ပြောင်းလဲခြင်း
ငယ်တုန်းကနဲ့တော့မတူတော့ဘူး။ ကြီးလာလေ စိတ်ထားဆိုးလေဖြစ်လာတာ သတိထားမိတယ်။ အလျှော့ပေးဖို့တွေဘာတွေတောင် သတိမထားရင် လွတ်လွတ်သွားတယ်။ အသက်ကြီးလာလို့ လိမ္မာသွားကြတယ်ဆိုတာမျိုးမဟုတ်တာတွေ့တယ်။ ကိုယ့်ကိုယ်ကို အကဲခတ်နေတယ်။
အသက်ကြီးလာတော့ မျှော်လင့်ချက်တွေက ပိုများလာတယ်။ တစ်ချို့မျှော်လင့်ချက်တွေနဲ့လည်း ပိုပြီး နီးကပ်လာတယ်။ တစ်ချို့ရည်မှန်းချက်တွေနဲ့တော့ တော်တော်လေးကွာဝေးသွားပြီ။ မိတ်ဆွေတွေဆိုတာလည်း တွေ့ဖို့ကို တမင်ကြိုးစားသွားမှတွေ့တယ်။ ဒါတောင် ကလေးမရှိသေးလို့။ ကလေးရှိရင် ကလေးကို အချိန်ပေးနေမိမှာပဲ။ မပေးလို့ကလည်းမရဘူးလေ။ ခရီးထွက်မယ်ဆိုရင်လည်း ကလေးကို ကြည့်ရမယ်။ ညအိပ်ကောင်းနေတုန်း ထငိုလိုက်ရင် ဂွပဲ။ အဲဒါမျိုးတွေလည်း တွေးရသေးတယ်။
စိတ်ကို စုစည်းရတာ ပိုခက်လာတယ်။ တစ်ခုခုကို အာရုံစိုက်ပြီးလုပ်ဖို့ကိုင်ဖို့ အရင်ကထက် ပိုပြီး စိတ်နှစ်ထားရတယ်။ ကျန်းမာရေးကိုလည်း ပိုဂရုစိုက်ရတယ်။ ၃၂ ပြည့်ခါနီးမှာ သတိထားမိတာက သုံးလေးရက် အိပ်ရေးဆက်တိုက်ပျက်ရင်ပိုပြီး ပင်ပန်းသွားတတ်တယ်။ အရင်လို ပေပေတေတေနေလို့မရတော့ဘူး။ မှတ်ဉာဏ်က အရင်လို တစ်ခုမှတ်ထားလိုက်ရင် သုံးလေးငါးလမမေ့တာမျိုးမရှိတော့ဘူး။ တစ်နေရာရာမှာမှတ်ထားမှစိတ်ချရတော့တယ်။ ဖုန်းသွားဝယ်တော့ ကိုယ့် IC နံပါတ်ကိုယ်ရေးလိုက်တာ သုံးလုံးအပိုပါသွားတယ်။ ဘယ်ကနံပါတ်တွေနဲ့ရောကုန်သလဲတော့မသိဘူး။ အရင်ဆို ဘဏ်အကောင့်နံပါတ်အလွတ်ပဲရိုက်တယ်။ အခုဆို တစ်ခေါက်တော့ပြန်ကြည့်ရတယ်။ Credit card နံပါတ်တွေမမှတ်မိဘူး။ payPal အကောင့်ခ်ကို မေ့မှာစိုးလို့ မှတ်ထားရင်မေ့သွားတယ်။ Forget password မှာ ဘိုးတော် နာမည်မှတ်ထားတာ Christian name လား၊ မြန်မာနာမည်လား မေ့သွားတယ်။
အားကစားကြတော့လည်း chin up ကို ဆယ်ခါ ဘယ်အချိန်ဆွဲဆွဲရနေရာက၊ လေ့ကျင့်ခန်းမလုပ်တာ သုံးနှစ်ကြာသွားတော့ သုံးခါတောင် အနိုင်နိုင်ဖြစ်နေတာတွေ့ရတယ်။ Dumbbell ကီလို ၂၀ ကို တစ်ဖက်ခြင်း မနည်းမနေရတာတွေ့ရတယ်။ တစ်ချက်တစ်ချက် လက်ကောက်ဝတ်က ဒဏ်ဖြစ်ထားတာ ပြန်ပြန်နာတာလည်းတွေ့ရတယ်။ အမြင့်ခုန်တာကြတော့ လေးပေလောက်ကိုတောင် စုံခုန်ဖို့ တော်တော်အားစိုက်နေရပြီ။ ဘားတန်းကို ဟိုဘက်ဒီဘက် ခိုသွားဖို့ကြတော့ လက်နာနေတာတွေ့ရတယ်။ အိမ်မှာ ဝယ်ထားတဲ့ Gym ပစ္စည်းတွေတောင် အိပ်ခန်းထဲမှာ ရှုပ်လာလို့ သိမ်းထားရတာများလာပြီ။ အပျင်းထူလာတာသတိထားမိတယ်။ လူကဝလာလေ၊ အပျင်းထူလာလေဖြစ်ကုန်တယ်ထင်တယ်။
ကြက်တောင်ပြန်ရိုက်ကြည့်တော့လည်း သုံးပေကျော်သွားရင် လိုက်မရိုက်နိုင်ဘူးဆိုတာတွေ့တယ်။ နှေးသွားပြီ။ ဇရာ၊ ဇရာ။
ငယ်တုန်းကဖတ်တဲ့စာအုပ်တွေ အချိန်ရရင်ပြန်ဖတ်တော့ ကြိုက်ခဲ့တဲ့စာသားတွေတော့ မှတ်မိတယ်။ ကျန်တာတွေတော့မမှတ်မိတော့ဘူးဆိုတာတွေ့ရတယ်။ ကြုံလို့ပြောရရင် ငယ်တုန်းက သိပ်မကြိုက်ခဲ့ဘဲ ဝယ်ထားတဲ့စာအုပ်တွေကို အခုအသက်ကြီးလာတော့ သိပ်ဖတ်ကောင်းနေတာတွေ့ရတယ်။ ဘာသာပြန်တွေလည်း တော်တော်လေးကောင်းတယ်။ အမျိုးထဲက ကလေးတွေကိုတော့ စာမတော်ချင်နေပါစေ၊ စာဖတ်ဝါသနာပါအောင်သင်ပေးတယ်။ သူတို့တွေ တစ်နေ့နေ့ နားလည်လာလိမ့်မယ်ထင်တယ်။ အသက်ကြီးလာလို့ ကိုယ်ဦးတည်တဲ့ဘဝလမ်းကြောင်းဟာ ငယ်တုန်းက ပုံဖော်ထားတာမျိုးပဲဖြစ်နေတတ်တယ်။ စာအုပ်ကောင်းတွေမှာပါတဲ့ personality တစ်ခုခုကို ယူထားလိုက်ရင် ကိုယ်ပိုင်ဥစ္စာဖြစ်ရတာပဲလို့တွေးမိတယ်။
ကျေးဇူးတင်တဲ့စိတ် နည်းနည်းပိုဖြစ်လာတယ်။ ငယ်တုန်းကတော့ တခြားလူတွေနဲ့ ငါနဲ့သိပ်မဆိုင်ဘူးဆိုတဲ့စိတ်ရှိတယ်။ အခုတော့ လူတိုင်းဟာ တစ်နည်းနည်းနဲ့တော့ဆက်စပ်နေတယ်လို့မြင်လာတယ်။ ကိုယ့်အသိုင်းအဝိုင်းက လူတွေဟာ ကိုယ့်ကို တစ်နည်းနည်းနဲ့ အကျိုးပြုနေတယ်လို့မြင်လာတယ်။ တစ်ချို့လူတွေက ကိုယ်နဲ့အမြင်မတူပေမယ့် သူယုံကြည်တာ သူလုပ်နေတာလို့ နည်းနည်းဖြည့်တွေးမိလာတယ်။ လူတိုင်းမှာ ကောင်းတဲ့စိတ်ရှိတယ်လို့တော့ တော်တော်လေးယုံကြည်လာပြီ။ အဲဒီစိတ်မြတ်လေးကို အခြေအနေအရ ထုတ်ဖော်မပြသရသေးတဲ့လူတွေလည်းရှိမှာပဲလို့တွေးကြည့်တယ်။ ကိုယ်မမြင်နိုင်ပေမယ့် လူတိုင်းမှာ ကောင်းတဲ့စိတ်ရှိလိမ့်မယ်။ အနည်းဆုံး သူ့ကိုယ်သူကောင်းစေချင်မှာပဲ။ သူ့မိသားစု၊ သူ့ရင်သွေး စတာတွေကို ကောင်းစေချင်လိမ့်မယ်။
နောက်တစ်ခုကတော့ ဟင်းချက်ရတာကို ပိုပျော်လာတယ်။ အရင်ဆိုရင် ဟင်းချက်တဲ့ကိစ္စကို ပျင်းစရာလို့ထင်တယ်။ နောက်တော့ အနုပညာဆန်တယ်လို့ ခံစားရတယ်။ ကိုယ်တိုင်တော့ ကိုယ်ချက်တာ ကိုယ်မကြိုက်ဘူး။ ကိုယ်ကျွေးလိုက်တဲ့သူ စားကောင်းတယ်ဆိုရင် ပျော်စရာကောင်းတာပဲ။ စားမကောင်းဘူးပြောရင်လည်း ထသွန်ပစ်လိုက်မယ်ထင်တယ်။
အနာဂတ်အကြောင်း၊ ငွေရေးကြေးရေးအကြောင်း အရင်ကထက် ပိုစဉ်းစားဖြစ်လာတယ်။ အရင်တုန်းက မရှိတဲ့ စာရင်းစာအုပ်ရှိလာတယ်။ အရင်တုန်းက အချိန်သိဖို့မလိုဘူးဆိုပြီး နာရီမပတ်ပေမယ့် အခုပတ်ရတယ်။ Phone ကို တစ်ချိန်လုံးထုတ်ကြည့်နေရတာ အလုပ်ရှုပ်တယ်ထင်လာလို့။ အရေးကြီးတဲ့ ကိစ္စတွေမှာ လက်မှတ်ထိုးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖောင်တိန်တစ်ချောင်းလည်း လိုအပ်သလိုလိုဖြစ်လာတာနဲ့ ဝယ်ဖြစ်လိုက်တယ်။ ဈေးတော့မကြီးပါဘူး။ ၅၀ အောက်ပါပဲ။ လက်မှတ်ထိုးဖို့ ဖောင်တိန်က လေးလေးပင်ပင်ရှိတော့ ပိုအဆင်ပြေတယ်လို့ ထင်လာတယ်။ ၃၁နှစ်အထိ ဒီလိုမထင်ခဲ့ဘူး။ ၃၁ ကျော်လာမှ နည်းနည်းပြောင်းလဲလာတယ်။
ကပ်စေးကတော့ ဆယ်ဆပိုနည်းလာတာ သတိထားမိတယ်။ အရင် ၅၀၊၁၀၀ လောက်ကိုမပြောနဲ့၊ ၅၀၀၊ ၁၀၀၀ လည်း မနှမြောဘူး။ အခုတော့ နာရီကိုတောင်ဈေးအပေါစားဝယ်ဖို့ လေဆိပ်အထိသွားဝယ်တယ်။ GST မပေးရအောင်။ ဖောင်တိန်တို့စာအုပ်တို့ဆိုတာ ကိုယ့်ဟာကိုယ် ဘယ်တော့မှမဝယ်ဘူး။ ဇနီးသည်နဲ့သွားမှာ လိုချင်တာယူပြီး ပိုက်ဆံမထုတ်ဘဲ မသိချင်ယောင်ဆောင်နေလိုက်တယ်။ မဟာဖိုဝါဒသမားမဟုတ်ဘူး။ ဘုရားလောင်းထုံးနှလုံးမူတယ်။ ဘုရားလောင်းဟာ မဒ္ဒီဒေဝီရှာလာတဲ့သစ်သီးတွေစားပြီး အသာလေးငြိမ့်နေတာ။ တင့်တယ်ပါတယ်။ အိမ်ထောင်သက်တမ်း ၃ နှစ်မှာ အိမ်လခ တစ်ခါမှ မပေးရသေးဘူးဆိုတာလည်း သတိထားမိတယ်။ ဇနီးသည် Bonus ရရင် တောင်းထားလိုက်တယ်။ တစ်ခါတစ်ခါ ပြန်စဉ်းစားမိရင် အနိုင်ကျင့်သလိုဖြစ်နေလို့ မစဉ်းစားမိအောင်နေတယ်။ လကုန်ရင် တစ်လ ၅၀၀ ပိုက်ဆံစုဖို့တောင်းသေးတယ်။ ဇနီးသည်လိုတဲ့အသုံးအဆောင်၊အဝတ်အထည်၊ အလှကုန်တွေကိုတော့ ပြန်ဝယ်ပေးပါတယ်။ ရေသေအိုင်ကြီးတော့မဟုတ်ဘူး။ အမြတ်ကြိးစားတဲ့ အရင်းရှင်လောက်ပါပဲ။
ရှေ့နှစ်မှာ စီးပွားရေးကိစ္စတွေ နည်းနည်းရေးမယ်စိတ်ကူးတယ်။ စိတ်ကူးရတာက လခစားတွေအနေနဲ့ ရင်းနှီးမြုပ်နှံမှုမလုပ်ကြရင် ရေရှည်မှာ အလုပ်ကြာကြာလုပ်ကြရမှာစိုးလို့။ အထူးသဖြင့် ရွယ်တူတွေနဲ့ ကလေးတွေအတွက်ပါ။ လူကြီးတွေထဲမှာ ပြင်ပြင်ဆင်ဆင်နေတဲ့သူများတယ်။ အမြော်အမြင်ရှိကြတာများတယ်။ လူငယ်တွေ၊လူလတ်တစ်ချို့တွေကတော့ ပျော်နေကြတုန်းရှိသေးတယ်ဆိုတော့ ဒါတွေ နည်းနည်းလောက်ရေးမယ်။ ပိုက်ဆံအလကားမဖြုန်းသင့်ကြောင်းတွေရေးမယ်။ အခုလည်း ဖေ့စ်ဘွတ်ခ်မှာတော့ ကြုံရင် ကြုံသလို၊ မဖြုန်းသင့်ကြောင်းရေးပါတယ်။ ရသစာပေကတော့ ရေးနိုင်သလောက်ရေးနေတုန်းပဲ။ ကိုယ်ရေးတာကိုယ်ဖတ်ပြီး စိတ်ချမ်းသာနေသ၍တော့ ရေးနေဦးမယ်။
လူအသစ်ဟာ အဟောင်းနဲ့တော့မတူတော့ဘူး။
ပြောင်းလဲနေတဲ့လောကထဲမှာ ပြောင်းလဲခြင်းနဲ့ အသားကျဖို့တော့
ကြိုးစားရလိမ့်မယ်ထင်ပါရဲ့။ ။
Regards,
Zephyr
Peace B with U.