အေးပါကွာ
အလုပ်မရှိကြောင်ရေချိုးဖို့ကနေ ကလေးတစ်ယောက်လောက်မွေးရင်ကောင်းမလားဖြစ်လာတယ်။ သိပ်ပျင်းလာပြီ။ ဘဝဟာ အချိန်ပိုတွေပေါ်မှာ အချိန်ပိုတွေ ထပ်ထားတဲ့ ပီတိုကစားနည်းဖြစ်ရမယ်။
ဖေ့စ်ဘွတ်ခ်ဟာ သက်သေခံလက်မှတ်လိုလို၊ အသေးစား ရာဇဝင်အပိုင်းအစလိုလို၊ဝမ်းသွားနေတဲ့နေ့ကအစ ဝမ်းနည်းနေတဲ့ နေ့အဆုံး။ အသည်းကွဲတဲ့နေ့ကအစ မင်္ဂလာဆောင်ဓာတ်ပုံအဆုံး၊ အစာအဆိပ်သင့်လို့ ဆေးရုံပေါ်လဲနေရာကနေ သွေးလှူတဲ့ပုံတွေအထိ။ သေပြီးသားလူတွေပုံတွေနဲ့ မရှင်သေးတဲ့လူတွေအထိ၊ ရောက်တဲ့နှစ်မှာ စို်က်ခဲ့တဲ့ ကန္တာရပင်လေးက ထပ်ကြီးမလာတော့ဘူး။ စိတ်အားဖြင့်လည်း ရင့်ကျက်မလာဘူး။ နှစ်ကာလတစ်ခုမှာ အရာရာသေဆုံးပြီးသွားတဲ့လူလို၊ အဲဒီနှစ်တွေကနေ စိတ်က ထပ်ပြီး ရှင်သန်မနေတော့ဘူးလား။ ရပ်တန့်သေဆုံးနေတဲ့ စိတ်ကို ပြန်မြင်ရတာ စိတ်လေတယ်။ လူဟာ ရပ်တန့်လို့မရဘူး။ ဆက်လက်ရှင်သန်ရမယ်။ စိတ်ကလည်း ဒါကို သဘောပေါက်ဖို့ကောင်းပြီ။ ဒါပေမယ့် အခုအထိတော့ သဘောပေါက်ပုံမရသေးဘူး။ သေချာတဲ့ အတိတ်၊ ပြောင်းလဲလို့မရတဲ့ အတိတ်ရဲ့ သေချာမှုကို ခိုတွယ်ကပ်မီနေတဲ့စိတ်။ ပေပေတေတေ ရပ်တန့်သေဆုံးနေတဲ့စိတ်။ ရှေ့စိတ်က သေပြီးရပ်နေလို့နောက်စိတ်က တစ်ခြားသွားမလားဆိုတော့လည်း အဲဒီနေရာမှာပဲ နောက်တစ်စိတ်က ထပ်ရပ်တန့်သေဆုံးနေချင်ပြန်တယ်။ အသေတွေစုပြုံနေတဲ့ အခိုက်အတန့်တွေနဲ့ကြီးကျယ်ဆန်းပြားလှပနေတဲ့ ground Zero။
စာအုပ်စင်ကိုမော့ကြည့်ဖို့ဝယ်ထားတာပဲ။ စာဖတ်ဖို့ စိတ်မဝင်စားတာ နှစ်နှစ်ပြည့်ပြီ။ လမ်းဘေးအုတ်ခုံက သီချင်းသံကိုပဲ လွမ်းသလိုလိုဖြစ်ဖြစ်နေတယ်။ နွားနို့တစ်ခွက်စာ မုန့်ဖိုးရရင် ညနေလမ်းလျှောက်မယ်။ မင်းဒင်လမ်းထိပ်က ညပိုင်းဖွင့်တဲ့ နွားနို့ဆိုင်မှာထိုင်မယ်။ မလိုင်အပြည့်ပါတဲ့ နွားနို့သောက်မယ်။ ဘဝရဲ့မအောင်မြင်မှုတွေအကြောင်း စားမြုံ့ပြန်မယ်။ ပိုက်ဆံပိုရင် ဘိန်းမုန့်စားမယ်။ ပိုက်ဆံမရှိရင် ငြိမ်ငြိမ်လေးထိုင်နေမယ်။ ဒီလောက်ပြဿနာနည်းတဲ့ဘဝ ပြန်မရနိုင်တော့ဘူး။
ကျန်းမာရေးတစ်ခုတော့ အကောင်းအတိုင်းရှိနေသေးတာ။ ဒါဟာ ကံကောင်းတာပဲ။ တစ်နှစ်နေလို့ တစ်ခါမဖျားဘူး။ တစ်ချိန်ချိန်တော့ တစ်ခါဖျားပြီး တစ်ခေါက်တည်း ရှောမယ့်ဇာတ်လမ်းမျိုး။ ရှေ့နှစ်မှာ ဘာဝယ်မယ်၊ ဘာစုမယ်မရှိဘူး။ ထမင်းဝဝစားသွားပြီး ပျော်ပျော်နေဖို့ပဲ။ ဥစ္စာပစ္စည်းဆိုတာ ထိုက်တန်လာရင်အလိုလိုရတာမျိုး။ သိပ်ပြီး အာရုံမထားကြနဲ့။
လူ့လောကရဲ့အကန့်အသတ်တွေက တိုလီမိုလီတွေထည့်တဲ့ organizer တစ်ခုလိုပဲ။ အကန့်အသတ်ရှိသလောက်ပဲသပ်ရပ်နိုင်မယ်။
ဖြစ်နဲ့ပျက်ကြားမှာ ရှိတဲ့ တည်ရှိချိန်ဟာ တိုလွန်းလို့ လစ်လျူရှုလိုက်လို့ရတယ်တဲ့။ တရားအားထုတ်တဲ့သူတွေဟာ တည်ဆိုတဲ့ ဠီ ကို ကျော်ချနေကြတာပဲ။ သိပ်မြန်လွန်းလို့ ရှိသလိုလိုနဲ့ မရှိတော့ဘူးကိုအာရုံစိုက်လိုက်တာမျိုး။ တည်ရှိချိန်လေးဟာ တိုတောင်းရင်တိုတောင်းနေမယ်။ ချစ်ခြင်းတရားရဲ့ တိုတောင်းမှုကိုတော့ လစ်လျူရှုလို့မဖြစ်နိုင်ဘူး။
ပိုင်ဆိုင်မှုဆိုတာ နည်းနည်းလောက်ကြာလာရင် လိုအပ်မှုဖြစ်လာတာပဲ။ လိုအပ်မှုဟာ နောက်တော့ အသက်ရှူနေသလို အသားကျလာတာမျိုး။ တော်တော်လေးကြာမှမရှိလည်းဖြစ်တယ်ဖြစ်လာတယ်။ အဲဒီဖြစ်စဉ်ကြီးကို လောကဓံလို့ခေါ်တာပဲ။ တစ်ချို့သူတော်ကောင်းတွေကတော့ ကောင်းတဲ့ဟာတွေတောင် အမြဲမရနိုင်ဘူး။ ပြန်ဆုံးရှုံးနိုင်လို့ အကောင်းမရှိဘူးပြောတာပဲ။ ရှိနေတဲ့အကောင်းတွေ ဆက်မကောင်းနိုင်မှာကြောက်ရလို့လည်း အကောင်းဟာမကောင်းဘူး။ အနိစ္စနဲ့ အနတ္တရဲ့ နေရာမလပ်တည်ရှိခြင်းဟာ လူ့ဘဝကို ပေါ့ပေါ့ဆဆလွယ်လွယ်ကူကူသွားလို့ရစေတာပဲ။
ဟိုတလောက နာတဲ့တရားမှာ သာသနာဖျက်တာ ပိဋကတ်သုံးပုံဆောင်တဲ့ဘုန်းကြီးတစ်ပါးဖြစ်ခဲ့ဖူးတယ်ဆိုတယ်။ သိပ်သိလာရင် လွတ်တွတ်တွတ်ဖြစ်ကုန်တဲ့သဘောဖြစ်လာတယ်။ တစ်ချို့လည်း သိပ်မသိဘူး။ နဂိုလွတ်။ သူ့ဟာသူ လုပ်ချင်ရာလုပ်နေတဲ့သူတွေကြောင့်တော့ဘယ်သာသနာမှမပျက်ဘူး။ အဲဒါကြောင့် ကိုယ့်ဟာကိုယ် နေသာသလို ပျော်ပျော်နေကြပါ။ ဘာသာတွေ၊သာသနာတွေကို သူ့အတိုင်းကြီးပွားစည်ပင်နေကြပါစေ။ ကိုယ်ကာကွယ်လိုက်မှ ပိုဆိုးသွားပါဦးမယ်။ အဲဒီအယူအဆကို ဘုန်းကြီးချာတိတ်တွေကို ကျောင်းထိုင်သင်တန်းပေးတဲ့အခါ နည်းနည်းထည့်သင်ပေးကြပါ။
What to give light must endure burning (Viktor E. Franki) ကဆိုတယ်။ လောကကို အလင်းပေးချင်တဲ့သူတွေအနေနဲ့ နည်းနည်းပါးပါး အပူလောင်မှာလောက်ကို ကြောက်နေလို့မဖြစ်ဘူး။ ဘာသာတရားခေါင်းဆောင်တွေအနာခံသွားတာတွေကြောင့်လည်း ဘာသာတရားတော်တော်များများ ဒီလောက်သက်ဆိုးရှည်နေတာ။ ဒါပေမယ့် ဒါတွေလည်းမကြာတော့ဘူး။ လူ့သမိုင်းဟာ ဖြစ်ပြီးသွားခဲ့ပြီး အပျက်ပိုင်းကို ပြန်ရောက်လာနေတာပဲ။ ကျွန်တော်တို့ လူသားတွေ တီထွင်ထားတဲ့ ဘာသာတရား၊သိပ္ဗံပညာတွေ့ရှိချက်နဲ့ သင်္ချာသီအိုရီတွေအားလုံးဟာ လူ့သမိုင်းကုန်ဆုံးချိန်မှာ ပျောက်ကွယ်သွားရမှာပဲ။ လူဟာ အရှိအတိုင်း မြင်ဖို့ အင်မတန်ခက်တဲ့သတ္တဝါ။ အရှိအတိုင်းမြင်လိုက်ရင် ဘာမဆိုသေးသိမ်သွားမယ်ထင်ကြတယ်။ ဘုန်းကြီးတွေက လူတွေကို လူမှုရေးကိစ္စတွေ သင်ပေးဖို့ကြိုးစားနေသလို၊နိုင်ငံသမားက ပြည်သူတွေကို ဆန်ဝယ်ဖို့သင်ပေးတုန်းပဲ။ ဟုတ်ယောင်ထင်မှုဟာ သိပ်အရေးကြီးတယ်။ ဆင်တွေကို ဆင်ထိန်းတွေက ငယ်တုန်းက ဆူးနဲ့ထိုး တုတ်နဲ့ဝိုင်းရိုက်ပြီး၊ လူသားဟာ ဆင်ထက် အင်အားကြီးတယ်လို့ ထင်အောင် စိတ်ပိုင်းဆိုင်ရာ အသိမှားတစ်ခုထည့်သွင်းပေးခဲ့တာ။ အဲဒီအသိမရှိရင် ဆင်က ဆင်ဦးစီးကို နင်းသတ်ပြီး တောထဲပြန်သွားမှာပဲ။ ဆင်တွေဟာ သူတို့ခွန်အားကို သူတို့မသိဘူး။ သူတို့ခေါင်းပေါ်မှာ ထိုင်နေတဲ့သူကို လွယ်လွယ်လေးသတ်လိုက်လို့ရတယ်ဆိုတာကို မသိဘူး။ အတိတ်က ဒဏ်ရာကို ကြောက်စိတ်ဟာ အနာဂတ်အကျဉ်းကျမှုကိုဖြစ်စေတာပဲ။ အဲဒီလို သတ္တဝါတစ်မျိုးမျိုးကို ထိန်းချုပ်ဖို့ဆိုတာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာက အင်မတန်အရေးကြီးသွားတယ်။ နိုင်ငံရေးနဲ့ဘာသာရေးမှာ ဒီနည်းစနစ်ဟာ အခုအထိအောင်မြင်နေတုန်းပဲ။ ဗုဒ္ဓဟာ သူ့ခေတ်သူ့အခါက ဘုန်းကြီးကျောင်းမှာဆွမ်းချက်ဖို့ လာတဲ့လူတွေ ဆူညံနေတော့ အရှင်အာနန္ဒာကို ငါးသည်တွေလို ဆူနေတဲ့သူတွေကို မောင်းထုတ်လိုက်ဖို့ပြောတယ်။ Jesus လည်း ဘုရားကျောင်းထဲမှာ ဈေးရောင်းနေတဲ့သူတွေကို လိုက်ရိုက်ဖူးတယ်။ နောက်ပိုင်းတော့ ရှေးအယူအဆတွေဟာ ကွန့်မြူးတဲ့တပည့်တွေနဲ့တွေ့တော့ ဝိနည်းကိုလည်း အဆင်ပြေအောင်ပြင်ပေးလိုက်ကြတယ်။ ဘုန်းကြီးတွေ smart phone သုံးလို့ရပြီ။ ဘုရားကျောင်းနားမှာလည်း ဈေးရောင်းလို့ရပြီ။
ကြောက်တတ်တဲ့သူဟာ လောကမှာ ကြောက်စရာအကောင်းဆုံးပဲ။ တစ်ခုခုကိုကြောက်ရင် လူဟာ အဲဒီတစ်ခုကိုကြောက်တဲ့စိတ်နဲ့ တခြားတစ်ဖက်မှာ အင်အားကောင်းလာတာပဲ။ ဆာမူရိုင်းတွေဟာ သတ္တိကြောင်တယ် အထင်ခံရမှာ သိပ်ကြောက်တာ။ အဲဒီတော့ ဒီလို အပြောမခံရအောင် အင်မတန်ရဲရဲရင့်ရင့် စွန့်စွန့်စားစားတွေလုပ်ကြတာ။ သေမှာကြောက်တဲ့သူဟာ ကိုယ်မသေအောင် သူများကို သတ်တဲ့သူဖြစ်လာတာပဲ။ တွေးကြည့်ရင်တော့ရယ်စရာကြီးပေါ့ဗျာ။ အကြောက်တရားဟာ လူ့သမိုင်းကို မောင်းနှင်နေခဲ့တာပဲ။ ဆိုဗီယက်မှာ ဇာဘုရင်တွေဟာ ဆင်ထိန်းတွေနဲ့တူပြီး၊အလုပ်သမားတွေဟာ ဆင်တွေပေါ့။ တစ်ချိန်မှာ အကင်းပါးတဲ့ဆင်တစ်ကောင်က ဆင်ထိန်းတွေ နင်းသတ်လိုက်ရင် လွတ်လပ်ရေးရမယ်လို့ အတွေးပေါ်လာရာကနေ ဖေဖော်ဝါရီတော်လှန်ရေးဖြစ်လာတာပဲ။ ရပ်ရှားတွေဟာ ဖေဖော်ဝါရီတော်လှန်ရေးကို မတ်ခ်ျလမှာမှ လုပ်တယ်။ အင်မတန် အချိန်ကိုက်တာ။
အနာဂတ်ကို အကောင်းမြင်တာရော၊ အဆိုးမြင်တာရော သုံးမရဘူး။ အနာဂတ်ဆိုတာ ကိုယ်ပိုင်တဲ့ကိစ္စမဟုတ်ဘူး။ မနက်ဖြန် ကမ္ဘာ့စီးပွားပျက်ကပ်ဆိုက်ရင် သန်ဘက်ခါ အားလုံး အလုပ်လက်မဲ့ဖြစ်သွားနိုင်တာပဲ။ သိပ်အများကြီး မမျှော်လင့်ဘဲ၊ ကိုယ့်ဘဝကို ကျေကျေနပ်နပ်ပြည့်ပြည့်ဝဝနေသွားနိုင်ရင် အသေဖြောင့်တာပေါ့။
မာရီယိုဟာ မှိုစားမိပြီး ကြီးလာလိုက် လိပ်နဲ့ဝင်တိုက်မိရင်ပြန်သေးသွားလိုက်နဲ့ နောက်ဆုံးမှာ အလံတိုင်ကို အမှတ်အများဆုံးရအောင်ခုန်လိုက်တာဟာ လူ့ဘဝကို အတိုဆုံး အကျဉ်းချုံးဖော်ပြချက်ပဲ။ ငယ်ဘဝက ဂိမ်းဟာ တစ်သက်လုံးစာ လုံလောက်တဲ့ ဒဿနဖြစ်နေတာမျိုးဟာ အံ့သြစရာကောင်းတယ်။
ပေပါတိုရှည်ဟာ ကြွပ်ရွတယ်။ ရိုးရိုးတိုရှည်ဟာ နည်းနည်းပျော့တယ်။ ဘဝဆိုတာ တိုရှည်တစ်မျိုးမျိုးကို ရွေးစားဖို့လူဖြစ်လာတာလည်းဖြစ်နိုင်တယ်မဟုတ်လား။ စကားလုံးတွေထက် အစားအသောက်ဟာပိုအရသာရှိတယ်လို့ ပရမတ်ကျကျဆင်ခြင်ရင်း ......။
Regards,
Z
Peace B with U.