နဂါးရုပ်မင်သေ့နဲ့ကောင်မလေးဟာ ဆိုင်ကယ်ကို အပြင်းမောင်းထွက်သွားတယ်။
လကွယ်ည ခေါင်းလောင်းသံတွေ တိုးဝင်နေတဲ့ ဒီဇင်ဘာ ....။ ကြွေဖို့ပွင့်တဲ့ ပန်းပွင့်များ တသွဲ့သွဲ့နှင် လေညင်းလမ်းကြောင်းမှာ တနွဲ့နွဲ့ ကခုန်နေကြတယ်။ ဒဏ်ရာများဟာ ရုပ်ကြွဖြစ်ပေါ်လာတယ်။ နာကျင်မှုဟာ အမြဲတစေ မလှပပေမယ့် ခမ်းနားသက်ဝင်လွန်းနေတယ်။ အချစ်မှာ အရောင်မရှိပါဘူး။ အဝေးပြေးလမ်းကို ဖြတ်ကူးနေတဲ့ ခရုလေးလို သည်းထိတ်ရင်ဖိုဆန်လွန်းခဲ့ရုံသက်သက်။
ဖြတ်ရိုက်လိုက်တဲ့သံတုတ်ဟာ နံရိုးပေါ်တည့်တည့်။ အရိုးတစ်ချောင်းကျိုးသွားတယ်။ မနာပါဘူး။ အရိုးတွေပြန်ဆက်သွားရင် အကျိုးဟာ အကောင်းပြန်ဖြစ်သွားတာပါပဲ။ ကြွေနေတဲ့ပန်းပွင့်ကို နံရံမှာ ကော်နဲ့ကပ်ထားတယ်။ ပင်အပ်သုံးချောင်းနဲ့ထိုးစိုက်ထားတဲ့ ဖယောင်းသုတ် ညောင်ရွက်လေးမှာ ငါတို့ငယ်ဘဝက လက်မှတ်လေးရှိတယ်။ အသည်းမခွဲကြေး ကစားနည်းထဲ တစ်စုံတစ်ယောက် ထမင်းရေပူစည်းနင်းမိထားတယ်။
တီးလုံးဟာ ဘေ့စ်လိုင်းရဲ့ အကျယ်အဝန်းရှိသလောက်ပဲ အနုစိတ် ဖော်ဆောင်နိုင်မှာပေါ့။ ငါတို့ဘဝရဲ့ ကျဉ်းမြောင်းမှုထဲမှာ ဟာမိုးနစ်သံတွေ ကျွံဝင်သွားတာ လွမ်းစရာ။ Tears in Heaven ကို တစ်ယောက်က ဂစ်တာတီးနေ၊ မအောင်မြင်တဲ့သီချင်းကို တစ်ယောက်က စပ်နေ၊ မဖြစ်ထွန်းတဲ့ အဆိုတော်ကလည်း နူးညံ့တဲ့အသံနဲ့ အလွမ်းဖွဲ့တေးကို ဆိုနေ။ ဒီဇင်ဘာမှာ ဘာမှ ပြန်မရနိုင်တော့မှန်း ငါတို့ ကြိုသိခဲ့ကြတာပဲ။ ခဲလုံးကို အဝေးဆုံးပစ်နိုင်တဲ့သူဟာ နိုင်တယ်တဲ့။ ငါတို့ဘဝရဲ့ တစ်ခုတည်းသော ကစားနည်း ဆိုပါတော့။ လွမ်းဆွတ်ခြင်းတွေ ဘယ်သူ ဘယ်လောက်အထိ ရောက်ခဲ့လဲ မမေးကြေး။
ကံကော်ရွက်နုလေး တစ်ရွက်စာ လှပခဲ့ပါတယ်။ သက်တမ်းကို မေ့ထားလိုက်ရင် ရှင်သန်ချိန်အတွင်းမှာ အလှဆုံး သစ်လွင်ခဲ့တာပေါ့။ တစ်ယောက်က Cannon in D ကို တီးရင် တစ်ယောက်က မင်္ဂလာဆောင်ရမှာပေါ့။ လောကရဲ့ စီးကြောင်းထဲ ကိုယ်လုပ်ချင်တာတွေ လျှောက်လုပ်ပစ်လိုက်ဖို့ မမေ့လျော့ကြေး။ တေးဆိုတဲ့ တိမ်တွေ ပြိုကွဲသွားတာကို ငေးကြည့်ရင်း ငိုမိတဲ့အရွယ်က လွန်မြောက်ဖို့လိုပြီ။ ဦးနှောက်ရဲ့ ဘယ်ဖက်ခြမ်းကို ချိတ်ပိတ်ပြီး ရုပ်တည်နဲ့ မုန့်တီသောက်ရမယ့် အရွယ်ရောက်ရင် ရည်းစားစာဆိုတာ ရှေးရှေးတုန်းကနဲ့ အစမချီတဲ့ ပုံပြင်လှလှတွေ။ အဏုကြည့်မှန်ပြောင်းထဲက ပိုးကောင်လို ချစ်ခြင်းတရားဟာ ကြောက်စရာကောင်းလောက်အောင် ကြီးမားခဲ့ပါတယ်။
ဆဲလ်တစ်ခုထဲ သတ္တဝါရဲ့ ချစ်ခြင်းတရားဟာ ကျယ်ပြန့်ခဲ့ပုံရတယ်။ မနေ့က နေရောင်ကို ဖန်လုံပုလင်းထဲ သိမ်းထားချင်ခဲ့မိတာ ... အမှတ်တရပါပဲ ..........။ အနုသယ အမှုန်အမွှားတွေနဲ့ ဒဏ်ရာများဟာ လေးနက်လွန်းကြပါတယ်။ ချစ်ခြင်းတရားဟာ မှုတ်ထုတ်လိုက်တဲ့ စီးကရက်ငွေ့လေး တစ်ခုထက်ပိုကြောင်းသိဖို့ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့တာပေါ့။ ဆူးစူးထားတဲ့ အိမ်မက်များစွာရဲ့ တခုတ်တရ သိမ်းဆည်းမှုဟာ နောင်တလို့ပဲ ဆိုကြပါတော့။
ခြံဝင်းရှေ့က အရိပ်လေးကို လွမ်းတဲ့နေ့ ..... ကြွေနေသမျှ သစ်ရွက်တိုင်းဟာ ...... ဥသြငှက်ဆန်လွန်းတယ်။ ဇင်ဆရာကြီးကတော့ ဥယျာဉ်မှာ သစ်ရွက်ကြွေမရှိရင် မပြည့်စုံဘူးတဲ့။ ချစ်ခြင်းတရားမှာ အလွမ်းမပါရင် အထီးကျန်လွန်းမယ်။
ကျူးးလစ်ပင်ကို ရေခဲသေတ္တာထဲမှာ စိုက်ကြရအောင်။ တိမ်တွေပြာတဲ့နေ့ .... ကောင်းကင်ကို မော့ကြည့်ရင်း သူပြောတယ်။ .... လရောင်ကို သိမ်းထားလို့ရရင် မင်းတစ်ဘဝစာ သိမ်းထားပေးချင်တယ်လို့ အလားတူ အရူးတစ်ယောက်က ပြောတယ်။ ရူးသွပ်ခြင်းဟာ နယ်စည်းမခြားပါဘူး။ ဂုဏ်သိက္ခာကြီးမားသူရဲ့ မာနတရားလို တသီးတခြား ဖြစ်မနေဘူး။ ရူးသွပ်ခြင်းဟာ အခြားအရူးတစ်ယောက်ကို ပြည့်ဝတဲ့ လွတ်လပ်ခွင့် ပေးတယ်။ တောင်ပေါ်က အိမ်လေးမှာ ဆန်ပြုတ်ဘုန်းပေးတဲ့ ကျောင်းဆရာက ကျယ်ပြန့်တဲ့ မြက်ခင်းဟာ သူ့ရဲ့ကျောင်းတဲ့။ ပုရွက်ဆိတ်ကလေးတွေကို ထိုင်ကြည့်နေမယ့် ကျောင်းသူလေးကို စာဆက်သင်ရမလား ၊ထိုင်စောင့်နေရမလား။ မြေပေါ်မှာ ရေးခြစ်ရင် ကျောက်သင်ပုန်းမလိုပါဘူး။ ကောင်းကင်ကကြယ်တွေကို ရေတွက်တာ သင်္ချာ။ မြင်နေရတဲ့ သက်တံကြီးဟာ မမြင်ရတဲ့အရပ်မှာ ထောက်ပြီးဆွဲလိုက်တဲ့ အဝန်းပြတ်။ သစ်ပင်တွေ ပေါက်ရောက်ပုံက ဖရတ်တယ်ဒိုင်မင်းရှင်း၊ ကလေးငယ်တွေရဲ့ ရယ်သံဟာ ဂီတ၊ သစ်ရွက်လေးကြွေတာ ရုက္ခဗေဒ၊ ချစ်ခြင်းတရားဟာ ဓာတုဗေဒရဲ့ ရူပဗေဒအပေါ် အနိုင်ယူမှုသက်သက်။ သမိုင်းဟာ မြေကြီးတွေ ပြန်တူးကြည့်ရင် တွေ့နိုင်သေးတဲ့ ခမ်းနားမှု၊ နှလုံးသားတစ်ခုကနေ နှလုံးသားတစ်ခုဆီကို သွားလာဖို့ ပထဝီဝင်တော့ တတ်ရလိမ့်မယ်။ တောင်တန်းတွေဟာ၊ နယ်နိမိတ်မျဉ်းတွေဟာ တစ်ခါတစ်ရံ သက်ရှိထင်ရှား ဖြစ်တည်လာတယ်။ ဘာလို့ ချစ်ခြင်းကို ခွဲမလဲ၊ အချစ်မခံရလို့ပဲနေမှာပေါ့။ လောကမှာ အချစ်မခံရတဲ့သူဟာ ချစ်ခြင်းအကြောင်းလည်း နားလည်ဖို့ခက်တယ်။ အဲဒီနေ့ ကျောင်းမတက်ဘူးဖြစ်ဖြစ်နေမယ်။
ငါတို့ လက်ထပ်တဲ့ နေ့ကြရင် ငှက်တောင်နဲ့ မင်ရည်တို့ပြီး ငါ လက်မှတ်ထိုးမယ်။ နင်ကတော့ စာမတတ်တော့ လက်ဗွေနှိပ်ပေါ့လို့ ဆောင်းရာသီတွေက ထထပြီးပြောတယ်။ ထထပြီးပြေးတယ်။ မနက်ခင်းတွေ။ အားကစားကွင်းအထိ ရောက်အောင်ပြေးတယ်။ ကြက်တောင်ရိုက်ပြီး ပြန်မယ်။ ဂျပန်-မြန်မာချစ်ကြည်ရေး တံတားကနေ အရုဏ်တက်စ နေလုံးနဲ့အတူ သပ္ပာယ်နေတဲ့ ရွှေတိဂုံစေတီကို ငေးကြည့်မယ်။ ဘာဝနာဆိုတာ အစဉ်သဖြင့်ပွားများခြင်းဆိုရင် ပြုံးနေတဲ့ မျက်နှာလေးတစ်ခုကို အလေးအနက် ရှုနေတဲ့ သကောင့်သားတစ်ယောက် ဘာဝနာနဲ့မွေ့လျော်တတ်ခဲ့ပါတယ်။
လမ်းတွေဟာ ဘယ်တော့မှ မဖြောင့်ပါဘူး။ ချယ်လိုဟာ တစ်ယောက်တည်းလွမ်းတဲ့ တူရိယာ။ ကမ္ဘာကြီးရဲ့ အဝိုင်းပတ်ထဲ ကိုယ့်စိတ်ဆီ ပြန်ရောက်အောင် လွမ်းရတာ အကွေ့အဝိုက် ဆန်လွန်းနေတယ်။ သက်ပြင်းကိုချလိုက် ပြန်တင်လိုက်လုပ်ရတာ ကရိကထ များတာပေါ့။ ပစ်ချလိုက်တဲ့ အလှူငွေ ပြေးပြေးကောက်နေတဲ့ အလှူခံလို လွမ်းဆွတ်ခြင်းဟာ အမှတ်တရတွေကို ကားကြိုကားကြား ပြေးပြေးကောက်နေတယ်။ ခရေရနံ့ဟာ နည်းနည်းပဲ ကောင်းတယ်။ စံပယ်ရနံ့ဟာ နည်းနည်းပဲ ကောင်းတယ်။ ဒီအောဟာ ထင်သလောက် မမွှေးဘူး။ ရှယ်နယ်ဟာ သူ့ကိုယ်သင်းနံ့မပါရင် အမှိုက်ပုံဆန်သွားမယ် ထင်မိတယ်။ ဘက်လိုက်သမျှ တရားသူကြီးတွေထဲမှာ သမုဒယက ရှေ့ဆုံးရဲ့ရှေ့ဆုံးမှာ ရှိတယ်ဆိုတာ ယုံထားလိုက်။
ချစ်ခြင်းတရားမှာ ဘယ်တော့မှ ရင့်ကျက်မလာတဲ့ လူမိုက်တွေဆိုကြပါတော့။ အချစ်ကဗျာ ဘယ်နှစ်ပုဒ်။ တစ်ယောက်က အေဖိုးစာရွက်လေးထုပ်၊ တစ်ယောက်က အေသရီး လေးထုပ်။ ဒီလူတွေ အသည်းကွဲတာဟာ စာပေလောကရဲ့ ကံဆိုးမိုးမှောင်ကျမှုပါပဲ။ နာတာရှည် ရောဂါတွေထဲမှာ ချစ်ခြင်းတရားဟာ ပျောက်ဖို့ အခက်ဆုံးဖြစ်မယ်။ တိမ်တွေဟာ ခရီးသွားနေတာလား၊ ခရီးက ပြန်လာတာလား။ လေယာဉ်ပေါ်ကနေ မြင်ရတဲ့တိမ်တွေဟာ နီးလွန်းပေမယ့် လှနေတယ်။ တိမ်တွေကို စိုက်ခင်းတစ်ခုလို မြင်ရတယ်။ ရိတ်သိမ်းစရာမလိုတဲ့ အလှတရားဟာ ပြည့်စုံနေတယ်။ ဆောင်းရာသီကို ဆောင်းရာသီလိုပဲ ရင်ဆိုင်ကြရအောင်။ တော်လှန်ရေးကာလမှာ ရိပ်သာဝင်သူဝင်၊ ကဗျာရေးသူရေး၊ ဘာမှမရေးတော့သူကလည်း သူ့ခံစားချက်ကို မိုးပျံပူဖောင်းထဲ ထည့်ထည့်လွှတ်တယ်ကြားတယ်။
အသည်းကွဲတဲ့နေ့ လိုင်းကား ပတ်စီးမယ်ဆိုတဲ့သူကိုလည်း တွေ့ဖူးပြီ။ ညာလက်ဖျံပေါ်က တက်တူးတွေကတော့ မူရင်းအမည်ပေါက်တွေနဲ့ ဝေးကွာမြဲ။ အသည်းကွဲသီချင်းသစ် မရတဲ့သူက လူငယ်ဘဝမှာ အောင်မှတ်မရသူ။ သုံးလေးငါးခါ ဆိုခဲ့သူတွေကြတော့ အသည်းကွဲခြင်းမှာ ဝီရိယလွန်ကဲသူ။ ဒီလိုပါပဲ ရယ်စရာတွေ မရယ်နိုင်ခဲ့တဲ့ အချိန်တွေ၊ အလွမ်းသီချင်းဟာ ထင်တာထက် လွမ်းစရာကောင်းခဲ့ပေါ့။
အိပ်ခန်းထဲ အိမ်ဖွဲ့နေတဲ့ ပင့်ကူတစ်ကောင်ကို မောင်းမထုတ်ရက်ဘူး။ နာကျင်တာတွေကို အိမ်လုပ်ပြီးနေရတဲ့သူတစ်ယောက်ရဲ့ ဘဝကို စာနာမိလို့ပါပဲ။ တစ်နေ့မှာ ပင့်ကူဟာ သူ့အိမ်ရဲ့ အဝေးကို ထွက်သွားးလိမ့်မယ်။ ကြယ်တွေဆီ သူရောက်နိုင်ပါစေလို့ ကျွန်တော်အားပေးနေမိတယ်။ ။
Regards,
Z
ညတစ်နာရီခွဲမှာ ဗစ်ဒယိုကြည့်အပြီး ဝင်ရောက်လာတဲ့ ဆောင်းအိမ်မက်တစ်ခုမျှသာ။
Peace B with U.