Drama Queen
လောကကြီးက မင်းပျော်ဖို့ တည်ဆောက်ထားတဲ့ ကလေးကစားကွင်းတစ်ခုတော့မဟုတ်ဘူး။ နာရီအတုတွေနဲ့ အစစ်တွေနဲ့ဘာကွာလဲမင်းသိလား။ အတုတွေက နှိုးစက်သံ ပိုကျယ်တတ်တာပဲ။ မလိုအပ်ဘဲ ရွှေရောင်သုတ်ထားတဲ့ ဒိုင်ခွက်ထဲမင်းငုံ့ကြည့်လိုက်ရင် သူ့အရိပ်ကိုတွေ့ရမှာပဲ။ စက္ကန့်တံတွေဟာ အမြန်သွားဖို့မလိုဘူး။ သူ့ခြေလှမ်းသူသိတယ်။ သူဟာ အုပ်စိုးခံဘဝမှာနေထိုင်သူမဟုတ်ဘူး။
ကောင်းကင်ကိုမော့ကြည့်လိုက်တိုင်း တစ်ခုလိုနေတယ်။ ဒီနှစ် ခရစ်စမတ်မှာ ကြယ်မထွက်ဘူး။ ရလဒ်အနေနဲ့ အားအားယားယားသုံးယောက် ခရီးမထွက်ဘူး။ ဟေရုဒ်အရက်သောက်မပျက်ဘူး။ ဇူဇယ် မိန်းမခိုးပြေးစရာမလိုဘူး။ မေရီ ကလေးမွေးစရာမလိုဘူး။ ဂါဗြီအဲလ် Hail, Mary လာမရွတ်ပြရတော့ဘူး။ God အလုပ်ပြုတ်တယ်။ ကြယ်တစ်လုံးမထွက်ရင် အဲဒါတွေ ဆက်တိုက်ဖြစ်တယ်။
ကြက်ဆင်ကိုယ်ထဲ ရှောက်သီးတစ်လုံးတော့ထည့်ထားရမယ်။ ဒါမှ ကင်လိုက်ရင် အနံ့မွှေးလာမှာ။ လူအများကြီးပျော်ဖို့ သိပ်မပျော်တတ်တဲ့တစ်ကောင်/တစ်ယောက်/တစ်ခု သေပေးရတာပဲ။ ဒါကိုက လောကသဘာဝ။ ကြက်ဆင်ဖြစ်စေ၊ Jesus ဖြစ်စေ ပျော်ဖို့သေပေးလိုက်တယ်ဆိုရင် သင့်တော်တာပါပဲ။
ကိုယ့်ဒုက္ခကတော့ အများထက် ပိုကြီးကျယ်တာပဲ။ ခြေသည်းနီမညီညာတာဟာ ကမ္ဘာပျက်သလိုပါပဲ။ သစ်ပင်တွေပြန်စိုက်ပြီး စိမ်းလန်းခြင်းအတုကို ပိုးမွေးသလိုပြန်မွေးနေပေမယ့်၊ ကောင်းကင်အမိုးကတော့ ပေါက်မြဲပေါက်ဆဲ။ ကုန်းပေါ်မှာလှေလှော်နေသလိုပေါ့ .... တစ်နေ့နေ့တော့ ရွေ့ရမှာပေါ့။ ထိပ်တုံးဟာ ခြေထောက်နှစ်ချောင်းကို မမိခင်က လေဟာနယ်ကိုမိထားသေးတယ်ပြောတာပဲ။ ချစ်ခြင်းတရားဟာ အတုအစစ်ရောမနေပါစေနဲ့။ ခွဲရခက်လွန်းလို့ ဖြစ်လေရာဘဝမှာ မေတ္တာအတုနဲ့လူတွေနဲ့ ဝေးနိုင်သမျှ ဝေးဝေးမှာ အေးနိုင်သမျှ အေးအေးနေရပါစေ ဆုတောင်းတယ်။
တောင်ပေါ်ရောက်ရင်တစ်ခုခုတွေ့ရမှာပဲလို့ မောရှေကပြောတယ်။ တောင်ပေါ်ရောက်ရင် ဆုတောင်းရဦးမယ်လို့ မုတ်ဆိတ်ဖြူသားကပြောတယ်။ တောင်ပေါ်ရောက်ရင် အလံစိုက်ရဦးမယ်လို့ တောင်တက်သမားကပြောတယ်။ တောင်ပေါ်ရောက်ရင် ရှင်သန်ရဦးမယ်လို့ သစ်စေ့တစ်စေ့ကပြောတယ်။ လောကကြီးမှာ မြက်တိုင်းမစိမ်းဘူး။ သဘာဝတိုင်းမလှဘူး။ အစွယ်နဲ့ဆူးတွေ တစ်ပြိုင်နက်တပ်ထားရင် နှင်းဆီပန်းလည်း မဖူးနိုင်တော့ဘူး။
စစ်ကြောင့် လူတွေ ဘဝပျက်တယ်။ ကမ္ဘာ့စီးပွားရေးပြောင်းလဲမှုကြောင့် လူတွေ ဆယ်ဆပိုပြီး ဘဝပျက်တယ်။ ဆန်မရှိဘဲ အစားကြီးရင်၊ ဆီမရှိဘဲ အသောက်ကြီးရဦးမယ်။ ငွေရယ်ဆိုလို့ ဆယ်တန်နဲ့အကြွေတစ်ချို့၊ ရင်ခွင်မှာတော့ မျှော်လင့်ချက်ကြီးတစ်ခုဆိုတဲ့ အဆိုတော်ဟာ ကင်ဆာဖြစ်တော့ ကုဖို့ ပိုက်ဆံလုံလုံလောက်လောက်ရှိမနေခဲ့ဘူး။ အကောင်းဆုံးက အကောင်းဆုံးပေါ့၊ တန်ရာကတန်ရာပေါ့ .... ရွေးနေရအောင်မင်းကဘာကောင်လဲလို့ သူက ဘယ်သူ့ကိုပြောသွားတာလဲ။
မြွေဆိပ်ဟာ သွေးတွေကို ပျစ်ခဲသွားစေတယ်။ လူတွေဟာလည်း သွေးအခဲလိုက်နဲ့ မရှင်နိုင်ဘူး။ အဆင်ပြေတဲ့ နေရာလေးမှာ အဆင်ပြေသလိုလေး နေဖို့ အရေးကြီးတယ်။ ကိုယ့်စိတ်ကို ဒုက္ခပေးမယ့် ရန်သူတွေနဲ့ ဝေးလေကောင်းလေပဲ။ အမှတ်ရစရာတွေဆို လွှင့်သာပစ်။ အဆက်အဆံလည်းမလုပ်နဲ့။ သေသေရှင်ရှင် ဂရုမစိုက်နဲ့။ သေလည်းအသုဘ လိုက်မပို့ဘူးဆိုမှ ခရစ်စမတ်ကဒ်ပို့နေပါဦးမလား။ sorryပဲပေါ့။
အသက်ကိုပြင်းပြင်းရှူ၊ နေရောင်ကို ဝဝလှုံ၊ တိမ်တွေနဲ့ကင်းကင်းနေ ... တောင်ထိပ်ပေါ်မတက်နဲ့ ... လမ်းဘေးကနေကပ်လျှောက်၊ အကျနာမယ့်နေရာ ချော်မလဲစေနဲ့။ ကိုယ့်လမ်းကိုယ်လျှောက်ရင် လောကကြီးမှာ တကယ်မလိုတဲ့သူတွေများသထက်များလာတယ်။ ကိုယ်အရေးကြီးတယ်ထင်တာကိုယ်လုပ်၊ ကိုယ့်အလုပ်လေးကိုယ်ရှုပ်နေ၊ ကမ္ဘာကြီးမှာ ဝင်ခွေနေစရာချောင်တွေမှ အများကြီး။
ပျံသန်းခြင်းမှာ အတောင်ပါနေစရာမလိုဘူးလို့ သူကပြောတယ်။ နောက်ဆုံးတစ်ခေါက် မြေပြင်အမာဟာ ဘယ်လိုအရောင်မျိုးလဲ မတွေးချင်သေးဘူးလို့ဆိုတယ်။ ။
Regards,
Zephyr
Peace B with U.