Friday, July 15, 2011

တိတ်ဆိတ်ခြင်းဟာ အရောင်တစ်ခုဆိုပါတော့ အဲဒါဟာဘာအရောင်လဲ။

တိတ်ဆိတ်ခြင်းဟာ အရောင်တစ်ခုဆိုပါတော့ အဲဒါဟာဘာအရောင်လဲ။


သောကြာနေ့ဟာ ပခြုပ်ထဲ ခွေနေရတဲ့မြွေတစ်ကောင်အတွက်တော့ ပုလွေသံပဲ။ ဒါမှမဟုတ်လည်း ပခြုပ်ဖွင့်သံပေါ့။ သီးသန့် မိုးကောင်းကင်တစ်ခုလို လူးလွန့်နိုးထလာတဲ့ မြွေကလေးတစ်ကောင်ရဲ့ တောက်တောက်ပပ မျက်လုံးလိုအရောင်နဲ့ မိုးကောင်ကင်တစ်ခု ........... အတောက်ပဆုံးနေ့ ... အမြင့်ဆုံးပျံသန်းမယ့်စိတ်တွေနဲ့ နေ့ရက်သစ်လေး။

ယောနသံစင်ရော်ဟာ အပြာရောင် ပျံသန်းခြင်းအားဖြင့် လွတ်မြောက်သွားခဲ့။ ဂျီးဆပ်ဟာ အနက်ရောင် လက်ဝါးကပ်တိုင်အားဖြင့် လွတ်မြောက်သွားခဲ့။ ဆော့ခရေတ္တိဟာ အဖြူရောင်ပန်းပွင့်ပင်လေးရဲ့ အဆိပ်များအားဖြင့် လွတ်မြောက်သွားခဲ့။ ဗုဒ္ဓဟာ ၀ိမုတ္တိအလင်းများအားဖြင့် လွတ်မြောက်သွားခဲ့။ မြက်ရှစ်ဆုပ်အားဖြင့် ပလ္လင်တော်ဟာ လွတ်မြောက်သွားခဲ့။ တေးသံများအားဖြင့် ပုလွေဟာ လွတ်မြောက်သွားခဲ့။ မျက်ရည်များအားဖြင့် ဒဏ်ရာဟာလွတ်မြောက်သွားခဲ့ ............။ သက်တံလေးတစ်ခုဟာ ကျွန်တော်တို့ရဲ့ အမှတ်တရ ဒဏ်ရာတွေကို ဆက်ဆွဲထားတဲ့ မျဉ်းလေးတွေပေါ့။ လွတ်မြောက်သွားသူတွေ အတွက် မလွတ်မြောက်သူတွေ ဆိုတဲ့တေးပေါ့။

ကမ်းခြေကြည့်ငှက်ကလေးမှိုင်တွေလို့ ... ပင်လယ်ဟာ အသေယောင်ဆောင်ရင်း မျောပါခဲ့ ...။ ဆိတ်ငြိမ်မှုထဲ နိုးထမရသေးတဲ့သွေးတွေဟာ အေးခဲလို့နေဆဲ။ လွတ်လပ်ခြင်းကို ဖမ်းဆုပ်ခဲ့သူတွေဟာ သံတိုင်ကို ခိုတွယ်လို့နေနေရ။......... ဖြစ်ခြင်းပျက်ခြင်းများ ..........ဖြစ်ခြင်းပျက်ခြင်းတရား ............ဖြစ်ခြင်းပျက်ခြင်းဓား ........... လွတ်လပ်တဲ့ စိတ်တွေကို မလွတ်လပ်တဲ့ စိတ်တွေက လှောင်ပိတ်ထား၊ ထိုသက္ကရာဇ်များ ငြိမ်းချမ်းအေးမြစေဖို့ ပင်လယ်ဟာ ဆားချက်သမားရဲ့ ဖြန့်လှန်းခြင်းကို ခံရ၊ အနီရောင် တရားတွေဟာ အမည်းရောင်လက်များဖြင့် အရောင်ပြောင်းလဲခြင်းခံရ၊ လှမ်းမမီနိုင်ခြင်းများ၊ ဗီလိန်များ အသာစီးရနေတဲ့ဇာတ်လမ်းများ တွေ့ရာမြင်ရာမှာ လှောင်ရယ်သံများ ...လွင့်ပျံမျောပါလို့ နေဆဲ၊ အဲဒီခေတ်မှာ အပြုံးရဲ့အရောင်ဟာ မျက်နှာဖုံးပေါ်မူတည်တယ်။ လက်တစ်ဖက်စီရဲ့နွေထွေးမှုဟာ လက်အိတ် အထူအပါးပေါ်မှာမူတည်တယ်။ လေကိုင်းထဲက ပျံသန်းမထွက်သွားနိုင်တဲ့ မြားတံလို သွေးမျက်ရည်ဟာ ခေတ်အဆက်ဆက် စီးဆင်းစိမ့်ယိုလျက်ပဲ။

သွေးနွေးသတ္တ၀ါပီပီ လုံခြုံနွေးထွေးမှုကိုရှာဖွေခဲ့ကြ၊ အိမ်ပြန်မလာနိုင်သော မိဘများ၊ မိဘမဲ့ကလေးငယ်များ၊ ပိတ်ထားသော သံတိုင်များ၊ သံတိုင်များနောက်မှ မျက်လုံးသေများ ... မျက်လုံးသေတွေဟာ သူတို့အိမ်ရှိရာ အရပ်ကို စူးစူးစိုက်စိုက်မျှော်ကြည့်နေတယ်။ ဇနီးသည်နဲ့ သမီးရှိရာ တိုက်ခန်းလေးကို မျှော်ကြည့်နေတယ်၊ သံတိုင်ကိုဖောက်ထွက်သွား၊ အုတ်ရိုး တံတိုင်းကိုဖောက်ထွက်သွား၊ ခေတ်စနစ်ဆိုးကိုဖောက်ထွက်သွား ... အကြည့်တွေဟာ ဆိုက်ရောက်လိုတဲ့နေရာအထိဖောက်ထွက်သွား။ စူးနင့်သွား။ သူတို့တွေမှာ အိမ်ပြန်ချိန်မရှိတော့မှန်း သိနေတဲ့စိတ်နဲ့ အိမ်ပြန်ချိန်ဆာလောင်နေတဲ့နှလုံးသား အားပြိုင်နေတယ်။ မြင်အောင်ကြည့်ရင် ဒါဟာ ငါတို့အားလုံးကို စူးနေတဲ့လှံသွားပဲ။ ခေတ်တစ်ခုထဲမှာ ငါတို့အားလုံးဟာ ဒဏ်ရာအတူတူရထားတယ်။

အမှန်တရားမှာ မျက်နှာစာနှစ်ဖက်ရှိရင် တစ်ဖက်က တရားမျှတမှုနဲ့ နောက်တစ်ဖက်က အမှန်တရား ရှင်သန်နိုင်မှုပဲ။ အမှန်တရားကို အမှားပေါ်မှာ တင်ထားလို့မရဘူး။ အမှန်တရားကို ပွင့်လင်းရိုးသားမှုပေါ်မှာပဲတင်ထားလို့ရတယ်။ အဆုံးအဖြတ်ပေးမယ့်တရားဟာ စကားလုံးများမဟုတ်ဘူး။ အဆုံးအဖြတ်ပေးမယ့်တရားဟာ စိတ်အတွင်းပိုင်းထဲက အော်သံတိုးတိုးလေးတစ်စမျှပါပဲ။ စိတ်ထဲမှာ မြင်နေရတဲ့ သင့်ပုံရိပ်ဟာ အဖြူရောင်ရှိရဲ့လား မေးကြည့်ပါ။


တိတ်ဆိတ်ခြင်းဟာ အရောင်တစ်ခုဆိုပါတော့ အဲဒါဟာဘာအရောင်လဲ။
တိတ်ဆိတ်ခြင်းဟာ အရောင်တစ်ခုဆိုပါတော့ အဲဒါဟာဘာအရောင်လဲ။
တိတ်ဆိတ်ခြင်းဟာ အရောင်တစ်ခုဆိုပါတော့ အဲဒါဟာဘာအရောင်လဲ။
တိတ်ဆိတ်ခြင်းဟာ အရောင်တစ်ခုဆိုပါတော့ အဲဒါဟာဘာအရောင်လဲ။
တိတ်ဆိတ်ခြင်းဟာ အရောင်တစ်ခုဆိုပါတော့ အဲဒါဟာဘာအရောင်လဲ။
တိတ်ဆိတ်ခြင်းဟာ အရောင်တစ်ခုဆိုပါတော့ အဲဒါဟာဘာအရောင်လဲ။


Regards,
The Gardener



Peace B with U.

Thursday, July 14, 2011

ဟိုရောက်ဒီရောက်အနုပညာ နဲ့ ဒုက္ခတရားကိုထွင်ကြည့်ခြင်း။

ဟိုရောက်ဒီရောက်အနုပညာ နဲ့ ဒုက္ခတရားကိုထွင်ကြည့်ခြင်း

အခုတလော ဂျက်ကီချန်းကားတွေကြည့်ဖြစ်တယ်။ လိုင်ဘရီမှာ နှစ်ဆတိုးငှားနေတဲ့အချိန်ဆိုတော့ တော်တော်များများငှားလို့ရတယ်။ DVD ဆို ခြောက်ခွေတို့ ရှစ်ခွေတို့ ငှားလို့ရတယ်။ စာအုပ်ဆိုလည်း ၁၂ အုပ်လောက်အထိ ငှားလို့ရတယ်။ Esplanade က လိုင်ဘရီမှာတော့ အခွေစုံတယ်။

ငယ်တုန်းက ခုန်ပေါက်ပြေးလွှားတာတွေ ကြည့်ခဲ့ ကြိုက်ခဲ့ပေမယ့် ကြီးလာတော့ အဲဒါတွေကို သိပ်ပြီး ထူးဆန်းတယ်မထင်တော့ဘူး။ ဂျက်ကီချန်းကြီး အသက်ကြီးလာတာကို သတိထားမိတယ်။ Medallion ကားနဲ့ The Karate Kid ကားကို ဆက်တိုက်ကြည့်လိုက်တော့ ပိုသိသာတယ်။ Karate Kid ဆိုပေမယ့် Karate က တစ်ချက်မှမပါဘူးဖြစ်နေတာတော့ အတော်လေးထူးဆန်းတယ်။တရုတ်မိဘတွေက စန္ဒရားနဲ့ တယောကလွဲရင် ဘာတူရိယာမှ သင်ခွင့်မပြုဘူးဆိုတာ ဖြစ်နိုင်တယ်။ အဲဒီကားမှာလည်း ကလေးတွေက အဲဒီနှစ်မျိုးပဲလေ့လာတယ်။ သရုပ်ဆောင်တဲ့လူတွေကလည်း မပိမရိပဲ။ အပျော်တမ်းကြည့်ဖို့တောင် တော်တော်လေး စိတ်လျှော့ပြီးကြည့်မှ နည်းနည်းပျော်ရတယ်။ ဒါရိုက်တာတွေက ဂျက်ကီချန်းကို အင်္ဂလိပ်လို စကားပြောခိုင်းပြီဆိုရင် အဲဒီကားက သွားတာပဲ။ သူ့မှာ သတိထားပြောရင်း သရုပ်ဆောင်ဖို့မေ့သွားသလိုဖြစ်ဖြစ်သွားတယ်။ အဲဒါမျိုးကို Rain သရုပ်ဆောင်တဲ့ Ninja Assassin မှာလည်းတွေ့ရတယ်။ နန္ဒာလှိုင် စက္ကထရီလုပ်တဲ့ကားမှာ အင်္ဂလိပ်လိုပြောသလိုပေါ့။ မိခင်ဘာသာစကားမဟူတ်တဲ့ စကားပြောနေတုန်း သရုပ်ဆောင်ဖို့ဆိုတာလည်းမလွယ်ဘူး။ The Karate Kid မှာ လူမည်းမကြီးကို တရုတ်အ၀တ်အစားနဲ့ပြတာပဲ ရယ်ရတယ်။ ကျန်တာတွေကတော့ အတော်လေးကို အားနည်းတယ်။ Harald Zwart ရိုက်တာဆိုတော့ သူ့ကိုပဲအပြစ်တင်ရမှာပဲ။

အခွေသွားငှားတဲ့ညက Esplanade မှာ မီးရှူးမီးပန်းတွေဖောက်တယ်။ အသည်းပုံတွေဘာတွေလဲပါတယ်။ တော်တော်လေးလှတယ်။ မီးခိုးတွေကတော့ မျက်ရည်ယိုဗုံးကြဲလိုက်သည့်ပမာပဲ။ ဓာတ်ပုံဆရာတွေဆို အဲဒီမီးခိုးတွေကြားမှာ ပုံသွက်လေ့းရအောင် တန်းစီပြီး အလုအယက်ရိုက်နေတာ တော်တော်ဝဋ်ကြီးတာပဲလို့တောင်ထင်မိတယ်။ နောက်တစ်ခုက အဲဒီမှာ အခုလုပ်လက်စ performance show လေးတွေ စိတ်ဝင်စားစရာကောင်းတယ်။ Visual Art တွေဖြစ်ပါတယ်။ သံကြိုးခွေနဲ့ လူတွေလဲကျနေတဲ့ပုံတွေ ဖော်ထားတာ အတော်လေး ကြည့်လို့ကောင်းပါတယ်။ လုပ်လက်စဖြစ်လို့ သူတို့ဘာကို ပြချင်တာလဲဆိုတာတွေကို ခန့်မှန်းလို့မရခဲ့ပါဘူး။ နောက်နေ့မှသွားကြည့်ဦးမယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေက စင်ကာပူမှာ ၁၁ ကြိမ်မြောက်သွေးလှူရင်း သွေးလှူဖို့ဆိုတာ 45kg ရှိဖို့လိုကြောင်းသိရတယ်။ မိန်းမခမျာ 42 ဆိုတော့ လှူလို့မရဘူး။ မြန်မာပြည်မှာတောင်လှူလို့ရတယ်လို့ မြန်မာဆရာဝန်ကိုပြောတော့ ဒီက သွေးအိတ်က ပိုကြီးတယ်တဲ့။ နောက်ထပ်တွေးမရတာတစ်ခုက လက်သင် Nurse တွေက ဘာလို့ ဆေးထိုးအပ်ကို နာအောင်ထိုးတာလဲ။ A very big Question mark,?။

အခုတလော လေ့ကျင့်ခန်းလုပ်တဲ့အနေတဲ့ ကမ်ဘာဂန်ကနေ တာနာမရား ကို လမ်းလျှောက်တယ်။ တနင်္ဂနွေညနေတိုင်း လျှောက်တယ်။ တဖြည်းဖြည်း တစ်လ တစ် MRT တိုးလျှောက်သွားပြီး pioneer ကနေ လျှောက်နိုင်တဲ့အထိ ကြိုးစားမလားစဉ်းစားတယ်။ စားသမျှတွေဟာလည်း အဟာရမဖြစ်ဘဲ ဗိုက်နားမှာပဲ နေချင်တယ်ဆိုတဲ့ အဆီတွေဖြစ်လာတယ်။ လှေကားက သုံးထစ်လောက်တက်လိုက်ရင် အသက်ပြင်းပြင်းရှူနေရပြီ။ ဇရာကို ဘယ်သူမှမလွန်ဆန်နိုင်ပါလား။

တစ်နေ့တစ်နေ့ လေ့ကျင့်ခန်းလုပ်တဲ့ကိရိယာတွေ ၀ယ်ထားသမျှကို ထုတ်လိုက်၊ မအားလို့ ပြန်သိမ်းလိုက် လုပ်နေတော့ မိန်းမက သရုပ်ပြတာတော့ သိပ်ကောင်းတယ်ပြောတာပဲ။ ညပိုင်းဆို ထိုက်ချိကလည်း နည်းနည်းလုပ်သေးတယ်။ ယောဂမှာ အသေကောင်လိုအိပ်တဲ့ corpse pose တွေဘာတွေလည်းလုပ်တယ်။ Stretches တွေလုပ်တယ်။ ဂျူဂျစ်ဆုသင်ထားတာ အလကားမဖြစ်အောင် ကိုင်ပေါင်ကြည့်ဖို့ကြတော့ မိန်းမက ၄၂ kg ဆိုတော့ ခက်တယ်။ LOLZ။

မနက်ဆိုရင် အစာအိမ်က မကောင်းတော့ ရေမသောက်ခင် ဆိုဒါသောက်ရတယ်။ ဆိုဒါတောင်အိုက်(စ)ခရင်မ်အနံ့ ပါတဲ့ဟာပဲ သောက်တယ်။ မနက်ပိုင်း ဗိုက်အောင့်ရင်အောင့်၊ မအောင့်ရင် ခေါင်းကိုက်၊ မကိုက်ရင် ဗိုက်နာ၊ ညပိုင်းဆိုရင် ခေါင်းမူးရင်မူး၊မမူးရင် မျက်လုံးကိုက်၊ မကိုက်ရင် ဖျားချင်သလိုဖြစ်နဲ့ ဒီတစ်ပတ်ကို လှိမ့်ချလိုက်သလို ကျော်ဖြတ်လာလိုက်တာ အခုဆို ကြာသပတေးနေ့တောင်ရောက်ပါပကောလား။


ဘာပဲဖြစ်ဖြစ် ဒီနေ့ဟာ Holiday နှစ်ခါ eve ။ Holiday eve eve ဖြစ်နေပြီ။
အလုပ်တွေသိပ်များတော့ စာတစ်ပုဒ်တောင် မနည်းပြီးအောင်ရေးရတယ်။ အရင်လို တစ်နေ့လေးနေရာမှာ လေးပုဒ်မရေးနိုင်တော့ဘူး။ အဲဒါလည်း ဇရာပဲထင်တယ်။

Happy Thursday. မနက်ဖြန်သောကြာနေ့ရောက်ပြီကွ ...ဟေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ဆိုပြီးအော်ချင်တာ။ ဇရာထောင်းလာတော့ မအော်ဖြစ်ဘဲ ပို့စ်လေးတစ်ခုပဲရေးဖြစ်တယ်။ ကတောက်။ ။

Regards,
The Gardener

Notes:
မနေ့ညက မိန်းမဘဏ်ကဒ်နဲ့ ကိုယ့် phone bill ခိုးဆောင်လိုက်ရတဲ့အရသာဟာ ပျော်စရာအကောင်းဆုံးပဲ။



Peace B with U.

Wednesday, July 13, 2011

အတိုဆုံးများ။

အတိုဆုံးများ။


တစ်ခါတစ်လေ ရှည်ရှည်ဝေးဝေးပြောရင် မမှတ်မိဘူး။

အရှင်ဆေကိန္ဒရဲ့ တရားတစ်ပုဒ်မှာ (ကုန်းနေရေနေ ချမ်းသာစေထင်တယ်။ အတိအကျတော့မမှတ်မိ) ဗုဒ္ဒဘာသာဝင်တိုင်းကို ဘုရားမှာခဲ့တာ တစ်ခုတည်း ချုပ်ပြီး ပြောရင် ဘယ်လိုပြောလို့ရမလဲဆိုပြီး ဆရာတော်ကို မေးလျှောက်တော့ ဆရာတော်က ဖြေတာပါ။ အဖြေက ရှင်းရှင်းတိုတိုလေးပဲ။

စိတ်ချမ်းသာအောင်နေ။

ခရစ်ယာန်တိုင်းကို Jesus မှာခဲ့တာလည်းတစ်ခုတည်းပဲ။

အချင်းချင်း ချစ်ကြပါ။


ဒီနေ့ဟာ 111111111111111111day->1s day ->Wednesday ဖြစ်တဲ့အတွက် အတိုတောင်းဆုံး အဆုံးအမနှစ်ခုကိုပေါင်းပြီး
စိတ်ချမ်းသာအောင်နေရင်း တစ်ယောက်ကို တစ်ယောက် ချစ်ချစ်ခင်ခင် နေကြည့်မယ်
ဆိုရင် ဒီနေ့ရသ ဟာ သိမ်မွေ့လှပတဲ့ အညိုနုရောင် သန္တိတရသ ပြည့်လျှမ်းနေမယ့် နေ့လေးတစ်ရက် ဖြစ်နေမယ်ဆိုတာ အသေအချာပေါ့။


Regards,
The Gardener

Notes: မြင့်မြတ်ခြင်းတရားဟာ ဦးတည်ရာတူတယ်။ စိတ်ကို စင်ကြယ်အောင်ထားဖို့ကို ဘာသာတရားက မသင်ကြားပေးဘူးဆိုရင်တောင်မှ ကိုယ်တိုင်ကြိုးစားသင့်တယ်။




Peace B with U.

Tuesday, July 12, 2011

သုညများနှင့် တောက်တယ်ကျင်း

သုညများနှင့် တောက်တယ်ကျင်း


မိမိငယ်စဉ်က ဈေးပေါ၍ ဝယ်ထားခြဲ့ပီး ကြီးလာသည့်အခါမှ နှစ်နှစ်သက်သက်ဖတ်ဖြစ် နေသော စာအုပ်တစ်အုပ်ရှိသည်။ ၁၉၉၅ တွင်ထုတ်ဝေသော သက်လုံ၏ စေ့ထားသော တံခါးများဖြစ်သည်။ အဖုံးပန်းချီနှင့် အတွင်း သရုပ်ဖော်ပုံများကို အော်ပီကျယ်ဆွဲထားသည်။ စာအုပ်ချုပ်သူမှာ မောင်မြင့်ဖြစ်သည်။ မောင်မြင့်ချုပ်သောစာအုပ်များမှာ လှပသပ်ရပ်သလို ခိုင်ခံ့လှသည်။ တရုတ်ရှေးဟောင်းကျမ်းတစ်ခုဖြစ်သော တောက်တယ်ကျင်းကို မြန်မာဘာသာအားဖြင့် ဆောက်တည်ရေးကျမ်းဟုပြန်ဆိုသည်။

တရုတ်စာရေးသူအမည်မှာ လောက်ဇူဖြစ်သည်။ လောက်ဇူဆိုသည်မှာ ဆရာ (သို့မဟုတ်) ဦးကြီးဖြစ်၍ ရေးသူမည်သူမှန်း မသိခဲ့သော ကျမ်းလည်းဖြစ်သည်။

မူလသို့ပြန်သွားခြင်းကို ကျွန်တော်နှစ်သက်သည်။ ဘာမှမဟုတ်သည့်နေရာတစ်ခုမှ တစ်ခုခုဖြစ်သည်အထိ ကြိုးစားပြီးလျှင် နောက်ဆုံး ဘာမှမဟုတ်သည့် နေရာသို့ပြန်သွားကြရမည်။ သံသရာလည်ခြင်းမှာလည်း ထိုသဘောတရား တစ်ခုမျှသာ ဖြစ်သည်။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတို့သည် စမှတ်နှင့်ဆုံးမှတ်လည်းဖြစ်သည်။ တထပ်တည်းကျနေသော ပွိုင့်တစ်ခုလည်းဖြစ်သည်။ ရှင်သန်ခြင်းကို ငြင်းပယ်ခွင့် မရခဲ့သည့်ဘဝ၌ သေခြင်းတရားသည် စတင်ထွက်ခွာခဲ့သော အမှတ်လည်းဖြစ်၊ ဆုံးမှတ်တစ်ခုအဖြစ် နားခိုခွင့်ပြန်ရခဲ့သော အမှတ်လည်းဖြစ်သော ပွိုင့်လေးတစ်ခု(​ဝါ) သုညတစ်ခုမျှသာဖြစ်သည်။ သုည၏ ပကတိတန်ဖိုးမှန်ကို ရှာဖွေခြင်း ခရီးစဉ်တစ်ခုကို ကျွန်တော်တို့ရခဲ့ကြသည်။ တစ်ဦးကို တစ်ဦး လုယက်ယူခဲ့ကြသည်။ အနိုင်အရှုံးများ၊ စစ်ပွဲများဖန်တီးခဲ့ကြသည်။ တန်ဖိုးမရှိသော သုညတစ်လုံးအတွက် စိတ်ဆင်းရဲခဲ့ကြသည်။ ပိုင်ဆိုင်လိုသော သုညများအတွက် တစ်ဘဝလုံးရင်းနှီးခဲ့ကြသည်။

တစ်စုံတစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းနိုင်ခြင်းကို တန်ခိုးဟုခေါ်သည်။ တန်ခိုး အမျိုးမျိုးရှိသည်။ မိမိစိတ်တွင်း ရည်မှန်းချက်များကို ပေါက်မြောက်အောင်မြင်နိုင်ရန်အတွက် တန်ခိုးလိုအပ်သည်။ ဈာန်အဘိညာဏ် တန်ခိုးများအတွက်ဖြစ်စေ၊ မိမိ၏ နေ့စဉ်ဘ၀မှ လုပ်ငန်းဆောင်တာများအတွက် ဖြစ်စေ တန်ခိုးလိုအပ်သည်။ စိတ်တန်ခိုး အတိုင်းအတာတစ်ခုလိုအပ်သည်။ တန်ခိုးရနိုင်သော အချက်လေးချက်ရှိသည်။

  • လိုလားမှု ဆန္ဒ
  • ကြိုးစားမှု ဝီရိယ
  • ကြံစည်စိတ်ကူးမှု စိတ္တ
  • စူးစမ်းဆင်ခြင်မှု စီမံသ။

ထိုလေးချက်ကို ဗုဒ္ဓမှ တန်ခိုး (ဣဒိ) ၏ အခြေခံများဟု ပြဆိုထားခဲ့သည်။

အနောက်တိုင်း ဂန္ဓာရီ ပညာရှင်များကလည်း တန်ခိုးရရန်

  • To know (သိရမည်။)
  • To Dare (ဝံ့စားရမည်။)
  • To Will (စိတ်ပြဌာန်းမှု ရှိရမည်။)
  • To Keep Silence (ဆိတ်ဆိတ်နေရမည်။)

ဟုဖော်ပြခဲ့ကြသည်။

တောက်တယ်ကျင်းသည် သက်လုံ၏ masterpiece ၊ စံမွန်လက်ရာဖြစ်သည်။ သူ့အသိမှန်သမျှ သွန်ချရေးလိုက်သော စာအုပ်တစ်အုပ်ဟုလည်းဆိုနိုင်သည်

ငြိမ်သက်စေခြင်း (စာ ၂၉)

အကယ်၍ အကောင်းဆုံးသော သူတို့သည်
တိုးတက်ကောင်းမွန်မှုကို မရနိုင်သည်ရှိသော်
လူတို့သည် တိုးတက်မှုအတွက်
အချင်းချင်းပြိုင်ဆိုင်ကြလိမ့်မည် မဟုတ်ချေ။
ရရှိရန် ခက်ခဲလှသော အရာဝတ္ထုများကို
တန်ဖိုးမထားဟုဆိုလျှင် လူတို့သည်
သူခိုး၊ဓားပြများ ဖြစ်ကြတော့မည် မဟုတ်ချေ။
လိုလားတောင့်တ့ကို များစွာဖြစ်ပေါ်စေသော
အရာများကို ဖုံးကွယ်ထားမည်ဆိုလျှင်
လူတို့၏စိတ်တွင် အနှောင့်အယှက်များ
ကင်းပေလိမ့်မည်။
သို့ဖြစ်သောကြောင့် ပညာရှိ၏ လက်စွဲဝါဒသည်
လူတို့၏ အသည်းနှလုံးနှင့် စိတ်များတွင်
ဟာလာဟင်းလင်းထားရန်ဖြစ်၏။

ဤစာပိုဒ်လေးတွင် စိတ်ကို အလွတ်အတိုင်းထားတတ်ရန် သွန်သင်ချက်ကိုတွေ့နိုင်သည်။ အလွတ်အတိုင်း လင်းလက်နေသောစိတ်သည် တွယ်ငြိစေးကပ်သော လောဘ၊ဒေါသ၊မာန်မာနတရားများမရှိနိုင်။ မသိခြင်းတရား မောဟလည်းမရိနိုင်။ လွတ်လပ်စွာ ငြိမ်းချမ်းငြိမ်သက်နေသော စိတ်သည် လင်းလင်းပြက်ပြက် နိုးကြားထက်မြက်နေသည်။ စိတ်သည် ဖြူစင် ငြိမ်းချမ်းစွာရှိနေသည်။ တစ်စုံတစ်ခု၏ လွှမ်းမိုးမှုအောက်သို့မျှ မရောက်ရှိ။ အကုသိုလ်နှင့် ယှဉ်သော အမိုက်တိုက်ပြည့်နေသော စိတ်နှင့် ဆန့်ကျင်လျက် တောက်ပ ကြည်လင်နေသော ဟင်းလင်းပြင်တစ်ခု၏ လွတ်ငြိမ်းမှုကို ရှာကြည့်နိုင်သည်။ ကျွန်တော်တို့ စိတ်ထဲတွင် အမှိုက်များပွနေသည်ကိုလည်း ခံစားကြည့်ရှုနိုင်သည်။

ခွက်တစ်ခု၏တန်ဖိုးသည် အလွတ်ဖြစ်နေခြင်း၌ တည်သည်။ အိမ်တစ်ခု၏ အသုံးဝင်မှုသည် အကာအရံများအတွင်းမှ ဟင်းလင်းပြင်၏ တန်ဖိုးပေါ်တွင်မူတည်သည်။ သင်ကရော သင့်စိတ်ကို အလွတ်အတိုင်းထားကြည့်ပြီး တန်ဖိုးဖြတ်ကြည့်ဖို့စိတ်မကူးမိဖူးလား။

သုညကိုအသုံးချခြင်း (စာမျက်နှာ-၃၇)

ကျင့်စဉ်တော်သည် သုညပင်ဖြစ်သည်။
သုံးချင်တိုင်းသုံး၊ သို့သော် မကုန်နိုင်ချေ။
အရာအရာတိုင်း ဆင်းသက်ပေါက်ဖွားလာခဲ့ရသော
မိခင်ကဲ့သို့ပင်။
ကျင့်စဉ်တော်သည် အဆုံးမရှိသော
တွင်းကြီးဖြစ်၏။

ကျင့်စဉ်တော်သည် ချွန်ထက်ခြင်းကို တုံးစေ၏။
အထုံးအဖွဲ့ကို ဖြေပေးရသည်။
တောက်ပြောင်ထွန်းလင်းမှုကို မှေးမှိန်စေ၏။
ဗရုတ်ဗရတ်ကို ငြိမ်းအေးစေသည်။

ကျင့်စဉ်တော်သည် နက်ရှိုင်းသော
ရေအိုင်ကြီးတည်း၊
ဘယ်တော့မှ ခမ်းခြောက်ခြင်းမရှိ။
သူ၏မိခင်မှာ ဘယ်သူမှန်းတော့မသိ။
သို့သော် သူသည် ဘုရားသခင်၏ နိဒါန်းပင်တည်း။ ။

အထက်ပါ စာပိုဒ်တွင်လည်း ကျင့်စဉ်တော် (ဝါ) တောက် (​​ဝါ) TAO အကြောင်းကို ပဟေဠိတစ်ပုဒ်ပမာ ရေးသားထားသည်။ ကျင့်စဉ်တော်သည် ဘုရားများသခင်၏ နိဒါန်း ဟူသောအချက်မှာ မြင့်မြတ်ခြင်းတရားနှင့် မြင့်မြတ်သော ပုဂ္ဂိုလ်တို့၏ ဆက်နွယ်မှုဖြစ်နိုင်သည်။ သက်လုံသည် စေ့ထားသော တံခါးများကို အကုန်တွန်းဖွင့်ခဲ့သည်မဟုတ်။ မိမိ ဘာသာ တွန်းဖွင့်ကြည့်ရန် နှိုးဆော်သွားခြင်းသာဖြစ်သည်။ သုညများ၏ ပကတိ တန်ဖိုးကို သိလိုလျှင် သုညအတွင်းသို့ ဝင်ရောက်နေထိုင်နိုင်မှရမည်။ အပြင်ပန်းအားဖြင့် တန်ဖိုးမဲ့သည်ဟု သတ်မှတ်ထားသော သုညများအတွင်းမှ တန်ဖိုးရှိသည်ဟု သတ်မှတ်သော အရာအားလုံးဖြစ်လာသည်။ သဘဝတရား၏ နက်နဲသော လျှို့ဝှက်ချက်များကို သုညများမှ သင် သင်ယူနိုင်လိမ့်မည်။

ကျွန်တော်တို့ဘ ၀ တစ်လျှောက်လုံး ငြိမ်းငြိမ်းချမ်းချမ်း နေသွားရန် လိုအပ်သော ဒဿနမှာ ခန့်ညားလေးနက်သော စာအုပ်များမှမဟုတ်ဘဲ တန်ဖိုးမဲ့သုညတစ်လုံးမှ ဖြစ်နေသည့်အခါ ..... လောကသည် အလွန် သုညဆန်ပါသည်။ သုည အကြီးနှင့် သုည အသေးတို့သည် ပြိုင်ဆိုင်နေရန်မလိုအပ်ပါ။ ကျွန်တော်တို့ အားလုံးသည် သုညများသာဖြစ်သည်။ သုညများသည် အနှစ်မရှိသောတော မဟုတ်၍ ကြက်ဆူပင်များ မင်းမူခြင်းမခံရပါ။ သုညများသည် မျက်ကန်းများ၏ မြို့ မဟုတ်သောကြောင့် တစ်ဖက်လပ်များ မင်းမဖြစ်နိုင်ပါ။ သုညများသည် ထွက်ပေါက်မဟုတ်၍ ထွက်ခွာ၍ မရပါ။ သုညများတွင် ၀င်ပေါက်မရှိ၍ တိုးဝင်ရန်လည်းမဖြစ်နိုင်ပါ။ သုညများသည် လှည့်ဖျားခြင်းမရှိသောကြောင့် အလှည့်ဖျားမခံရပါ။ သုညများသည် တည်ငြိမ်စွာ ဘောင်ဘင်ခတ်နေသော ပင်လယ်များနှင့်တူပါသည်။ သုညများသည် အရောင်မဲ့ဖြန့်မိုးထားသော ကောင်းကင်နှင့်တူပါသည်။ သုညများသည် သင်၏ ထွက်လေ အကွာအဝေးမှနေ၍ သင့်ကို စောင့်ရှောက်နေသော တန်ခိုးရှင်တစ်ပါးလည်းဖြစ်သည်။ သုညများသည် ကိစ္စနည်းသည်။ သုညများသည် အံ့သြတုန်လှုပ်မှုမရှိ။ သုညများသည် ရန်မရှာတတ်။ သုညများသည် သင်နှင့်ကျွန်ုပ်တို့ကို အရောင်မဲ့ကြိုးများဖြင့် ဆက်သွယ်ထားသည်။ သုညများတွင် အမည်နာမ အစစ်မရှိ။ သုညများသည် မူလတရားဖြစ်သည်။ သုညများသည် ကျွန်တော်တို့ရပ်တန့်ရမည့် စမှတ်/ဆုံးမှတ် နှင့် အစစအရာရာလည်းဖြစ်သည်။

အပြာရောင်ဖျော့ဖျော့ နေ့ရက်လေးတစ်ရက်ဟာ ဒီနေ့ဆိုပါတော့။
ရွှေအိုရောင် သုညလေး သင် က ဒီနေ့ရက်ကို ဘယ်လို သုညဆန်ဆန် ဖြတ်သန်းသွားမှာလဲ ................။ ။

Regards,
The Gardener

Notes: Tuesday ကျက်သရေ ပို့စ် ဖြစ်သွားပြန်ပြီထင်တယ်။ မတတ်နိုင်ဘူး။ စာလေးလေးကြီးတွေကို လူလေးလေးကြီးတွေဖတ်ဖို့ ရေးတယ်ပဲ မှတ်ပါ။
ref:
(၁) စေ့ထားသော တံခါးများ (သက်လုံ)
(၂)Zephyr's Notes
(၃)Zephyr's Prose






Peace B with U.

Sunday, July 10, 2011

စာအုပ်များနှင့်ကျွန်တော်

post ကိုတင်လိုက်တာနဲ့ ချစ်သူငယ်ချင်းတွေရဲ့ မေတ္တာပို့မှုကိုခံယူလိုက်ရတယ်။ သူတို့ပြောတာာကတော့ ပို့စ်ရဲ့ထိပ်ဆုံးမှာ ပျင်းစရာ ဘယ်လောက်ကောင်းနိုင်လဲဆိုတာကို stars လေးတွေနဲ့ပြစမ်းပါတဲ့။ အဲဒါပေါ်မူတည်ပြီး ဘယ်နေ့လောက်၊ ဘယ်အချိန်လောက် ဖတ်သင့်လဲစဉ်းစားလို့ရတာပေါ့တဲ့။ အဲဒါနဲ့ပဲ ဒီအပိုင်းလေးကို ဖြည့်စွက်ပြီးထပ်တင်လိုက်ရပါတယ်။

Length : 4.5 pages (font 11, Zawgyi-One, Letter page size)
Humour : 0 %
Who should read this post? : No one unless she/he(no one) has got so much free time to think.
Label : monday ကျက်သရေ
Ref : Nothing
Boredom Rating : 9 * (out of 9)

စာအုပ်များနှင့်ကျွန်တော်

မေလတုန်းက အိမ်ပြောင်းတာနဲ့ စာအုပ်တွေကို စုသိမ်းထားလိုက်တယ်။ ဒီနေ့အားနေတာနဲ့ Murakami ဖတ်ဖို့ ၀ယ်ထားတဲ့ Kafa on the Shore ဆိုတဲ့တစ်အုပ်ကိုပြန်ရှာတာ အတော်လေးရှာလိုက်ရတယ်။ ရှာချင်တဲ့စာအုပ်ကိုမတွေ့ခင်တွေ့တဲ့စာအုပ်တွေကို မြည်းနေတာနဲ့ တော်တော်လေးအချိန်ကြာသွားတယ်။ တစ်ချို့စာအုပ်တွေကို ဆယ်တန်းဖြေပြီးလို့နောက်တစ်နှစ် (၂၀၀၀ ပြည့်နှစ်)လောက်မှာဝယ်ဖြစ်တယ်။ တံဆိပ်ခေါင်းစုတာ ၀ါသနာပါတဲ့သူတွေ တံဆိပ်ခေါင်းကိုတွေ့ရင် ရသမြောက်နေသလိုမျိုး၊ စာအုပ်ဝယ်သိမ်းတာဝါသနာပါတဲ့သူတွေဟာလည်း စာအုပ်လေးတစ်အုပ်ကိုကိုင်လိုက်တာနဲ့ အဲဒီစာအုပ်ရဲ့အကြောင်း၊ကိုယ့်ဘ၀အကြောင်း အားလုံးပြန်တွေးဖြစ်တယ်။

စာအုပ်တွေနဲ့ ကျွန်တော်ရဲ့ ဆက်နွယ်မှုက သိပ်ရင်းနှီးတဲ့သူငယ်ချင်းတွေလိုပဲ။ သူတို့ကို ကျွန်တော် သိပ်ချစ်တယ်။ စိတ်ဆင်းရဲတဲ့အချိန်တွေမှာ စာအုပ်လေးတစ်အုပ်ကလွဲရင် ဘယ်သူမှရှိမနေစေချင်တဲ့ နေ့ရက်တွေမှာ စာအုပ်တွေဟာ သစ္စာရှိရှိ အတူရှိနေခဲ့ကြတယ်။ အရင်က စာအတူတူဖတ်ကြတဲ့ သူငယ်ချင်းတွေကိုလည်း စာအုပ်ကောင်းလေးတွေ ဖတ်ရတိုင်း သတိရတယ်။ သူတို့တွေရော ဘာတွေ ဆက်လုပ်နေလဲ။ ဘာတွေဆက်စိတ်ဝင်စားနေလဲဆိုတာမျိုးပေါ့။ စာအုပ်တွေဟာ သမိုင်းအစဉ်အဆက် လက်ဆင့်ကမ်းလာတဲ့ တန်ဖိုးကြီးအမွေအနှစ်တွေပါပဲ။ စာအုပ်တွေကို လက်ဆင့်မကမ်းနိုင်ခဲ့ရင် အတိတ်မှာလေ့လာခဲ့သမျှဟာ ပျောက်ပျက်သွားမှာပါပဲ။

စာအုပ်တွေကို ချစ်တဲ့အတွက် စာဖတ်ဝါသနာပါတဲ့ ကလေးတွေကိုလည်း ချစ်တယ်။ သူတို့တွေကို အများကြီး ကူညီချင်တယ်။ ကျွန်တော့်ငယ်ဘ၀တုန်းက ဖတ်ချင်ရက်နဲ့ဝယ်မဖတ်နိုင်လို့ နှစ်နဲ့ချီစောင့်ပြီး ဖတ်ခဲ့ရတဲ့စာအုပ်တွေကို သူတို့အလွယ်တကူဖတ်ခွင့်ရစေချင်တယ်။ စာကြည့်တိုက်တွေမှာ စိတ်ရှည်လက်ရှည်သွားပြီးဖတ်တဲ့ အလေ့အထမျိုးတွေ ရှိစေချင်တယ်။ ကိုယ့်တုန်းက မရခဲ့တဲ့ လစ်ဟာမှုတွေကို ကလေးတွေ အားလုံးရစေချင်တယ်။ ဖြစ်နိုင်ရင် မြန်မာပြည်က ကျောင်းတွေမှာ ကလေးတစ်ယောက်ကို i-pad တစ်ခု၊ Laptop တစ်လုံး ရနိုင်စေချင်တယ်။ သူတို့ရဲ့ လေ့လာမှုရင်းမြစ်ကို ပြည့်ဝစေချင်တယ်။ ဒီလိုပြောရင် စိတ်ကူးယဉ်တယ်လို့ပဲ ထင်ကြတဲ့သူများတယ်။ ကလေးတွေကို စာပေနဲ့ပတ်သက်ရင် ကန့်သတ်တာမကောင်းဘူး။ မင်းငယ်သေးတယ် ဒါတွေဖတ်ရင် နားလည်ဦးမှာမဟုတ်ဘူးဆိုတာတွေကို ဥာဏ်နည်းတဲ့သူတွေပြောလေ့ရှိတယ်။ ကလေးတွေထဲမှာ လူကြီးတွေလောက် နားလည်တဲ့သူတွေ ရှိနေမှာပဲ။ သူတို့တွေ ပေါက်မြောက်သွားဖို့ဆိုတာ မိသားစုနဲ့ဆရာတွေနဲ့အများကြီးသက်ဆိုင်တယ်။

စာအုပ်အကြောင်းပြောရင်း ကလေးတွေအကြောင်း ရောက်သွားတယ်။(လိုင်းနည်းနည်းပြန်တည့်လိုက်မှ) ငယ်တုန်းက ကျောင်းစာကြည့်တိုက်မှာ စာသွားဖတ်ကြတယ်။ ကျွှန်တော်တို့သူငယ်ချင်းသုံးယောက် အဲဒီစာကြည့်တိုက်မှာ အချိန်အားတိုင်းရှိခဲ့တယ်။ စာကြည့်တိုက်ကလေးက သေးသေးလေးပါပဲ။ စာအုပ်တွေစာရင်းသွင်းတာတို့ မျိုးတူပြုတာတို့တွေကို ရှစ်တန်းလောက်မှာ လုပ်ကြတယ်။ ကိုယ်နားလည်သလောက် ကိုယ်လုပ်ကြတာပါ။ အဲဒီစာကြည့်တိုက် သန့်ရှင်းရေးကို volunteer လုပ်ပြီး စနေနေ့မျိုးလည်းသွားကြတယ်။ စာအုပ်တွေကို မငှားရက်ဘဲ ပိတ်သိမ်းထားတဲ့စာကြည့်တိုက်လေးကိုကြည့်ရင်း အလှောင်ခံထားရတဲ့ ပညာရှိလေးတစ်ယောက်လိုပဲလို့ တွေးမိတယ်။ (ငှားလိုက်ရင်ကြတော့ ပြန်မအပ်ဘဲပျောက်ကုန်လို့လို့ ဆရာမကပြောတယ်။ ဆရာအော်ပီကျယ်ပြောတဲ့စကားလို စာကြည့်တိုက်လုပ်တဲ့သူတွေက စာအုပ်အပျောက်ခံနိုင်ရမယ်။ စာအုပ်အပျက်အစီးခံနိုင်ရမယ် ဆိုတာမျိုး ဆရာမခမျာ မသိရှာတာလည်းပါမယ်။ သူတို့သိတာက မငှားရင်မပျောက်ဘူး)

စာအုပ်တွေကို လှူဖို့ကိစ္စကိုလည်း အတော်လေးစဉ်းစားဖြစ်တယ်။ ကျွန်တော့်အသိတွေထဲမှာ စာကြည့်တိုက်ထောင်တဲ့သူတွေရှိတယ်။ အပျော်တမ်းစာကြည့်တိုက်တွေ လုပ်ကတည်းက စာအုပ်တွေပျောက်တာကိုညည်းတယ်။ မြန်မာလူမျိုးတွေက စည်းကမ်းကိုဆို စကတည်းက လျော့လျော့ပေါ့ပေါ့လောက်လုပ်တယ်။ မွေးကတည်းက စည်းနဲ့ကမ်းနဲ့နေတဲ့သူရှားတယ်။ မိဘက နေခိုင်းလို့သာနေရတာများတယ်။ အဲဒီလိုလူတွေဟာ စည်းကမ်းကို မလိုက်နာလည်း ဖြစ်တယ်ဆိုတဲ့ အသိကြီးရှိနေတတ်တယ်။ လစ်ရင်လစ်သလို စည်းကမ်းမဲ့တတ်တယ်။ စည်းကမ်းဆိုတာကို သူများချမှတ်ပေးတာ လိုက်နာတဲ့သူမျိုးနဲ့ ကိုယ့်စည်းကမ်း ကိုယ်ပြဌာန်းတဲ့သူမျိုးတွေဟာ တူကိုမတူဘူး။ ကြီးလာမှသင်ရင် အဲဒီ စည်းကမ်းတွေကို တကယ်စိတ်ထဲမှာမသိတော့ဘူး။ ကလေးတွေကို စနစ်ကျတဲ့စာကြည့်တိုက်ကို ငယ်တုန်းက ခေါ်သွားလိုက်။ ပြီးရင် တစ်ခါတည်း စာအုပ်ကို ဘယ်လိုကိုင်တွယ်ရမယ်။ စာကြည့်တိုက်ကစာအုပ်ကိုမခေါက်ရဘူး။ စာကြည့်တိုက်ထဲမှာ စကားမများရဘူး။ ငှားလာတဲ့စာအုပ်တွေကို ရိုသေရမယ်။ တခြားသူတွေပြန်ငှားလို့ရအောင် အချိန်မီပြန်အပ်ရမယ်ဆိုတာမျိုးတွေ သင်ထားလိုက်ရင် ကလေးတွေငယ်ကတည်းက စာအုပ်တွေအပေါ် ခင်တွယ်ပြီး အကိုင်အတွယ်သပ်ရပ်တဲ့သူတွေ၊ စည်းစနစ်နဲ့စာဖတ်/မှတ်တဲ့သူတွေဖြစ်လာနိုင်တယ်။

ကျွန်တော်ကတော့ စာအုပ်တွေကို လှူရင် တကယ်ဖတ်တဲ့လူရှိမလားဆိုတာကို အရင်ဆုံးမေးတယ်။ မိတ်ဆွေတွေက မွန်ပြည်နယ်၊ ဘီလူးကျွန်းဘက်မှာ စာကြည့်တိုက်လုပ်ကြတယ်။ ငယ်ကတည်းက၀ယ်လာတဲ့ English စာစောင်တွေ၊ magazine တွေကို ဆာလာအိတ် နှစ်အိတ်လောက်နဲ့ လှူလိုက်တယ်။ အဲဒီဒေသက ကလေးတွေကို လူတောာ်လေးတွေ ဖြစ်စေချင်တယ်။ စာကြည့်တိုက်ကောင်းကောင်း ရှိတဲ့နေရာတွေက လူတွေဟာ အခြေခံဗဟုသုတ ကျေညက်ကြတယ်။ နောက်လည်း အဲဒီစာကြည့်တိုက်ကို ကလေးတွေဖတ်ဖို့ လိုတာတွေ လှူဖြစ်တယ်။ မိတ်ဆွေတွေက အဲဒီမှာ စာပေဟောပြောပွဲလုပ်တယ်။ ဆရာအော်ပီကျယ်တို့၊ ဆရာအောင်ဝေး တို့သွားပြီးဟောပြောကြတယ်။ (နောက်တစ်ယောက်ကို ကျွန်တော်နာမည်မေ့နေတယ်။ သူက ဒီဘိုနိုးစာအုပ်တွေ ဘာသာပြန်တယ်။ နာမည်ကြီးတော့မဟုတ်ဘူး။ လူတော်တစ်ယောက်ပဲ ။ သူလည်းဟောပြောဖို့လိုက်တယ်။ မဂျူးကိုလည်းဖိတ်သေးတယ်။ ဘာကြောင့်လဲတော့မမှတ်မိဘူး။ မလိုက်ဖြစ်လိုက်ဘူးဖြစ်သွားတယ်။) ၀မ်းသာစရာကောင်းတာက အဲဒီ စာကြည့်တိုက်က အောင်မြင်တယ်။ သူတို့မှာ အဖွဲ့အစည်းနဲ့ဖြစ်လာတယ်။ စာဖတ်နှုန်းကောင်းလာတယ်။ စာကြည့်တိုက်ရံပုံငွေ ကောင်းလာပြီး ပြင်ပအကူအညီမပါဘဲ ရပ်တည်နိုင်လာတယ်။ အဲဒါကို ကျွန်တော် အင်မတန် ၀မ်းသာတယ်။ မတ်လက ပြန်တုန်းကလည်း မိတ်ဆွေတွေနဲ့တွေ့တော့ အဲဒီကိစ္စထပ်ပြောဖြစ်တယ်။

စာဖတ်တယ်ဆိုတာမှာ ကောင်းတာတွေကို အတုမယူနိုင်ရင် တန်ဖိုးမရှိပါဘူး။ အဲဒီလိုဆိုရင် များများသိတဲ့ ကပ်သီးကပ်သတ်လူပဲ ဖြစ်လာလိမ့်မယ်။ စာကြည့်တိုက် လုပ်ဖို့ကြိုးစားခဲ့တဲ့ မိတ်ဆွေတွေဆို ဆရာအောင်သင်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကျေးရွာတွေမှာ စာကြည့်တိုက် ရှိရေးကို ဖတ်ခဲ့ကြတာပဲ။ အမြော်အမြင်ရှိတဲ့ လူကြီးတစ်ယောက်လောက်ရှိရင်ကို နောင်လာနောင်သားတွေ အကျိုးများတာပဲလို့တွေးမိတယ်။ သိတဲ့လူတွေက များများပြောခဲ့ဖို့လိုတယ်။ တချိန်ကြရင် ဒါကို သဘောကျတဲ့လူငယ်တွေ ဆက်လုပ်သွားလိမ့်မယ်။ ရူပဗေဒမှာဆိုရင် သီအိုရီတွေ အများကြီးရှိတယ်။ လက်တွေ့ သက်သေပြဖို့ သချာင်္က တိုးတက်ဖို့လိုသေးလို့ စောင့်နေရတာတို့၊ တခြား နည်းပညာရပ်တွေက လိုက်မမီသေးလို့ သက်သေမပြနိုင်သေးတာတို့ရှိတာပဲ။ တခြားဟာတွေမရှိသေးလို့ သီအိုရီတွေ ကြိုရှာထားဖို့မလိုဘူးဆိုရင်တော့ အခုလို အဆင့်မြင့်နည်းပညာတွေ မြန်မြန်ဆန်ဆန်ပေါ်ပေါက်လာမှာမဟုတ်တော့ဘူး။ တကယ်သိတဲ့လူတွေကလည်း ဒီလို သီအိုရီထုတ်ခဲ့တဲ့ လူတွေလို နောက်လူတွေ သိစရာလိုပြီး အကျိုးများတာတွေကို စေတနာ မှန်မှန်နဲ့ များများပြောခဲ့ဖို့လိုတယ်။

နောက်ထပ် ကောင်းမွန်တဲ့အလေ့အထတစ်ခုက စာအုပ်တွေ ဈေးကြီးလို့မတတ်နိုင်ရင် ၀ါသနာပါပြီး စည်းကမ်းရှိရှိဖတ်တတ်တဲ့ သူတွေစုဖွဲ့ပြီး စာအုပ်စုဝယ်ပြီး ဖတ်ကြဖို့ပါပဲ။ စာအုပ်တွေက ဈေးကြီးတာမဟုတ်ဘူး တစ်ဦးချင်းဝင်ငွေက နည်းတာဆိုတာကိုလည်း လူငယ်တွေ တစ်နေ့သဘောပေါက်လာလိမ့်မယ်။ အင်္ဂလိပ်ကဗျာစာအုပ် အပါးလေးတစ်အုပ်ကှို15 SGD ပေးဖတ်ရတဲ့အချိန်မှာ မြန်မာပြည်မှာ စာအုပ်တစ်အုပ်ကို ၃၀၀၀ (<5 SGD) လောက်နဲ့ရနေတုန်းပါပဲ။ ကလေးတွေကို သိပ်ကိုတော်စေချင်ပါတယ်။ လူကြီးတွေတော်တာတွေကိုတော့ အခုအချိန်မှာ သိပ်များများသုံးစားလို့မရတော့ပါဘူး။ တကယ်တော်တဲ့သူတွေ အများစုကလည်း အိမ်ထဲမှာ အနံ့အသက်မကောင်းလို့ဆိုပြီး အပြင်တွေ ထွက်ကုန်ပြီ။ ကလေးတွေရဲ့ မိဘတွေကလည်း ကျောင်းစာကလွဲရင် တခြားစာတွေကို စာလို့ကိုမမြင်တာများနေတယ်။ ကျောင်းစာဆိုတာ ကျောင်းမှာပဲ သုံးလို့ရတဲ့စာမျိုး ဖြစ်နိုင်တယ်။ ကျောင်းရဲ့ပြင်ပမှာ ကလေးတွေရဲ့ ဘ၀အတွက် တကယ်လိုအပ်မယ့် အတွေးအခေါ်ပါတဲ့ စာပေမျိုးတွေ အများကြီးရှိသေးတယ်။ သူတို့ဘ၀မှာ ဘယ်လိုနေသွားမလဲဆိုတာကို သူတို့ဆုံးဖြတ်နိုင်အောင် ကူညီမယ့် သုတ၊ ရသ စာအုပ်ကောင်းတွေ အများကြီးရှိပါသေးတယ်။ (အချိန်ရတဲ့ အခါ ကလေးစာပေ ဖွံ့ဖြိုးရေးအတွက်လည်း စာအုပ် စာရင်းတွေ ရေးပါဦးမယ်။ )

အခုတလော မြန်မာစာအုပ်တွေနဲ့ပတ်သက်ပြီး ရှင်သန်ဖို့ ဘယ်လိုလုပ်သင့်လဲဆိုတာတွေ အများကြီး တွေးဖြစ်ပါတယ်။
မြန်မာစာအုပ်တွေ ရေးတဲ့သူတွေမှာ ဘုန်းကြီးတွေ ရေးတဲ့ စာအုပ်တွေလောက် ရောင်းကောင်းတာ မရှိပါဘူး။ တကယ်ကို မရှိဘူး။ ဘာသာရေးစာပေက မြန်မာပြည်မှာ ရောင်းအကောင်းဆုံးဖြစ်နေတယ်။ ဘာသာရေးတောင်မှ ပါဠိမပါတာတွေက ပိုရောင်းကောင်းတယ်။ Target Audience ကလည်း မိသားစုတွေဆီတည့်တည့်ရောက်တယ်။ တခြားစာပေဆိုရင်တော့ မိသားစုထဲရောက်ဖို့ခက်တယ်။ ငယ်ကတည်းက စာမဖတ်လာတဲ့ လူတစ်ယောက်ကို ရသစာပေရဲ့ လှပမှု၊ လေးနက်မှုဆိုတာတွေကို နားလည်အောင် မသင်ပေးနိုင်တော့ဘူး။ တက္ကသိုလ်ဘုန်းနိုင်တို့ခေတ်ကလို သောင်းနဲ့ချီရိုက်ရတာ မရှိတော့ဘူး။ အဲဒီခေတ်ကလူတွေလောက်ကို အခုလူတွေ စာမဖတ်ကြတော့ဘူး။ အဲဒီခေတ်မှာက စာအုပ်တွေနဲ့ ယှဉ်ပြိုင်ထိုးသတ်မဲ့ ကိုရီးယားကားတွေနဲ့ တီဗီဂိမ်းတွေ မရှိသေးတာလည်းပါနိုင်တယ်။ အခုခေတ် ကလေးတွေရဲ့မိဘတွေထဲမှာကို စာဖတ်ပြီး ကြီးလာတဲ့ လူကြီးတွေဆိုတာ သိပ်ကိုနည်းသွားပြီ။ ကလေးတွေကို စာဖတ်ပါလို့ပြောရုံလောက် မဟုတ်ဘဲ၊ ကလေးတွေကို သူတို့အရွယ်နဲ့လိုက်လျောညီထွေ ဖတ်စရာလေးတွေ ရှိနေတဲ့နေရာမျိုး အသေအချာရှိအောင် လုပ်သင့်တယ်။ မြန်မာပြည်မှာ စာရေးနေတဲ့သူတွေ အနေနဲ့လည်း ကလေးတွေ စာကောင်းပေကောင်း ဖတ်နိုင်အောင် ကလေးစာပေတွေလည်း များများရေးသင့်တယ်။ ဘာသာပြန်စရာတွေလည်း အများကြီးရှိသေးတယ်။ အဲဒါတွေဟာ မြန်မာကလေးတွေ လိုအပ်နေတဲ့ gap တွေပဲ။ ကလေးတွေကို International Schools တွေမှာမထားနိုင်ရုံနဲ့ International အဆင့်မီတဲ့ အရည်အချင်းမျိုးမရနိုင်တော့ဘူးလို့ မတွေးဘဲ သူတို့ကို ကိုယ်ပေးနိုင်သလောက် အကောင်းဆုံး ပေးမယ်ဆိုပြီး တတ်နိုင်သမျှကြိုးစားသင့်တယ်။

စာအုပ်တွေကို ဖြစ်နိုင်ရင် Apple Store မှာ Games တွေ 99 ပြားနဲ့ရောင်းတာမျိုးရှိစေချင်တယ်။ i-book မှာ တခါတည်းရောင်းရင်လည်းမဆိုးဘူး။ Kindle အတွက်လည်း ထုတ်သင့်တာပေါ့။ မြန်မာတွေဟာ ဘာမဆို အကင်းပါးတဲ့လူမျိုးတွေပါ။ ရှေးကတည်းက မြန်မာလူမျိုးတွေဟာ အရှေ့တောင်အာရှမှာတော့ ခပ်ထုံထုံမဟုတ်ခဲ့ပါဘူး။ လေ့လာမှုကောင်းသလို တီထွင်ဥာဏ်လည်းကောင်းခဲ့ကြပါတယ်။ မြန်မာပြည်တွင်း ဈေးကွက်တင်မဟုတ်ဘဲ ပြည်ပမှာရှိတဲ့ မြန်မာလူမျိုးတွေရဲ့ ဈေးကွက်ကိုပါကြည့်ပြီး ထုတ်ဝေဖြန့်ချိမှုတွေပြုလုပ်သင့်တယ်။ နိုင်ငံခြားမှာမွေးတဲ့ မြန်မာလူမျိုးတွေရဲ့စိတ်ထဲမှာ ငါတို့နိုင်ငံဟာ ခပ်ညံ့ညံ့မဟုတ်ဘူးဆိုတာမျိုး ခံစားနိုင်ဖို့ သူတို့တွေရဲ့ လက်လှမ်းမီတဲ့နေရာမှာ မြန်မာစာအုပ်တွေ E-books အနေနဲ့ဖြစ်ဖြစ် printed ပဲဖြစ်ဖြစ်ရှိနေသင့်တယ်။ မြန်မာစာတွေ သေချာမဖတ်ဖူးတဲ့ မြန်မာလေးတွေကတော့ ကိုယ့်လူမျိုးကို အထင်သေးနေနိုင်ပါတယ်။ သူတို့တွေ သိစရာလိုတာတွေ သိဖို့ မြန်မာစာပေရဲ့ လက်တံတွေ ဒီထက်ရှည်လျားဖို့လိုပါတယ်။ International ISBN No. တွေ သုံးဖို့လည်း ကြိုးစားသင့်နေပါပြီ။ pdf ဆိုရင်လည်း စေတနာရှေ့ထားပြီး လုပ်ကြတယ်ဆိုတာ သိပေမယ့် အနည်းဆုံး Ethics လေးနဲ့စာအုပ်အသစ်တွေကို ချက်ချင်းမလုပ်ပစ်ဖို့လိုပါတယ်။ စာရေးသူတွေအတွက်လည်း ကိုယ်ချင်းစာစဉ်းစားပြီး လုပ်ပေးနိုင်ရင်ကောင်းပါတယ်။ ကျွန်တော်တို့ ဒီမှာ E-books ၀ယ်တယ်ဆိုရင် Technical စာအုပ်တွေမှာ E-books တွေဟာ စာအုပ်ဈေးထက်ဝက်မက ပေးပြီးဝယ်ရပါတယ်။ စာအုပ်က ရတဲ့ဝင်ငွေနဲ့ရပ်တည်နေတဲ့သူတွေအတွက်တော့ စာအုပ်တွေမရောင်းရရင် အနုပညာဆက်လုပ်ဖို့ မလွယ်ပါဘူး။ ၀ါသနာအရရေးနေကြပေမယ့် တခြားလုပ်ငန်းတွေ လုပ်ရတဲ့အတွက် စာအုပ်ကောင်းတွေ များများထွက်မလာတော့ပါဘူး။ နောက်ဆုံးတော့ အခု ကျွန်တော်တို့ ခံစားတွေ့ကြုံနေရတဲ့ စာအုပ်ကောင်းရှားပါးမှုပြဿနာတွေဟာ ကျွန်တော်တို့နဲ့ တိုက်ရိုက်ပတ်သက်နေတော့တာပါပဲ။ (ကမ္ဘာပြားပြီဖတ်တုန်းကတည်း ငါတို့နိုင်ငံဟာ အပြားကမ္ဘာမှာ ကုန်ကြမ်းရောင်းရုံနဲ့တော့ တယ်မနိပ်သေးပါဘူးလို့တွေးမိတယ်။ ပိုပြီး တန်ဖိုးရှိတာတွေရောင်းကြည့်သင့်တယ်။ မြန်မာ့အနုပညာဟာ ဘာသာစကား အဟန့်အတားကို ချိုးဖျက်ပြီး နိုင်ငံတကာ ၀င်ဆန့်အောင်ကြိုးစားသင့်တယ်။)

ဒီပို့စ်မှာ စဉ်းစားစရာ အစလေးတွေကို ကျွန်တော် နည်းနည်းလောက်စီပဲ ထုတ်ခဲ့ပါတယ်။ ဆက်လက်ပြီး စဉ်းစားစေချင်ပါတယ်။ ကျွန်တော့်ပို့စ်ကို Monday မှာ လေးလေးပင်ပင် Monday ကျက်သရေ ဖြစ်အောင်လုပ်ပြီး တမင်တင်လိုက်တာတော့မဟုတ်ပါဘူး။ (ကျက်သရေ ဆိုတာပဲပြောရင် ကျက်သရေရှိ တာလား၊ ကျက်သရေတုံး တာလား မကွဲပြားပါဘူး။ လေသံလေးကပဲစကားပြောတာပါ။ သူငယ်ချင်းတွေ မနက်စောစောစီးစီး မဟားတရား လေးနက်တာတွေ လာပြောရင် ကျွန်တော်တို့က ဒီကောင် ကတော့ Morning ကျက်သရေပဲ ဆိုပြီး ပြောလေ့ရှိပါတယ်။ အဲဒီလို ကျက်သရေမျိုးဖြစ်သွားမှာစိုးရိမ်ပါတယ်။ Monday ကျက်သရေပို့စ် ဆိုရင်တောင် ပြီးအောင်ဖတ်နိုင်တဲ့လူတွေကို ချီးကျူးရမှာပါပဲ။

Regards,
The Gardener



Peace B with U.