Friday, May 18, 2012

သူဖန်ဆင်းတဲ့လောက။


သူဖန်ဆင်းတဲ့လောက။

အဖြူရောင်အခန်း။

ဖြူလွင်လွန်းသောအခန်းတွင်းသို့ ဆရာဝန်တစ်ယောက်ဝင်လာသည်။
သူ့ကိုပြုံးပြသည်။ သား နေကောင်းတယ်မဟုတ်လား။

သူ့ကိုမေးနေဟန်တူသည်။
သူသည် နေမကောင်းသူတစ်ယောက်ဖြစ်ဟန်တူသည်။
သား နေကောင်းတယ်။ နေမကောင်းတာက ကောင်းကင်ကြီးတစ်ခုပါ။
ဆရာဝန်၏ မျက်နှာ အပြုံးဗို့အား အနည်းငယ်ကျသွားသည်။ တစ်ဖက်မြင် မှန်ချပ်များဖြင့် ကာရံထားသော အခန်းအပြင်မှ နူးညံ့သောမျက်ဝန်းတွင် မျက်ရည်များယိုစီးကျနေသူမှာ ချစ်သူဖြစ်မည်။
ကိုယ့်အတွက် ငိုမယ့်အစား ကောင်းကင်ကြီးအတွက် ငိုကြည့်ပါလား။
သူနှစ်သိမ့်နေကြောင်း သူမ မသိနိုင်ပါ။

အဖြူရောင်အခန်းသည် သူ့အတွက်တော့ လုံလောက်သော လောကဖြစ်သည်။ သူပြုံးပြနေသော လေထုကြီးတွင် နှစ်လိုဖွယ် လက်တံများရှိနေခဲ့သည်။ ယခုတော့ သူငိုရန်ဖြစ်သည်။ အလှည့်ကျပဲသွားတာကောင်းလိမ့်မည်။ လောကကြီးရေ .... ဟန်ချက်မပျက်စေနဲ့။ လူမိုက်တွေကို အလှည့်ပေးပါ။ အဖြူရောင်အခန်းအတွင်းမှ ဖြူစင်သော အလင်းရောင်မှာ သူကိုယ်တိုင်ပင်ဖြစ်သည်။ မီးစာကုန်ဆီခမ်းဆိုသောအရွယ်သို့ရောက်နေသည့် ညနေဖြူတစ်ခုနှင့် သူတွေ့ဆုံရဦးမည်။ ထွက်ခွာသွားသော အရိပ်များကို သူငေးကြည့်နေမိသည်။ သူ့ထံတွင် အစိမ်းရောင် အိမ်မက်များရှိသည်။ ထို့ကြောင့် သူတို့ရှင်သန်နေလိမ့်မည်။ အလင်းရောင်ရှိသေးသရွေ့ပေါ့။

စကားလုံးများ


ဒီနေ့တစ်နေ့လုံး သူရေတွက်နေသောအရာများမှာ စကားလုံးများဖြစ်ပါသည်။ အကောင်းကြီးကနေဖြစ်သွားတာ။ သနားပါတယ်။ အတိတ်ကံပေါ့။ ဖြစ်မှဖြစ်ရလေ။ မျိုးရိုးလိုက်တာနေမယ်။ ကြာနေပြီ၊ အခုမှ ရင့်သွားတာ။ ရေချိုးမှားသွားတာထင်တယ်။ ရည်းစားနဲ့ကွဲလို့တဲ့။ ဂန္ဓာရီလမ်းလိုက်တယ်ဆိုလား။ သမာဓိကြောင်တာ။ သမထ အားထုတ်ရင်း လမ်းလွဲတာ။ စတန့်ထွင်တာ။ အပျော်ဆော့ရင်း ချော်လဲပြီးခေါင်းထိသွားတာ။ ဗိုင်းရပ်စ်တစ်မျိုးကူးစက်ခံလိုက်ရတာ။ စိတ်ကျရောဂါမူကွဲတစ်မျိုးပါ။ လူတွေအားလုံးက ဘုရားဟောတဲ့အတိုင်း တစ်မျိုးမဟုတ်တစ်မျိုး ဆိုတယ်မဟုတ်လားဗျာ။ ယဉ်ယဉ်လေးပါ။ အာရုံကြောတွေပုံမှန်မဟုတ်တော့ဘူး။ စိတ်ဟာ လူကောင်းတွေရဲ့ မူဘောင်အတွင်းကနေခုန်ထွက်သွားတယ်။ ကြားနေကျလမ်းကြောင်းတွေကနေ အသိတရားဟာလျှံကျသွားတယ်။ သူနေမကောင်းဘူးလို့ပြောတယ်တဲ့။ လေထဲကို လှမ်းလှမ်းပြုံးပြနေတယ်။ ပုဂ္ဂိုလ်ထူးဖြစ်မယ်တဲ့။ မကြာခင်ဒီစခန်းကိုအောင်တော့မယ်လို့ကြားတယ်။ ဒီလူဟာ အင်မတန်နှမြောစရာကောင်းတယ်။ မနေ့ညက သူ့ခွေးလေးကို ထမင်းကျွေးတယ်။ နောက်နေ့မှာ တစ်နေ့လုံးထမင်းမစားဘဲနေတယ်။ ခွေးတစ်ကောင်ရဲ့အစာအိမ်ထဲမှာ သူနေရတာလို့ပြောတယ်။ သူနဲ့ လူတွေကြားမှာ မျှော်လင့်တတ်ခြင်းတွေခြားထားတယ်တဲ့။

စကားလုံးတွေအများကြီးဟာ ဥခွံထဲကနေထွက်လာကြတယ်။ ဘယ်သူမှ ကိုယ်ပြောခဲ့တဲ့စကားလုံးတွေကို မှတ်မထားကြဘူး။ .........................................................................

ငါတို့လမ်းခွဲကြပါစို့ ....................................။

စကားလုံးတွေက အကြည့်ထဲကနေလာတယ်။ ဟုတ်တာပေါ့။ လမ်းခွဲဆိုတာ လမ်းခွဲကြဖို့ပဲမဟုတ်လား။ ကိုယ်တစ်ယောက်ထဲနားလည်တဲ့အလင်းဘာသာစကားကို ကိုယ်သိမ်းထားလိုက်တယ်။ သူ ပြန်သွားတော့ သူသောက်နေကြ ကော်ဖီခွက်ကိုလွှင့်ပစ်လိုက်တယ်။

သူ့မျက်ရည်တွေကို သူ့လက်နဲ့သူ သုတ်ပါစေ။
ဘဝဆိုတာ ကံကောင်းတဲ့သူတွေသိပ်များနေတဲ့ ကာစီနိုရုံလို မဖြစ်နိုင်တာတွေနဲ့စုဖွဲ့နေတဲ့ အမှိုက်ပုံတစ်ခုလည်းဖြစ်နိုင်တယ်။

ညတာရှည်များ


ညများသည် အိပ်မပျော်သူအတွက် သီးသန့်ရှည်လျားနေသော ဇာတ်ကားတစ်ခုဖြစ်သည်။ အိပ်စက်ခြင်းသည် ဇီဝကမ္မဖြစ်စဉ်လည်းဖြစ်သည်။ Blessing တစ်ခုလည်းဖြစ်နိုင်သည်။ တေးသံများသည် ချိုအီလွန်းနေသည်။ အတွေးများသည် အရှိန်မြှင့်မောင်းနေသော ကားတစ်စီးနှင့်တူသည်။ သူ့ငယ်ဘဝမှယနေ့အထိ ထပ်တလဲလဲတွေးနေပြီး ရပ်မရဖြစ်နေသည်။ သားဖြစ်သူ၏ ချိုင့်ဝင်နေသောမျက်တွင်းကို စမ်းကြည့်ရင်း စိတ်ပူနေသော မိခင်ကိုသတိရသည်။ မျက်ရည်များသည် နေရာတကာမှ စီးဆင်းလာနေသည်။ သူသည် ပင်လယ်တစ်ခုလည်းဖြစ်သည်။ မျက်ရည်များစုဆုံရာအရပ်ဖြစ်သည်။ သူ့တွင် လုံလောက်သောဆားများမရရှိသေး။ ညပေါင်းများစွာ သူ ဆားပွင့်များကို ရှာဖွေသိုမှီးနေခဲ့ပါသည်။

မြွေတစ်ကောင်နှင့်တွေ့ဆုံခြင်း

မြွေတစ်ကောင်တည်းစိတ်ညစ်နေသည်။ သူ့ဒုက္ခမှာ ရေစိုနေသော သမံတလင်းတွင် သွားရခက်နေခြင်းဖြစ်သည်။ ကသိကအောင့်ဖြစ်နေပုံရသည်။ မြွေမှန်လျှင် ပြောင်ချော်ချော်ရုပ်ခံရှိသည်။ လှပသော အကွက်များလည်းရှိသည်။ လျှာကိုလှစ်ခနဲထုတ်ပြီးပြောင်ပြနေသော အက်တင်ကို မြွေ မူပိုင်ခွင့်ရသင့်သည်။ သူလည်း အသည်းကွဲနေသည်။ ကသိကအောင့်ဖြစ်နေရသည်။ စိတ်ညစ်နေသည်။ ပြောင်ချော်ချော်ရုပ်ခံရှိသည်။ လှပသော ဒဏ်ရာများကို ဆေးမင်ထိုးထားသည်။ ကြေကွဲနေသော အက်တင်ကို မူပိုင်ခွင့်ရသင့်သည်။ မြွေကလည်း ငိုလို့၊ သူကလည်း ရယ်လို့ တစ်ယောက်ကိုတစ်ယောက် နားလည်နေခဲ့ကြသည်။ ရေစိုနေသော သမံတလင်းတစ်ခုတွင်ဖြစ်သည်။ ကာလဒေသနှင့်နောက်ခံအခင်းအကျင်းများသည် မြွေနှင့်သူ့ကြားတွင် အရေးပါသည်။ မြွေကပြောသည်။ လူဖြစ်ရတာမလွယ်ပါလား။ ..... အလမ္မာလ် ဆရာသည် ပုလွေအစား ကိုယ်သင်းနံ့ပါသော ရေမွှေးတစ်မျိုးကိုသုံးစွဲခဲ့သည်။ .......... ထိုအချိန်မှစ၍ သူ့လက်များ အရေခွံစကွာလာခဲ့သည်။ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်သည်။ စပယ်ပန်းများ၏ ရနံ့ကြောင့် အဆိပ်သင့်ခဲ့ခြင်းဖြစ်မည်ဟု သူယူဆသည်။ ထို့ကြောင့် စပယ်ပန်းများနှင့် ခပ်ဝေးဝေးတွင်သာ သူရပ်နေသည်။ ရေလောင်းလျှင်လည်း ခပ်လှမ်းလှမ်းမှသာ လောင်းသည်။ ဇီဇဝါပန်းများတွင်မူ ထိုအဆိပ်ရှိပုံမရ။ သူတွေးနေသေည်။ တစ်ခါတစ်ခါ လရောင် စိုနေသော ဇီဇဝါပန်းလေးကို သူ နာရီပေါင်းများစွာ ငေးနေမိသည်။ ရနံ့များသည် အမှားအယွင်းမရှိကြ။ သဘာဝစကားသံကို နားထောင်သော ပန်းပွင့်လေးတွင်အပြစ်မရှိပါ။ မြွေများသည် အမြင်အာရုံ အားနည်းကြသည်။ ထို့ကြောင့် .....ယိမ်းထိုးပေးခဲ့ကြရသည်။ ........ အဆိပ်များကို မြိုထားရသော အစွယ်နှစ်ခွ၏ ပျင်းရိမှုမှာ မြွေသားဆန်ခြင်းလိမ်းကျံထားသော ရိုးသားမှုလည်းဖြစ်သည်။ တိတ်ဆိတ်ခြင်း၏ရန်ပြုမှုကို ဘဝဆက်တိုင်း ခံစားနေခဲ့ရသည်။ သူ ... မညည်းငွေ့ပါ။ လရောင်သည် ချစ်သူနှင့်သူလျှောက်ခဲ့သော လမ်းပေါ်သို့ အသားပေးကျရောက်နေသည်။ ထိုအရာသည် စိန်ခေါ်မှုလည်းဖြစ်ပါသည်။ ရဲရင့်စွာ လွမ်းဆွေးခဲ့မည်မှာသေချာသည်။။

နာရီ


ကျွန်တော်၏ နာရီမှာ သူမ၏ ချိုသောအပြုံးများဖြစ်ပြီး ကျွန်တော်၏ အချိန်မှာ သူ့နှုတ်ခမ်းများ၏ နွေးထွေးမှုဖြစ်သည်။

ရည်းစားသက်တမ်း သုံးနှစ်ပြည့်တုန်းက ရေးထားသောစာကြောင်းလေးတစ်ကြောင်းဖြစ်သည်။ ထိုအရာသည်ရယ်စရာသော်လည်းကောင်း ငိုစရာသော်လည်းကောင်း တစ်ခုခု ကောင်းနိုင်သည်။ လိပ်ပြာများ၏တောင်ပံများသည်ပါးလွှာကြသည်။ တိမ်တိုက်များအထိမပျံသန်းနိုင်ခဲ့ပါ။ သို့သော် ပျံသန်းခြင်းသည် တိမ်တိုက်များအတွက်မဟုတ်ပါ။

ချစ်နေခြင်းကို ချစ်နေခြင်းမှာ မထားနိုင်ခဲ့သဖြင့် သူ့နာရီ ရပ်နေခဲ့သည်။ လူတစ်ယောက်ကို ချစ်မိခြင်းသည် Nuclear ဗုံးကြဲမိခဲ့သည့်လေယာဉ်မှုးနှင့်တူသည်။ ကိုယ့်အမှားကို မှိုပွင့်ပေါက်ကွဲမှုကြီးပြီးမှသိလိုက်ရသည်။ အချိန်အနည်းငယ်အကြာတွင် သေကြေပျက်စီးမှုများ ဆက်တိုက်သိလိုက်ရသည်။ အချစ်သည် နာရီလက်တံများကို ရပ်တန့်စေသော တရား လည်းဖြစ်သည်။ ဘေးထွက်ဆိုးကျိုးမှာ ကဗျာအတိုအစများဖြစ်ပြီး၊ စိုက်လက်စ မြားလို ရှေ့ဆွဲထုတ်ရခက်၊ နောက်တွန်းထုတ်ရခက်နှင့် ခက်နေသည်။ နာရီများသည် ရိုးသားကြသည်။

စက္ကန့်တံများသည် စက်တင်ဘာ အလွန်မှစ၍ ကြေကွဲခြင်းတေးသံကို သံပြိုင်သီဆိုခဲ့သည်။ ....... ပျံသန်းနေသော သပိတ်လွယ်ငှက်ငယ်လေးတစ်ကောင်အတွက် .... ခြေထောက်များ မလိုအပ်ပါ။ ..............................သပိတ်လွယ် ငှက်ကလေး ..............ပျံသန်းနိုင်ပါစေ။ ချစ်သော ငှက်ငယ်လေး။

ဆောင်းရာသီ

ကမ္ဘာတစ်ဝက်လောက်ပျံသန်းပြီး ဆောင်းလာခိုတဲ့ငှက်ကလေးက နွေးထွေးတဲ့လှောင်အိမ်ကို သွေးခုန်နှုန်းတွေနဲ့တည်ဆောက်ထားတာလားလို့မေးတယ်။ သူ့မေးခွန်းတိုင်းက ဘာလို့ ချစ်စရာကောင်းနေတာလဲ။....... သူသိသော ကိန်းဂဏန်းအချို့မှာ ဆောင်းရာသီကို အပူရှိန်မြင့်မားစေခဲ့သည်။

သောက်ရေခွက်လေးတစ်ခုထဲမှာ ......  မော့ကြည့်နေတဲ့ ခွေးညိုလေးရဲ့မျက်လုံးထဲမှာ အရိပ်ထင်နေတဲ့ သူ့ ပုံရိပ်ယောင်များ၊ ထိုအရာများကို လွှတ်ချထားလိုက်ပါ။

ဆောင်းရာသီ ရနံ့ကိုရပြီ။
ဆောင်းရာသီ ရနံ့ကို ရပြီ။

သူဟာ ကလေးတစ်ယောက်လို ခုန်ပေါက်လို့၊ ဖွေးဖွေးလှုပ်နေတဲ့ ငွေရောင်တိမ်တိုက်တစ်ခုကို ချစ်ခင်တဲ့အကြည့်ကြိုးတွေနဲ့တွယ်ဆက်ကြည့်နေပုံရတယ်။

သူမအတွက်တော့ ဆောင်းရာသီဟာ သိပ်ကို တိုတောင်းခဲ့ပါတယ်။
ဆောင်းခိုချိန်ဟာ ............................................ ပြန်မရတော့တဲ့ အမှတ်တရပါပဲ။

သစ်ရွက်များ

သစ်ရွက်တွေဟာကြွေပြီး မိဘတွေဟာ သေကြသတဲ့။
ပုံပြင်ဟောင်းတွေဟာ
ကိုယ့်အလှည့်မှာ
ဒီလောက်ခက်မယ်လို့
မသိခဲ့ဘူး။                   ။

လေလွင့်သော ဆူးများ

နှင်းဆီပန်းအရိုင်းတွေဟာ သန်စွမ်းပြီးအပွင့်သေးသတဲ့။ နှင်းဆီပန်းအယဉ်တွေက အားနည်းပြီး အပွင့်ကြီးသတဲ့။ ဒီလိုနဲ့ ဥယျာဉ်မှုးဟာ နှင်းဆီရိုင်းနဲ့ကိုယ်မှာ နှင်းဆီယဉ်ရဲ့ ဦးခေါင်းပိုင်းကို တပ်ဆင်သတဲ့။ သူဟာ နှင်းဆီပဲ ဖြစ်တယ်။ အရိုင်း၊အယဉ်မပါတဲ့ ပန်းပွင့်သပ်သပ်။ ရနံ့၊ဆူး၊ ကျစ်လစ်မှု၊ထက်မြမှုနဲ့ပန်းပွင့်လေးတစ်ပွင့်ပဲ။ လောကဓံ နေရောင်နဲ့ပဲ လှလှပပလေး ပွင့်ရဲတဲ့နှင်းဆီတွေဖြစ်လာကြတယ်။ လေစီးကြောင်းထဲမှာ ကခုန်နေတဲ့ ကခြေသည်လေးမှာ ဆူးလက်ချောင်းတွေရှိတယ်။ ကျစ်လျစ်နေတဲ့ဆူးလေးတွေဟာ သူ့ရဲ့ဗီဇစိတ်လည်းဖြစ်တယ်။ အပြင်ကိုထွက်မလာတဲ့ဆူးဟာ အတွင်းကိုပြန်စိုက်နေတယ်။ ............. ငါတို့ရဲ့စိတ်တွေရော။ ဘယ်လိုဖြစ်နေမလဲ။

စစ်ရှုံးစာချုပ်ချုပ်ဆိုရန် ပျက်ကွက်ခြင်း

စကတည်းက ချစ်ခဲ့သည်မှာ ကောင်မလေးကိုသာဖြစ်၍ ယောက္ခမနှင့်တွေ့ဆုံရန် နှစ်အတန်ကြာ စိတ်ကူးမရှိခဲ့ပါ။ လိုအပ်ချက်တစ်ခုအနေဖြင့် သူ့ထံသို့ကျွန်တော်သွားရောက်ခဲ့သည်။ ရင်ဘတ်ကို ပန်းပွင့်လေးနဲ့ထောက်ထားပြီးအောင်ပွဲရနေပုံရှိတဲ့ လူသားဝဝကြီးက အနာဂတ်လိုက်လျောရန်အစီအစဉ်တွေကို စိတ်ကူးကောင်းကောင်းဖြင့် အလွတ်ရွတ်ဆိုပြသည်။ စကားတစ်ခွန်းပြီးတိုင်း ကျွန်တော် ခေါင်းညိတ်ရဲ့လား အကဲခတ်သည်။ ဆင်းရဲသောဖေဖေနဲ့ ချမ်းသာသောဒယ်ဒီ စာအုပ်ဖတ်ဖို့အကြံပေးသည်။ နေရာတကာတွင် ပိုက်ဆံလိုအပ်ကြောင်း အများသုံး အိမ်သာတက်ရန် အကြွေလိုသည်မှ အစချီ၍ ကမ္ဘာကျော် အိုင်ဘီအမ်၊ မိုက်ခရိုဆော့ဖ်တိုင်အောင်သွန်သင်သည်။ အမှန်တော့သူသည်လည်း ဆရာဝန်ဘွဲ့တစ်ခုရပြီးသည်နှင့် မိဘများ၏ လက်ငုတ်လက်ရင်း ဆားချက်လုပ်ငန်းဖြင့် လုပ်ကိုင်နေသူသာဖြစ်သည်။ ပင်လယ်ရှိလျှင် ဆားရှိသည် ဆိုသည့် မော်ဒန် ဂဠုန်အကြံကုန်တစ်ယောက်ဖြစ်လိမ့်မည်ထင်သည်။ မောင်ရင် ဆားကို ဘယ်လိုနားလည်လဲ။

ကျွန်တော်သိသလောက်တော့ ဆားတွေမှာ စစ်ပွဲမရှိဘူး။ ဆားတွေမှာ သားမက်လောင်း အင်တာဗျူးမရှိဘူး။ ဆားတွေဟာ နေလှမ်းရင်လှမ်း၊ မလှမ်းရင် ချက်၊ ဒီလိုပဲထုတ်လုပ်လို့ရတယ်။ ဝေ့လည်ကြောင်ပတ်ချက်လို့မရဘူး။ အနာဂတ်အကြောင်း လှလှပပမပြောတတ်ဘူး။ လျှာနဲ့ထောက်ပြီးခုန်တဲ့ လျှာထောက်ခုန် ကိုယ်ရေးသွေး အိုလံပစ်မရှိဘူး။ စစ်လျော်ကြေးလည်းရှိပုံမရဘူး။ ဆားတွေဟာ ဂဠုန်တွေ အကြံကုန်တိုင်း ခိုလှုံရတဲ့ အသိုက်လည်းဖြစ်ကောင်းဖြစ်မယ်ထင်တယ်။ ကျွန်တော်သိသလောက်တော့ ဆားတွေမှာ အိမ်မက်ဝဝ မရှိဘူး။

အဖြေဟောင်းကိုမျှော်လင့်သော စာစစ်သူသည် အမြဲတစေနောင်တရလေ့ရှိသည်။ စစ်လျော်ကြေးသည် မတတ်နိုင်အောင်များနေလေ့ရှိသည်။ ဖြစ်နိုင်လျှင် ယောက္ခမလောင်းကြီးကို မျက်စိအဝတ်စီး၊ ဗဟိုဘဏ် ငွေတိုက်ထဲခေါ်သွားပြီး အန်ကယ်လ် ဒါ ကျွန်တော့်အသေးသုံး ကုန်ကျစရိတ်အတွက် သိမ်းထားတဲ့ပိုက်ဆံတစ်ချို့ပါလို့ပြောပြခွင့်ရချင်သည်။ မဖြစ်နိုင်လျှင်လည်း ဆားများကို သူမပိုင်ဆိုင်ကြောင်း သိစေချင်သည်။

နွေဦး

Dido ရဲ့ summer ကို ထပ်ပြန်တလဲလဲနားထောင်နေမိသည်။ The summer's come too soon and I'm still missing you. ကမ္ဘာကြီးသည် ကျဉ်းကျဉ်းလေးသာဖြစ်သည်။ ထိုကမ္ဘာကျဉ်းကျဉ်းလေးတွင် လူသားတိုင်းလုပ်နေသော မကောင်းမှုနှစ်ခုမှာ အောက်ဆီဂျင်အကောင်းစားများကို ရှူပြီး ကာဘွန်ဒိုင်အောက်ဆိုဒ်အကောင်းစားများပြန်ထုတ်နေခြင်းဖြစ်သည်။ ထိုမကောင်းမှုလေးနှစ်ခုကိုမေ့ထားလိုက်နိုင်လျှင် တခြားကြီးကျယ်သော မကောင်းမှုများကိုလည်းမေ့ထားနိုင်မည်ထင်သည်။ နွေဦးသည် သူ့ကိုယ်ခန္ဓာကိုယ်ထဲတိုးဝင်ခိုလှုံလာသော ခရီးသွားကုလားအုတ်တစ်ကောင်နှင့်တူသည်။ ကျွန်တော့်ရဲ့ခေါင်းလေးကို ခင်ဗျားရင်ဘတ်ထဲခိုလှုံခွင့်ပြုပါလို့ ချိုချိုသာသာတောင်းဆိုသည်။

ဒိုးယိုပေါက်ပွင့်နေတဲ့ ရင်ဘတ်ထဲ ခိုလှုံဖို့စိတ်ကူးနေတဲ့ နွေဦးဟာ သူရူးတစ်ယောက်ပါပဲ။

ချောက်ကမ်းပါးများ

တားရောခ့်ကဒ်ထဲမှာ လူပျော်လေး ခုန်ပေါက်ထွက်ခွာသွားတဲ့ ချောက်ကမ်းပါးစွန်းပေါ့။
နားမလည်နိုင်တာတွေ အောက်ခြေမှာရှိလိမ့်မယ်မဟုတ်လား။
စိတ်ထဲမှာ ချောက်တွေရှိတယ်။
တောင်တန်းတွေ၊
တိမ်တွေ၊
သိပ်လှတဲ့ပန်းပွင့်တွေ၊
လတ်ဆတ်အေးမြသန့်စင်တဲ့ လေထု၊
ခြေထောက်တွေက စည်းချက်ကျကျ ခုန်ပေါက်ပြေးလွှားနေမြဲ။


သတိ

သတိရလာတော့ သူ အဖြူရောင်အခန်းထဲရောက်နေခဲ့ပြီ။
အရာရာသည် ဖြူစင်မှုများဖြင့် တိတ်ဆိတ်နေသည်။

သူ့လက်မောင်းသွေးပြန်ကြောထဲသွင်းနေသော အဖြူရောင်ပျစ်ပျစ်အရည်များသည် သွေးများလည်းဖြစ်နိုင်သေးသည်။


အဖြူရောင်ယဉ်ကျေးမှု

ထိုနေရာတွင် သူ သက်သက်သာသာ လျှောက်သွားနိုင်သော စင်္ကြံလမ်းရှိပြီး၊ လဲလျောင်းနေနိုင်သော ကွပ်ပျစ်အချို့လည်းရှိသည်။ သာမန်အခန်းတစ်ခု၏ တည်ဆောက်ပုံမျိုးနှင့် ကွာခြားပြီး ဆရာဝန် ရောက်မလာသော နေ့များတွင် သူတစ်ယောက်တည်းသာရှိနေသည်။ သူ့တွင် ထွေထွေထူးထူး လုပ်စရာကိစ္စရှိမနေပါ။ အလိုလိုကျဆင်းလာသော မျက်ရည်များအတွက် ငိုကြွေးပြီး၊ အလိုလို ပြုံးရွှင်သော မျက်နှာတစ်ခုအတွက်ပြုံးနေသည်မှအပ တခြား မည်မည်ရရလုပ်စရာမရှိပါ။

အကယ်၍ 

အကယ်၍ သူ့နေ့စဉ်ဘဝကို သူမှတ်စုရေးထားလျှင် အဖြူရောင် အခန်းမှ စတင်သင့်သည်ဟု သူတွေးမိသည်။ သူသည်နံရံများဖြင့်ဖွဲ့စည်းထားသောအခန်းတစ်ခုဖြစ်ပြီး ရူးသွပ်နေသော ဆရာဝန်တစ်ယောက်၏ တစ်ယောက်တည်းသော စကားပြောဖော်လည်းဖြစ်သည်။

ကမ္ဘာကြီးသည် ကျဉ်းကျဉ်းလေးသာဖြစ်သည်။          


ဖြူလွင်လွန်းသောအခန်းတွင်းသို့ ဆရာဝန်တစ်ယောက်ဝင်လာသည်။
သူ့ကိုပြုံးပြသည်။ သား နေကောင်းတယ်မဟုတ်လား။

...............................................................................................................
....................................................
.......................

With Peace,
Zephyr



Peace B with U.