Friday, October 29, 2010

တိမ်များနှင့်အတူ လမ်းသလားခြင်း

မနက်စောစောစီးစီး။ Riverwalk မှာ ခိုစားကျွေးနေတဲ့လူတစ်ယောက်ကို အမိအရ။ ခိုတွေ ... အစာကျွေးမယ့်သူရှိတယ်။ လူတွေကို အစာကျွေးမယ့်သူမရှိဘူးလား။ အဲဒီလူ ဘာလုပ်နေလဲ ....။


ရုံးမှာ ဖတ်ဖို့ ယူယူသွားတဲ့ ကဗျာစာအုပ်။ ... ဟိုတလောကတော့ ဇေယျာလင်း အက်ရှ်ဘရီအကြောင်းရေးတာဖတ်ဖြစ်တယ်။ အလုပ်ကသိပ်များနေတယ်။ မလွယ်ဘူး ....။ :)
ကဗျာစာအုပ်တိုင်းမှာ ရသနှစ်ခုပါတယ်။ ဘာတွေလဲနဲ့ ဒါတွေလား။

Marina Square အပေါ်ထပ်က Food loft ကနေရိုက်လိုက်တာ။ လေတိုက်တယ်။ အစာစားနေတုန်း ကျီးကန်းထိုင်စောင့်နေတာက လွဲရင် ကျန်တာ အားလုံးအဆင်ပြေတယ်။ မှန်တံခါးကိုသတိထားရတယ်။ sensor မကောင်းဘူး။ ရှေ့က ဗန်းနဲ့သယ်သွားတဲ့တစ်ယောက်ကို တံခါးက ပိတ်လက်စကနေ နောက်ပြန်မဆုတ်ဘဲ တိုက်မိလို့ ဗန်းမှောက်သွားတယ်။

St. Andrew Church က ငါးတွေ။
Zephyr's အူကြောင်ကြောင်ဝါသနာ။ ။ ငါးစာကျွေးခြင်း

ငါးတွေဟာ " ရေဟာ ငါးရှာတွေ့တာမဟုတ်ဘူး" ဆိုတာကိုေ-ာက်ညင်ကတ်လို့ မဟားတရားကူးနေပုံရတယ်။

ဘာကို မှ ဂရုမစိုက်တဲ့တိမ်တွေ ဖြစ်ချင်တယ်။ ....။ ကောင်းကင်တစ်ခုလုံးအပိုင်စားရထားမှတော့ တစ်နေရာတည်း ကျောက်ချမနေနိုင်ဘူး။ ... (လင်းဒီပက အဲဒီ သစ်ပင်ကြီးအောက်နားကနေ လှမ်းချောင်းနေတာ မသိလိုက်ဘူး။)


ကြည့်ရတာက အထီးကျန်တယ်။
ရေခဲငွေ့တွေထနေတဲ့ .... ရေခဲခြစ်တစ်ခုလို့ ခံစားရတယ်။



Eunos MRT ကကြောင်။ သူ့ဗိုက်ကို သူဂုဏ်ယူတယ်။
ဘယ်သူမဆို ကိုယ့်ဗိုက်ကို ကိုယ်တာဝန်ယူကြရတယ်။
(ဖိုးစိန်ကတော့ သူ့ဗိုက်အတွက် သူတာဝန်ယူပြီး gym မှာသွားဆော့နေတယ်ပြောတယ်။)



တိမ်တွေပြိုကွဲသွားရင် ဘာကျန်ခဲ့သလဲ ...။ စိတ်တွေပြိုကွဲသွားရင်။ မိသားစုတွေပြိုကွဲသွားရင်။ ဘာတွေကျန်သလဲ။

ရုံးပေါ်ကနေရိုက်လိုက်တာ။ မြို့ကြီးပြကြီးမည်းမည်းမှောင်မှောင်။
မြို့ပြရဲ့ ဆုံးရှုံးမှုတွေထဲမှာ ... မိသားစုဆိုတဲ့စကားလုံးရောပါသွားသလဲ ..........။
သုံးလေးငါးခါပြန်စဉ်းစားတယ်။

တိမ်တွေက အမျိုးများတယ်။
တိမ်တွေက ခရီးသွားတယ်။
တိမ်တွေမှာ ရည်ရွယ်ချက်မရှိဘူး။


အောက်ခြေက တက်လာတဲ့တိမ်တွေက သေးကွေးကြုံလှီတယ်။
တိမ်တွေဟာ နေရာမလုဘူး။
အထက်က တိမ်တိုက်ကြီးဟာ ဖြစ်ဖြစ်၊ အောက်ဘက်က တိမ်တိုက်လေးဟာ ဖြစ်ဖြစ် ... ပေါ့ပေါ့ပါးပါးရှိတယ်။


MRT ပေါ်ရောက်တော့ မော်ဒန်ဆော့ခရေတ္တိကိုတွေ့တယ်။
ဘေးနားမှာ ငိုက်နေတာ ပလေတိုးများလား။

တိမ်တွေဟာ နေရောင်ကို ဖွက်ထားတယ်။


အပျင်းပြေလမ်းလျှောက်သွားရင် Bras Basah ဘက်ကိုရောက်ပါတယ်။

ဆေးလိပ်မသောက်ရ ဟိုတယ်ကို သဘောကျသဖြင့် မှတ်တမ်းတင်ပါတယ်။ ဆေးလိပ်သောက်ခြင်းသည် သင့်အမျိုးသားဘ၀ကို ထိခိုက်စေနိုင်ပါတယ်။

ဟိုတယ်ရှေ့ကကားကို သဘောကျမိပြန်ပါသည်။
ကိုကာကိုလာဗူးခွံများဖြင့် လုပ်ထားသော F1 ဖြစ်ပါသည်။



စင်ကာပူမှာ စာကိုဘယ်လိုပို့သလဲဆိုတာကို မသိသေးတဲ့သူတွေများပါတယ်။


စာတွေကို ဗုံးခနဲပစ်ချလိုက်တာကိုကြည့်ရင်း စာအိတ်ဗုံးသာပါရင် ကိုယ်ပါ မာလကီးယားနိုင်တယ်ဆိုပြီး ခပ်လှမ်းလှမ်းကနေလျှောက်ပါတယ်။


သေချာအောင် နှစ်ပုံရိုက်လိုက်ပါတယ်။

MRT က ဘုရားပွဲမှာ မီးထွန်းထားတာ။ ကင်မရာမကောင်းတဲ့အတွက် မသိသာဘူး။ အမှန်က avator ထဲက အကောင်တွေတောင် သူတို့နေတဲ့နေရာလိုလို ဘာလိုလို ထင်ပြီး လာကြတယ်လို့ပြောတယ်။


မျက်စင်းခတ်ရတယ်။ ... ပန်းချီကားတွေကြည့်မလို့ ....။
မနှစ်ကတော့ အမေ့အတွက် တစ်ကားဝယ်ဖြစ်တယ်။ ဒီဇင်ဘာကြရင် နောက်ထပ် တစ်ကားဝယ်နိုင်မယ်လို့မျှော်လင့်ရတယ်။




နာမည်မှာ Peace ပါတဲ့ ပန်းချီဆရာရဲ့ကားတွေ။ color combination နဲ့တင် ... ရသတွေ၊ အေးချမ်းမှုတွေ ခံစားရတတ်တယ်။ ကဗျာတွေကိုလည်း အဲဒီလို ရောင်းတဲ့ခေတ်ရောက်စေချင်တယ်။ ကဗျာဖြစ်ဖြစ် ပန်းချီဖြစ်ဖြစ်၊ အနုပညာပစ္စည်းဟာ သိပ်သည်းမှုရှိတယ်။ အနုပညာဆန်တယ်။ ပြီးတော့ တန်ရာတန်ကြေးမရခဲ့ကြတာချင်းလည်းတူတယ်။


လျှပ်တပြက်သတင်းများကို ကြေညာလို့ပြီးပါပြီ။

(ဓာတ်ပုံများကို (Paintings 3 ခုကလွဲရင်) Phone က camera နဲ့ကိုယ်တိုင်ရိုက်ထားပါသည်။ SLR မ၀ယ်နိုင်မီစပ်ကြား ဓာတ်ပုံရိုက်ဝါသနာပါအောင် အရင်လေ့ကျင့်နေတာပါ။ မကြာမီ ပိုမို သပ်ရပ်သော ရိုက်ချက်များကို ရှူစားနိုင်မည်ဟုမျှော်လင့်ရပါသည်။ သိပ်တော့မသေချာပါ။)



Peace B with U.

Monday, October 25, 2010

မင်္ဂလာဆောင် (အက်ဆေး)


မင်္ဂလာဆောင်

If you could lick my heart, it would poison you မင်း ငါ့နှလုံးသားကို လျက်ရင် မင်းပဲ အဆိပ်သင့်လိမ့်မယ် ..... လို့ Ralph Angel ဆိုသည့်အမေရိကန် ခေတ်ပြိုင်ကဗျာဆရာက ပြောဖူးသည်။ အနီးဆုံးကို တိုးလာရင်း လူတစ်ချို့သည် ပိုဝေးသွားကြသည်။ ချစ်သူနှစ်ဦးကြားမှ အကွာအဝေးအကြောင်း သင်တွေးမိခဲ့သေးသလား။ သိပ်နီးလွန်းလျှင် အသက်ရှူကြပ်သည်။ သိပ်ဝေးလွန်းလျှင်လည်း သွေးအေးလာကြပြန်သည်။ ဘယ်လောက်နီးရမလဲ ...ဘယ်လောက်ကွာဝေးရမလဲ .... ဒါကို အဖြေရှာနေကြတာ အခုအထိပါပဲဟုဆိုကြသည်။။ တဂိုးကဗျာထဲကလို အဝေးက လွတ်လပ်ခွင့်ပေးတဲ့ အလင်းရဲ့ လွှမ်းခြုံမှုပဲလား ....။ တခြားအရာတစ်ခုလား အခုအထိေ၀၀ါးရှုပ်ထွေးနေတုန်းပါပဲ။

တစ်ယောက်နှင့်တစ်ယောက် သော့ခတ်သိမ်းထားကြတာ ဘာအတွက်ဖြစ်လိမ့်မလဲ။ ကျွန်တော်တို့၏သစ္စာတရားသည် လက်မှတ်ရေးထိုးမှုထက် အရေးကြီးမှန်း အားလုံးသိခဲ့ကြသည်မဟုတ်ပါလား။ အာဒံသည် ဧ၀ကိုလက်ထပ်ခဲ့သည်ဆိုလျှင် အသိသက်သေမစုံသည့်အတွက် ထိမ်မြားမှုမမြောက်ဟုသတ်မှတ်ရလိမ့်မည်။ ပထမဆုံ့း မင်္ဂလာဆောင်ကို မည်သူတွေ တီထွင်ခဲ့ပါသလဲ .....။ အတော်လေးကို တီတီထွင်ထွင် စတန့်ထွင်ချင်သည့်လူဟုပြောရမည်။ထိုသူတို့၏မိဘတွေကရော ပေါက်တတ်ကရတွေလျှောက်လုပ်သည့်သူများဟု ထိုသူတို့ကိုပြောခဲ့မည်ထင်သည်။ မုတ်ဆိတ်မွှေးတိုစစကို ပွတ်ရင်း ကျွန်တော်အရှည်ကြီးတွေးနေမိသည်။

မင်္ဂလာဆောင်များတွင် ကာနမ်မြို့လက်ထပ်ပွဲသည် အတော်လေး ထင်ရှားသည်။ ၀ိုင်ကြိုက်သည့်သူငယ်ချင်းများက ဂျီးဇပ်စ်ကို လွမ်းနေကြသည်။ .... ရေကသာ စပျစ်ရည်ကောင်းကောင်းရမည်ဆိုလျှင် တိုင်ကီပုံး အလုံးတစ်ရာကို ရေအပြည့်ဖြည့်ရင့်း ဂျီးဇပ်စ်ကို စောင့်နေဖို့ ၀န်မလေးဘူးဟုပြောကြသည်။ ... မင်္ဂလာဆောင်တွင် စပျစ်ရည်ကောင်းကောင်းဧည့်မခံနိုင်လျှင် ဂျူးလုမျိုးများအတွက် အရှက်ရစရာဟုဆိုသည်။ တစ်ဘ၀လုံးအတွက် ရည်ရွယ်ပြီးလက်ထပ်လိုက်သည့် သတို့သမီးထက်တော့ ၀ိုင်များသည် ပိုပြီး အရေးပါစရာမရှိပါ။ ..... ၀ိုင်များသည်သက်တမ်းရင့်လေ ချိုမြိန်လေ ဖြစ်သော်လည်း လူတော်တော်များများအတွက်တော့ အိမ်ထောင်ကျပြီးသည့်အခါတွင် စတင်ခါးသက်လာကြသည်။ ပြောင်းပြန်သက်ရောက်မှုတစ်ရပ်ဖြစ်နိုင်သည်။

တစ်ယောက်ကို တစ်ယောက်ကပိုင်သည်ဟု တရားဝင်သတ်မှတ်သည့် ကိစ္စကိုဖြင့် အောင့်သက်သက်ကြီးဟု ခံစားရသည်။ ဘာနှင့်တူသလဲဆိုလျှင်မြေပုံဆွဲပြီး ကမ္ဘာကြီးကို ပိုင်းလိုက်သလို မျိုးဟုခံစားရသည်။ ကျွန်တော်သည် မြေပုံများကို ယုံကြည်သူမဟုတ်ပါ။ နယ်နိမိတ်မျဉ်းလေးတစ်ကြောင်းသည် ကမ္ဘာကြီးကို ကွဲပြားသွားစေမည်ဟု မယုံကြည်ခဲ့ပါ။ မင်္ဂလာဆောင်ခြင်းကို တစ်ယောက်၏ လွတ်လပ်စွာတည်ရှိမှုကို တစ်ယောက်က နားလည်မှုနှင့် အတူရှိနေကြခြင်းဟု သတ်မှတ်၍ရနိုင်မည်လားကျွန်တော်တွေးနေမိသည် ......။ x ကို y ကပိုင်သည်။ y ကို x ကပိုင်သည်ဆိုလျှင် အမှန်စင်စစ် x နှင့် y သည် တစ်ယောက်နှင့်တစ်ယောက်မပိုင်ကြဘူး ဟူ၍သာ အဖြေရလိမ့်မည်။ ကျွန်တော်တို့သည် တစ်ခြားလူတစ်ယောက်၏ ဘ၀ထဲတွင် subset အဖြစ်နှင့် နေရလောက်အောင် သေးငယ်သူတွေမဟုတ်ကြပါ။ ကျွန်တော်တို့သည် တစ်ခြားသူများ၏ ဘ၀ထဲတွင် belong to ဖြစ်နေရလောက်အောင်လည်း သဘောထားကြီးသူများ မဟုတ်ခဲ့ကြပါ ..........။ ကျွန်တော်တို့ ညီမျှခြင်းလေးတစ်ခုကိုသာ တစ်ယောက်တစ်ခြမ်း တည်ဆာက်ကြည့်ရန် စတင်ကြိုးစားကြည့်ဖို့မသင့်ဘူးလား။

တစ်ယောက်ထဲ ဘ၀တစ်ခုကို နေထိုင်နေရာမှ ... ဘ၀ကို ထက်ခြမ်းကြီးခွဲပေးလိုက်ရသော အရသာကို ပျော်ရွှင်မှုဟုခေါ်ကြမည်လား။ ........ တစ်ယောက်တည်းလုံလောက်သော်လည်း နှစ်ယောက်ဆိုလျှင် ပိုကောင်းမည်ဟု ထင်သော အထင်လေးတစ်ခုကို ကျွန်တော်တို့ ဘယ်နှရာခိုင်နှုန်းစစ်ဆေးကြည့်ပြီးပြီလဲ ......။ သေချာရဲ့လား အထပ်ထပ်၏နောက်တွင် စိမ်းလန်းသော ကျက်စားရာလား .... သေမင်း၏ အရိပ်လွှမ်းသောချောက်လား ....ကိုယ်တိုင်လျှောက်ကြည့်မှ ရောက်လိမ့်မည်ထင်သည်။

ကျွန်တော်တို့ဘ၀တွင် လူပျိုကြီး၊ အပျိုကြီးများကို ဖိတ်စာပေးရသည်ထက် အရသာပိုရှိသော အရာ အနည်းငယ်မျှသာရှိလိမ့်မည်။ ကာ့ထ်ကိုဘိန်းကပြောသည်။ ငါမဟုတ်တာတွေကို ချစ်တာထက် ...ငါ့ကိုယ်ငါ မုန်းတာပိုပါတယ် ...။ ကိုယ့်ကိုယ်ကို သိပ်မချစ်သည့်သူတစ်ယောက်သည် တစ်ခြားသူတစ်ယောက်ကို ရေရှည်(အာမခံပါသည်ဆိုပြီး) ချစ်နိုင်ရန် မလွယ်ကူပါ။ ကိုယ့်ကိုယ်ကိုယ်ပင် နားမလည်ရသည့်အထဲ၊ နောက်ထပ် အလားတူတစ်ယောက်ကို နားလည်ပေးရန်ဆိုသည်မှာ မလွယ်ကူသော ကိစ္စတစ်ရပ်ဖြစ်နိုင်သည်။ ချစ်သူများသည် ချစ်နေဖို့သာလွယ်ကူလေ့ရှိသည်။ ချစ်နေခြင်းတွင် လုံလောက်နေလျက်နှင့် ဘာကြောင့် အပိုင်လိုချင်လာကြပါသလဲ.....။ ဆုံးရှုံးမှုကို ကြောက်ရွံ့သောကြောင့်ဖြစ်လိမ့်မည်။ နှိုင်းရတန်ဖိုးကင်းမဲ့ချိန်တွင် ကျွန်တော်တို့၏ သံယောဇဉ်တစ်အောင်စသည် မည်မျှ အလေးချိန်ရှိခဲ့ကြောင်း ပြောပြနိုင်လိမ့်မည်မဟုတ်ပါ။

ယုံကြည်မှုတည်ဆောက်ခြင်းဆိုသည်ကို အကျဉ်းချုပ်ပြောရလျှင် .... ကျွန်တော်တို့တစ်ယောက်ကို တစ်ယောက် ပိုက်ဆံအစား ယုံကြည်မှု ချေးငှားခြင်းဟုပင် အဓိပ္ပါယ်ရမည်။

မတွေ့ရလျှင် မနေနိုင်တော့၍ ယူလိုက်ရသည်ဆိုသည့် သူငယ်ချင်းများကို တွေ့ဖူးသည်။ သူတို့ မင်္ဂလာဆောင်ြ့ပီးသည့်အခါ တစ်ယောက်ကို တစ်ယောက်များ ထိုင်ကြည့်နေမည်ဟု ထင်ခဲ့မိသည်။။ ..... ထင်ခဲ့မိသည်ဆိုသည့်အတွက် ထင်ခဲ့မိသည်ဟူ၍သာ ..........။

အချစ်သည် ဆေးကုလားမလို ၊ပင်ပွားတွေလိုပွားလာသည်ဆိုလျှင်တော့ အဆင်ပြေနိုင်သည်။ သို့သော် ဘုရားစင်တွင် ထိုးထားသောပန်းများကဲ့သို့ အချိန်ကာလနှင့်အတူ ယိုယွင်းလာလျှင်အဆင်ပြေကြပါ့မလား ......။ အချစ်သည် မင်္ဂလာမဆောင်ခင်အချိန်အထိ ကျွန်တော်တို့နှင့် အတူရှိခဲ့ပါသည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောကြား ...ဆိုသည့်သတင်းအပိုင်းအစတစ်ခုကိုလည်း မျဉ်းသားခဲ့မိသည်။

ခါလီဂျီဗရမ်၏ ပရောဖတ်ကြီးပြောသလို ပျော်ရွှင်မှုဟာဝမ်းနည်းပူဆွေးမှုကြီး မျက်နှာဖုံးကွာသွားတာပါဆိုသည်ကို ကျွန်တော် တွေးပြီး ချွေးစေးတွေပြန်လာသည်။ မျက်နှာဖုံးကွာသွားသည့် အချစ်သည် ဘာတွေများဖြစ်လာမည်လဲ ...... ကြေကွဲဖူးသလောက်ပဲ ပျော်ရွှင်နိုင်သည်ဆိုတာကိုလည်း ...... ခပ်လေးလေးဆက်တွေးမိသွားသည်။ .... သက်ပြင်းနှင့် သက်မ ဘယ်အရာက ပိုလေးလံပါသလဲ။ ..... နိုဝင်ဘာ ညတစ်ညမှာ တစ်ယောက်တည်းတွေးနေမိသည်။ .........

မင်္ဂလာဆောင်သည် ရုပ်ဖျက်ထားသော တောင်းခံစားသောက်မှုမဟုတ်ပါ။ ယဉ်ကျေးမှုရေးမွှေးဖြန်းထားသော ဈေးကွက်စီးပွားရေးဖော်ဆောင်မှုမဟုတ်ပါ။ ဂုဏ်တုဂုဏ်ပြိုင် တေးသံမဟုတ်ပါ။ ဆွေမျိုးများ၏ အမည်စာရင်း ကြော်ငြာမဟုတ်ပါ။ ရခဲ့သည့်ဘွဲ့လက်မှတ်များ၏ မှတ်တမ်းမဟုတ်ပါ။ ဓာတ်ပုံအရိုက်ခံရန် မိတ်ကပ်လိမ်းထားသည့်ပျော်ပွဲလေးတစ်ခု ဖြစ်ရုံမျှလေးမဟုတ်ပါ ...........။ မင်္ဂလာဆောင်သည် အလေးအနက် ကတိသစ္စာပြုလိုက်ခြင်းတစ်ခုရော ဖြစ်နေနိုင်မလား။

နစ်ရှေးကပြောသည်။ ....။ ကျွန်တော်တို့ဟာ ချစ်ဖို့ကို လေ့လာသင်ယူဆည်းပူးသင့်တယ်။ ပညာရေးကဖြစ်ဖြစ် တိုက်ဆိုင်မှုကဖြစ်ဖြစ် သင်ယူဖို့ အခွင့်မပေးခဲ့ဘူးဆိုရင် ကျွန်တော်တို့ဟာ အချစ်ကို နားမလည်တော့ဘူး။ ချစ်နေတဲ့သူတွေကိုလည်းနားမလည်တော့ဘူး။ နစ်ရှေးကို ကျေးဇူးတင်မိသည်။...အပျိုကြီးများ မင်္ဂလာဝတ်စုံတွေကို ကြည့်သည့်အကြည့်တွင် ရန်လိုနေတတ်သည်ကိုလည်း ကျွန်တော်မအံ့သြတော့ပါ။ ...

All marriages are happy. It's the living together afterward that causes all the trouble. ~Raymond Hull ... မင်္ဂလာဆောင်တိုင်းဟာ ပျော်စရာသိပ်ကောင်းတယ်။ မင်္ဂလာဆောင်ပြီး အတူဆက်နေကြတော့မှ ပြဿနာတက်ကြတာ ....။ ဤအဆိုကို သင်ဘယ်လို သဘောရပါသလဲ ...။ အဆိပ်ဖြေဆေးတိုင်းသည်အဆိပ်အနည်းငယ်ပါတတ်သလိုမျိုးများလားဟု တွေးမိသည်။ ကာကွယ်ဆေးတိုင်းသည်ပင်လျှင် ပိုးမွှားများ၏ ဆဲလ်အသေများ ပါဝင်လေ့ရှိခဲ့သည်မဟုတ်ပါလား။

မင်္ဂလာမည့်စုံတွဲများအတွက် လက်စွပ်သုံးကွင်း ရှိသည်ဟုဆိုသည်။ Three rings of marriage are the engagement ring, the wedding ring, and the suffering. ~ Suffering ကို ၀တ်ဆင်ရန် ကျန်လက်စွပ်များကို အရင်ဝတ်ဆင်ကြည့်ကြခြင်းများလား ... ..... ....... .......။

မင်္ဂလာဆောင်သည် ဘ၀နှင့်ရင်းပြီး ကစားလိုက်ရသော နှလုံးသားတစ်ချပ်မှောက်ပွဲဖြစ်ပြီး .... iDEALISTများနှင့် နှလုံးသားအသက်မပြည့်သူများ ကစားခွင့်မရှိသည့်အကြောင်းပြောကြားရင်း ..........။ ။

.........................

(အရင်လို မခင်တော့တဲ့အတွက် ခင်မင်စွာဖြင့်မထည့်တော့ပါဘူး)





Peace B with U.