Tuesday, September 21, 2010

Zephyr is a feminist -ဇက်ဖှာ အစ်စအေဖီးမနစ်စ

Zephyr is a feminist -ဇက်ဖှာ အစ်စအေဖီးမနစ်စ

မကြာသေးမီက မိန်းမလူစွမ်းကောင်းတွေပါဝင်တဲ့ Salt နဲ့ Resident Evil ကားတွေကြည့်ပြီးသကာလမှာ ပို့စ်တစ်ခုရေးဖို့စိတ်ကူးရသွားပုံရပါတယ်။ အင်မတန်ရှည်လျားတဲ့ပို့စ်ဖြစ်တဲ့အတွက် ဖတ်နေရင်း အသက်ကြီးသွားတာမျိုး၊ ပြက္ခဒိန်ကနေ့စွဲတွေပြောင်းသွားတာမျိုးဖြစ်သွားနိုင်တယ်ဆိုတာ ကြိုပြီးသတိပေးပါတယ်။ …..။ အမျိုးသမီးတွေကို အထင်သေးတဲ့သူတွေဖတ်ဖို့မဟုတ်ပါဘူး။ ကိုယ့်ကျန်းမာရေးထိခိုက်နိုင်တာတွေဖတ်ပြီး မူးဝေအော့အန်ရင်လည်း တာဝန်မယူပါဘူး။

Long Long Ago, there was a king ..... အဲဒီအချိန်တုန်းကတောင် King မကြီးရှိတယ်။ Queen ဆိုတာမယဉ်ကျေးဘူးလို့ခံစားရလို့၊ King မကြီးတွေလို့ မြန်မာမှုပြုထားတယ်။ ကိုယ်တို့တွေဟာ ဘုရင်မကြီးလက်ထက်မှာနေခဲ့တဲ့အတွက် အင်္ဂလန်ကို သနားတယ်။ ကိုယ်တို့ကပိုစောတယ်။ ဘုရင်မကြီး ရှင်စောပု ရှိတဲ့အတွက် မြန်မာ့ယဉ်ကျေးမှုမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍဟာ ပိုပြီးဖွင့်ဖြိုးခဲ့တယ်လို့မှတ်တမ်းတွေကဆိုတယ်။

ယောကျာ်းနဲ့မိန်းမ သိပ်ခွဲခြားတဲ့သူတွေဟာ စိတ်ကျန်းမာရေးအတွက် ဆရာဝန်နဲ့ပြန်တွေ့ကြည့်ဖို့ကောင်းတယ်။ ဘုရားဆုပန်မင်းယောကျာ်း ဘာညာအော်နေကြတာေ-ာက်ညင်ကတ်လို့ ... ဘုရားဆုရောပန်ပြီးပြီလား မေးကြည့်ဖို့ကောင်းတယ်။ အခုနောက်ဆုံးပွင့်ထားတဲ့ ဂေါတမမြတ်စွာဘုရားဟာ သုမေဓာဘ၀မတိုင်ခင် အမျိုးသမီးဘ၀ထဲကကို ဘုရားဆုပန်ဖို့ ဆုံးဖြတ်ထားပြီးသားဆိုတာကို မဖတ်ဖူးဘဲ ... သုမေဓာဘ၀မှ ကောက်ခါငင်ခါ ဗျာဒိတ်ခံတာနဲ့ Decision ချတာကို ရောရောထွေးထွေးတွေလာလုပ်တာမျိုးကိုလည်း လက်မခံပါဘူး။ သံသရာ လည်တယ်၊မလည်ရင်လည် ဓာတ်လှေကားလို တက်လိုက်ဆင်းလိုက်ဖြစ်နေတယ်လို့ ယုံကြည်လက်ခံရင် မိန်းမမဖြစ်ဖူးဘူးလို့ ဘာလို့သိပ်သေချာပစ်လိုက်တာလဲ။

ဟိုးပဝေသဏီကတည်းက ကိုယ်တို့ အမျိုးသားထုကြီးဟာ အမျိုးသမီးတွေကို အိမ်ထဲမှာပဲ အသုံးဝင်သူတွေလို့သတ်မှတ်တယ်။ အဲဒီအယူအဆကိုခိုင်မာအောင် တဖြည်းဖြည်းလုပ်ခဲ့ကြတယ်။ အမျိုးသမီးတွေကို တစ်ဆင့်နှိမ့်လိုက်တယ်။ One down လုပ်တယ်။ အမျိုးသားထုကြီးကို ကူညီပေးရန်လောက်သာ လူဖြစ်နေရတယ်ဆိုတဲ့အဆင့််ကို မသိမသာလေးလျှောချထားလိုက်တယ်။ အတော်လေးကို အောက်တန်းကျ သေးသိမ်တဲ့လူတစ်ချို့လို့သတ်မှတ်ရပါမယ်။

စိတ္တရလေခါ ဖတ်တဲ့အချိန်မှာ အဲဒီ အမျိုးသမီးတွေရဲ့ အသိဥာဏ်နဲ့ အခွင့်အလမ်းကိစ္စတွေကို အများကြီးငြင်းခုန်ခဲ့ကြတယ်။ အဲဒီအချိန်က အငြင်းသန်တဲ့သူငယ်ချင်းတစ်အုပ်လုံး စိတ္တရလေခါကို သဘောကျခဲ့ကြတယ်။ အမျိုးသမီးတစ်ယောက်ကို အသိအမှတ်ပြုလိုက်ရတာဟာ အင်မတန်ကြီးကို ခက်ခဲတဲ့ကိစ္စဆိုရင် အဲဒါကို ၀ဋ်နာကံနာလို့မှတ်စေချင်ပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ဥာဏ်ရည်ထက်မြက်မှုမှာ အတူတူပဲလို့လက်ခံလိုက်တာဟာ စိတ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။ မဟာဖိုဝါဒသမားတွေဟာ အမျိုးသမီးတွေကို ဟိုဒင်းမပါလို့ စိတ်ပျက်နေတဲ့သူတွေလို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ အင်မတန် သေးသိမ်တဲ့ အယူအဆဖြစ်ပါတယ်။ အဲဒီအယူဝါဒတွေကို လက်ခံတဲ့သူတွေကလည်း ခပ်ညံ့ညံ့ယောကျာ်းတွေဖြစ်ပါတယ်။ ယောကျာ်းဖြစ်လို့ မြင့်မြတ်သွားတယ်ဆိုတာမျိုးက တော်ရုံတန်ရုံ ထုံအ ညံ့ဖျင်းတဲ့ ဦးနှောက်မျိုးနဲ့ယုံကြည်လို့ရတဲ့ အယူအဆမဟုတ်ပါဘူး။

မြန်မာ့ယဉ်ကျေးမှု၊ အိန္ဒိယယဉ်ကျေးမှုတွေမှာလည်း အမျိုးသမီးတွေရဲ့နေရာကို မီးဖိုချောင်ကနေအတော်လေးထုတ်ဖို့ကြိုးစားခဲ့ရပါတယ်။ အိန္ဒိယမှာ နေရူးရဲ့သမီး Indira Priyadarshini Gandhi Prime Minister ဖြစ်ခဲ့သလို၊ ဂျာမဏီမှာ Angela Dorothea Merkel, ၀န်ကြီးချုပ် ဖြစ်နေတာတောင် အမျိုးသမီးတွေဟာ နိုင်ငံရေးမှာ အလုပ်မဖြစ်ဘူးလို့ အထင်ရောက်နေတဲ့သူတွေမနည်းပါဘူး။ အဲဒါတွေဟာ ဘာလို့ ကျဉ်းမြောင်းတဲ့ အယူအဆတွေ အမြစ်စွဲမှုရဲ့ ရလဒ်ဖြစ်နေရသလဲဆိုရင် ဘာမှမရှိတဲ့လူတစ်ယောက်ဟာ ရှိနေတာလေးကို အဆုံးမခံနိုင်တဲ့ သိမ်ငယ်စိတ်ကြောင့်လို့ပဲထင်ပါတယ်။ IQ ကိုတိုင်းတာဟာ ရူးသွပ်တဲ့ လုပ်ရပ်ဆိုတာ အတော်လေးနားလည်လာကြချိန်မှာ Gender ကိုလိုက်ပြီး တိုင်းတာတဲ့ ပိုရူးသွပ်တဲ့ လုပ်ရပ် သက်ဆိုးရှည်နေတာတော့ အတော်လေးရယ်စရာကောင်းပါတယ်။ အိုင်ကျူဆိုလို့ မဒေါနားရဲ့ အိုင်ကျူဟာ JFK ထက် မြင့်တယ်ဆိုလားဖတ်ဖူးပါတယ်။ ပြန်ရှာကြည့်တော့လည်းဟုတ်တယ်လို့တွေ့ပါတယ်။ မဒေါနားက အိုင်ကျူ ၁၄၀ ရှိပြီး၊ JFK က ၁၁၉ ပဲရှိရှာပါတယ်။ မြန်မာပြည်က ဟိုလူကြီးက အိုင်ကျူ ၁၂ လောက်ရှိပါတယ်။

မြန်မာပြည်မှာ အတော်ဆုံးအမျိုးသမီးဟာ ဒေါ်ခင်မျိုးချစ်လို့သိရပါတယ်။ အများစုလက်ခံတာကိုပြောတာပါ။ လူထုဒေါ်အမာလို အသက်အရွယ်ကြီးတဲ့အထိ စေတနာကြီးမားတဲ့ သွန်သင်ချက်တွေနဲ့ အားလုံးကို ဆုံးမနိုင်တဲ့သူမျိုးတွေနဲ့ယှဉ်ရင် ကိုယ့်ဘာသာကိုယ် လောကကြီးမှာ အမှိုက်လိုနေသွားတဲ့ ယောကျာ်းတွေဟာ အတော်လေးကို သာပေတာပဲလို့ စုတ်တသပ်သပ်ချီးကျူးမိပါတယ်။ ဒေါ်ဦးဇွန်းလို စံပြ အမျိုးသမီးတွေ အကြောင်းလည်း နည်းနည်းပါးပါး ရှာဖတ်ကြည့်ပြီးမှ ယောကျာ်းဘသား မည်ကာမျှနဲ့ ဂုဏ်ယူစရာမရှိဘူးလို့ လက်ခံလိုက်ပါ။

ယောကျာ်းဘ၀ဟာ ရခဲတယ်လို့ပြောပါတယ်။ တရုတ်ပြည်ကြီးမှာ ယောကျာ်းဖောင်းပွမှုပြဿနာရှိနေတာကို ကြည့်ရင် ဒါဟာ သိပ်မဟုတ်တော့ဘူးလို့ ကောက်ချက်ချရပါမယ်။ ရဟန်းဘ၀ကို ရဖို့ အတွက် ယောကျာ်းဖြစ်လို့လိုအပ်ပါတယ်။ အဲဒါကလည်း သေချာစဉ်းစားကြည့်ရင် ရဟန်းတရားကို ကျင့်ပွားဖို့က Gender နဲ့မပတ်သက်ဘူးဆိုတာကို ထပ်မြင်ရပါမယ်။ ရဟန်းနှစ်မျိုးရှိတာကိုသိရင် (၀ိနည်းရဟန်းနဲ့ သုတ္တန်ရဟန်း) ဘယ် ရဟန်းမျိုးဖြစ်ချင်တာလဲ ပြန်မေးရပါမယ်။ ၀ိသာခ နဲ့ ဓမ္မဒိန္နာ ကိုကြည့်ရင်လည်း အမျိုးသမီးတွေကလည်း ရဟန္တာဖြစ်နိုင်တယ်ဆိုတော့ ... တယ်လည်းမထူးပါဘူး။ တရားရဖို့ကိစ္စနဲ့ ရဟန်းဖြစ်ဖို့ကိစ္စမှာ ဘယ်ဟာက ပိုအရေးကြီးလဲဆိုတာကိုလည်း ပြန်မေးခွန်းထုတ်ရမလိုဖြစ်နေပါတယ်။ တရားရဖို့ Gender ကအရေးမကြီးပါဘူး။ ဘုရားလက်ထက်မှာ ဘိက္ခူနီမ သာသနာရှိခဲ့တဲ့အတွက်လည်း အဲဒီအချိန်ကဆိုရင် ပိုတောင်မှ Gender အရေးမကြီးဘူးလို့ ကောက်ချက်ချပါတယ်။

ဒဿနခေတ်ကြီးရောက်လာတဲ့အခါ ဆာ့ထ်နဲ့ ဒီဗူးဗွား စာတွေလှိမ့်ရေးကြတယ်။ အဲဒါကိုတောင် လူကြီးလူကောင်းကြီးတွေကပဲ ဒီဗူးဗွားရေးတာတွေဟာ ဆာ့တ်ကူရေးပေးတယ်ပြောလာတယ်။ မိန်းမတွေတော်တာကို လက်မခံနိုင်ကြတဲ့ အမျိုးသားကြီးတွေရဲ့စိတ်ဓာတ်သေးသိမ်တာကမှ အတော်လေးအောက်တန်းကျတယ်လို့ခံစားရတယ်။

ငယ်တုန်းက ကျောင်းမှာ ကြီးလာရင် ဘာလုပ်ကြမလဲဆိုတော့ ခြောက်တန်းကျောင်းသားကြီးကျွန်တော်စဉ်းစားတယ်။ Housewife ဆိုတာကြီးပဲရှိတဲ့ ကမ္ဘာကြီးမှာ ဖြစ်နိုင်ရင် Househusband လုပ်ချင်ပါတယ်လို့ဖြေလိုက်တယ်။ အတော်လေးစဉ်းစားပြီးဖြေလိုက်တာပါ။ (By the way, this is still my aim in life :P)
ကျွန်တော်တို့တွေဟာ ဘယ်လောက်ပဲ တန်းတူညီမျှမှုကို ဦးစားပေးတယ်ပြောပြော ယောကျာ်းဘ၀က ပိုကောင်းတယ်ဆိုတာကြီးကို တစ်ထစ်ချကြီးလုပ်ထားတာများနေပါပြီ။ တန်းတူညီမျှခြင်းနဲ့ထိုက်တန်တဲ့စိတ်ကို အရင်မွေးပြီးမှ တန်းတူညီမျှမှုကိုတောင်းဆိုတာပိုသဘာဝကျပါတယ်။

သေစာရှင်စာတတ်ရင်တော်ရောပေါ့လို့ပြောတဲ့သူတွေ ၂၁ရာစုမှာ အတော်လေးမျိုးတုန်းသွားပါပြီ။ ဒါပေမယ့် မြန်မာအမျိုးသမီးအတော်များများဟာ ကြည်ညိုလို့မီခိုတယ်ဆိုတာကြီးကို ဆက်လက်ကျင့်သုံးနေတာ တော်တော်စိတ်လေပါတယ်။ ကိုယ့်ဘာသာလုပ်တတ်တာကို ကိုယ့်ဘာသာကို လုပ်တာဟာ ကိုယ့်တာဝန်ကိုယ်ယူရာရောက်ပါတယ်။ အခုခေတ်မှာ ဘာမဆို ရင်ပေါင်တန်းနိုင်ပါပြီ။ Independent ဖြစ်တဲ့ အမျိုးသမီးတွေကို ဘာလို့ယူသင့်သလဲဆိုတာတွေကို တစ်ကမ္ဘာလုံးမှာ ကျယ်ကျယ်လောင်လောင်ပြောနေပါပြီ။ မြန်မာ့ယဉ်ကျေးမှုမှာတော့ ယောကျာ်းကိုပဲ မီခိုရတာတွေသိပ်များနေတော့ ... မိန်းမရဲ့ စွမ်းရည်ကို အပြည့်အ၀သုံးခွင့်မရသလိုဖြစ်စေပါတယ်။ အဲဒါဟာ အင်မတန် ဆိုးရွားတဲ့ လူသားချင်းမစာနာမှုလို့သတ်မှတ်ပါတယ်။ ယောကျာ်းကို မီခိုရမှုနည်းရင် တကယ်လို့ ယောကျာ်းက ဖောက်ပြန်လို့ဖြစ်ဖြစ်၊ ခွင့်လွှတ်လို့မရတဲ့ အမှားကျူးလွန်လို့ပဲဖြစ်ြဖစ် ကွဲမယ်ကွာမယ်ဆိုရင် Independent ဖြစ်တဲ့၊ (အထူးသဖြင့် Financially Independent လောက်တော့ဖြစ်သင့်တယ်။ ) မိန်းမက ကွဲဖို့စဉ်းစားရတာပိုလွယ်ပါတယ်။ ကိုယ့်ကိုယ်ကို ညံ့ခွင့်မပြုလိုက်ပါနဲ့လို့ပဲသတိပေးချင်ပါတယ်။

ပါရမီဖြည့်ဖက်တွေကိုလည်း မိန်းမတွေမို့လို့ အထင်သေးလိုက်တာလို့ ဘုရားလောင်းတောင်မှမလုပ်ခဲ့ပါဘူး။ လုပ်လို့လည်းမရလောက်ပါဘူး။ ဝေသန္တရာဘ၀မှာဆိုရင် ခင်ပွန်းတရားကောင်းကောင်းအားထုတ်နေနိုင်အောင် မဒီဒေ၀ီက ကလေးထိန်း၊ ရေခပ်၊ထင်းခွေ၊ ထမင်းချက်လုပ်နေရတာ အတော်လေး လေးစားဖို့ကောင်းပါတယ်။ စာထဲမှာသင်ရတော့ မဒီဒေ၀ီဆိုရင် ပိန်ပိန်သွယ်သွယ်လေးလို့မခံစားရပါဘူး။ ကာယဗလမယ်တွေလို လူထွားကြီးလို့ပဲမြင်ပါတယ်။ နောက်တစ်ချိန်မှာ ဆရာချစ်လို ရာဇ၀င်ကို ဇာတ်လမ်းပြန်ရေးရင် မဒီဒေ၀ီက စူစကာပုဏ္ဏားကို ကိုင်ပေါက်လိုက်တဲ့တစ်ခန်းလောက်တော့ ထည့်ရေးချင်ပါတယ်။

သီပေါမင်းကို ကြိုးကိုင်တယ်ဆိုတဲ့စုဖုရားလတ်ကိုလည်း အပြစ်မမြင်ပါဘူး။ ညံ့တဲ့သူကို သူ့ထက်လည်တဲ့သူက ဆရာလုပ်မှာပါပဲ။ ညံ့လည်းညံ့ပေါလည်းပေါတဲ့သူတစ်ယောက် အသုံးချခံရတတ်တာ ကမ္ဘာ့ရာဇ၀င်မှာလည်း အများကြီးရှိပါတယ်။ မိဖုရားဖွားစောလိုဘုရင်တွေကိုသြဇာလွှမ်းတဲ့ မိဖုရားကြီးမျိုးလည်းရှိခဲ့ပုံထောက်ရင် မြန်မာအမျိုးသမီးတွေက အရင်ကလည်းက ထက်မြက်ခဲ့တယ်ဆိုတာသိသာပါတယ်။

အခု ကျွန်တော်တို့နေထိုင်တဲ့ လူ့အဖွဲ့အစည်းဟာ ယောကျာ်းနဲ့မိန်းမကို တန်းတူသတ်မှတ်ပါတယ်။ မိန်းမဖြစ်လို့ နိမ့်ကျတယ်လို့ အယူရှိရင် နောက်ဖြစ်လေရာဘ၀တွေမှာ ဖန်ပြွန်သန္ဓေ္ဒသားဖြစ်ရပါလို၏လို့ဆုတောင်းပြီး အမေတွေနဲ့ဝေးဝေးနေပါ။ အမျိုးသမီးတွေပါခွင့်မရတဲ့ အဖွဲ့အစည်းမှာ လူဖြစ်ပါစေလို့ဆုတောင်းပါ။ အမျိုးသမီးတွေကို မချစ်မိသွားအောင် Gay ဖြစ်ဖို့ပါဆုတောင်းလိုက်ပါ။ ဒါဆို အတော်လေး ပြည့်စုံသွားပါပြီ။ ….

စိတ်ဓာတ်အဆင့်အတန်းနိမ့်ကျတဲ့ခေတ်တွေမှာ လူနည်းစုတစ်စုက တစ်ခြားလူစုကို ဖိနှိပ်ထားကြတယ်။ အမေရိကန်မှာဆို လူမည်းဆိုရင် အောက်တန်းစားတွေလို့ အဖြူကောင်တွေကသတ်မှတ်ခဲ့ကြတယ်။ တံခါးပေါက်ကို ရှေ့က၀င်ခွင့်မပေးခဲ့ဘူး။ တကယ်တမ်း အမည်းတွေကလည်း အဖြူတွေလိုတော်လာတဲ့အခါကြ ၀န်မခံချင်ဘဲဝန်ခံလိုက်ရတာပါပဲ။ အဓိပ္ပာယ်မရှိတဲ့ အယူအဆတွေကို များများယုံလေလေ စိတ်ပိုင်းဆိုင်ရာ လွတ်လပ်မှုရဖို့ဝေးကွာလေလေပါပဲ။ အဲဒီအဓိပ္ပာယ်မရှိတဲ့ အယူအဆတွေကလည်းကျဆုံးရမှာပါပဲ။

ခွန်အားကို အသုံးပြုရတဲ့ တိရိစ္ဆာန်လောကမှာတော့ ခွန်အားကြီးတဲ့သူက ပိုအရေးပါတာမှန်နိုင်ပေမယ့်၊ ပညာနဲ့တည်ဆောက်ထားတဲ့ လူ့အဖွဲ့အစည်းမှာတော့ ဦးနှောက်နဲ့အသိဥာဏ် ၊ ယဉ်ကျေးမှု အဆင့်အတန်း၊ စိတ်ပိုင်းဆိုင်ရာမြင့်မြတ်မှုတွေနဲ့ပဲ ကျွန်တော်တို့ တိုင်းတာကြတဲ့အခါ ခွန်အားဟာ အလကားဖြစ်သွားပါပြီ။ အမေရိကန်တွေရဲ့ Nuke ဒုံးကျည်တွေပစ်လိုက်ဖို့ ပစ်မိန့်ကိုပေးရမယ့်သမ္မတဟာ အမျိုးသားဖြစ်နေဖို့မလိုတော့ပါဘူး။ လူဖြူဖြစ်နေဖို့လည်းမလိုတော့ပါဘူး။ ဒီ Paradigm Shift ဖြစ်သွားတာကို ၀ါးလုံးခေါင်းထဲက မတွေ့လိုက်ရဘူးဆိုရင်လည်း စိတ်မကောင်းပါဘူး။ ကမ္ဘာမှာတော့ Gender ကို ဖောင်ဖြည့်တဲ့နေရာမှာပဲ သုံးပါတော့တယ်။ စကားထဲသိပ်ထည့်မပြောတော့ပါဘူး။

ပိုက်ဆံအကြောင်းသိပ်ပြောတဲ့သူဟာ ပိုက်ဆံရဲ့ကျေးကျွန်လို့ပြောကြတယ်။ ပိုက်ဆံအကြောင်းပြောစရာမလိုလောက်အောင်ချမ်းသာသွားတဲ့သူတွေဟာ ပိုက်ဆံအကြောင်းမပြောဘဲမေ့ထားလို့ရတယ်။ ဒီလိုပါပဲ ကိုယ့်ကိုယ်ကို ကျေနပ်သွားတဲ့သူဟာ တခြားသူအကြောင်းကို တွေးနေဖို့မလိုတော့ပါဘူး ….။ ကိုယ့်ဘာသာကိုယ်ယောကျာ်းဖြစ်ရတာ သိမ်ငယ်မနေရင် ဘယ်အမျိုးသမီးကိုမှ လိုက်ပြီး အထင်သေးနေစရာမရှိပါဘူး။ မကျေမနပ်ဖြစ်ပြီး လက်မခံနိုင်တဲ့ အရာတစ်ခုခုရှိနေတယ်ဆိုရင် သေချာတာကတော့ အဲဒီ အရည်အချင်း၊(ဂုဏ်ရည်တစ်ခုခု) ကိုယ့်မှာ ချို့တဲ့နေတာကို ခံရခက်နေတာဖြစ်နေနိုင်ပါတယ်။ အထင်သေးတယ်ဆိုတာက တကယ်တော့ ကိုယ်ဟာ စိတ်ဓာတ် သေးသိမ်နိမ့်ကျပါတယ်လို့ အကျယ်တ၀င့်ဝန်ခံလိုက်တာမျိုးပါပဲ။

ယောက်ျားဖြစ်တာ မိန်းမဖြစ်တာတွေထက် ကိုယ်ဘယ်လိုလူဖြစ်သလဲဆိုတာက ပိုအရေးကြီးပါတယ်။

ခင်မင်စွာဖြင့်
Zephyr

Notes:

ဘွားအေကြီးအားအမှူးထား၍
မိခင်ကြီးနှစ်ပါးကို သတိရ လွမ်းဆွတ်စွာဖြင့် ....................။

Thank U all, Grandma, and moms :) for your unconditional love ....
Thank U grub for reading my post :)



Peace B with U.