Friday, October 31, 2014

အပိုင်း ၅- Creativity - OSHO

မူလာ နရူဒင်ရဲ့ ဇနီးကနောက်တစ်နေ့မှာရောက်လာတယ်။ သူ ကျုပ်ဆီလာခဲတယ်။ သူလာပြီဆိုရင် ကျုပ်သိလိုက်ပြီ။ မိုးမီးလောင်နေလို့ပဲဖြစ်ရမယ်။ ဘာဖြစ်လာတာလဲလို့ ကျုပ်မေးလိုက်တယ်။  သူက မိနစ်သုံးဆယ်လောက်ကြာအောင် စကားလုံးထောင်နဲ့ချီပြောတယ်။ မူလာနရူဒင်က အိပ်နေတုန်း ယောင်ယမ်းပြီး စကားတွေပြောနေတယ်တဲ့။ အဲဒါကျုပ်ကို ကယ်ခိုင်းနေတယ်။ သူစကားတွေအများကြီးပြောနေတော့ ကျမ သူနဲ့တစ်ခန်းထဲ အိပ်လို့မရတော့ဘူး။ သူက အော်ဟစ်ပြီး မဖွယ်မရာတွေပြောနေတယ်။

ကျုပ်ကပြောပြတယ်။ ဘာမှလုပ်နေစရာမလိုဘူး။ နင်တို့လင်မယားနှစ်ယောက် နိုးနေချိန်မှာ စကားစမြည်လေးပြောကြ။

လူတွေဟာ စကားတွေ ဆက်တိုက် ပြောနေတယ်။ တခြားသူတွေကိုတောင် အလှည့်မပေးတော့ဘူး။ စကားပြောတာဟာ ဆေးလိပ်သောက်နေသလိုမျိုးပဲ။ တစ်နေကုန် မရပ်မနား ပြောနေတော့တာပဲ။ နိုးနေတုန်းေ ပြောတယ်။ ခန္ဓာက ပင်ပန်းသွားတယ်။ ခင်ဗျားအိပ်ပျော်တယ်။ ပြောနေတဲ့စိတ်ကလေးကတော့ မရပ်ဘူး။ ဆက်တိုက် ဆက်ပြောနေတော့တာ။ ပြောတယ်၊ ပြောတယ်၊ ပြောပြီးရင်းေ ပြောနေတော့တာ။ အဲဒါ ဆေးလိပ်သောက်ခြင်းနဲ့မခြားလှဘူး။ ပါးစပ်က လှုပ်နေဖို့လိုတယ်။ အဲဒါကလည်း အခြေခံ လုပ်ငန်းဆောင်တာတစ်ခုပဲ။ ပါးစပ်လှုပ်တဲ့ကိစ္စဟာ ခင်ဗျားဘဝ စကတည်းက ပထမဆုံးစတင်ခဲ့တဲ့ လုပ်ငန်းဆောင်တာပဲလေ။

ကလေးလေးတွေ မွေးလာတော့ မိခင်နို့သောက်စို့ကြတယ်။ အဲဒါ ပထမဆုံးနဲ့ အခြေခံအကျဆုံး လုပ်ငန်းဆောင်တာ တစ်ရပ်ပဲ။ ဆေးလိပ်သောက်တယ်ဆိုတာလည်း သားမြတ်ကနေ နို့စို့တဲ့အခါ နို့ရည် စီးဝင်လာသလိုမျိုးပဲ။ ဆေးလိပ်သောက်ခြင်းမှာတော့ နွေးထွေးတဲ့ မီးခိုးက စီးဝင်လာတာပေါ့။ နှုတ်ခမ်းမှာခဲထားတဲ့ စီးကရက်ဟာ မိခင်ရဲ့သားမြတ်ပဲပေါ့။ ခင်ဗျားဟာ ဆေးလိပ်သောက်ခွင့်မရရင် ပီကေဝါးမယ်။ ဟိုလုပ်ဒီလုပ် လုပ်မယ်။ နောက်ဆုံးတော့ စကားပြောတော့တာပဲ။ အဲဒါသိပ်အန္တရာယ်ကြီးတယ်။ ခင်ဗျားက ကိုယ့်အမှိုက်တွေကို တစ်ခြားသူတွေရဲ့ စိတ်တွေထဲ သွန်ချနေတာကိုး။

ခင်ဗျားအချိန်ကြာကြာကြီး တိတ်ဆိတ်နေနိုင်သလား။ စိတ်ပညာဆရာတွေကတော့ပြောတယ်။ ခင်ဗျား သုံးပတ်လောက် စကားမပြောဘဲနေလိုက်ရင် ခင်ဗျားကိုယ်ခင်ဗျား စကားစပြောတော့တာပဲ။ နောက်တော့ နှစ်ကိုယ်ခွဲဖြစ်သွားမယ်။ ခင်ဗျားပြောပြီး ခင်ဗျားနားထောင်လိမ့်မယ်။ အဲဒီလိုနဲ့ သုံးလလောက် နေလိုက်ရင် ခင်ဗျားအရူးထောင်သွားဖို့ အသင့်ဖြစ်သွားပြီ။ ခင်ဗျားဘေးမှာ လူရှိရှိ၊မရှိရှိ ကိစ္စမရှိတော့ဘူး။ ခင်ဗျားဟာ ခင်ဗျား ပြောမယ်။ ပြောရုံမကဘူး။ ကိုယ်ပြောတာ ကိုယ့်ဟာကိုယ် ပြန်ဖြေဦးမယ်။ ခင်ဗျားဟာ လုံးဝကို ပြည့်စုံသွားတော့တာ။ ခင်ဗျား ဘယ်သူ့ကိုမှ မမှီခိုတော့ဘူး။ စိတ္တဇဝေဒနာသည်ဟာ အဲဒီလိုမျိုးပဲ။

စိတ္တဇဝေဒနာသည်တစ်ယောက်ရဲ့ ကမ္ဘာဟာ သူ့စိတ်ထဲမှာ ကန့်သတ်ဖြစ်တည်နေတယ်။ သူဟာ အပြောသမား၊ သူကပဲ နားထောင်သူ။ သူဟာ ပြူမူသူ၊ သူကပဲ စောင့်ကြည့်သူ။ သူ့ဟာသူ အားလုံးဖြစ်နေတာ။ သူ့လောကကြီးကို သူ့ကိုယ်ထဲမှာ ကန့်သတ်ထားလိုက်သလိုပဲ။ သူ့ကိုယ်သူ အစိတ်အပိုင်းတွေ အများကြီးခွဲထုတ်နိုင်သေးတယ်။ အရာရာ အစိတ်စိတ်အမွှာမွှာဖြစ်ကုန်တယ်။ အဲဒါကြောင့်လည်း လူတွေက ဆိတ်ငြိမ်မှုကို ကြောက်ကြတာ။ သူတို့သိတယ်လေ။ တိတ်တိတ်လေးနေလိုက်ရင် လွတ်သွားနိုင်တာကိုး။ ခင်ဗျားဟာ ဆိတ်ငြိမ်ရမှာကို ကြောက်နေသေးသ၍ စိတ်ထဲမှာ အစွဲတွေရှိနေတယ်။ အဖျားရှိတယ်။ ရောဂါရှိတယ်။ အဲဒါတွေက ခင်ဗျားကို လှုပ်ရှားတက်ကြွနေဖို့ ပြောမှာပဲ။

လုပ်ငန်းဆောင်တာဟာ ခင်ဗျားကို တစ်ယောက်တည်းဖြစ်နေခြင်းကနေ ကယ်ထုတ်ပေးနေတာ။ တစ်ခုခုလုပ်နေခြင်းအားဖြင့် ခင်ဗျားဟာ ရှိနေတယ်။ တစ်ခုခု လုပ်နေခြင်းအားဖြင့် တစ်ယောက်တည်းဖြစ်သွားမယ့် ကိစ္စကနေ လွတ်မြောက်နေတယ်။ ဒါဟာ မူးယစ်ဆေးတစ်ခု သုံးနေတာနဲ့အတူတူပဲ။ လုပ်ငန်းဆောင်တာတွေနဲ့ ခင်ဗျားကိုယ်ခင်ဗျား မေ့ထားလိုက်လို့ရတယ်။ မေ့ထားလိုက်ရင် ပူပန်စရာ၊ စိတ်ထဲမှာ နာကျင်ထိခိုက်စရာ၊ စိုးရိမ်စရာ(သောက၊ပရိဒေဝ၊ဗျာပါဒ) ရှိမနေတော့ဘူး။ အဲဒါတွေကြောင့်ပဲ ခင်ဗျားဟာ အဆက်မပြတ် လှုပ်ရှားတက်ကြွနေဖို့လိုလာတယ်။ တစ်ခုမဟုတ်တစ်ခု လုပ်နေမှ ဖြစ်နေတယ်။ ဒါပေမယ့် ဘာမှမလုပ်ဘဲနေခြင်းရဲ့ သီးပွင့်ဝေဆာမှု အခြေအနေဆီကိုတော့ ခင်ဗျား ဘယ်တော့မှ မရောက်နိုင်တော့ဘူး။

ပြုမူလုပ်ကိုင်ခြင်း(Action) ကကောင်းပါတယ်။ လုပ်ငန်းဆောင်တာ (Activity) တွေကတော့ ဆိုးတယ်။ ဒီနှစ်ခုခြားနားချက်ကို ခင်ဗျားစိတ်ထဲမှာ ကိုယ်တိုင် ခွဲခြားနိုင်အောင် ရှာကြည့်ရမယ်။ ဘယ်ဟာ Action လဲ။ ဘယ်ဟာက Activity လဲ။ ဒါ ပထမအဆင့်ပဲ။ ဒုတိယအဆင့်က ပြုမူလုပ်ကိုင်ခြင်းဘက်ကို ပိုပြီးပါဝင်လာဖို့ပဲ။ အဲဒါမှ စွမ်းအင်ဟာ ပြုမူလုပ်ကိုင်ခြင်းဘက်ကို ရွေ့လျားသွားမယ်။ လုပ်ငန်းဆောင်တာတွေရှိလာရင်လည်း ခင်ဗျား သေချာ သတိထားမိလာမယ်။ ပိုပြီး သတိကောင်းနေမယ်။ သေချာသိနေရင် လုပ်ငန်းဆောင်တာတွေ ရပ်သွာမယ်။ စွမ်းအင်တွေက အပိုမကုန်တော့ဘူး။ အပိုမကုန်တော့  ပြုမူလုပ်ကိုင်ခြင်းအတွက် အပိုရှိလာတယ်။

ပြုမူလုပ်ကိုင်တယ်ဆိုတာ ချက်ချင်းပဲ။ ကြိုပြီး အသင့်လုပ်ထားလိုက်မယ်ဆိုတာမျိုး မဟုတ်ဘူး။ ကြိုရက်လုပ်ထားတာ မဟုတ်ဘူး။ ခင်ဗျားကို ဘယ်တော့မှ ကြိုတင်ပြင်ဆင်ခွင့်လည်း ပေးမှာမဟုတ်ဘူး။ ဇာတ်ကြိုတိုက်ထားလိုက်မယ်ဆိုတာမျိုး ရှိကိုမရှိဘူး။ ပြုမူလုပ်ကိုင်မှုဟာ မနက်ခင်းမှာ ကျဆင်းနေတဲ့ ရေမှုန်ရေစက်လေးတွေလို သစ်လွင်ပြီး လတ်ဆတ်နေတာ။ လူတစ်ယောက်ဟာ ပြုမူလုပ်ကိုင်ခြင်းနဲ့ တကယ်နေပြီဆိုရင် အမြဲ ဖျတ်လတ်ပြီး ငယ်ရွယ်နေတော့တာပဲ။ ခန္ဓာကြီးကတော့ အိုမှာပေါ့ဗျာ။ သူ့ရဲ့ လတ်ဆတ်မှုကတော့ ဆက်လက်ဖြစ်ထွန်းနေတယ်။ ခန္ဓာကြီးက သေကောင်းသေသွားမယ်။ သူ့ရဲ့ငယ်ရွယ်မှုကတော့ ဆက်လက်ဖြစ်ထွန်းနေတယ်။ သူ့ခန္ဓာကိုယ်ကြီး မရှိတော့ရင်တောင် သူရှိနေဦးမယ်။ ဘာလို့လဲဆိုတော့ ဘုရားသခင်ဟာ လတ်ဆတ်မှုကို ချစ်ခင်တာကိုး။ ဘုရားဟာ သစ်လွင်ပြီး လတ်ဆတ်တဲ့ သူတွေအတွက်ပဲ။

ခင်ဗျားဟာ လုပ်ငန်းဆောင်တာတွေကို ပိုပိုလွှတ်ချလိုက်ရမယ်။ ဘယ်လိုလွှတ်ချမှာလဲ။ အဲဒီလိုလွှတ်ချလိုက်တာကိုပဲ ခင်ဗျားငြိတွယ်သွားနိုင်သေးတယ်။ အဲဒါမျိုး ဘုန်းကြီးကျောင်းက ဘုန်းကြီးတွေမှာ ဖြစ်တယ်။ လုပ်ငန်းဆောင်တာတွေကို လွှတ်ချလိုက်တာကိုပဲ တွယ်ငြိနေမိပြန်ရော။ သူတို့ဟာ အဲဒီလို လွှတ်ချနိုင်ဖို့(ဥပါဒါန်ကင်းဖို့) ဘုရားစာဆို၊ တရားထိုင်၊ ယောဂကျင့် အဲဒီလိုကိစ္စတွေ လုပ်ရင်း အဲဒီအလုပ်တွေက လုပ်ငန်းဆောင်တာ ပြန်ဖြစ်လာတယ်။ အဲဒီလို လွှင့်ပစ်လိုက်လို့ မရဘူး။ အဲဒီလို လွှင့်ပစ်လိုက်ရင် လုပ်ငန်းဆောင်တာတွေက နောက်ဖေးပေါက်ကနေ ပြန်ဝင်လာလိမ့်မယ်။

အမြဲ သတိထားပါ။ ပြုမူလုပ်ကိုင်ခြင်းနဲ့ လုပ်ငန်းဆောင်တာရဲ့မတူညီမှုကို ခံစားကြည့်ပါ။ လုပ်ငန်းဆောင်တာက ခင်ဗျားကို ချုပ်ကိုင်ထားရင် အဲဒါ ဝင်ပူးနေတာ၊ စီးနေတာမျိုးပဲ။ လုပ်ငန်းဆောင်တာက ခင်ဗျားကို ဝင်ပူးနေရင် သူကဝိဉာဉ်ပူးသလို ပူးနေတာ။ သရဲစီးသလို စီးနေတာပဲ။ တကယ်လည်း လုပ်ငန်းဆောင်တာဆိုတာ သရဲပဲ။ အဲဒီကောင်က အတိတ်ကကောင်။ သေပြီးသားကောင်။ လုပ်ငန်းဆောင်တာက ခင်ဗျားကို ဝင်ပူးလိုက်ပြီဆိုရင် ခင်ဗျား အဖျားတက်ပြီ။ အဲဒါဆို ပိုပြီးသာ သတိထားပြီးနေပါတော့။ အဲဒါပဲ ခင်ဗျားတတ်နိုင်တယ်။ သေချာကြည့်။ လုပ်ငန်းဆောင်တာက အတင်းလုပ်ခိုင်းလို့လုပ်နေရတယ်ဆိုရင်လည်း လုံးဝ သတိလေးကပ်ပြီး လုပ်ပါ။ ဆေးလိပ် သောက်ခိုင်းနေတယ်ဆို ဆေးလိပ်ကို ဖြည်းဖြည်း သောက်ပါ။ သတိထားပြီး ဆေးလိပ်သောက်ကြည့်ရင် ခင်ဗျားဘာလုပ်နေသလဲဆိုတာ ခင်ဗျားသေချာသိသွားနိုင်တယ်။

အဲဒီလို ဆေးလိပ်သောက်ခြင်းကို အတားအဆီး မလုပ်ဘဲ စိတ်ထဲမှာ သတိကပ်ပြီး စောင့်ကြည့်နေရင်း၊စောင့်ကြည့်နေရင်း တစ်နေ့မှာ စီးကရက်က လက်ချောင်းတွေကြားက လွတ်ကျသွားမယ်။ ဆေးလိပ်သောက်တာရဲ့ အသုံးမကျမှုဟာ သူ့ဟာသူ ခင်ဗျားကို ဖော်ပြသွားမယ်။ အဲဒါ မိုက်မဲမှု။ မိုက်မဲမှုသက်သက်ပဲ။ အသိဉာဏ်မပါတဲ့ ကိစ္စပဲ။ အဲဒါကို ခင်ဗျား သဘောပေါက်ရင် ဆေးလိပ်ပြတ်တာပဲ။ ဒီအတိုင်းကြီး ဆေးလိပ်လွှင့်ပစ်ပြီး ဖြတ်လို့မရဘူး။ လွှင့်ပစ်တယ်ဆိုတာ လုပ်ငန်းဆောင်တာပဲ။ သတိမပါ၊ဉာဏ်မပါတဲ့ကိစ္စပဲ။ ဆေးလိပ်က လွတ်ကျသွားရမယ်။ သစ်ရွက်ခြောက်ကလေးတစ်ရွက် သစ်ပင်က ကြွေကျသွားသလိုမျိုး၊ ဆေးလိပ်က လက်ထဲက ကြွေကျသွားရမယ်။ အဲဒီလိုမျိုး သတိနဲ့ယှဉ်ပြီး စွန့်တာပဲ ဖြစ်ရမယ်။ ခင်ဗျား လွှင့်ပစ်လိုက်ရင် နောက်ပုံစံတစ်မျိုးနဲ့ ပြန်ရောက်လာမယ်။ ဒါဆို ခင်ဗျား နောက်တစ်ခါ ပြန်ကောက်ယူမိဦးမယ်။

ဒီအရာတွေကို သူ့အလိုလို ပြုတ်ကျသွားပါစေ။ မကျကျအောင် အတင်းမလုပ်နဲ့။ ပြုမူဆောင်ရွက်မှုတွေကို တဖြည်းဖြည်း ပျောက်ကွယ်သွားပါစေ။ ပျောက်ကွယ်အောင် အားစိုက်ပြီးမလုပ်ပါနဲ့။ အားစိုက်ပြီး ပျောက်အောင် လုပ်နေတာက ပြုမူဆောင်ရွက်မှုရဲ့ ပုံစံသစ်တစ်မျိုး ပြန်ဖြစ်သွားမှာကိုး။ သတိနဲ့၊ ဝီရိယကောင်းကောင်းနဲ့ စောင့်ကြည့်။ခင်ဗျားဟာ အလွန်အံ့သြစရာကောင်းတဲ့ ပြောင်းလဲမှုဖြစ်စဉ်ဆီကို ဆိုက်ရောက်တော့တာပဲ။ အရာဝတ္ထု တစ်စုံတစ်ခုဟာ ခင်ဗျားဆီက သူ့အလိုလိုထွက်ခွာသွားရင် ဘာခြေရာလက်ရာမှ မကျန်ဘူး။ ခင်ဗျားကအတင်းဖယ်ထုတ်ရင် ခြေရာလက်ရာကျန်တယ်။ အမာရွတ်ကျန်တယ်။ အဲဒီလို ခြေရာလက်ရာကျန်ရင် ခင်ဗျား ကြွားဝါပြောတော့မယ်။ ဂုဏ်ဖော်တော့မယ်။" ဆေးလိပ်ကို အနှစ်သုံးဆယ်လောက် သောက်လာတာ၊ အခုတော့ဖြတ်လိုက်ပြီ။" အဲဒီလို ကြွားဝါပြောတာမျိုးဟာ ဘာမှမထူးဘူး။ ဆေးလိပ်တော့မသောက်တော့ဘူး။ ဆေးလိပ်မသောက်တဲ့ အကြောင်းကို အမြဲပြောနေတော့တယ်။ ဒီလိုပြောနေတော့လည်း နှုတ်ခမ်းနဲ့ပါးစပ်က လုပ်ငန်းဆောင်တာ ရသွားတာပဲ။ ခင်ဗျားရဲ့ အကြမ်းဖက်မှုဟာရှိနေသေးတယ်။

သူ့အလိုလို ပြတ်သွားတာကို သိတဲ့လူဆိုရင် ငါဖြတ်လိုက်ပြီဆိုတာမျိုး ဂုဏ်ယူနေစရာ အကြောင်းမရှိတော့ဘူး။ သူဖြတ်လိုက်တာမှ မဟုတ်တာ။ သူ့အလိုလို ပြတ်သွားတာ။ ပြတ်အောင်လုပ်လိုက်တာ ငါမဟုတ်ဘူး။ အတ္တရဲ့အခန်းကဏ္ဍ မှေးမှိန်သွားတယ်။ အဲဒီတော့မှ ပြုမူဆောင်ရွက်မှုတွေ ပိုပြီးလုပ်ကိုင်နိုင်လာမယ်။

ခင်ဗျားအနေနဲ့ ပြည့်ပြည့်ဝဝ  ပြုမူလုပ်ကိုင်ဖို့ အခွင့်ကြုံလာရင် မလွဲချော်စေနဲ့၊ ရှောင်မသွားနဲ့။ သေသေချာချာ ကျကျနန လုပ်ကိုင်ပါ။ အဲဒီလို လုပ်လေလေ လုပ်ငန်းဆောင်တာတွေ (သတိမပါ၊ဉာဏ်မပါနဲ့လုပ်နေတဲ့ ဗာဟီရတွေ) သူ့အလိုလို ပြတ်သွားစေတာပဲ။ ပြောင်းလဲမှုဟာ ခင်ဗျားဆီကို တဖြည်းဖြည်းချင်း လာမယ်။ ဒါ အချိန်လိုတယ်။ ရာသီဥတုတွေလိုတယ်။ လောနေစရာလည်းမရှိပါဘူး။ တဖြည်းဖြည်းပြောင်းလဲသွားမှာပဲ။



Peace B with U.

Thursday, October 30, 2014

အပိုင်း ၄- Creativity - OSHO


ဗလာကျင်းနေတဲ့စိတ်ကိုတော့ နတ်ဆိုးက ဘာမှမလုပ်နိုင်ပါဘူး။ လုပ်ငန်းဆောင်တာတွေနဲ့ ဗျာများနေတဲ့လူတွေကိုတော့ နတ်ဆိုးက အသုံးချနိုင်တယ်။ နတ်ဆိုးက ဗလာဖြစ်နေတဲ့စိတ်ကို ဘယ်လိုများ သုံးနိုင်မလဲ။ ဒီလိုစိတ်မျိုးရဲ့ အနားကို ဘယ်နတ်ဆိုးမှ မလာရဲဘူး။ အဲဒီဗလာကျင်းတဲ့စိတ်က သူ့ကိုတောင် အသေသတ်သွားနိုင်တာကိုး။ ဒါပေမယ့် ခင်ဗျားဟာ တက်ကြွလုပ်ရှားနေစမ်းပါဆိုတဲ့ ရူးသွပ်တဲ့တောင်းဆိုမှု၊ အလေးအနက်တောင်းဆိုမှုတွေနဲ့ ပြည့်နေရင်တော့ နတ်ဆိုးက ခင်ဗျားကို ဦးစီးဦးဆောင်ပြုပြီး ခေါ်သွားနိုင်တယ်။ ဒင်းက ခင်ဗျားကို လမ်းညွှန်နိုင်တယ်။ နောက်ဆုံးတော့ သူတစ်ယောက်တည်း ချယ်လှယ်သွားတာပေါ့။

ကျုပ်ကတော့ ဒီစကားပုံဟာ အမှားကြီးမှားတယ်ဆိုတာ ပြောချင်တော့တာပဲ။ နတ်ဆိုးကိုယ်တိုင်တောင် အဲဒီစကားပုံမှားတယ်လို့ လာဝန်ခံလောက်တယ်။

တက်ကြွလှုပ်ရှားချင်နေတာကို ငြိနေတဲ့စိတ်ကို သေချာစောင့်ကြည့်ရမယ်။ ခင်ဗျားဘဝမှာ ခင်ဗျားကြည့်ရမှာနော်။ ကျုပ်ပြောတာတွေက ဘာတွေပြောနေနေ ခင်ဗျားဘဝမှာ ခင်ဗျားမြင်အောင်မကြည့်သေးရင် အဓိပ္ပာယ်မရှိဘူး။ ခင်ဗျားဘဝမှာ ဘယ်လိုများ လုပ်ငန်းဆောင်တာတွေက မဆီမလျော် ကော့ကော်ကန်ကားတွေဖြစ်နေသလဲဆိုတာကို ကိုယ်တိုင်မြင်အောင်ကြည့်ရမှာ။ ဒါတွေလုပ်ဖို့မလိုဘူး။ မလိုရင် ဘာလို့လုပ်နေသေးသတုန်း။ အဲဒီလိုမြင်အောင်ကြည့်ရမယ်။

ကျုပ်ခရီးသွားတယ်။ လူတွေဟာ ဒါကိုပဲ ထပ်တလည်းလည်းလုပ်နေတာ မြင်ဖူးပြီ။ ရထားတစ်စင်းပေါ်မှာ ခရီးသွားတစ်ယောက်နဲ့ နှစ်ဆယ့်လေးနာရီအတူသွားဖူးတယ်။ သူက ဒီသတင်းစာကိုပဲ အကြိမ်ကြိမ်ဖတ်တယ်။ တခြားဘာလုပ်ရမှန်းလည်း သိပုံမရတော့သလိုပဲ။ ရထားတွဲထဲပိတ်မိနေတော့ တက်ကြွလှုပ်ရှားစရာကလည်း သိပ်များများမရှိတော့ဘူးလေ။ အဲဒီတော့ လုပ်လို့ရတာလုပ်နေရတာပေါ့။ ရှိတဲ့သတင်းစာကို အကြိမ်ကြိမ်ဖတ်နေတော့တာပဲ။ ကျုပ်သူ့ကို ကြည့်နေတာ။ ဒီငနဲ ဘာများလုပ်နေပါလိမ့်ဆိုပြီးပေါ့။

သတင်းစာဟာ ဂီတာ(Bhagavad Gita ဆိုတဲ့ဟိန္ဒူကျမ်း)လည်းမဟုတ်ဘူး။ သမ္မာကျမ်းစာလည်းမဟုတ်ဘူး။ ခင်ဗျား ဂီတာကျမ်းကို အကြိမ်ကြိမ်ဖတ်နိုင်တယ်။ တစ်ခေါက်နဲ့တစ်ခေါက်မတူတဲ့ အရေးပါတဲ့ အချက်လေးတွေကို ဖော်နိုင်လို့ပဲ။ ဒါပေမယ့် သတင်းစာက ဂီတာကျမ်းမဟုတ်ဘူးလေ။ တစ်ခေါက်ဖတ်ရင်ပြီးရောပေါ့။ တကယ်က တစ်ကြိမ်တောင်ဖတ်ဖို့မလိုဘူး။ လူတွေကတော့ ဖတ်နေတုန်းပဲ။ ထပ်ကျော့ပြီးဖတ်တယ်။ နောက်ထပ်နောက်ထပ်ထပ်ဖတ်နေတယ်။ ဘာများဖြစ်ပါလိမ့်။ ဒါလိုအပ်မှုလား။ မဟုတ်ဘူး။ စွဲနေခြင်းပဲ။ သူတို့ဟာ ငြိမ်သက်စွာ၊ လုပ်ငန်းဆောင်တာကင်းစွာ မနေနိုင်ကြတော့လို့ ကြံရာမရလုပ်နေကြတာပါ။ သူတို့အတွက် ငြိမ်နေလိုက်၊ရပ်နေလိုက်ရင် အသေကောင်လို ဖြစ်သွားစေတာကိုး။ အဲဒီလိုနေလို့တော့မဖြစ်ဘူုး။ တစ်ခုခုလုပ်ပြီး တက်ကြွလှုပ်ရှားနေမှဖြစ်မယ်လို့ သူတို့ထင်တာကိုး။

နှစ်ပေါင်းများစွာ ခရီးသွားခြင်းကနေ ကျုပ်လူတွေကို သူတို့မသိဘဲ လေ့လာစောင့်ကြည့်ခွင့်တွေရလာတယ်။ များသောအားဖြင့် တစ်ခန်းထဲမှာ  နောက်ခရီးသွားတစ်ယောက်ပဲ ပါလာတာမျိုးကိုး။ အဲဒီလူက ကျုပ်ကို သူနဲ့စကားပြောဖို့ နည်းစုံလမ်းစုံနဲ့ကြိုးစားမယ်။ ကျုပ်က အင်း၊ဟင့်အင်းလောက်ပဲ စကားထောက်လုပ်မယ်။ အဲဒါဆို အဲဒီလူ စကားပြောဖို့ဆက်မကြိုးစားတော့ဘူး။ အဲဒီအခါကြမှ ကျုပ်က အေးအေးလေး စောင့်ကြည့်နေမယ်။ အင်မတန်လှတဲ့ စမ်းသပ်ချက်တစ်ခုကို အကုန်အကျမရှိဘဲမြင်ရတယ်။ ကျုပ်ကြည့်နေတုန်း သူက သူ့ခရီးဆောင်အိတ်ကိုထုတ်မယ်။ ဖွင့်မယ်။ ကျုပ်သိတယ် သူဘာမှလုပ်စရာမရှိဘူး။ အိတ်ထဲကိုကြည့်မယ် ပြီးရင် ပြန်ပိတ်မယ်။ ပြီးရင် သတင်းစာပေါ့။ ပြီးရင် ဆေးလိပ်။ အဲဒါတွေပြီးရင် ခရီးဆောင်အိတ်ကို ဖွင့်လိုက်၊ပိတ်လိုက်တစ်ခါပြန်လုပ်မယ်။ အိတ်ထဲမှာ ပစ္စည်းတွေကို နေရာပြန်ချမယ်။ ပြတင်းပေါက်သွားဖွင့်မယ်။ ဟိုဒီကြည့်မယ်။ ဒီလူဘာလုပ်နေတာလဲ။ ဘာကြောင့်လဲ။ အတွင်းက တောင်းဆိုတာကိုး။ သူ့အတွင်းမှာ တစ်ခုခုက တုန်လှုပ်နေတယ်။ စိတ်ကအဖျားတက်နေတယ်။ သူတစ်ခုခုလုပ်နေမှဖြစ်မယ်။ မဟုတ်ရင် သူပျောက်ဆုံးသွားနိုင်တယ်။ သူဟာ ဘဝမှာ တက်ကြွလှုပ်ရှားနေဖို့လိုတယ်။ အခုသူ အနားယူရမယ့်အချိန်။ ဒါပေမယ့် သူမနားနိုင်သေးဘူး။ အကျင့်ဟောင်းတွေက တင်းခံနေတယ်။

အိုမင်းလာတဲ့ သူ့အဖေကို အကျဉ်းချထားခဲ့တဲ့ မုခ်ဂူ(Moghul)ဘုရင် အော်ရန်ဇက်ဘ် (Aurangzeb) လည်း ဒါကိုပြောဖူးတယ်။ သူ့အဖေက တာ့ခ်ျမဟာကိုဆောက်ခဲ့တဲ့ ဘုရင်ကြီး ရှာဂျာဟာန် (Shah Jahan) (စာအုပ်ထဲမှာ Jehan ဖြစ်နေတယ်။)။ သူ့သားက သူ့ကို ထီးနန်းသိမ်းပြီး အကျဉ်းချတာ။ အောရန်ဇက်ဘ်ရဲ့ အတ္ထုပ္ပတ္တိမှာ ဘယ်လိုရေးထားသလဲဆိုတော့ အကျဉ်းစံဘဝမှာ ရက်အနည်းငယ်လောက်ကြာတဲ့အခါမှာ ရှာဂျာဟာန်ဟာ သိပ်မစိုးရိမ်တော့ဘူးတဲ့။ စည်းစိမ်ပြည့်နဲ့နေရတာကိုး။ သူ့ကိုထားတာလည်း နန်းတော်ထဲမှာပဲ။ အရင်နေသလိုပဲနေရတာ။ ထောင်လိုတန်းလိုမဟုတ်ဘူး။ သူလိုသမျှလည်း ဖြည့်ဆည်းပေးထားတယ်။ သူ့မှာလစ်ဟာနေတာ လုပ်ငန်းဆောင်တာပဲ။ သူဘာမှမလုပ်နိုင်တော့ဘူး။ အဲဒီတော့ သူက သူ့သား အော်ရန်ဇက်ဘ်ကိုပြောတယ်။ ငါ့သား မင်းက ငါ့ကို လိုသမျှဖြည့်ပေးတာ၊ အားလုံး အဆင်ပြေကောင်းမွန်နေအောင်လုပ်ပေးတာ ငါအားလုံးအဆင်ပြေတယ်။ တစ်ခုပဲတောင်းဆိုချင်တယ်။ မင်းငါ့ဆီကို  လူငယ်လေး အယောက်သုံးဆယ်လောက်ပို့ပေးပါလား။ အဲဒါဆို ငါတစ်သက်လုံးကျေးဇူးတင်နေမှာ။ ငါသူတို့ကို သင်ပေးစရာရှိတာလေးတွေသင်ပေးချင်လို့။

အော်ရန်ဇဘက်က ဒါကို မယုံနိုင်လောက်အောင်ဖြစ်ရတယ်။ သူ့အဖေကက ဘာလို့ လူငယ်လေးအယောက်သုံးဆယ်ဆို သင်ကြားချင်ရတာလဲ။ သူဘယ်တုန်းက ဆရာဖြစ်ချင်သွားပါလိမ့်။ ဘုရင်ကြီးဟာ ဘယ်တုန်းကမှ ဘာပညာရေးမှာမှ စိတ်ဝင်စားတာမဟုတ်ဘူး။ (စာဖတ်သူကြီးအကြောင်းသိရင် ဒီငနဲ အံ့သြပြီးတောင်သေမယ်။) အဖေကြီး ဘာတွေဖြစ်သွားပါလိမ့်ဆိုပြီးတွေးတယ်။ ဒါပေမယ့် သူ့အဖေဆန္ဒကိုဖြည့်ပေးလိုက်တယ်။ လူငယ်လေးအယောက်သုံးဆယ် ရှာဂျာဟာန်ဆီရောက်လာတယ်။ အားလုံး ပြန်အိုကေသွားတာပဲ။ သူဟာ ဧကရာဇ်ပြန်ဖြစ်သွားတာပေါ့။ ကလေးငယ်အယောက်သုံးဆယ်ရဲ့ ဧကရာဇ်ပေါ့။ ခင်ဗျား မူလတန်းတုန်းကျောင်းကိုသွားရင် တွေ့ဖူးမှာပေါ့။ ဆရာတွေက ဘုရင်ကြီးတွေပဲ။ သူတို့က ကလေးတွေကို ထိုင်ဆိုထိုင်ထဆိုထပဲလေ။ နန်းကျဘုရင်ကြီးလည်း ဒီလူငယ်လေးသုံးဆယ်နဲ့ သူ့ရဲ့ နန်းရေးနန်းရာ၊ညီလာခံကျင်းပတာပေါ့။လူတွေကို အမိန့်ပေးချင်တဲ့ ၊မူးယစ်ဆေးငြိသလို စွဲလန်းနေတဲ့ အကျင့်ဟောင်းအတိုင်းပေါ့လေ။

စိတ်ကုဆရာဝန်တွေကပြောတယ်။ ကျောင်းဆရာတွေက နိုင်ငံရေးသမားတွေတဲ့။ ဒီလူတွေက နိုင်ငံရေးသမားလုပ်ဖို့တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်မပါရှာဘူးပေါ့။ အဲဒီတော့ ကျောင်းထဲဝင်လာရော။ အဲဒီမှာ သမ္မတကြီးလုပ်တယ်။ ဝန်ကြီးချုပ်လုပ်တယ်။ ဘုရင်ကြီးတွေလုပ်နေကြတယ်။ ကလေးငယ်တွေကိုကြည့်၊ အဲဒီလူတွေက အတင်းအကြပ်ခိုင်းတာခံရတာပဲ။ စိတ်ကုဆရာဝန်တွေက ကျောင်းဆရာတွေက သူတစ်ပါးကို နှိပ်ကွပ်ရတာကို ဝမ်းမြောက်တဲ့စိတ်ဘက်ကို ညွတ်ကြတယ်လို့တောင် သံသယရှိတယ်။ သူတို့က နှိပ်စက်ရတာလည်းပျော်တယ်လေ။ နှိပ်စက်ချင်တဲ့သူတွေအတွက် မူလတန်းကျောင်းထက်ကောင်းတာ ဘာရှိဦးမလဲ။ အပြစ်မဲ့တဲ့ ကလေးတွေကို နှိပ်ကွပ်နိုင်တာကိုး။ သူတို့ကောင်းဖို့ပါဆိုပြီးကို တရားဝင်နှိပ်ကွပ်ခွင့်ရှိတဲ့နေရာ။ မယုံရင်သွားကြည့်။ ကျုပ်မူလတန်းကျောင်းတွေ ရောက်ဖူးပေါင်းများလှပြီ။ ကျုပ်ကျောင်းဆရာတွေကို စောင့်ကြည့်နေတာများလှပြီ။ စိတ်ကုဆရာဝန်တွေက သံသယရှိတယ်လောက်သာပြောတာ။ ကျုပ်ကတော့ သေကိုသေချာနေတာဗျ။ အဲဒီငနဲတွေက ညှင်းပမ်းနှိပ်စက်ရေးသမားတွေဗျာ။ ခင်ဗျားဘဝမှာ အဲဒီထက် အပြစ်မဲ့တဲ့သားကောင်လေးတွေတွေ့ရမှာမဟုတ်ဘူး။ လုံးဝပြန်မတိုက်နိုင်၊ မခုခံနိုင်တဲ့ ကလေးတွေဗျ။ သူတို့ ဆန့်ကျင်ခွင့်လေးတောင်မရှိဘူး။ သူတို့က အားနည်းပြီး ကူကယ်ရာမဲ့နေတာ။ ဆရာသမားတွေကတော့ ဘုရင်ကြီးတွေလို မားမားကြီးရပ်နေတော့တာ။

အော်ရန်ဇက်ဘ်က သူ့အတ္ထုပ္ပတ္တိမှာပြောတယ်။ ကျုပ်အဖေက သူ့ကိုယ်သူ ဘုရင်ပါလို့ ဆက်ညာထားချင်နေတာဟာ သူ့ရဲ့ အကျင့်ဟောင်းတွေကြောင့်ပဲ။ အဲဒီတော့ ကျနော် သူ့ကို ဆက်ပြီး ဟန်ဆောင်နေခွင့်ပြုလိုက်တယ်။ သူ့ကိုယ်သူ လှည့်စားထားပါစေ။ အဲဒါကိစ္စမရှိပါဘူး။ သူ့ဆီကို ကလေးသုံးဆယ်မဟုတ်ဘူး အယောက်သုံးရာဆိုလည်းပို့လိုက်။ သူလိုသလောက်သာပို့။ သူကျောင်းတစ်ခုဖွင့်ပြီး ပျော်နေပါစေတဲ့။

လုပ်ငန်းဆောင်တာဟာ ပြုမူလုပ်ကိုင်ဖို့ မဆီလျော်တဲ့အချိန်မှာ ရောက်ရောက်လာတာပဲ။ ကိုယ့်စိတ်ကိုယ်သတိထားကြည့်ရင် စွမ်းအင်ရဲ့ ကိုးဆယ်ရာခိုင်နှုန်းကလုပ်ငန်းဆောင်တာတွေနဲ့ကုန်နေတာတွေ့ရမယ်။ တကယ်တမ်း ပြုမူလုပ်ကိုင်ရမယ့်အခါကြတော့ ခင်ဗျားအားကုန်သွားပြီ။ နားနားနေနေနေတဲ့သူဟာ ဘာနဲ့မှမငြိဘူး။ သူ့ဆီမှာ စွမ်းအင်တွေ စုထားသလိုပြည့်နေတာပဲ။ သူက အဲဒါကို ထိန်းသိမ်းထားတယ်။ အလိုလိုထိန်းသိမ်းထားတာမျိုး။ ပြုမူလုပ်ကိုင်စရာလိုမှ စွမ်းအင်ကိုသုံးတယ်။ စိတ်ရောကိုယ်ပါပြုမူလုပ်ကိုင်တယ်။ အဲဒါကြောင့်လည်း သူ့လုပ်ရပ်ကိုကြည့်လိုက်ရင် ပြည့်ဝတယ်။ လုပ်ငန်းဆောင်တာကတော့ စိတ်ပါလက်ပါမရှိလှဘူး။ စဉ်းစားကြည့်လေ၊ ကိုယ့်ကိုယ်ကို ဘယ်လိုလုပ် လုံးဝအရူးလုပ်လို့ရမလဲ။ ဒါဟာ အသုံးမကျဘူး၊ ရောဂါထလို့၊အဖျားတက်လို့လုပ်ရတာဆိုတာကို သိနေရင်တောင်မှ သိပ်ကွဲကွဲပြားပြား ပြက်ပြက်ထင်ထင်တော့ မရှင်းလှသေးဘူး။ လုံးဝမရေမရာကြီးဖြစ်နေတာ။

ခင်ဗျားလုပ်ငန်းဆောင်တာတွေကို ပြောင်းကြည့်လို့ရတယ်။ ဒါလုပ်နေမယ့်အစား ဟိုဟာလုပ်နေလိုက်မယ်ဆိုပြီး ပြောင်းလုပ်ကြည့်နေလို့ရတယ်။ ဒါပေမယ့် တကယ်လိုအပ်လို့လုပ်ရတဲ့ ပြုမူဆောင်ရွက်မှုမဖြစ်ရင် အဲဒါ အလကားပဲ။ လူတွေလာပြီး ကျုပ်ကိုပြောတယ်။ ကျနော်ဆေးလိပ်ဖြတ်ချင်ပြီတဲ့။ ကျုပ်ကပြန်မေးတယ်။ ဘာလို့လဲ။ ဒီလောက်လှတဲ့ TM (Transcendental Meditation) ကိုဘာလို့ဖြတ်ရသလဲ။ (TM ကတော့ ဝိဉာဉ်ရေးအတွက်တရားဘာဝနာအားထုတ်တာပဲ။ ဂါထာမန္တန်လေးရွတ်နေပြီး စိတ်ငြိမ်အောင်ထားတာပဲ။ ဆေးလိပ်သောက်တာနဲ့မန္တန်ရွတ်တာမှာ တူညီမှုရှိတယ်လို့ ရှေ့နားမှာပြောထားတာကို နည်းနည်းပြင်ပြောတာပဲ။) ပြီးတော့ ခင်ဗျား ဆေးလိပ်ဖြတ်လိုက်ရင် နောက်တစ်မျိုးပြောင်းလုပ်မိဦးမှာပဲလို့လည်းဆက်ပြောလိုက်တယ်။ ရောဂါလက္ခဏာကိုပြောင်းလိုက်တာဟာ ရောဂါကိုပျောက်အောင်ကုတာမှမဟုတ်တာ။ ဆေးလိပ်ဖြတ်ပြီး လက်သည်းကိုက်ချင်ကိုက်မယ်။ ပီကေဝါးချင်ဝါးမယ်။ အဲဒီထက် အန္တရာယ်များတာတွေလည်းရှိသေးတယ်။ ဒါတွေဟာအပြစ်ကင်းတယ်။ ဘာလို့လည်းဆိုတော့ ခင်ဗျား ပီကေဝါးနေတာ ခင်ဗျားဟာခင်ဗျားတစ်ယောက်တည်းကြိတ်ဝါးနေတာပဲ။ ကိုယ့်ကိုယ်ကိုယ် လှည့်စားထားပေမယ့် ခင်ဗျားဟာ တခြားလူကိုတော့ အကြမ်းမဖက်သေးဘူး။ ဘယ်သူ့မှလည်း ဒုက္ခမပေးသေးဘူး။ ခင်ဗျားပီကေလည်းမစား၊ ဆေးလိပ်လည်းမသောက်တော့ရင် ခင်ဗျားပါးစပ်ကလုပ်ငန်းဆောင်တာမရှိတော့ဘူး။ အဲဒီတော့မှ ခင်ဗျားအကြမ်းစဖက်ပြီ။ စကားတွေပြောတော့မယ်။ မရပ်မနားပြောတော့မယ်။ ဆက်ရက်(ဇရက်ကိုဆက်ရက်လို့ပေါင်းမှန်းအခုမှပြန်ရှာရတယ်။ဒွတ်ခ)အုပ်လက်ပံပင်ကျသလို ခင်ဗျားဟောင်ဖွာဖွာ၊ ကျွတ်ကျွတ်ညံအောင်ပြောတော့မယ်။ အဲဒါက ပိုပြီး အန္တရာယ်များတယ်။

Regards,
Z

စာမျက်နှာ ၁၁ ရောက်သွားပြီ။ လူဆိုတာ လုပ်သင့်တာကိုတောင် လုပ်သင့်သလောက်ပဲလုပ်ရတယ်။ မလုပ်သင့်တာကို သွားလုပ်မိရင် အချိန်ကုန်တယ်။ စွမ်းအင်ပြုန်းတီးတယ်။ ကိုယ့်ကို တန်ဖိုးလည်းမထားဘူးလို့ခံစားရမယ်။ အဲဒါမျိုးတော့ အဖြစ်မခံကြနဲ့။ ကိုယ်ကို တန်ဖိုးမထားရင် လှည့်ပြန်လိုက်ပါ။ အဲဒီမှာ စိတ်အထိခိုက်ခံပြီးမနေနဲ့။ ကိုယ့်ကို တန်ဖိုးထားတဲ့သူတွေရှိသေးတယ်။ ဘဝမှာ ကိုယ့်ကို တန်ဖိုးထားတဲ့သူ ရှားပါတယ်။ တန်ဖိုးထားတယ်လို့ ကိုယ်ထင်နေတာလည်းဖြစ်နေတတ်သေးတယ်။ အဲဒါစိတ်အင်မတန်ထိခိုက်ရတယ်။ အရှင်းဆုံးနည်းက ကိုယ့်ကို စိတ်ထိခိုက်အောင် နောက်ပြီးတောင်မပြောတဲ့သူတွေနဲ့ပဲနေ။ အဲဒါအင်မတန်ကောင်းတယ်။ လူကြီးလူကောင်းဖြစ်လာတဲ့အခါ နောက်တာပြောင်တာလည်းလျှော့ရမယ်။ အပိုကိစ္စလည်းလျှော့ရမယ်။ ကိုယ့်ဘဝက တန်ဖိုးရှိတယ်။ စိတ်အထိခိုက်မခံနဲ့။ တန်ဖိုးပိုရှိတာတွေ လုပ်ရဦးမယ်။ စိတ်ထိခိုက်တာနဲ့ အလုပ်အပျက်မခံကြနဲ့။ ကားပါကင်လိုပဲ။ တစ်စီးထွက်သွားမှ နောက်တစ်စီးအတွက်နေရာရမယ်။ တန်ဖိုးမထားတဲ့သူတွေကို ထုတ်ထားလိုက်တာ တန်ဖိုးထားတဲ့သူတွေကိုပေးဖို့ နေရာလွတ်ရှိသွားစေတာပဲ။ တန်ဖိုးမရှိတာတွေ ကျပျောက်သွားတာ ဘာနှမြောစရာရှိသလဲ။





Peace B with U.

အေးအေးသာသာ ပြုမူဆောင်ရွက် အပိုင်း ၃- Creativity - OSHO

အေးအေးသာသာ ပြုမူဆောင်ရွက် အပိုင်း ၃- Creativity  - OSHO

ပထမဦးဆုံး လုပ်ငန်းဆောင်တာတွေ(activity)ရဲ့ သဘောသဘာဝနဲ့ အဲဒီအပြုအမူတွေရဲ့ နောက်ကွယ်မှာရှိတဲ့ ရေစီးကြောင်းတွေကို နားလည်ထားရလိမ့်မယ်။ အဲဒီလိုမှမဟုတ်ရင် ခင်ဗျား သက်သက်သာသာနေရတယ်ဆိုတာ မဖြစ်နိုင်တော့ဘူုး။ ခင်ဗျားအနားယူချင်တယ်ဆိုရင်တောင် ခင်ဗျားက လုပ်ငန်းဆောင်တာတွေရဲ့ သဘောသဘာဝကို သတိထားစောင့်ကြည့်မနေရင်၊သဘောမပေါက်ရင် တကယ်နားနေတယ်ဆိုတာမဖြစ်နိုင်ဘူး။ အဲဒါဘာလို့လည်းဆိုတော့ တစ်ခုခုလုပ်တယ်ဆိုတာ ရိုးရှင်းတဲ့ကိစ္စမဟုတ်ဘူး။ လူအများစုဟာ သက်သောင့်သက်သာနေလိုကြပါတယ်။ ဒါပေမယ့် သူတို့အဲဒီလိုနေလို့မရဘူး။ အနားနေအပန်းဖြေခြင်းဆိုတာ ပန်းပွင့်ခြင်းဖြစ်စဉ်လိုပဲ။ အတင်းအကြပ်သွားလုပ်လို့မရဘူး။ အဲဒီဖြစ်စဉ်တစ်ခုလုံးကို ခင်ဗျားသေသေချာချာနားလည်မှရမယ်။ ခင်ဗျားဘာကြောင့် တက်ကြွလှုပ်ရှားနေသလဲ။ ဘာကြောင့် တစ်ခုခုလုပ်ဖို့ပဲ အာရုံရနေလဲ။ ဘာလို့အဲဒါကိုပဲ စိတ်စွဲနေတာလဲ။

စကားလုံးနှစ်လုံးကိုမှတ်ထားပါ။ တစ်ခုက ပြုမူလုပ်ကိုင်ခြင်း(action)  နဲ့ နောက်တစ်ခုက လုပ်ငန်းဆောင်တာ(activity)။ ပြုမူလုပ်ကိုင်တာဟာ လုပ်ငန်းဆောင်တာမဟုတ်ဘူး။ အပြန်အလှန်အားဖြင့် လုပ်ငန်းဆောင်တာဟာ ပြုမူလုပ်ကိုင်ခြင်းမဟုတ်ပြန်ဘူး။ သူတို့တွေရဲ့ သဘောသဘာဝဟာ အင်မတန်ခြားနားတယ်။ ပြုမူလုပ်ကိုင်တယ်ဆိုတာ အခြေအနေပေါ်မူတည်ပြီး လုပ်လိုက်တာမျိုးပဲ။ အခြေအနေကတောင်းဆိုတယ်။ ခင်ဗျားက တုန့်ပြန်တယ်။ လုပ်ငန်းဆောင်တာကတော့  အခြေအနေပေါ်မမူတည်ဘူး။ ဒါတုန့်ပြန်မှုမဟုတ်ဘူး။ ခင်ဗျားဟာ ခင်ဗျား ဂနာမငြိမ်နိုင်လို့ တက်ကြွလှုပ်ရှားဖို့ အခြေအနေတစ်ခုကို ဆင်ခြေပေးဖို့လုပ်ထားတာပဲ။

ပြုမူလုပ်ကိုင်ခြင်းဟာ ငြိမ်သက်တဲ့စိတ်ကနေ ထွက်ပေါ်လာတယ်။ ကမ္ဘာမှာအလှဆုံး အရာပဲ။ လုပ်ငန်းဆောင်တာကတော့ ဂနာမငြိမ်တဲ့စိတ်ကနေလာတယ်။ အရုပ်ဆိုးအကျည်းတန်ဆုံးပဲ။ ပြုမူလုပ်ကိုင်တယ်ဆိုတာ ပြုမူဆောင်ရွက်ဖို့လိုမှလုပ်ရတာမျိုး။ လုပ်ငန်းဆောင်တာကတော့ လုပ်စရာမလိုဘဲ လျှောက်လုပ်နေတာ။ မဆီလျော်တဲ့ကိစ္စမျိုးတွေ။ ပြုမူလုပ်ကိုင်ခြင်းတွေဟာ တဒင်္ဂကနေ တဒင်္ဂ ဆက်စပ်သွားတယ်။ လုပ်ငန်းဆောင်တာကတော့ အတိတ်နဲ့ရောထွေးပတ်သက်နေတယ်၊ လက်ရှိပစ္စုပ္ပန်တည့်တည့် တုန့်ပြန်နေတာမျိုးမဟုတ်ဘူး။ အတိတ်ကသယ်လာတဲ့ ခင်ဗျားရဲ့ ဂနာမငြိမ်မှုတွေကို ပစ္စုပ္ပန်ထဲ လောင်းချနေတာမျိုးပဲ။ ပြုမူလုပ်ကိုင်ခြင်းဟာ တီတီထွင်ထွင်ရှိတယ်လို့ဆိုရင် လုပ်ငန်းဆောင်တာဟာ အင်မတန်အဖျက်စွမ်းအင်ထုတ်တာမျိုးပဲ။ ခင်ဗျားကိုပါ အဲဒီလုပ်ငန်းဆောင်တာက ဖျက်ဆီးပစ်နေတာ။ တစ်ခြားသူတွေကိုလည်း ဖျက်ဆီးပစ်တာပဲ။ ဒီနှစ်ခုကို ကောင်းကောင်းခွဲပြဖို့ ဥပမာတစ်ခုပေးရရင်၊ ခင်ဗျားဗိုက်ဆာတယ်။ တစ်ခုခုစားတယ်။ အဲဒါ ပြုမူလုပ်ကိုင်ခြင်းပဲ။ ခင်ဗျားက ဆာတော့မဆာဘူး။ ဆာလောင်မွတ်သိပ်မှုကို လုံးလုံးမခံစားရဘူး။ ဒါပေမယ့်စားတော့စားနေတယ်ဆိုရင် လုပ်ငန်းဆောင်တာဆန်သွားပြီ။ မဆာဘဲစားသောက်ခြင်းဟာ အကြမ်းဖက်မှုလေးတစ်ခုပဲ။ အစာတွေကို ချေဖျက်ဖို့ သွားနဲ့ကြိတ်ဝါးနေတာဟာ ခင်ဗျားစိတ်ထဲမှာရှိနေတဲ့ ဂနာမငြိမ်မှုသက်သာအောင်လုပ်နေတာပဲ။ ခင်ဗျားဆာလို့စားနေတာမဟုတ်ဘူး။ အတွင်းစိတ်ကလိုအပ်လို့ ခင်ဗျားအကြမ်းဖက်မှုလေးတစ်ခုကို လုပ်နေတာ။

တိရစ္ဆာန်လောကမှာဆိုရင် အကြမ်းဖက်မှုဟာ ပါးစပ်နဲ့လက်ရဲ့ကိစ္စပဲ။ လက်သည်းနဲ့သွားတွေရဲ့ကိစ္စလို့လည်းဆိုနိုင်တယ်။ ဒီနှစ်ခုဟာ တိရစ္ဆာန်လောကရဲ့ အကြမ်းဖက်မှုပဲ။ ခင်ဗျားတစ်ခုခုကိုစားတယ်ဆိုတာ ဒီနှစ်ခုနဲ့ပတ်သက်တာပဲ။ အစာကိုယူတယ်။ စားပစ်တယ်။ အကြမ်းဖက်မှုပဲ။ မဆာဘဲစားရင် အဲဒါပြုမူလုပ်ကိုင်ခြင်းမဟုတ်တော့ဘူး။ ရောဂါဖြစ်သွားပြီ။ အဲဒီလုပ်ရပ်ဟာ စိတ်စွဲပြီးလုပ်မိလုပ်ရာလုပ်နေတာမျိုးပဲ။ ခင်ဗျား စားချည်းပဲစားနေလို့ဘယ်ဖြစ်မလဲ။ ပေါက်ထွက်သွားမှာပေါ့။ အဲဒီတော့လူတွေက လှည့်ကွက်လေးတွေသုံးတယ်။ ဆေးရွက်ကြီးဝါးမယ်။ ပီကေဝါးမယ်။ စီးကရက်သောက်မယ်။ ဒါတွေက အစားအစာအတုတွေပေါ့။ အဟာရတော့မဖြစ်ဘူး။ ဒါပေမယ့် အကြမ်းဖက်မှုကိစ္စအတွက်တော့ အသုံးတဲ့တယ်။

ပီကေစားနေတဲ့ တစ်ယောက်ကိုကြည့်။ သူဘာလုပ်နေတာတုန်း။ တစ်ယောက်ယောက်ကို သတ်နေတာပဲ။ သူ့စိတ်သူ သတိထားကြည့်ရင် စိတ်ထဲမှာ သတ်ချင်ဖြတ်ချင်စိတ် ရှိနေတာ တွေ့ရမယ်။ ဒါပေမယ့် သတ်မယ့်ဖြတ်မယ့်အစား ပီကေကိုပဲ ဝါးနေလိုက်တယ်။ အင်မတန် အပြစ်ကင်းတဲ့ ကိစ္စလေးပေါ့။ ခင်ဗျားဟာ ဘယ်သူ့ကိုမှ အန္တရာယ်ပေးမနေတော့ဘူး။  ဒါပေမယ့် အဲဒါ ခင်ဗျားအတွက် သိပ်အန္တရာယ်ကြီးတယ်။ ဘာလုပ်လို့လုပ်နေမှန်း မသိဘဲ လုံးဝ သတိလက်လွတ်ကြီး မောဟဖြစ်နေတာ။ ဆေးလိပ်သောက်နေတဲ့သူ တစ်ယောက်ကရော ဘာများလုပ်နေသလဲ။ သိပ်အပြစ်ကင်းတဲ့ ကိစ္စပဲ ဆေးငွေ့ကို ရှူသွင်းပြီး ပြန်ထုတ်တယ်။ ရှူသွင်း၊ ရှူထုတ် လုပ်နေတာပဲ။ ဝင်သက်ထွက်သက် ရှည်ရှည်ရှူတဲ့ ပရာနာရာမ ကျင့်စဉ်တော် ကျင့်နေသလိုမျိုးပဲ။ သူက မန္ဒလာ(စက်ဝိုင်း)လုပ်နေတာပဲ။ ရှူသွင်းတယ်၊ ရှူထုတ်တယ်။ ပြီးတော့ ပြန်ရှူသွင်းတယ်။ စက်ဝိုင်းတစ်ပတ် လည်သွားသလိုမျိုးပဲ။ ဆေးလိပ်သောက်နေခြင်းအားဖြင့် သူက မန္တန်တစ်ခုခုကို ရွတ်နေသလိုမျိုး လုပ်နေတာပဲ။ အဲဒါလေးက စိတ်ကို နူးညံ့သွားစေတယ်။ အတွင်းစိတ်မှာရှိတဲ့ ဂနာမငြိမ်မှု နည်းနည်းသက်သာသွားတယ်။

ခင်ဗျား တစ်ယောက်ယောက်နဲ့စကားပြောနေရင် သူဆေးလိပ်ကို ကောက်ကိုင်လိုက်သလားဆိုတာ သတိထားကြည့်ကြည့်ပါ။ အဲဒါဟာ သူငြီးငွေ့သွားပြီဆိုတာကို ဖော်ပြတဲ့ ရာနှုန်းပြည့် အမှန်တရားပဲ။ ဖြစ်နိုင်ရင် ခင်ဗျားကို သူလွှင့်ပစ်လိုက်ချင်ပြီ။ ဒါပေမယ့် ဒီလိုမယဉ်ကျေးတဲ့အပြုအမူကို သူလုပ်လို့မဖြစ်ဘူး။ သူ့ဆေးလိပ်ကိုသူပြောမယ်။ တော်လောက်ပါပြီ။ ငါလည်းနားလျှံလောက်ပြီ။ တိရစ္ဆာန်လောကမှာဆို ခင်ဗျားကို သူခုန်အုပ်လိုက်ပြီ။ လူသားတစ်ယောက်အနေနဲ့တော့ သူ့စီးကရက်ကိုပဲ သူခုန်အုပ်လိုက်တယ်။ သူကယဉ်ကျေးတဲ့လူသားမဟုတ်လား။ သူဆေးလိပ်စသောက်ပြီ။ ခင်ဗျားအကြောင်းပူစရာမလိုတော့ဘူး။ သူဟာ သူ့ဆေးလိပ်ငွေ့တွေရဲ့ မန္တန်နဲ့ပိတ်ထားလိုက်ပြီ။ အဲဒါလေးက သက်သာရာရစေတယ်။

ဒီလုပ်ငန်းဆောင်တာတွေက ဘာကိုပြနေသလဲဆိုရင် ခင်ဗျားက စွဲနေပြီဆိုတာပဲ။ ခင်ဗျားဟာ ခင်ဗျားမနေနိုင်တော့ဘူး။ ဆိတ်ငြိမ်စွာ မနေနိုင်တော့ဘူး။ ဘာမှ လှုပ်ရှားတက်ကြွမနေဘဲ အသာလေးငြိမ်မနေနိုင်တော့ဘူး။ လုပ်ငန်းဆောင်တာတွေကနေတစ်ဆင့် ခင်ဗျားဟာ ခင်ဗျားရဲ့ ရူးမိုက်မှု၊ရူးသွပ်မှုတွေကို လွှင့်ပစ်နေတာ။

ပြုမူလုပ်ကိုင်ခြင်း(action) ကတော့ လှပတယ်။ ပြုမူလုပ်ကိုင်တယ်ဆိုတာ တစ်ဆက်တည်း တုန့်ပြန်လိုက်တာပဲ။ ဘဝဟာတုန့်ပြန်မှုလိုတယ်။ ခဏငယ်လေးတိုင်း၊ တဒင်္ဂတိုင်း ခင်ဗျားဟာ ပြုမူလုပ်ကိုင်နေရမယ်။ ပြုမူလုပ်ကိုင်ခြင်းဟာ ပစ္စုပ္ပန်မှာပဲရှိတယ်။ (မူရင်းစာအုပ်မှာ action ရေးတာ activity ဖြစ်နေတာတွေ့တယ်။) ဗိုက်ဆာတယ်၊ အစာရှာမယ်။ ရေဆာတယ်၊ ရေတွင်းမှာရေရှာမယ်။ အိပ်ငိုက်တယ်။ အိပ်မယ်။ ဒါက အခြေအနေပေါ် လုံးဝဥဿုံတည်မီနေတာ။ ပြုမူလုပ်ကိုင်ခြင်းဟာ တစ်ဆက်တစ်စပ်တည်းဖြစ်သလို၊ ပြည့်ဝတဲ့လုပ်ကိုင်မှုတစ်ခုလည်းဖြစ်တယ်။

လုပ်ငန်းဆောင်တာဆိုတာတော့ ဘယ်တော့မှ တစ်ဆက်တစ်စပ်တည်းမရှိဘူး။ သူက လာကတည်းက အတိတ်ကနေလာတယ်။ အတိတ်မှာ စုဆောင်းသိုမှီးထားပြီး ပစ္စုပ္ပန်ကြမှ ထပေါက်ကွဲတာမျိုးပဲ။ အဲဒါ မဆီလျော်တဲ့ကိစ္စပဲ။ ဒါပေမယ့် စိတ်က ဉာဏ်အလွန်များတယ်။ စိတ်က လုပ်ငန်းဆောင်တာအတွက် အခြေအမြစ်ရှိတဲ့ အကြောင်းပြချက်တွေ အမြဲရှာတယ်။ စိတ်ကအမြဲတမ်း ဒါဟာ လုပ်ငန်းဆောင်တာမဟုတ်ဘူး။ ပြုမူဆောင်ရွက်မှုသာဖြစ်တယ်။ လုပ်သင့်လို့လုပ်လိုက်ရတာမျိုးဖြစ်အောင် လှည့်စားပေးမယ်။ အဲဒီလိုလုပ်ပေးဖို့လည်းလိုအပ်တာကိုး။ ခင်ဗျားဟာ ဒေါသတကြီး ထပေါက်ကွဲပြီဆိုပါတော့။ က်ျနတဲ့သူတွေအားလုံးက ဒီလောက်ဖြစ်စရာမလိုပါဘူးလို့သိတယ်။ အခြေအနေကလည်း ဒီလိုပြုမူဖို့မလိုဘူး။ ဆီလည်းမဆီလျော်ဘူး။ ခင်ဗျားဟာခင်ဗျားသာ မသိတာ။ ကျန်တဲ့သူတွေအားလုံးသိတယ်။ "ဟ ဒီကောင် ဘယ့်နှာဖြစ်နေတုန်း၊ ဒီလိုဖြစ်ဖို့လည်းမလိုပါဘူး၊ ဘာလို့ဒီလောက်တောင်စိတ်ဆိုးနေလဲ " ဆိုတာမျိုး သူတို့ ခံစားနားလည်ကြတယ်။ ခင်ဗျားအတွက်တော့ ဒီဒေါသဟာထွက်သင့်လို့ထွက်တာဆိုတဲ့ အမြင်မျိုးရနေလိမ့်မယ်။ အကြောင်းပြချက်ကောင်းကောင်းနဲ့ ဒေါသထွက်ဖို့လိုတယ်ဆိုတာမျိုး ခင်ဗျားလုပ်လိုက်လိမ့်မယ်။

အဲဒီလို ကိုယ့်အမှားကို ဖုံးဖိပေးတဲ့အကြောင်းပြချက်တွေဟာ ခင်ဗျားရဲ့ မိုက်မဲမှုကို ဆက်ပြီးမေ့ထားနိုင်အောင် ကူညီပေးတာပေါ့။ အဲဒါကို ဂျော့ခ်ျ ဂါဂျစ်ဖ်က အခုအခံတွေလို့ဆိုတယ်။ အခုနပြောတဲ့ ကိုယ့်အမှားကိုယ်ဖုံးပေးထားတဲ့ အကြောင်းပြချက်တွေဆိုတဲ့ အခုအခံတွေကို ခင်ဗျားပတ်လည်မှာထားလိုက်ရင် အခြေအနေမှန်ကို ခင်ဗျားမသိတော့ဘူး။ ဒီလိုအခုအခံတွေကို ရထားမှာတွဲဆက်တွေမှာ သုံးသဗျ။ တကယ်လို့ရုတ်တရတ် ရထားရပ်လိုက်ရရင် ခရီးသည်တွေ ရထားဆောင့်တာ သက်သာသွားစေတာပေါ့။ အခုအခံတွေက ရထားဆောင့်တာကို ကြားခံပေးထားလိုက်တာပဲ။ ခင်ဗျားရဲ့ လုပ်ငန်းဆောင်တာတွေဟာ ဆက်တိုက်ကြီးမဆီလျော်တော့ဘူး။ ဒါပေမယ့် အခုအခံတွေက ဖြစ်ရပ်မှန်ကို နားမလည်အောင်ဖုံးထားတော့ ခင်ဗျားသေချာမသိတော့ဘူး။ အခုအခံတွေက ခင်ဗျားကို ကန်းသွားစေတယ်။ အဲဒီတော့ ခင်ဗျားက ခင်ဗျားကိုယ်ခင်ဗျားဟုတ်လှပြီထင်ပြီး လုပ်ငန်းဆောင်တာတွေ ဆက်လုပ်နေရော။ ဒေါသထွက်စရာကိစ္စလို့ထင်ရင် ခြေခြေမြစ်မြစ်နားလည်ဖို့မကြိုးစားဘဲ ဒေါသဆက်ထွက်နေရော။

အဲဒီလို လုပ်ငန်းဆောင်တာမျိုးရှိနေရင် ခင်ဗျားဘယ်လို အနားရမလဲ။ နားလို့ကိုမရနိုင်ဘူး။ အဲဒါဟာ စွဲမိနေတဲ့လိုအပ်ချက်ဖြစ်သွားပြီ။ အဲဒီတစ်ခုဟာဘာပဲဖြစ်ဖြစ် ခင်ဗျားလုပ်ချင်နေပြီ။ ကမ္ဘာပေါ်မှာ ဘာမှမလုပ်ဘဲမနေနဲ့ တစ်ခုခုသာလုပ်နေဆိုပြီး ပြောပြောနေတဲ့ အရူးတွေအများကြီးရှိတယ်။ ဒါတင်မကဘူး ပြီးပြည့်စုံတဲ့ အရူးတွေဆို ကမ္ဘာသုံး စကားပုံတွေတောင်ထွင်လိုက်ကြသေးတယ်။ ဗလာကျင်းနေတဲ့စိတ်ဟာ နတ်ဆိုးရဲ့အလုပ်ရုံတဲ့။ အဲဒါမဟုတ်မှမဟုတ်ဘဲ။ ဖြစ်ချင်းဖြစ် ဗလာကျင်းနေတဲ့စိတ်ဟာ ဘုရားရှင်ရဲ့ အလုပ်ရုံပဲဖြစ်မှာပေါ့။ ဒီလောက်လှတဲ့စိတ်ဟာ နတ်ဆိုးရဲ့ အလုပ်ရုံ ဘယ့်နှယ်ဖြစ်နိုင်ပါ့မလဲ။ ဒီစိတ်ဟာ အလှဆုံးနဲ့အသန့်စင်ဆုံးစိတ်ပဲ။ နတ်ဆိုးဟာ ဗလာကျင်းနေတဲ့စိတ်ထဲ ဘယ်လို ဝင်လာနိုင်ပါ့မလဲ။ နတ်ဆိုးဟာ ခင်ဗျား လုပ်ငန်းဆောင်တာတွေကို သွားစွဲငြိနေမှ ဝင်လာနိုင်မှာပေါ့။ ပြီးတော့ သူက ဆရာလုပ်ပြီး ခင်ဗျားကို ပိုပြီတက်ကြွနေအောင် နည်းတွေလမ်းတွေ မီးတွေယမ်းတွေ ပြမှာပေါ့။ နတ်ဆိုးက ခင်ဗျားကို အေးအေးလူလူနေစမ်းပါကွာလို့ ဘယ်ပြောမလဲ။ ဟရောင်ကြီး ဘာလို့အချိန်တွေဖြုန်းနေလဲ၊ တစ်ခုခုလုပ်နေစမ်းကွာ။ ရွေ့နေပစေ။ ဘဝက ကုန်နေတာ။ တစ်ခုခုလုပ်၊တစ်ခုခုလုပ် ဆိုပြီးပြောမှာပေါ့။ လောကရဲ့ အမှန်တရားကို သိမြင်သွားတဲ့ ဆရာသမားတွေကတော့ ဗလာကျင်းနေတဲ့စိတ်ဟာ မြင့်မြတ်ခြင်းတရား ဝင်ရောက်လာနိုင်ဖို့ နေရာလွတ်ရှိတယ်ဆိုတာ နားလည်လာကြတယ်။

With Regards,
Z

စာမျက်နှာ ခုနစ်အထိပဲရောက်သေးသဗျ။ ဒီနေ့တော့ လည်သွားပြီ။ မီးပိတ်လိုက်ရင် ဆက်ရေးလို့ရအောင် ပီဒီအက်ဖ်ပါရှာထားတယ်။ ၁၉၁ အထိဆိုတော့ သိပ်မကျန်လှတော့ပါဘူး။ စိတ်ရဲ့သဘာဝကို နားမလည်ရင် စိတ်ကနှိပ်စက်လိမ့်မယ်။ ကိုယ့်ကို တကယ်နှိပ်စက်နိုင်တာ ကိုယ့်ရဲ့စိတ်ပဲ။ အဲဒီတစ်ခု တော်တော်အရေးကြီးတယ်။ ကျန်တာတွေမေ့ထားလိုက်လို့ရတယ်။ သတိမထားရင် စိတ်က ကိုယ့်ကို ဒုက္ခပေးမယ်ဆိုတာလေးတော့ မမေ့ကြစေနဲ့။



Peace B with U.

Wednesday, October 29, 2014

စီသုံးလုံး အပိုင်း ၂- Creativity - OSHO


တီထွင်ဖန်တီးနိုင်စွမ်းရှိသူတွေမှာ ထူးကဲတဲ့အမြင်ရှိတယ်။ ဘယ်သူမှ မမြင်သေးတဲ့အမြင်မျိုးနဲ့ သူကမြင်နိုင်တယ်။ ဘယ်သူမှမကြားဖူးသေးတာကိုလည်း သူကကကြားနိုင်တယ်။ အဲဒီလိုမြင်နိုင်ကြားနိုင်မှလည်း တီထွင်ဖန်တီးနိုင်စွမ်းဆိုတာ ရှိနိုင်မှာ။

ပန်းချီဆွဲရန် ပိတ်ကားကိုပြင်ဆင်ခြင်း

ရောဂါကင်းတဲ့တစ်နေ့မှာ လူတိုင်းဟာ တီထွင်ဖန်တီးသူတွေဖြစ်လာကြတာပဲ။ ဒါကိုသေသေချာချာနားလည်မှဖြစ်မယ်။ နေမကောင်းတဲ့သူတွေဟာ ထိခိုက်ဒဏ်ရာရနေတယ်။ သူတို့ဟာမဖန်တီးနိုင်ဘူး။ အဖျက်အင်အားတွေရှိနေတယ်။ ကျန်းမာတဲ့သူတွေပဲ တီထွင်ဖန်တီးနိုင်တယ်။ တီထွင်ဖန်တီးခြင်းဆိုတာ မုချကျန်းမာမှုရဲ့ ရနံ့ပဲ။ လူတစ်ယောက်ဟာ တကယ့်ကိုကျန်းမာပြီး ပြည့်ဝစုံလင်နေရင် တီထွင်ဖန်တီးမှုဟာ သူ့ဆီကို သဘာဝအတိုင်းကိုရောက်လာတာပဲ။ ဖန်တီးပါ၊ တီထွင်ပါဆိုတဲ့ဆိုတဲ့တောင်းဆိုသံတွေ လွင့်ပျံ့နေတယ်။

Cသုံးလုံး

လူ့အဖွဲ့အစည်းဟာ လမ်းဆုံလမ်းခွရောက်နေတယ်။ ကျနော်တို့ဟာ တစ်ဘက်တိုင်းထဲကလူသားတွေ။ အားလုံးမောပန်းနွမ်းလျနေတယ်။ ကျနော်တို့ဟာ အခု ပိုပြီး ပြည့်စုံတဲ့ လူသားတွေဖြစ်ဖို့လိုလာပြီ။ သုံးဘက်တိုင်းထဲမှာနေတဲ့လူသားတွေ။ ဒါကို ကျနော် စီသုံးလုံးလို့ခေါ်မယ်။ အာရ်သုံးလုံးလိုမျိုးပဲ။ စီသုံးလုံးမှာ ပထမ စီအက္ခရာက Consiousness ဆိုတဲ့ သတိသမ္ပဇဉ်တရားပေါ့။ ဒုတိယစီအက္ခရာကတော့ Compassion ဆိုတဲ့ ကရုဏာတရား။ တတိယစီအက္ခရာကတော့ Creativity ဆိုတဲ့ တီထွင်ဖန်တီးမှုဆိုပါတော့။

သတိသမ္ပဇဉ်ဆိုတာတော့ ဖြစ်တည်မှုပဲ၊ ကရုဏာကတော့ ခံစားချက်၊ တီထွင်ဖန်တီးမှုကတော့ လုပ်ရပ်။ ကျုပ်မျှော်မှန်းချက်အရတော့ လူသားအသစ်ဟာ အဲဒီသုံးချဟာ တစ်သားတည်းဖြစ်နေလိမ့်မယ်။ ကျုပ်ခင်ဗျားကို အခက်ဆုံးအလုပ်တစ်ခုပေးလိုက်ဦးမယ်။ အောင်မြင်အောင်လုပ်ဖို့ အခက်ဆုံးအလုပ်ဆိုပါတော့။ ခင်ဗျားဟာ ဗုဒ္ဓလို သတိသမ္ပဇဉ်လည်းရှိရမယ်။ ခရစ်သျှနားလို ချစ်ခင်တတ်ရမယ်။ မိုက်ကယ်အန်ဂျလိုတု့၊ လီယိုနာဒို ဒါဗင်ချီတို့လိုလည်း ဖန်တီးတီထွင်နိုင်ရမယ်။ အဲဒီသုံးခုစလုံးတစ်ပြိုင်နက်ကို တစ်သားတည်းဖြစ်အောင်လုပ်ရမယ်။ အဲဒီလိုလုပ်နိုင်မှပဲ ခင်ဗျားရဲ့ပြည့်ဝစုံလင်ခြင်းဖြစ်မယ်။ မဟုတ်ရင် တစ်ခုခုလိုနေသလို လစ်ဟာတဲ့ခံစားချက် ခင်ဗျားမှာ အမြဲရှိနေလိမ့်မယ်။ အဲဒီခံစားချက်ဟာ ခင်ဗျားကို မညီမညွတ်ဖြစ်စေမယ်။ မပြည့်ဝတဲ့၊ချို့တဲ့ တဲ့ ခံစားချက်မျိုးဖြစ်စေမယ်။ ခင်ဗျားဟာ ခင်ဗျား တစ်ဖက်တိုင်းထဲမှာနေရင် ခင်ဗျားဟာ တောင်ထိပ်ဖျားတစ်ခုကိုရောက်နိုင်တယ်။ ကျုပ်က ခင်ဗျားကို ဟိမဝန္တာလိုတောင်တန်းကြီးဖြစ်စေချင်တာ။ တောင်ထိပ်ဖျားလေးတစ်ခုလောက်ပဲမဟုတ်ဘူး။ တောင်ထိပ်တွေအများကြီးရဲ့ တောင်ထိပ်တွေဖြစ်စေချင်တာ။

တစ်ဖက်တိုင်းမှာနေတဲ့ လူသားတွေဟာ ရှုံးနိမ့်သွားကြပြီ။ သူတို့ဟာ လှပတဲ့ ကမ္ဘာကို မဖန်တီးနိုင်ဘူး။ ကောင်းကင်ဘုံကို မြေကမ္ဘာပေါ်မှာ မတည်ဆောက်နိုင်ခဲ့ကြဘူး။ သူတို့မအောင်မြင်ဘူး။ လုံးဝကျရှုံးသွားပြီ။ အဲဒီလူတွေက အင်မတန်လှပတဲ့ လူသားတစ်ချို့ကိုတော့ တီထွင်ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမယ့် အဲဒီလူသားမျိုး အနည်းငယ်နဲ့ လူ့အသိုင်းအဝိုင်းတစ်ခုလုံးကို ပြောင်းလဲပစ်လို့မရနိုင်ခဲ့ဘူး။ ဒီလောက်လေးနဲ့ လူ့သားမျိုးနွယ်စုရဲ့ သတိသမ္ပဇဉ်တရားကို မြှင့်တင်ပေးဖို့ မဖြစ်နိုင်ဘူး။ အသိအမြင်အလင်းကိုလည်း ဟိုနား၊ဒီနားက လူနည်းနည်းလောက်သာရရှိသွားတယ်။ အဲဒါမျိုးကလည်း အလုပ်မဖြစ်တော့ဘူး။ အလင်းတရားရှိတဲ့လူတွေ ကျနော်တို့အများကြီးလိုတယ်။ ဉာဏ်အလင်းရတာတောင် သုံးဖက်တိုင်းမှာရတဲ့ ဉာဏ်စဉ်မျိုး။

ဒါက ကျုပ်ဖွင့်ဆိုတဲ့ လူသားအသစ်ရဲ့ အဓိပ္ပာယ်ပဲ။

ဗုဒ္ဓဟာ ကဗျာဆရာမဟုတ်ဘူး။ ဒါပေမယ့် ခေတ်သစ်လူအဖွဲ့အစည်းက လူသားတွေ ဗုဒ္ဓဖြစ်လာတဲ့အခါ ဗုဒ္ဓတွေဟာ ကဗျာဆရာတွေလည်းဖြစ်လာကြလိမ့်မယ်။ ကျုပ် ကဗျာဆရာလို့ပြောတဲ့အခါမှာ ခင်ဗျားတို့ ကဗျာရေးကိုရေးရမယ်လို့မဆိုလိုဘူး။ ကဗျာဓာတ်ခံလေး၊ကဗျာဆန်တဲ့စိတ်ကလေးရှိရမယ်လို့ဆိုလိုတယ်။ ခင်ဗျားဘဝဟာ ကဗျာဆန်နေရမယ်။ ကဗျာရဲ့ လုပ်ကိုင်ဆောင်ရွက်မယ့်နည်းလမ်းက ကဗျာဆန်ရမယ်။

ယုတ္တိဗေဒဟာ ခြောက်သွေ့လွန်းတယ်။ ကဗျာကတော့ အသက်ဝင်တယ်။ ယုတ္တိကြီးနဲ့ ခင်ဗျားကလို့မရဘူး။ ယုတ္တိဗေဒကို ကခုန်ခိုင်းဖို့မဖြစ်နိုင်ဘူး။ ယုတ္တဗေဒကြီး ကနေတယ်ဆိုတာ မဟတ္တမဂန္ဒီကြီး ကနေတယ်ဆိုတာမျိုးဖြစ်နေမယ်။ အလွန် ရယ်စရာကောင်းနေမှာပဲ။ ကဗျာကတော့ ကနိုင်တယ်။ ကဗျာဆိုတာ ခင်ဗျားနှလုံးသားရဲ့ ကခုန်မှုလေးပဲ။ ယုတ္တိကြီးက ချစ်လည်းမချစ်နိုင်ဘူး။ သူဟာ အချစ်အကြောင်းပြောနိုင်ပေမယ့် ဘယ်တော့မှ မချစ်နိုင်ဘူး။ အချစ်ဆိုတာကိုက ယုတ္တိမှမကျတာ။ ကဗျာဓာတ်ကတော့ ချစ်နိုင်တယ်။ ကဗျာဉာဉ်ကသာ အချစ်ရဲ့ ဝိဝါဒထွေပြားစရာ၊ ပဋိပက္ခဖြစ်စရာတွေကို နားလည်အောင်အရောက်သွားနိုင်တယ်။

ယုတ္တိဗေဒဟာ အေးစက်စက်ကြီး။ သင်္ချာတွက်ဖို့ ကိစ္စမျိုးဆိုရင်တော့ သိပ်ကောင်းတာပေါ့။ လူ့အဖွဲ့အစည်းအတွက်တော့ သိပ်မကောင်းလှဘူး။ လူ့အဖွဲ့အစည်းဟာ သိပ်ယုတ္တိကျကုန်ရင် လူ့အဖွဲ့အစည်းရဲ့ တည်ရှိမှုဟာ ခက်ခဲလာပြီး ပျောက်ကွယ်သွားနိုင်တယ်။ အဲဒီမှာ အရေအတွက်ပဲကျန်ခဲ့မယ်။ လူသားမဟုတ်တော့ဘူး။ လူတွေကို အစား ဖလှယ်လို့ရတဲ့နံပါတ်စဉ်တွေ ဖြစ်လာမယ်။

ကဗျာဓာတ်ရယ်၊ ချစ်ခြင်းမေတ္တာရာယ်၊ ခံစားချက်ရယ်က ခင်ဗျားကို နက်ရှိုင်းစေတယ်။ နွေးထွေးစေတယ်။ ခင်ဗျားရဲ့ အေးခဲမှုတွေကို ဖျော်ချပေးနိုင်တယ်။ ခင်ဗျားလူသားပိုဆန်လာမယ်။ ဗုဒ္ဓဟာ မဟာလူသား။ အဲဒါနဲ့ပတ်သက်ပြီး ဘာမှ သံသယဖြစ်စရာမလိုဘူး။ ဒါပေမယ့် သူ့မှာ လူသားဆန်တဲ့အစိတ်အပိုင်းပျောက်နေတယ်။ သူဟာ လောကီနဲ့မပတ်သက်ဘူး။ လောကကနေ လွန်မြောက်တဲ့အလှတရားတော့ရှိတယ်။ ဒါပေမယ့် ဂရိမှာရှိတဲ့ ဇောဘရဲ့ အလှတရားမျိုးတော့မရှိဘူး။ ဇောဘဟာ လောကီဆန်တယ်။ လူသားဆန်တယ်။ ကျုပ်ကခင်ဗျားကို နှစ်မျိုးပေါင်းဖြစ်စေချင်တယ်။ ဗုဒ္ဓနဲ့ဇောဘ အတူတကွဖြစ်နေသလိုမျိုး။ တစ်ယောက်က တရားဓမ္မနဲ့မွေ့လျှော်ပြီး ခံစားချက်ကို ဆန့်ကျင်တယ်။ နောက်တစ်ယောက်ကတော့ ချစ်ခြင်းမေတ္တာအပြည့်နဲ့နေရင်း တရားနှလုံးသွင်းနေတယ်။ချစ်ခြင်းမေတ္တာတွေ လျှံတောင်ကျတယ်။ ပြီးတော့ တီထွင်ဖန်တီးနိုင်စွမ်းလည်းရှိရဦးမယ်။ ခင်ဗျားရဲ့ မေတ္တာဟာ ခံစားချက်သက်သက်ပဲဖြစ်ပြီး လက်တွေ့ဘာမှအကောင်အထည်မဖော်ရင် လူသားထုအတွက်တော့ အကျိုးမများဘူး။ ခင်ဗျားက လက်တွေ့အကောင်အထည်ဖော်ရလိမ့်မယ်။ ရုပ်လုံးပေါ်လာအောင်ဖော်ဆောင်ရမယ်။

ဖြစ်တည်မှု၊ခံစားမှု၊ပြုမူဆောင်ရွက်မှုဆိုတဲ့ သုံးဘက်တိုင်းရှိတယ်။ ပြုမူဆောင်ရွက်မှုမှာ တီထွင်ဖန်တီးမှုရှိတယ်။ တီထွင်ဖန်တီးမှုမှန်သမျှရှိတယ်။ ဂီတ၊ကဗျာ၊ပန်းချီ၊ပန်းပု၊အဆောက်အဦးတည်ဆောက်တာ၊ သိပ္ပံနဲ့နည်းပညာ ဒါတွေ အကုန်ရှိတယ်။ ခံစားချက်မှာတော့ ရသတွေရှိတယ်။ အချစ်တရားနဲ့ လှပမှုတွေရှိတယ်။ တရားဓမ္မနဲ့ ဖြစ်တည်နေရင်တော့ သတိသမ္ပဇဉ်ရှိတယ်၊ သိစိတ်ကို သတိထားနေမှုလေးရှိတယ်။

Regards,
Z

ရေးနေရင်းမှ တစ်ယောက်ယောက်ရေးပြီးသလို ခံစားချက်ရလာတယ်။ မတတ်နိုင်ဘူး။ နှစ်မျိုးဖတ်ရတာလည်း ကောင်းတာပဲလို့တွေးလိုက်တယ်။ အိုရှိုကြီးပြောတာကို သင့်သလိုပြန်လိုက်တယ်။ သူနဲ့အယူအဆမတူတာတွေလည်းရှိမှာပဲ။ ဘာပဲဖြစ်ဖြစ် သူ့အမြင်ကိုဖတ်ကြည့်ခြင်းအားဖြင့် ပိုပြည့်စုံတဲ့ အမြင်တစ်ခုကို ကိုယ့်ဟာကိုယ် ဖန်တီးယူနိုင်မယ်လို့ယူဆပါတယ်။




Peace B with U.

လွတ်လပ်ခြင်း၏ရနံ့ အပိုင်း ၁- Creativity - OSHO

စကားချီး

လွတ်လပ်ခြင်း၏ရနံ့

တီထွင်ဖန်တီးခြင်းဟာ လောကကြီးမှာတော့ အကြီးဆုံး ဆန့်ကျင်ကြိုးပမ်းမှုတစ်ခုပဲ။ ကျနော်တို့ဟာ တစ်ခုခုကို တီထွင်ဖန်တီးချင်တယ်ဆိုရင် ယုတ္တိဗေဒနည်းလမ်းတွေအားလုံးကို ဆန့်ကျင်ထိုးဖောက်ထွက်ရတယ်။ မဟုတ်ရင် ကျနော်တို့ရဲ့ တီထွင်ဖန်တီးမှုဟာ ကူးချမှုသက်သက်သာဖြစ်မယ်။ မင်ခံနဲ့ကူးလိုက်သလိုမျိုးပေါ့။ ကိုယ့်ဟာ သီးခြားဝိသေသနဲ့တစ်သီးပုဂ္ဂလသက်သက်ဖြစ်နေမှ တီထွင်ဖန်တီးနိုင်တယ်။ လူအများကျင့်သုံးလက်ခံတဲ့ စိတ်ပညာ၊အပြုအမူအလေ့အထတွေနဲရောပါလိုက်ရင် ဖန်တီးဖို့မဖြစ်နိုင်တော့ဘူး။ လူအများလက်ခံထားတဲ့ စိတ်ထားမျိုးဟာ ဘာမှတီတီထွင်ထွင်ရှိတာမျိုးမဟုတ်ဘူး။ အဲဒီအတိုင်းနေလိုက်ရင် ဘဝဟာ အိပဲ့ပဲ့ဘဝကြီးဖြစ်သွားမယ်။ ကခုန်မှုကိုလည်းနားမလည်၊ ဂီတကိုလည်းနကန်းတစ်လုံးမသိ၊ ပျော်ရွှင်ဝမ်းမြောက်မှုနဲ့လည်းမနီးစပ်၊ စက်ရုပ်ဆန်လွန်းသွားမယ်။

ဖန်တီးတီထွင်သူတစ်ယောက်ဟာ လူတကာလုပ်နေကျနည်းလမ်းနဲ့သွားလို့မဖြစ်ဘူး။ သူဟာ သူ့နည်းလမ်းနဲ့သူသွားရမယ်။ သူဟာ ဘဝတောအုပ်လေးမှာ စူးစမ်းလေ့လာရမယ်။ တစ်ယောက်တည်းသွားရမယ်။ လူအုပ်ကြီးရဲ့စိတ်ထားမျိုးကနေ ထွက်ခွာရမယ်။ အားလုံးစုဖွဲ့လက်ခံထားတဲ့ စိတ်ပိုင်းဆိုင်ရာ အမူအကျင့်တွေဆီကနေထွက်ရမယ်။ လူတကာလက်ခံယုံကြည်တာတွေအတိုင်း လိုက်လုပ်တဲ့စိတ်ထားဟာ အဆင့်အနိမ့်ဆုံးစိတ်ထားပဲ။ ငတုံးတွေလို့ သတ်မှတ်ခံရတဲ့ကောင်တွေတောင်မှ အုပ်စုဖွဲ့ပြီး အရူးထနေတဲ့သူတွေထက်တော့သာသေးတယ်။ အဲဒီလို စုဖွဲ့ခြင်းမှာအကျိုးအမြတ်တော့ရှိတယ်။ လူတစ်ယောက်ဟာ အားလုံးလက်ခံထားတာကိုသာ အမှန်ဆိုပြီး ရဲရဲရင့်ရင့်ထောက်ခံရင် လူလေးစားမှုရလာတယ်။ ဂုဏ်ပြုခံထိုက်သူဖြစ်လာတယ်။

အတိတ်ခေတ်တုန်းက ဖန်တီးတီထွင်သူတွေဖြစ်တဲ့ ပန်းချီဆရာတွေ၊ အကသမားတွေ၊ ဂီတပညာရှင်တွေ၊ ကဗျာဆရာတွေ၊ပန်းပုဆရာတွေဟာ လူအထင်သေးခံလိုက်ကြရတယ်။ အရင်တုန်းက ဒါမလုပ်မဖြစ်ကိစ္စပဲ။ သူတို့ဟာ ဘိုဟီးမီးယန်းဘဝမျိုးနေထိုင်ကြတယ်။ အိမ်ခြေမဲ့တွေလိုနေထိုင်ကြတယ်။ အဲဒီလိုနေထိုင်မှလည်း သူတို့ဟာ တီထွင်ဖန်တီးနိုင်မှာ။ အနာဂတ်မှာတော့ ဒီလိုနေဖို့မလိုတော့ပါဘူး။ ကျုပ်ပြောတာ ခင်ဗျားနားလည်တယ်ဆိုရင်၊ ကျုပ်ပြောတဲ့အထဲမှာ အမှန်တရားပါတယ်လို့ခင်ဗျားခံစားမိတယ်ဆိုရင် အနာဂတ်မှာ လူတိုင်းဟာ တစ်သီးပုဂ္ဂလရှင်သန်နေထိုင်ကြလိမ့်မယ်ဆိုတာသိနိုင်တယ်။ ဘိုဟီးမီးယန်း ဘဝမျိုးမလိုအပ်တော့ဘူး။ ဘိုဟီးမီးယန်းဘဝဆိုတာကလည်း အပြောင်းအလဲမရှိ၊ ရှေးရိုးစွဲ၊ သမားရိုးကျဖြစ်တဲ့ လေးစားလောက်စရာဘဝရဲ့ ဘေးထွက်ပစ္စည်းပါပဲ။ (လေးစားခံရတာကိုဗြောင်ဆန့်ကျင်ပစ်လိုက်တာပဲ။)

ကျုပ်ရဲ့အားထုတ်မှုဟာ ကိုယ်ပိုင်ခံယူချက်မရှိတဲ့ အဖွဲ့အစည်းရဲ့ယုံကြည်ရာလိုက်ယုံနေတဲ့ စိတ်ထားကို ဖြိုဖျက်ပြီး လူတစ်ယောက်စီဟာ သူ့ဟာသူ တစ်သီးပုဂ္ဂလ လွတ်လွတ်လပ်လပ်နေသွားနိုင်ဖို့ပဲ။ အဲဒါဆို ပြဿနာလည်းမရှိတော့ဘူး။ ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက်နေသွားနိုင်တယ်။ တကယ်တော့ တစ်သီးပုဂ္ဂလသမားတွေ ဆန့်ကျင်ကြိုးပမ်းနေတာကို အသိအမှတ်ပြုလေးစားခံရတဲ့နေ့မှ လူ့အဖွဲ့အစည်းဟာ တကယ် မွေးဖွားလိမ့်မယ်။ လူ့အဖွဲ့အစည်းက အခု ဗိုက်ထဲမှာပဲရှိသေးတဲ့အရွယ်။ အခုမမွေးသေးဘူး။ လူ့အဖွဲ့အစည်းကိုကြည့်ရင် ဗလွတ်ရွတ်တဖြစ်စဉ်ကြီး။ ဘာမှ အဓိပ္ပာယ်မရှိဘူးဆိုတာတွေ့နိုင်တယ်။ ကျနော်တို့ဟာ လူတစ်ယောက်စီကို သူ့လွတ်လပ်ခွင့်နဲ့သူနေဖို့ တစ်ဦးချင်းစီရဲ့ လွတ်လပ်ခွင့်ကို အသိအမှတ်ပြုဖို့၊ လုံးဝလွတ်လပ်ခွင့်ကိုပေးလိုက်ဖို့မကြိုးစားဘူးဆိုရင် လူ့အဖွဲ့အစည်းဟာ ဗလွတ်ရွတ်တဖြစ်မြဲဖြစ်နေမှာပဲ။ လွတ်လပ်ခွင့်ဆိုလို့ တစ်ယောက်ယောက်ကို အနှောင့်အယှက်ဖြစ်အောင်လုပ်လို့ ဘယ်ရမလဲ။ အဲဒီလို တစ်ယောက်နဲ့တစ်ယောက် အနှောက်အယှက်မဖြစ်အောင်နေတာကိုက လွတ်လပ်ခြင်းရဲ့ အစိတ်အပိုင်းတစ်ရပ်ပဲ။

အတိတ်တုန်းကတော့ လူတိုင်းဟာ အခြားတစ်ယောက်ရဲ့ကိစ္စကို စပ်စုကြတယ်။ သူ့ရဲ့ အတွင်းရေးတွေလည်းမရှောင်ဘူး။ စပ်စုတယ်။ လူတစ်ယောက်စီရဲ့အတွင်းရေးဟာ လူ့အဖွဲ့အစည်းနဲ့ဘာမှမဆိုင်ဘူး။ ဥပမာ ခင်ဗျားး အမျိုးသမီးလေးတစ်ယောက်ကို ချစ်တဲ့ကိစ္စဟာ လူ့အဖွဲ့အစည်းနဲ့ဘာဆိုင်လဲ။ ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာကိစ္စသက်သက်ပဲ။ ဒါက ဈေးလို လူတကာနဲ့သက်ဆိုင်တဲ့နေရာမဟုတ်ဘူး။ နှစ်ဦးသားအချစ်ရေးသက်သက်ပဲ။ လူသားနှစ်ဦးဟာ ချစ်ခြင်းမေတ္တာနဲ့ ခံစားချက်ခြင်းဖလှယ်နေတာကို လူ့အဖွဲ့အစည်းကြီးက ဝင်ပါစရာမလိုဘူး။ ဒါပေမယ့် လူ့အသိုင်းအဝိုင်းကြိးက မပါရမနေနိုင်တဲ့အထာနဲ့ တိုက်ရိုက်ရော သွယ်ဝိုက်ပြီးပါ ဝင်ပါကြတယ်။ ရဲသားကလည်း ချစ်သူတွေကြားဝင်ပါမယ်။ အစိုးရအဖွဲ့သားကလည်းဝင်ပါမယ်။ ဒါတွေနဲ့မလုံလောက်ဘူးထင်ရင် လူ့အဖွဲ့အစည်းက စူပါရဲသားကြီးဖြစ်တဲ့ ဖန်ဆင်းရှင်ကို ဖန်တီးလိုက်ပြီး သူက ခင်ဗျားကို တာဝန်ယူကြီးကြပ်မယ်ဆိုပြီး လုပ်လာရော။

ဖန်ဆင်းရှင်အတွေးအခေါ်ဟာ ချောင်းကြည့်တတ်တဲ့သူတစ်ယောက်နဲ့ခပ်ဆင်ဆင်ပဲ။ ခင်ဗျား ရေချိုးနေတုန်းလည်း သော့ပေါက်ကချောင်းကြည့်နေတယ်။ ကိုယ်ပိုင်လုံခြုံမှုမရှိတော့ဘူး။ ခင်ဗျားဘာလုပ်နေသလဲစောင့်ကြည့်နေတယ်။ (ကိုယ်စောင့်နတ်လည်းထိုနည်းလည်းကောင်း) ဒါဟာ အင်မတန် အရုပ်ဆိုးအကျည်းတန်တဲ့ အတွေးပဲ။ ကမ္ဘာမှာရှိတဲ့ ဘာသာတွေမှာ ဖန်ဆင်းရှင်ဟာ ခင်ဗျားကိုစောင့်ကြည့်နေတယ်လို့ပြောတယ်။ အဲဒါဟာ အင်မတန် အကျည်းတန်တာပဲ။ ဘယ်လိုဖန်ဆင်းရှင်ပါလိမ့်။ သူ့မှာ တခြားကိစ္စမရှိတော့ဘူးလား။ လူတိုင်းကိုပဲစောင့်ကြည့်နေတော့တာလား။ ဒါဆိုရင်တော့ သူဟာ အဆင့်အမြင့်ဆုံး စုံထောက်ကြီးပုံပေါက်နေပြီ။

လူ့အဖွဲ့အစည်းဟာ မြေဆီသစ်လိုနေတယ်။ လွတ်လပ်ခြင်းမြေဆီ။ ဘိုဟီးမီးယန်းလို နေထိုင်တာက ဆန့်ကျင်တုန့်ပြန်မှုပဲ။ လိုအပ်လို့တုန့်ပြန်လိုက်တာမျိုးပဲ။ ဒါပေမယ့် ကျုပ်အထင်မှန်ခဲ့ရင် နောက်နောင် ဘိုဟီးမီးယန်းဆန်ခြင်းမရှိလောက်တော့ဘူး။ ဘာလို့လဲဆိုရင် လူတွေကို လိုက်ပြီး ထိန်းချုပ်ချင်နေတဲ့ အများယုံကြည်လက်ခံတဲ့ ဝိဝါဒတွေ နောက်ဆိုရှိမှာမဟုတ်တော့ဘူး။ အဲဒါဆို လူတိုင်း ကိုယ့်ဟာကိုယ် အေးဆေးနေလို့ရပြီ။ ခင်ဗျား လူများကိုတော့ အနှောင့်အယှက်ပေးလို့မရဘူး။ ခင်ဗျားဘဝမှာတော့ ခင်ဗျားစိတ်ကြိုက်နည်းနဲ့ ရှင်သန်နိုင်ပြီ။

အဲဒီတော့မှ တီထွင်ဖန်တီးမှုကရောက်လာမှာ။ တီထွင်ဖန်တီးမှုဆိုတာ တစ်သီးပုဂ္ဂလ လွတ်လပ်ခွင့်ရဲ့ မွှေးရနံ့ပဲလေ။

Creativity  - OSHO
Translation.

Regards,
Z

စိတ်ပြေလက်ပျောက်ဘာသာပြန်နေတာပါ။ တတ်နိုင်သမျှကြိုးစားပြီး တစ်အုပ်လုံးပြန်မယ်လို့ စိတ်ကူးပါတယ်။ ညဘက်ဆို ဇနီးသည်က အစောကြီးအိပ်တဲ့အတွက် ၁၁ နာရီဆို အိပ်ခန်းမှာ မီးပိတ်ရပါတယ်။ အပြင်ထွက်ပြီး စာရေးတာကိုလည်း တံခါးဖွင့်လိုက်ပိတ်လိုက်အသံမြည်လို့ သိပ်မနှစ်မြို့ပါဘူး။ ဖြည်းဖြည်းပိတ်လည်း သူနိုးပါတယ်။ အဲဒီတော့ စာရှည်ရှည်ရေးဖို့ အချိန်ရှိသော်လည်း မီးမရှိတာကြောင့် စာအုပ်ကြည့်ပြီး ဘာသာပြန်လုပ်ငန်းမတွင်ကျယ်လှပါ။ စာကြည့်မီးနဲ့လည်း ဖတ်ရတာ အဆင်မပြေဘူးဖြစ်တယ်။ အားလပ်ရက်တွေမှာလည်း ကလေးထိန်းနည်းဖတ်နေတာနဲ့မအားတော့ဘူး။ ကလေးယူတာ၊မယူတာအသာထား၊ နေ့ကလေးထိန်းကျောင်းဖွင့်စားလို့ရတယ်။



Peace B with U.

Sunday, October 26, 2014

ဟိုဒီသွား၊ တွေ့ရာရိုက်။

 ဒေဝါလီ ပါဖောင်းမန့်ဆိုပါတော့။










ရှုမငြီးတဲ့ ဇာတ်ရုံကြီး။


ငှက်ကလေးတစ်ကောင် ကောင်းကင်မှာ ပျံသန်းသွားတာ ကောင်းကင်ကို ဆန့်ကျင်တာလည်းမဟုတ်၊ မြေကြီးကိုတော်လှန်တာလည်းမဟုတ်၊ သူ့အိမ်သူပြန်သွားခြင်းသာ။









 ကြာပန်းပမာ လန်းဆန်းပါစေ။


မြန်မာပြည်အပြီးပြန်သွားတဲ့ အဒေါ်ကြီး အမှတ်တရ။ စင်ကာပူမှာ သူမရှိတော့ကတည်းက ဒီလိုပုံတွေ ဘယ်သူမှ မတင်ကြတော့ဘူး။ အတော်ချမ်းသာလို့ပြန်သွားတာဖြစ်ရမယ်။ ကိုတွိုင်လည်း သိန်းငါးထောင်ပြည့်မှပြန်မယ်ဆိုတာ ပြန်သွားပြီ။


မီးသတ်ရုံးကြီး။ လှတယ်၊ မလှဘူးမဟုတ်ဘူး။ နောင်တစ်ချိန် အိမ်ပြန်သွားရင် အလွမ်းပြေကြည့်စရာလေးတွေ။

အာမေးနီးယန်း ဘုရားကျောင်း။ မြန်မာပြည်မှာလည်းတစ်ကျောင်းရှိတယ်။ အမှတ်တရလေးတွေ။ ဒါတွေ နောက်တစ်ကြိမ် ပြန်လျှောက်သွားဖို့ သိပ်မလွယ်တော့ဘူး။


ဒီလိုလက်ရာကို ခံစားနားလည်တတ်ခဲ့ပါပြီလေ။ ကင်မရာကို ရိုက်ပြီး လူကို လှုပ်လိုက်မှ ဒီလိုပုံရတာ။

နောက်ဆုံးတော့လည်း လူတစ်ယောက်ဟာ ကိုယ့်ဘဝမှာ အချိန်ပိုဘယ်လောက်နဲ့ ကိုယ့်ကို တန်ဖိုးထားသလဲဆိုတာ အရေးကြီးမှန်းသိလာခဲ့တယ်။ အချိန်ပိုမရှိရင် လူတစ်ယောက်ကို ချစ်ဖို့ မလွယ်ဘူး။ မအားတဲ့ကြားက သတိရဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ လောကမှာ ငွေရှာဖို့ အချိန်တွေ အများကြီးသုံးလိုက်ရရင် ကျန်တာတွေချို့တဲ့သွားမယ်။ အခုနောက်ပိုင်းမှာ ဒီကိစ္စကို လေးလေးနက်နက် သတိထားပြီးလေ့လာနေတယ်။ တစ်ခါတစ်လေ လူတစ်ယောက်ယောက် ကိုယ့်ဘဝက ခဏလောက်ပျောက်သွားတာ ပြန်ပေါ်မလာတော့ဘူး။ အဲဒီအချိန်မှာ ကိုယ့်မှာ ရှိတဲ့ပိုက်ဆံတွေ တန်ဖိုးတော်တော်လေးမဲ့သွားတယ်။ ပျော်ပျော်ပဲနေတော့တယ်။ သိပ်လေးနက်လွန်းရင် ခံစားရတာများတယ်။

တော်သေးပြီ။

အပျော်တမ်းဒါ့ပုံဆရာနဲ့ အနာဂတ်၏ ဖခင်လောင်း။
Zephyr



Peace B with U.