Tuesday, August 5, 2014

လမ်းခုလတ်တွင်

လမ်းခုလတ်တွင်


လမ်း
ခု
လတ်
တွင် ....။

ကျကျန်ရစ်ခဲ့သော ပန်းပွင့်ဟောင်း၏ ဒဏ္ဍာရီဆန်သော ခြောက်သွေ့မှု။ အငွေ့ပျံနေသော သွေးများဖြင့် နီရဲသော နေဝင်ချိန်ဂီတအကြောင်း တသုန်သုန်ဖြတ်သန်းသွားသော လေစီးကြောင်း၏ နာမတော်ဖြင့် ငြိမ်သက်သူတစ်ယောက် နေကောင်းစွာကျန်းမာနေသည်။

အလွန်ရှည်လျားသောကြောင့် နားလည်ရခက်သော ဝါကျများဖြင့် တည်ဆောက်သော ရှုပ်ပွပွ၊ပွယောင်းယောင်း လောကဓံဥခွံအတွင်းတွင် သူ့ဘဝကို သူကိုယ်တိုင် ဝပ်နေသည်။ သရဲခြောက်သော အိမ်တစ်ခုဆီမှ ကြေကွဲဖွယ်စုတ်ထိုးနေသော အိမ်မြှောင်များ၏ သိစိတ်မဲ့ခြောက်လှန့်မှုတစ်ခုလိုလို၊ လမ်းခွဲရောင်နွေဦး၏ အနက်ရောင် ဥသြများ။ အစိမ်းရောင် ဥသြသံများ။ Simon နဲ့  Garfunkel တို့နှစ်ယောက်ကတော့ ပျော်ရွှင်စွာ သီချင်းဆိုနေတုန်းပင်ဖြစ်သည်။

ကားတစ်စီး၏ လက်ကိုင်ခွေတစ်ခုသည် သိစိတ်မဲ့ရွေ့လျားနေသည်။ မြန်မာဇာတ်ကားထဲတွင် အတည့်မောင်းနေသော ကား၏ လက်ကိုင်ခွေကို ဟိုလှည့်ဒီလှည့်လုပ်နေသော ရိုက်ချက်တစ်ခုလိုလို ဘဝသည် ဘယ်ဆွဲဆွဲ တည့်တည့်ကြီးသွားနေသည်ကို အချိန်လွန်မှသိလိုက်ရသည်။ မြေဖို့လိုက်သော လူစားသည့်ရေကန်သည် ဘဝပျက်သွားသလိုလိုဖြစ်သွားသည်။ ခြောက်လှန့်ခံအရာသည် တစ်ခါတစ်ရံ ခြောက်လှန့်သူလည်းဖြစ်နေတတ်ပါသည်။ အချိန်ပေး၍ လက်စားချေနေသော စိန်ပန်းပွင့်များ၏ ရဲရဲတောက် ပွင့်လွှာချပ်များသည် မြေပြင်အနှံ့။

မလေးရှားပိတောက်ပင်များက ပိတောက်ပင်များကို အစားထိုးသွားသည်။  အနှစ်လေးဆယ်၏မြင်ကွင်းသည် ချို့တဲ့သော ရောင်စဉ်တန်းများ၏ ခွန်အားဖျော့တော့လာမှုပင်ဖြစ်သည်။ ဓာတ်ကြိုးများ အိတွဲကျလာသည်။ အမြင့်ပျံငှက်များ အတောင်ညောင်းစပြုလာပြီဖြစ်သည်။ go Pro ကြော်ငြာမှ ကင်မရာလွယ်ငှက်တစ်ကောင် အီကွေတာရာသီဥတုတစ်လျှောက် အတောင်ညောင်းသည်အထိ ပျံစပြုလာပြီး ပင်လယ်တစ်ခုထဲသို့ ငုပ်လျှိုးသွားခဲ့ကြောင်း၊ ရေဘဲများနှင့်တွေ့ဆုံ၍ ရှည်လျားကျယ်ပြန့်သော ကောင်းကင်ကို ကန့်လန့်ဖြတ်ပျံသန်းသွားရန် ညှိနှိုင်းခဲ့ကြောင်း၊ နောက်နောင် အတောင်တွင် ဝန်ပိုမတင်လိုသည့်အကြောင်းသီချင်းလုပ်ဆိုသွားရန် ဆုံးဖြတ်ခဲ့သေးကြောင်း ကျယ်ကျယ်ပြန့်ပြန့်နားလည်ကြဖို့ကောင်းသည်။

ရှေးဟောင်းအဆောက်အအုံ နီနီကြီးမှ အက်ကြောင်းအို နီနီကြီးသည် လှပနေသည်။ အမိုးအမြင့် ၁၃ ပေကျော်သည်နှင့် အသက်ရှူဝလာသည့် လူ့သဘာဝကို မေဆင်များသာ နားလည်ခဲ့သည်။ ဂေါ်ဿစ်ထဲတွင် ၂၄ ပစ္စည်း၏ အငွေ့အသက်များရနေသည်။ အမိုးခုံးများသည် မိုးကုတ်စက်ဝိုင်းကို သတိရစေပြီး အချွန်အတတ်များသည် စော်လမွန်ဘုရင်၏ ဘုရားကျောင်းဆောင်ကို အမှတ်ရစေသည်။ တြိဂံ၏ ညီညွတ်ပြည့်စုံမှုသည် ခိုင်ခံ့မှုကို ညွှန်းဆိုနေသည်။ အရှေ့တိုင်းသည် အဝိုင်းကို ဗဟိုပြုခဲ့သည်။ စောသောခေတ်က ထုထည်တိုင်းနည်းသည် ဂြိုဟ်သားများ ကျကျန်ရစ်သည့် ဂဲသြမေထရီလည်းဖြစ်သလို၊ သိမ်မွေ့သော အလှတရားလည်းဖြစ်သည်။ pillars များသည် templer knights များ၏ ငယ်ဘဝကိုညွှန်းဆိုဟန်တူသည်။ နေရာတကာတွေ ပိရမစ်များကိုတွေ့နေရသည်။ အီလူမီနတီနှင့်မေဆင်များ၏ဆုံမှတ်တွင် သမိုင်းဝင်အဆောက်အအုံတစ်ခုရှိခဲ့သည်။အလွန်လှသော အနုပညာသည် အဆောက်အအုံများနဲ့ကျောက်တုံးစီပညာများအဖြစ်တည်ရှိသည်။ ဘိလပ်မြေတစ်မှုန့်မှမပါသော အချိုးညီကျောက်စီပညာသည် ကျွန်စနစ်၏ အမွေအနှစ်ဟုတ်ဟန်မတူ။ ခေါက်ချိုးညီဂြိုဟ်သားတစ်ယောက်၏ ကွန့်မြူးချက်အသေးအမွှားတစ်ခုသာဖြစ်လိမ့်မည်။

တိမ်တောက်နေသော ကောင်းကင်ကို ငေးကြည့်ဖို့ မေ့လျော့နေသောသင်သည် ပျင်းရိသူသာဖြစ်ပါသည်။ ကောက်ကွေ့သောလမ်းများကို အတည့်အတိုင်းလျှောက်ကြည့်နေသော နေလမ်းကြောင်းတစ်လျှောက် ခေါင်းငုံ့လျှောက်သွားသော လူအလေးတစ်ယောက်အကြောင်းကို မည်သည့် အတ္ထုပ္ဗတ္တိဆရာကမှ အထွေအထူးမှတ်တမ်းတင်မနေတော့ပါ။ စန္ဒရားသံ၏ ညာလက်အရွေ့အပြောင်းကို ချီးမွမ်းကြသော်လည်း ဘယ်လက်၏ ကျောရိုးပြုထားသော တီးလုံးများကို မေ့လျော့ပစ်လိုက်ကြပုံမှာ ပေါ့ပေါ့ပါးပါးရှိလှသည်။ ဒုတိယတန်းစားမိတ်ဆွေများကို ပထမတန်းစား မိတ်ဆွေနှင့် လဲလှယ်လိုသောလူများသည် တတိယတန်းစားရန်သူများနှင့်သာထိုက်တန်ပါလိမ့်မည်။

အေးခဲနေသော အခန်းအတွင်းမှ အနွေးဓာတ်ကို ရှာဖွေနေသော ဝိညာဉ်တစ်ကောင်အတွက် ဆောင်းရာသီသည် အဆိုးရွားဆုံးမိတ်ဆွေဆန်ခဲ့လိမ့်မည်။ အနီးဆုံးမလာရဲသူများသည် အဝေးတွင်သာနေသင့်သည်။ မိမိနှင့်ထိုက်တန်သော ရာသီဥတုမှအပ မည်သည့် မိုးလေဝသကိုမှ မမျှော်လင့်ကြပါနှင့်။ ကောင်းကင်နှင့်မြေကြီးသည် ငြီးငွေ့ဖွယ် ပျင်းရိမှုနှင့် ပြည့်နှက်လျှက်။

လာလမ်းအတိုင်းလျှောက်ပြန်ခြင်းသည် လူ့ဘဝဆန်သော လမ်းလျှောက်ထွက်ခြင်းဖြစ်ပါသည်။ ကိုယ်လွှတ်ခဲ့သော ငါးကလေးများ ရှင်သန်ပြီး၊ ကိုယ်လွှတ်ခဲ့သော ငှက်ကလေးများ လောကသစ်တွင်ရှင်သန်မည်ဟု ယုံကြည်နေရန်သာလိုပါသည်။ ပျင်းရိသော မြွေတစ်ကောင်၏ ညနေများသာဖြစ်သည်။ ကျားသစ်တစ်ကောင်တိတ်တိတ်လေးရေကူးရောက်လာမှန်းမသိလိုက်သော မိချောင်းတစ်ကောင်၏ နောက်ဆုံးအကြိမ် အံ့သြစိတ်နှင့်အတူထွက်ခွာသွားသော အသက်၏ ပြောင်းလွယ်ပြင်လွယ်ဖြစ်လွန်းမှုသည် အံ့သြစရာအတိ။

အောင်မြင်မှုများ၏ တန်ဖိုးမဲ့ခြင်းနှင့်အတူ၊ စုသိမ်းမိသော အမှိုက်များ၏ ကျစ်လျစ်စုဖွဲ့လာမှုသည် လူ့ဘဝ၏ အကြပ်အတည်းတစ်ခုဖြစ်ပါသည်။ မလိုအပ်သည့်အရာတော်တော်များများ စုဆောင်းမိလာခြင်းသည် အသက်ကြီးလာခြင်း၏ လက်မမီသောနေရာမှ ယားယံမှုတစ်ခုပမာ ကသိကအောင့်ဖြစ်စေလှသည်။ လူ့လောကကြီးအတွက်လည်း ဘာမှ လုပ်ချင်စိတ်မရှိ၊ မတော်သူသေစံနှုန်းဖြင့် လူများလွန်းသော နိုင်ငံများ(ဥပမာ ဘင်္ဂလားဒေ့ရှ်နှင့် တရုတ်)ကို အနုမြူဗုံး ခုနစ်တန်စီကြဲလျှင် သင့်မည်လောဟူသော အမေးကိုပင် လွယ်လင့်တကူ ပျင်းပျင်းရိရိ ခေါင်းငြိမ့်ပြမည့်သူ ဖြစ်မှန်းမသိဖြစ်လာသည်။ လူနည်းနည်းလောက်နည်းသွားလျှင် ကျန်ရစ်သူများ အခြေအနေကောင်းနိုင်သည်ဟူသော The Lost Symbol ကအယူအဆကပင် ဟုတ်တုတ်တုတ်ဖြစ်လာသည်။ အင်မတန်သေလွယ်သော ဗိုင်းရပ်စ်တစ်ခုခုရောက်လာမှအေးမည်ဟုထင်လာသည်။ မိမိကဲ့သို့ ငြီးငွေ့လာသူများစုဖွဲ့မိလျှင် အင်မတန်အန္တရာယ်ကြီးသော လောကသစ်တစ်ခုဖြစ်လာလောက်သည်။

ဘာသာရေးစစ်ပွဲများ၊ အဓိကရုဏ်းများ၏နောက်မှ ချယ်လှယ်သူတစ်ယောက်ကို မကြာသေးမီကတွေ့လိုက်သေးသည်။ သူ၏စွမ်းအားမြင့် ချယ်လှယ်မှုဖြင့် ၉၆၉ အသင်းအဖွဲ့များဖြစ်လာသည်။ နေရာတကာ အဆင်သင့်ရှိသော သူ၏ဉာဏ်ရည်မြင့်မားမှုသည် ကြောက်စရာကောင်းသည်ဟုပင်မထင်မိတော့။ မျက်စိမှိတ်ထားသောကြောင့် လက်မမှန်သော ပေါက်ဓားဆရာများကို ကြောက်မနေတတ်တော့။ လူတစ်ယောက် အပျော်ရွှေ့လိုက်သော အကွက်တွေကို အဟုတ်ထင်နေသော သူငယ်လေးများ၏ဘဝသည် ဇာတ်နားပြီးသား ဇာတ်ကားတစ်ကားကို ထပ်မံ၍ကြည့်ခွင့်ရနေသည့်ပမာ။ အနာဂတ်တွင် ပညာကောင်းစွာမတတ်သောသူများသည် လှည့်စားတတ်သူများ၏ စစ်တုရင်စတေးကွက်သစ်များဖြစ်လာကြဦးမည်ဟုတွေးမိပြီး အရောင်လက်သွားသောမျက်လုံးများဖြင့် လေတစ်ချက်ချွန်လိုက်သောသူသည် ရက်စက်သူမဟုတ်လျှင် ပျော်တတ်လွန်းသူသာဖြစ်လိမ့်မည်။

Joker ပြောသည့် အဆင့်မြင့် ဗီလိန်တစ်ယောက် လိုအပ်နေသော လောကကြီးသည် မကြာမီ ဆန္ဒပြည့်ဝရဦးမည်ဖြစ်သည်။ မလေးရှားလေကြောင်းလိုင်း စီးရုံမျှဖြင့် အသက်စွန့်ခြင်းပါရမီကိုဖြည့်နိုင်ပြီဟု သူငယ်ချင်းတစ်ယောက်ကဆိုသည်။ သေဆုံးခြင်းကို သိပ်ဆိုးဆိုးရွားရွားမထင်ထားလိုက်ကြပါနှင့်။ ဟိုဘက်ကမ်းတွင်လည်း ဒီဘက်ကမ်းမှာလို အစုံအလင်ရှိသေးသည်ဟု နှလုံးသွင်းနိုင်လျှင် ပျော်စရာပင်ကောင်းနိုင်ပါသည်။ တိတ်ဆိတ်ခြင်း၏ ညီညွတ်ပြည့်စုံသောအသံသည် ရွှင်လန်းဝမ်းမြောက်မှုကိုဖြစ်စေသည်ဟုထင်ပါသည်။

လွန်ခဲ့တဲ့ခုနနှစ်က ဆုံးသွားတဲ့ ဘဂျီးတာရာမင်းဝေလည်း ရောက်လေရာဘုံဘွမှာ ငြိမ်းချမ်းစိမ်းလန်းနေလောက်ပြီထင်သည်။  သွားနှင့်သူများလည်း သွားနှင့်ကြပြီ။ ကျန်ရစ်နေသူများလည်း သွားရန်အသင့်ဖြစ်နေလောက်ပြီထင်သည်။

ရေငုပ်ရင်း လမ်းခုလတ်မှာ အောက်ဆီဂျင်ပြတ်သွားသော နဂါးဟု သူ့ကိုယ်သူဆိုသည်။ ပျော်စရာအတန်အသင့်ကောင်းသော အလွမ်းဇာတ်သာဖြစ်သည်။

ကျွန်တော်တို့သတိတရရှိကြောင်း ဘဂျီးသိစေချင်သည်။             ။

Regards,



Peace B with U.

Sunday, August 3, 2014

ဘီလူးများ

ဘီလူးများ

နတ်ဘီလူးတွေကို အရှေ့တိုင်းမှာတော့ တော်တော်များများ ယုံကြည်ခဲ့ကြတယ်ထင်တယ်။ အခြေခံ လက္ခဏာတွေလည်း တူညီပုံရတယ်။ ဘီလူးတွေကို ဘာသာရေးနယ်ပယ်ကနေ ယဉ်ကျေးမှုနယ်ပယ်ကို တင်သွင်းခဲ့ကြတာဖြစ်မယ်။ ယဉ်ကျေးမှုနယ်ပယ်ရောက်လာတဲ့အခါမှာ အနုပညာလက်ရာအနေနဲ့ ထိန်းသိမ်းပြုပြင်လိုက်ကြပုံပေါ်တယ်။

အနုပညာပစ္စည်းတစ်ခုဖြစ်လာတဲ့အခါ ဘီလူးဟာလည်း အနုပညာ တန်ဖိုးရှိလာတယ်။ စာပေကျမ်းဂန်ထဲက ကြောက်စရာကောင်းမှုဆိုတဲ့ ဝိသေသကို အနုပညာမှာ ပြောင်းလဲယူကြတယ်။ ယုံတမ်းပုံပြင်တွေမှာပါတဲ့ သဘောကောင်းတဲ့ဘီလူးတွေမှာလည်း မူရင်းကနေ ခြားနားလာတဲ့ ဝိသေသတွေရှိလာတယ်။

ဘီလူးတွေကို စစ်သေနာပတိတွေ၊ နတ်စစ်သည်တွေအနေနဲ့ဖော်ပြတာလည်းရှိတယ်။ ရက်စက်တဲ့စိတ်အခြေခံရှိတဲ့ကြမ်းကြမ်းတမ်းတမ်း သတ္တဝါတွေအနေနဲ့ဖော်ပြတာရှိတယ်။ ကြိမ်းမောင်းရုံနဲ့ ရန်သူတွေလဲပြိုသေဆုံးနိုင်တဲ့အစွမ်းရှိတဲ့အကြောင်းလည်း ဖတ်ရဖူးတယ်။

သွားဆရာဝန်တွေကတော့ သွားစွယ်လေးနှစ်ခုကိုက ဘီလူးရဲ့ ဖက်ရှင်လို့ပြောတယ်။



အပေါ်က ဘီလူးဟာ မကွေးမြသလွန် နံရံပေါ်မှာ ပုဆိုးပြင်ဝတ်နေတဲ့ဘီလူးပေါ့။ ဘီလူးဟာ ဒေါသထွက်ရင် ဘွဲ့ဖြူပုဆိုးနဲ့ပစ်ပေါက် တိုက်ခိုက်တယ်ဆိုတယ်။ ကမ္ဘာမှာ ပုဆိုးချွတ်ပြီး တိုက်ခိုက်တဲ့ အဆန်းကြယ်ဆုံး ကိုယ်ခံပညာရှင်ဟာ အနှီဘီလူးတွေပဲ။


ဒီဘီလူး ပြုံးတုံးတုံးလုပ်နေပုံက ချစ်စရာခင်စရာလေး။ ပြုံးရင်လှတယ်ဆိုတာ ဒီဘီလူးရုပ်လေးကြည့်ရုံနဲ့သိနိုင်တယ်။ ပုဂံမှာရိုက်ခဲ့တာလို့တော့မှတ်မိတယ်။ စွယ်တော်လေးဆူက တစ်ဆူဆူမှာ ရိုက်ခဲ့တာဖြစ်နိုင်တယ်။ မနက်စောစောစီးစီးရိုက်လာတာ။ ခင်ဗျားတို့လည်းပြုံးပြုံးနေ။ ပြုံးနေရင် ဘီလူးတောင်မှ ချစ်စရာကောင်းတယ်။


ဒီဘီလူးကတော့ နောက်ပိုင်းခေတ်မှာ ပြန်သတဲ့ဘီလူး။ တစ်ကိုယ်လုံးမဟုတ်တော့ဘူး။ ဘီလူးခေါင်းပဲ။ အပေါ်မှာ ဆံပင်ထောင်ထားတဲ့ပုံ၊ မျက်ခုံးမွှေးကို ဘီးနဲ့ဖီးထားတဲ့ပုံတွေအရ ဘီလူးတွေဟာ အမွှေးအမျှင်တွေကို သပ်သပ်ရပ်ရပ်ထားတဲ့ ပါစင်နယ်လတီရှိတယ်လို့ ခန့်မှန်းရတာပဲ။ ပုဂံမှာတွေ့ခဲ့တာပဲ။


မြနန်းနွယ် အစိမ်းရောင် ပုဝါလေးခြုံတာကို ဘယ်လိုမှ သဘောမထားမိဘူး။ ထူးခြားတယ်။ ဆန်းကြယ်တယ်မထင်မိဘူး။ ဒါပေမယ့် ဘုရားတွေပေါ်မှာ ဘီလူးမတွေကို ပုဝါစိမ်းတွေဆင်ကြတာကိုတော့ အံ့သြစရာထင်မိတယ်။ အပေါ်က ဘီလူးနှစ်ကောင်မှာ အစိမ်းရောင်နဲ့ ပန်းရောင် ဇာပုဝါတွေခြုံထားတော့ ဘီလူးတွေဟာ ဖက်ရှင်မှာ ထိပ်တန်းကရှိတယ်လို့ ခန့်မှန်းမိတယ်။ ဒီဘီလူးနှစ်ကောင်က မကွေးမြသလွန်ကပဲ။

ဒီဘီလူးကတော့ facebook မှာ တော်တော်ကျင်လည်ခဲ့တဲ့ like ဘီလူး။ ရွှေတိဂုံဘုရားမှာ ထိုင်နေတာတွေ့ခဲ့တယ်။ မာနလည်းကြီးပုံရတယ်။ မြေတစ်စတုရန်းလက်မ တစ်သိန်းလောက်ရှိတဲ့နေရာမှာ ထိုင်နေတာဆိုတော့ မာနကြီးသွားတာဖြစ်မယ်။ ရွှေရောင်နဲ့အစိမ်းတွေကတော့ သွားလေသူ ဂန်ဓာရီ ဆှာကြီးရဲ့ယတြာရောင်ပဲ။ ဘာပဲဖြစ်ဖြစ် နည်းနည်းမှ ကြောက်စရာမကောင်းတော့တာဟာ အနုပညာရဲ့ပြောင်းလဲပစ်မှုတစ်ခု။


အပေါ်က ရောင်စုံ ဘီလူးစုံတွဲကတော့ ကျိုက်မရောက။ ဖက်ရှင်တွေ လန်းနေတာတွေ့ရလိမ့်မယ်။ အပေါ်မှာမျက်နှာဖုံးမပါရင် ဘီလူးမတွေဟာ အသားဖြူတယ်ဆိုတာကို နားလည်မိသွားနိုင်တယ်။ မွန်အနုပညာရှင်တွေဟာ အသားဖြူတာကို အင်မတန်ဦးစားပေးတယ်။ ဘုရားဆင်းတုတော်တွေကိုလည်း ဖြူဖြူဖွေးဖွေးအသားအရည်မျိုးထုလုပ်ပူဇော်ကြတယ်။ မွန်တွေက အသားအရည်ထိန်းသိမ်းမှုကို ဦးစားပေးတယ်။ ရှေးခေတ်က ရှင်စောပုလက်ထက်မှာ spa တွေရှိခဲ့ပုံရတယ်။ ကဲ အဲဒါတွေထားပါတော့။ ဘီလူးတွေကို ပုဝါဆက်တဲ့ အလေ့အထရှိတာ သတိထားမိတယ်။ ဘီလူးအထီးတွေက ဘွဲ့ဖြူချွတ်ပေါက်တာ ပြဿနာမရှိပေမယ့် ဘီလူးမတွေအတွက်တော့ ဒီအကွက်ဟာ သိပ်မသုံးသင့်ဘူးလို့ ကျွန်တော်ယူဆတယ်။ အပိုတစ်ထည်ယူသွားပြီး ပေါက်ချင်ပေါက်ပေါ့။ ရှိတာချွတ်ပေါက်တာကတော့ ဘီလူးမအနေနဲ့ မတင့်တယ်ဘူး။ အဝတ်အစားဖက်ရှင်တွေအရ မွန်ပြည်နယ်က ဘီလူးတွေက ထိုင်းဘက်က အထည်ဆန်းတွေ အစောဆုံးဝတ်ဆင်ပြီး လန်းခဲ့ကြတယ်လို့ ခန်းမှန်းမိတယ်။

ဘီလူးတွေက စီးတော်ယာဉ်ဆန်းတွေရှိတယ်ဆိုတာ မွန်ပြည်နယ်ရောက်တုန်းက ကျွန်တော်သိခဲ့ရတယ်။ ဘီလူးတွေက ခြိမ်းခြောက်ရင် ဖိနောင့်နဲ့ပေါက်ပြီးအော်တယ်။ အဇပါလဆိုတဲ့ ဘီလူးဖိနောင့်နဲ့ပေါက်တာ ယူဇနာ ၆၀ (မိုင်ခြောက်ရာလောက်) ရှိတဲ့တောင်ထွတ်ကြီးတစ်လုံး အမှုန့်ဖြစ်သွားတယ်ဆိုတယ်။ MMA မှာ ချောင်ပိတ်မိနေရင် ခြေထောင့်ကို ဖိနောင့်နဲ့ပေါက်ကြတာ ဘီလူးတွေဆီက စတဲ့ တိုက်ခိုက်နည်းပဲ။
ဒေါသထွက်ရင် အကုလ၊ပကုလဆိုလား အဲဒီလိုအော်တယ်တဲ့။ အသံက ကျယ်လွန်းလို့ ဝရဇိန်လက်နက်ဆယ်ခုနဲ့ပစ်သလောက်ရှိတယ်လို့ပြောတယ်။
အာဠာဝကကတော့ ဂေါ်ဇီလာဘက်က ဆင်းသက်တဲ့ဘီလူးလို့ ကျွန်တ်ာယူဆတယ်။ ကမာဝက် မွန်ကျောင်းမှာဆွဲထားတဲ့ ပန်းချီကားအရ ဘုရားကို မီးနဲ့လှမ်းမှုတ်နေတာ ကျွန်တော်တွေ့ခဲ့တယ်။ မာဖလာပတ်ထားတာကလည်း ကိုရီးယားမင်းသားကျနေတာပဲ။ မာဖလာမဟုတ်ဘူး ဝတ်ရုံဆိုတော့လည်း စူပါမင်းတို့၊ ဘတ်မန်းတို့ထက် စောတယ်။ ဘီလူးတွေက အမှုန့်ကြိတ်ပစ်မယ်လို့ ခြိမ်းခြောက်တတ်လို့ ဒေဝယက္ခဆေးကြော်ငြာမှာ အဖုအကျိတ်တွေ ပေါင်ဒါဗူးထဲထည့်လို့ရအောင် အမှုန့်ဖြစ်သွားစေရမယ်လို့ ကြော်ငြာတာကြားဖူးတယ်။

ရှင်သာရိပုတ်၁၀၀ သမာပတ်ဝင်စားနေတုန်း ကိုယ်ပျောက်ဘီလူးတစ်ကောင်က ခေါင်းတုံးပြောင်လို့ ခေါင်းကို ထုချသွားတယ်ဆိုတဲ့ဟာလည်း ဒေါက်တာနန္ဒမာလာဟောတာ ကြားဖူးတယ်။ ခေါင်းခေါက်တဲ့ဆရာတွေဟာ အဲဒီဘီလူးဘက်က တိုက်ရိုက်ဆင်းသက်လာတာပေါ့။

ဘာပဲဖြစ်ဖြစ်ဗျာ။ အလေးအနက်ကြီးတွေမလုပ်ဘဲ အပျော်သဘောနဲ့ ဘီလူးအကြောင်း အမှတ်တရပြောလိုက်တာပါ။ မှတ်သားစရာလဲမပါပါဘူး။ ပျော်ရုံပဲ။

Regards,
Z



Peace B with U.