Tuesday, March 20, 2012

Google Mail ကသိကအောင့်




Google Mail ကသိကအောင့်

gmail ကို မြန်မာအများစုအသုံးပြုကြပါတယ်။ အလကားပေးသမျှ mail တွေထဲမှာတော့ အကောင်းဆုံးဖြစ်ပါတယ်။အခုတလော gmail မှာ ပြဿနာတစ်ခုရှိလာပါတယ်။

.(dot) ပါတဲ့ အကောင့်တွေ log in ဝင်မရတာမျိုးဖြစ်နိုင်ပါတယ်။ ဝင်မရဘူးဆိုတာက ဒီလိုပါ။ maungkyawthein@gmail.com နဲ့ maung.kyawthein@gmail.com ဆိုပြီး မေးလ်အကောင့်နှစ်ခုရှိတယ်ဆိုပါစို့။ အခုဖြစ်နေတာက gmail က update တစ်ခုခု လုပ်လိုက်ပုံရပါတယ်။ dot ပါတာနဲ့ မပါတာနဲ့မှာ တစ်ခုပဲ active ဖြစ်ပြီး အဲဒီမေးလ်နှစ်ခုကိုပို့သမျှမှာ active ဖြစ်တဲ့ အကောင့်ဆီကိုပဲ မေးလ်ရောက်ပါမယ်။

maungkyawthein@gmail.com က active ဖြစ်နေရင် maung.kyawthein@gmail.com ကိုပို့သမျှ maungkyawthein@gmail.com ကိုရောက်ပါမယ်။ မေးလ်နှစ်ခုကြိုက်တာကိုပို့ active ဖြစ်နေတဲ့အကောင့်ကိုပဲရောက်ပါမယ်။ အဲဒီမှာ ပြဿနာက အလိုလိုနေရင်း inactive ဖြစ်သွားတဲ့ အကောင့်ပိုင်ရှင်က ဘာမှ မသိလိုက်ရတာပါပဲ။ maungkyawthein@gmail.com က maung.kyawthein@gmail.com ကို log in ဝင်လို့ရပါတယ်။ dot မပါတာနဲ့ပါတာနဲ့အတူတူတစ်ခုတည်းဖြစ်သွားတာမျိုးပါ။

အဲဒီလိုဖြစ်နေတယ်ဆိုတာပြောချင်တာပါ။ စောစောစီးစီး dot ပါတဲ့အကောင့်တွေကို စစ်ဆေးကြည့်ဖို့သတိပေးလိုက်ပါတယ်။

dot ပါတဲ့အကောင့် inactive ဖြစ်တာရှိသလို၊ dot မပါတဲ့အကောင့်ဖြစ်တာလည်းရှိပါတယ်။ ကိုယ့်အကောင့်နဲ့ နာမည်တူ dot ကွဲတစ်ယောက်ယောက်က ကိုယ့်အရင် account ဖွင့်ထားရင် ကိုယ့်အကောင့် inactive ဖြစ်နိုင်စရာရှိပါတယ်။ သူငယ်ချင်းတစ်ယောက်နှစ်ယောက်ကြုံနေတာနဲ့ အဲဒါလေး share လိုက်ပါတယ်။ ဘယ်သူမှ အကောင့်ခိုးသွားတာမဟုတ်ပါဘူး။ အဲဒီလို account ပြဿနာကြုံရင် Google ကိုသာ ဆက်သွယ်မေးကြည့်ကြဖို့ပါပဲ။

သတိပြုတော်မူနိုင်ကြပါစေ။ ။

Notes,

အခုပဲ dot ပါတဲ့ ကျွန်တော့်အကောင့်တစ်ခုကို dot မထည့်ဘဲ log in လုပ်ကြည့်တာ ရတာကိုတွေ့ရပါတယ်။ အဲဒီကတည်းက dot ပါတာနဲ့ မပါတာနဲ့ကို တစ်ခုတည်းထားလိုက်ပြီလို့ယူဆနိုင်ပါတယ်။ ကိုယ့်အကောင့်ကိုယ်ဝင်လို့ရသေးလား စမ်းကြည့်ကြပါဦး။ လူများမေးလ်တွေကိုယ့်ဆီဝင်နေရင်လည်း facebook မှာဖြစ်ဖြစ်ရှာပြီး အကြောင်းကြားလိုက်ကြပါဦး။

Regards,
Z



and some of my friends's current experience on this issue.



Peace B with U.

Sunday, March 18, 2012

The Lorax who speaks for trees





The Lorax who speaks for trees

သစ်ပင်တွေမရှိတော့ရင် .........................။

Unless ...

တကယ်ဆိုရင် ကျွန်တော်တို့တွေ ကမ္ဘာလောကကြီးကို စိတ်သန့်သန့်နဲ့ချစ်တတ်ဖို့ အများကြီး ကြိုးစားရဦးမယ်။ နောင်လာနောက်သားတွေ ဆက်လက်နေထိုင်ရဦးမယ့်ကမ္ဘာကြီးကို ဘယ်လို ချန်ထားခဲ့ပေးမလဲ ဆိုတာကို ပြန်သတိထားမိဖို့ .............. လိုအပ်တဲ့ ဆေးဝါးတစ်ခွက်တစ်လေထဲမှာ ၁၉၇၁ ကရေးခဲ့တဲ့ The Lorax ဆိုတဲ့ စာအုပ်လေးကို ပြန်ရိုက်ထားတဲ့ Animation ကာတွန်းကားလေးတစ်ကားလည်းပါခဲ့တာ အံ့သြစရာအကောင်းသား။

Dr.Seuss ကို ကလေးစာပေ စာရေးဆရာတစ်ယောက်အနေနဲ့သိထားတာတော့ကြာပြီ။ သူ့လက်ရာတွေကောင်းတယ်လို့ အသိတစ်ယောက်ကပြောလို့ တစ်ချိန်မှာဖတ်မယ်ဆိုတဲ့ စာရင်းထဲတော့ထည့်ထားမိတယ်။ စာရေးဆရာ၊ ကဗျာဆရာနဲ့ ကာတွန်းဆရာ သရီးအင်ဝမ်း အနုပညာရှင်ကြီးကတော့ စောစောစီးစီးကပဲ သစ်ပင်တွေကို ချစ်တတ်ဖို့ အမြော်အမြင်ရှိရှိရေးသွားလေရဲ့။

ဒီကာတွန်းကားမတိုင်မီက ရိုက်ခဲ့တဲ့တစ်ကားကိုတော့ ဂူဂယ် ဗီဒီယိုမှာကြည့်နိုင်ပါတယ်။ ၂၄ မိနစ်လောက်ပဲကြာပါတယ်။

http://video.google.com/videoplay?docid=6650219631867189375

ဒီကားလေးကတော့ရိုးရိုးလေးပါပဲ။ အခု ၂ဝ၁၂ မှာပြန်ထွက်လာတဲ့ အဆင့်မြင့် animation version ဖြစ်တဲ့ The Lorax နဲ့ယှဉ်ဖို့ခက်သွားတာက နည်းပညာတွေပါပဲ။ ကာတွန်းတစ်ကားကို အနုပညာမြောက်အောင်ရိုက်တတ်လာတာကလည်း သိပ်မကြာလှသေးပါဘူး။ အထူးသဖြင့် ရသဖြည့်စွက်ချက်တွေပိုကောင်းလာသလို၊ အတုံးလိုက် အတစ်လိုက် ပညာပေးခြင်းတွေလည်းလျော့နည်းလာပါတယ်။


ဒီကားကို သရုပ်ခွဲကြည့်ရင်တော့ Wall E ကာကွယ်ခဲ့တဲ့သစ်စေ့နဲ့ သိပ်မကွာသလိုသလိုပါပဲ။ ဒီမှာသီချင်းဆိုတာတွေကတော့ Rio ကြိုက်တဲ့သူတွေ သဘောကျစရာပါပဲ။ Ted Wiggins ရဲ့အဘွား Grammy Norma ကိုလည်း Madgascar မှာပါတဲ့ ခြင်္သေ့တွေကို ကိုင်ပေါက်တဲ့ အဘွားကြီး Nana လိုမျိုး character ကြိုက်တဲ့သူတွေ အကြိုက်တွေ့မှာအမှန်ပါပဲ။ Grammy Norma အဖြစ်သရုပ်ဆောင်တဲ့ Betty Marion White Ludden ဆိုတာ The Proposal ကားမှာ Sandra Bullock နဲ့အတူကတဲ့ Grandma Annie ပါပဲ။ ဒီကားကိုကြည့်ပြီး ကလေးတွေ ပျော်တာကို ရုပ်ရှင်ရုံထဲမှာတွေ့ခဲ့ရတော့ ကလေးတွေကြိုက်တဲ့ကာတွန်းကားလေးဆိုတာကိုတော့ လက်ခံမိတယ်။ လူကြီးတွေအတွက်တော့ နည်းနည်းလေး ရိုးတယ်။ ကလေးတွေအတွက် ရည်ရွယ်ထားပုံရလို့ စကားအသုံးအနှုန်းတွေကအစ ပေါ့ပေါ့ပါးပါးနဲ့ နားလည်လွယ်တဲ့ဟာသတွေပဲထည့်ထားတယ်။

ဇာတ်လမ်းကတော့ ခပ်ရိုးရိုးလေးပါပဲ။မူရင်းကာတွန်းစာအုပ်နဲ့ ကာတွန်းကားမှာတော့ ရှေ့ပိုင်းမှာ Ted Wiggins ရဲ့ ဇာတ်လမ်းမပါတာကွာပါတယ်။ Ted အဖြစ်အသံသရုပ်ဆောင်တဲ့သူကတော့ Zac Efron ဖြစ်ပါတယ်။ သီချင်းဆိုတာကိုကြိုက်တဲ့သူတွေ အားပေးခဲ့ကြတဲ့ High School Musical Series တွေမှာ သူ့ကို
Troy Bolton အဖြစ်မှတ်မိကြမှာပါ။ Ted က Audrey ဆိုတဲ့ကောင်မလေးကို ကြိုက်ပါတယ်။ Audery အဖြစ် Taylor Swift က အသံသရုပ်ဆောင်ပါတယ်။ Ted တို့နေတဲ့ Thneed-Ville မြို့ကလေးမှာ သစ်ပင်အစစ်တစ်ပင်မှမရှိပါဘူး။ လေတွေမသန့်တာကို သန့်စင်ဖို့လိုတဲ့ product တွေဝယ်သုံးရပါတယ်။ Ted က Audery ကိုကြိုက်တော့ Audery ရဲ့ အိမ်မက်ဖြစ်တဲ့ တကယ့်သစ်ပင်အစစ်တစ်ပင်တွေ့ရဖို့ဆိုတာကို စိတ်ဝင်စားသွားပါတယ်။ Audery နဲ့ Ted လှဲပြီးစကားပြောတဲ့အခန်းလေးက ချစ်စရာကောင်းပါတယ်။


Ted: တကယ်လို့ Truffula သစ်ပင်တစ်ပင်ယူလာတဲ့သူကိုတွေ့ရင် မင်းဘာလုပ်မလဲ။
Audery: ငါသူကို တခါတည်းချက်ချင်းကို လက်ထပ်ပစ်လိုက်မယ်။

ဒီနေရာမှာကို လောကကြီးလည်ပတ်နေတာ ချစ်သူတွေရဲ့ ဆန္ဒတွေကြောင့်များလားတွေးမိသေးတယ်။ ကိုယ့်ဘာသာကိုယ်ဆိုရင်တော့ Ted တစ်ယောက်လည်း သစ်ပင်တစ်ပင်ရှာကြည့်ဖို့စိတ်ကူးရမှာမဟုတ်ဘူး။ ဒါနဲ့ Ted က သူ့အဘွားဆီက စုံစမ်းတဲ့အခါမှာ အဘွားဖြစ်သူက သစ်ပင်အကြောင်းသိတဲ့ မြို့ပြင်မှာနေတဲ့ Once-ler ဆိုတဲ့လူနဲ့သွားတွေ့ဖို့ အကြံပေးတယ်။ Thneed-Ville ကို သံတံတိုင်းတွေနဲ့ကာရံထားတယ်။ အပြင်ဘက်မှာက အမှိုက်တွေနဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ လူနေဖို့အဆင်မပြေလောက်အောင် ညစ်ညမ်းနေပြီ။ Thneed-ville မှာ သဘာဝအတုလုပ်ထားတာ။ သစ်ပင်အတုတွေ၊ စိမ်းစိုမှုအတုတွေ၊ ပန်းပွင့်အတု၊ ပျားအတု၊ ခေတ်မီဆန်းပြားတဲ့ အတုတွေ၊ လိုလေသေးမရှိပြည့်စုံနေတဲ့ သဘာဝတရားတုတစ်ခုနဲ့မြို့လေး။ မြို့ပြင်ကို ဘယ်သူမှမထွက်ကြဘူး Ted တစ်ယောက်ပဲ သစ်ပင်အစစ်အကြောင်းသိရအောင် ထွက်တယ်။

အဲဒီအခန်းလည်းရယ်ရပါတယ်။ Once-ler နဲ့စကားပြောကြတယ်။ Once-ler က သစ်ပင်တွေမရှိတော့တာ သူ့ကြောင့်လို့ပြောတယ်။ ပြီးတော့ ဇာတ်ကြောင်းပြန်တယ်။ ကာတွန်းကားအဟောင်းမှာတော့ Once-ler ရဲ့ မျက်နှာမပါဘူး။ လက်အိတ်အစိမ်းစွပ်ထားတဲ့ လက်နှစ်ချောင်းပါတယ်။ ပြီးတော့ ဆေးပြင်းလိပ်သောက်တယ်။ ဒီအခု ကားမှာတော့ Once-ler က ဆေးပြင်းလိပ်မသောက်တော့ဘူး။

Once-ler ငယ်တုန်းက မိုက်တယ်။ ဂေါ်တယ်။ လန်းတယ်။ လိဒ်ဂစ်တာတစ်လက်နဲ့ ဘဝဟိုင်းဝေးလမ်းပေါ် တက်ခဲ့တယ်။ ကာတွန်းကားတွေထဲမှာ လိဒ်ဂစ်တာ အသုံးနည်းတယ်ထင်မိတယ်။ မသုံးသလောက်ပဲတောင်ထင်တယ်။ ဘယ်ကာတွန်းကားထဲမှာ လိဒ်ဂစ်တာ ကိုင်တဲ့ ဇာတ်ကောင်ပါလဲ ပြန်စဉ်းစားလို့တောင်မရဘူး။ Chipmunks တွေတော့ကိုင်တယ်။ လူမပါတဲ့ကာတွန်းကားသပ်သပ်တွေထဲမှာတော့ မကိုင်သလောက်ပဲ။ (Once-ler အဖြစ်အသံသရုပ်ဆောင်သူကိုလည်း အားလုံးမှတ်မိကြမှာပါ။ Hang Over 1 မှာ ကိုယ့်သွားကိုယ်ချိုးတဲ့ သွားဆရာဝန်၊ Dr. Stu Price အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ed Helms ပါပဲ။) Once-ler ရဲ့မြင်းကလည်းရယ်ရတယ်။ Tangled ထဲက (Maximus )ကိုတော့ မမီဘူး။ ရယ်တော့ရယ်ရတယ်။ သူ့မြင်းနဲ့ သူ သစ်ပင်တွေရှိတဲ့တစ်နေရာကိုရောက်လာတယ်။ အဲဒီသစ်ပင်တွေရဲ့ အရွက်က သိုးမွှေးတွေလိုပဲ။ အဲဒီမှာ မီတင်းနေထိုင်ကြတဲ့ ဝက်ဝံ၊ငါးနဲ့ ငှက်တွေက သိပ်ရယ်ရတယ်။ အရင်ကားမှာတော့ ငါးလေးကောင်၊ ဒီကားမှာတော့ ငါးသုံးကောင်၊ အသားကုန်ရယ်ရတယ်။ လူပီပီ သူက နေထိုင်ဖို့ အဆောက်အအုံလုပ်တယ်။ နောက်တော့ မပြောမဆို သစ်ပင်တစ်ပင် ခုတ်ချပစ်လိုက်တယ်။ လူတစ်ယောက်အတွက် သစ်ပင်တစ်ပင်ခုတ်တာဟာ ဘာမှမပြောပလောက်တဲ့ကိစ္စတစ်ခုပဲ။ ဒါပေမယ့် ကာတွန်းကားထဲမှာ ပြတာ သိပ်လှတယ်။ တိရိစ္ဆာန်လေးတွေကြောက်သွားကြတယ်။ သစ်ပင်မှာ အသိုက်လုပ်တဲ့ငှက်တွေ ပျံပြေးကြရတယ်။ သစ်ပင်တစ်ပင်ဟာ မီတင်းနေထိုင်နေရတဲ့ သတ္တဝါငယ်လေးတွေအတွက်တော့ အိမ်ပဲ။ သဘာဝတရားရဲ့ နံရိုးတစ်ချောင်းပဲ။ ကျွန်တော်တို့ သတိထားရမယ်။ အဲဒါလေးကိုပေးလိုက်တယ်။ အဲဒီ message လေးကို သိမ်သိမ်မွေ့မွေ့လေးပေးလိုက်တယ်။

သစ်ပင်ငုံးတိဖြစ်သွားတော့ မိုးတွေခြိမ်း၊ လေပြင်းတွေတိုက်ပြီး၊ သစ်တောစောင့်နတ် The Lorax ကောင်းကင်ကဆင်းလာတယ်။ ၁၉၇၂ ကကာတွန်းကားမှာတော့ သစ်ပင်ထဲကထွက်လာတယ်။

အခုတ်ခံလိုက်ရလို့ သေသွားတဲ့ Truffula သစ်ပင်လေးအတွက် ဈာပန လုပ်ကြတယ်။ ကျောက်တုံးလေးတွေစုပုံကြတယ်။ အဲဒီအခန်းလေးက တစ်ကယ့်ကိုကောင်းတယ်။ သစ်ပင်လေးတစ်ပင်ဟာ တစ်ကယ့်သက်ရှိလေးတစ်ယောက်လိုဖြစ်သွားစေခဲ့တယ်။

I speak for the trees, for the trees have no tongues.
သစ်ပင်တွေမှာ ပြောစရာ လျှာမရှိလို့ ငါ သစ်ပင်တွေအတွက် စကားပြောတယ်။ ဆိုတဲ့ နတ်ပုလေးက ချစ်စရာကောင်းတယ်။ နှုတ်ခမ်းမွှေးကားကားနဲ့ နတ်အိုကလေး။

Once-ler ကတော့ သစ်ပင်တွေ ဆက်လက်ခုတ်မယ့်ပုံရှိတာနဲ့ Lorax တို့က Once-ler အိပ်နေတုန်း ကုတင်ကြီးမပြီး ရေထဲမျှောလိုက်ကြတယ်။ ဖြစ်ချင်တော့အဲဒီကုတင်ပေါ်ကို ဝက်ဝံလေးပါသွားတယ်။ အဲဒီဝက်ဝံလေးကို ပြန်ကယ်ဖို့ကြိုးစားကြတာလည်းတော်တော်လေးကြည့်ကောင်းတယ်။ နောက်တော့ သူတို့တွေ မိတ်ဆွေတွေဖြစ်သွားကြတယ်။ Once-ler က ပထမဆုံးခုတ်ထားတဲ့သစ်ပင်ကနေ ရက်လုပ်ထားတဲ့ သိုးမွှေး အနွေးထည်လို အင်္ကျီတစ်ထည်ကို ဈေးမှာသွားရောင်းတယ်။ ပထမ ရောင်းမစွံဘူး။ နောက်တော့ လွှင့်ပစ်လိုက်တာ ကောင်မလေးတစ်ယောက်ရဲ့ ခေါင်းမှာ ပတ်မိပြီး အဲဒီ ဖက်ရှင်က ပေါက်သွားတယ်။ (ဖြစ်မှဖြစ်ရလေ။) (မူရင်းစာအုပ်မှာတော့ အင်္ကျီကို မိနစ်အနည်းငယ်အတွင်း ရောင်းလိုက်ရပါတယ်။)

နောက်တော့ လူအုပ်ကြီးက သူ့နောက်ကိုငွေနဲ့လိုက်ကြတယ်။ Once-ler လောဘတွေတက်ပြီး သစ်ပင်ခုတ်တယ်။ မိသားစုနဲ့ဆွေမျိုးတွေပါခေါ်ပြီး သစ်ပင်ခုတ်တယ်။ အထည်ချုပ်လုပ်ငန်းကို စက်တွေနဲ့လုပ်ကိုင်တယ်။ သစ်တောပြုန်းတီးတယ်။ Lorax က သတိပေးတယ်။ သူက လစ်လျူရှုတယ်။ တစ်နေ့မှာ နောက်ဆုံးသစ်ပင်ကို ခုတ်တယ်။ တိရစ္ဆာန်လေးတွေ နေစရာမရှိဘဲပြောင်းပြေးရတယ်။ စက်ရုံက အမှိုက်နဲ့ အညစ်အကြေးတွေကို စွန့်ပစ်တာနဲ့ ရေတွေမသန့်ဖြစ်တယ်။ ငါးကလေးတွေ ပြောင်းပြေးရတယ်။

Once-ler ရှေ့မှာပဲ အားလုံးထွက်ခွာသွားတယ်။ Lorax က သူ့ဖင်ကို မြှောက်ပြီး ကောင်းကင်ကို ပျံတက်သွားတယ်။ Once-ler ကိုလည်း အမျိုးတွေ စွန့်ခွာသွားတယ်။ အဲဒီအချိန်မှာ လေထုမသန့်တော့တဲ့ မြို့ကလေးက အမှိုက်ကောက်သမားတစ်ယောက်က လေသန့်ပစ္စည်းတွေ ရောင်းစားမှဆိုပြီး အကြံရတယ်။ အဲဒီ ဂျပုလေးဟာ(O' Hare) မြို့တော်ဝန်ဖြစ်လာတယ်။ လေတွေရောင်းပြီး အလုပ်ဖြစ်လာတယ်။ သစ်ပင်အတုတွေရှိတဲ့မြို့လေးတည်ဆောက်ခဲ့တယ်။ ပတ်ဝန်းကျင်နဲ့ သီးခြားဖြစ်အောင် နံရံတွေကာရံပစ်လိုက်တယ်။ သူ့စီးပွားရေး အင်ပါယာကိုထူထောင်တယ်။ ကောင်းကင်မှာ ယာဉ်ပျံကြီးနဲ့သူနေတယ်။

Once-ler ဆီမှာ သစ်ပင်တရားသွားနာယူနေတဲ့ Ted ကို မြို့တော်ဝန်ဂျပု( Aloysius O'Hare ) က ရန်ပြုပါတယ်။ တားမြစ်ပါတယ်။ သူရောင်းနေတဲ့လေကို အလကားပေးတဲ့သစ်ပင်တွေစိုက်မယ်ဆိုတာဟာ သူ့ကို ခြိမ်းခြောက်တာလို့ထင်ပါတယ်။ မကောင်းတဲ့သူတွေဟာ ကောင်းတဲ့သူတွေ ကောင်းတာလုပ်မှာကို ကြောက်တဲ့သဘောပဲထင်ပါတယ်။ မူရင်း စာအုပ်မှာရော၊ ၁၉၇၂ က ကာတွန်းကားမှာရော အဲဒါတွေမပါပါဘူး။ Once-ler ရဲ့ ဇာတ်လမ်းလေးပဲပါတာပါ။ အခုမှ ဇာတ်လမ်းကို ချဲ့လိုက်ရာက လှပတဲ့ အချစ်ဇာတ်လမ်းနဲ့ ထူးဆန်းတဲ့ မြို့ကလေးပါလာတာဖြစ်ပါတယ်။

ရိုက်တဲ့ဒါရိုက်တာထဲက Chris Renaud က 2010 မှာအောင်မြင်ခဲ့တဲ့ Despicable Me ရိုက်တဲ့ ဒါရိုက်တာပီပီ အနိုင်ကျင့်တဲ့အခန်းတွေ အတော်လေးပီပြင်ပါတယ်။ ကြည့်ရတာ သူ့ငယ်ဘဝမှာလည်း အနိုင်ကျင့်တဲ့ ကလေးတွေနဲ့ တွေ့ခဲ့ပုံရပါတယ်။ ဒီကားမှာလည်း O'Hare ရဲ့ ကိုယ်ရံတော် လူထွားကြီးနှစ်ယောက်ကDespicable Me ထဲက Gru လို လူထွားကြီးတွေပါပဲ။ ဇာတ်လမ်းမှာ နည်းနည်းအားနည်းသွားတာက ၉၆ မိနစ်စာလောက်မှာ Once-ler ကို အသားပေးလိုက်လို့ မြို့က O'Hare အကြောင်းနဲ့ Ted အကြောင်းမှာ အချိန်နည်းပြီး သိပ်မညွှန်းဆိုနိုင်ဘူးဖြစ်သွားတာပါ။

နောက်တစ်ခါ Ted မြို့ပြင်ထွက်တဲ့အခါကြတော့ once-ler က သစ်စေ့လေးတစ်စေ့ပေးလိုက်ပါတယ်။ အဲဒီမှာ symbol တစ်ခုကို အသုံးပြုထားပါတယ်။ ကျောက်တုံးလေးတွေအဝိုင်းပုံစီထားပြီး Unless လို့ရေးထားပါ တယ်။ Lorax ချန်ထားခဲ့တာလို့ Once-ler ကပြောပါတယ်။

Unless someone like you cares a whole awful lot, nothing is going to get better. It's not.

တကယ်လို့ မင်းဟာ ဒီလုံးဝဆိုးရွားတာကြီးတွေကို ဂရုမစိုက်ရင် ဒါတွေဟာ ဘယ်တော့မှ ပိုကောင်းလာမှာမဟုတ်ဘူး။ ဒါတွေ ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။

ဆိုးနေတာတွေ လက်ရှိမှာ အများကြီးပဲ။ ဒါပေမယ့် ကျွန်တော်တို့ ကိုယ်နဲ့မဆိုင်သလို နေနေကြတာတွေကို Lorax က ပြောလိုက်တာပဲ။ ဘာသိဘာသာနေရင်း ပိုဆိုးသွားမယ်။ အားလုံးက ဂရုမစိုက်ရင် ပိုဆိုးသွားမယ်။ ဆိုးတာကို ကိုယ်က သတိမထားခဲ့ရင်၊ ကိုယ့်ခေတ်မှာဆိုးနေတာတွေကို ပြုပြင်ခဲ့ဖို့မကြိုးစားခဲ့ရင် နောင်လာနောက်သားတွေဟာ ဒီအဆိုးရဲ့ဒဏ်ကိုခံရမယ်။ 1971 က Lorax ၊ ၂ဝ၁၂ မှာ တစ်ကျော့ပြန်ပြီး လာပြောနေခဲ့တယ်။ ဒါကို ကျွန်တော်ကြားလိုက်ရတယ်။

လေကို ဝယ်သုံးရမယ့်နေ့ အခုအထိတော့မရောက်သေးဘူး။ ဒါပေမယ့် နေလို့ကောင်းနေတဲ့ကမ္ဘာကို အကောင်းအတိုင်းထားခဲ့နိုင်ဖို့ စဉ်းစားစရာဖြစ်စေခဲ့တယ်။ ကိုတာပြောခဲ့တာတစ်ခုရှိတယ်။ ကလေးတွေ အတွက် အပြာရောင်ကောင်းကင်ကြီးကို အပြာရောင်အတိုင်း ချန်ထားပေးနိုင်ဖို့ဆိုတာကိုလည်း သတိရတယ်။ လေတွေမသန့်တော့တဲ့တစ်နေ့မှာ၊ ကောင်းကင်မှာ ဖုန်မှုန့်တွေ၊ အညစ်အကြေး၊ မီးခိုးတွေနဲ့ မည်းမှောင်နေမှာပဲ။ ကျွန်တော်တို့သေသွားတဲ့အခါ ကျန်ခဲ့မယ့် ကလေးငယ်တွေ အသက်ဝဝရှူနိုင်မယ့် လေထုလေးတော့ ကျန်နေအောင်ချန်ထားပေးရမယ်မဟုတ်လား။ သစ်ပင်တွေနဲ့လှပတဲ့ မြို့ကလေးတွေ ချန်ထားပေးရမယ်။ သဘာဝတရားကို မပျက်မစီးအောင် ထုတ်ယူသုံးစွဲတတ်ဖို့ လေ့လာရမယ်။ ဒါတွေအားလုံးကို Lorax ကပြောသွားတာပဲ။

Ted က သူ့သစ်ပင်လေးကို မြို့လယ်မှာစိုက်ဖို့ကြိုးစားခဲ့တယ်။ O'Hare တို့က လိုက်တားကြတယ်။ နောက်တော့ မြို့ကလူတွေကပါ သစ်ပင်စိုက်ဖို့ လက်ခံလိုက်ကြတယ်။။ The Lorax ဇာတ်ကားမှာ သီချင်း ၁၃ ပုဒ်ဆိုတယ်။ အဲဒီကတည်းက သီချင်းကြိုက်တဲ့သူတွေအတွက်တော့ ပျော်စရာကောင်းနေတော့တာပဲ။

Truffulaသစ်ပင်လေးတစ်ပင်ဟာ ဘဝမှာ တန်ဖိုးထားစရာလည်းဖြစ်ပါလားဆိုတဲ့ အတွေးကို ခံစားရစေတယ်။ အဲဒီအတွေးလေးကို သယ်ဆောင်ထားတဲ့ ဇာတ်ကားလေးက ချစ်စရာကောင်းတယ်။ ကလေးတွေကို အထူးသဖြင့် သဘာဝတရားနဲ့နီးစပ်တာလေးတွေ သင်ပေးဖို့ကောင်းတယ်။ ဒီကားလေးတွေကြည့်ပြီး ကလေးလေးတွေဟာ သစ်ပင်တွေကို ချစ်မှာပဲ။

Lorax က သစ်ပင်တွေအတွက် စကားပြောတယ်ဆိုတော့ Once-ler ကပြောတယ်။ သူက လူတွေ အထူးသဖြင့် အခွင့်အရေးကို အသုံးချပြီး စီးပွားရေးလုပ်မယ့်လူတွေအတွက် စကားပြောတယ်ဆိုပြီး ပြန်ခံပက်တာတွေ့ရပါတယ်။ Once-ler ပြောတာကိုလည်း ပြန်စဉ်းစားကြည့်ရင်အခုခေတ်လူတွေနဲ့သိပ်မကွာဘူး။ ဘနဖူးဆည်ဆောက်မယ်၊ အကျိုးအမြတ်ရရင် ရေနံဖြစ်စေ၊ဓာတ်ငွေ့ဖြစ်စေ၊ရွှေဖြစ်စေ၊ကျောက်စိမ်းဖြစ်စေ ရှိတာအကုန်ရောင်းမယ်။ ကချင်ပြည်နယ်မှာ ကျောက်တွင်းတွေဟာ ပိုပြီးနက်ရှိုင်းလာတယ်။ ဒါတွေကုန်သွားတဲ့တစ်နေ့ရောက်ရင် ဘာလုပ်ကြမလဲ။ အာဖရိကမှာ စိန်တွေကုန်သွားတဲ့နေ့၊ အာရပ်တိုင်းပြည်တွေမှာ ရေနံကုန်သွားတဲ့နေ့၊ သဘာဝဓာတ်ငွေ့ထွက်တဲ့နေရာတွေမှာ သဘာဝဓာတ်ငွေ့ကုန်သွားတဲ့နေ့ ..............ဘာလုပ်ကြမလဲ Once-lers အပေါင်းတို့ ........လို့ Lorax က လှမ်းမေးနေတုန်းပဲ။

ကျွန်တော်တို့ချစ်တဲ့ကမ္ဘာမှာ ကျွန်တော်တို့ချစ်တဲ့သစ်ပင်တွေ၊ ကျွန်တော်တို့ချစ်တဲ့သဘာဝတရားတွေရှုင်သန်နိုင်ဖို့ ..............ကျွန်တော်တို့မှာတာဝန်ရှိတယ်။ ။

Regards,

The Gardener


Notes:

Unless someone like you cares a whole awful lot, nothing is going to get better. It's not.

မူုရင်းကာတွန်း ၊ ၊ ကဗျာဆန်ဆန် ရွတ်ဆိုလို့ကောင်းပုံရပါတယ်။
http://www.youtube.com/watch?v=k25wlcFOglA&feature=related
အသံသရုပ်ဆောင်တွေရဲ့ နောက်ကွယ်ကမြင်ကွင်း
http://www.youtube.com/watch?v=fJAbokTVOC0&feature=fvwrel
Theodor Seuss Geisel ( /
ˈɡaɪzəl/; March 2, 1904 – September 24, 1991) was an American writer, poet, and cartoonist most widely known for his children's books written under the pen names Dr. Seuss, Theo LeSieg and, in one case, Rosetta Stone

Trailers

http://www.youtube.com/watch?v=Gs_Em1XvAiU&feature=fvwrel

http://www.youtube.com/watch?v=WRW8CyZ1AyA&feature=related



Peace B with U.