Saturday, July 11, 2009

စိတ်ချမ်းသာဖို့လိုရင်းပါ (ဆရာတော်ဦးဇောတိက)


စိတ်ချမ်းသာဖို့လိုရင်းပါ (ဆရာတော်ဦးဇောတိက)

စိတ်ချမ်းသာချင်ရင် စိတ်အကြောင်းကို နားလည်ဖို့လိုတယ်။ စိတ်အကြောင်းကို စာဖတ်ရုံနဲ့ တကယ်နားမလည်နိုင်ဘူး။ အထောက် အပံ့တော့ ရမယ်။ ကိုယ့်စိတ်ကိုကိုယ် တည့်တည့်ကြည့်တတ်မှ ကိုယ့်စိတ်အကြောင်းကို ကိုယ်နားလည်မယ်။ အဲဒီလို ကြည့်နိုင်ဖို့ စိတ္တာနုပဿနာကို အားထုတ်ပါ။ အဲဒီ စိတ္တာနု ပဿနာအကြောင်းကို အရင်ရေးပြီးတဲ့ စာအုပ်တွေမှာ ဖတ်ပါ။ ဒီစာအုပ်မှာတော့ စိတ်ချမ်းသာမှုအကြာင်းကို စဉ်းစားစရာတွေ ရေးလိုက်ပါတယ်။ စာဖတ်သူသိပြီးသားတွေများမှာပါ။ သတိပေးလိုက်သလို ဖြစ်တယ်ဆိုရင် ကျေနပ်ပါပြီ။

ဖတ်ရရုံနဲ့ စိတ်ချမ်းသာပါစေ ဆိုတဲ့ စေတနာနဲ့ ရေးလိုက်တာပါ။ ဒါပေမယ့် စိတ်ချမ်းသာအောင် နေနည်းစာအုပ်ကို ဖတ်ရုံနဲ့ စိတ်ချမ်းသာလာမှာမဟုတ်ဘူး။ စာအုပ်က အကြံကောင်းတွေပေးနိုင်တယ်။ အားပေးနိုင်တယ်။ တိုက်တွန်းနိုင်တယ်။ ဒါပေမယ့် တကယ် စိတ်ချမ်းသာချင်ရင် ကိုယ့် အရည်အချင်းကို ကိုယ့် စိတ်ဓာတ်၊ ကိုယ့် စရိုက်နဲ့ ကိုက်ညီတဲ့ နေနည်းကို ကိုယ့်ဟာကိုယ် ဖန်တီးရမယ်။

လူ့ဂုဏ်သိက္ခာ နဲ့ စိတ်ချမ်းသာမှုဟာ ဆက်စပ်နေပါတယ်။ လူ့ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့သူမှသာ စစ်မှန်တဲ့ စိတ်ချမ်းသာမှုကို ရနိုင်တယ်။ ကိုယ်ကျင့်တရားကောင်းတဲ့သူဟာ စိတ်ပိုချမ်းသာတယ်။ကိုယ်ချင်းစာတတ်တဲ့သူ၊ ကူညီတတ်တဲ့သူ၊ ရိုးသားတဲ့သူဟာ စိတ်ပိုချမ်းသာတယ်။ နောင်တရစရာ မရှိတဲ့လူဟာ စိတ်ပိုချမ်းသာတယ်။ ငါဟာ ဂုဏ်သိက္ခာရှိတဲ့သူလို့ မှန်မှန်ကန်ကန် ခံစားရဖို့လိုပါတယ်။ အများက ကိုယ့်ကို ဂုဏ်သိက္ခာရှိတဲ့သူလို့ အသိအမှတ်ပြုတာကို ရဖို့လည်းလိုပါတယ်။

ပုဗ္ဗေစ ကတပုညတာ "ကောင်းတာကို လုပ်ခဲ့ခြင်း" ဆိုတာ မင်္ဂလာ တရားမှာပါတယ်။ မင်္ဂလာဆိုတာ ပြည့်စုံဖို့၊ ကြီးပွားဖို့ အောင်မြင်ဖို့ အကြောင်းကိုခေါ်တာ။ စိတ်ချမ်းသာဖို့ အကြောင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ချမ်းသာချင်ရင် မင်္ဂလာတရားနဲ့အညီနေဖို့လည်း လိုပါတယ်။

စိတ်ချမ်းသာချင်ရင် မရိုးသားတဲ့သူနဲ့ မပေါင်းနဲ့။ အဲသလိုဆိုရင် ပေါင်းရမယ့်သူ တော်တော်နည်းသွားပြီ နော်။ လိမ်ညာ လှည့်စားတတ်တဲ့သူနဲ့ပေါင်းရင် စိတ်ချမ်းသာမှုမရနိုင်ဘူး။ စိတ်ချမ်းသာချင်ရင် ကိုယ့်ကို အထက်စီးကနေ ဆက်ဆံတဲ့သူနဲ့ မပေါင်းနဲ့။ အမြဲတန်းအောက်ကျို့ပြီးပေါင်းရတဲ့ သူနဲ့မပေါင်းနဲ့။ ကိုယ့်ဂုဏ်သိက္ခာကို မလေးစားတဲ့သူနဲ့ပေါင်းရင် စိတ်ချမ်းသာမှုမရနိုင်ဘူး။

စိတ်ချမ်းသာမှု၊ စိတ်ဆင်းရဲမှုဆိုတာ ဆက်ဆံရေးကြောင့် ဖြစ်ရတာများပါတယ်။ ဒါကြောင့် စိတ်ချမ်းသာချင်ရင် ဆက်ဆံရေးမှာ အပြန်အလှန်လေးစားမှု အသိအမှတ်ပြုမှု ရှိတဲ့ ဆက်ဆံရေးကို ဖန်တီးပါ။ လူတိုင်း ကိုယ့်ကို အသိအမှတ်ပြုတာ သိပ်လိုချင်ပါတယ်။ အသိအမှတ်ပြုတာ ခံရရင် သိပ်စိတ်ချမ်းသာတယ်။ ဒါကြောင့် အသိအမှတ်ပြုပါ။ တန်ဖိုးထားပါ။ လေးစားပါ။ အဲဒါ စိတ်ချမ်းသာမှုပေးလိုက်တာပါပဲ။

ဒီနေ့ကိုမနေ့ကထက် ပိုပြီး စိတ်ချမ်းသာအောင် နေလိုက်ပါ။

ဆရာတော် ဦးဇောတိက



မာတိကာ

  • စိတ်ချမ်းသာဖို့လိုရင်းပါ
  • စိတ်ချမ်းသာခြင်းအကျိုးဆယ်ပါး
  • စိတ်ချမ်းသာလို့ အဆင်ပြေတာ
  • စိတ်ချမ်းသာတဲ့သူတွေမှာ ရှိတတ်တဲ့ အချက်(၆)ချက်
  • စိတ်ချမ်းသာနေတာဟာ လူ့သဘာဝ
  • စိတ်ချမ်းသာဖို့ဘာတွေလိုသလဲ
  • နှစ်သစ်ကူးအဓိဌာန်
  • စိတ်ချမ်းသာတဲ့သူ များတဲ့နိုင်ငံဟာ ပိုပြီးတိုးတက်တယ်
  • ရှာတဲ့နေရာမှားနေလို့
  • အခုလုပ်ရင် အခုရတယ်
  • စိတ်ချမ်းသာအောင်နေဖို့ခက်သလား
  • အကြောင်းမရှိဘဲစိတ်ချမ်းသာနိုင်မှ တကယ့်စိတ်ချမ်းသာမှု
  • စိတ်ချမ်းသာဖို့ အကြောင်းပြချက်များများလိုအပ်နေရင်
  • ကိုယ်ပြင်လို့ရတာ ကိုယ့်စိတ်ပဲ
  • ဒါတွေမမေ့မှ စိတ်ချမ်းသာမယ်
  • သဘာသတရားစာ ကျေးဇူးသိတဲ့သူကို ပိုပေးတယ်
  • စိတ်ချမ်းသာအောင်နေမယ် ဆိုတဲ့ ဆုံးဖြတ်ချက်
  • ဖြေရှင်းနိုင်တဲ့ အရည်အချင်းရှိဖို့ပဲလိုတယ်
  • စိတ်ချမ်းသာမှုဟာပါဝါ
  • လွတ်လပ်တဲ့ အချစ်
  • ကိုယ့်စိတ်ကို ပေးနိုင်မှ သူတို့ရတယ်
  • "ဒီနေ့" ဆိုတဲ့ "လက်ဆောင်"
  • ကိုယ့်သဘာထားကိုပြောင်းနိုင်ရင် ကိုယ့် ဘ၀ကို ပြောင်းလို့ရတယ်
  • ငါ့ဘ၀တစ်ခုလုံးဟာ ငါ့တာဝန်
  • စိတ်ချမ်းသာမှုကို ရက်ချိန်းမပေးပါနဲ့
  • မိုးလင်းတာနဲ့ ဒီနေ့ပျော်ပျော်နေမယ်လို့ အဓိဌာန်ပါတယ်
  • ကံကောင်းအောင်လုပ်နေလို့ အောင်မြင်တာ
  • မြည်းတစ်ကောင်ရဲ့ သတ္တိ
  • စိတ်အေးချမ်းတည်ငြိမ်တုန်းမှာ ဆုံးဖြတ်
  • စိတ်ချမ်းသာအောင်နေတတ်သူတွေမှာရှိတဲ့ အချင်းအရာ လက္ခဏာ
  • ဘ၀ဆိုတာ အချိန်ရှိသမျှ အကုန်ရင်းနှီးမှ
  • ဘာကို ဆုံးဖြတ်ထားသလဲ
  • တကယ့်လူ
  • စိတ်ချမ်းသာစေဖို့ အင်္ဂါ ငါးချက်
  • ဆုံးဖြတ်ချက်ဟာ ခေါင်းဆောင်
  • ဘ၀မှာ အရေးအကြီးဆုံးဟာ လွတ်လပ်မှုနဲ့ စိတ်ချမ်းသာမှု
  • စိတ်ချမ်းသာစရာအတွေးများ



Peace B with U.