Friday, September 30, 2011

Happy Birthday

Happy Birthday


ရှင်သန်ခြင်းဖြင့်နိုးထခဲ့သော အရုဏ်ကြိုငှက်ငယ်၏တေးသံတို့သည်
စွတ်စိုနေသော တိမ်တိုက်များဝန်းဖွဲ့ရာအရပ်သို့ ပျံသန်းမသွားသည့် ကြယ်ရောင်များ၏ တဒင်္ဂနားခိုခြင်းတရားသည်
တမျှော်တလင့်စိုက်ပျိုးထားသော ဥယျာဉ်တော်၏ ဆွတ်ပျံ့ဖွယ်တေးသံချိုသည်
စုံလင်သော ငြိမ်းချမ်းခြင်း၏ သီးပွင့်ရာ မြေဆီပြည့်စိုက်ပျိုးမြေ၏ တိတ်ဆိတ်ခြင်းသည်
စိတ်ပူပန်ခြင်း ကင်းဆိတ်ရာ ကြည်လင်အေးမြသော ရေကန်၏ ကြာပန်းမာလာသည်
သင်နှင့်အတူ ဆိတ်ငြိမ်စွာ ရှိနေခြင်းအလို့ငှာ
ငါသည် ဆန္ဒမွန်ကို ပို့သပါသည်။ ။


With Peace,
Zephyr

Notes: to my dear :) .Happy and Peaceful birthday :).
Wish you all the best (please share me half when you got them)!!!



Peace B with U.

Tuesday, September 27, 2011

ခါတော်မီ အန်ဗရွန်မန်တယ်လစ်

ခါတော်မီ အန်ဗရွန်မန်တယ်လစ်

ဒီပုံလေးကိုကြည့်ပြီး တော်တော်လေးကို သဘောကျခဲ့ဖူးတယ်။ The enemy is us :)။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ပြောစရာ၊ ဝေမျှစရာ အမြင်တွေရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းလို့ရလားဆိုတာကနေ စပြီးမေးရင် တော်တော်လေးကို ဂွကျကုန်မယ်။ ဒီနေ့ သစ်ပင်စိုက်လိုက်တာဟာ နောက်နေ့မှာ ရာသီဥတုကောင်းသွားမယ်လို့မျှော်လင့်လို့ရတာမျိုးမဟုတ်ဘူး။ ပြီးတော့ ကျွန်တော်တို့ လူသားတွေ မသိသေးတဲ့ ကမ္ဘာကြီးရဲ့ အကြောင်းတွေလည်း အများကြီးရှိသေးတယ်။ ပတ်လမ်းထဲမှာ လိမ့်နေတဲ့ ဂေါ်လီလုံးသာသာ အလုံးပေါါ်က အကောင်သေးသေးလေးတွေရဲ့ အသက်အန္တရာယ်ဆိုတာ နောက်ထပ် သူ့အရွယ်တစ်ဝက်လောက်ရှိတဲ့ ဂေါ်လီလုံးတစ်ခြမ်းလောက်နဲ့ ၀င်တိုက်မိရုံနဲ့ ကိစ္စတုံးသွားနိုင်တယ်။

သစ်ပင်စိုက်တာကောင်းတယ်လို့လည်း တရားသေမှတ်ထားလို့မရဘူး။ အအေးပိုင်းဒေသတွေမှာ သစ်ပင်စိုက်ရင် သူ့ရဲ့ အကျိုးရလဒ်ကလည်း မျှော်လင့်သလို မဖြစ်ပြန်ဘူး။ စိုက်တော့စိုက်ပါရဲ့ ထင်ရှူးပင်လို အပင်တွေ၊ အရွက်တွေကလည်း မဆွေး၊ မြေဆီသြဇာလည်းမဖြစ်၊ ရေတိုက်စားမှုကိုလည်း မကာကွယ်နိုင်။ ထပ်သရီး။ အပင်စိုက်လို့သာ ပစ်ပျက်ကြည်ညိုရမယ်ဆိုရင် တစ်နိုင်ငံလုံး ကြက်ဆူစိုက်ခိုင်းခဲ့တဲ့ မင်းတြားကြီးကို အကြည်ညိုသင့်ဆုံးဖြစ်သွားမယ်။ ကမ္ဘာမှာ သစ်ပင်တွေ စိုက်လို့ နိုဘယ်လ်ဆုရသွားတဲ့သူရှိတယ်။ မင်းတြားကြီးကတော့ ဘိုင်အို ဒီဇယ် လုပ်ဖို့ဘရာဇီးကို ကျော်တက်ဖို့ကြိုးပမ်းခဲ့ရာက သဘာဝဓာတ်ငွေ့တွေ့တော့ မလိုတော့ဘူး။ ဘုန်းရှင်ကံရှင်တွေဟာ ကြက်ဆူဆီမလိုဘူး။ လိုတိုင်းရ၊ တတိုင်းဖြစ်တယ်ဆိုပြီး ခြံစည်းရိုးကြက်ဆူ ဇာတ်လမ်းကို ဖြစ်သလိုသိမ်းလိုက်တယ်။ မြန်မာပြည်ရဲ့စီမံကိန်းအများစုက အဲဒီလိုပဲ။ အားလုံးက ရေကူးချန်ပီယံတွေလိုပဲ အဖျားရှူးတယ်။ (ရေကူးချန်ပီယံတွေဟာ မြန်မြန်ကူးနိုင်ဖို့ကို အဲဒီလို ပုံစံဖြစ်အောင်ကြိုးစားရတယ်။)

ပတ်ဝန်းကျင်ထိန်းသိမ်းတယ်ဆိုတာ အကျိုးရလဒ် သိပ်ကိုကောင်းတဲ့ အလုပ်လားဆိုရင်လည်း မသေချာဘူး။ ကြိုးစားနေကြတုန်းပဲလို့ဖြေရမယ်။ ကမ္ဘာကြီးပူနွေးလာတာ၊ သစ်ပင်တွေမရှိတော့လို့တစ်ခုတည်းမဟုတ်ဘူး။ ကာဘွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့တွေ နည်းနည်းနဲ့များများ ဒုက္ခပေးတဲ့ အမိုးနီးယားတွေက အပေါ်မှာနေပြီး ဒုက္ခပေးတာတွေကလည်းရှိသေးတယ်။ လူတွေ လုပ်ချင်တိုင်းလုပ်၊ စွန့်ပစ်ချင်တိုင်း စွန့်ပစ်ထားခဲ့တာတွေကလည်း ပြန်ပြီးခြောက်လှန့်နေပြီ။

ငယ်တုန်းက ရူပဗေဒ စိတ်ဝင်စားသလိုရှိခဲ့တော့ အဲဒီ radioactive စွန့်ပစ်ပစ္စည်းတွေအကြောင်းကို ဖတ်တယ်။ ဆယ်တန်းမှာ half life အကြောင်းလည်းဖတ်ဖူးတော့၊ ဒီကောင်တွေက ပျက်စီးသွားဖို့ မဖြစ်နိုင်သလောက်ပဲဆိုတာသိတယ်။ အဲဒီစွန့်ပစ်ပစ္စည်းတွေကို ပင်လယ်အောက်က ရွံ့စေးလွှာထဲ ပစ်တယ်ဆိုတာလည်းဖတ်လိုက်ရသေးတယ်။ အဲဒါတွေကို ဘယ်လိုမှ ပြန်ပြင်လို့မရတော့ဘူး။ ရေနံတင်သင်္ဘောတွေမှောက်ခဲ့တာတွေကို ပြန်ပြင်လို့မရတော့ဘူး။ ဆိုးဆေးတွေ မြစ်ထဲသွန်ချထားခဲ့တာတွေကို ပြန်ပြင်လို့မရတော့ဘူး။ လေထဲကို စွန့်ထုတ်လိုက်တဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်တွေကို ပြန်တားလို့မရတော့ဘူး။ ကျွန်တော်တို့ ဖောက်ခဲ့တဲ့လှေဟာ ကျွန်တော်တို့နေတဲ့ လှေအိမ်ဖြစ်နေတယ်။

အတိတ်မှာ မှားခဲ့ကြတာတွေများပြီး။ ကော်စေ့ဈေးပေါလို့ ကြွပ်ကြွပ်အိတ်တွေ မဟားတရားထုတ်လိုက်တာ အခုပြန်ရှင်းတော့ သေမတတ်ဖြစ်ရတယ်။ သန္တာကျောက်တန်းတွေတောင် ပလတ်စတစ်လာအုပ်လို့ ဒုက္ခရောက်ကုန်တယ်။ ငါးမန်းတွေလည်း ပလတ်စတစ်အိတ်တွေစားမိတယ်။ သစ်ပင်တွေရဲ့ အစေ့တွေကို ပလတ်စတစ်အုပ်မိရင် မပေါက်နိုင်ဘဲသေတယ်။ နှစ်ပေါင်းများစွာ သူ့အလိုလိုမပျက်စီးနိုင်တဲ့ သတ္တ၀ါဆိုးကြီးကို မွေးမြူထုတ်လုပ်လိုက်တာလည်း ကျွန်တော်တို့တွေပဲ။ The enemy is us. အဲဒါကို သတိပြုလာမိကြတော့၊ ငါတို့အတွက်တော့ အမှားတွေကို ခံလိုက်ရပြီ။ နောက်ထပ် ဒီလှေကြီးပေါ်မှာ ကြီးပြင်းလာကြမယ့် ကလေးတွေ၊ မျိုးဆက်တွေအတွက် လှေမဖောက်ကြရင်ကောင်းမယ်ဆိုတဲ့ လူတစ်ချို့ဟာ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ကြိုးစားကြတယ်။

ဒိုင်နိုဆောတွေ သေသွားပြီဆိုတာကို မမေ့စေချင်ဘူး။ အဲဒီအကောင်ကြီးတွေ ဘာလို့သေသွားမှန်း ဘယ်သူမှ တိတိကျကျမသိဘူး။ ဒိုင်နိုဆောလို အကောင်းကြီးပြီး၊ သဘာဝဘေးကို လူထက် အဆတစ်ရာမက ခံနိုင်ရည်ရှိတဲ့အကောင်တွေ မျိုးတုံးသွားဖူးတဲ့ကမ္ဘာမှာ ကျွန်တော်တို့နေနေရတာ။ ဘာမဆို ဖြစ်လာနိုင်တဲ့ကမ္ဘာကြီး။ ဂျပန်စာရေးဆရာ မူရာကာမိကတော့ ငလျင်တွေ လှုပ်လည်း သူလက်ခံတယ်တဲ့။ သူတို့က ဒီမှာ လာနေခွင့်ရတာကို ကျေးဇူးသိတတ်ရမယ်လို့ ခံယူတယ်။ ကမ္ဘာကြီးဟာ ကျွန်တော်တို့ကို နေပါလို့ ခေါ်ထားတာမဟုတ်ဘူး။ ကျွန်တော်တို့လူတွေကသာ ကပ်ပါးကောင်တွေလို ကုတ်ကပ်တွယ်ဖက်နေတာ။ ဘိုင်အို စပီးယား စီမံကိန်းတွေ လကမ္ဘာနဲ့ မားစ် ဂြိုဟ်မှာ အကောင်အထည်မပေါ်လာတာကြောင့်လည်း ပါသင့်သလောက်တော့ပါတာပေါ့နော်။ အခုနေစရာလည်း ဒီကမ္ဘာကြီးပဲရှိတယ်။ သူ့ကိုကြည့်တော့လည်း အခြေအနေမကောင်းဘူး။

သဘာဝတရားက သိပ်ထူးဆန်းတယ်။ တက္ကသိုလ်ပြီးတော့ အားနေတာနဲ့ TOEFL သင်တန်းကို တစ်နှစ်လောက်သွားတက်တော့ အဲဒီမှာ ဆောင်းပါးအတိုလေးတွေဖတ်ရတယ်။ အမှောင်ထဲမှာနေတဲ့ဂဏန်းတွေဟာ မျက်စိမပါတော့ဘူး။ အဆင့်ဆင့်ပြောင်းသွားတာ။ ပါတဲ့ မျက်လုံးမမြင်ရာကနေ ပါကို မပါတော့တဲ့အထိ၊ အနံ့ခံပြီးသွားတဲ့သတ္တ၀ါတွေမှာလည်း အမြင်အာရုံချို့တဲ့သွားတယ်။ လင်းပိုင်းဆို အရင်က ကုန်းသတ္တ၀ါ၊ သူ့လက်တွေသိမ်ဝင်သွားပြီး ရေယက်လိုဖြစ်သွားတာ။ လိုအပ်ရင် သဘာဝဟာ ပြောင်းလဲပစ်တယ်လို့ယူဆရတယ်။ အဲဒီတော့ သိပ်ပူတဲ့ကမ္ဘာကြီးဖြစ်လာရင် မွေးရာပါ အပူခံနိုင်တဲ့ အသားအရေနဲ့လူတွေဖြစ်မလာဘူးတော့လည်းပြောလို့မရဘူး။ ရေနွေးထဲမှာ မသေဘဲ မျိုးပွားနိုင်တဲ့ အကောင်တွေလည်းရှိတယ်။ မဖြစ်နိုင်ဘူးဆိုတာမရှိသလောက်ဖြစ်နေပြီ။ အဲဒိလိုတွေးပြီး တစ်ချို့လည်း မထိန်းသိမ်းနဲ့ ပျက်ချိန်တန်ပျက်မှာပဲ။ ပျက်ရင်လည်း တစ်နည်းနည်းနဲ့တော့ အိုကေသွားမှာပါ ဆိုပြီးတွေးကြတာလည်းရှိတယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာ သူတို့အတွက်တော့ ကြောင်ကို ရေနွေးနဲ့ချိုးပေးခြင်းနဲ့တူတယ်။

လူဆိုတာ အသိုင်းအ၀ိုင်းနဲ့နေရတယ်။ လက်ဆင့်ကမ်းရတယ်။ ကိုတာလည်း ဒါကိုပြောသွားတယ်။ ဆရာအောင်သင်း ဘာသာပြန်တဲ့ ရသစာ အတိုလေးတစ်ခုမှာ တံတားဆောက်နေတဲ့ အဘိုးအိုက ဆံပင်နီနဲ့ ကလေးငယ်လေး ဖြတ်သန်းသွားလို့ရအောင် တံတားဆောက်တယ်ဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကို ဘာသာပြန်ထားတာကိုလည်းမှတ်မိတယ်။ မြန်မာစာ ဖတ်စာအုပ်က သရက်ပင်စိုက်တဲ့ အဘိုးအိုကလည်း ဒီသဘောပဲ။ ဘုရားလောင်းကျေးမင်းကလည်း ငယ်ရွယ်တဲ့ကလေးတွေကို ကျွေးမြီသစ်ချတဲ့ဥပမာနဲ့ပြောတယ်။ ဆိုလိုချင်တာက ကမ္ဘာကြီးက ကျွန်တော်တို့သေရင် ကျန်တဲ့လူတွေ မရှိတော့မယ့်နေရာမဟုတ်ဘူး။ ကျန်ခဲ့မှာတွေက ကျွန်တော်တို့ အမျိုးတွေ၊ အဆွေတွေဖြစ်နိုင်တယ်။ အဲဒါကို မင်းတို့ဖြစ်သလို နေရစ်ခဲ့ကြ၊ ငါတို့လုပ်ချင်ရာလုပ်ပြီး I quit ဆိုပြီး လစ်သွားလို့မရဘူး။

အဲဒါလို ဆက်စပ်နေတာကို မြင်ရင် ကမ္ဘာကြီးကို ပိုပြီး စုတ်ပဲ့အောင် မလုပ်ရက်တော့ဘူး။ ကျွန်တော်တို့ဟာ ကမ္ဘာကြီးကို ကယ်တင်ဖို့ကြိုးစားနေတာမဟုတ်သေးဘူး။ ညင်ညင်သာသာသတ်ဖြတ်ဖို့ကြိုးစားနေတာပဲဖြစ်တယ်။

တစ်နေ့တစ်နေ့၊ ကျွန်တော်တို့ လျှပ်စစ်မီး ဘယ်လောက်သုံးလဲ။ air fresher တွေ ဘယ်လောက်ဖြန်းလဲ၊ အဲကွန်း ဘယ်လောက်ဖွင့်လဲ၊ ရေခဲသေတ္တာဆိုတာ ပိတ်ထားလို့မရဘူး။ ဒါတွေကို ကျွန်တော်တို့သိတယ်။ သိလေလေ တာဝန်ရှိလေလေပဲ။ မသိတဲ့လူက မသိလို့ လုပ်သွားတာကို သိတဲ့လူက အားကျလို့မရဘူး။ သိတဲ့နေ့ကစပြီး ဒါတွေဟာ ကျွန်တော်တို့သတိထားရမယ့်တာဝန်တွေဖြစ်လာပြီ။ စင်ကာပူမှာ ရထားတိုးကြိတ်စီးသူတွေဟာ ကိုယ်ပိုင်ကားစီးသူတွေထက် ကမ္ဘာကြီးကို ပိုချစ်တယ်လို့ပြောရမလိုဖြစ်နေတယ်။ ကားစီးတာက သြစတြေးလျ လို အမေရိကားလို နိုင်ငံကျယ်ကြီးတွေမှာဆိုရင်တော့ ဆင်ခြေပေးလို့ကောင်းတယ်။ စင်ကာပူမှာတော့ Traffic jam နဲ့ ERP တွေကလည်း အနှေးမောင်းလမ်းလိုဖြစ်နေပြီး၊ နိုင်ငံလေးကလည်း F1 ရှစ်မိနစ်စာမောင်းရုံလောက်ကျယ်တာဆိုတော့၊ တကယ်တမ်း public transit တွေကောင်းရင် ဘယ်သူမဆို Green Transport တွေအားကိုးနိုင်တာပေါ့။ အခုတော့ အသုံးမကျတဲ့ရုံးတွေက flexible working hours ကိုမကျင့်သုံးလို့ ရထားတွေပိုပိုပိတ်လာတာ၊ ပိုပိုကြပ်လာတာတွေဖြစ်တယ်။ ကလေးမွေးဖို့ရည်ရွယ်ထားတဲ့သူတွေကလည်း ကားတစ်စီးမရှိရင် တက်စီခနဲ့မွဲမယ်ဆိုတာတွေဖြစ်လာတာလည်းပါတယ်။ အဲဒီလို အခြေအနေရဲ့တွန်းပို့မှုနဲ့ကိုယ်ပိုင်ကားဝယ်စီးကြတဲ့သူတွေလည်းရှိမယ်။ လျှပ်စစ်ကားနဲ့ နေရောင်ခြည်သုံးကားတွေ၊ ဟိုက်ဒရိုဂျင်နဲ့မောင်းတဲ့ကားတွေကလည်း လူတွေ ပေါပေါလောလောဝယ်လို့ရတဲ့ဈေးကို ထိုးဆင်းမလာတာလည်းပါတယ်။ အားလုံးမှာတာဝန်ရှိတယ်။

Bills စာရွက်တွေကို မယူကြတော့တာလည်းကောင်းတယ်။ Online ကနေပဲကြည့်လည်းရတာပဲ။ မလိုအပ်ဘဲ မေးလ်တွေ၊ documents တွေကို print မထုတ်တာလည်းကောင်းတာပဲ။ မီးတွေကိုလည်း အန်နာဂျီဆေးဗင်းတွေပဲထွန်းရင်၊ မြို့တစ်မြို့ရဲ့ လျှပ်စစ်သုံးစွဲမှုပါကျလာနိုင်တယ်။ အ၀တ်လျှော်စက်ဆိုရင် ကြီးကြီးဝယ်ပြီး တစ်ခါတည်းလျှော်တာကောင်းတယ်။ အိမ်ထဲမှာရော အိမ်နားမှာပါ အပင်တွေစိုက်ထားတာကောင်းတယ်။ အသက်ရှူဝတယ်။ အိပ်ခန်းထဲမှာ တပင်လောက်ရှိရင်ကို သိသာတယ်။ ခြင်မအောင်းနိုင်တဲ့ ခြောက်သွေ့တဲ့အပင်မျိုးပဲစိုက်။ အခန်းထဲမှာ အသက်ရှူလို့ပိုကောင်းလာမယ်။ စနေနေ့ shopping ထွက်ရင် အိတ်ကြီးကြီးလွယ်သွား ကြွပ်ကြွပ်အိတ်မယူနဲ့။ အမှိုက်ပုံးကို အမျိုးအစားခွဲပြီး ပစ်ဖို့သုံးပုံးထားတဲ့နေရာမျိုးမှာ အမြဲခွဲပြီးပစ်ပေးရင် သူတို့ကို ကူညီရာရောက်တယ်။ Reduce Reuse Recycle ဖြစ်အောင်ကြိုးစားသင့်တယ်။

မြန်မာပြည်မှာရယ်ရတာတစ်ခုရှိတယ်။ တာရာမင်းဝေစာအုပ်တွေမှာ အဖြူနဲ့ထုတ်တာနဲ့ စာရွက်အညံ့နဲ့(recycle paper တော့မဟုတ်ဘူး။) ထုတ်တာမှာ အညံ့နဲ့ရောင်းရင်ပိုရောင်းကောင်းတယ်။ စာရွက်အညံ့နဲ့ဆိုတော့ မြန်မြန် စုတ်ပြဲပြီး ပိုဝယ်ကြတာဖြစ်နိုင်တယ်။ ဂျူးစာအုပ်ဆိုလည်း ကျွန်တောာ်ကိုယ်တိုင် အရင်က စာရွက်ညစ်ညစ်လေးတွေပဲကြိုက်တယ်။ အရသာမတူဘူး။ အခုနောက်ပိုင်း ပြန်ထုတ်တဲ့စာအုပ်တွေ စာရွက်သားကိုင်လိုက်ရတာနဲ့ကို အရသာနည်းနည်းပျက်တယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့အမှားတွေအများကြီးရှိခဲ့ကြမယ်။ အခုလက်ကျန်သဘာဝတရားကို ထိန်းထားဖို့ကို ကြိုးစားသင့်ပြီ။ ဧရာဝတီကိစ္စဟာ မြန်မာနိုင်ငံသားတွေကို တကယ်ပဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့ လူမျိုးတွေဖြစ်စေမှာလားဆိုတာကိုတော့ ကျွန်တော်သံသယရှိပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ နားလည်တဲ့အကြောင်းတွေကို ကျွန်တော်တို့လောက် နားလည်ပြီးသားလူတွေကိုပဲပြောနေကြတာမျိုးဆိုတော့ အကျိုးမရှိတဲ့စကားကို ဆိုနေသလိုလည်းဖြစ်နေတယ်။ ဒီစာကို ဧရာဝတီတစ်လျှောက် ကျေးရွာတွေက ကလေးတွေဖတ်ဖို့ ကျွန်တော် မတတ်နိုင်ပါဘူး။ အဲဒီကိစ္စတွေပြောတိုင်း ပညာမတတ်တာနဲ့၊ သင်ယူဖို့အခွင့်အလမ်းနည်းတဲ့ကိစ္စတွေဘက်လှည့်လှည့်သွားတတ်လို့၊ ဒါတွေကို မတို့ထိတော့ပါဘူး။

ခါတော်မီသမားတွေဟာ နိုင်ငံရေးစတန့်တွေ သိပ်လုပ်ကြလို့မြန်မာပြည်ရဲ့ နိုင်ငံရေးဟာ ပညာတတ်တွေ စိတ်ထဲမှာ အော်ဂလီဆန်စရာဖြစ်လာနေတာကို စိတ်မကောင်းဖြစ်မိတယ်။ ဘာပဲဖြစ်ဖြစ်ပါ။ အခုပို့စ်နဲ့ဆိုင်တာကတော့ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ကမ္ဘာကို ထိန်းသိမ်းဖို့ တာဝန်ကိုယ်ယူဖို့ပါပဲ။ နောင်လာနောင်သားတွေအတွက်ဆိုလို့ အပျိုကြီး လူပျိုကြီးတွေက အငြိုးနဲ့ ဖျက်ဆီးတာမျိုးမလုပ်စေချင်ဘူး။ အဟက်။ ။

Regards,
Zephyr ပိုပြီးလတ်ဆတ်တဲ့လေကို ရှူချင်တဲ့သာမန်လူသားအစစ်တစ်ယောက်။

Notes:
ငါးအာရုံ ဘင်အစု၊ ခင်အမှုနဲ့နေ့ကုန် ဆိုသလိုတစ်နေ့တစ်နေ့ဟာကုန်နေတာပါပဲ။ လစာရရင်ပျော်တယ်ဆိုပြီး အချိန်တွေကုန်တာကို သတိမထားမိလိုက်ဘူး။ အလုပ်လုပ်တာ လေးနှစ်တောင်ပြည့်လုပါရောလား။ လူတစ်ယောက်ဟာ တစ်နှစ်လုပ်ရင် သုံးနှစ်လောက် ထိုင်စားနိုင်သင့်တယ်။ အဲဒီလိုဆိုရင် ဇိမ်ကျမယ်။ တစ်နှစ်တစ်နှစ် ဘဏ်ကငွေစာရင်းတွေကြည့်ရင်း ဂဏန်းတွေတစ်လှည့် ဗိုက်ကိုတစ်လှည့် စာအုပ်စင်ကိုတစ်လှည့်ကြည့်မိတယ်။ စာအုပ်စင်နဲ့ ၀မ်းဗိုက်ကိုတစ်လှည့်စီကြည့်ရင်း ရွတ်နေမိတာက The enemy is us :).



Peace B with U.

Monday, September 26, 2011

အာဆင်နယ်၊ ၀ါဒါဘရီမင်၊ ဘာစီလိုနာနှင့် အေစီမီလန်။

အာဆင်နယ်၊ ၀ါဒါဘရီမင်၊ ဘာစီလိုနာနှင့် အေစီမီလန်။


ဒီနေ့ ရုံးကနေ စောစောပြန်ပြီး Mio TV လာဆင်တာကို ကြည့်ကြပ်ပေးပါတယ်။ Sing Tel ကို မချစ်ပေမယ့် BPL ကြောင့် အောင့်နမ်းလိုက်ရတယ်။ Star Hub ကနေ Internet ရော phone ပါ service subscribe လုပ်ထားတဲ့အတွက် TV လိုင်းယူမယ်ဆိုရင် ၁၇ SGD နဲ့ ပရိုမိုရှင်းရှိတယ်လို့ ဖုန်းဆက်တဲ့နေ့မှာပဲ Star hub ကို ငြင်းပြီး Sing Tel ကနေ Mio TV ကိုယူလိုက်ပါတယ်။ လိုနေတာမဟုတ်ရင် အပိုပါပဲ။ ပိုက်ဆံ ၂၀ လောက်ပိုကုန်သွားပေမယ့် ကိုယ်လိုချင်တာရတာ တန်ပါတယ်။

Sing Tel ရဲ့ လက်ဝါးကြီးအုပ်မှုကို မကြိုက်တဲ့အတွက် ဒီနှစ်ကုန်မှာ သုံးလက်စ ဖုန်း contract ပြည့်ရင် prepaid Star Hub ပဲ ပြောင်းကိုင်တော့မယ်လို့စိတ်ကူးထားပါတယ်။ ပရီးမီးယားလိဂ်မှာ အာဆင်နယ် အခြေအနေမကောင်းတဲ့နှစ်မှာမှ အားပေးဖို့ ဆုံးဖြတ်လိုက်တယ်။

အပျင်းပြေ ဘောလုံးပွဲအဟောင်းတွေပြန်ကြည့်တော့ အာဆင်နယ်နဲ့ဝါဒါဘရီမင်ပွဲကြည့်ဖြစ်တယ်။ အာဆင်နယ်က လူငယ်ဘောလုံးသမားလေးတွေသုံးပြီး ပြိုင်ဖို့ကြိုးစားတယ်။ ရှေ့နောက်၊ အလယ် ညံ့သလို၊ ဂိုးသမားကလည်း သိပ်မကောင်းလှဘူး။ အပျော်တမ်းကန်နေသလိုပဲ။ သူတို့ရဲ့မျှော်မှန်းချက်က ပရီးမီးယားလိဂ်မှာ ထိပ်တန်းနေရာလောက်ရပြီး၊ နှစ်တိုင်း ချန်ပီယံလိဂ်ကန်နိုင်ဖို့်ပဲ။ မျှော်လင့်ထားသလောက်ပဲ သူတို့ပြင်ဆင်တယ်။ လူတွေကိုလည်း အသင်းနဲ့အိုကေရုံလောက်ပဲခေါ်တယ်။ ကမ္ဘာ့ထိပ်တန်းအားကစားသမားမခေါ်ဘူး။ အတော်လေး အဆင်ပြေခဲ့တယ်။ တဖြည်းဖြည်းနဲ့ရှိတဲ့ကစားသမားလေးထုတ်ရောင်း၊ ပေါချောင်ကောင်းလေးဝယ် နဲ့ရပ်တည်လာတာ၊ အတော်လေးကို ကြာပြီ။ ပတ်ထရစ်ဗီယာရားကအစ၊ အွန်နရီ၊ ပီရတ်စ်၊ လယွန်းဘတ်မကျန်၊ ရောင်းတာပဲ။ ဖလာမီနီကောင်းလာတော့လည်းရောင်းပစ်လိုက်တယ်။ ဂီဘတ်တို ဆေးလ်ဗား၊ တိုရေး၊ အက်ရှ်လေကိုး လည်း မရောင်းဘူးထင်နေတာ ရောင်းတယ်။ ပြိုင်ဘက်ကိုရောင်းတာသူတို့ပဲရှိတယ်။ အိမ်နီးချင်း မန်းစီးတီးကို အသင်းမှာ သုံးလို့ပိုနေလို့ဆိုပြီး ကလစ်ချီ၊ အဒီဘာယော၊ အနယ်ကား၊၊ နာဆရီ စတဲ့သူတွေကို အသင်းမှာ သုံးစရာမလိုလို့(ပိုနေလို့)ရောင်းတယ်တဲ့။ နောက်တော့ မရှိမဖြစ်လို့ပြောနိုင်တဲ့ တစ်ယောက်တည်းသော ကမ္ဘာ့အဆင့်ကစားသမားလို့ပြောနိုင်တဲ့ ဖှာဘရီဂတ်စ်ကိုလည်းရောင်းလိုက်တယ်။ ဒီတစ်ယောက်ကို ရောင်းလို့မဖြစ်ဘူးဆိုတာ အာဆင်နယ်အသင်းကို အားပေးတဲ့ အလယ်တန်းကျောင်းသားလေးတောင်သိတယ်။ ဒါပေမယ့် အသင်းရဲ့ trade secret ဆိုလား ရောင်းလိုက်တယ်။ အဲ နောက်တော့ အာဆင်နယ်ရဲ့မူဝါဒနဲ့လုံးလုံးမကိုက်ညီတဲ့ အိုကြီးအိုမ သုံးယောက်ဝယ်တယ်။ နောက်ဆုံးနေ့မှာဝယ်ပြီး ဖြစ်သလို လေ့ကျင့်ပြီးကန်လိုက်တာ ၅ပွဲမှာ တန်းဆင်းဇုံနားအထိရောက်အောင်ကိုတိုးတက်သွားတယ်။ အစဉ်အလာနဲ့ ပွဲဦးထွက်ရလဒ်တွေကောင်းနေရာကနေ ဇောက်ထိုးဆင်းသွားတယ်။ ရောင်းပြီးပြီဆို ပြန်ဝယ်လို့မရတော့ဘူး။ ဘယ်အသင်းကောင်းကမှ ကိုယ့်ဆီက အကောင်းဆုံးလူကို မရောင်းစားကြဘူး။ ရောင်းစားတဲ့အသင်းကလည်း ဟိုသင်း လုံးလုံးဖြစ်တာပဲ။ အဲဒီအချိန်ကြတော့မှ ယူပါ ကယ်ပါဦးဆိုပြီး လေ့ကျင့်တော့လည်း မရတော့ဘူး။ အာဆင်နယ်ရဲ့ ကစားကွက်ပျက်သွားပြီ။ တိုက်စစ်ကလည်း ဖရိုဖရဲ၊ နောက်တန်းကလည်း ကိုယ့်ဂိုးကိုယ်သွင်းဖို့လောက်အားသန်တော့တယ်။ ဒီအချိန်ကတော့ ပရိတ်သတ်တွေ အဆဲဆုံးအချိန်ပဲ။ ၀င်းဂါးလည်းဘာမှမတတ်နိုင်ဘူး။ အမှားအတွက်ပြန်ပေးဆပ်ရတာပဲ။ တစ်ချို့အမှားတွေဟာ recover ပြန်လုပ်လို့မရတတ်ဘူးဆိုတာ အာဆင်နယ်ကသင်ခန်းစာယူနိုင်တယ်။ ၀ါဒါဘရီမင်နဲ့ကန်တော့ အာဆင်နယ်အသင်းဟာ ရုန်းကန်နေရတယ်။ သူ့ရဲ့ အရေးပါတဲ့လူတွေမပါဘဲ မျက်နှာငယ်ရတယ်။ အနိုင်ကျင့်ခံရသလိုဖြစ်နေတယ်။ ခက်ခက်ခဲခဲကန်ရတယ်။ ဒီအချိန်မှာ သူတို့ရောင်းလိုက်တဲ့ ကစားသမားတွေအတွက် ရလိုက်တဲ့ငွေဟာ ဘာမှလုပ်လို့မရဘူး။ ဖရိုဖရဲဖြစ်နေတဲ့ ကစားကွက်နဲ့ သူတို့ဘယ်လိုရှေ့ဆက်ကြမလဲ။

ရှိတာတွေထုတ်ရောင်းရင်း ပြန်ပြီး မဖြည့်နိုင်တော့တဲ့အပေါက်တွေနဲ့ ရှည်လျားတဲ့ကစားပွဲစဉ်တွေ၊ အင်အားကောင်းတဲ့ ပြိုင်ဘက်တွေကို ဘယ်လို ကျော်ဖြတ်မလဲ။ အာဆင်နယ်အသင်းရဲ့ ကျဆုံးမှုဟာ ကိုယ့်ကိုယ်ကို ဆွဲကြိုးချသေတာမျိုးနဲ့တူတယ်။ သနားစရာလည်းမကောင်းသလို၊ မိုက်မဲလွန်းရာလည်းရောက်တယ်။ ၁၁ ယောက်တည်းကန်ရတဲ့ ဘောလုံးပွဲမှာ အဓိကလူတွေမပါတော့တဲ့အခါ ဒီလိုပဲ ဒုက္ခရောက်မှာပဲ။ အားလုံးက အဲဒီလူတွေကို တဖွဖွနဲ့သတိရလို့၊ အခုလို ရုန်းကန်နေဖို့ မလိုအပ်ဘဲ ရုန်းကန်နေရတာ ဘာကြောင့်လဲဆိုတဲ့မေးခွန်းတွေအပြည့်နဲ့။

ဘာစီလိုနာကြတော့ သူ့ကစားသမားကောင်းတွေကို လက်မလွတ်သလို၊ အကောင်းတွေကိုလည်း ရအောင်ဝယ်တယ်။ အသင်းကို အကောင်းဆုံး၊အပြည့်စုံဆုံးဖြစ်အောင်တည်ဆောက်တယ်။ဂိုးသွင်းတတ်တဲ့သူ ရှစ်ယောက်လောက်ပါတဲ့အတွက် ဂိုးမရမှာလည်းမပူရဘူး။ အသင်းကလူတွေကို အသင်းဟန်ချက်ပျက်အောင် ဘယ်တော့မှ များများထုတ်မရောင်းတဲ့အတွက် အသင်းရဲ့ rhythm က အမြင့်ဆုံးမှာရောက်နေတယ်။ အေစီမီလန်လို အီတလီရဲ့ခံစစ်သမားတွေနဲ့ အီတလီ နာမည်ကျော် ခံစစ်ဆော့နေတဲ့ အသင်းကို အဝေးကွင်းမှာ တစ်ဖက်သတ်ဖိကစားတယ်။ ကံဆိုးပြီး ၂-၁ နဲ့ နိုင်ရမှာကို ၉၂ မိနစ်မှာ ဟိုဘက်က ရှားရှားပါးပါးရတဲ့ ထောင့်ကန်ဘောကို ခေါင်းတိုက်ပြီး သွင်းသွားလို့ ၂-၂ နဲ့သရေကျသွားပေမယ့် ခြေစွမ်းက အကွာကြီး။ မက်ဆီလို အကောင်းဆုံး တိုက်စစ်မှုးရှိသလို၊ ပူယိုးလ်လို သက်တော်ရှည် ကစားသမားကောင်းတွေရှိတယ်။ သူတို့ဆီက အာဆင်နယ် အချောင်ရသွားခဲ့တဲ့ လူငယ်ကစားသမားလေးတစ်ယောက်ကို သန်းပေါင်းများစွာပေးပြီး ပြန်ဝယ်တယ်။ ရှေ့တန်းမှာ စပိန်ရဲ့အကောင်းဆုံးတိုက်စစ်မှုးတွေထဲက တစ်ယောက်ဖြစ်တဲ့ ဒေးဗစ်ဗီလာကိုလည်းခေါ်ထားနိုင်တယ်။ ကွင်းလယ်မှာ ထက်မြက်တဲ့ ဇာဗီတို့ကလည်း ခြေစွမ်းပြနေတုန်း။ ဒီလို အသင်းမျိုးကိုကြည့်ရတာ စိတ်ချမ်းသာတယ်။ trade secret ဖြစ်ဖြစ်၊ ပိုက်ဆံလိုချင်လို့ဖြစ်ဖြစ်၊ မရှိရှိတာ ထုတ်ရောင်းတဲ့ ဘောလုံးအသင်းတောင် ဘယ်လောက်ဒုက္ခရောက်သလဲဆိုတာကို ကြည့်နေမိတယ်။

ဆရာနန္ဒာသိန်းဇံလို တစ်ခုခုရေးပြီး သူဆက်တွေးတာကို ရေးမလို့ပဲ။ ဒါပေမယ့် မရေးတော့ဘူး။ ရှေးသရောအခါက အာဆင်နယ်မှာ ဖှာဘရီဂတ်စ်ရှိခဲ့ဖူးလေသည်။ အခုတော့ အာဆင်နယ်မှာ ဖှာဘရီဂတ်စ်ရောင်းရငွေနဲ့၊ စံချိန်တင် အရှုံးရလဒ် နှစ်ခုတိတိ ရှိနေပြီဆိုပါတော့။ ဘောလုံးအသင်းမှာဖြစ်ဖြစ်၊ နိုင်ငံမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ key player ကို ထုတ်မရောင်းစေချင်ဘူး ခင်ဗျ။ ။


Regards,
Zephyr, The Gunners



Peace B with U.

မြန်မာများ၏ သွေးစည်းမှု

မြန်မာများ၏ သွေးစည်းမှု


ကျွန်တော်တို့လူမျိုးဟာ ဘုံရန်သူရှိရင် သိပ်ညီညွတ်ကြတာ။

အဲ ဘုံရန်သူလည်းမရှိတော့မှ

အချင်းချင်း ကွဲကြတာ။


သမိုင်းဟာ တစ်ကျော့နှစ်ကျော့ တေးကို သီသတဲ့။ ဘုံရန်သူရှိတုန်းက ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်တွေပေါင်းခဲ့ကြသေးတာကိုလည်း အမှတ်ရစရာပါပဲ။


အလီဘာဘာရဲ့ အိမ်ဖော်မလေးဟာ သူခိုးတွေရဲ့ အမှတ်အသားကို အိမ်တိုင်းမှာ လျှောက်မှတ်ပေးလိုက်သလိုမျိုးေ၀၀ါးအောင်လုပ်လိုက်တဲ့အခါ ကျွန်တော်တို့လူမျိုးက နှစ်အလီနဲ့ သွေးကွဲသွားပါတယ်။ နှစ်စုကနေ လေးစု၊ လေးစုကနေ ရှစ်စု၊ ရှစ်စုကနေ ၁၆စုကွဲသွားပါလိမ့်မယ်။


အခုကိုပဲ ဧရာဝတီအတွက်နည်းနည်း အစိုးရမုန်းတာများများတွေဖြစ်လာပြီ။

မကြာခင်မှာပဲ target ပျောက်ပြီး အိုးရော ခွက်ရော နင်းတာတွေ ကြားရပါဦးမယ်။


ကမ္ဘာမှာ ဆည်ဘယ်နှစ်ခုရှိပြီး ဆည်တွေကို ပတ်ဝန်းကျင်မထိခိုက်အောင် ဘယ်လိုဆောက်ကြသလဲဆိုတာကို အတော်များများက မလေ့လာဘဲ ပြောတာ၊ရမ်းကစ်တာတွေများလာပါပြီ။ အမုန်းတရားကို အခြေခံတာနဲ့ အမှန်တရားကို အခြေခံတာနှစ်မျိုးကို သုံးသပ်ဖို့လိုပါတယ်။ အမုန်းတရားကို အခြေခံရင်တော့ ဘယ်တော့မှ အဖြေမှန်မရနိုင်တော့ပါဘူး။


ဧရာဝတီကို အမှန်တရားကို ချစ်မြတ်နိုးစိတ်နဲ့ပဲ ကာကွယ်ကြပါစို့။

အမုန်းတရားဟာ တစ်ခုခုကို ဖန်တီးနိုင်တယ်ဆိုရင်တော့ အဲဒါဟာ စစ်ပွဲပဲဖြစ်ပါလိမ့်မယ်။

ကျန်တာတွေကိုတော့ အမုန်းတရားနဲ့ တည်ဆောက်လို့မရနိုင်ပါဘူး။


အခြေခံသဘောထားမှန်ကန်မှုမှာ မတည်ဆောက်တဲ့ လုပ်ရပ်တွေဟာ Little knowledge လိုပဲ Dangerous တတ်ပါသေးတယ်လို့ပြောပါရစေ။


Regards,

Zephyr


Notes:


သီလမှာတောင် အကုသိုလ်ဖြစ်မှာစိုးလို့စောင့်ရတဲ့သူနဲ့ ကိုယ်ချင်းစာတရားနဲ့ ရှောင်ကြဉ်စရာရှိတာ ရှိတာရှောင်ကြဉ်၊ ဆောက်တည်စရာရှိတာ ဆောက်တည်တဲ့သူတွေဟာ တူသလိုလိုနဲ့ကွဲပါသေးတယ်။


ထစ်ခနဲရှိတာနဲ့ လမ်းပေါ်ထွက်ကြါပါစို့။ ဆန္ဒပြကြပါစို့၊ ဧရာဝတီမြစ်အတွက် သတ္တိကိုပြကြပါစို့ဆိုတဲ့ လူတွေကို ပြောချင်တာကတော့ ကိုယ့်စေတနာမှန်လား ခဏလောက် ပြန်စဉ်းစားဖို့ပါပဲ။ ဘာကို ဖြစ်စေချင်တာလဲ။ နောက်ထပ် အရေးအခင်းတစ်ခုလား။ ဒါမှမဟုတ် ဧရာဝတီမြစ်ကို ဆက်လက် အဓွန့်ရှည်စေချင်တာလား။ မြန်မာပြည်မှာ အခြေခံပညာ သင်ကတည်းက လောဂျစ်နည်းနည်းလောက်သင်ပေးလိုက်ဖို့ကောင်းတယ်။ ကြီးလာတဲ့အထိ ပြောချင်တာတွေ ရမ်းသမ်းပြောနေတဲ့ အကျင့်တွေနဲ့ လူတွေကို မြင်ရရင် စိတ်မသက်မသာဖြစ်ရတယ်။


အမုန်းတရား ဦးဆောင်တဲ့ ဘယ်လုပ်ရပ်ကို မဆို ဆန့်ကျင်ပါတယ်။ အမှန်တရားအတွက်၊ ကိုယ့်ရေမြေကို ကာကွယ်ချင်တဲ့ စိတ်ဓာတ်နောက်ကိုပဲ ကောက်ကောက်ပါအောင် လိုက်ပါတယ်။ ဧရာဝတီမှာ ဆည်မဆောက်စေချင်တာဟာ ဧရာဝတီနဲ့ သဘာပတ်ဝန်းကျင်အတွက်၊ ပြည်သူတွေ အန္တရာယ်ကင်းကင်းနေနိုင်ဖို့၊ မြစ်သက်တမ်းရှည်ဖို့အတွက်ပါပဲ။( ရဲရွာမှာ ရေအားလျှပ်စစ်ဆောက်တာကို တပြည်လုံးအကျိုးရှိတဲ့အတွက် ထောက်ခံပါတယ်။) ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ်ချင်စိတ် ဆွမ်းဆန်ထဲ ဟိုသင်းတွေ လာလာရောနေတာမျိုးကိုတော့ လုံးဝမထောက်ခံကြောင်းပါ။


A:မင်းအမေရိကန်ရောက်ဖူးလား။

B:ဟင့်အင်းမရောက်ဖူးဘူး။

A:ဒါဆို မင်း ငါ့အကိုနဲ့သိလိမ့်မယ် သူလည်း မရောက်ဖူးဘူး။ ဆိုတဲ့ဟာသမှာပါတဲ့ စဉ်းစားမှုမျိုးနဲ့ စုဖွဲရင်တော့ ကျွန်တော်တို့တွေဟာ တဖွဲ့တည်းပါ။ အနည်းဆုံးတော့ ဧရာဝတီမှာ ဆည်မဆောက်စေချင်ဘူး။





Peace B with U.