Wednesday, October 1, 2008

သစ်ပင် ...


အရိပ်ရစေဖို့ မရည်ရွယ်ခဲ့ပါဘူး ...
ကိုယ့်ကိုယ်ကို ပြန်မြိုချနေတဲ့ သော့ခလောက်တစ်ခုပေါ့ ...။

လိပ်ပြာသန့်စွာ ... တိမ်ရောင်ဖြူလွလွ ...
တိုးတိုးလေးလွမ်းနေရုံသက်သက် ...
ဒီထက်ဘာမှမပို ....။

ဒီနေ့ရာသီဥတု သာယာတယ် ...
ပန်းပွင့်လေးလည်း နေကောင်းတယ် ...
သက်တံတွေလည်း ရွက်ကျပင်ပေါက်တွေလို စုဝေးနေတယ်။

ကုန်သည်လေတွေနဲ့ မှာလိုက်ချင်တယ် ...
ရောင့်ရဲခြင်းတွေ စိုက်ပျိုးရင်းနဲ့ ...
ပေါင်းမြက်တွေ လွမ်းနေရင် ခွင့်လွှတ်လိုက်ပါ ...

ရွှေရောင်နာရီလေး ရပ်သွားတဲ့နေ့ ...
တရွေ့ရွေ့ဝေးကွာသွား ...
အခုမှ ... ပိုင်ရှင်မဲ့ စံပယ်ရုံက သွေးပျက်အောင်ပွင့်နေတော့တယ် ...။

မာယာမပါတဲ့နေ့ ...
သောကတွေအငွေ့ပျံသွား ...
မနက်ခင်းမှာ မေတ္တာပို့ဖို့ကလွဲရင် ...
ရင်ဘတ်ထဲမှာပဲသိမ်းထားဖြစ်တော့တယ် .....။ ။



Peace B with U.

Tuesday, September 30, 2008

တံခါးသုံးပေါက်


လေယာဉ်မှုး တစ်ယောက်ဟာ ... ရွှေရောင်ဆံပင်နဲ့ လေယာဉ်မယ်လေးကို သဘောကျနေတယ်။ သူတို့ သွားမယ့် လေယာဉ်ခရီးစဉ်က မြို့တစ်မြို့ မှာခရီးတစ်ထောက်နားရတယ်။ အဲဒီမြို့ကိုရောက်တော့ လေယာဉ်မှုးက လေယာဉ်မယ်လေးကို လေယာဉ်အမှုထမ်းတွေ အတွက် အကောင်းဆုံးအစားအသောက်တွေရနိုင်တဲ့ ၊ အကောင်းဆုံးဈေးဝယ်ထွက်နိုင်တဲ့ ၊ ညအိပ်တည်းခိုနိုင်တဲ့ အကောင်းဆုံးနေရာ တစ်ခုကို ညွှန်လိုက်တယ်။

နောက်တစ်နေ့ရောက်တော့ လေယာဉ်မှုးက ခရီးစဉ်အတွက် ၀န်ထမ်းတွေကိုစစ်ဆေးတယ်။
ရွှေရောင်ဆံပင်နဲ့ လေယာဉ်မယ်လေး ပျောက်နေတာကိုသတိထားမိလိုက်တယ်။ Hotel ကို phone ဆက်ပြီး ဘာများဖြစ်သလဲလို့ မေးတယ်။ လေယာဉ်မယ်လေးက ငိုပြီးပြောတယ်။

"ကျွန်မ ... ကျွန်မ .. အခန်းထဲမှာပိတ်မိနေလို့ ..."
"ဘယ်လို"
"'ဒီအခန်းက တံခါးသုံးပေါက် ပဲ ရှိတာ ...၊ .. တစ်ခုက ... ရေချိုးခန်း တံခါး၊ နောက်တစ်ခုက အ၀တ်ဗီရို ... နောက်တစ်ခုက ... "Don't Disturb" လို့စာချိတ်ထား တယ်...."။ ။



Peace B with U.

Monday, September 29, 2008

မွေးနေ့ ...


မွေးနေ့ ...

နေ၀င်သွားပြီ ...
တိတ်ဆိတ် ... ပြီးတော့ ... တိတ်ဆိတ် ...
အဲဒီ ... မုတ်သုံသစ်တောမှာ ...
ငါ ... စိမ်းစိုလန်းဆန်းခဲ့တယ် ....

ငါ့ နောက်ကျောဘက်မှာ စက်တင်ဘာတွေ ကြွေကျနေတာများပြီ ...
... လမ်းတွေကကောက်ကွေ့လာတယ် ...
ငါ့အသက်ရှူသံကိုတောင် ငါမေ့နေတာအတော်လေးကြာပြီ ....
မိုးစက်တွေလည်း မအေးမြတော့ဘူး ...
လမ်းတွေကတော့ ... မှိုင်းပျပျ ..အထိကိုဝေးသေးတယ် ...

လမ်းလျှောက်တတ်ဖို့ ငါတို့ ခက်ခက်ခဲခဲသင်ယူခဲ့ကြ ...
လဲကျတတ်ဖို့တော့ ... ဘယ်တုန်းကမှ အဆင်သင့်မဖြစ်ခဲ့တာ အမြဲလိုလို ...၊
ရှူခဲ့တဲ့အောက်ဆီဂျင်တွေများသလောက် လောင်ကျွမ်း ..
ဘ၀ဟာ .... တစ်ခါတစ်လေတော့ မီးပုံကြီးဆန်တယ်....။
....
လမ်းတွေကတော့ ... မှိုင်းပျပျ ..အထိကိုဝေးသေးတယ် ...။

မြင်လိုက်ရတဲ့ နိမိတ်ကြီးလေးပါး ...
ဘယ်တော့မှ ... တောမထွက်ချင်ခဲ့ ...
ဒါပေမယ့် ...
... ဆောင်းတွေက တွားသွားဝင်ရောက်လာတယ် ..
နှင်းမြို့တော်က ဘူတာရုံလေးလို ...
ဆောင်းရထားတွေကိုတော့ လွမ်းတယ် ....။

လမ်းတွေကတော့ ... မှိုင်းပျပျ ..အထိကိုဝေးသေးတယ် ...
လမ်းတွေကတော့ ... မှိုင်းပျပျ ..အထိကိုဝေးသေးတယ် ...
လမ်းတွေကတော့ ... မှိုင်းပျပျ ..အထိကိုဝေးသေးတယ် ...
အချိုးအကွေ့တွေကို ရေတွက်မနေတော့ဘူး ...
ခြေလှမ်းတွေက ... ပုံမှန်ပါပဲ ...
စိတ်တွေကသာ နှေးလိုက်မြန်လိုက်ဖြစ်နေတာ ....။

ဒီတစ်နေ့ကို ပဲ အကောင်းဆုံးနေသွားလိုက်တော့မယ် ...
အတိတ်နဲ့အနာဂတ်ကို မေ့နေတဲ့သူလိုပေါ့ ....
လမ်းတွေကို မေ့သွားတယ် ..
ခြေလှမ်းတွေကို မေ့သွားတယ် ...
ကတိတွေကို မေ့သွားတယ် ...
... ဒီတစ်နေ့ကို တော့ငါသိတယ် ..
....
ဒီတစ်နေ့တော့ ငါ့ အသက်ရှူသံကို ငါကြားတယ် ...
ဒီတစ်နေ့တော့ ငါ မျက်တောင်ခတ်လိုက်တာကို ငါသိတယ် ...
ဒီတစ်နေ့တော့ ငါ့ကိုငါ မေ့ထားလိုက်တယ် ...။ ။


(Happy Birthday ... Younger Sister ... Wishing you all the best ... !!!)
(Zephyr)



Peace B with U.