Sunday, April 21, 2013

စောစောစီးစီးရောက်ရှိလာသည့်နိဂုံး

စောစောစီးစီးရောက်ရှိလာသည့်နိဂုံး

တိတ်ဆိတ်ခြင်းသည် တံခါးကိုပိတ်လိုက်လျှင် ကျန်အရာများ တိုးဝင်လာ၍ မရတော့သည်မှာ အသေအချာပင်ဖြစ်သည်။ ပျင်းရိဖွယ် အရေးအသားများနှင့်စပ်လျဉ်း၍ ပြောစရာစကားမရှိလှ။ ဆွံ့အနေသော စံပယ်ပန်းပွင့်များ၊ တစ်ပွင့်၊ နှစ်ပွင့်၊ သုံးပွင့် ... ၁၃ ပွင့် ......။ ရသစာပေများ များလွန်းသွားသောကြောင့် ကြီးပွားတိုးတက်ရေး အနည်းငယ်နှောင့်နှေးခဲ့သည်ဟု ယူဆမိသည်။ဘဝတွင်လိုအပ်သော အရာများမှာ ... မလိုအပ်သောအရာများကို လွှင့်ပစ်ပြီး ကျန်ခဲ့သော စာရင်းအရ သိပ်များများမရှိလှဟု သိခဲ့ရပြီ။

ရူးသွပ်နေသော တံခါးပျက်များကို တင်းတင်းစေ့ပိတ်ထားသည်မှာ သာယာနာပျော်ဖွယ်ရှိပါသည်။ ကိုယ့်ကိုယ်ကို သနားစဖွယ်ရေးပြတတ်သော စာတိုပေစများကို စာရင်းပြုစုပါ။ သေချင်တယ်၊ သေချင်တယ် မကြာမကြာပြောသူများကို မယုံပါနှင့်။ ခဏခဏကြားရဖန်များလွန်းသောအခါ သနားကရုဏာအစား နားကြားပြင်းကပ်လာလေသည်။

ကမ္ဘာကြီးတွင် ဘာသာတရားများမရှိလျှင်လည်း ထူးပြီး ခက်ခဲသွားစရာမရှိပါ။ ဦးနှောက်နည်းသူများ များပြားလာခြင်းမှာ ဟာသများသိပ်သည်းလာမှု၏ ပထမပိုင်းဟု ဆိုနိုင်ပါလိမ့်မည်။ သင်နားမလည်သောကြောင့် ပြင်သစ်စာသည် အဓိပ္ပာယ်မရှိပါ။ ဘောဂဗေဒ ညီမျှခြင်းများသည် အဓိပ္ပာယ်မရှိပါ။ လူတစ်ယောက်သည် ညီမျှခြင်းတစ်ခု၏ တစ်ဖက်တစ်ချက်တွင်နေရာယူထားပါသည်။ သင်သိသော လူတစ်ယောက်မရှိခဲ့လျှင် မသိကိန်းတစ်လုံးရောက်လာပါလိမ့်မည်။ ထိုမျှ ရိုးရှင်းလွယ်ကူခဲ့သည်ဟုဆိုခဲ့ကြပါလိမ့်မည်။

ဘဝတွင် အနည်းဆုံးလိုအပ်သော အရာမှာ ရသစာပေဖြစ်ပါသည်။ ဘဝတွင် အများဆုံးလိုအပ်သောအရာမှာ စိတ်ချမ်းသာမှုဖြစ်ပါသည်။ ဂျွန်ဝိန်းကတော့ "ဘဝဟာခက်ခဲကြမ်းတမ်းပါတယ်။ အသုံးမကျတဲ့လူအတွက်တော့ ပိုခက်တယ်" ဟုဆိုပါသည်။ သိပ်ခက်နေသူများမှာ အသုံးမကျသူများဖြစ်နေမည်လားမသိပါ။ တိတိပပ အကဲဖြတ်တတ်သူမဟုတ်၍ မည်သို့မျှ မှတ်ချက်မပေးနိုင်ခဲ့ပါ။

ဥပေက္ခာတရားသည် ဒေါသမဟုတ်ပါ။ သတ္တဝါများ သူ့ကံနှင့်သူ လာမည်၊ သူ့ကံနှင့်သူ သွားမည်။ ထိုကိစ္စနှင့်ပတ်သက်၍ မည်သို့မျှ ခံစားမနေတော့ခြင်းသည် ဥပေက္ခာ၏ လှသော အလင်းပြန်မျက်နှာပြင်တစ်ခုဖြစ်ပါလိမ့်မည်။ အဝေးသည် အရောင်တစ်ရောင်မဟုတ်ဟု မိတ်ဆွေများက ဆိုကြသော်လည်း အဝေးရောင်ဖြင့်ဆွဲထားသော ပန်းချီကားတစ်ချပ် ကျွန်တော်ပိုင်ဆိုင်ခဲ့ပါသည်။ အရှိတရားသည် ဦးနှောက်၏ ဆုံးဖြတ်မှုများအရဖြစ်တည်လာသော ထင်ယောင်ထင်မှားမှုဖြစ်သည်ဟု ကျွန်တော်ဆိုလျှင် Matrix မှ Morpheus ကတော့ အနည်းငယ်နားလည်နိုင်မည်ထင်ပါသည်။ အဆုံးအစမဲ့ချောက်နက်တစ်ခုအတွင်းသို့ ပြုတ်ကျနေစဉ်တွင် သင့်မျက်နှာကို ပြုံးထားရန် သတိပြုပါ။ အချိန်ရှိတုန်း ပြုံးထားခြင်းသည် အင်မတန် သင့်သောင့်သက်သာရှိသော ဂီတနုတ်စ်များဖြစ်ပါသည်။

အလွမ်းဆုံးသောတေးသံများတွင် တယောသံနှင့် ဆက်စ်ဆိုဖုန်းကို အသုံးပြုရုံမျှမက၊ ချယ်လိုသံနည်းနည်းဖြည့်စွက်ပေးရန်လိုပါလိမ့်မည်။ တစ်လိမ့်လိမ့်စီးဆင်းသွားသော ပီယာနိုသံများနောက်မှ ငိုညည်းသံဆန်ဆန် ဟာမိုနီညီညီညာညာလိုက်လံဖြည့်စွက်ဖို့လည်းမမေ့စေလိုပါ။ ဒဏ်ရာများပင်လျှင် အရောင်တင်တတ်သူနှင့်တွေ့လျှင် ပိုနာသလိုမြင်သာထင်သာရှိစေသည်ဟုထင်ပါသည်။ လောကကြီးသည် ကြိုလင့်သော ကစားကွင်းတစ်ကွင်းမဟုတ်ပါ။ သေခြင်းတရားလိုက်နေသော သမင်များပြေးလွှားရာ စားကျက်ကွင်းပြင်သာဖြစ်ပါသည်။ တောရိုင်းဥပဒေသအတွက် မည်သည့် အကြောင်းပြချက်မျှမလိုပါ။

နဖူးပေါ်မှ ကန့်လန့်ဖြတ်အရေးအကြောင်းများနှင့်စပ်လျဉ်း၍ ဇရာကို အပြစ်မမြင်မိပါ။ သူ့အလုပ်သူလုပ်သွားခြင်းသာဖြစ်ပါသည်။ အမြင်မှားခြင်းသည် သံသရာရှည်စေသော အကြောင်းရင်းဖြစ်သည်ဟုဆိုပါသည်။ ဒိဌိကို အရင်ဖြုတ်ဟု မိုးကုတ်ဆရာတော်ကြီးက အရေးတကြီးမှာလိုက်သည်ဟုကြားသည်။ တရားဟောနေသော လော်စပီကာနှင့် ဟင်းမွှေသော ယောက်မတို့သည် တရားအရသာကို မသိနိုင်သည်မှာ အဆန်းတကြယ်ကိစ္စမဟုတ်ပါ။ ပိဋကတ်သုံးပုံ အာဂုံဆောင်ထားသော စီဒီရွမ်ကို ဘုရားစင်ပေါ်တင်ထားသင့်မထားသင့်သည်လည်း အရေးတကြီးကိစ္စမဟုတ်ပါ။ သာသနာသည်လည်းကောင်း ဇာတ်စင်မှပိတ်ကားသည်လည်းကောင်း ကွယ်ချိန်တန်ကွယ်၊ လိပ်ချိန်တန်လိပ်မည်ထင်ပါသည်။

ချောကလက်စားခြင်းအနုပညာ၊ မီးဖိုချောင်သန့်ရှင်းရေး အနုပညာကိစ္စများကို ဆောင်ရွက်ပြီးသကာလတွင် ရေနွေးကြမ်းတစ်ခွက်ကို နှမ်းထောင်းဖြင့်သောက်ခြင်း အနုပညာကို ဆက်လက်၍ တစိုက်မတ်မတ်လုပ်ကိုင်ခဲ့သည်။ အသက်ရှူရ နည်းနည်းခက်သည်ဟု ထင်မြင်နေခဲ့သည်မှာ လအတန်ကြာခဲ့ပြီဖြစ်သည်။ ကမ္ဘာလောကကြီးသည် ချစ်ခင်သူများ ကွယ်လွန်ချိန်တိုင်းတွင် အောက်ဆီဂျင်လျော့ကျသွားပုံရသည်။ သေလွန်သူများကို သိပ်သတိရနေဖို့မလိုဟုထင်မိသည်။ ကိုယ့်ဘဝသည် သီးခြားဖြစ်တည်နေသော ဒိုင်းမင်းရှင်း အသစ်တစ်ခု ဖြစ်သည်ဟု ယူဆသောကြောင့် ဖြစ်သည်။ အလွမ်းအဆွေးကိစ္စများသည် ကုက္ကုစ္စရှိသူများအတွက်သာဖြစ်သည်ဟုထင်သည်။

ဆက်စပ်မဲ့မျဉ်းများကိုတည့်မတ်လိုက်လျှင် တိမ်တိုက်များသည် အလိပ်လိုက်ဖူးပွင့်နေသော ပန်းပွင့်များပြန်ဖြစ်လာနိုင်သည်။ အနာဂတ်ဆိုသည့်အရာမှာ အတိတ်ကို သယ်ဆောင်မသွားသူများအတွက်သာ ပျော်ရွှင်စရာကောင်းသည့် ပျော်ပွဲစားဖြစ်နိုင်ပါသည်။ မျက်ရည်အတုနှစ်စက်သည် မျက်ရည်အစစ်တစ်စက်ထက် ပို၍ တန်ဖိုးမရှိပါ။ သို့သော် မျက်ရည်အစစ်တစ်စက်သည်လည်း ပြောပလောက်အောင်တော့ တန်ဖိုးမရှိပါ။ မျက်ရည်သည်လည်း ပူဆွေးမှု၏ ထွက်ကုန်မျှသာဖြစ်ပါသည်။ ပူဆွေးခြင်းသည်လည်း ဒေါသ၏ အခြားအစွန်းတစ်ဖက်ဖြစ်နေသောကြောင့် နှိုင်းရတန်ဖိုးအားဖြင့် သုညသက်သက်သာကျန်ရှိနေမည်ဖြစ်သည်။

သစ်ကိုင်းတွင်ချိတ်ဆွဲထားသော သစ်ရွက်များ၊ လခြမ်းကွေးတွင်ချိတ်ဆွဲထားသော ကြယ်ပွင့်များ၊ တစ်ခါတစ်ခါ မျက်စိမှတစ်ဆင့် ရင်ဘတ်ထဲသို့ ခုန်ခုန်ချနေသော အလင်းများ၊ ပုံရိပ်များ၊ တိတ်ဆိတ်ခြင်း၏ အသံများဖြင့် သင့်အတွက် အဓိပ္ပာယ်ကို သင်ကိုယ်တိုင် တည်ဆောက်နိုင်ပါသည်။ ဆာလာအိတ်မှ စာအုပ်များ၊ အမှတ်တရဟုဆိုအပ်သော အမှိုက်တရများ၊ ကျေးဇူးတရားဟုဆိုအပ်သော အရစ်ကျဆင်ခြေများ။ အတော်အတန် သံဝေဂရစရာကောင်းသော လူအတုများ။ ကံကောင်းထောက်မသည်မှာ သင့်ကမ္ဘာအစစ်တွင်မူ  တကိုယ်ကောင်းသမားများကို အဆက်ဖြတ်ထားနိုင်ပါသည်။ ထိုအရာသည် စိတ်သက်သာရာရစရာကောင်းသော ကတိကဝတ်တစ်ခုဖြစ်ပါသည်။ ရှေ့ခရီးတွင် အတိတ်ကလူများ မပါဝင်ပါ။ ပျော်ပွဲစားထွက်ရန် လေးနက်နေစရာအကြောင်းမရှိပါ။ ခြေလှမ်းများသည် သဘာဝအားဖြင့် ပေါ့ပါးမြဲ ပေါ့ပါးလျှက်ရှိကြသည်။ အရုဏ်သည် အမှောင်ကို အလွယ်တကူမေ့လိုက်နိုင်သည်မှာလည်း သဘာဝ၏ အထူးပြုလုပ်ချက်မပါသော ရိုးသားမှုသာဖြစ်သည်။ ထို့အတွက် နောင်တ တဖန် ပူပန်ခြင်းစိုးစဉ်းမျှမရှိခဲ့။

စစ်ရေးပြခြင်းနှင့် ပကတိ စစ်ပွဲများ ကွာခြားသည်ထက်ပို၍ စကားလုံးများနှင့် စိတ်ခံစားချက်များသည် ပို၍ ကွာခြားတတ်သည်ဟု ဆင်ခြင်မိချိန်တွင် အဝေးပြေးကားလမ်း၏ ကောင်းကင်တွင် ကြယ်ကြွေချိန် ညွှန်းဆိုသော နာရီသို့ အတိအကျဆိုက်ရောက်နေနှင့်ခဲ့ပြီဖြစ်သည်။ သယ်ဆောင်သွားသောကားဘီးများ၏ အသံကို စိတ်သက်သက်နှင့်ကြားနေရသည်။ ပျော်ရွှင်ခြင်းသည် သောကကင်းမဲ့ဇုံအတွင်း ခုန်ပေါက်ပြေးလွှားနေသော မြင်းကျားတစ်ကောင်သာဖြစ်လေသည်။         ။

Regards,
Z


Ref:
"Life is tough, but it's tougher if you're stupid. (John Wayne)







Peace B with U.