Monday, December 31, 2012

အင်ဒိုနီးရှားအမှတ်တရ။

အင်ဒိုနီးရှားအမှတ်တရ။

သွားတာတော့ ကြာပြီ။

ဓာတ်ပုံတွေပြန်ကြည့်ရင်း တစ်စုတစ်ဝေးတည်းဖြစ်အောင် ပြန်တင်ထားလိုက်တယ်။ ဖေ့စ်ဘွတ်ခ်မှာတော့ပုံတွေတင်ဖူးတယ်ထင်တယ်။

ဘာတွေ ဘယ်လိုသွားရတာတွေတော့ မရေးတော့ဘူး။ နီးနီးနားနား ဗီစာမလိုတဲ့ အင်ဒိုနီးရှားကို နည်းနည်းတော့သဘောကျတယ်။ မလေးရှားလောက်တော့ ပျော်စရာမကောင်းဘူးထင်တယ်။

အုန်းပင်တွေရှိတယ်။ မထူးဆန်းဘူး။ သို့သော်လည်း သဘာဝကျ၏။ East Coast နီးပါးလှချေတော့သည်။





အဗြဟ္မစရိယကုတင်။ လင်မယားနှစ်ယောက်ကိုတောင် တစ်ယောက်စီထားတာ။ ရောက်တဲ့အခါ သစ္စာဆိုပြီး အဓိဌာန်လိုက်မှ အလိုလိုကပ်သွားတယ်။




ကုလားထိုင်။ ကုလားထိုင်မြင်ဖူးသည်ဟုဆိုသော်ရ၏။ မဆိုသော်လည်းရ၏။ ထိုကုလားထိုင်လေးတွင် ထိုင်ကာ စာအုပ်တစ်အုပ်ကို ဇိမ်ကျကျဖတ်ခဲ့သေးသည်။ အရသာရှိပါဘိတောင်း။





ကျွန်ုပ်တို့သည် အရက်၊ဘီယာသောက်တတ်သူများမဟုတ်ချေ။ အသီးဖျော်ရည်မှာရာ ကော့တေးများညာရောင်းလေသည်။ အခါးမကြိုက်ပါ။ သောက်ဟန်ပြုပြီး ထွေးရန်ကြံရသည်။ လှသလိုရှိသော်လည်း ခါးလှ၏။





မျက်နှာသည် အနုပညာဖြစ်နေပြန်သည်။ မျက်နှာများခြင်းသည်မကောင်းသော်လည်း မျက်နှာမရှိလျှင် မျက်နှာငယ်သည်ထက်ဆိုးသည်ဟုထင်သည်။ မျက်နှာကို မုခဟုခေါ်သည်ထင်သည်။ ဟုတ်ချင်လည်းဟုတ်မည်။ မဟုတ်ချင်လည်းမဟုတ်။ စားသောက်ဆိုင်မှာ မျက်နှာကို ရိုက်လာလေသည်။ ဒီအက်စ်အယ်လ်အာရ် ကင်မရာမဟုတ်သောကြောင့် လှပလိမ့်မည်မဟုတ်။ ပွိုင့်အန်ရှု့ထ်ဖြစ်လေရာ သည်းခံပြီးရှုစားနိုင်သူများအတွက်သာ အသုံးဝင်သည်။ ဝယ်လည်းမဝယ်နိုင်။ ဝယ်နိုင်ရန်လည်းအားမထုတ်၊ အကြွေးနှင့်ဝယ်စိမ့်ငှာဟုလည်းတွေးမထား။ ရှိသည်နှင့်ရောင့်ရဲပြီး ရသည်နှင့် ကျေနပ်ရန် ဘဝကသင်ပေးထားသည်။ ဆင်းရဲဖူးခြင်းသည် တစ်ခါတစ်ရံအင်မတန်မှကောင်းသည်ထင်မိသည်။ ဆင်းရဲဖူးမှ အသုံးအဖြုန်းနည်းဖို့လွယ်ကူသည်ဟုထင်သည်။ ကိုယ်တိုင်လက်ဖွာဖူးသော်လည်း လိုအပ်ချိန်လိုက်တောင်းကြည့်လျှင် လက်ခက်သူဘယ်လောက်များမှန်းသိခဲ့ရဖူးလေပြီ။






ကျွန်ုပ်သည် မြားနှင့် shoot လေရာ၊ ပစ်မှတ်ဘုတ်ပြားပေါ်သို သက်ရောက်ခြင်းမရှိ။ သို့သော် လေးကိုင်းကိုတင်ရာတွင် ရာမ၊ လက်ခဏတို့လို ကနေစရာမလို၊ တစ်ခါတည်းတင်နိုင်သည်။ ကြံဖန်ဂုဏ်ယူသော် ဂုဏ်ယူဖွယ်အတိချည်းသာ။ ပစ်မှတ်ကို ထိသည်ဖြစ်စေ၊ ချော်သည်ဖြစ်စေ ပျော်စရာကောင်းလေသည်။



အုန်းပင်သည် ရှေ့သို့မျှော်ကြည့်နေလေသည်။ ပင်လယ်မှ လှိုင်းမလေးကို လွမ်းသည်ထင့်။ သို့သော် လှိုင်းတို့သည်ဝေးရာသို့ ဆုတ်ခွာသွားလေသည်။ အလွမ်းသည် စောင်းငန်းငန်းသဘောတရားဖြစ်ချေသည်။ ရှည်ကိုင်းကိုင်းဝဋ်ဒုက္ခအတိပြီးသည်။ ထိုအရာကိုရှုပွားစိမ့်သောငှာ 



ဖားသည် ပါးစပ်ဟထားလေရာ မီးသီးတစ်လုံးရောက်လာလေသည်။ ဖားမီးတိုင်ဟုဆိုကောင်းဆိုနိုင်မည်ဖြစ်သည်။ အရောင်ပျယ်လွင့်နေခြင်းသည်လည်းတစ်မျိုးချစ်စရာကောင်းသည်။ အသက်ကြီးလာလေ အရုပ်များကိုပိုချစ်တတ်လေဖြစ်လေရာ သူငယ်ပြန်သည့်အခါ ပူစရာမလိုတော့။ 



ရာဇဝတ်သားကို လွှတ်စေပိုင်သော မိဖုရားကြီး၏ ကရုဏာဖြစ်သော ခေါင်ရမ်းပန်းသည်မွှေးသည်ဟုဆိုသည်။ သေဘေးမှ လွတ်သော ရာဇဝတ်သားအတွက် ခေါင်ရမ်းပန်းသော်မှ မွှေးနေချေတော့သည်။ အော် ... လူ့လောကသည် သံဝေဂရဖွယ်ကောင်းလေစွ။ သေစေပိုင်သူနှင့် အသတ်ခံရမည့်သူ၊ မရဏတရားသည် သေမိန့်ကိုပေးချေသည် ကံတရားသည် နီသော ခေါင်ရမ်းပန်းဖြင့် ကယ်တင်သော် ကောင်းလေစွ။


ဒီအသက်ဒီအရွယ်အထိ အရုပ်ချစ်နေသောသူအား ငပေါဟုထင်သော်ရ၏။ သို့သော်လည်း ငပေါဖြစ်ရခြင်းသည်သာ၍ကောင်း၏။ ကြိတ်ပေါနေခြင်းသည် ဗြောင်ပေါခြင်းထက်သာ၍ဆိုး၏မဟုတ်တုံလော။ ပေါစရာရှိသည်ကို မပေါရဲသူတို့သည်သာ စိတ်ရောဂါခံစားရ၍ စိတ်ဖိစီးကြလတ္တံ။ အရုပ်ချစ်သည်မှာ ငယ်ဘဝမှ စိတ်ထားအား ဆက်လက်သယ်ဆောင်လာသောသူ အများစုတွင်ရှိကောင်းသည်မဟုတ်လော။ လူကြီးဆန်ခြင်းသည် ဥပေက္ခာရှိစုမဲ့စုကို အတင်းကာရောတိုးပွားအောင်လုပ်၍ မျက်နှာထားတည်ခြင်း၊ ရယ်စရာကို မရယ်ခြင်း၊ လူစုလူဝေးရှိလျှင် ဆူပူငေါက်ငမ်းဟန်ပြုတတ်ခြင်းမျှမဟုတ်လော။ အတွင်းစိတ်၏ ငြိမ်းချမ်းခြင်းကိုမရကုန်သော လူကြီးဖြစ်ရခြင်းသည် သာ၍ မဆိုးကုန်သလော။ ပျော်ရွှင်သောစိတ်ကို ပေါသောစိတ်၊ ပေါ့သောစိတ်၊ သက်သာဖြေလျှော့သောစိတ်မှသာ သယ်ဆောင်နိုင်လေသည်။ ဟန်ဆောင်သောစိတ်သည် ပျင်းရိငြီးငွေ့စရာကောင်းလေ၏။ မူရင်းအတိုင်း နေခြင်းသည် လွတ်လပ်ပျော့ပြောင်းလေသတည်း။ ချစ်သော နဂါးရုပ်ကိုရှုစေစမ်းချင်ပါဘိတော့သည်။


အုန်းပင်။
လောကဓံတရားတိုက်စားသွားတာလား။
သဘာဝဓမ္မကို ဝါကျဖွဲ့ပြထားတာလား။
သူ့ရှေ့မှာ
ကျွန်တော်တွေးနေမိတယ်။
အမာရွတ်မကင်းတဲ့သူရဲကောင်းအရည်ပြားလို
ဒဏ်ရာတွေနဲ့လှနေတယ်။




ဘယ်ကိုမှ မမြင်ရတဲ့ပြတင်းပေါက်။
စိတ္တာနုပဿနာမှာတော့ သိနေခြင်းကို သိနေတဲ့စိတ်။



အလှမွေးငါး။

အလှမွေးမွေး၊
စားဖို့မွေးမွေး၊
ငါးဟာ ရေထဲမှာနေရမယ်။
ငါးဟာ ကူးခတ်ရမယ်။
ငါးဟာ ရပ်တန့်နားနေရမယ်။
နောက်ဆုံးအခွင့်အရေးရတဲ့အထိ
ပါးဟပ်တွေနဲ့အသက်ရှူကြည့်ရဦးမယ်။




ပန်းပွင့်ရဲ့ဒိုင်ယာရီမှာ
ခါချဉ်တွေများတယ်။
ဝတ်မှုန်နှင်းစက်တွေကို ခါချလိုက်ရင်
ဆောင်းမနက်ခင်းလည်း ပျောက်သွားရမှာပဲ။




ငယ်တုန်းကပန်းပွင့်လေး
အခုသိပ်ကြီးသွားပြီ။
စိမ်းလန်းခြင်းတွေနဲ့
ကြီးရင့်ခြင်းများ




စိတ်ကို
အိမ်မက်နယ်မြေထဲအထိ
စက္ကူပန်းရနံ့တွေနဲ့ပဲ
မျှားခေါ်သွားရတာပဲမဟုတ်လား။




ဆင်ပြောင်ကြီးသုံးကောင်



ဘုန်းကြီးကတရားဟောတယ်။
အသေလှဖို့ကြိုးစားပါ တကာလေးတဲ့။
မျက်လုံးထဲမှာ ဟောဒီပိုးကောင်ကိုမြင်တယ်။
ဒါမျိုးကို အသေလှတယ်ခေါ်တာလား ဖရာ့။




မျိုးနဲ့ရိုးနဲ့ အတူတူ အသေလှနေတဲ့ပိုးကောင်တွေ။
ငယ်တုန်းကတော့ ဒါမျိုးတွေစုထားချင်ခဲ့ဖူးတယ်။ တော်သေးတယ်။ ဝါသနာက ငယ်တုန်းမှာတင်ကုန်သွားလို့။ တရားထဲမှာပါတဲ့ မိဖုရားနဲ့သူ့ယောကျာ်းအသစ်ချေးပိုးထိုးကြီးများလားလို့ သေချာကြည့်မိတယ်။




အပေါ်စီးကနေကြည့်ရတာကောင်းတယ်ထင်ရပေမယ့် ဇက်ကြောတက်တယ်။ ငုံ့ကြည့်နေတာများရင် အရာအားလုံးကို ပုသေးသေးထင်ကုန်တာပဲ။ ဘဝင်မြင့်တယ်ဆိုတာဒါမျိုးပဲဖြစ်မယ်။ ကျန်တဲ့သူတွေကို ပုသေးသေးပဲမြင်တော့တာမျိုး။ ဘဝင်မြင့်တဲ့သူ အထက်စီးရောက်နေတာပါလားဆိုပြီး များများဆင်ခြင်ကြည့်ရတယ်။ အမှန်တော့ ကိုယ်မြင်တဲ့မြင်ကွင်းကို ခံစားလိုက်တဲ့စိတ်ကြောင့် အမြင်မှားကို အမှန်ထင်တာပဲ။ အယောနိသော မနသီကာရဖြစ်နေချိန်မှာ ကျနော်တို့စိတ်ထဲမှာ အဲဒီလို ရှူခင်းတွေဖြစ်နေတယ်ထင်တယ်။




ပင့်ကူနဲ့ ကင်းမြီးကောက်။
အဆိပ်အဆိပ်ချင်း
အနက်အနက်ချင်း
အတူတကွ
ရှင်တွဲနေထိုင်ခြင်း




ကြာပန်းကို တော်တော်လေးညွှန်းကြတယ်။ရွှံ့မှာပေါက်သော်လည်း ရွှံ့တွေနဲ့မရောဘူး။
တရားအသိအမြင်မှာလည်း ကြာပန်းဟာ ရေကိုအခြေပြုပြီး လေထဲကိုတိုးထွက်သွားတဲ့ သင်္ကေတအနေနဲ့ အထူးအလေးအမြတ်ထားကြတယ်။ ကြာပန်းဖူးလေးဟာ လှလွန်းလို့ ဆယ်ဖြာလက်စုံ ကြာပဒုံဆိုပြီး ရှိခိုးဖို့ပြင်ဆင်တဲ့လက်ကို နှိုင်းယှဉ်ပြီး ရူပက အလင်္ကာလုပ်ကြတယ်။ ဥပမာပေးပြီး ဥပမာအလင်္ကာလုပ်တာလည်းရှိမယ်။ ကြာပန်းဟာ ဝိမုတ္တိဆိုတဲ့ လွတ်မြောက်ခြင်းနဲ့ဆက်စပ်နေတဲ့သဘောရှိတယ်။ ရနံ့အားဖြင့်လည်း သန့်စင်တယ်။ လူ့စိတ်ဟာ အခြေခံအားဖြင့်တော့ လှတာကို သဘောကျတယ်။ ရွှေကြာပန်းဟာ ပန်းထိမ်သည်သားကိုတော့ တရားရစေခဲ့ဖူးတယ်။ ရေခဲတာင်ကြာပွင့်စားရင်တော့ အတွင်းအားတိုးတယ်ဆိုတာပဲ။ ကြာလှူပြီး မကြာအောင်ဆုတောင်းကြလို့ ကြာပန်းသိပ်ကြိုက်တဲ့ အရှင်ဆန္ဒာဓိကက ဟောခဲ့ဖူးတယ်။ ဆရာတော်က ကြာပန်းကြိုက်လွန်းလို့ စာအုပ်တိုင်း ကြာပန်းပုံအဖုံးလုပ်ခဲ့တာ အခုအထိပဲ။




စစ်တုရင်ကွက်ထဲခြေချလိုက်ရင်တော့ ကစားရုပ်ဖြစ်ရတာပဲ။
သံသရာထဲဝင်မိတာရော
ထိုနည်းနှင်နှင်ပဲမဟုတ်လား။
(မိန်းမရပြီးမှ သံဝေဂ တော်တော်ယူတတ်လာသလိုလို)



မျက်နှာဖုံးတွေဟာ
ခံစားချက်ရှိတယ်။
မျက်နှာဖုံးနောက်မှာ
ဘယ်သူရှိနေလဲ သိဖို့ပဲလိုတယ်။





ဟောဒီအောက်မှာတော့ ဖွတ်တစ်ကောင်ပေါ့။ သူမိချောင်းဖြစ်ရင် မြစ်မချမ်းသာတော့ဘူး။



ကြောင်မိသားစုကို တစ်စုတစ်ဝေးချစ်ချစ်ခင်ခင် မြင်ရတာ ပျော်စရာကောင်းပါတယ်။




သစ်သားပန်းပုတွေထင်တယ်။ ဖောင်းကြွလုပ်ထားတယ်။ ထူးဆန်းတဲ့ အုန်းပင်ကြီးကို လေ့လာနိုင်ကြစေဖို့ပါ။


 

လူတွေက ကွန့်ကိုကွန့်တယ်။ ဗုဒ္ဓက သူ့ဆံပင်ကို သန်လျက်နဲ့ အဓိဌာန်ပြုပြီးတိလိုက်တာ ခပ်တိုတိုကပ်ကပ်ဖြစ်သွားတာကိုပဲ အမျိုးမျိုး လျှောက်ပြီး ပုံတွေမှာကွန့်၊ပန်းပုမှာကွန့်၊ ပန်းချီမှာကွန့်၊ စာထဲမှာကွန့်နဲ့။ သန်လျက်နဲ့ဖြတ်ထားတဲ့ဆံပင်ပုံမှန်မှန်ကန်ကန်နဲ့ တစ်ခုမှရှိပုံမရဘူး။ တစ်သက်လုံး တစ်ခါပဲတိလိုက်တာ ရှည်လည်မထွက်တော့ဘူး။ တိုလည်းမဝင်တော့ဘူးတဲ့။ တစ်လ ၁၅ ကျပ်ပေးပြီးဆံပင်ညှပ်နေရတဲ့သူတွေအနေနဲ့ ဒီလို အဓိဌာန်ပြုပြီး ညှပ်ကြဖို့ ကြိုးစားသင့်တယ်။




ရာမတို့လားမသိဘူး။ ပုံတွေက သေချာမမြင်ရဘူး။ အရုပ်တွေပါတာတော့တွေ့ရတယ်။


အင်ဒိုနီးရှား နဂါးတွေက သွားခေါတယ်။ အရင်ဘဝက မုသားပြောတဲ့နဂါးတွေနေမယ်။


ဟိန်ဒူဝါဒကိုတော့သေချာမသိဘူး။ နားလည်းမလည်ဘူး။ စိတ်လည်းမဝင်စားဘူး။






လယ်စိုက်နေကြတာထင်တယ်။



ငှက်များပျံနေသည်။ နားနေသည်။



ကြိုးတပ်တူရိယာများဖြစ်ချေသည်။





ဖားဆင်ဖိုနီဖြစ်မယ်။ ကြည့်ရတာတောင်ပျော်စရာလေး။ အုံးအွမ်တွေကိုလည်း လုပ်တတ်ရင် ရောင်းလို့ရတာပဲ။ တစ်ခုမှတော့မဝယ်ခဲ့ဘူး။ ပိုက်ဆံမရှိတာနဲ့။



မော်ဒန်ပန်းချီဟုဆိုတာပဲ။ နားမလည်ဘူး။



Resort Centre ဟုရေးထားသည်။




ထူးဆန်းသောသစ်ပင်ကြီးများ။



အင်ဒိုပုံများ နတ္ထိတံ။

Regards,
Z

ဝန်ခံချက်။

ဓာတ်ပုံရိုက်သူ၊ အကျွန်ုပ်၏ ဇနီး။




Peace B with U.

ဆိုင်ဆိုင်မဆိုင်ဆိုင် လက်ပံပင် ဓားနဲ့ချိုင်

ဆိုင်ဆိုင်မဆိုင်ဆိုင် လက်ပံပင် ဓားနဲ့ချိုင်

အဲဒီစကားကိုကြိုက်တယ်။
ဆိုင်မှပြောရမယ်လို့မသတ်မှတ်ဘူး။ လူများကို မထိခိုက်ရင်ပြီးတာပဲ။ ကိုယ်ပြောချင်တာကိုယ်ပြောမယ်စိတ်ကူးတယ်။ ဆရာလုပ်တာ၊ ဝေဖန်တာ၊ သုံးသပ်တာမျိုး လုပ်နိုင်တဲ့ ဥာဏ်ရည်ဥာဏ်သွေးလည်းပါမလာဘူး။ ဉာဏ်ရည်ဉာဏ်သွေးလို့ ညကလေးနဲ့ရေးသင့်တာကို သိပေမယ့် ဉကို ဘယ်လိုရေးရလဲမသိသေးဘူး။ အခုတောင် ကော်ပီကူးလာတာ။

အဲဒီလိုဆိုတော့ ကျနော့်မှာ လွတ်လပ်တယ်။ ငွေရေးကြေးရေးချွေတာဖို့ရေးတယ်။ အခုချွေတာချင်တဲ့အရွယ်ရောက်လာလို့ ရေးတာဖြစ်တယ်။ ကျနော်ရေးတာထဲက စစ်ထုတ်ပြီး ကောင်းတာယူကြဖို့မျှော်လင့်တယ်။ ဖေ့စ်ဘွတ်ခ်ကိုတော့ မသုံးရဲတော့တာလည်းပါတယ်။ အလှူလှူတာကို သာဓုခေါ်နိုင်ဖို့ တစ်ခါတစ်လေရေးတင်တယ်။ ပိုက်ဆံပေါလို့ လှူတယ်ထင်ပြီး ပိုက်ဆံချေးခံရတယ်။ ကံဆိုးချက်။

မယ်လိုဒီနဲ့နောင်နောင် အကယ်ဒမီရသွားတယ်ပြောတယ်။ ကိုယ်သာမသိလိုက်တာ၊ ထူးချွန်နေပြီ။ အလှည့်ကျမဟုတ်တော့ဘူးထင်တယ်။ အကယ်ဒမီစနစ်က ခေးအော့စ်ဖြစ်သွားပုံရတယ်။ (ဤကား ကြားဖြတ်သတင်းတည်း)

ဤယနေ့ အမ်ပီအိတ်ခ်ျမှ စာအုပ်သုံးအုပ်ဝယ်ခဲ့လေသည်။ အင်မတန် ဗိုလ်စာတတ်သော စင်ကာပူရိယန်များကမူ အိတ်ခ်ျကို ဟိတ်ခ်ျဟုသာထွက်လေသည်။ အံ့သြဖွယ်ကောင်းပါဘိတောင်း။ both ကို ဘို့ဿ်ဟုမထွက်ရှာ ဗို့ဖ်ဟု f သံထွက်သောလူများဖြစ်လေရှာ ဟိတ်ခ်ျ သည်လည်းကောင်း ဘို့ဖ်သည်လည်းကောင်း သင့်တော်လေစွ။ airport ကိုပင် လေအိုးဟုထင်ယောင်ထင်မှားဖြစ်စေရန် air pot ဟုထွက်လေသည်။ ထိုအရာများကို နားမလည်သော် သင့်အား အင်းဂလိခ်ျစကားနားမလည်ဟုထင်ချေတော့တယ်။ ဝါလားဝေ။ head ကို ဟေ့ထ်ဟု အသံထွက်သည်ကိုလည်း မဆန်းတော့။ red သည် ရိ မဟုတ်ပါလော။ အနီရောင် ဦးခေါင်းဆိုလျှင် ရိဟေ့ ဖြစ်ချေတော့မည်။ leg သည် လိတ်ခ်ဖြစ်သည်ဟုဆို၏။ ကျွန်ုပ်သည် စင်ကာပူ အင်္ဂလိပ်စကားကို ကောင်းစွာတတ်သူဖြစ်ချေတော့သည်။ can လား။ can can။ you understand lah? အရေးထဲ so-called ကို commonly called ဆိုတဲ့ လူသုံးနည်း အဓိပ္ပာယ်နဲ့ အတည်ပေါက်ကြီးပြောနေတတ်တာလည်းတွေ့ရသည်။ သာမန်အားဖြင့်  အရည်အချင်းတကယ်မရှိဘဲ ရှိသယောင်ဖြစ်နေတယ်လို့ထင်တာမျိုးတွေမှာပဲ ပိုအသုံးများပါသည်။ သို့သော်လည်း စင်ကာပူမှာတော့ ဆိုးခေါဒ်သည် ထိုအဓိပ္ပာယ်ဟုမယူလေနှင့်။ အကောင်းနှင့်ပြောနေခြင်းသာဖြစ်ချေသည်တမုံ့။

Michael Lewis ရဲ့ Big Short ဝယ်လာတယ်။ ဖတ်ကြည့်ဦးမယ်။ သူ့ရဲ့ဟောပြောပွဲလေးတွေ ယူထုဘ်မှာကြည့်ဖူးသလိုလိုဖြစ်နေတယ်။ အသက်ကြီးလာတော့ သိပ်မမှတ်မိချင်တော့ဘူး။ နည်းနည်းတော့လေ့လာရမယ့်လူလို့ထင်တယ်။ သူ့စာအုပ် ဆယ်အုပ်လောက်မှာ သုံးအုပ်လောက်တော့ ဖတ်ဖို့ရွေးပြီးပြီ။

နောက်တစ်အုပ်ကတော့ ဟရုကိ မူရာခမိရဲ့ နေရဲ့အနောက် ဘော်ဒါတွေရဲ့တောင်ဘက် (South of the border, West of the Sun ဆိုတဲ့စာအုပ်ဝယ်လာတယ်။ ဖတ်မလို့မဟုတ်ဘူး။ ပေါ်ပင်ဝယ်တယ်ခေါ်တာပေါ့။ မျန်မာပြည်က ပျင်ညာယှိတွေဘာသာပြန်တဲ့အခါမှ ဖတ်နိုင်မယ်ထင်မိတယ်။

နောက်တစ်အုပ်ကတော့ Dubliners ကို ငါးကျပ်ပဲပေးရလို့ ဝယ်လာတာ။ ဒါလည်းဖတ်ဖို့မဟုတ်ဘူး။ ဂျွိုက်စ်ကြိုက်တဲ့သူတွေဘာတွေတွေ့ရင် လက်ဆောင်ပေးမလို့ပဲ။ အဲဒီသုံးအုပ်ကို လေးဆယ့် ခုနစ် ဒေါ်လာပေးရတယ်။ ၁၀ တန် ဘောက်ချာတစ်ရွက် အလကားရထားတာသုံးလိုက်တော့ သုံးဆယ့်ခုနစ်ဒေါ်လာပဲကျတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ များသေးတာပဲ။ ဒီလအတွက်တော့ ဘတ်ဂျတ်ပိတ်သွားပြီထင်တယ်။

ဘောင်းဘီတိုနှစ်ထည်ဝယ်ဖြစ်တယ်။ ဘောင်းဘီတို ဝယ်တာကအစရေးနေတာလည်း မဟုတ်သေးဘူးလို့ထင်တယ်။ သို့သော်လည်း Hush puppies ကြိုက်တဲ့သူတွေအချင်းချင်းတော့ သတင်းပေးလို့ရတာကောင်းတာပေါ့လို့ထင်တယ်။ တစ်ထည်ကို တစ်နှစ်လောက်ဝတ်ရတယ်။ ၃၅ လောက်ပဲပေးရတယ်။ ဒါကို ကြွားတယ်လို့လည်းမခေါ်ဘူး။ လူတကာဝယ်နိုင်တဲ့ ဘောင်းဘီတိုတွေထဲမှာ ဝတ်ရတာ အဆင်ပြေတယ်လို့ ကျနော်ထင်မိတယ်။ ငါးထည်လောက်ဝယ်ထားရင် တစ်နှစ်စာ ဘောင်းဘီတို လုံလောက်ပြီလို့ထင်တယ်။ ပေါ့ပါးတယ်။ အေးချမ်းတယ်။ လုံခြုံတယ်။ သပ်ရပ်တယ်။ စတိုင်လည်း အသင့်အတင့်လောက် ကျတယ်။ ဈေးနှုန်းအားဖြင့်လည်း သင့်တယ်။ ရှူးဖိနပ်တွေ၊ ခြေအိတ်တွေတော့ Hush puppies မကြိုက်ဘူး။ ခြေညှပ်ဖိနပ်တော့ Hush puppies ကြိုက်တယ်။ ခြေညှပ်ဖိနပ်ကလည်း နှစ်နှစ်လောက်တော့ အသာလေးခံတယ်။

ခြေအိတ်ကိုတော့ Fox က ခြေအိတ် အဆင်ပြေတယ်။ ခြေထောက်အေးတယ်။ တစ်နေ့လုံးဝတ်ထားဖို့ကောင်းတယ်။ အသင့်အတင့် အကြမ်းခံတယ်။ သက်တောင့်သက်သာရှိတယ်။ မီးခိုးရောင်ခြေအိတ်ပဲအဆင်ပြေတယ်။ အဖြူကတော့ ညစ်လွယ်လွန်းတယ်။ ယောကျာ်းဖြစ်ပြီး ခြေအိတ်ကို တစ်နေ့တစ်ခါမလဲတဲ့ လူ့ညစ်ပတ် ပေတလူ၊ မသိသားဆိုးရွားတွေကိုတော့ နည်းနည်းရွံသလိုဖြစ်တယ်။ အဲဒီလောက် အပျင်းထူတာတော့ အံ့သြစရာဖြစ်တယ်။ ခြေအိတ်ဖိုးချွေတာတဲ့ယောကျာ်းမျိုးတော့ မယူကြစေချင်ဘူး။ အဲဒီလောက်ညစ်ပတ်နေရင် ကျန်တာတွေပိုဆိုးမယ်လို့မှတ်ကြပါ။ ဤကား ကွန်ချက်ပြခြင်းတည်း။

ဖိနပ်ကတော့ Bata ကနေစစီးပါတယ်။ ၄၀ တန်စီးတယ်။ နောက်တော့ ၆၇ တန်စီးတယ်။ ၉၈ တန်စီးတယ်။ ဘယ်ဟာမှစိတ်တိုင်းမကျခဲ့ဘူး။ ခြေထောက်က နည်းနည်းစောင်းနေတယ်။ ဖနောင့်နေရာမှာပဲ တစ်ခြမ်းစောင်းပြီး သုံးလေးလဆို တစ်ရံလဲရတယ်။ အမျိုးအစားနည်းနည်းပိုကောင်းပြီး ဈေးသိပ်မကွာတာတွေပြောင်းစီးကြည့်တယ်။ သုံးလေးမျိုးပြောင်းစီးကြည့်တယ်။ သိပ်မထူးခြားဘူး။ လေးလဝန်းကျင်ပဲခံတယ်။ နောက်တော့ Aldo စီးတယ်။ ခြေထောက်နည်းနည်းနာတယ်။ ၁၂၀ ဝန်းကျင်လောက်ပေးရတယ်။ ၁ နှစ်လောက်ခံတယ်။ အဲဒီမှာ မဆိုးဘူးလို့ထင်တယ်။ ဈေးနဲ့ကွာလတီမျှတယ်။ တစ်နှစ်စီးရတယ်ဆိုရင် ခြောက်လကိုမှ ၆၀ လောက်ပဲကျတယ်။ ခြေထောက်နည်းနည်းနာသလိုကိစ္စအေးသွားတော့ နည်းနည်းထောင့်တောင့်တောင့်ဖြစ်နေတာ ကျန်တယ်။ အဲဒါနဲ့ Aldo ကနေ Pedro ပြောင်းတယ်။ ဈေးထပ်ပေါသွားတယ်။ Member ဖြစ်တော့ ပိုသက်သာသွားတယ်။ ၉၀၊ ၁၀၀ ဝန်းကျင်ကို ၈ လဝန်းကျင်လောက်ခံတယ်။ ထိပ်ချွန်တာတွေပိုကြိုက်လာတယ်။ နှစ်ရံလောက်တစ်ခါတည်းဝယ်ထားပြီး တစ်လှည့်စီစီးရင်လည်းကောင်းတာပဲ။ အဟောင်းတစ်ရံလောက်ကို မပစ်ဘဲ မိုးရွာတဲ့နေ့တွေမှာ အကြမ်းစီးပစ်တယ်။ လယ်သာတွေက မိုးရေထိရင် မခံဘူး။ မိုးတွင်းမှာတော့ အသစ်ထုတ်မစီးတာကောင်းတယ်။ ရေနည်းနည်းစိုသွားရင် သတိထားပြီး အခြောက်ခံဖို့လိုတယ်။  ခြောက်သွားရင် လယ်သာပေါလစ်ခ်ျနည်းနည်းတိုက်လိုက်ရင် အိုကေသွားတာပဲ။ ဘယ်ဖိနပ်ကောင်းတယ်။ မကောင်းဘူး မပြောလိုပါဘူး။ အဆင်ပြေတဲ့ဖိနပ်ကို စီးကြပါ။ ခြေထောက်မနာဘဲ စတိုင်ကျရင်ကောင်းတာပါပဲ။ စတိုင်ကျတယ်ဆိုတာမှာ ကိုယ့်အလုပ်နဲ့ သင့်တော်တဲ့စတိုင်ကိုပဲပြောတာပါ။ ကျော့မော့ လှပနေဖို့ထက် သပ်သပ်ရပ်ရပ် အဆင့်အတန်းရှိရှိလေးဖြစ်နေရင်ကောင်းတာပါပဲ။ ဒါကိုရေးရတာ ဖိနပ်တွေမှာလည်း သင့်တော်တဲ့ဈေးနဲ့ ကိုယ်နဲ့အဆင်ပြေတာရှာစီးဖို့ပါပဲ။ သိပ်ချွေတာပြီး စီးဖို့လိုတဲ့လူလည်းရှိချင်ရှိမယ်။ ကိုယ့်အကြိုက်နဲ့ကိုယ်စီးတာမှာ ဘာမှ အမှားမရှိပါဘူး။ အဆင်ပြေတဲ့ ဖိနပ်လေးစီးရတာဟာ ဇိမ်ကျတယ်လို့ထင်ပါတယ်။ လူလတ်တန်းစားတွေအတွက်ရေးတာဖြစ်လို့ သိပ်ကြီးကျယ်တဲ့သူတွေအတွက်တော့ အပေါစားဖြစ်မယ်။ လစာသိပ်နည်းတဲ့သူတွေအတွက်တော့ ဈေးကြီးတယ်ထင်ကောင်းထင်မယ်။ ဒါကတော့ အမြင်ပေါ်မူတည်မယ့်အရာတွေလို့ကြိုပြီးစကားပလ္လင်ခံလိုက်ပါတယ်။

အပြင်စီးဖို့ဖိနပ်ဆိုရင်တော့ crocs ကိုကြိုက်ပါတယ်။ တစ်ရံကို တစ်နှစ်လည်းမပျက်ပါဘူး။ နောက်ဆုံးပျင်းလောက်အောင်စီးပြီး လွှင့်ပစ်မှသာ ဇာတ်သိမ်းပါတယ်။ သိပ်မလှပါဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ အင်မတန်ညီညွတ်ပါတယ်။ ခြေထောက်မနာဘူး။ လမ်းများများလျှောက်ဖို့သင့်တော်တယ်။ လေဝင်လေထွက်ကောင်းတယ်။ အများစုကတော့ မကြိုက်ကြဘူး။ ပုံတုံးတယ်လို့ပြောကြတယ်။ ကျနော်တော့ကြိုက်ပါတယ်။ မီးခိုးရောင်လေးကိုတော့ တစ်နှစ်ခွဲလောက်စီးပြီးပစ်လိုက်ပါတယ်။ နက်ပြာတစ်ရံကိုစီးနေတာလည်း တစ်နှစ်ကျော်နေပြီ။ အခုအထိတော့ အဆင်ပြေပါတယ်။ ဈေးလည်း သိပ်ကြီးတယ်လို့တော့ပြောလို့မရပါဘူး။ ၈၀ နဲ့ ၁၂၀ ကြားလောက်ပါပဲ။ ခြေထောက်ကျန်းမာရေးအတွက်တော့ တော်တော်လေးကိုကောင်းပါတယ်။ စင်ကာပူမှာတော့ ကလေးမိဘတွေ သူတို့ကလေးတွေအတွက် ဝယ်ပေးကြတာ တွေ့ပါတယ်။ အမှန်တော့ ရုံးမှာ shoes စီးရလို့သာ shoes ဖိနပ်ကို မလွှဲသာမရှောင်သာစီးရပေမယ့် မကြိုက်ပါဘူး။ များသောအားဖြင့် ဖိနပ်ချွတ်ထားဖြစ်တယ်။ အပူပိုင်းနိုင်ငံဖြစ်တဲ့အတွက် shoes ဖိနပ်စီးတာဟာ အပူအအေးမမျှတစေဘူးလို့ထင်ပါတယ်။ ဖြစ်နိုင်ရင် ရုံးမှာလည်း ဖိနပ်ပါးလေးတစ်ရံထားတာကောင်းတာပါပဲ။ crocs ကတော့ စီးနေရတာကိုက ပေါ့ပေါ့ပါးပါးနဲ့ သက်သက်သာသာလေး။ အကြိုက်တူသူတွေလည်းရှိနေမယ်လို့ထင်ပါတယ်။ မကြိုက်တော့လည်း ဘာမှမဖြစ်ပါဘူး။ ကိုယ်ကြိုက်တာကိုယ်စီးပြီး၊ ကိုယ်ကြိုက်တာ ကိုယ်ကောင်းတယ်ထင်ကြတာမျိုးဖြစ်မယ်ထင်တယ်။

လူလတ်တန်းစားတွေကတော့ ဖိနပ်ကို ရုံးစီးဖို့တစ်ရံ (သို့မဟုတ်) နှစ်ရံ၊ weekends တွေမှာစီးဖို့ တစ်ရံ၊ နှစ်ရံလောက်ဝယ်ကြတယ်ထင်တယ်။ အမျိုးသားတွေအတွက်တော့ အိမ်မှာ ဖိနပ်ငါးရံထက်ပိုရှိတာရှားတယ်။ အမျိုးသမီးတွေကတော့ သက်စေ့ဝယ်ကြတယ်ထင်တယ်။ ကျနော်လည်းသိပ်မသိဘူး။ ပြောလည်းမပြောရဲဘူး။ ကြောက်တယ်မဟုတ်သော်ငြားလည်း လေးစားတဲ့သဘောရှိတယ်။ (ကိုတင်မင်းထက်တို့၊ ကိုလင်းဒီပတို့၊ ကို အိုင်စီတူးအန် တို့ကတော့ အဲဒီအပိုင်းမှာ ကိုယ့်ထက်သာတယ်။) ။

ဖိနပ်က အရေးပါသလားဆိုရင် ပါတယ်လို့ပြောရမယ်ထင်တယ်။ ကိုယ့်ရဲ့တစ်နေ့တာ အချိန်တော်တော်များများမှာ ဖိနပ်စီးထားရတာဆိုတော့ ဖိနပ်အဆင်မပြေရင် တော်တော်လေး ဒုက္ခရောက်မယ်ထင်တယ်။ တစ်ချို့အလုပ်အကိုင်တွေမှာ ထိခိုက်နိုင်လို့ safety boots တွေစီးခိုင်းတာရှိတယ်။ အဲဒါမျိုးလိုအပ်တဲ့နေရာတွေမှာဆိုရင်တော့ အဲဒီဖိနပ်တွေကို သေချာ စီးကြစေချင်တယ်။ မပေါ့ဆပါနဲ့။ ဂရုစိုက်ကြပါ။ တစ်ခုခုဖြစ်သွားဖို့ဆိုတာ သိပ်လွယ်တယ်။ စည်းကမ်းကို အပြည့်အဝလိုက်နာပြီး ကိုယ့် အသက်အန္တရာယ် ကိုယ်ဂရုပြုဖို့လိုတယ်။

မိန်းမစီးဖိနပ်တွေအကြောင်းလည်း အဆင်ပြေတဲ့အခါရေးဦးမယ်စိတ်ကူးတယ်။ ယောကျာ်းလေးတွေအတွက်ကတော့ ရွေးစရာနည်းတယ်။ ရှင်းတယ်။ မိန်းကလေးတွေအတွက်ကတော့ ဒီလောက်မရှင်းဘူး။ တစ်ခုပဲ ခဏခဏ သတိပေးဖြစ်တယ်။ မိုးရွာတဲ့အခါ ခြေချော်နိုင်တဲ့ ဖိနပ်တွေမစီးဖို့။ ခဏခဏ ချော်လဲတာတွေ့တယ်။ ခြေခေါက်သွားတာတွေမြင်နေရတယ်။ ဗိုင်းခနဲကျပြီး အီစလံဝေတယ်ဆိုတာမျိုးတွေလည်း အကြိမ်ကြိမ်တွေ့တယ်။ အခန့်မသင့်ရင် တော်တော်ဆိုးဆိုးရွားရွားဖြစ်နိုင်တယ်။ သိပ်မြင့်လွန်းတဲ့ဒေါက်တွေကို ပွဲနေ့ပွဲထိုင်မှာစီးတာကို အားပေးပါတယ်။ ဒါပေမယ့် အလုပ်သွားရင်း သုတ်သုတ်သုတ်သုတ် လှုပ်ရှားရတဲ့အခါမျိုးတွေမှာတော့ သတိထားစေချင်တယ်။ တစ်နေကုန် ပွိုင့်လေးတစ်နေရာမှာ ဖိအားများနေတာက ခြေထောက်အတွက်ရော၊ ဇက်ကြောအတွက်ရော၊ ခြေသလုံးအတွက်ပါ သိပ်မကောင်းဘူးလို့ထင်မိတယ်။ အဆင်ပြေပြေစီးနေတဲ့သူတွေလည်းရှိပါတယ်။ သတိထားဖို့ပဲလိုတယ်ထင်ပါတယ်။ လှပဖို့ဟာ မိန်းကလေးတွေအတွက် အင်မတန်အရေးကြီးပါတယ်။ ကျန်းကျန်းမာမာ၊သက်သက်သာသာလေး လှပရင်ပိုကောင်းတယ်ထင်ပါတယ်။

ကျနော်ရေးတာတွေနဲ့ပတ်သက်ပြီးတော့ စင်ကာပူမှာနေတဲ့သူတွေကတော့ ပိုပြီး တိတိကျကျနားလည်နိုင်မယ်ထင်တယ်။ ဘလော့ခ်တွေစလုပ်ကြတုန်းကလည်း စင်ကာပူကလူတစ်ချို့၊ စုစုစည်းစည်းနဲ့ တစ်ပြုံကြီးရေးကြတာတွေ့ရတယ်။ ဝင်စို့နဲ့ ထွက်စို့ မျှနေတယ်။ နောက်ပိုင်းတော့ အသက်အရွယ်အရ၊ မိသားစုအချိန်ပေးဖို့လိုလာကြတာနဲ့၊ ဘာဝနာဖက်ရောက်ကုန်တာနဲ့၊ အလုပ်များလာတာနဲ့၊ မိန်းမယူကုန်တာနဲ့(ကိုလင်းဒီပ ကတော့ အကောင်းဆုံး ဥပမာပါပဲ)၊ အရေးကြဲကုန်တယ်ထင်တယ်။ အများအားဖြင့်တော့ ဒီမှာ ရေးတဲ့သူနဲ့ ဖတ်တဲ့သူနဲ့ဟာ ရစ်သမ်တစ်ခုတည်းပဲ။ ပိုသိလို့ ရေးတာမျိုးမဟုတ်ဘူး၊ မသိသေးလို့ဖတ်တာမျိုးလည်းမဟုတ်ဘူး။ သိရတဲ့ ပတ်ဝန်းကျင်တရားရဲ့ ရိုက်ခတ်မှုက အတူတူပဲ၊ ဒါကို ရေးတဲ့သူက ပဲ့တင်ထပ်တယ်၊ ဖတ်တဲ့သူက ပြန်ပြီး စိတ်ထဲကကြုံတာတွေနဲ့ပေါင်းတယ်။ အဲဒီလိုနဲ့ဖြည့်စွက်ဖတ်ကြတယ်။ အချိန်အားရင်လုပ်စရာ များများမရှိဘူး။ အင်တာနက်သုံးမယ်။ အပျင်းပြေလောက် စာဖတ်မယ်။ အဲဒီအပျင်းပြေဆိုတဲ့ အတိုင်းအတာထဲလောက်မှာရှိနိုင်တာတွေဖတ်မယ်။ ရသကိုဖြစ်စေ၊သုတကိုဖြစ်စေ စိတ်အခြေအနေပေါ်မူတည်ပြီးလိုအပ်သလောက်ဖတ်ကြတယ်လို့ထင်တယ်။

ခဏဖြစ်ဖြစ် စိတ်ပြေလက်ပျောက်ဖြစ်သွားတာကောင်းတာပါပဲ။ လူတိုင်းစိတ်ချမ်းသာရင် သိပ်ကောင်းတာပေါ့။ စာလာဖတ်ပြီး ပျော်ပြီးပြန်သွားတယ်ဆိုရင် ကောင်းတာပေါ့။ စိတ်ညစ်စရာတွေရှိနေရင်လည်း စိတ်ချမ်းသာအောင်နေနိုင်ဖို့ကြိုးစားရမှာက လူသားရဲ့တာဝန်ပဲလို့ကျနော်ယူဆပါတယ်။

ရှေ့နှစ်မှာ ဘာဖြစ်ချင်တယ်၊ညာဖြစ်ချင်တယ် ကျနော့်မှာမရှိဘူး။ လူသားအကျိုးပြု၊ သေလောက်အောင်လေးနက်၊ ဖျော်ဖြေမှုရသများ အလှူလိုပေးမည့်စာပေများဆက်လက်ရေးသားသွားပါဦးမယ်လို့လည်းပေါတောတောမပြောပါဘူး။ အရင်လိုပဲ ဟိုရေးဒီရေး၊ တောင်ရောက်မြောက်ရောက်နဲ့ပဲ နောက်တစ်နှစ်ကုန်သွားမယ်ထင်ပါတယ်။

အိမ်ပြန်ခါနီး တစ်နှစ်လုံးထိုးထားတဲ့ ထီလက်မှတ်တွေတိုက်တာ သုံးဆယ်တောင်မပေါက်တာတွေ့တော့ ကိုယ့်ကံကိုတောင် သနားမိတယ်။ ဗေဒင်တတ်တဲ့သူတိုင်းကလည်း ထီပေါက်မယ်ချည်းဟောနေတာ၊ အခုအထိတော့ နောက်ဆုံး သုံးလုံးလည်းမတူဘူး။ နောက်ဆုံး ၂ လုံးတောင်မတူဘူး။ မပေါက်တဲ့ထီလက်မှတ်ရဲ့ထူးခြားချက်က ထီမတိုက်ခင်အထိ သူ့ကိုမျှော်လင့်လို့ရတာပဲ။ ၂၀၁၃ကိုလည်း ကျနော် မတိုက်ကြည့်ရသေးတဲ့ ထီလက်မှတ်တစ်ခုလို မျှော်လင့်နေမိပါတယ်။ တစ်ခုခုတော့ဖြစ်လာရမယ်မဟုတ်လား။ ထီပေါက်စဉ်သာမရှိခဲ့ရင် ထီလက်မှတ်တစ်ခုက ဘာမဆိုဖြစ်နေနိုင်တာပဲ။ သံသရာတစ်လျှောက်လုံး ကံမထူးခဲ့တဲ့ထိုးသားတွေ .......... နံပါတ်များကို ရင်ခုန်နေကြတုန်းပဲထင်ပါတယ် ။                     ။

Regards,

Z











Peace B with U.

Sunday, December 30, 2012

ပရိုမိုးရှင်းကွန်ဆက်

ပရိုမိုးရှင်းကွန်ဆက်

ပရိုမိုးရှင်းကွန်ဆက်ချူရယ်ဆိုရင် ကိုငြိဏ်းဝေကို နောက်သလိုဖြစ်မှာစိုးလို့၊ ချူရယ်မထည့်လိုက်တော့ဘူး။

လူတွေရဲ့စိတ်မှာ အနီးအဝေးဆိုတဲ့သဘောတရားရှိတယ်။ ဒါကိုသိရင် အရောင်းအဝယ်ကိစ္စကို ပိုသဘောပေါက်လာနိုင်မယ်။ ပုံမှန်ဈေးဆိုတာကို လူ့ဦးနှောက်က fixed အဖြစ်ယူဆတယ်။ အဲဒါမှားတယ်။ ပုံမှန်ဈေးဆိုတာ condition တစ်ခုမှာ ပုံမှန်ဈေး၊ condition ပေါ်မူတည်ပြီးပြောင်းတယ်။ ဒါကို သတိထားမိရင် ဈေးချတဲ့ ပရိုမိုးရှင်းတွေကို ပိုနားလည်နိုင်မယ်။ မဟုတ်ရင်တော့ အရောင်းသမားတွေရဲ့သားကောင်ဖြစ်ရတာပဲ။

လူတစ်ယောက်က ချောကလက် ကိတ်ကို မစားတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ ဒါပေမယ့် သူဆုံးဖြတ်တဲ့နေ့မှာ ချောကလက်ကိတ်စားရဖို့ကြုံလာတယ်ဆိုပါတော့။ နီးသောအကြောင်းဖြစ်သွားပြီ။ ဝေးတာကို စွန့်လွှတ်နိုင်တယ်။ နီးတာကိုတော့ လျှော့လျှော့ပေါ့ပေါ့ သဘောထားမိတာများတယ်။ အဲဒီ ကွန်ဆက်ကို အသုံးချကြတာပဲ။ နီးသောအကြောင်း၊ ငြင်းပယ်ခြင်းငှာမသင့်ဆိုတဲ့ အယူအဆကို ထိထိရောက်ရောက်သုံးတာပဲ။

လေယာဉ်တွေ လက်မှတ်ဈေးချတယ်ဆိုတာက အရှုံးခံရောင်းနေပြီလို့ သတ်မှတ်စရာမရှိဘူး။ အရင်က အဆမတန် အမြတ်ယူထားရာက အမြတ်ကို နည်းနည်းယူပြီး လူများများကို ရောင်းဖို့ကြိုးစားတဲ့သဘောပဲ။ လူမစီးလည်း လေယာဉ်ကတော့ ထွက်နေရဦးမှာပဲ။ လူ ၁၀၀ သယ်သွားမလား၊ ၁၀ ယောက်တည်းနဲ့သွားမလားဆိုတာပဲကွာတယ်။ ကီလိုများများပေးတဲ့လေယာဉ်က ပျက်ဖို့ ပိုနီးစပ်တာပဲ။ လူအပြည့်၊ ကီလိုအပြည့်သယ်တယ်ဆိုတာက high risk ဖြစ်နေပြီ။

လေယာဉ်ကုမ်ပနီတွေရဲ့သဘောဟာ လက်မှတ်ကို ပိုရောင်းရတယ်။ ဒါမှ ခန်ဆယ်(cancel) လုပ်တဲ့လူတွေနဲ့ မျှသွားအောင်လုပ်ရတာပဲ။ ဘိုအင်းမှာ ဒီ ကွန်ဆက်ကိုသုံးတယ်။ အဲဒီလိုလုပ်ဖို့ သူတို့မှာ ကိန်းဂဏန်းတွေရှိတယ်။ အဲဒါတွေပေါ်မူတည်ပြီး ဘယ်လောက်ပိုရောင်းရမလဲဆိုတာကိုတွက်တယ်။ bell-shape curve နဲ့ ပရော်ဘာဘေလတီ (probability) ပုံလေးတစ်ပုံဆွဲလိုက်ရင် သူရဲ့ range ကို ခန့်မှန်းလို့ရပြီ။ အဲဒီ အတိုင်းအတာအတွင်းမှာ လက်မှတ်ပိုရောင်းလို့ရတာပါပဲ။

Break-even ကွန်ဆက်မှာတော့ တစ်နှစ်မှာ ဘယ်လောက် အထိအမြတ်ရဖို့မျှော်လင့်သလဲ။ ဘယ်လောက်ရရင် အရင်းကျေပြီလဲ။ အဲဒီ ပွိုင့်ရောက်ရင်တော့ တစ်ကျပ်နဲ့ရောင်းလဲ တစ်ကျပ်မြတ်တာပဲ။ ဈေးလျှော့တာလောက်ကို မပြောနဲ့တော့။

ဘာလို့ဈေးကြီးပြီ၊ ဘာလို့ဈေးပေါတာလဲဆိုတာကို တကယ်သိဖို့ကြိုးစားသင့်တယ်။ ဘယ်လို ကာဗာဖြစ်တဲ့ အာမခံ (insurance) တွေ ပါသလဲဆိုတာပေါ်မူတည်ပြီး ဈေးကွာကောင်းကွာမယ်။ သေရင် ပိုက်ဆံမလိုဘူးဆိုရင် အပေါဆုံးလေယာဉ်စီးတာကောင်းတယ်။ မြန်မာ့လေကြောင်းလိုင်းကတော့ စီးကို မစီးသင့်ဘူးလို့ထင်တယ်။ ဈေးမကွာဘဲ အရည်အသွေးညံ့တယ်လို့ထင်တယ်။ ဘတ်ဂျတ်မဟုတ်သော လေကြောင်းလိုင်းက ဘတ်ဂျတ်ဆားဗစ်တွေပေးနေတယ်ထင်မိတယ်။

ကားနဲ့ပဲစဉ်းစားကြည့်ရင် ဒိုင်နာကားနဲ့ အဲကွန်းဘတ်စ်မှာ ဒိုင်နာကားရဲ့ သုံးဆလောက် အဲကွန်းဘတ်စ်က လူတင်နိုင်တယ်။ အဲဒီတော့ တစ်ကြိမ်သွားလိုက်ရင် သုံးဆမြတ်တယ်။ ဈေးချင်းယှဉ်ဖိုက်လို့ကတော့ ဒိုင်နာကား ဒေဝါလီခံရဖို့ရှိတယ်။ အဲဒါဟာ မြန်မာ့လေကြောင်းရဲ့ အနာဂတ်ဟောစတမ်းလည်းဖြစ်နိုင်တယ်။

christmas နေ့က miu miu အိတ်တွေသွားကြည့်ဖြစ်တယ်။ အိတ်သေးသေးလေးကို ၂၀၀၀ လောက်တန်ကြေးရှိတယ်။ ဖိနပ်က တစ်ထောင်ဝန်းကျင်လို့ရေးထားတာတွေ့တယ်။ တံဆိပ်အပေါ်မှာ တန်ဖိုးရှိတယ်။ ဒီဖိနပ်ကို ဘယ်လိုလုပ်လုပ်တစ်ထောင်မကုန်ဘူး။ တံဆိပ်လေးတစ်ခု ဒုံးခနဲထုချလိုက်တာက ၉၅၀၊ ဖိနပ်က ၅၀ လောက်ပဲ။ အဲဒီဖိနပ်ကိုပဲ ၈၀၀ နဲ့ရောင်းကြည့် တိုးကြိတ်ဝယ်မယ့်သူတွေ တန်းစီနေတာပဲ။

အဆင်မြင့် ဘရန်းဒက် အသုံးအဆောင်တွေမှာ ဒစ်(စ်)ပလေးအတွက်နဲ့ ကြော်ငြာအတွက် ပိုက်ဆံတွေသိပ်ကုန်တယ်။ အယ်လ်ဗီတစ်အိတ်ရဲ့ သုံးဆယ်ရာခိုင်နှုန်းလောက်က ကြော်ငြာစရိတ်၊ ဆယ်ရာခိုင်နှုန်းလောက်က ကိုယ့်ကို တံခါးဖွင့်ပေးတဲ့သူရဲ့ လခ၊ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းက အယ်လ်ဗွီလို့ရေးထားတဲ့သံပူပြားတံဆိပ်ရဲ့တန်ကြေး။ နောက်ဆုံး ၂၀ ရာခိုင်နှုန်းမှာ ၁၀ က အစိုးရအခွန်တွေ၊ နောက်ဆုံး ၁၀ က ပစ္စည်းရဲ့တန်ဖိုး။

လူတွေရဲ့အကျင့်က ဒေါ်လာ ၁၀၀ တန်ပစ္စည်းကို ငါးဆယ်နဲ့ရနိုင်မလားဆစ်ရဲပေမယ့် ဒေါ်လာ ၁၀၀၀၀ တန်ပစ္စည်းကို ၅၀၀၀ နဲ့ရနိုင်မလား မဆစ်ရဲဘူး။ တွေးတောင် မတွေးကြည့်ရဲဘူး။ အချိုးအရအတူတူပေမယ့် အလိုလိုကို ထက်ဝက်မရှိလောက်ဘူးလို့တွေးတယ်။ ကိုယ့်ဦးနှောက်ရဲ့ အလုပ်လုပ်ပုံကို မသိရင်တော့ အညာခံရဖို့များတာပဲ။ လူလိမ်နဲ့တွေ့မှ အညာခံရတာမဟုတ်ဘူး။ အရောင်းမြှင့်တင်ရေးသမားရဲ့ အာဝဇ္ဖန်း၊ အရေးအသား၊ ကြော်ငြာတွေနဲ့လည်း အညာခံရတယ်။

နောက်တစ်ခုက အင်စတော်မင့်ပလန်ဖြစ်မယ်။ ခရက်ဒစ်ကဒ်တွေ များများရှိတဲ့လူမွဲတွေမှာဖြစ်တယ်။ ပိုက်ဆံက တကယ်ရှိတာမဟုတ်ဘူး။ ရတဲ့လခက ဒေါ်လာ လေးထောင်အောက်။ လိုချင်တာတွေက လေးထောင်အထက်တွေဖြစ်နေတဲ့သူတွေမှာတော့ မကြာမကြာဒီ ဒုက္ခဖြစ်နိုင်တယ်။ လခ လေးထောင်ဆို လေးထာင်ရဲ့ဆယ်ရာခိုင်နှုန်း လေးရာလောက်ထက် ပိုလိုချင်နေရင်ကို ပြဿနာရှိနေပြီ။ အင်စတော်မင့်ဆိုတာ ကိုယ့်ကြီးတော်ကြီးလာဆပ်ပေးမှာမဟုတ်ဘူး။ ကိုယ်ပဲ ဖဲ့ဆပ်ရမှာ။ ဖဲ့ဆပ်တယ်ဆိုတာ သေချာစဉ်းစားကြည့်ရင် ကိုယ့်ရဲ့ အနာဂတ်နဲ့ လောင်းကြေးထပ်နေတာပဲ။ အန္တရာယ်များတယ်။ အလုပ်ထွက်မယ်ဆိုရင်လည်း အဲဒါတွေကိုငဲ့ရတော့မယ်။ ငါ့မှာလည်း အကြွေးတွေနဲ့ဆိုရင် စိတ်က မပြတ်သားတော့ဘူး။ မလုပ်ချင်တဲ့အလုပ်ကို ခေါင်းငုံ့ပြီးဆက်လုပ်နေရမယ်။ လူဟာ အကြွေးမိသွားရင် အဲဒီလို သိမ်ငယ်ရတတ်တယ်။ မသိမ်ငယ်ရဘူးထားဦး၊ စိတ်မဖြောင့်တော့ဘူး။ မြန်မာလူမျိုးဟာ အကြွေးနဲ့ဆို ဆင်တောင်ဝယ်တယ်လို့ပြောတာ အလကားလျှောက်ပြောတာမဟုတ်ဘူး။ တကယ့်ကို အပိုအကြွားများတဲ့၊ ရှေ့ရေးမျှော်မြင်မှုမရှိတဲ့ လူတွေအများကြီးရှိလို့ စကားပုံဖြစ်လာတာ။ မြန်မာလို မဖြုန်းနဲ့ဆိုတာလည်း ဒီလိုသဘောပဲ။

အသစ်ပေါ်တိုင်း လိုချင်နေရင်တော့ ပရိုးမိုးရှင်းကွန်ဆက်မှာ အောင်မှတ်မရနိုင်တော့ဘူး။ ခံစားချက်ကို ဦးစားပေးပြီး ဝယ်တဲ့သူတွေက မလိုတာတွေများများဝယ်မိတာပဲ။ အသစ်ဝယ်ပြီးရင် အဟောင်းကို ဘာလုပ်မလဲ။ အဲဒီအဖြေမရှိသေးရင် အသစ်မဝယ်နဲ့။ အဟောင်းကို လွှင့်ပစ်မယ်ဆိုရင်ရော ဖြုန်းတီးရာရောက်မနေဘူးလား။ ကိုယ့်အိုးနဲ့ကိုယ့်ဆန် တန်ရုံပဲကောင်းပါတယ်။ မြန်မာပြည်မှာတုန်းက တယ်လီဖုန်းတောင် မကိုင်ဖူးတဲ့သူတွေ အခုတစ်နှစ် တစ်လုံးမလဲရရင် သေမလိုဖြစ်နေတာ တွေ့ရရင် တော်တော်အံ့သြမိတယ်။ ဝမရှိဘဲ ဝိလုပ်တဲ့စရိုက်ဟာ လူညံ့တွေရဲ့ အမူအရာလက္ခဏာအစစ်ပဲ။

ပရိုမိုးရှင်းဆိုကတည်းက အကြောင်းခံတရားတွေရှိတယ်။ ကမ်းခြေတွေမှာ မိုးရွာရင် လူမရှိဘူး။ အဲဒီတော့ မိုးနည်းနည်းကျစပြုတဲ့အချိန်တွေမှာ ဈေးလျှော့ပေးတာပဲ။ လူမလာမယ့်အတူ၊ တစ်ယောက်လာလာ၊ နှစ်ယောက်လာလာ အမြတ်ပဲလို့တွေးပြီး လုပ်ကြတာပဲ။ ဒါကိုနားမလည်တဲ့သူတွေက မိုးတွင်းကြီး ကမ်းခြေသွားပြီး ပြန်လာရတာမျိုးဖြစ်မယ်။ စောစောလေးသွားနိုင်ရင်တော်သေး၊ နောက်ကျသွားရင်တော့ မိုးရာသီ ကမ်းခြေမှာ အခန်းထဲအိပ်ပြီးပြန်ရတဲ့ဘဝရောက်မယ်။

အဲဒီလို အကြောင်းခံတရားကိုမြင်လေ ပရိုမိုးရှင်းကွန်ဆက်ကို ပိုနားလည်လေဖြစ်မယ်။ Uniqlo ဆိုင်တွေ ဒီနှစ်မှာ စင်ကာပူမှာ အုံနဲ့ကျင်းနဲ့ဖွင့်ပြီး ပရိုမိုးရှင်းတွေ လွှတ်ပေးတယ်။ ရွေးဝယ်နိုင်တဲ့သူတွေကတော့ အင်မတန်တော်တယ်လို့ပြောရမယ်။ သေချာဝတ်ကြည့်ပြီး အဆင်ပြေမပြေမရွေးနိုင်ဘဲ ဝယ်တဲ့သူတွေကတော့ ခံရဖို့ရှိတယ်။ နှစ်ကုန်ခါနီး ရှင်းထုတ်တဲ့ဒီဇိုင်းတွေနဲ့ လန်းရတာကတော်သေး၊ အပယ်တွေကို ပိုက်ဆံပေးဝယ်မိရင်တော့ ကိုယ် အ တာ ကိုယ်ကြိတ်ခံရဖို့ရှိတယ်။ ဆိုက်ဒ်အရ မရောင်းရလို့ကျန်တာက ပြဿနာမရှိဘူး။ တစ်ချို့အင်္ကျီတွေ ချုပ်ထားတာ ဘယ်ညာ မညီတာ၊ လက်တွေကြပ်နေတာ၊ ကြယ်သီးအကုန်တပ်လိုက်ပြီးမှ ရင်ဘတ်မှာ တွန့်နေတာ၊ အဲဒါတွေကိုထုတ်ရောင်းတာတွေလည်းပါတယ်။ ရောင်းတဲ့သူကတော့ ပရိုမိုရှင်းပေးထားပြီးသားပစ္စည်းကို ဘာမှ တာဝန်ယူစရာမလိုဘူးလို့ထင်ကြတာများတယ်။

စီဒီတောင်မှ ပရိုမိုးရှင်းပေးတာ တစ်ချပ်ဝယ်တယ်။ အကောင်းဆုံးတစ်ပုဒ်ထစ်နေတယ်။ သွားလဲလို့မရဘူး။ အဲဒါတွေကို ကြိုမသိနိုင်ဘူး။ ပရိုမိုးရှင်းကွန်ဆက်ဟာ အတော်အသင့် အနှိပ်စက်ခံပြီးမှ တရေးရေးသဘောပေါက်လာမျိုးတွေများတယ်။

လက်ပ်တော့ပ်တွေ ဈေးချတာတွေဆိုရင်လည်းဒီလိုပဲ။ အဟောင်းတွေ၊ကြာလာတာတွေ၊ ဈေးကွက်မှာ တော်တော်လေးကို နောက်ကျသွားတာတွေကို ဈေးလျှော့ပေးလိုက်တာပဲ။ မလျှော့ပေးလို့လည်းမဖြစ်တော့ဘူး။ ဆက်သိမ်းထားရင် ထိန်းသိမ်းစရိတ်ရှိတယ်။ လုံးဝရောင်းမရတော့မယ့်ပြဿနာလည်းရှိတယ်။ နားမလည်တဲ့သူတွေကို ကောင်းကောင်းညာလို့ရသေးတယ်။ အဲဒါဈေးကွက်ရဲ့သဘောပဲ။ ၁၀၀၀ ဝန်းကျင်နဲ့ လက်ပ်တော့ပ်တွေ သုံးလို့ရပါတယ်။ ကောင်းလည်းကောင်းသင့်သလောက်ကောင်းပါတယ်။ နောက်ထပ် ၇၀၀၊ ၈၀၀ ထပ်စိုက်ပြီး ၁၈၀၀ ဝန်းကျင်နဲ့ သူ့ထက် အများကြီးပိုကောင်းတာ ဝယ်လို့ရတာကို ဝယ်လိုက်တာကတော့ ရေရှည်ပိုကောင်းတယ်ထင်မိတယ်။ တစ်ခါပဲ ဈေးကြီးပေးဝယ်ပြီး ပျက်တဲ့အထိ အကြာကြီးသုံးရတာဟာ ရှေရှည်မှာ ပစ္စည်းအညံ့သုံးပြီး ခဏခဏ ဒုက္ခရောက်တာထက် သာပြီးကောင်းတယ်။

နည်းပညာပြောင်းရင် ပစ္စည်းတွေ တန်ဖိုးမရှိတော့ဘူး။ အထူးသဖြင့် လျှပ်စစ်ပစ္စည်းတွေ။ စီအာတီတွေ လည်း ပလပ်စမာတို့ ဖလတ်တီဗီတို့ပေါ်လာတော့ ဒိုးသွားတယ်။ ဝယ်မယ့်သူမရှိတော့ဘူး။ အဲဒီအချိန်မှာ အရင်က စီအာတီ တီဗီ မဝယ်နိုင်တဲ့သူတွေလောက်က စီအာတီစဝယ်ကြတယ်။ လူမွဲဟာ နှစ်ခါနာတယ်။ အလကားရမယ့်ပစ္စည်းကို လူမွဲဟာ ပိုက်ဆံပေးဝယ်ရတယ်။ နောက်တော့ အယ်လ်စီဒီပေါ်တယ်။ အယ်လ်အီးဒီပေါ်တယ်။ ရှေ့ကဟာတွေ ဂွမ်းကုန်တယ်။ ဈေးတွေ ဇောက်ထိုးပြုတ်ကျတယ်။ လူမွဲကတော့ ကိုယ်တတ်နိုင်တာလေးဝယ်မှဆိုပြီး အလကားရနိုင်တာတွေ ပိုက်ဆံပေးဝယ်နေတုန်း။ နောက်တော့ စမတ်ထ်တီဗီ လာတယ်။ အယ်လ်အီးဒီလည်း ၃၂ လက်မကို 400 အထိ ဂျွမ်းထိုးဆင်းကုန်တယ်။ အခုဆို ဒီထက်ဆင်းတယ်။ နည်းပညာပြောင်းတဲ့ဒဏ်ချက်ကို လူမွဲတွေခံပေးလိုက်တာနဲ့ ကုမ်ပနီတွေ မမွဲသေးတာ။ ပုံမှန်အားဖြင့် အကျန်တွေက အလကားပေးပစ်ရမယ့် ဘဝရောက်ခါနီးနေပြီ။ လူမွဲတွေကတော့ တန်သဟေ့၊ ဝယ်ထား၊ အရင်က ၁၀၀၀၊ ၂၀၀၀ တန်တွေမဟုတ်လားလို့တွေးတယ်။ သူ့အတွေးက သူ့ရဲ့ဝယ်လိုအားကိုပြဌာန်းနေတော့တာပဲ။

အဲဒီ ကွန်ဆက်ကို မြန်မာပြည်ရဲ့ ကားဈေးကွက်ကိုလည်း ချိန်ထိုးကြည့်နိုင်တယ်။ ဂျပန်မှာ သံရေကျို ရတော့မယ့်ကားကို သိန်း ၁၀၀ နဲ့ရောင်းတာကို ပျော်ပြီး ဝယ်တဲ့သူတွေ မြန်မာပြည်မှာ ရိုက်သတ်လို့မကုန်လောက်အောင်များတယ်။ ဘာလို့များတာလည်းဆိုတော့ အရင်က ဈေးကို တစ်ကယ့်ဈေးလို့ထင်နေမိလို့။ ကမ္ဘာ့ကားဈေးနဲ့ကြည့်ရင် အဲဒီကားစုတ် သိန်း ၁၀၀ဟာ ရယ်စရာဈေး၊ ဒါပေမယ့် မြန်မာပြည်မှာတော့ ဒီဈေးဟာ ဘုရားမလို့ ကျလာတဲ့ဈေး။ အဲဒီတော့ ဝယ်တယ်။ ဝယ်လိုအားမျဉ်းကွေးဟာ တစ်နှစ်ခွဲလောက် ထောင်တက်နေရာက အခု ထိုးကျလာတယ်။ အဲဒါ ဈေးကွက်စီးပွားရေးရဲ့သဘာဝပဲ။ ရောင်းလိုအားများလွန်းရင် ဒီလိုပဲဖြစ်မယ်။ တန်ရာတန်ကြေးမဟုတ်တာကို ဝယ်ထားတဲ့သူတွေကတော့ ဆက်ကိုင်ထားရတော့တယ်။ ပြန်ရောင်းရင်ရှုံးပြီ။ ပရိုမိုးရှင်းလို့ထင်ခဲ့တာဟာ ဗြဟ္မာကြီးဦးခေါင်းဖြစ်ပြီ။ ကိုင်ထားရတာလည်းပူ၊ လက်လွှဲဖို့ကလည်းမရှိ။ အဲဒါ လူမွဲကျိန်စာပဲ။ ခေတ်နောက်ကျခြင်းရဲ့ အကျိုးဆက်၊ အသိပညာနည်းခြင်းရဲ့ အမွေဆိုး၊ ကိုယ့်အထင် အဟုတ်မှတ်ခြင်းရဲ့ ရလဒ်လို့လည်းဆိုနိုင်တယ်။

ဘယ်ပရိုမိုးရှင်းလာလာ၊ ဘယ်သူတွေဘာပြောပြော၊ ကိုယ့်ဘာသာကိုယ် သေချာအောင်လုပ်ပါ။ ဥာဏ်မနည်းပါနဲ့။ မပျင်းပါနဲ့။ ကိုယ်တစ်သက်လုံး ဒီ ပရိုမိုးရှင်းတွေကို ရင်ဆိုင်သွားရမှာ။ အကျင့်ပါသွားရင် ကြီးလာရင် မွဲမယ်။ မကြီးသေခင် ပိုက်ဆံအပိုမရှိဘဲ၊ ဟိုလူ့ဆီချေးရ၊ ဒီလူ့ဆီချေးရဖြစ်မယ်။ ဘဏ်ကနေချေးရမယ်။ မလိုတာတွေမဝယ်နဲ့။ လိုတာလည်း သိပ်လိုမှဝယ်။ အချောင်မလိုချင်နဲ့။ အဲဒါလေးတွေကို မကြာမကြာသုံးသပ်ပေးရင် ပိုပြီး သတိထားပြီး ဝယ်တဲ့သူဖြစ်လာမယ်။ ကျနော်ကိုယ်တိုင်လည်း ကြိုးစားနေပါတယ်။ ကျနော့်မိတ်ဆွေတွေအားလုံးကိုလည်း အကုန်အကျသက်သာစေချင်ပါတယ်။ အညံ့၊အပယ်၊ လွှင့်ပစ်ရတော့မှာတွေကို ပိုက်ဆံပေးဝယ်တဲ့သူတွေမဖြစ်အောင် ဒီပို့စ်ကိုရေးပါတယ်။

ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေဗျာ။

Regards,
Z



Peace B with U.