Sunday, September 27, 2009

မပို့ဖြစ်သေးတဲ့စာတစ်စောင်

ကဲကဲနဲ့ ၀တုတ်၊

ဦးငယ်စာရေးလိုက်ပါတယ် ...။ နေကောင်းကြလား ....။ အိမ်မှာနေရတာ အဆင်ပြေရဲ့လား။ ခွေးတွေနဲ့ရော တဲ့ပြီလား။

ကျောင်းစာလိုက်နိုင်တယ်လို့ ဦးကြီးပြောပြလို့သိရတယ် ...။ ကျောင်းစာတွေကို မလိုက်နိုင်လဲကိစ္စမရှိပါဘူး။ လူတွေနဲ့ ခင်ခင်မင်မင်နေပါ။ တတ်နိုင်သမျှကူညီပါ။ စိတ်ကောင်းထားပါ။

ခွေးတွေကို မုန့်များများကျွေးပါ။ သူတို့ခင်တတ်ပါတတ်ပါတယ်။ သူတို့ကိုချိုချိုသာသာပြောပါ။ မငေါက်ငမ်းပါနဲ့။ သူတို့မကြိုက်ဘူး။ မနက်မိုးလင်းရင် ဘုရားရှိခိုးပါ။ အစာလာတောင်းတဲ့စာကလေးတွေကို အစာကျွေးပါ။ ပန်းပင်တွေကိုရေလောင်းပါ။ ခြံဝင်းထဲမှာ အမှိုက်လှည်းပါ။ ပြီးရင် အိမ်ထဲမှာ တံမျက်စည်းလှည်းပါ။ ခုံတွေကို ဖုံသုတ်ပါ။ ငါးတွေကို အစာကျွေးပါ။ သူတို့ကို နှုတ်ဆက်ပါ။ ....။ ကော်ဖီဖျော်ပါ။ မနက်စာ လုပ်တာ မပြီးသေးရင် စောင့်ရင်း စာဖတ်ပါ။

စာတွေကို သေသေချာချာဖတ်ပါ။ မနှစ်ကစာကိုလည်း လိုအပ်ရင်ပြန်ဖတ်ပါ။ နားမလည်တာကိုလည်း ဖတ်ပါ။ နားလည်တာကိုလည်းဖတ်ပါ။ စိတ်ဝင်တစားဖတ်ပါ။ စာနာရီဝက်လောက်ဖတ်ပြီးရင် မနက်စာစားပါ။

မနက်စာစားခါနီးမှာ ပြုံးပြုံးရွှင်ရွှင်နေပါ။ အစာ မစားရတဲ့လူတွေ ကမ္ဘာပေါ်မှာ သန်းပေါင်းများစွာရှိတယ်။ သူတို့တွေ အစာ၀၀စားရပါစေလို့ ဆုတောင်းပါ။ ... စားရတဲ့အစာတွေအတွက် အဘွားတွေကို ကျေးဇူးတင်ပါ။ ဒီအစာတွေဟာ လယ်သမားတွေစိုက်ပျိုးလို့ရလာတာတွေလည်းဖြစ်လို့ သူတို့ကိုလည်းကျေးဇူးတင်ပါ။ ကမ္ဘာမြေကြီးမှာ စိုက်ပျိုးလို့ ကမ္ဘာမြေကြီးကိုလည်း ကျေးဇူးတင်ပါ။ ...။ စားခါနီးမှာဝိုင်းထဲမှာရှိတဲ့ အကြီးတွေကိုဦးချပါ။ ဒါဟာ အပိုလုပ်တာမဟုတ်ဘူး ... သူတို့ပြန်ပေးတဲ့အခါ ဂရုတစိုက်ယူပါ ...။ အလကားနေရင်း ကုသိုလ်ရအောင်နေပါ ....။ စားတဲ့အခါ ဖြည်းဖြည်းစားပါ။ ကျေညက်အောင်စားပါ။ သုံးလေးခါဝါးပြီးမှ မျိုချပါ။ အလောတကြီးမစားရဘူး။ ဇွန်းကို စားတဲ့အခါတိုင်း သတိထားပြီးခပ်ပါ။ ဇွန်းသံမမြည်အောင်စားပါ။ စကားပြောစရာရှိတာပြောရင် ပါးစပ်ထဲကအစာမျိုချပြီးမှပြောပါ ...။ ပါးစပ်ထဲမှာ အစာတွေနဲ့ ပလုံးပထွေးပြောတာ မကောင်းဘူး။ မပြောရဘူးနော်။

အစာစားပြီးရင် ခုံတွေကို ပြန်ရွှေ့ပါ။ စားပွဲကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လုပ်ပါ။ ပန်းကန်တွေကို ဆေးမယ့်အလှည့်မဟုတ်ရင် ဆေးတဲ့ဆီကို သယ်သွားပေးပါ။ များနေရင် ဖြည်းဖြည်းခွဲသယ်ပါ။ ဖြည်းဖြည်းပဲလုပ်ပါ။ ကျောက်စည်ထဲက ငါးတွေကိုလည်း လန့်အောင်မလုပ်မိစေနဲ့ ...သူတို့ဘာသာ အေးအေးချမ်းချမ်းနေပါစေ ....။ အုန်းပင်ပေါ်က ကျီးကန်းကိုလည်း စားစရာပါရင် .. သူ့ကို ကျွေးမယ့်နေရာမှာ ထားပေးပါ။ မနက်စောစောမှာ သူတို့လည်းဗိုက်ဆာတယ် ...။ သူတို့ကိုလည်း တစ်ခုခုကျွေးစရာ အကျန်ရှိရင်ကျွေးလိုက်ပါ။

တနင်္လာနေ့၊ ဗုဒ္ဓဟူးနေ့လို ဆွမ်းဆန်စိမ်းလောင်းစရာလိုတဲ့နေ့တွေမှာ အိမ်ရှေ့မှာ အလှူလာခံတဲ့အသံကို ဂရုစိုက်ပါ။ ဆွမ်းလောင်းတဲ့အခါ ဆန်ကို အပြည့်ခပ်ပါ။ လောင်းခါနီးမှာ ဖိနပ်ချွတ်ပါ။ အလှူကို မြင့်မြင့်မြတ်မြတ်လှူပါ။ တောင်တွေးမြောက်တွေးလုပ်ရင်လှူရင် အကျိုးပေးကြာလိမ့်မယ်။ လှူပြီးရင် လှူဖြစ်လိုက်တာအတွက် စိတ်ချမ်းသာပါ။ ပျော်ပျော်ရွှင်ရွှ့င်နေပါ။ ကလေးတွေမပျော်ရင် လူကြီးတွေလည်း မပျော်ဘဲနေမယ်။ လူကြီးတွေကို နားလည်ပါ။ သူတို့မှာ သောကပိုများတယ်။ စိတ်ဆင်းရဲစရာပိုများတယ်။ သူတို့ကိုလည်း ဂရုစိုက်ပါ။ သူတို့ခိုင်းရင် သွက်သွက်လက်လက်လုပ်ပေးပါ။ သူတို့ပြောတာကို ဆုံးအောင်နားထောင်ပါ။ သူတို့ဘာကို ပြောချင်တာလဲ သေချာသိအောင်နားထောင်ပါ။ လူကြီးတွေစကားပြောနေတုန်း ကြားက ဖြတ်မပြောပါနဲ့။ သူတို့ကဆုံးမရင်လည်း ကောင်းကောင်းမွန်မွန်နားထောင်ပါ။

တူမလေးနှစ်ယောက်လုံး မပျင်းကြနဲ့။ စိတ်ကို ထက်ထက်မြက်မြက်ဖြစ်ချင်ရင် မပျင်းရိနဲ့။ အားနေရင် ဘုရားစာတစ်ခုခု ဆိုနေပါ။ စာအုပ်တွေဘာတွေ စီပါ။ လုပ်စရာတစ်ခုခုကို ရှာပြီးလုပ်ပါ။ အားနေတဲ့အခါ စာဖတ်ပါ။ ကျောင်းစာမဟုတ်တာတွေများများဖတ်ပါ။ မြန်မာဖြစ်ပြီး မြန်မာစာအားနည်းတာ ရှက်စရာအကောင်းဆုံးပဲ။ မြန်မာစာကို မြန်မာတိုင်းနားလည်အောင် ရေးတတ်ပြောတတ်ဖို့လေ့ကျင့်ပါ။

အရေးကြီးတာတစ်ခုက သူများမကောင်းတာ မပြောကြနဲ့။ မကောင်းတဲ့သူတွေအများကြီးရှိနေတဲ့ကမ္ဘာမှာ သူတို့မကောင်းကြောင်းပြောနေရတာ အချိန်သိပ်ကုန်တယ်။ ကိုယ်လုပ်စရာရှိတာလုပ်ပါ။ အချိန်က အလကားမရဘူး။ ကိုယ့်အရည်အချင်းပိုတိုးတက်နေအောင်လုပ်ပါ။

English စာအတွက် ဦးငယ်သိမ်းထားတဲ့စာအုပ်တွေရှာဖတ်ပါ။ စကားလုံးအသစ်တွေနေ့တိုင်းကျက်ပါ။ English စာလုံး နှစ်ထောင် အလွတ်ရရင် ဦးငယ် မုန့်ဖိုးပေးမယ်။ မုန့်ဖိုးကတော့ စာမကျက်လည်းရမှာပါ။ ဒါကတော့ အပိုမုန့်ဖိုးပေးတာပါ။ Bonus ပေါ့။ မုန့်ဖိုးရတဲ့အခါတွေမှာ ဘာတွေလုပ်ကြသလဲ။ ဦးငယ် ငယ်တုန်းကတော့ စုဗူးကြီးကြီးတစ်ခုဝယ်ထားတယ်။ ရတဲ့မုန့်ဖိုးတွေကို စုစုထားတယ်။ များလာတဲ့အခါ ဘဏ်မှာ အပ်ဖို့ ဘဏ်စာရင်းလုပ်ထားပေးခိုင်းတယ်။ ငယ်ကတည်းက ပိုက်ဆံမစုထားရင် ကြီးလာတဲ့အခါ သုံးစရာမရှိရင် ဘယ်လိုလုပ်မလဲ။ အသက်ကြီးလာရင် ပိုက်ဆံများများရှာမယ်လို့ စိတ်ကူးပါ။ တရားမျှတတဲ့နည်း၊ သမ္မာအာဇီဝနည်းနဲ့ ပိုက်ဆံများများရအောင်ရှာပါ။ အခုအရွယ်မှာ ပိုက်ဆံမရှာနိုင်သေးပေမယ့် ရှာနိုင်တဲ့ပညာကို ရအောင်ယူပါ။ ကံမကောင်းတဲ့သူတွေဟာ ဘာလုပ်လုပ် အဆင်မပြေကြဘူး။ အဆင်ပြေဖို့ဆိုတာ ကံကောင်းဖို့လိုတယ် ...။ ကံကောင်းချင်ရင် စိတ်ကောင်းထားရမယ်။ တခါတလေကောင်းတာမျိုးမဟုတ်ဘဲ အမြဲကောင်းအောင်နေရမယ်။ သူငယ်ချင်းတွေကို ချစ်ပါ။ သူတို့အပေါ်မှာ အမြဲကောင်းပါ။

ဘယ်သတ္တ၀ါကိုမှ မသတ်ပါနဲ့။ အကောင်လေးသေးသေးလေးတွေကိုလည်း သူ့ဘာသာသူနေပါစေ ...။ ပုရွက်ဆိတ်လေးတွေလာရင် သူတို့မသေအောင် ဖြည်းဖြည်းဖယ်ပါ။ အိမ်ဘေးအပြင်နားမှာ ပုရွက်ဆိတ်တွေ အသိုက်ဆောက်ထားတဲ့နားမှာ ဦးငယ် လက်သည်းအမြဲညှပ်တယ် ...။ ဒီလက်သည်းစတွေနဲ့ သူတို့ အိမ်လေးဘာလေးဆောက်ကြတယ်။ လက်ထိပ်မှာရှိတဲ့ အရေခွံတွေကိုလည်း ညှပ်ပေးလိုက်တယ် ...။ သူတို့အတွက် ဆောင်းရာသီ အသားရိက္ခာခြောက်ရအောင်လို့။ တခါတလေ .. သူတို့အိမ်နားမှာ ဆန်စေ့လေးတွေချပေးထားတယ်။ သူတို့လာသယ်တာကို ထိုင်ကြည့်နေရတာ ဦးငယ်သဘောကျတယ်။ မနိုင်မနင်းမနေတဲ့ ကောင်တွေကိုလည်းတွေ့မယ်။ တခါတလေ ၀င်ကူညီတတ်လွန်းတဲ့ကောင်တွေတွေ့မယ်။ မသိချင်ယောင်ဆောင်တဲ့ ပုရွက်ဆိတ်ကိုလည်းတွေ့တယ်။ သူတို့ရဲ့ဘ၀ကိုသိရင် တူမလေးတို့လည်း ပုရွက်ဆိတ်တွေကိုချစ်မှာပါ။ သူတို့ကိုမသတ်ပါနဲ့။ တစ်ခါတစ်လေ သူတို့က ကြောက်လို့ကိုက်လိုက်တာ။ သူတို့ကိုနားလည်ပါ။ သူတို့က အကောင်သေးသေးလေးတွေ ကိုယ်သတ်ရင် သူတို့သေမယ်။ မသတ်ရဘူး။ ကိုယ့်ထက်အားနည်းတဲ့သူကို ဘယ်တော့မှ အနိုင်မယူရဘူးနော်။ နောက်ခြင်တွေရှိမယ်။ မြန်မာပြည်မှာ ခြင်ကိုက်တာ မထူးဆန်းဘူး။ ခြင်ဆေးထွန်းပါ။ ယပ်ခတ်ပါ။ ခြင်တွေကိုလည်းမသတ်ရဘူး။ သူတို့ကိုသတ်ရင် သူတို့နာကျင်ပြီးသေရတယ်။ ကိုယ့်ကိုသတ်မှာလည်း တူမလေးတို့ကြိုက်မှာမဟုတ်ဘူး။ လက်ဝါးကြီးနှစ်ဖက်နဲ့ ဖြန်းကနဲရိုက်သတ်လိုက်တာဟာ သူတို့အတွက် ကျောက်ဖျာအကြီးကြီးညပ်သွားသလိုနေမှာ။ သနားစရာ။ ခြင်တွေမအောင်းအောင် အိမ်ဝင်းကို သန့်သန့်ရှင်းရှင်းထားပါ။ အိမ်ထဲကို အလင်းရောင်ရအောင် နေ့လည်ပိုင်းမှာ တံခါးတွေဖွင့်ထားပါ။

အိမ်မှာ အလေးအပင်တွေ သယ်ပေးစရာလိုရင် ခါးကုန်းပြီးမမပါနဲ့။ ထိုင်ပြီးမပါ။ ခါးနာမယ်။ စနစ်တကျလုပ်တတ်အောင် ငယ်ကတည်းက ဂရုစိုက်ပါ။ ကိုယ့်ပစ္စည်းအသေးအဖွဲကို နေရာတကျထားပါ။ ကိုယ့်စာကြည့်စားပွဲနဲ့ကိုယ်စာကြည့်ပါ။ တစ်ယောက်စာကြည့်နေတုန်း တစ်ယောက်က မနှောင့်ယှက်ရဘူး။ တစ်ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင်နေရမယ်။ ရန်မဖြစ်ရဘူး။ အနိုင်မကျင့်ရဘူး။ ဦးငယ်ကိုဆို ဦးကြီးက ငယ်ကတည်းက သိပ်အလိုလိုက်တယ်။ သိတတ်တဲ့အရွယ်ရောက်ကတည်းက ဦးငယ်နဲ့ဦးကြီး ရန်မဖြစ်တော့ဘူး။ သိပ်ငယ်တုန်းကတော့ဖြစ်တယ်။ ရန်ဖြစ်လည်း ခဏပဲ။ပြီးရင် ပြန်တောင်းပန်တယ်။ တခုခုမှားသွားရင် sorry လို့ပြောပါ။ အကြီးက အငယ်ကို မှားရင်လည်း အကြီးက အငယ်ကိုတောင်းပန်ပါ။ ငါအကြီးပဲဆိုပြီး အနိုင်မယူပါနဲ့။ တောင်းပန်လိုက်တာဟာ အားလုံးကိုပြေလည်သွားစေတယ်။ အညှိုးအတေးမထားရဘူး။ မကျေနပ်ရင် ပွင့်ပွင့်လင်းလင်းပြောပါ။ စိတ်ထဲမှာ မမှတ်ထားရဘူး။ စိတ်ထဲမှာ အညှိုးအတေးများတဲ့သူဟာ မျက်နှာမှာ အမှောင်ရိပ်တွေပေါ်လာတယ်။ အဲဒီအမှောင်ရိပ်တွေကြောင့် တွေ့တဲ့သူတွေက သူ့ကို မချစ်ခင်ဘူး။ စာကျက်ရင်လည်း စိတ်ထဲမှာ အညှိုးအတေးတွေနဲ့စာကိုအာရုံမစိုက်နိုင်ဘူး။ အဲဒါကြောင့် အညှိုးအတေးမထားရဘူး။ အငယ်ကလည်း အကြီးကို ပြန်မပြောရဘူး။ သူမှားနေတယ်ဆိုရင် မှားနေတယ်လို့ပဲပြောပါ။ လူကြီးတွေရှေ့မှာပဲပြောပါ။ ချစ်ချစ်ခင်ခင်ပဲပြောပါ။ အပြစ်ရှာပြီးပြောတာမျိုးက အလကားပဲ။ အသုံးမ၀င်ဘူး။ ညီအစ်မနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မချစ်ခင်ရင် ဘယ်သူ့ကို ချစ်ခင်မှာလဲ ....။ အဲဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်ချစ်ပါ။ မနက်ဆို အရင်နိုးတဲ့သူက နောက်မှ နိုးတဲ့သူအတွက် သွားပွတ်တံမှာ သွားတိုက်ဆေးထည့်ပေးထားပါ။ သွားပွတ်တံကိုလည်း နှစ်လတစ်ကြိမ်လဲပါ။ မနှမြောပါနဲ့။ မနက်တစ်ကြိမ် ညတစ်ကြိမ် သွားတိုက်ပါ။

ကျောင်းမှာ စာချည်းပဲမလုပ်ပါနဲ့။ အားကစားတစ်ခုခုလုပ်ပါ။ လိုတာ ဦးငယ်ဆီကိုမှာပါ။ ဆရာမတွေ တော်တော်များများ ဦးငယ်နဲ့သိတယ်။ သူတို့က ဦးငယ်ကိုမေးရင်လည်း နေကောင်းတယ်လို့ပြောပေးပါ။ သူတို့က ဦးငယ်လို စာတော်အောင်ကြိုးစားလို့ တူမေလေးတို့ကို ပြောရင် ခေါင်းညိတ်ပြလိုက်ပါ။ တကယ်တော့ ဦးငယ် ကိုးတန်းအထိ စာမကြိုးစားပါဘူး။ ကျောင်းမှာ ဆော့လိုက်စားလိုက်ပါပဲ။ စာတွေသိပ်ကြိုးစားလွန်းတာကို ဦးငယ်အားမပေးဘူး။ တကယ်တော်တဲ့သူဟာ သင်လိုက်တာနဲ့နားလည်ရမယ်။ ပြန်မေးရင် ချက်ချင်းသိရမယ်။ သင်လိုက်တုန်းမှာ အာရုံစိုက်ပါ။ နားမလည်ရင် ကျောင်းမှာကတည်းကနားလည်အောင်ကြိုးစားလာပါ။ ကျောင်းစာတွေပိပြီး အိမ်မှာ မကစားနိုင်တဲ့ကလေးတွေဟာ လူညံ့တွေပဲ။ တူမလေးတွေလည်း လူညံ့မဖြစ်စေနဲ့။

ဥာဏ်ကောင်းဖို့ နေ့တိုင်းဆုတောင်းပါ။ ဘုရားစာများများရွတ်ပါ။ ငါဥာဏ်ကောင်းတယ်လို့ မကြာမကြာတွေးပေးပါ။ စာကျက်ခါနီး .. စာအုပ်ကို ကိုင်ပြီး ဒီစာတွေကို ငါ ကျက်လိုက်တာနဲ့ရပြီး ဘယ်တော့မှ မမေ့တော့ဘူးလို့ စိတ်ထဲကပြောပါ။ စာလုပ်ချိန်ကို ၃ နာရီ မထတမ်း မလုပ်ပါနဲ့။ နိုင်သလောက်လုပ်ပါ။ ပျင်းရင် လမ်းထလျှောက်ပါ။ လမ်းထလျှောက်ရင်း အညောင်းဆန့်ပါ။ ရေလေးဘာလေးထသောက်ပါ။ အညောင်းပြေလျှောက်ရင်း ခွေးတွေကို ထန်းညက်လေးဘာလေးကျွေးပါ။ ဘယ်ကုသိုလ်ပဲလုပ်လုပ် ဥာဏ်ကောင်းဖို့နဲ့ ကံကောင်းဖို့ကို ဆုတောင်းပါ။ စာတွေရသွားရင် အစအဆုံးစိတ်ထဲကနေဖြည်းဖြည်းချင်းပြန်ဆိုကြည့်ပါ။ စိတ်ထဲမှာ ရသွားပြီဆိုရင် သေချာတယ်။ ဒီစာက ကိုယ့်စာဖြစ်သွားပြီ။ ဘယ်တော့မှမမေ့တော့ဘူး။ သိပ္ပွံရယ်။သချာင်္ရယ် တော်အောင်ကြိုးစားပါ။ ကျန်တာတွေညံ့တာကပြဿနာမဟုတ်ဘူး ...။ သိပ္ပံနဲ့သချာင်္ညံ့ရင် အဲဒီခေါင်းမျိုးက စာသင်ဖို့မကောင်းဘူး။ ခက်ခဲမယ်။

အမြဲတမ်းတတ်နိုင်သမျှကောင်းတာလေးတွေကို စိတ်ကူးပါ။ ငါဘယ်လိုလှူမယ.်။ ဘယ်လိုကောင်းတာလုပ်မယ်ဆိုတာကို တွေးထားပါ။ စာအုပ်လေးတစ်အုပ်စီသပ်သပ်ထားပြီး၊ ကိုယ်လုပ်ချင်တာကို ရေးထားပါ။ ရေးထားတာလေးတွေဖြစ်အောင်လုပ်ပါ။ ဦးငယ်ငယ်တုန်းကလည်း အဲဒီလိုပဲ ရေးချင်တာတွေရေးထားတာ အများကြီးရှိတယ်။ အခုလည်းအဲဒီစာအုပ်လေးထဲကဟာတွေပဲ ဦးငယ်ရအောင်လုပ်နေတုန်းပဲ။

အရေးကြီးပြီးအခုမှပြောဖြစ်တာက ဦးငယ်ကလည်း တူမလေးနှစ်ယောက်စလုံးကိုချစ်ပါတယ်။
အမရဲ့သမီးတွေမလို့ချစ်တာမဟုတ်ပါဘူး။ ချစ်စရာကောင်းလို့ချစ်တာပါ။ လိမ္မာလို့ချစ်တာ၊ စာကြိုးစားလို့ချစ်တာလည်းမဟုတ်ပါဘူး။ ဘာအကြောင်းပြချက်မှမရှိဘဲချစ်တာ။ ဦးငယ် က တူမလေးတို့ကို ကျောင်းထားပေးတာ၊ အိမ်မှာနေခိုင်းတာဟာ ဦးငယ်ရဲ့တာဝန်ရှိလို့လုပ်ပေးတာ။ ဦးငယ်ရဲ့အလုပ်ကိုက တူမလေးတွေကို ကျောင်းထားပေးဖို့နဲ့ လူကောင်းလေးတွေဖြစ်လာအောင် ဆုံးမပေးဖို့ပဲ။ တူမလေးတို့ကြီးလာတဲ့အခါ ကိုယ့်ဘ၀အတွက် ကိုယ်ကြိုးစားရဦးမယ်။ အဲဒီအခါကြရင် အဆင်ပြေအောင် ဦးငယ်က အခုပြောနေတာ....။ ဦးငယ်နဲ့ဦးကြီးကို ဘယ်သူကမှ မဆုံးမခဲ့ဘူး။ ဆုံးမရင်လည်း ဦးငယ်တို့က နားမထောင်ဘူး။ ကိုယ်မှန်တယ်ထင်တာပဲ အမြဲလုပ်ခဲ့တယ်။ ဦးငယ်ရဲ့ အဖေနဲ့အမေက ဦးငယ်ကို တစ်ခါမှ မရိုက်ခဲ့ကြဘူး။ မရိုက်လို့ လူဆိုးဖြစ်သွားမယ်ဆိုရင် ဦးငယ်လည်း လူဆိုးဖြစ်နေမှာပေါ့။ တူမလေးတို့လည်း ဦးငယ်ပြောတာတွေကို လုပ်နိုင်သလောက်လုပ်ပါ။ မလုပ်နိုင်တာတွေမလုပ်ပါနဲ့...။

ညဘက် အိပ်ရာဝင်ခါနီး ဘုရားရှိခိုးပါ။ မေတ္တာပို့ပါ။ အမျှဝေပါ။ ဒီနေ့တစ်နေ့လုံးနေခွင့်ရတဲ့အတွက် သဘာဝတရားကိုကျေးဇူးတင်ပါ။ ညဘက် ဘုရားရှိခိုးပြီးချိန်ကစပြီး စကားမပြောပါနဲ့။ တိတ်တိတ်ဆိတ်ဆိတ်လေးနေပြီး အေးအေးချမ်းချမ်းအိပ်ပါ။ မနက်နိုးလာတဲ့အထိ တိတ်တိတ်လေးနေပါ။

စိတ်ချမ်းသာအောင်နေပါ။
ပျော်ပျော်ရွှင်ရွှင်နေပါ။
တစ်ခုခု လိုရင် ဦးငယ်ဆီကိုမှာပါ။


ငြိမ်းချမ်းစွာဖြင့်
ဦးငယ်

..................................................................................................................................

ခင်မင်စွာဖြင့်
Zephyr

Notes:
တူမလေးနှစ်ယောက်ဆီကို ပို့မယ့်စာပါ။ ကလေးတွေကို ပျော်ရွှင်စေချင်တဲ့လူကြီးတစ်ယောက်က ကလေးတွေကို မဆုံးမချင် ဆုံးမချင်နဲ့ဆုံးမထားတာကိုတွေ့ပါလိမ့်မယ်။ သူတို့တွေရဲ့မိဘတွေမရှိတဲ့အတွက်၊ အုပ်ထိန်းသူကြီးက ဆုံးမထားတာပါ။ :P ။



Peace B with U.