလိမ်ရိုက်သွားတာကို သကောင့်သားတော်တော်များများခံလိုက်ကြရတာပဲ။ ကဲကြည့် ... သီချင်းတစ်ပုဒ်က မတော်လိုက်ရတဲ့ ယောက်ခမဆီမှာလမ်းဆုံးသည်လို့ ဘယ်ပညာရှိကမှ မမိန့်ခဲ့သေးပေမယ့် အခုတော့ ဒီလိုပဲဖြစ်သွားတယ်။ ကိုယ့်အတွေးကိုယ်သဘောကျပြီး ပြုံးလိုက်မိတယ်။

စောင့်နေရတဲ့သူပဲ အချိန်တွေဘယ်လောက်ကြာလဲဆိုတာသိတယ်ဆိုတာ ဟုတ်လောက်တယ်။ အချိန်ဆိုတာ စောင့်ဆိုင်းနေတဲ့သူအတွက်တော့ သိပ်ကိုကြာတာပဲ။ စိတ်ရဲ့ အင်နားရှားတွေဖြစ်မယ်။

Making Love Out of Nothing at all ကိုကြားတယ်။ မြန်မာတွေဆိုတဲ့ ငါတော့ မေ့လို့မရနိုင်ဘူး။ နင်သိလား၊ငါသိတယ်။ နင့်ဂျီးဒေါ်ကြီးရောသိလား။ ငါ့ဘဂျီးတော့သိတယ်ဆိုတာကိုတော့ နားမလည်နိုင်ဘူး။ Air Supply ဆိုတာကိုတော့ သိတယ်။ အကူးစတစ် နားကြပ်လေးနဲ့နားထောင်ရင် စန္ဒရားသံကြားထဲက ဒရမ်သံပါးပါးလေးတွေ၊ ဘေ့စ်သံထူထူလေးတွေကို နွေးနွေးထွေးထွေးကြားရမယ်ထင်တယ်။ ဟာမိုနီဆိုတဲ့အခါမှာ နောက်ကလူက ကျော်မတက်ပဲ သပ်သပ်ရပ်ရပ်တိတိကျကျလေးဆိုသွားတာကိုလည်းကြားနေရတယ်။ Russell Hitchcock ကတော့ ကျနော်တို့အရွယ်လူတွေကို ဒုက္ခပေးချင်လို့ သီချင်းဆိုခဲ့တယ်ထင်မိတယ်။ သူ့သီချင်းတွေနဲ့ကြီးပြင်းလာတဲ့လူတွေအဖို့ .............. ဒီသီချင်းတွေနဲ့ တွဲဆက်ပြီး ဖြတ်သန်းခဲ့တဲ့ ဘဝအစိတ်အပိုင်းတွေဟာ သီချင်းသံကြားလိုက်တာနဲ့ ပြန်ပြီး အသက်ဝင်လာသလိုဖြစ်နေတယ်။ ဒီသီချင်းမှာ သူသိတာတွေကို တစ်ဆက်တည်းပြောလာပြီးမှ နောက်ဆုံးနားလေးမှာမှ မင်းနဲ့ဘယ်လိုခွဲခွာရမယ်ဆိုတာတော့ ကိုယ်မသိဘူးလို့ ပြောတာမျိုးဟာ ချစ်နေတုန်းမှာ ဘယ်တော့မှ ခွဲမသွားဘူးလို့ပြောကြတဲ့ လူငယ်တွေရဲ့အကျင့်ပဲထင်တယ်။ နောက်တော့လည်း တဖြည်းဖြည်းသိသွားကြပုံရတယ်။

ကျနော်တို့ငယ်တုန်းကတော့ ကြီးကျယ်တာလည်းပါတယ်ထင်တယ်။ Reference ပါသော ရည်းစားစာများရေးကြတယ်။ ချစ်တယ်ဆိုတာမှာတောင် Air supply ရဲ့ Now and Forever lyrics လေးကို နည်းနည်းတော့ကိုးကားကြတယ်။ အင်္ဂလိပ်လိုကောင်းကောင်းတတ်တဲ့ မိန်းကလေးတစ်ယောက်ကို မချစ်ဘူးတဲ့သူတစ်ယောက်ဟာ အင်္ဂလိပ်စာတောင် ကောင်းကောင်းတတ်ဖို့ခက်မလားထင်မိတယ်။

Now and forever
Remember the words
From my heart will always be true
Now and forever
Together and all that I feel
Here's my love for you

ကြော်ငြာတော့နည်းနည်းဆန်ပေမယ့် ဒီ chorus ကိုသိပ်ခံစားရတာပဲလို့ထင်ခဲ့တယ်။ အခုအထိလည်း နည်းနည်းတော့ထင်သေးတယ်။ ရည်စားသက်တမ်းတစ်ဝက်လောက်မှာတော့ If we stand the test of time 
Love will be the lasting kind  ဆိုတာမျိုးလေးတွေဖြစ်လာတယ်။ (Keeping the Love Alive ထဲကစာသားတွေပေါ့ဗျာ) သီချင်းတွေက ဆက်တိုက်လာနေတယ်ဗျာ။ ကျနော့်အတိတ်ကို ပြန်ဆွဲခေါ်သွားတယ်။ The Power of Love (You Are My Lady)  ဆိုရင်လည်း singles ထုတ်ခဲ့တာ။ အဲဒီမှာပါတဲ့ you are my lady, I m your man ဆိုတာကို စီလင်းဒီယွန်က I am your lady, you are my man ဆိုပြီး နှစ်လုံးထီ ပတ်လည်ထိုးသလို ဆိုတာကိုတောင် မကြိုက်ဘူး။ Diva ဖြစ်သွားတဲ့ မိန်းမအဆိုတော်တွေက မလိုဘဲ အော်ချင်နေတော့တာပဲ။ Air Supply ဆိုတာက ရိုးသားတယ်။ စီလင်းဒီယွန်ကတော့ သူ အဆိုသင်တန်းကျောင်းတက်ခဲ့တာကို သတိရပြီး အော်အော်ဆိုနေတာထင်တယ်။ သင်တန်းတက်လိုက်ရင်ကို အဆိုသမားတွေဟာ သီချင်းမဆိုတော့ဘဲ အဆိုပညာပြချင်တော့တာမျိုးဖြစ်နိုင်တယ်။ သီချင်းတစ်ခုရဲ့ ရသကို ခံစားရပုံကွာရင် ဆိုတာလည်းကွာကုန်တယ်ထင်တယ်။ ချစ်သူနဲ့အတူနေရတဲ့အခိုက်အတန့်လေးကို ကြည်နူးနေတဲ့သူက ဘာလို့ ဒီလောက် အာပြဲနဲ့ အော်ဟစ်ပြီးဆိုနေစရာလိုမှာလဲလို့ ကျနော်ဖြင့် မကြာမကြာတွေးမိပါရဲ့။

Even Nights are Better ကိုတော့ မြန်မာပြည်မှာ အေးချမ်းမေကျေးဇူးတော်နဲ့ တော်တော်များများသိကြတယ်ထင်တယ်။ သိပ်တော့မသေချာဘူး။ ကျွန်တော်တို့ အဖွဲ့ထဲမှာသီချင်းအဆိုကောင်းတဲ့လူတွေလည်းရှိတော့ ဒီသီချင်းလေး သွားသွားဆိုဖြစ်တယ်။ သူတို့အိမ်ရှေ့နားက အုတ်ခုံမှာ။ ဘာမှမဆိုတတ်တဲ့ကောင်တွေကတော့ ဟိုအိုဝူ၊အိုဝူဆိုတဲ့နေရာလောက်လေးဆိုပေါ့။

I, I was so confused
Feeling like I'd just been used
Then you came to me
And my loneliness left me

ကျွန်တော်တို့ခေတ်တုန်းက သီချင်းလေးတွေမှာ ချစ်စရာကောင်းတာလေးတွေပါတယ်ဗျ။ အခုခေတ်မှာလို၊ တိုက်တွေ၊ကားတွေ၊ သွားထဲမှာမြှုပ်တဲ့စိန်တွေ၊ မင်းကိုသေနတ်နဲ့ ဘမ်းဘမ်းလိုက်မယ်ဆိုတာတွေ၊ ပယ်ပယ်နယ်နယ်ဆဲတာတွေ၊ မိန်းကလေးကကြိုက်တာတွေ၊ ကလေးတွေက ဘဝအကြောင်းဆိုပြတာတွေ၊ round cord ထဲမှာ သီချင်းတွေ တစ်လှေကြီးထွက်လာတာတွေ၊ မီးရထားပါသော သီချင်းအပုဒ်တစ်ရာရေးခဲ့သူတွေ၊ အသည်းကွဲလို့သေရပါတော့မယ်ရေးတဲ့ ယောကျာ်းရင့်မကြီးတွေရဲ့ ကိုယ်ကျိုးနည်း ကြေကွဲမှုတွေ၊ English လိုမတတ်တတတ်နဲ့တစ်လုံးတစ်လုံးထည့်ထည့်ဆိုတာတွေ၊ break my hat ဆိုပြီး heart ကို hat လို့ဆိုတာတွေ၊ မြန်မာမှာမွေးပြီး ကပ္ပလီပုံဆိုကြတာတွေ မပေါ်သေးဘူး။ ၁၉၇၀ ဝန်းကျင်မှာ မွေးလာတာကို အခုအထိ ကျေနပ်မဆုံးဘူး။

.......................
စောင့်ဆိုင်းခြင်းဟာ အဖြတ်အတောက်မပါတဲ့ ကဗျာရှည်ကြီးတစ်ပုဒ်ပဲ ...............................။

ဖွင့်ထားတဲ့အခွေက Goodbye သီချင်းအရောက်မှာတော့ သူရောက်လာတယ်။ I would rather hurt myself
Than to ever make you cry ဆိုတဲ့ တေးသွားလေးကို လေချွန်ရင်း ..........။ မပြောင်းမလဲ မိုးပြာရောင် ဖက်ရှင်နဲ့၊ မပြောင်းမလဲ ပိရိသေသေပ်တဲ့ နှုတ်ခမ်းထောင့်ကွေးက အပြုံးတစ်ခုနဲ့၊ ကမ္ဘာကြီးဟာ ထင်တာထက်တော့ ကျဉ်းတယ်လို့ ပြောတယ်။ .........

သူ့စကားကို ကျွန်တော်မပြုံးမိဘူးထင်တယ်။ ကမ္ဘာကြီးကျဉ်းသလား၊ကျယ်သလားဆိုတာကို မတွေးမိတာကြာသွားတာကြောင့်ဖြစ်မယ်။

ကော်ဖီတစ်ခွက်ဟာတော့ ကျယ်ပြန့်တာသေချာတယ်။

အဆက်အစပ်မရှိဖြစ်နေတဲ့ ကျနော့်စကားကို သူနားလည်သလား အကဲမခတ်မိဘူး။ စကားပြောတယ်ဆိုတာ ကိုယ်ထင်တာ ကိုယ်ပြောကြတာပဲမဟုတ်လား။

သူ ကော်ဖီတစ်ခွက်ကိုမှာတယ်။ ၁၄ နှစ်အကွာက လူတစ်ယောက်ကို ၂၈ လက်မ အကွာအဝေးမှာ မြင်နေရတာကို အကွာအဝေးကျုံ့လာတယ်ထင်မိတယ်။ မိုင် ထောင်ချီဝေးတဲ့အရပ်မှာ တစ်ယောက်တည်းသွားနေနေတဲ့ ငှက်တစ်ကောင် အိမ်ပြန်ချိန်မှာ တစ်ချက်နားလိုက်တဲ့ အခိုက်အတန့်မျိုး၊ အရင်လိုပဲကြည်ကြည်လင်လင်ရှိတယ်။ အောင်မြင်မှုတော်တော်များများကို ကိုယ်ပိုင်အရည်အချင်းနဲ့ရယူပြီးတဲ့နောက်မှာပေါ်လာတတ်တဲ့ မာနနည်းနည်းပါတဲ့ မျက်နှာထားမျိုးဖြစ်နေတာတွေ့ရတယ်။ 

မြန်ဆန်တဲ့ စားပွဲထိုးလေးက ကော်ဖီခွက်ကို လာချတယ်။

ပူနေတဲ့ကော်ဖီခွက်ကို လက်နှစ်ဖက်နဲ့ကိုင်ပြီး နည်းနည်းလောက် မြည်းသလို သူသောက်တယ်။ ကော်ဖီခွက်ကို လက်နှစ်ဖက်နဲ့ကိုင်တုန်းပဲ။ သူ့လက်သန်းမှာ ခရမ်းရောင်ဆိုးထားတာတွေ့တယ်။ အရောင်တွေကို သူ ချစ်နေတုန်းဖြစ်မယ်။

Air Supply ရဲ့ Young Love ကိုကြားတော့ ဘာရယ်မဟုတ်ဘဲ နှစ်ယောက်သားပြုံးမိကြတယ်။ 

အပြုံးတွေဟာ စကားလုံးတွေထက် အဓိပ္ပာယ်ပိုရှိမယ်ထင်တယ်။ ကိုယ့်လမ်းကိုယ် လျှောက်သွားခဲ့ကြတဲ့လူတွေမှာ နောင်တတရားလည်းမရှိဘူး။ အတိတ်ကို စိတ်သန့်တယ်။ 

ကော်ဖီခွက်ထဲ ကြွေကျနေတဲ့ကြယ်တွေ၊ ပျံဝဲနေတဲ့ စိတ္တဇလိုင်းတွေ၊ နဂါးငွေ့တန်းတစ်လျှောက် လမ်းလျှောက်ထွက်သွားတဲ့ မိတ်ဆွေ။

Young Love ပြီးတော့ I can wait forever............ သီချင်း။

ဒီသီချင်းကို နားထောင်ရင်း ကျွန်တော်တို့ရဲ့ နောက်ဆုံးနေ့ရက်တွေကိုလည်း ပြန်သတိရပါတယ်။ 

And though, all the days that pass me by so slow
All the emptiness inside me flows
All around and there's no way out
I'm just thinking so much of you, there was never any doubt

I can wait forever
If you say you'll be there too
I can wait forever if you will
I know it's worth it all, to spend my life alone with you

အကွာအဝေးတွေက ဘာတွေကိုပြောင်းလဲသွားစေလဲ။ အသက်အရွယ်တွေပြောင်းလဲသွားပြီ။ သံယောဇဉ်တွေပြောင်းလဲသွားပြီ။ ဒါပေမယ့် အတိတ်ကိုတော့ မပြောင်းလဲနိုင်ဘူး။ အတိတ်ဟာ ပခြုပ်ထဲမှာ ငြိမ်သက်ပြီးဝပ်နေတဲ့ မြွေဟောက်တစ်ကောင်လိုပဲ၊ သူ့အတိုင်းထားနိုင်ရင် သိပ်လိမ္မာတယ်။ မြွေဟောက်ကို ထုတ်ပြီး ကြည့်နေဖို့လည်းမလိုဘူး။ မေ့ပစ်လိုက်ဖို့လည်းမလိုဘူး။ သူ့ဟာသူရှင်သန်နေတာလေးကို သိနေရုံပဲ။ သူဟာ အနိုင်ပိုင်းသူမဟုတ်သလို၊ ကျွန်တော်ဟာလည်း အရှုံးသမားမဟုတ်ဘူး။ မဆုံနိုင်ခဲ့သော ချစ်သူများစာရင်းမှာ ကျွန်တော်တို့ဟာ နံပါတ်စဉ်တစ်ခုဖြစ်ခဲ့တာကလွဲရင် ဘာမှမထူးခြားလှဘူး။ ကံကိုသော်လည်းကောင်း၊ ယောက်ခမကိုသော်လည်းကောင်း အဆိုးမြင်တဲ့လူငယ်လေးလည်းမဟုတ်တော့ဘူး။ မသေချာခြင်းတစ်ခုကို တစ်သက်လုံးထိုင်စောင့်နေမယ့် ချာတိတ်လေးလည်းမဟုတ်တော့ဘူး။

ကျွန်တော်တို့ မိသားစုတွေအကြောင်း စကားစမြည်ပြောဖြစ်ခဲ့တယ်။
ငယ်တုန်းက သီချင်းတွေအကြောင်း၊ သီချင်းစာသားတစ်ချို့အကြောင်း။ ကျွန်တော်မွေးထားတဲ့ ခွေးကလေးအကြောင်း၊ သူမွေးထားတဲ့ ကြောင်ပေါက်စလေးအကြောင်း၊ ခရမ်းရောင်တောအုပ်တွေအကြောင်း၊ လိမ်ညာတတ်သူတစ်ယောက်အကြောင်း၊ အစိမ်းရောင်လက်စွပ်တွေအကြောင်း၊ ပိုင်ရှင်မဲ့ အထီးကျန်ခြင်းအကြောင်း၊ စသဖြင့်။

ကျွန်တော် သီချင်းတွေကို နားမထောင်တော့တဲ့အကြောင်း၊ ကဗျာ မဖတ်တော့တဲ့အကြောင်းလည်း ပြောဖြစ်တယ်။

ညနေ ဇနီးသည်ကို သွားကြိုတော့ သူလည်း လိုက်လာခဲ့ပေးတယ်။ ကမ္ဘာကြီးဟာ ကျဉ်းပေမယ့် လူသုံးယောက် အတူယှဉ်လျှောက်သွားလို့မရလောက်အောင်တော့ မကျဉ်းဘူးဆိုတာ ကျနော်တွေးနေမိတယ်။ 

အဲဒီည ကြွေနေတဲ့ကြယ်တွေဟာ အညိုရောင်။ ကြယ်တွေရဲ့ အလင်းဟာ အပြာရောင်။ ကောင်းကင်ဟာ ပိုင်ဆိုင်တဲ့ကြယ်တွေကို သိမ်းထားလေ့မရှိဘူးထင်တယ်။ လွှတ်ချလိုက်တာလား၊ လွတ်ကျသွားတာလား သိနိုင်ဖို့တော့သိပ်ခက်ခဲမယ်ထင်တယ်။ ဒါဟာ ကောင်းကင်၏ တစ်သီးပုဂ္ဂလ ခံစားချက်ဆိုတော့ မြေကြီးပေါ်က ကျွန်တော် နားမလည်နိုင်တာလည်း မဆန်းဘူး မဟုတ်လား။     ။


Regards,
Z




Peace B with U.