Friday, November 11, 2011

ရန်ကုန်လား ... အခြေအနေ အကောင်းဘက်ကို ဦးတည်ရွေ့လျားနေတယ်။ ထင်ရတာပဲ။

ရန်ကုန်လား ... အခြေအနေ အကောင်းဘက်ကို ဦးတည်ရွေ့လျားနေတယ်။ ထင်ရတာပဲ။


လမ်းမများ

လွန်ခဲ့တဲ့ခြောက်လကထက် လမ်းပေါ်က ချိုင့်တွေက ခြောက်လက်မ ပိုနက်လာတယ်။
Budget စောင့်နေတာလို့ပြောတယ်။ အင်္ဂတေ တစ်ပိုင်း လမ်းမရိုင်းတွေကလည်း ကျန်တဲ့ တစ်ဝက်မှာ နှစ်လမ်းမောင်းနေရတော့ လကမ္ဘာအတွေ့အကြုံရရှိစေတယ်။ ဥပမာ။ သွားကောလိပ်ရှေ့နား။

Taxi

ပထမဆုံး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေလုပ်ရတယ်။ တစ်ချို့ဒရိုင်ဘာတွေက ဆေးလိပ်သောက်တယ်။ တစ်ချို့က လမ်းမကို အနီရောင် ဆေးဆိုးဖို့ တာဝန်ကျနေသလို၊ တစ်လမ်းလုံး ကွမ်းတပျစ်ပျစ်နဲ့။ အမှိုက်လား။ လမ်းမပေါ်ပစ်လိုက်ကြတာပဲ။ မှန်တံကားက ဂွနဲ့လှည့်ပြီးချရတယ်။ ဈေးက တစ်စီးနဲ့တစ်စီး ၅၀၀ ကနေ ၁၅၀၀ အထိ ကွာတယ်။ စိတ်ရှည်ရှည် စောင့်နိုင်ရင် ပိုပေးပြီး မစီးတာကောင်းတယ်။

မြေဈေး

ပေတရာပတ်လည်ခြံကျယ်ကြီးမှ ၇ သိန်းပဲရှိတယ်။
အဲ ... နေရာကတော့ လှည်းကူးမှာ။

ဒဂုံ ဘေလီတံတားအဆင်းနားက ခြံတောင် သိန်း ရှစ်ရာတွေ ဘာတွေ ဖြစ်နေပြီ။ အံ့သြလို့မဆုံးဘူး။ အခုတလော ကားဈေးကွက် ကမောက်ကမ ဖြစ်လာတော့ ကားဝယ်ရောင်းတွေက မြေကွက်တွေဘက် လှည့်ကုန်ပြီ။ ဒီအတိုင်းပစ်ထားရင်း ဈေးတက်လာတဲ့ မြေကွက်တွေဟာ အစိုးရကြောင့် ဈေးပြောင်းတဲ့ကားလို risk မများဘူးလို့ပြောတယ်။

ဈေးပေါတာတွေလည်းရှိပါတယ်။ နေရာပေါ်မူတည်တယ်။ ပတ်ဝန်းကျင်ကောင်း၊မကောင်းပေါ်မူတည်ပြီး ဈေးက ငါးသိန်း၊ ဆယ်သိန်းကွာတာလည်းရှိတယ်။

စင်ကာပူလို ကျွန်းက သေးနေလို့ မြေဈေး၊ အိမ်ဈေးတွေ ခေါင်ခိုက်နေတာကို မအံ့သြပေမယ့်၊ ရန်ကုန်လို ဘယ်နေရာသွားသွား ကွက်လပ်တွေ အများကြီးကျန်သေးတဲ့နေရာမှာ ဈေးတွေ ဒီလောက်ကြီးလာတာကတော့ ကမ္ဘာနဲ့ ပထမဆုံး တန်းလိုက်တဲ့ ရင်ပေါင်လို့ပဲထင်တယ်။ ရင်ပေါင်တန်းတယ်ဆိုတာ အရပ်သိပ်ပုတဲ့သူက အရပ်သိပ်ရှည်တဲ့သူရဲ့ပေါင်နားမှာသွားရပ်လိုက်လို့ သိသိသာသာပုသွားတာကို ခေါ်တာမျိုးပဲပိုဖြစ်သင့်တယ်။

ယုံကြည်မှုများ

မြန်မာပြည်မှာက လူတစ်ယောက်ကို မသိဘဲ ယုံကြည်လို့မရတာ တော်တော်လေးဆိုးရွားတယ်။ မကြာမကြာလိမ်တယ်။ လူတစ်ယောက်ကို မလိမ်အောင် ထိန်းချုပ်ထားတာတွေ နည်းနေလို့ဖြစ်မယ်ထင်တယ်။ အိမ်တွေကို ကြိုပွိုင့်နဲ့ရောင်းပြီး မဆောက်ဖြစ်သေးလို့ နှစ်နဲ့ချီ စောင့်နေရတာတွေလည်းရှိတယ်။

ငွေရဖို့ကို သိပ်ဦးစားပေးလွန်းရင် အလုပ်ဟူသမျှ ဂုဏ်ရှိစွဆိုပြီး လိမ်တဲ့အလုပ်ကို ဂုဏ်ရှိတယ်ဆိုပြီးတောင် လုပ်မိကြတယ်ထင်တယ်။

တော်တော်လေးကို သတိထားရတယ်လို့ပြောတယ်။

ကမ္ဘာ့အံ့ဖွယ် နှစ်ခု

ရွှေတိဂုံ ဘုရားမှာတော့ ကမ္ဘာ့ အံ့ဖွယ် နှစ်ခုတွေ့ရမယ်။ နံပါတ်တစ်က ရွှေတိဂုံဘုရားပေါ့။ ရွှေတန်ချိန်လည်း မနည်းဘူးဆိုတော့။

ဒုတိယတစ်ခုက ဓာတ်လှေကား မောင်းသမား။ ဓာတ်လှေကားဆိုတာက တစ်ယောက်ယောက်က စက်ပစ္စည်းတစ်ခုခုလို မောင်းနှင်ရတာလို့ ခံစားလိုက်ရတဲ့အသိကလည်း ကမ္ဘာ့ အံ့ဖွယ် အသိပဲ။ ဓာတ်ပုံတောင်ရိုက်လာသေးတယ်။

အတိုတွေ ဘာတွေဝတ်လာရင်လည်း ၃၀၀၀ ကျပ် အပေါင်ပေးပြီး ယောဂီထမီငှားလို့ရတယ်။ ထမီအတွက်နဲ့ အလုပ်ရှုပ်နေဖို့မလိုဘူး။ မြန်မာပြည်။ အကုန်လုံးအဆင်ပြေအောင်လုပ်ပေးတယ်။

ဘုရားပန်း

ဘုရားပန်းကပ်တာဟာ မြန်မာဓလေ့မှာ အတော်လေး အကြမ်းဖျင်းဆန်တယ်။ ပန်းကို မဟာတရားကြီးတဲ့ ပန်းအိုးထဲ အင့် ဆိုပြီး ထည့်လိုက်တာကိုပဲ ပန်းကပ်တယ်ခေါ်နေကြတယ်။ ပသာဒဖြစ်အောင် မကပ်တော့ဘူး။ စုပြုံထိုးသိပ်ထားသလိုဖြစ်တယ်။ ရှေ့က နွမ်းနေတဲ့ပန်းတွေ ဘာတွေ ဖယ်ဖို့ ဘယ်သူမှ မစဉ်းစားဘူး။ ဖယ်လိုက်ရင်လည်း ပန်းထိုးသွားတဲ့သူက မုန်းဦးမယ်ဆိုတဲ့ အသိကြောင့်လည်းဖြစ်မယ်။

ပန်းက တစ်စည်းကို တစ်ထောင်။
ငွေပန်းတွေကို တုတ်ချောင်လေးတွေနဲ့လုပ်ထားတာတော့ သဘောကျတယ်။
ပန်းကို ပန်းလိုကပ်ချင်တာထက် ယတြာချေဖို့လောက် ကပ်နေတာများတယ်။ အရွက်တွေနဲ့ ဘုရားကိုပူဇော်မှ ကိုယ့်ဒုက္ခအေးမယ်ဆိုတဲ့ အသိမျိုးဟာ အတော်လေး သနားစရာကောင်းတယ်။ ဒီလောက် မြင့်မြတ်ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ကို ကိုးကွယ်ဆည်းကပ်တယ်ဆိုကတည်းက ကိုယ့်မှာ ဘေးကင်းရန်ကင်းဖြစ်မယ်ဆိုတာ စိတ်ချထားလို့ရတယ်။ ဗေဒင်ဆရာပြောတဲ့ အရွက်တွေ၊ အညွန့်တွေထားဖို့ ထောင့်နားမှာ အရွက်စင်ဆိုပြီးသပ်သပ်ထားပေးဖို့ကောင်းတယ်။ ဗေဒင်ဟာ ဟိန္ဒူအယူဖြစ်ပြီး၊ ထေရ၀ါဒမှာ ဗေဒင်မပါပါဘူး။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ပဲပါပါတယ်။ နှင်းဆီပန်းလှလှလေးတွေကပ်တာဟာ ကံကော်ညွန့်နဲ့ တခြား အညွန့်တွေ အရွက်တွေ ကပ်မှ ရမယ်ထင်နေတဲ့ အကျိုးကျေးဇူးတွေလည်း အကုန်ရနိုင်ပါတယ်။ စဉ်းစဉ်းစားစားလေး ပန်းကပ်တော်မူကြပါ။

ကိုယ်ကပ်နေတာဟာ အမြင့်မြတ်ဆုံးလို့ ကိုယ်လက်ခံထားတဲ့ သူဖြစ်ပါတယ်။ ကိုယ့်အခန်းထဲမှာ ကလေးတွေက သစ်ရွက်တွေလာထိုးပေးတာနဲ့ပန်းတွေလာထိုးပေးတာကိုပဲစဉ်းစားကြည့်။ မဟာကရုဏာတော်ကို အလွဲသုံးစားလုပ်ပြီး ဘုရားခေတ်တုန်းကလည်း မြက်ရှစ်ဆုပ်လှူသေးတာပဲဆိုတာမျိုးကို ကိုးကားပြီးပြောတဲ့သူလည်းရှိတယ်။ ဟိုလူက မြက်ရှစ်ဆုပ်ကို လှူလိုက်တာ ယတြာချေတာမဟုတ်ဘူးဆိုတာကိုမေ့မထားပါနဲ့။ ယတြာချေဖို့လောက် လုပ်တဲ့ကုသိုလ်က အဲဒီတန်သလောက်ပဲ ကုသိုလ်ရပါမယ်။ လိုချင်တဲ့စိတ်နဲ့လုပ်တဲ့ကုသိုလ်နဲ့ မလိုချင်တဲ့စိတ်နဲ့လုပ်တဲ့ကုသိုလ်ရဲ့ ဖြူစင်မှု၊ လောဘကင်းမှုတွေဟာ မတူသလို ၊ အကျိုးပေးတွေကလည်းကွဲပြားပါတယ်။

ရောတိရောရာ အနုပညာ

ရွှေတိဂုံဘုရားနဲ့ပတ်သက်ပြီး ဆံပင်ရေညှစ်နေတဲ့ အမျိုးသမီးကို ငယ်ကတည်းက အမြင်မရှင်းပါဘူး။ ကြီးလာတော့ရှာဖတ်တော့ အဲဒါကလည်း ဇာတ်ကွက် အမှားဖြစ်တယ်ဆိုတာသိလာပါတယ်။ အဲဒီ ၀သုနြေ္ဒနတ်သမီးဟာ မာရ်နတ်တပ်ကြီး ဘုရားဆီချီလာတာကို ဆံပင်က ရေညှစ်လိုက်တာ မာရ်နတ် troops တွေ ရေထဲမျောသွားတယ်တဲ့။ မေတ္တာဓာတ်နဲ့အောင်နိုင်ပါတယ်ဆိုမှ ကြားထဲမှာ မဟုတ်က ဟုတ်က ဇာတ်လာထိုးနေတာ အတော်ဆိုးတယ်။ အဲဒီဆင်းတုကို ဘုရားတွေ ရှေ့နားမှာထားတာဟာ တကယ်ဆို ဘုရားရှင်ကို စော်ကားရာတောင်ရောက်တယ်။ သာသနာရေး နဲ့သက်ဆိုင်တဲ့အဖွဲ့တွေဟာ အဲဒီလို အမှားအယွင်းတွေကို ဆက်လက်ထားရှိတာဟာ သင့်လား၊မသင့်လား ဆင်ခြင်ဖို့ကောင်းတယ်။ ဒါမှမဟုတ်လည်း အများသူငှာအမြင်ရှင်းအောင် နတ်သမီးသည် သူ့ဘာသာသူ ခေါင်းလျှော်ရည် ကြော်ငြာနေခြင်းသာဖြစ်သည်လို့ စာတမ်းအသေးလေးထိုးထားပေးသင့်တယ်။

ဘာလို့ပတ်တာလဲ။

ဘုရားရောက်ရင် ဘာလို့ ပတ်ကြတာလဲ။ လက်ယာရစ်ဖြစ်စေ၊ လက်ဝဲရစ်ဖြစ်စေပတ်တာ ဘာလို့လဲဆိုတာ သိတဲ့သူလည်းနည်းတယ်။ ရှေးဟောင်း အိန္ဒိယ ယဉ်ကျေးမှုတစ်ခုပါပဲ။ တစ်ယောက်ယောက်ကို လေးစားရင် ပတ်ပြီး အလေးအမြတ်ပြုရပါတယ်။ သုံးကြိမ်ပတ်လေ့ရှိပါတယ်။ ရှိခိုးတဲ့ အဓိပ္ပာယ်ပါပဲ။ တရားဟောတာတွေ နားထောင်ရင် မကြာမကြာ ကြားရမှာပါ။ ခင်ပွန်းနဲ့ခင်ပွန်းမတွေ တရားအရှာထွက်ကြတော့မယ်ဆိုရင် တစ်လှည့်စီပတ်ပါတယ်။ ပြီးရင် ဦးချပါတယ်။ လမ်းခွဲပါတယ်။ ပတ်နေတာဟာ ရှိခိုးနေတာဆိုတဲ့ အသိကို မေ့လျော့နေရင်တော့ လေတွေပေါရင်း ပတ်နေမိတတ်ပါတယ်။ ဖုန်းတွေပြောရင်း ပတ်နေမိတတ်ပါတယ်။ ပတ်လမ်းကနေ ဘုရားအထိဟာ ခဲတစ်ပစ်စာ အကွာအဝေးဖြစ်လို့ အဲဒီအကွာအဝေးမှာ ဘုရားအကြောင်း၊ တရားအကြောင်းနဲ့ မဆိုင်တာတွေ ပြောတာဟာလည်း အကုသိုလ်အလုပ်ဖြစ်ပါတယ်။ ဒါကတော့ တင်းကြပ်တဲ့စည်းကမ်းတွေအရပြောတာပါ။ ငယ်တုန်းကဖတ်ခဲ့တဲ့ ရဝေနွယ်(အင်းမ) (အရှုင်ရာဇိန္န) စာအုပ်ထဲမှာတော့ ခဲနှစ်ပစ်စာ အကွာအဝေးအထိ ပုရ၀ုဏ်အတွင်းလို့ သဘောထားပြီး အပိုကိစ္စတွေ မပြောသင့်ဘူးဆိုတာပါပါတယ်။

ကြည်နူးဖွယ်မြင်ကွင်း

ဘုရားမှာ ဝေရာဝစ္စအဖွဲ့တွေ မိုးရေစိုနေတဲ့ကျောက်ပြားတွေကို ရေမတင်အောင် သုတ်သင် သန့်ရှင်းနေတာကို မြင်ခဲ့ရတယ်။ အရင်လည်း သူငယ်ချင်းတွေက အဲဒီအဖွဲ့တွေမှာပါတော့ မနက်အစောကြီး သွားပြီး တံမျက်စည်းလှည်းကြတာ၊ သန့်ရှင်းရေးလုပ်ကြတာတွေကို သိရတယ်။ ကြည်နူးစရာ မြင်ကွင်းပါပဲ။ မြန်မာပြည်မှာ volunteer spirit ဆိုတာကို စကားလုံး အများကြီးနဲ့ ရှင်းပြနေစရာမလိုပါဘူး။ မြန်မာအားလုံးရဲ့ မွေးရာပါ စိတ်အခြေခံလို့ပဲထင်မိတယ်။

မုန့်ဟင်းခါးစားခြင်းအနုပညာ

မုန့်ဟင်းခါးတစ်ပွဲ အကြော်နဲ့မှ ၆၀၀ ကျပ်ပါ။ မြောင်းမြ ဒေါ်ချိုဆိုင်ဖြစ်ပါတယ်။ တစ်ခါစားရင် အကြော်နှစ်မျိုးစီနဲ့ နှစ်ပွဲစားပါတယ်။ စင်ကာပူမှာ အင်မတန်ညံ့ဖျင်းတဲ့ မုန့်ဟင်းခါးကိုတောင် တစ်ပွဲ 7SGD (4200 ကျပ်လောက်နဲ့) စားရတာကို စိတ်နာတဲ့အနေနဲ့ကြုံရင် ကြုံသလိုစားသွားပါတယ်။

လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုပြောင်းလဲလာခြင်း

ကျောင်းနေဖက်သူငယ်ချင်းက မနက် ၈ နာရီခွဲမှာ မနက်စာစားဖို့ လာခေါ်တယ်။ မတွေ့တာကြာပေမယ့် အရင်လိုပဲခင်ကြတယ်။ လက်ဖက်ရည်ဆိုင်တွေကို ကြီးကြီးကျယ်ကျယ်တွေဖွင့်ကြတယ်။ မနက်စာရတဲ့ဆိုင်တွေက ပိုပြီး အလုပ်ဖြစ်တယ်။ တစ်ချို့လည်း စားသောက်ဆိုင်လိုဖြစ်နေပြီ။ လက်ဖက်ရည်သောက်ချင်တဲ့သူက လက်ဖက်ရည်သောက်။ အစားအသောက်တွေကလည်း မဆိုးဘူးဆိုတော့ အဆာပြေစားချင်တဲ့သူတွေစားလို့လည်းရတယ်။ စားပွဲထိုးတွေကတော့ အရင်လိုပဲ သိပ်မတွက်တတ်သေးတာတွေ့ရတယ်။ မနက်တစ်ပိုင်းတင် ငွေကွာတာ ၂၀၀၀ လောက်ရှိပြီဆိုလို့ မင်းကတော့ လခတောင်ကျန်ပါ့မလားဆိုပြီး သေချာတွက်ဖို့ပြောခဲ့သေးတယ်။ သူ့မှာ ဂဏန်းပေါင်းစက်လည်းပါတယ်။ အဲဒါကို မှားနေတာ။ သူငယ်ချင်းကတော့ ဟိုမှာ စီးပွားရေးလုပ်နေတော့ပိုက်ဆံတွက်တာကျွမ်းကျင်ပုံပေါ်တယ်။ သူပဲတွက်ပေးလိုက်တယ်။ သူ့ကိုလည်း ပြန်တွက်ကြည့်ဦး မှားဦးမယ်ဆိုတော့ အကိုတို့ကို ယုံပါတယ်ဆိုပြီး တွက်မနေတော့ဘူးဆိုပြီး ရယ်ပြတယ်။ ဗဟန်းက ဆိုင်တစ်ဆိုင်ပဲ။ နာမည်တော့ မမှတ်မိဘူး။

နောက်တစ်ခေါက်ကြတော့ မနက်စာကို သူငယ်ချင်းသုံးယောက်သား royal rose မှာ စားတယ်။ အမြုပ်များတဲ့ နွားနို့ကို သောက်တယ်။ အစားအသောက်တွေက သိပ်အကောင်းကြီးမဟုတ်ဘူး။ ငယ်တုန်းက ကြိုက်တာတွေကို သိပ်မကြိုက်တော့ဘူးလို့ ကော်ရည်ခေါက်ဆွဲစားတဲ့ ဇနီးသည်ကပြောတယ်။

လပ်ကီးဆဲဗင်းမှာတော့ စားလို့အဆင်ပြေတယ်။ မုန့်ဟင်းခါးလည်းကောင်းတယ်။ ဆိတ်မွထမင်းကြော်လည်းကောင်းတယ်။ လက်ဖက်ရည်လည်းကောင်းတယ်။ မြန်မာပြည်မှာတန်တာက အဲဒီလက်ဖက်ရည်၊မုန့်ဟင်းခါးတွေပဲ။


ဘီယာဆိုင်ယဉ်ကျေးမှု

မြန်မာပြည်မှာ အရွယ်ရောက်သူတိုင်း ဘီယာမသောက်မနေရ စနစ်များ ကျင့်သုံးလိုက်သလားထင်ရလောက်အောင် သောက်ကြတယ်။ မြန်မာပြည်မှာ ပုံမှန်သောက်သုံးသူလူတန်းစားကို မနည်းလှဘူး။ ဘီယာဆိုင်က အစားအသောက်တွေက အငန်များနေတာကြုံခဲ့တယ်။ ဘီယာသောက်ရင်းစားတဲ့သူတွေတော့ အဆင်ပြေသလားမသိဘူး။ မသောက်တဲ့ ကျွန်တော်တို့ လင်မယားကတော့ ငန်လို့ မနည်းကုန်အောင်စားရတယ်။ ခေါက်ဆွဲကြော်တစ်ပွဲက မြန်မာငွေ ၂၆၀၀ လောက်ကျတယ်။ ဈေးများတယ်ထင်ရင် စင်ကာပူငွေနဲ့ပြန်တွက်ပြီးစားကြရတယ်။ ဆာတေးတွေကောင်းတယ်။ ၀က်သားတုတ်ထိုးညံ့တယ်။ လမ်းဘေးက ၀က်သားတုတ်ထိုးစားချင်တာတော့ မစားခဲ့ရဘူး။ ရန်ကင်းကြားမှတ်တိုင်က ၀က်သားတုတ်ထိုးသည်ကြီးလည်း မဖွင့်တော့ဘူးလားမသိဘူး။ ရောက်တော့ ရှာကြည့်တာ ဆိုင်ဖွင့်တာမတွေ့တော့ဘူး။ ၁၂ လုံးတန်းက နောက်ထပ်တစ်ဆိုင်ကလည်းပိတ်ပြီ။

ဘဏ်များကို လေ့လာခြင်း

အရင်က ဘဏ်တိုး ၁၂ % per annum (နှစ်တိုး) ကို အခု ၁၀% ပြောင်းလိုက်ပြီ။ ဘဏ်တွေက ခြေသွက်နေတယ်။ ထိပ်ဆုံးနေရာကို ကမ္ဘောဇက ယူထားတယ်။ ဘာလို့ယူထားနိုင်တာလည်းဆိုတော့ သူတို့မှာ background ကောင်းတယ်။ ကျန်တဲ့ဘဏ်တွေ ပေါင်းပြီး ကမ္ဘောဇကို ဖြုတ်ချဖို့ကြိုးစားခဲ့သေးတယ်။ နောက်ဆုံး ကမ္ဘောဇက မီဒီယာတွေနဲ့ပေါင်းပြီး သိပ်ခိုင်မာတဲ့အကြောင်းကို သက်သေပြခဲ့တယ်။ ဗဟိုဘဏ်က အငြိမ်းစားယူတဲ့သူတွေကို ကမ္ဘောဇက ဒိုင်ခံလိုက်ခေါ်တယ်။ အိမ်တိုင်ရာရောက် အလုပ်လျှောက်ဖို့ လာပြောတယ်။ ဆိုလိုတာက ကမ္ဘောဇမှာ ဗဟိုဘဏ်က လူကြီးဟောင်းတွေ အများကြီးရှိတယ်။

Exchange Counter တွေအတွက် ပြင်ဆင်လှုပ်ရှားနေကြတယ်။ ခြေသွက်တဲ့နောက်ထပ် တစ်ဘဏ်က မြန်မာ့ရှေ့ဆောင်။ အရင်က ဦးအိုက်ထွန်းရဲ့ အာရှဓနဘဏ်ကလူတွေနဲ့ ပြန်ဖွဲ့ထားတယ်။

ဒေါ်လာကို ကမ္ဘောဇက ရသလောက်ဝယ်မယ်ဆိုပြီး ဈေးကို ၃၀ ကျပ်ပိုပေးလိုက်တယ်။ အစိုးရပေါက်ဈေး ၇၉၅/၈၀၀ ကျပ်ပဲရှိတဲ့အချိန်မှာ ၈၃၀ ကျပ်နဲ့ဝယ်တယ်။ သန်း နှစ်ရာ အရှုံးခံပြီးဝယ်စုထားပြီးပြီလို့ သိရတယ်။ အဲဒီ ဒေါ်လာတွေကို ဗဟိုဘဏ်မှာပြန်အပ်ထားရတယ်။ အဲဒီလို အပ်ဖို့ ဗဟိုဘဏ်ရဲ့ စည်းမျဉ်းအရ မကိုက်ညီတဲ့ ဒေါ်လာတွေကိုတော့ ၇၃၀ ကျပ်နဲ့ပြန်ရောင်းတယ်။ မြန်မာပြည်မှာတော့ ခေါက်ရာပါတာမယူဘူး။ မြင့်တယ်။ ပိုက်ဆံတောင် ရွေးပြီးသုံးတာ။

USD, EURO, FEC, SGD လေးမျိုးကို နောက်ပိုင်းမှာ လွယ်လွယ်ကူကူလဲနိုင်ပြီ။ Exchange Counters တွေရှိလာပြီ။ နောက်ထပ်တစ်ခုက နိုင်ငံခြားငွေအပ်ချင်ရင် အကောင့်ထ်ဖွင့်လို့ရတော့မယ်။ International Bank Transfer ကိုလည်း စလုပ်နေပြီ။ နောက်ပိုင်းမှာ ဖြစ်လာနိုင်တယ်။

ရယ်စရာတစ်ခုက ATM ကို ရုံးတွေမှာ လခပေးဖို့တပ်တဲ့အကြောင်း။ ရုံးက လခကို ATM မှာထုတ်ရတယ်။ ချန်ထားလို့လည်းမရဘူး။ အကုန်ထုတ်ရတယ်။ အဲဒီတော့ ထုတ်ဖို့ကို ဘယ်သူမှ မသွားချင်ဘူး။ သွားမယ့်လူတစ်ယောက်ကို အားလုံးက Cards တွေပေးပြီး Password တွေ ရေးပေးလိုက်ရတယ်တဲ့။ ကဲ ဘယ်လောက်ရှင်းတဲ့ မြန်မာ့ရိုးရာစနစ်လဲ။

ATM စနစ်နဲ့ Nets နဲ့ လုပ်နိုင်ရင်တော့ ပိုက်ဆံတွေ ဆာလာအိတ်နဲ့ထည့်နေရတဲ့သူ၊ ခြင်ထောင်ကို ပက်လက်လှန်ပြီး ပိုက်ဆံသိမ်းရတဲ့ သူတွေအတွက်တော့ အတော်လေး အဆင်ပြေနိုင်တယ်။ ကျွန်တော်တို့လို အခြေခံလူတန်းစားတွေကတော့ ဘာကဒ်မှမရှိလည်း အဆင်ပြေပါတယ်။

ကားဈေးကွက်ကိုလေ့လာခြင်း

ကားဈေးတွေက ထက်ဝက်လောက်ကျသွားတယ်။ အခုအသစ်သွင်းဖို့ ကားသစ်တွေတင်လာပါတယ်ဆိုတဲ့ သင်္ဘောရောက်ရင် ထပ်ကျဖို့ရှိတယ်။ ကားသွင်းဖို့ company တွေအလျှိုလျှိုပေါ်လာတယ်။ သတင်းစာမှာဆို အဲဒီလိုဟာတွေချည်းပဲ။

နိုင်ငံခြားငွေရတဲ့ အလုပ်လုပ်တဲ့သူတွေဆိုရင် အခွန်ကို USD ၃၀၀၀ ဆောင်ပြီးရင်တောင် ကားသွင်းခွင့်ရမယ်လို့ပြောတယ်။ Eleven News မှာလည်းပါတယ်။ အခွန်ကို လျော့လျော့ပေါ့ပေါ့ဈေးတွေနဲ့ဆောင်နေပြီး ကားသွင်းဖို့ စိတ်ကူးရော၊ပိုက်ဆံပါမရှိတဲ့ ကျွန်တော်တို့အတွက်တော့ သိပ်မထူးဆန်းဘူး။

မြန်မာပြည်က ပြန်ချပေးမယ့် ပါမစ်တွေအရ ကားဟောင်းပဲသွင်းခွင့်ရမယ်။ မော်ဒယ်ကို ကန့်သတ်တယ်။ ဈေးကို ကန့်သတ်တယ်ဆိုတာကိုတော့ သိပ်နားမလည်ဘူး။ ဘာကြောင့်လဲဆိုတာကို သိပ်နားမလည်တာ။ ကားအကောင်းစားကြီးတွေ မစီးစေချင်လို့လား။ မော်ဒယ်အမြင့်တွေက ပိုပြီး safe ဖြစ်တယ်ဆိုတာကို မသိလို့လား။ အခွန်ပိုရချင်တဲ့သူတွေကိုပဲ မေးခွန်းထုတ်ရတော့မှာပဲ။ ကားအဟောင်းတွေ ဈေးတက်တယ်။ လေးဘီးကားလိုမျိုးကားတွေ၊ ဈ၊ဇ တွေ လိုက်ဝယ်ကြတယ်။ ပါမစ်လိုချင်လို့။ တကယ့်ကို ကမောက်ကမ။ ဒါပေမယ့် အလားအလာတွေက စိတ်ဝင်စားဖို့ကောင်းတယ်။

နေပြည်တော် Convention Centre

ဒီတစ်ခါ အာဆီယံ ၁၄ ကြိမ်မြောက် အစည်းအဝေးကို ကမ္ဘောဒီးယားမှာ လုပ်ဖို့ စီစဉ်ထားတယ်။ သူတို့က မလုပ်နိုင်ဘူး။ အဲဒီမှာ ၁၆ ကြိမ်မှာ ကျင်းပခွင့်ရထားတဲ့ မြန်မာနိုင်ငံက လွှဲပြောင်းပြီး ကျင်းပခွင့်ယူတယ်။ အဲဒါနဲ့ေ နပြည်တော်မှာဆောက်တယ်။ ဆောက်တဲ့ ပရောဂျတ်ကို ရွှေတောင်က ရတယ်။ ပထမဆောက်တယ်။ တရုတ်ပညာရှင်တွေက လာကြည့်တယ်။ နောက်တော့ အကြောင်းတစ်ခုကြောင့် လက်ရှိအနေအထားကို သိပ်မကြိုက်ဘူးဆိုပြီး အာဆီယံမှာရှိတဲ့ Convention Centres တွေကို လေ့လာရေးတွေပို့တယ်။ တစ်ချို့နိုင်ငံတွေက ကောင်းတယ်။ တစ်ချို့ကသာမန်ပဲ။ ကောင်းတာက ဂျာမန်က ဒီဇိုင်နာ၊ ဂျာမန်က အာခီတက် နဲ့ တရုတ်က ဆောက်ပေးလို့ဖြစ်နေတယ်။ အဲဒီတော့ မေးခွန်းတွေရှိလာတယ်။ မြန်မာတွေဖြစ်ပါ့မလားဆိုပြီး။ အဲဒီတော့ ရေကြီးလို့ ခေါင်းရှုပ်နေတဲ့ ထိုင်း ၀န်မကြီး၊၀န်ကြီးမကတော့ မြန်မာကို ထောက်ခံလိုက်တယ်။ တစ်ချို့ကလည်း မယုံဘူးတဲ့။ ဒီကောင်တွေ နာမည်ပျက်လေးရှိတယ်တဲ့။ အဲဒါနဲ့ အင်ဒိုကနေ လေ့လာရေးဆိုပြီး လာအကဲခတ်တယ်။ ၀န်ကြီးတွေက စိတ်ဆိုးတယ်။ အရင်လည်းဘယ်မှာမှ လုပ်နိုင်လား၊ မလုပ်နိုင်လားစစ်တာမရှိပါဘူး။ ငါတို့ကြမှ စစ်ရဆေးရတယ်ဆိုပြီးဖြစ်တယ်ဆိုပြီးမကြည်လင်ကြဘူး။ လာစစ်တဲ့သူက လုပ်နေတာတွေတော့ အဆင်ပြေတယ်။ ပြီးအောင်ရော လုပ်နိုင်မယ့် ငွေအားလူအားရှိလားမေးတယ်။ ၀န်ကြီးကလည်း ဂွင်ထဲဝင်ပြီဆိုပြီး မြန်မာပြည်မှာ တူးဖော်ဆဲရော မတူးဖော်ပဲ ချန်ထားတဲ့ သံယံဇာတရော များကြီးများကြီးပဲ လို့ကြွားလိုက်တယ်။ ထုတ်မသုံးရသေးတဲ့ သယံဇာတဆိုတာကို ကျွန်တော်တို့ အမြဲ ကြောက်ရွံ့ပါတယ်။ ထုတ်သုံးလိုက်ရင် ဘာဖြစ်မလဲဆိုတာကိုလည်း အမြဲသတိထားပြီး ထုတ်သုံးစေချင်ပါတယ်။

ဤတွင် ရန်ကုန်သတင်းများကို ကြေငြာလို့ပြီးပါပြီ။ သောတရှင်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေခညာ။

Regards,

Zephyr (Now in Yangon)

Notes: အစားအသောက်မဆင်မခြင်စားတာကြောင့် မင်္ဂလာဆောင်မတိုင်မီရှေ့တစ်ရက် ဆေးထိုးလိုက်ရပါသေးတယ်။ မြန်မာပြည်ပြန်ရောက်ခိုက် ဖုံပါတဲ့အစားအစာများများစားပေးခြင်းဟာ ရေရှည်မှာ အကျိုးရှိစေနိုင်ပါတယ်။ ရေမုန့်၊ ကောက်ညှင်းကျည်တောက် စတာတွေကို ဖုံတောထဲက ၀ယ်စားခဲ့ပါသေးတယ်။ ကမ္ဘာ့အကောင်းဆုံးဆန်ဆု ရသွားတဲ့ ပေါ်ဆန်းမွှေးဆန်အကြောင်းလည်း သတင်းထဲမှာဖတ်ခဲ့ရပါသေးတယ်။ ရေကြီးတဲ့သတင်းတွေလည်း ဖတ်ခဲ့ရပါသေးတယ်။

အိုးအိမ်ရုံးရှေ့မှာ လယ်သမားတစ်ရာ ဆန္ဒပြတယ်ဆိုတာကိုတော့ အဲဒီရှေ့နားဖြတ်သွားပေမယ့် လယ်သမားတွေမတွေ့ခဲ့ပါ။ (အချိန်ကွာတာကြောင့်လည်းဖြစ်နိုင်တယ်။) လယ်သမားတွေ ဆန္ဒပြတာကို ရေဒိယိုကနေ အင်မတန်အားပေးနေတဲ့ လေလှိုင်းကအဒေါ်ကြီးတွေ အမေရိကားမှာ ဘောနပ်စ်ရစေချင်ပါတယ်။ ပဲခူးကနေ ရန်ကုန်အထိ ဆန္ဒလာပြတယ်ဆိုတာကို ပြောသွားတာကြားလိုက်ရပါတယ်။

သတင်း မှန်ကန်မှုကို တန်ဖိုးထားစေချင်ပါတယ်။ အချိန်ကို တိတိကျကျမဟုတ်ဘဲ ရမ်းသမ်းပြောတာဟာ သတင်းဌာနတွေအတွက်တော့ တာဝန်မကျေမှုပါပဲ။ အမုန်းတရားအခြေခံတဲ့ သတင်းထုတ်ပြန်မှုတွေ ကျဆုံးပါစေ။ အမှန်တရား အခြေခံတဲ့ သတင်းတွေ အောင်မြင်ပါစေ။ (အပို၊အလိုဆိုတာ သတင်းရဲ့ကိစ္စမဟုတ်ပါဘူး။ သတင်းမှာ အပို၊အလိုလုပ်စရာမလိုပါဘူး။ တိတိကျကျထုတ်ပြန်ဖို့ပဲလိုပါတယ်။) လက်ရှိအစိုးရအနေနဲ့လည်း သတင်းထုတ်ပြန်မှုလွယ်ကူအောင် အစိုးရ websites လုပ်သင့်ပါတယ်။ သတင်းရဲ့ တန်ဖိုးကို ပေါ့ပေါ့မတွက်သင့်ပါဘူး။ သတင်းတစ်ခုကြောင့် ဘေးဒုက္ခသည်တွေအတွက် အဆင်ပြေသွားနိုင်သလို၊ သတင်းတစ်ပုဒ်ကြောင့် မလိုလားအပ်တဲ့ အထင်အမြင်လွဲမှားမှုတွေလည်းဖြစ်နိုင်ပါတယ်။




Peace B with U.

Tuesday, November 8, 2011

သူသည် လူသားတစ်ယောက်ဖြစ်သည်။ သို့သော်။




သူသည် လူသားတစ်ယောက်ဖြစ်သည်။ သို့သော်။

ကျွန်တော့်နာမည်ကို ဂျွန် လို့ခေါ်တယ်။ မနေ့တစ်နေ့ကတော့ ကျွန်တော့်ကို သူငယ်ချင်းတွေက တစ်မျိုးခေါ်လိုက်တာ ကြားတယ်။ ဒါပေမယ့် ကျွန်တော်ဟာ ဂျွန် ပဲဖြစ်ပါတယ်။ တစ်ခြား အမည်နာမနဲ့ ဘယ်သူမှ ဖြစ်ခွင့်မရှိတဲ့ လူသားတစ်ယောက်လည်းဖြစ်ပါတယ်။

ပတ်ဝန်းကျင်ကိုလေ့လာကြည့်တော့ သူတို့နဲ့ကျွန်တော်မတူဘူး။ ဘာလို့မတူတာလဲ ..။ ကျွန်တော်မသိဘူး။ သေချာတာက ကျွန်တော့်ကြောင့်တော့ မဟုတ်ဘူးဆိုတာပဲ။
ဟယ်ရီပေါ်တားလို မွေးကတည်းက မိဘမဲ့ဖြစ်ခဲ့ရတာတွေထက် စာရင် ကျွန်တော်က ကံကောင်းတယ်လို့ပြောရမလား။ အဲဒီ ကံကောင်းခြင်းထဲမှာပဲ ကျွန်တော် မကြာခဏ တိတ်တိတ်လေး ငိုနေမိတတ်တယ်။ ကျွန်တော်တို့မြို့ရဲ့ အစွန်အဖျား၊ တောင်ကုန်းမြင့်လေးပေါ်က သစ်သားခုံတန်းလေးမှာထိုင်ရင်း ငိုနေမိတတ်တယ်။ ကောင်းကင်ကို ကြည့်ပြီး ကျွန်တော်ငိုနေတတ်တာ ဘယ်သူသိလို့လဲ။ ဘုရားသခင်ဆိုတဲ့ လူကြီးတော့ သိရင်သိမှာပေါ့။ ဒါလည်း သိပ်မသေချာပါဘူး။ သေချာရင် ကျွန်တော့်ကို သူဖန်ဆင်းခဲ့မှာမှ မဟုတ်တာ။ ခုလည်း သူဖန်ဆင်းတဲ့ထဲ ကျွန်တော်ပါပုံမရတာ သေချာသလောက်ပါပဲ။
အသက် ၇ နှစ်သား လူငယ်လေးတစ်ယောက်လည်း ကျိမ်စာသင့်တတ်သတဲ့လား။ ဘာလို့ ကျွန်တော့်မှ လာဖြစ်နေရတာတဲ့လဲ ...။

လူတိုင်းမှာ မိဘရှိကြတယ်မဟုတ်လား။ မိဘဆိုတဲ့စကားလုံးကို ကျွန်တော် အလိုလို နာကျင် မုန်းတီးနေမိတယ်။ ဘာလို့လဲ ဆိုတော့ မိဘဆိုတဲ့သူတွေရဲ့ အမှားအတွက် ကျွန်တော်ဟာ မနေချင်တဲ့လောကကို ရောက်လာတဲ့ ၀ဋ်ကောင်ပေါက်စလေး ဖြစ်နေလို့ပါပဲ။
ကျွန်တော့်မျက်ရည်တွေက အနီရောင်ဖြစ်တယ်။ သစ်ရွက်ခြောက်တွေရဲ့ အရောင်ဟာလည်း အနီရောင်ဖြစ်တယ်။ မိုးကုပ်စက်ဝိုင်းရဲ့အရောင်ကလည်း အနီရောင်ဖြစ်ပါပဲ ။ ဒါကြောင့် ထင်ပါရဲ့။ ဘုရားသခင် မရေးခဲ့တဲ့ ကျွန်တော့်ရဲ့ နေ့ရက်တွေဟာ အနီရောင်ဖြစ်နေခဲ့ တယ်။
ဂိုဂို ဆိုတဲု့ ကျွန်တော့်ရဲ့ ခွေးလေးကို အိတ်ထဲကထုတ်လိုက်တယ်။ သူဟာ ကျွန်တော်ရဲ့တစ်ဦတည်းသောမိတ်ဆွေပါ။ ၊ သူ့မှာအသက်မရှိဘူးလို့ အသက်ရှိတယ်လို့ သူတို့ကိုယ် သူတို့ထင်ပြီး ရှင်သန်နေထိုင်မှု ဆိုတာ ဘာမှန်းမသိတဲ့ လူတွေက ပြောကြတယ်။ ဂိုဂို က အသက်မရှိပေမယ့် ပျော်နေတယ်။ ဒါကို သူတို့မသိဘူး။ ကျွန်တော်ကတော့ အသက်ရှိပြီး ငိုနေရတယ်။ ဒါလည်း ဘယ်သူမှ မသိပါဘူး။

ကျွန်တော်ဟာ လူသားတစ်ယောက်ဆိုတာ သေချာပါတယ်
ကျွန်တော်ဟာ အသက်ရှူတယ်။ ကိုယ်လက်အင်္ဂါပြည့်စုံတယ်။
ကျွန်တော့်ရဲ့ အသိဉာဏ်၊ ဦးနှောက် ကလည်း လူစဉ်မီပါတယ်။
ကျွန်တော့်ကိုယ်ထဲမှာ သွေးတွေရှိတယ်။ O+ ဖြစ်တယ်လို့ ဆိုတယ်။
ကျွန်တော်ဟာ စာသင်လို့လည်း ရပါတယ်။
ကျွန်တော်ဟာ အစားအသောက် ချေးမများပါဘူး။
ကျွန်တော် ဂိုဂို့ကို ချစ်တယ်။ ကျွန်တော်သစ်ပင်တွေကိုချစ်တယ်။
နောက် ကျွန်တော်ဟာ ဂျွန်လို့ အမည်နာမရှိသူလည်း ဖြစ်ပါတယ်။

ကျွန်တော်အိမ်မပြန်ချင်ပါဘူး။
ကျွန်တော်အိမ်မပြန်ချင်တာကြာပါပြီ။ဒါဟာ လူကြီးတွေ ပြောပြောနေတဲ့ ရောဂါတစ်ခု လား။ အဲဒီအတွက် ကျွန်တော် ဆေးသောက်ရဦးမှာလား။
ကမ္ဘာကြီးမှာ ကျွန်တော်ဆက်မနေချင်တော့ဘူး။
ဂိုဂိုကိုဖက်ထားရင်း ကျွန်တော်ငိုနေမိတယ်။ ငိုတဲ့ကလေးတွေဟာ အချစ်မခံထိုက်ဘူးတဲ့။ (ဘယ်သူက ပြောခဲ့တာလဲ ကျွန်တော် မသိဘူး)။
ကျွန်တော့်ကို မချစ်ပါနဲ့။ ကျွန်တော့်ကို ငိုခွင့်ပဲပေးပါ။

ကျွန်တော်ဟာ စက်ရုပ်တစ်ရုပ်မဟုတ်ပါဘူးမေမေ။ ကျွန်တော့်ကို စမ်းသပ်တီထွင်ဖို့ ဘာလို့ကြိုးစားတာလဲ။

ကျွန်တော်ဟာ သဘာဝမကျဘူးတဲ့ဖေဖေ။ ကျွန်တော့်ရဲ့တောအုပ်လေးက ဘယ်ဆီမှာလဲ။

အာခေါင်ခြစ်အော်ဟစ်နေတဲ့ ကလေးတစ်ယောက်အတွက် ခေါင်းမာတဲ့ ကောင်းကင်ဟာ ပွင့်မထွက်မသွားဘူး။ နာရီကိုကြည့်တော့ ရှစ်နာရီထိုးပြီ။ ကျွန်တော် အိမ်မပြန်ချင်ဘူး။ ကျွန်တော်ငိုနေချင်တယ်။ ၇ နှစ်တိတိ ကျွန်တော်နေခဲ့ပြီးပြီ။ ဒီလောက်ဆို လုံလောက်ပြီလားလို့ ကျွန်တော့်မိဘလို့ ဆိုတဲ့သူတွေကို ကျွန်တော်မေးချင်ပါတယ်။ ။
ရထားလေးတစ်စင်းထွက်ခွာသွားတယ်။ မှောင်စပြုနေတဲ့ကောင်းကင်က မိုးရွာချတော့မှာလား၊ မိုးချုပ်သွားမှာလား။ ( သေချာမသိနိုင်ဘူး)
ဘ၀မှာ ရသင့်သလောက်မရတာတွေကို ကျွန်တော် ဘယ်သူ့ကိုတောင်းဆိုရမလဲ။ ကျွန်တော့်ဘ၀ရဲ့ သာမန်ရှင်သန်ခွင့်လေးကို ဘယ်မှာတောင်းဆိုရမတဲ့လဲ။

ကျွန်တော့်ရဲ့အပြန်လမ်းဟာ ခြောက်သွေ့ရှည်လျားတဲ့မြွေတစ်ကောင်နဲ့တူနေတယ်။ ဒဏ်ရာထွန်ကြောင်းတစ်လျှောက် ပျိုးကြဲနေတဲ့ကလေးတစ်ယောက် မရိတ်သိမ်းဘဲ လက်ဗလာနဲ့ပြန်ရမယ့် ဇာတ်ဝင်ခန်းဟာ အထူးအဆန်းဖြစ်လွန်းနေခဲ့မလား။
ကောင်းကင်မှာ အိပ်တန်းပျံသွားတဲ့ ဗျိုင်း ၁၃ ကောင်ကို ကျွန်တော်တွေ့တယ်။
ကျွန်တော့်စိတ်ထဲမှာ ၁၃ ခါဒဏ်ရာရခဲ့တယ်။
ကျွန်တော့်ရှင်သန်မှုကို ၁၃ ခါနောင်တရတယ်။
ကျောင်းစာအုပ်ထဲမှာ ကျွန်တော့်နာမည်ရှိတယ်။
ဂျွန်။
ဒုတိယတန်းကျောင်းသား။
ကျွန်တော်ဟာ ကျွန်တော့်စိတ်ရဲ့ဝန်ထုပ်ဝန်ပိုးတစ်ခုပါ။

နှေးကွေးလေးလံတဲ့ခြေလှမ်းတွေနဲ့ မရောက်ချင်တဲ့ခရီးကို မရောက်အောင်သွားနေတဲ့ ကလေးတစ်ယောက်အတွက် ဘ၀ဟာ ဒီလောက်ပဲလား။
ဒီထက်ပိုပြီးပျော်ရွှင်စရာမရှိတော့ဘူးဆိုတာ ကျွန်တော်ပိုပြီးရိပ်မိလာသလို၊ ဒီထက်ပိုပြီး နာကျင်စရာခံစားချက်တွေရှိသထက် ရှိလာမယ်ဆိုတာကို ကျွန်တော်သေချာသိခဲ့ပါပြီ။
ဘုရားသခင်။ သင်ဟာ တရားမျှတမှုရှိသူမဟုတ်ဘူးလို့ မဆီမဆိုင် စိတ်ထဲက ရေရွတ်လိုက်ပေမယ့် ကျွန်တော့် မျက်ရည်စီးကြောင်းက ရပ်တန့်မသွားနိုင်ဘူး။
ကမ္ဘာမြေပေါ်မှာ ကျွန်တော်ရပ်နေခဲ့တာရော ဟုတ်ရဲ့လား။ ကမ္ဘာမြေကို ကျွန်တော်ထမ်းထားရတာများလား။ လေးလံလိုက်တာ။ လေးလံလိုက်တာ .. ။ လေးလံလိုက်တာ ...

အမြဲတမ်းဖြတ်ကူးနေကျ မီးပွိုင့်လေးမှာ လူဖြတ်ကူးဖို့ အရုပ်လေးက နီရဲနေတယ်။ အမြန်မောင်းလမ်းမကြီးရဲ့ တ၀ီဝီကားတွေက ရှေ့ကနေဖြတ်သန်းသွားလာနေတယ်။
လမ်းဟာ ကားတွေ ဖြတ်သွားပေမယ့် ခံစားချက်မဲ့ စွာ လဲလျောင်းနေလျက်ပဲ ။ စိတ်အသိုးတွေနဲ့ ပေပေတေတေအိပ်နေသလိုမျိုး .....။ စိတ်ထဲမှာတွေးကြည့်တယ်။
ကျွန်တော့်အတွက်မဟုတ်တဲ့ ကမ္ဘာကြီးအကြောင်း .................။ ထိုက်တန်ပါရဲ့ လား ...

ကျောပိုးအိတ်ထဲက ဂိုဂိုကိုပြန်ထုတ်လိုက်တယ်။ ကျောပိုးအိတ်ကိုတော့ ကျွန်တော်လွှတ်ပစ်လိုက်တယ်။ ဂိုဂိုကို ကျစ်ကျစ်ပါအောင် ပိုက်ထားမိရင်းက ကျွန်တော့်မျက်ရည်တွေဟာ ဂိုဂို့ပေါ်
တပေါက်ပေါက် ကျဆင်းနေခဲ့တယ်။ တကယ်ဆို ကျွန်တော်ဟာ ကန္တာရလေး သက်သက်ပါ။ ဘာလို့များ မိုးတုတွေအဆက်မပြတ်ရွာအောင် စမ်းသပ် တီထွင်ခဲ့ကြတာတဲ့လဲ ...

..........နှုတ်ဆက်ခဲ့ပါတယ် ကမ္ဘာကြီး။ ကျွန်တော့်ကို တီထွင်ခဲ့တဲ့မိဘများ .၊ ပညာရှင်များ ........ သူငယ်ချင်းလို့ သတ်မှတ်ချင်ပေမယ့် အခွင့်မရခဲ့တဲ့ သူများရဲ့ နောက်ပြောင်သံတွေနဲ့ဝေးရာ ......။ ကျွန်တော်ပြေးထွက်ခဲ့ပါပြီ။ အရှိန်နဲ့မောင်းဝင်လာမယ့် ကားတစ်စီးစီးဟာ ကျွန်တော့်ဘ၀ကို ပိတ်ပေးမယ့် ရီမုတ်ကွန်ထရိုးတစ်ခုပေါ့ ........................................။


.....................
....................................
.......................................................


လိင်တူ ချစ်သူ (gay) မိဘနှစ်ပါး မှ မွေးဖွားလာသော ဂျွန် ဆိုသော ကလေးတစ်ယောက် ကားတိုက်သေဆုံးသည့်သတင်းတစ်ပုဒ်ကို သူတို့ ဆက်လက်မဖတ်ဖြစ်ခဲ့တော့ပါ။ အခေါက်လိုက်ကလေး ကျန်နေခဲ့သော ယနေ့ထုတ် သတင်းစာသည် မမြင်ရသော ကံကြမ္မာသွေးစက်များနှင့် အေးစက် ပိတ်လှောင်နေခဲ့သည်။ ။

Regards,
Zephyr

Notes:
လွန်ခဲ့တဲ့သုံးလကရေးဖြစ်တဲ့ အတိုလေး တစ်ပုဒ်ပါ။
အိုင်ဒီယာ Nov လမှာပါပါတယ်။
ဒီဇိုင်းဆွဲပေးတဲ့ ပြည်သစ်တည်ရဲ့လက်ရာကိုလည်း သဘောကျပါတယ်။ နောက်ပိုင်းခေတ်ရဲ့ ပြဿနာတစ်ခုကို အစထုတ်လာတဲ့သဘောပါ။ ဒီပြဿနာတွေကြောင့်ပဲ တစ်ချို့ပြည်နယ်တွေမှာ လိင်တူ လက်ထပ်ခွင့်ရှိပေမယ့် ကလေးမွေးစားခွင့်မပေးကြပါဘူး။ အခုလို Genetic engineering ထွန်းကားလာချိန်မှာ ပြဿနာအသစ်တွေထပ်ရှိလာတာကိုပဲ ရသရှုထောင့်ကရေးလိုက်ပါတယ်။ ကလေးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ အသင့်မဖြစ်ခင်မှာ ရနိုင်တဲ့ ဒဏ်ရာတစ်ခုအကြောင်းလို့ပဲဆိုပါတော့။ လိင်တူလက်ထပ်ခွင့်ကို လက်ခံနိုင်ရင်တောင် သူတို့တွေ သိပ္ပံပညာရဲ့အကူအညီနဲ့ ကလေးတစ်ယောက်ကို ကမ္ဘာကြီးထဲ ခေါ်လာဖို့ ကိုတော့ အခုအထိ လက်မခံနိုင်သေးပါဘူး။ တခြားတော့ ထွေထွေထူးထူး ဆန့်ကျင်ကန့်ကွက်တာမျိုးမရှိပါဘူး။ ဒီတစ်ခုကိုတော့ ကလေးတွေဘက်ကနေ တွေးကြည့်စေချင်တယ်။ ကလေးငယ်တွေရဲ့ဘ၀မှာ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုမဖြစ်အောင် အဖြေရှာနိုင်ရင်တော့ တကယ်ကောင်းပါလိမ့်မယ်။



Peace B with U.

Monday, November 7, 2011

စာမဖတ်ကြတော့တဲ့ခေတ်ရဲ့ စာအုပ်စာရင်း။

စာမဖတ်ကြတော့တဲ့ခေတ်ရဲ့ စာအုပ်စာရင်း။

အမျိုးအစား ....။ ။ သံသရာဆွဲဆန့်လို့ ဘယ်လောက်ပင်ရှည်ရှည်။


မြန်မာပြည်မှာ နပိုလီယံတွေနေတယ်။ မဖြစ်နိုင်ဘူးဆိုတာ အဘိဓာန်ထဲမှာရော လေဆိပ်မှာပါမရှိဘူး။
ကြေးဆင်းတု ၉ လက်မအရွယ် ပင့်လာတယ်။ ရှေးဟောင်းပစ္စည်းတံဆိပ်တုံးမပါဘူး။ ရတယ်။ လက်ဖက်ရည်ဖိုး ပေးလိုက်ရင် အိုကေတယ်။

luggage တွေက ၅၉.၅ kg ဖြစ်နေတယ်။ နှစ်ယောက်ပေါင်း လေးဆယ်ပဲ ပေးပေမယ့် ပိုနေတဲ့ ၁၉.၅ kg ကို ယောက္ခမရဲ့ သူငယ်ချင်းသမီး မျက်နှာနဲ့ အလကား လုပ်ပေးလိုက်တယ်။ လေဆိပ် ရောက်တော့မှပဲ အသိအကျွမ်းတွေရဲ့ အကူအညီ အရေးပါပုံကို သိလိုက်ရတယ်။

အကျဉ်း ရေးလိုက်ရင် တိုတောင်းသွားမယ် ထင်တယ်။ အခွန်ဆောင်တဲ့ အကြောင်း ကိုလည်း သီးခြားတစ်ခု ရေးရမယ်။ ၂ နှစ်ခွဲစာ ဆောင်ခဲ့တယ်။ အဆင်ပြေပါတယ်။

အခုတော့ စာအုပ်စာရင်းကိုပဲရေးလိုက်ပါတယ်။ စင်ကာပူမှာ မြန်မာစာကြည့်တိုက်ဖွင့်မလားလို့စိတ်ကူးနေတယ်။ မြန်မာလူမျိုးဆိုတာ ၀ယ်မဖတ်ရဘူးဆိုရင် စာအလွန်ဖတ်တဲ့လူမျိုးမဟုတ်လား။ စင်ကာပူပေါက် မြန်မာကလေးတွေကို မြန်မာစာ သင်ရင်လည်း အောင်မြင်နိုင်တယ်။ ကလေးတွေမှာ မြန်မာစကားလုံး များများမသိနိုင်ကြဘူး။ မြန်မာပြည်မှာလို ကြုံတွေ့ရတဲ့ အဖြစ်အပျက်တိုင်းအတွက် သိစရာ၊သင်စရာ စကားလုံးနဲ့ထိတွေ့ဖို့အားနည်းတယ်။ ကလေးဆိုတာကလည်း ၅ နှစ်အောက်လောက်မှာပဲ ဘာသာစကားအတွက် အကောင်းဆုံးဖြစ်နိုင်တယ်။ ကြီးလာလေ ဘာသာစကား မတတ်လေပဲ။ ၂၉၊ ၃၀ ကြမှ ဘာသာစကား သင်တာတွေဟာ ဆဟားရားမှာ အပေါ့သွားသလို အရာမထင်ဖြစ်တယ်။

စာအုပ်အတွက် နေရာမရှိဘူးလို့ Zနီးသည်က ပြောတယ်။ ယူချင်ရင် အုပ်သုံးဆယ်လောက်ပဲယူလို့ပြောတယ်။ အဲဒါနဲ့ အုပ်၂၀၀ လောက်ရှိတဲ့စာအုပ်ပုံထဲက အုပ်သုံးဆယ်ရွေးတယ်။ ကျွန်တော်ရွေးလာတဲ့ အုပ်သုံးဆယ်ကို luggage ထဲထည့်တော့ မတာင် မမနိုင်တော့လောက်အောင်လေးသွားတယ်။ အဲဒီ luggage တစ်လုံးထဲတင် ကီလို ၃၀ နီးပါးရှိတယ်။ ရွေးတုန်းကတော့ အုပ်သုံးဆယ်ပဲ၊ ဘယ်နှစ်အုပ်ပါလာသလဲဆိုတာတော့ စာအုပ်စာရင်းလုပ်ရင်းနဲ့ရေကြည့်မှပဲသိနိုင်မယ်။

ရွေးရတာခက်တယ်။ သေသွားတဲ့ ဆရာနန္ဒာသိန်းဇံ အမှတ်တရ၊ သူ့စာအုပ်တွေ သယ်လာတယ်။ ဘ၀အဓိပ္ပာယ်နှင့် ဘ၀သစ္စာစာအုပ် ပါမလာမှန်း အခုမှတွေ့ရတယ်။ အိမ်မှာကျန်ခဲ့ပြီထင်တာပဲ။

ပါလာတဲ့စာအုပ်တွေကိုတော့ စာရေးဆရာနာမည်နဲ့ပဲစုလိုက်တယ်။

မောင်ထွန်းသူ
၁။ ရဲတိုက် ပထမတွဲ
၂။ ရဲတိုက် ဒုတိယတွဲ
၃။မျှော်တလင့်လင့်

အဲဒီစာအုပ်သုံးအုပ်ကို ၂၀၀၅ မှာဝယ်ခဲ့တယ်။ ကြည့်ရတာ စာသင်တဲ့ပိုက်ဆံတွေနဲ့ဝယ်ခဲ့တာထင်တယ်။ သုံးအုပ်ကို ရှစ်ထောင်လောက်ကျတယ်။ အခုတောင် တစ်အုပ်လေးထောင်ဆိုတဲ့ မြသန်းတင့်ရဲ့ ရှားလော့ခ်ဟုမ်းတွေ မ၀ယ်ခဲ့ဘူး။ ဈေးကြီးလို့။ ရဲတိုက်ကတော့ ဆရာဝန်လောကမှာ အတော်အမြင်ကတ်စရာ စာအုပ်ဖြစ်မယ်။ ဆရာဝန်တွေကို သိပ်မျှော်လင့်အောင် လုပ်သလိုဖြစ်တယ်။ A.JCronin ကို သဘောကျရင် အဆင်ပြေပါတယ်။ ဒေါက်တာ အင်ဒရူးမေဆန် ကို ဖတ်ဖူးတဲ့သူတွေ ကြိုက်ခဲ့ကြမယ်ထင်ပါတယ်။

မျှော်တလင့်လင့်ကတော့ အင်မတန်မှ ပေရှည်ရှည်နဲ့ရေးနိုင်ပါပေတယ်လို့ဆိုနိုင်တဲ့ ဂန်ထ၀င် Novel ကြီးပါပဲ။ အခုခေတ်မှာဖတ်ရရင်တော့ အရင်ကလိုတော့ မခံစားနိုင်တော့ဘူး။ တော်တော်အားအားယားယား အဖြစ်အပျက်တစ်ခုလို့ပဲထင်တယ်။ ထူးခြားတာက စာရေးတဲ့အတတ်ပညာပါပဲ။ ဥပမာစာမျက်နှာ ၂၂၂ က အခန်းလေးဆိုရင်သဘောကျစရာကောင်းတယ်။

"ဘစ်ဒီ" ကျွန်တော်က သူ့နာမည်ကိုခေါ်ကာ ထိုင်နေရာမှ ထရပ်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် သူ့လည်ပင်းကို သိုင်း၍ဖက်လိုက်ပြီး သူ့ပါးတစ်ဖက်ကို တစ်ချက်မျှ နမ်းလိုက်သည်။" ငါကတော့ ဘာမဆို နင့်ကို ဖွင့်ပြောမှာပဲ။"

"နင်လူကြီးလူကောင်းတစ်ယောက် ဖြစ်တဲ့အချိန်အထိ ဆိုပါတော့ "ဟု ဘစ်ဒီကပြောသည်။

"ငါဘယ်တော့မှ မဖြစ်ဘူးဆိုတာ နင်သိပါတယ် ..... ဘစ်ဒီရယ်"

အဲဒီမှာ လက်တစ်ဖက် ဘယ်ရောက်နေလဲဆိုတာကို ပြောချင်တာမဟုတ်ပါဘူး။ အသေးစိတ်ရေးကြတာကိုပြောတာ။ လက်တစ်ဖက်နဲ့ဖက်ဖက်၊ နှစ်ဖက်နဲ့ပဲ ဖက်ဖက် ပြဿနာမဟုတ်လောက်ဘူးထင်တယ်။ ရှေးကလူတွေ လေရှည်တာ အဲဒီ ဂန်ထ၀င် ၀တ္ထုတွေကြောင့်များလားတောင်တွေးမိတယ်။


မြသန်းတင့်
၁။ နိုင်ငံတကာရသစာတမ်းများ (၂)

ဒီစာအုပ်တွဲက သုံးအုပ်ရှိတာထင်တယ်။ English for all မှာပါတယ်။ အဲဒီအချိန်က ဘာသာပြန်တွေလေ့ကျင့်ရင်း ၀ယ်ထားဖြစ်တယ်။ တစ်အုပ်ကို သုံးရာပဲပေးရတယ်။ ဒါတောင် သုံးအုပ်စလုံးမ၀ယ်နိုင်ဘူး။ သပိတ်လွယ်ငှက်ကလေးအကြောင်း အက်ဆေးပါတဲ့ အမှတ်၂ စာအုပ်ကိုပဲဝယ်နိုင်တယ်။ မွဲချက်။

၂။ သြဂုတ်တစ္ဆေများနှင့် အခြားဝတ္ထုတိုများ

၃။ မရဏ အိမ်မက်တစ်ခု၏ မှတ်တမ်း

မာကေး(Marquez)စာတွေနည်းနည်းပါးပါးမြည်းစမ်းခဲ့စဉ်ကစာအုပ်တွေ။ ငယ်တုန်းကတော့သိပ်မကြိုက်ခဲ့ဘူး။ အခုလည်း နောင်တများရမလားလို့ နောက်တစ်ခါပြန်ဖတ်ဖို့ယူလာတယ်။

၎။မှော်ရုံတောမှာမောလှပြီ။

ပန်းချီပညာကျော် ဂေါ်ဂင်(Gauguin) အကြောင်းပါ။ သိပ်ကြိုက်ခဲ့ပါတယ်။ လူလတ်ပိုင်းရောက်ပြီဆိုတော့ ငယ်တုန်းက ကြိုက်ခဲ့တာတွေကို ဒုတိယံပိ ပြန်ဖတ်ကြည့်ဖို့ပြန်သယ်လာတယ်။

ငါ့ကို ရှုတ်ချကဲ့ရဲ့လူတွေဟာ ပန်းချီဆရာရဲ့ သဘာဝကို နားမလည်ကြဘူး။ ပန်းချီဆရာတွေဟာ ကိုယ်ဖြစ်စေချင်တာကို သူများကို လိုက်အလုပ်မခိုင်းဘူး။ သူများဖြစ်စေချင်တာကိုလည်း လိုက်မလုပ်ဘူး။ (ဂေါ်ဂင်က ဇနီးသို့ပေးစာ)

အောင်မြင်တဲ့အခါ အခုလို ကိုးကားလို့ရအောင် ဇနီးသည်ဆီကိုလည်း ပေးစာများများရေးထားမှလို့သဘောပေါက်မိတယ်။

၅။မိုးတောင်ကချုန်း
သိပ္ပံဝတ္ထုတိုတွေထင်တယ်။ နေရာကျဉ်းကျဉ်းလေးမှာ လူတွေတိုးဝှေ့နေတဲ့တစ်ပုဒ်ပဲမှတ်မိတော့တယ်။

၆။လူလေးသို့ပေးစာများ
ငယ်တုန်းကတော့ အဲဒါတွေကို လူကြီးတွေက ဖတ်စေချင်ကြတယ်။ သူတို့လေကုန်သက်သာအောင်ဆုံးမစာတွေဖတ်စေချင်ပုံရတယ်။ ဘယ်ရမလဲ။ ကျော်ဖတ်ခဲ့တာပေါ့။

၇။သုခမြို့တော်။

သံဝေဂရစရာ ဆင်းရဲမှုကြီးတစ်ခုပေါ့။ အဲဒီစာအုပ်ကို စာအုပ်ဆိုင်က ငှားဖတ်ပြီး သနားခဲ့တယ်။ အဲဒီတုန်းက ထိုက်စာပေ ဆိုတာရှိတယ်။ ကျွန်တော်တို့ အိမ်ကနေ ဆယ့်ငါးမိနစ်ပဲလျှောက်ရတယ်။ အဲဒီကလူတွေနဲ့ မိတ်ဆွေတွေလိုပဲ။ စာအုပ်ကောင်းတွေဆို အလကားပေးဖတ်တယ်။ စာ များများဖတ်စေချင်လို့ဖြစ်မယ်။ အဲဒီ သုခမြို့တော်ဆိုတာလည်း အလကားဖတ်ခဲ့ရတဲ့ စာအုပ်တွေထဲက တစ်အုပ်ပဲ။ နောက်တော့ ဗီဒီယိုထဲကလို ခြောက်နှစ်ကြာသော်ဆိုပြီး စာတမ်းလေးထိုးအပြီးမှာ ဒီစာအုပ်ကို ၀ယ်လိုက်တယ်။ ပြန်ဖတ်ချင်စရာသိပ်မကောင်းဘူး။ စိတ်မကောင်းစရာ ရှေးရိုးအယူအဆတွေနဲ့ ဆင်းရဲမွဲတေမှု၊ အဲဒါတွေကို ဆန့်ကျင်ချင်တယ်။ လူတိုင်းဟာ လူတန်းစေ့နေဖို့ အခွင့်အရေးရှိသင့်တယ်။ သွေးအန်နေမှာကို စိတ်ပူလို့ ကွမ်းစားရင်း ကွမ်းသွေးပါတာပါလို့ ရောချဖို့ကြိုးစားနေတဲ့ ကုလားအဖိုးကြီးတစ်ယောက်ဟာ သူ့သမီးဒေါင်ရီဖိုးရအောင် မသေခင်ကတည်းက ခန္ဓာကိုယ်ကို ရောင်းစားခဲ့တာကို ဘယ်တော့မှ မမေ့နိုင်တော့ဘူး။ မြသန်းတင့်ဟာ ဒီစာအုပ်နဲ့ ၁၉၉၂ မှာ ဘာသာပြန် စာပေဆုရခဲ့တယ်။ ဟာစရီပါးကို ခင်ဗျားတို့ သတိရနေကြဦးမယ်ထင်ပါတယ်။

၈။ညှင်းတစ်ဆယ် လူသတ်မှုနှင့် ပင်ကိုရေး စုံထောက်ဝတ္ထုတိုများ ၁။
၉။ပူနွေးနေသော ပန်းပဲဖိုနှင့် ပင်ကိုရေး စုံထောက်ဝတ္ထုတိုများ ၂။

စုံထောက်ဝတ္ထုတွေက ဇနီးသည်ဖတ်ဖို့ပါ။ သူဖတ်တဲ့စာအုပ်အမျိုးအစား အနည်းငယ်ကို ဖတ်စေချင်တဲ့စေတနာနဲ့ပါ။ (ဒီလောက်ရှည်တဲ့ ပို့စ်မျိုးဆို သူဖတ်လေ့မရှိပါဘူး။ ကြုံတဲ့သူတစ်ယောက်ယောက်က ဇနီးသည်အပေါ် စေတနာထားကြောင်း ပြောပြလိုက်ကြပါ။)

နန္ဒာသိန်းဇံ

အဖေက နန္ဒာသိန်းဇံစာအုပ်တွေ ကြိုက်ခဲ့ပုံပေါ်တယ်။ သူဖတ်ဖူးတဲ့စာအုပ် အနည်းငယ်ထဲမှာပါပုံရတယ်။ လူ့သက်တမ်းတစ်ဝက်လောက် ဈေးရောင်းနေခဲ့ပေမယ့် သူလည်း စာအုပ်ကောင်းတွေ ဖတ်ခဲ့ရပုံပေါ်တယ်။ ငယ်တုန်းက အဖေနဲ့သိပ်မရင်းနှီးလှဘူး။ သူဝယ်ထားပေးတာတော့လည်း နည်းနည်းပါးပါး ဖတ်ဖြစ်တယ်။ နောက်တော့ ဘယ်သူမသွားမှန်းမသိဘူး (မသွားတယ်ဆိုတာ သယ်သွားတယ်။ ခိုးသွားတယ်လို့ အဓိပ္ပာယ်ထွက်တယ်ဆိုတာ နောက်နှစ်တစ်ရာမှာမသိတော့မှာစိုးလို့ ဖြည့်စွက်ပေးလိုက်တယ်။)။ စာအုပ်တွေ မရှိတော့တာနဲ့ ကိုယ့်ဘာသာ ပြန်ဝယ်ရတယ်။ ဟိုတစ်ခေါက်ပြန်လာတော့ စီးပွားရေးနဲ့စစ်ရေးဗျူဟာ ပြန်ယူလာတယ်။ စုစုပေါင်း ၁၉ အုပ်ပဲရေးခဲ့တာဆိုတော့ သိပ်များတယ်မဆိုနိုင်ဘူး။ တစ်ချို့စာအုပ်တွေက သူတင်ခဲ့တဲ့ကျမ်းတွေလည်းဖြစ်တယ်။ အင်္ဂလိပ်လိုရေးတဲ့တစ်အုပ် နဲ့ လူ၏ ဆောက်တည်ရာ နှစ်အုပ်ကလွဲရင် ကျန်တဲ့ ၁၇ အုပ်တော့ဝယ်ခဲ့ဖူးတယ်။

၁။ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း။
(၆ တန်းနှစ်မှာ ပထမဆုံး ဖတ်ခဲ့တယ်။ အဲဒီစာအုပ်ကို သိပ်ကြိုက်တဲ့သူငယ်ချင်းနဲ့လည်း ဒီတစ်ခေါက်အပြန်မှာတွေ့ခဲ့တယ်။)
၂။မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်း။
၃။စိတ်အဆင့်ဆင့်မြင့်တက်ခြင်း သဘာဝ (ဒုတိယအကြိမ်)
(ရဲရဲနီက ဒီစာအုပ်ကို ငှားဖတ်တုန်းကပြောတယ်။ စာအုပ်ပြန်လာပို့ရင် ၂၀၅ စီးမလာတော့ဘူး။ ဈာန်နဲ့ပျံလာမယ်ဆိုပဲ။)
၎။အရိမဒ္ဒနမှ တွေးမြင်ရနံ့တို့ ဝေ့ပျံ့နေဆဲ ...
၅။အသွင်သဏ္ဍာန်တို့နောက်ကွယ်၌
၆။ကြာ
၇။မှန်သော စကားကိုဆိုခြင်းနှင့် ပတ်သက်သော မှတ်ချက်များ
၈။နန္ဒာသိန်းဇံ ၊ ဒေါ်လဲ့လဲ့ဝင်း (နက္ခတ်ဗေဒပညာနှင့် မြန်မာတို့၏ အတွေးအမြင် အစဉ်အလာ)
၉။ဖြေဆည်ရာ
၁၀။တွေးချိန်ချင့်စရာ
၁၁။မနက်ဖြန်များကို ဖြတ်သန်းနေသော စိတ်ကူးများ
၁၂။ကိုယ်ကျင့်တည်ကြည်ခြင်းနှင့် အဆင့်မြင့်ခရီးစဉ်
၁၃။ပြောရင်းပြောနေမည့် ချစ်ခြင်းမေတ္တာ
(အသည်းကွဲနေတဲ့သူတွေ ဖတ်ရမယ့်စာအုပ်။ ဟီးဟီး။)
၁၄။သမုဒ်ပင်လယ်ပြာ နှိုင်းပမာ
(နောက်ဆုံးထွက်တာ။ ဒီစာအုပ်နောက်မှာတော့ အသက်ပဲထွက်တော့တယ်။)

ဘ၀အဓိပ္ပာယ်နှင့် ဘ၀သစ္စာနဲ့ ထေရ၀ါဒနှင့်ပတ်သက်သောမှတ်ချက်များ မပါလာမှန်း အခုမှသိရတယ်။ နာဂစ်မှာပဲပါသွားပြီလား။ အိမ်မှာပဲကျန်ခဲ့လား မသိတော့ဘူး။

ဂျူး

ငယ်ကတည်းကနေ စုဖြစ်တဲ့စာအုပ်တွေထဲမှာ ဂျူးရဲ့စာအုပ်တွေလည်းပါတယ်။ အခုလို စာအုပ်ဈေးမကြီးဘဲ မုန့်ဖိုးများများရစဉ်အခါက စုခဲ့တဲ့စာအုပ်တွေဖြစ်ပါတယ်။ နာဂစ်ကြောင့် မရှိမဖြစ်မိုး စာအုပ်၊မိုးရေစက်တွေနဲ့ စုတ်ပြဲသွားပါတယ်။ နောက်တစ်အုပ်လည်း အဖုံးတွေကွာထွက်သွားပါတယ်။ ကြုံတဲ့အခါမှ ပြန်ဝယ်ပြီးစုထားဦးမယ်လို့စိတ်ကူးပါတယ်။

၁။မြစ်တစ်စင်းကိုဖြတ်ကျော်ခြင်း။
ရုပ်ရှင်ခံစားမှုဆောင်းပါးတွေပါ။ ဒီလိုရေးတဲ့လူတွေထဲမှာ သစ္စာနီနဲ့ဂျူးနဲ့ကို အကြိုက်ဆုံးပါပဲ။ ရုပ်ရှင်တော်တော်လေးကြည့်ခဲ့ပေမယ့် အဲဒီလို ပြန်မရေးချင်ဘူး။ ငယ်တုန်းကတော့ စာမျိုးစုံရေးဖူးအောင် ရုပ်ရှင်ခံစားမှု သုံးပုဒ်လားရေးဖူးတယ်။ တစ်သက်လုံးအမှတ်တရပါပဲ။ နောက်မရေးချင်တော့ပါဘူး။

၂။တိမ်နဲ့ချည်တဲ့ကြိုး။
ဘယ်တော့မှ ချင်းတောင်မသွားတော့ဘူးလို့ပိုင်းဖြတ်လိုက်တယ်။ လေယာဉ်နဲ့သွားလို့ရတဲ့အခါမှသွားမယ်။ အဲဒီမှာ ချင်းတွေ အကြောင်းပါတယ်။ ချင်းသူငယ်ချင်းတွေရှိခဲ့ဖူးတယ်။ ချင်းတွေက မြန်မာလို ကောင်းကောင်းမပြောတတ်ဘူး။ ကားပေါ်ကို ချင်းလူမျိုးတွေတက်လာရင် အရင်တုန်းက စပယ်ယာတွေက နောက်တယ်။ ခြင်းတွေပေါင်ပေါ်ထင်ထားကြပါ ဆိုပြီး ချင်း နဲ့ ခြင်းကို ခပ်ရောရောစကြတယ်။

ရသစာပေကို ရသစာပေလိုပဲဖတ်တယ်။ ဆုန်ကျဲရ်လျန်ကို ဘွေပီးက Robert Frost ရဲ့ Stopping by woods on a snowy evening ကဗျာရွတ်ပြတဲ့အခန်းကို သဘောကျတယ်။ အဲဒီကဗျာကို ငယ်ကတည်းက သိပ်ကြိုက်တယ်။


ဒီကဗျာဆရာကြီး Robert Frost ခမျာ အသက်ကြီးလာတော့ စာသားတွေမေ့နေလို့ စာရွက်လေးကြည့်ရင်းနဲ့ရွတ်ရတယ်။ အဲဒီအချိန်မှာ လေတိုက်တော့ စာရွက်လွင့်သွားတယ်။ ကဗျာဆရာကြီး ဒုက္ခတွေ့တာပေါ့။ အဲဒီအချိန်မှာ နားထောင်နေတဲ့ ကဗျာ ပရိတ်သတ်တွေအားလုံးက ဆရာကြီးရဲ့ ကဗျာကို ဆက်ရွတ်ကြတယ်။ နိုင်ငံရဲ့ ကဗျာဆရာဆိုတာ နိုင်ငံသားတွေရဲ့ နှလုံးသားထဲကို ကဗျာရောက်အောင်ပို့နိုင်တဲ့သူဖြစ်ရမယ်လို့ တွေးမိတယ်။

စာထဲမှာ သဘာဝပတ်ဝန်းကျင်အကြောင်းပါရင် တချို့လည်းမကြိုက်ကြဘူး။ တစ်ချို့လည်းပိုကြိုက်ကြတယ်။ ကြိုက်တယ်ဆိုတဲ့ ပေတံဟာ လူတိုင်းမှာရှိသလို၊ မကြိုက်ဘူးဆိုတဲ့ ပေတံလည်း လူတိုင်းမှာရှိတယ်။ ကြိုက်တယ် မကြိုက်ဘူးဆိုတာဟာ အနုပညာရသကို နည်းနည်းမှ မထိခိုက်စေတဲ့ သတ်မှတ်ချက်တစ်ခုပါပဲ။

၃။ကြာတော့သည်လည်း မောင့်စကား

ကိုယ့်ဟာကိုယ် ဘာလိုချင်မှန်းမသိခဲ့သော ဇော်သည် ထိုမျက်ရည်များ မည်သူ့အတွက် ကျရကြောင်း ဘယ်တော့မျှ သိနိုင်လိမ့်မည်မဟုတ်ပါ။

ဆေးတက္ကသိုလ်တွေက စာရေးဆရာတွေနဲ့ အဆိုတော်တွေ မွေးထုတ်ပေးနေတာလို့ ပြောရင် ကိုးရိုးကားရား အမှန်တရားတစ်ခုလို့ပဲ ခင်ဗျားလည်း ခံစားရလိမ့်မယ်။ တစ်အုပ်စီကို အကျဉ်းရေးရင် A4 ခုနစ်မျက်နှာလောက်တွေဖြစ်ကုန်မယ်။ အခုဟာက စာအုပ်စာရင်းပဲဆိုတော့ သိပ်များများမပွားတော့ဘူး။

၎။ကြေမွသွားသော တိမ်တိုက်များအကြောင်း ဒုတိယအကြိမ်

ကြေမွသွားသော မုန့်လေပွေကိုကြည့်ပြီး နာမည်ပေးခဲ့တာဖြစ်မယ်။ ဂျူးက တစ်ခါ နိုင်ငံခြားကို ဖိတ်ခေါ်လို့သွားတုန်းကသူ့စာအုပ်တွေ လက်ဆောင်ပေးရင်း recycled paper တွေသုံးလို့ ချီးကျူးကြတာ ရေးဖူးတယ်။ အဲဒီ စာရွက်တွေကို အခုအသုံးများလာတဲ့ wood-free တွေထက် ပိုပြီးသဘောကျပါတယ်။

Zလမ်းတွေကတော့ ဂျူးရဲ့ဟန်အတိုင်း စေ့စေ့စပ်စပ် သေသေသပ်သပ်လေးပဲ။ အင်မတန်မှ နာမည်ကြီးခဲ့တယ်။ ရုပ်ရှင်ပြန်ရိုက်တာတွေ ရှိမလားမသိဘူး။ မြန်မာရုပ်ရှင်ကြည့်လေ့မရှိတာကြောင့်လည်း သိပ်မသိဘူး။ ရုပ်ရှင်ရိုက်ရင်တော့ ပျက်တာပဲ။ အိမ်စိုးမေမှာတုန်းကလည်း သူ့ကာရိုက်တာနဲ့ သရုပ်ဆောင်မင်းသမီး သရုပ်ဆောင်တာမတူဘူးဆိုပြီး တစ်ခါထုတ်ပြောဖူးတယ်။

မြန်မာကားတွေမှာက မျက်လုံးနဲ့သရုပ်ဆောင်တာကို အားမပေးဘူး။ စကားချည်း လှိမ့်ပြောမှ နားလည်သလိုဖြစ်နေတာကလည်း သိပ်ဆိုးရွားတယ်။ မလိုတဲ့ ဒိုင်လော့ခ်တွေကြောင့် tempo ပျက်တယ်ဆိုတာလည်း သိပုံမရဘူး။ ထားပါတော့။ ဖြစ်နိုင်ရင် ၀တ္ထုကောင်းကောင်းတွေကို ရုပ်ရှင် ညံ့ညံ့ လုပ်မပစ်တာ ပိုကောင်းမယ်ထင်တယ်။

ကြုံလို့ စကားရှည်ရရင်အမျိုးသမီး သရုပ်ဆောင်ကြေးတွေ နှစ်ဆတက်သွားပြီလို့ မြန်မာပြည်ပြန်တုန်း ဂျာနယ်မှာတွေ့လိုက်တယ်။ အရည်အချင်းကတော့ ဒုံရင်း၊ ဈေးက နှစ်ဆဆိုတာ အံ့သြဖို့ကောင်းတယ်။ မုဒိတာပွားနိုင်ရင်ကောင်းတယ်။

ဒီ ၀တ္ထုမှာ သိမ်မွေ့သလောက်ရှုပ်ထွေးတာတွေ ပါတယ်။ အချစ်မှာ မျက်နှာစာအများကြီးရှိတယ်။ တစ်ချို့မျက်နှာစာတွေမှာ စိတ်ပိုင်းဆိုင်ရာ အဖြေရှာဖို့ခက်တယ်။ တပ်မက်တွယ်တာမှုဘက်ကို ယိမ်းလိုက်ရင် အဖြေတစ်မျိုးထပ်ရှိနေတယ်။ လူတိုင်းမှာ အဓိက တန်ဖိုးအထားဆုံး အရာ တစ်ခုထဲရှိပြီး အဲဒီတစ်ခုကိုပဲ အမြဲတမ်း တန်ဖိုးထား စောင့်ရှောက်သွားနိုင်ရင်ရိုးရှင်းမယ်။ ဒါလည်း လိုချင်၊ ဟိုဟာလည်း လိုချင်ဆိုရင်တော့ တစ်ချိန်ချိန်မှာ နှစ်ခုစလုံးလက်လွှတ်ရမှာပဲ။ အဲဒီဇာတ်လမ်းမှာ တရားသူကြီးကို အတော်လေးသဘောကျတယ်။ စာတစ်ခုကို ကြိုက်ရင် ဇာတ်ကောင်တစ်ကောင်စီအတွက်ကို သီးခြားဖတ်ကြည့်လေ့ရှိတယ်။ များသောအားဖြင့် ဇာတ်ပို့တွေကိုပိုပြီး သဘောကျလေ့ရှိတယ်။ အဓိက ဇာတ်ကောင်တွေကို စာရေးဆရာတိုင်း ကောင်းကောင်းရေးတတ်တယ်။ သေသေသပ်သပ်ရေးတတ်တဲ့ စာရေးဆရာတစ်ချို့လောက်ပဲ ဇာတ်ပို့တွေကို အသေးစိတ်ဂရုစိုက်တယ်။

တရားသူကြီးများအဖို့ အထွတ်အထိပ်ဆုံး အင်္ဂါရပ်တစ်ခုဟာ ရှေ့နေရဲ့မျက်နှာကို နှစ်နာရီကြာကြာစူးစူးစိုက်စိုက်ကြည့်ပြီး သူပြောတဲ့စကားကို တစ်လုံးတစ်ပါဒမျှ မကြားအောင် နေတတ်ခြင်းပါပဲ ဆိုတဲ့ ၁၈၁၈ က အမေရိကန် နိုင်ငံတော် တရားသူကြီး ဂျွန်မာရှယ် ရဲ့ quotes ကို ကိုးကားသွားတာ အတော်လေး ဟဿရသမြောက်တယ်။


တန်ဖိုးထားစရာတွေကတော့ စာကို စနစ်တကျလေ့လာပြီး ရေးခဲ့တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေပါပဲ။ ကိုမြတ်စုဟာ အိန္ဒိယ(သို့) ထိုင်းမှာဆိုရင်တော့ မိန်းမနှစ်ယောက် ယူလိုက်လည်း ရကောင်းရနိုင်ပါတယ်။ ခက်တာက မြန်မာနိုင်ငံဖြစ်နေပြီး ယောက္ခထီးလောင်းက ရှေ့နေဖြစ်နေတာပါပဲ။ လူတိုင်းကတော့ မှားတတ်ပါတယ်။ တစ်ချို့ကံဆိုးသူတွေသာ အမှားကို ပြင်ဆင်ဖို့ အချိန်မရတတ်ကြတာပါပဲ။

၅။ အရောင်များနှင့် ကစားခြင်းနှင့် အခြား ၀တ္ထုတိုများ။
၆။အစိမ်းရောင် အမွေအနှစ် ( ref: Green Inheritance by Anthony Huxley)
သစ်ပင်တွေကို ချစ်တဲ့သူတွေအားလုံး၊ ကမ္ဘာကြီးကို ချစ်တဲ့သူတွေအားလုံးဟာ နှလုံးသားချင်း နီးစပ်ကြတယ်လို့ဆိုရမယ်ထင်တယ်။ ကမ္ဘာကြီးရဲ့ ဘယ်နားမှာနေနေ သဘာဝကို ချစ်ခင်တဲ့စိတ်နဲ့နေကြရင် အားလုံးဟာ သဘာဝကို မျက်နှာမူပြီး လက်ချင်းတွဲပြီး ရပ်နေသလိုပါပဲ။ အဲဒီလိုတွေးကြည့်ရင် နွေးထွေးပါတယ်။
၇။ချစ်သူလား စကားတစ်ပွင့် ပွင့်ခဲ့တယ်။
"မိုးရာသီတစ်ခုတုန်းက ရာဇတ်ဟောလ်ကို အစ်မ အသွားမှာ အစ်မအတွက်နဲ့ လွယ်အိတ်ကို ရွှံ့ဗွက်ထဲ ပစ်ချပေးတဲ့ ကောင်လေးတစ်ယောက်ရှိခဲ့ဖူးတယ်ဆိုရင် ..."
အရင်ခေတ်က ငနဲကြီးတွေလည်း မခေပေါကြပါလား။ အသေအကြေရူးကြပါလားဆိုတာတွေးမိတယ်။ အဲဒီ ရွှံ့ဗွက်အိုင်တောင် သူတို့ကိုယ်တိုင်တူးခဲ့တာများလားလို့လည်း တွေးမိတယ်။

အမှန်တရားတစ်ခုထက် ပိုလိုအပ်သောအရာမှာ နွေးထွေးသော ချစ်ခြင်းတရားလည်းဖြစ်နိုင်ပါသည်။ မင်းညိုပြောခဲ့သော သူတင်ထားသည့် စကားပန်းဖြစ်သည် ဆိုသည့် စကားလေးတစ်ခွန်းသည် ဘ၀တစ်သက်စာအတွက် အဖြူရောင်မုသားလေးတစ်ခုဖြစ်လျှင်လည်းဖြစ်နေမည်။ ဘ၀သည် စည်းကမ်းဘောင်အတွင်းမှ သေသပ်စွာဖျက်ထုတ်ခွင့်ရှိသော ဘောလုံးကစားနည်းဖြစ်ပါသည်။ နောက်ဘက်မှ ခြေမထိုးလျှင် မျှတပါသည်။ သင့်စိတ်ကို သေချာကြည့်ပြီး အမျှတဆုံး ကစားပါ။ ခြံနဲ့ဝင်းနဲ့ နေနိုင်သည့်နေ့တွင် စကားပင်တစ်ပင်စိုက်ဖြစ်လျှင် Magnolia grandiflora စိုက်ဖြစ်မည်ထင်ပါသည်။

၈။အချစ်ဆိုတာ ကြိုးနဲ့သီဖို့ မလိုတဲ့ ပန်းပွင့်လေးတွေ နှင့် အခြားဝတ္ထုတိုများ
၉။အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ
ပထမတစ်အုပ် ဘယ်သူယူသွားမှန်းမသိဘဲ ပျောက်သွားလို့ နောက်တစ်အုပ် ထပ်ဝယ်လိုက်ရတယ်။
၁၀။မျှော်လင့်ချက်နှင့် အခြား မျက်နှာဖုံး ဆောင်းပါးများ
၁၁။မျက်နှာဖုံးများအကြောင်း (ရုပ်ရှင် ခံစားမှုဆောင်းပါးများ ၃)
၁၂။ကျွန်မချစ်သော ယောကျာ်းများနှင့် အခြားဝတ္ထုတိုများ
၁၃။ကောင်းကင်မပါသောညနှင့် အခြားဝတ္ထုတိုများ
၁၄။မောင်တို့ယောကျာ်းတွေ ရုပ်ရှင် ခံစားမှုဆောင်းပါးများ ၂)
၁၅။မြစ်တို့၏မာယာ
ဒီဝတ္ထုကို ၂၅၀ နဲ့ဝယ်ခဲ့ပါလားဆိုတဲ့ အသိဟာ သတိရတိုင်းပျော်ရွှင်စေတယ်။ Zလမ်းမှာချရေးမယ့် စိတ်ပိုင်းဆိုင်ရာ ကိစ္စတွေကို တော်တော်လေး စိတ်ရှည်လက်ရှည် သိမ်းထားဖို့၊စိတ်ထဲမှာမွေးမြူဖို့မလွယ်ဘူး။ အဲဒီမှာ ကြိုက်တာတွေ တော်တော်များတယ်။

ဥပမာ။ ။

လူတွေဟာ ကိုယ့်အရှုံးကိုယ် ဘယ်တော့မှ ပြန်မပြင်ချင်ကြဘူး ကေသီ။

ကိုယ့်စကားက မင်းကို ထိခိုက်သွားတယ်ဆိုရင် ကိုယ်ဝမ်းနည်းပါတယ်ကေသီ။
ဝမ်းနည်းရင် လဲသေလိုက်ပါလား မောင်။

၁၆။ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ
ရုပ်ရှင်ရိုက်ဖို့ ရေးပေးခဲ့တာထင်တယ်။ ရုပ်ရှင်က အရင်ထွက်တယ်။ နောက်မှ စာအုပ်တွေ သီချင်းခွေတွေထွက်တယ်။
၁၇။လရဲ့အောက်ဘက် မိုင်အဝေးမှာ။
ဒီစာအုပ်ကို တော်တော်လေး သဘောကျတယ်။
၁၈။နံရံ၏အခြားတစ်ဖက်
Pink Flyod ရဲ့ The wall တောင်ပါသေး။ ငယ်တုန်းက စာအုပ်ဆိုင်မှာ ဒုတိယပိုင်းပျောက်နေတယ်ဆိုတာနဲ့ ဒီဝတ္ထုကို မဖတ်ခဲ့ဘူး။ အသက်ကြီးလာမှ ပ+ဒု ဒုတိယအကြိမ် ပေါင်းထုတ်မှ ဖတ်တယ်။
၁၉။ကျွန်မဖတ်ခဲ့သော စာအုပ်များ။
ကျွန်တော် အခုလို ရေးတာကို ပေရှည်တယ်မှတ်တဲ့သူတွေ အဲဒီစာအုပ်ကိုလည်းဖတ်ကြည့်စေချင်တယ်။ ၅၅၀ ကျပ်ပဲပေးခဲ့ရတယ်။ ၄၀၇ မျက်နှာပါတဲ့ စာအုပ်ထူကြီး။ အခုတခေါက်သယ်လာတဲ့အထဲမှာလည်း ဂျူးဖတ်ခဲ့တယ်ဆိုတဲ့စာအုပ်တွေပါပါတယ်။ ဥပမာ၊ ကမျူး၊ မိုပါဆွန်း၊ ဆမ်းမားဆက်မော်မ်
၂၀။မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟ၀န်ခံချက်
ဂျူးရဲ့ Masterpiece လို့ကျွန်တော်ယူဆပါတယ်။ ဂျူး ၀တ္ထုတွေအကြောင်းပြောရင်း အသေးအဖွဲကိစ္စတွေကို တခုတ်တရ ဝေဖန်ပြောဆိုတတ်တဲ့သူတွေ တွေ့တိုင်း A.P.K ရဲ့ကာတွန်းတစ်ကွက်ကိုသတိရတယ်။ လူတစ်ယောက်က စက်အကောင်းစားကြီးဝယ်လာတာကို နောက်တစ်ယောက်ကလာကြည့်ပြီး၊ ဖုန်တွေနဲ့ လို့ပြောတယ်။ နောက်တစ်ယောက်က စက်ပိုင်ရှင်ကို “စိတ်မရှိပါနဲ့ကွယ်၊ သူက ဖုန်အကြောင်းပဲနားလည်ရှာတာ” လို့ပြောတဲ့ကာတွန်းကွက်လေးပါ။ ဖုန်အကြောင်း ပြောခဲ့တဲ့ ပြောနေတဲ့ ပြောနေဦးမယ့် လူတွေဟာ ပုရွက်ဆိတ်တွေ၊ အိမ်မြှောင်တွေလို နေရာတကာမှာ ရှိနေဦးမှာပဲ။ ခေတ်အဆက်ဆက်ရှိနေဦးမယ်။ အနုပညာမဖန်တီးနိုင်ရင်တော့ အကောင်းဆုံး ဖြတ်လမ်းနည်းက ဖန်တီးနေတဲ့သူတွေကို ပျစ်ပျစ်နှစ်နှစ်ဝေဖန်တာပဲ ဆိုတဲ့ အန်ဒါးဆင်းပုံပြင်ထဲကနည်းအသေကြီးတွေနဲ့ အခုအထိကို အလုပ်ဖြစ်နေတုန်း။
၂၁။ သူမင်းကို ဘယ်တော့မှ
စင်ကာပူမှာ ပြန်ဝယ်ထားပြီးပြီဆိုတာကိုမေ့ပြီး ပြန်ခါနီးမှာ စီးတီးမတ်က ထပ်ဝယ်လာဖြစ်တယ်။ ၂၆၀၀ ကျပ်။ (လက်ဆောင်လိုချင်ရင် အမြန်ဆက်သွယ်ပါ။ မြန်မာပြည်မှာသာ ၂၆၀၀ကျပ်၊ စင်ကာပူမှာတော့ 8SGD လောက်ပေးရတယ်ထင်တယ်။)
အဲဒီစာအုပ်မှာပါတဲ့ Bottom Billion ကိုတောင် နည်းနည်း ဘာသာပြန်ဖြစ်ခဲ့သေးတယ်။ အမှတ်ရစရာ အများကြီးနဲ့စာအုပ်။
၂၂။ကျွန်မချစ်သောမြို့တစ်မြို့
၂၃။ကျွန်မချစ်သောနိုင်ငံ

ဂျူးစာအုပ်ချည်းပဲ ၂၃ အုပ်ပါလာတယ်။

တာရာမင်းဝေ။

၁။ကပ်သီးကပ်သတ် အင်္ဂလိပ်စကားလုံးများ
အရင်က Idea မှာလစဉ်ရေးခဲ့တာတွေ။ စိတ်ဝင်စားစရာကောင်းတယ်။ ၂၂၀၀။ ဇော်မောင် ရဲ့ကာတွန်းကွက်လေးတွေကလည်း ရယ်ရတယ်။
၂။ငါ့ရင်ခွင်ကြားက နှင်းဆီဓားသွားတစ်လက် (ပထမပိုင်း)
၃။ငါ့ရင်ခွင်ကြားက နှင်းဆီဓားသွားတစ်လက် (ဒုတိယပိုင်း)
ဒီနှစ်အုပ်ကလည်း ဘယ်အချိန်ပြန်ဖတ်ဖတ် အဆင်ပြေနေတုန်းပဲ။ နှစ်အုပ်တွဲစာအုပ်ထုတ်ဖို့ သတ္တိရှိခဲ့တဲ့ အန်ကယ်ပူစီကတ်ကိုပဲ လေးစားရမလိုဖြစ်ရတယ်။
၎။ကိုယ့်လက်နဲ့ဖမ်းမိတဲ့ နဂါးငွေ့တန်း
တိုးတိုးပြောပါ။
မလောပါနဲ့
ဆိုတဲ့ စာကြောင်းနှစ်ကြောင်းဟာ ကျွန်တော့်ရဲ့ လူငယ်ဘ၀ထဲ အကြိမ်ပေါင်းမြောက်များစွာ ခုန်ပေါက်သွားလာနေဖူးတယ်။
၅။ငါသည်သာ ပန်းဖြစ်၍ နောက်တစ်ကြိမ် ပြန်ပွင့်ခွင့်ရခဲ့သော် … ။
အဲဒီစာအုပ်ကြောင့် စိတ်ညှို့တဲ့ကျမ်းတွေဘာတွေတောင် ရဲရဲနီဆီက ငှားဖတ်လိုက်သေးတယ်။ ရဲဘုန်းမင်း ကို ခင်ဗျားတို့မှတ်မိကြဦးမလား။ သေချာတာကတော့ ကျွန်တော်တို့ခေတ်မှာ သရုပ်မှန်စာပေရဲ့ ပျင်းရိငြီးငွေ့ဖွယ် ကန့်လန့်ကာကို လှပတဲ့ မော်ဒန် အရေးအသားပုံစံသစ်နဲ့ တွန်းဖယ်ဝင်ရောက်လာတဲ့ တာရာမင်းဝေရဲ့ အနုပညာကိုလည်း အမှတ်ရစရာပါပဲ။ (နောက်ပိုင်း စာအုပ်တွေမှာ လစ်ဟာမှုတွေများလာခဲ့တာကိုလည်း နှမြောစရာတစ်ခုလို့မြင်ပါတယ်။) ဈေးကွက်အရတော့ တာရာမင်းဝေဟာ အကြည်တော်လောက် မအောင်မြင်ခဲ့ဘူးလို့ သတ်မှတ်ရပါမယ်။
၆။အနေအထိုင် မတတ်တဲ့ကြယ်
၇။ယန္တရား အရေခွံနဲ့လူ

တိုက်တိုက်ဆိုင်ဆိုင် ဒီဝတ္ထုထဲမှာ တေးဝေကို သတ်လိုက်တဲ့ ကိုကိုကြီး (ကိုကိုကြီးဆိုတာ အကြည်တော်ရဲ့နာမည်ပါ။) ပါလာပါသေးတယ်။ စာမျက်နှာ ၁၁၆ မှာလည်း ကိုကိုကြီးရဲ့အမူအယာကို သံတမန်လိုလို အကြည်တော်လိုလို ဆက်ဆံရေးဖြင့် ဆိုပြီးနောက်ထားတာတွေ့ရတယ်။ အဲဒီထဲမှာပါတဲ့စာသားတစ်ချို့ကိုလည်း အခုထက်ထိ မှတ်မိနေတုန်းပဲ။

စနေနေ့ကို လက်ထပ်ဖို့ကြိုးစားတဲ့ သောကြာနေ့လိုပဲ လိုက်မမီနိုင်လောက်အောင် လွဲလွန်းလှတယ် …..။

ငါဟာ
ပိတောက်သားနဲ့ ထုလုပ်ထားတဲ့
နွေရာသီပန်းပုရုပ်ပဲ။

တစ်ချို့လူတွေရဲ့စိတ်ထားက
စကတ်ရှည်ရှည်ဝတ်ထားကြတယ်။

လမိုက်ညတို့ လာတော့မယ်
လမင်းကိုပဲ လွမ်းရမလား၊
မီးအိမ်ကိုပဲ ထမ်းရမလား။

ငါခုတ်ခဲ့တာ မဟုတ်ပါဘူး။
ငါက …
အဲ့ဒီ အက်ကွဲကြောင်းထဲမှာ
ညပ်နေတဲ့ ဓားတစ်လက်ပါ။

လူတစ်ယောက်အတွက် (ဒါမှမဟုတ်) အားလုံးအတွက် နောက်ဆုံးရိက္ခာ ဖြစ်ချင်ပါသေးတယ်။

လွတ်လွတ်လပ်လပ် ဆော့ကစားချင်လို့
ပုလင်းထဲ ၀င်ပုန်းမိပါတယ်
ဘယ်သူက …
ဖော့ဆို့ လာပိတ်သွားမှန်း မသိဘူး။

ဒီစာသားတွေကို မှတ်မိနေကြဦးမယ့် သူငယ်ချင်းတွေ အများကြီးရှိသေးတယ်။ မနေ့တစ်နေ့ကလိုပဲ ဒီစာအုပ်တွေကို အတူဖတ်ခဲ့ကြတယ်။ 4 Aug 2005 မှာ ၁၄၀၀ နဲ့ဝယ်ခဲ့တယ်။ အခုဆိုရင် ၆ နှစ်ကျော်သွားပြီ။ မနေ့တစ်နေ့ကလိုပဲ။ အချိန်တွေက မပြောင်းတာလား။ စိတ်တွေကပဲရပ်နေတာလား။ တစ်ခုခုတော့ဖြစ်လိမ့်မယ်။

၈။တေးသွားနံပါတ် ၁၀၀၁
ဒီစာအုပ်ကိုတော့ အင်မတန်ကြိုက်တယ်။ အဲဒီစာအုပ်နဲ့ပတ်သက်ပြီးဖြစ်ခဲ့တဲ့ ပဟေဠိတွေလည်း လွန်ခဲ့တဲ့နှစ်နှစ်ကသိရပြီ။ အမှတ်တရပါပဲ။

၉။အရှေ့မြို့ရိုးမှ မိုးရေစက်များ
နှစ်ခါဝယ်ဖူးတယ်။ ပထမတစ်ခေါက်ဝယ်တဲ့ စာအုပ်ကို စာအုပ်ဆိုင်ကို လက်ဆောင်ပေးလိုက်တယ်။ နောက်တစ်ပတ်မှာ အဲဒီစာအုပ်ကို စာအုပ်ဆိုင်ကနေ တစ်ယောက်ငှားပြီး ပြန်လာမအပ်တော့ဘူး။ ဂျူနိုကတော့ ကျွန်တော့်စိတ်ထဲမှာ တစ်သက်လုံး အလှဆုံး ကနေတုန်းပါပဲ။ ဒီစာအုပ်နဲ့ပတ်သက်ပြီး အခြေအမြစ်မရှိတဲ့စွပ်စွဲမှုတွေ ရှိခဲ့ဖူးတယ်။ နောက်ဆုံးတော့လည်း လေထဲမှာတိုက်အိမ်ဆောက်ကြည့်သူတွေ မိုးပျံပူဖောင်းနဲ့အတူ ပြန်ကျလာတယ်။

၁၀။ကျွန်တော်နှင့် အရုပ်မြို့တော်
အဲဒီစာအုပ်အတွက် ဈေးကွက်က အဆင်သင့်မဖြစ်ခဲ့ဘူး။ ဖရဲသီးခွဲပြီး အထဲမှာ ဖရဲသီးတွေ့လို့ စိတ်မ၀င်စားတဲ့သူတွေများနေတုန်းမှာ ဖရဲသီးသွားရောင်းမိတဲ့အဖြစ်အပျက်ပဲ။

ဒါဟာ အိမ်မက်ပဲ … ၊ ကြေကွဲမှုတွေ ဖြစ်မလာခင်
ဒီအိမ်မက်ကို ဆက်မက်ကြစို့ ………………..

ဒီအရုပ်မြို့တော်ကို အခန်းဆက်အနေနဲ့ Idea Magazine မှာ ပြန်မြင်ရရင်လည်း တစ်မျိုးပျော်စရာကောင်းဦးမှာပဲ။ အဲဒီမှာပါတဲ့ စကားလေးတစ်ခွန်းပါ။ ပြင်သစ်ပြဇာတ်ထဲက စကားလို့ဆိုပါတယ်။ သိပ်နှစ်သက်ခဲ့ပါတယ်။ အခုအထိပဲဆိုပါတော့။

“လေထဲမှာ တခမ်းတနား မှတ်ကျောက်တင်ချင်ပြန်ပြီ”

၁၁။တစ်ကိုယ်တော်ရေးတဲ့ ကကြီး ခခွေး
၁၂။ကျွန်တော်တူးဖော်ခဲ့သော မြေဆိုင်မြေခဲများ အကြောင်း
မကြာမကြာဖတ်ဖြစ်တယ်။ အဲဒီလိုမျိုးအတိုလေးတွေ နှစ်အုပ်ရှိတယ်။ နောက်တစ်အုပ်က ကျွန်တော်နှင့် နွေယဉ်စွန်းတန်း။ သိပ်ကြိုက်တယ်။
၁၃။ပန်းလက်ဖ၀ါးမှာပါးအပ်ပိုင်ခွင့်မရှိတဲ့ကောင်လေး။
သူ့ကို ထွန်းဝေလို့မှားခေါ်ရင် မကြိုက်တဲ့ထူးဝေကို သတိရတုန်းပဲ။ မော်ဒန်ကြောင်လို့ သဘောထားပြီးပိုက်သွားစမ်းပါဆိုပြီး အုန်းခြစ်ကြီး ထိုးပေးခဲ့တာကိုလည်း မျက်စိထဲမြင်နေတုန်း။ အဲဒီတုန်းက ၀ါသနာရှင် သဲထူးတောင် စာရေးဆရာဖြစ်နေပြီဆိုတာ ထူးဝေသိပါ့မလား။ သံစဉ်နဲ့ထူးဝေ၊ ရှားပါးတဲ့ မတ်စေ့ကလေး။ ချစ်ခြင်းတရား။ အလင်းလဲ့ဖြာသော ကံကြမ္မာထောင့်ချိုးများ။ တစ်သက်လုံးမှတ်မိနေမယ့် ဇာတ်လမ်းလေး။ စာရေးဆရာလည်း မရှိတော့ဘူးဆိုတော့ စမ်းလက်ဖ၀ါးနဲ့ ပါးရိုက်ခံချင်တဲ့ကောင်လေး ဆိုပြီး တစ်အုပ်လောက်ရေးချင်ရင် ရေးလို့ရပြီပေါ့။

၁၄။မျဉ်းဖြောင့်၏ ဧရိယာ
၁၅။အာလာဒင် မသိလိုက်တဲ့မီးခွက်

ကြောင်နှစ်ကောင် စာရေးဆရာတွေ တစ်ယောက်ပြီးတစ်ယောက်လစ်သွားတာ တာရာမင်းဝေ၊ နီကိုရဲရှေ့ဆင့်နောက်ဆင့်ပဲ။ တကယ်လို့ ကူးတို့ဂိတ်မှာစောင့်ရရင်တောင် အဲဒီမှာ အတူတွေ့နိုင်သေးတယ်။ ကျန်တာတွေထဲမှာ မင်းခိုက်စိုးစန် နဲ့ မိခင်ကြီးပဲကျန်တော့တယ်။ နှစ်ယောက်စလုံးကလည်း နှလုံးမကောင်းဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်တာဝန်ကတော့ သူတို့စာအုပ်တွေစုထားဖို့ပဲ။အမေ့စာအုပ်တွေကတော့အလကားပေးထားသမျှရော၊ တွေ့တာတွေရော ၀ယ်စုထားတယ်။ ပန်းချီဆရာတွေလို စာရေးဆရာတွေလည်း လွန်တော်မူရင် စာအုပ်တွေများဈေးကောင်းရမလားလို့။ မိခင်ကြီးကိုတော့ ရောက်တုန်းရောက်ခိုက် ကျန်းမာရေးကို ဂရုစိုက်ဖို့ ဆုံးမအမှာစကားပြောကြားခဲ့တယ်။ မင်းခိုက်စိုးစန်စာအုပ်တွေ စုထားတာတွေလည်း ပြန်သယ်လာတယ်။ မင်းခိုက်စိုးစန် crazy ဖြစ်တဲ့သူတွေရှိရင်လည်း တစ်ချိန်ချိန်မှာ အစုံလိုက်ပြန်ရောင်းချင်ပါသေးတယ်။

မင်းခိုက်စိုးစန်
(တကယ်ဆိုရင် လုံးကြီးတင်တွေအားလုံးထည့်ပြီး မင်းခိုက်စိုးစိန် ဆိုရင် ပိုမထင်ရှားပေဘူးလား။ စာလုံးပေါင်းအမှားကြီးနဲ့ မင်းခိုက်စိုးစံ လို့ရေးရင် မျက်စိ သနသလို ခံစားရတယ်။ ပိုဆိုးတာက တာယာမင်းဝေလို့ပေါင်းတဲ့သူတွေ။ တာယာမင်းဝေ (လေထိုး၊ကျွတ်ဖာ) ဆိုရင်တောင်မိုက်ဦးမယ်။)

၁။ကမ္ဘာဦးရည်းစား

ကျွန်မဟာ ခပ်ညံ့ညံ့ကောင်မလေးတစ်ယောက်ပါ .. ကိုကို။
ကျွန်မဟာ ... ပိရမစ်တစ်ခုလို ကိုယ့်ကိုယ်ကို မြင့်မားပြဖို့အတွက် ညံ့ဖျင်းလွန်းနေခဲ့တယ်။ ကျွန်မဟာ နှင်းဆီပွင့် တစ်ချောင်းလောက်တောင်မှ ကိုယ့်ကိုယ်ကို ချွန်မြိမပြနိုင်အောင် ညံ့ဖျင်းခဲ့တယ်။ ကျွန်မဟာ မြစ်တစ်စင်းလို ကိုယ့်အိမ်မက်နဲ့ကိုယ် စီးဆင်းပြဖို့အတွက်လည်း ညံ့ဖျင်းလွန်းနေခဲ့ပါတယ် .. ကိုကို။
အို ... ကျွန်မဟာ အရာရာ ညံ့ဖျင်းခဲ့သူပါ။

ဒီ ၀တ္ထုနဲ့ပတ်သက်ပြီး နာရီပေါင်းများစွာ၊ လက်ဖက်ရည်ဆိုင်ပေါင်းများစွာမှာ စကားလုံးပေါင်းများစွာနဲ့ပြောခဲ့ကြပြီးပြီ။ အဲဒီမှာ အမှတ်တရဖြစ်ခဲ့ကြတာက

ကျွန်မဟာ 'ထမင်းသိုး ဟင်းသိုး' တစ်ယောက်ပါ ဆိုတဲ့စာကြောင်းလဲထင်တာပဲ။ မင်းခိုက်စိုးစန်သိပ်ကြိုက်တဲ့ သူငယ်ချင်းတစ်ယောက်လည်း မင်းခိုက်စိုးစန်ဇာတ်ကောင် မိန်းကလေးတွေလို ဆိုက်ကို နည်းနည်းရှိတဲ့တစ်ယောက်နဲ့ တွဲလိုက်သေးတယ်ဆိုလား။ (ဇန်န၀ါရီလမှာယူတော့မယ်ဆိုလို့ နာမည်တွေ ထည့်မရေးလိုက်တော့ဘူး။)

၂။ လွမ်းလို့သေသွားတဲ့သစ်ပင်။

အနမ်းတွေ ဆေးထိုးမှားခဲ့တာပါ ... တဲ့
လွမ်းလို့သေသွားတဲ့ သစ်ပင်က
သူ့အရွက်တွေကို ခြွေချပြီး ပြောတယ်။

ဟဲဟဲ မှတ်မိကြဦးမှာပါ။ ဒီတစ်အုပ်ကိုလဲ။

စံပယ်တွေ
တ၀ုန်းဝုန်း ရွာချခဲ့တာတောင်မှ
ငါဆိုတဲ့ကောင်ဟာ
ရနံ့တစ်ခုတစ်လေတောင်
စိုစွတ်ခွင့်မရခဲ့ပါဘူး ...

သူ့ကဗျာတွေကတော့ သူ့စာတွေထက် ပိုပြီးဖတ်ရတာ အရသာရှိတယ်လို့ ထင်မိတယ်။

အဲဒီစာအုပ်ထဲမှာ ခိုက်မိတဲ့စာကြောင်းက ကောင်မလေးဖွဲ့ထားတဲ့စာကြောင်း။ သိပ်အများကြီးမဟုတ်ပါဘူး တစ်ကြောင်းထဲပဲ ထိထိမိမိ။ အ၀ါရောင် အိပ်မက်နုနုတွေ အကိုင်းဖျားထိ ပွင့်ဖူးနေသော သစ်ပင်ပေါက်စလေးတစ်ပင်နှင့်တူပါသည်။

ညီညီနဲ့ Orange နဲ့ နက္ခတ်အမှားတွေကို ခင်ဗျားတို့ သတိရသေးတယ်မဟုတ်လား။


၃။ချစ်သူရဲ့ပါးတစ်ဖက်ကို ခိုးဝှက်သွားတဲ့ တစ္ဆေ

ကောင်မလေးရေ ...
ကိုယ်က ... မှော်ဆရာတစ်ယောက်
ဖြစ်ချင်တယ်။
မင်းကို အသစ်တစ်ဖန် ပြန်ဖန်ဆင်းချင်လို့ ....
သောက ကင်းမဲ့တဲ့ ငှက်ကလေး တစ်ကောင်အဖြစ်
ပြောင်းလဲထုဆစ်ချင်ကလို့ပါပဲကွယ် ...

ငြိမ်းတေဇ နဲ့ Ray ဆိုတဲ့ကောင်မလေးတစ်ယောက်ကို မှတ်ဉာဏ်ထဲကပြန်ထုတ်ယူနိုင်မယ်ထင်ပါတယ်။

• ကျွန်တော်၏ ချစ်လှစွာသော ကောင်စုတ်မလေးသည် နှင်းဆီပန်းပွင့်များဖြင့် ထုဆစ်ထားသော မီးတောင်တစ်လုံးဖြစ်ပါသည်။

ငါ့ကို သတ်ပြီး
ဘ၀ကို ယူသွားတဲ့ ကောင်မလေးရေ
........... လွမ်းတယ်။


၎။ကော်ဖီည။

အဲဒီညတွေကို မော့သောက်ခဲ့ဖူးတယ်။ နေ့ရက်တွေက သမိုင်းဝင်နေ့စွဲတွေဖြစ်ကုန်ပြီထင်တယ်။ ကျွန်တော်တို့ လူငယ်ဘ၀က စာအုပ်လေးဖတ်ရင်း၊ လက်ဖက်ရည်လေးသောက်ရင်း ငါးနှစ်လောက် အချိန်ဖြုန်းခွင့်နဲ့ မိဘပိုက်ဆံသုံးခွင့်ရခဲ့ကြသေးတာ ကံကောင်းတယ်မှတ်တာပဲ။ ကော်ဖီနဲ့ လက်ဖက်ရည်နဲ့မှာ ကော်ဖီကိုပိုပြီးသောက်တယ်။ သူငယ်ချင်းတွေရဲ့စကားအရ ကော်ဖီ သောက်ကျင့်ရှိတယ်။ အဖြတ်အတောက်က အရေးကြီးတယ်။ လာဘ်ပေး ရန်မလို ဆိုတာမျိုးပဲ။

ကော်ဖီညမှာ ကဗျာလေးတွေပါတယ်။ မင်းခိုက်စိုးစန်ဟာ ကဗျာဆရာ အရင်ဖြစ်ခဲ့တယ်ထင်တယ်။ ရာစုသစ်မြစ်ကျဉ်းတွေထဲက မြစ်ကျဉ်းတစ်ခုလို့မှတ်မိတယ်။ ကဗျာဆရာတွေ စာရေးရင် ကဗျာအငွေ့အသက်ပါတယ်။ စာရေးတဲ့နေရာမှာတော့ ကဗျာလို ကျစ်လျစ်နေအောင် ရေးဖို့မဖြစ်နိုင်တဲ့အတွက် အဆင်ပြေသလိုပဲရေးကြတယ်။ ကဗျာတွေပါတဲ့ စာတွေဟာ ပိုချစ်စရာကောင်းတယ်လို့ထင်တယ်။ စာတွေပါတဲ့ကဗျာကသာ ပျင်းရိစရာကောင်းတယ်။

အဲဒီ စာအုပ်မှာ ပိုးနှံကောင်ဆိုတဲ့ Z (Zapping လုပ်တဲ့ Z ဖြစ်ပါတယ်။ ခမ်းနားကြီးမြတ်သော Zephyr ဆိုတဲ့ Z မဟုတ်ပါဘူး။ အဲဒီတုန်းကတော့ သတင်းစာထဲ ထည့်ပြီး မဖြေရှင်းဖြစ်ခဲ့တာနဲ့ အခုမှပဲ ဖြေရှင်းရတော့တယ်။ ဟူး ..) Intranet က chat-room မှာတွေ့တယ်တဲ့။ အဲဒီခေတ်က သားသမီးတွေများ chat ဖို့မွေးလာသလားထင်ရအောင် chat ခဲ့ကြတာပါ။ အဲဒီစာအုပ်မှာပါတဲ့ ချစ်စရာကဗျားလေးတစ်ပိုဒ်ကိုပဲရွတ်ပါရစေတော့ ....

အရေးတကြီး နိုးထစရာ မလိုဘူးဆိုရင် ...
ငါဆက်ပြီး အိပ်နေချင်လို့ပါ ...။
ဘ၀ဆိုတာနဲ့ ...
ဘာဖြစ်လို့ ရှင်သန်ခြင်းလို့ အဓိပ္ပာယ်ဖွင့်ရတာလဲ။
ငါကတော့ ...
အိပ်နေရတာကိုပဲ ကြိုက်တယ်။

ကဗျာတွေကိုလည်း သိပ်မကိုးကားရဲဘူးဖြစ်နေတယ်။ ကိုလှသန်းကဗျာတွေ ကိုလှသန်းဆေးရုံအဆင်းမှာ တင်လိုက်သေးတယ်။ နောက်တော့ ဒီလထဲမှာ ကိုလှသန်း ဆုံးသွားတယ်။ အချိန်ကာလအရ ငါးလလောက်ပဲခံတယ်။ ကဗျာဆရာတွေရော၊ ကဗျာတွေရော သက်တော်ရာကျော်ရှည်စေချင်ပါတယ်။


၅။စိုမှာစိုးလို့ မိုးမိတယ်။

အဲဒီစာအုပ်ကို သဘောကျတယ်။ စောဝေ (ပါစောဝေ) ရဲ့ကဗျာခေါင်းစဉ်နဲ့။ သံလွင်ကျော်ဇော ကို မြင်ယောင်ကြဦးမယ်ထင်ပါတယ်။ အဲဒီထဲမှာ Naguib Mahfouz ရဲ့ quotes တစ်ခုပါပါတယ်။

အဓိပ္ပာယ်မရှိတဲ့ ခပ်ညံ့ညံ့ ပြဇာတ်တစ်ပုဒ်တောင်မှ နောက်ဆုံး ဇာတ်သိမ်းခန်းအထိ ရောက်အောင်တော့ ကကြရတာပဲ။

အဲဒီ quotes ကို သဘောအကျကြီးကျခဲ့တယ်။ ကျွန်တော်နဲ့ရွယ်တူတွေ တော်တော်များများမှာ ကျွန်တော်နဲ့တူညီတဲ့ ခေတ်ကို ဖြတ်သန်းမှုရှိတယ်။ ကျွန်တော်တို့ရဲ့ လူငယ်ဘ၀တွေဟာ ကျွန်တော်တို့ခေတ်က စာအုပ်တွေထဲက အဖြစ်အပျက်တွေလိုပဲ ကမောက်ကမတွေ။ ကျောင်းတွေက ဖွင့်လိုက်ပိတ်လိုက်တွေ။ ဒီပို့စ်မှာ သူငယ်ချင်းတွေအားလုံးလည်း လူငယ်ဘ၀နဲ့ လူငယ်ဘ၀ရဲ့ စာပေတွေကို ပြန်သတိရကြမယ်ထင်တယ်။


၆။နမ်မီးဆစ်

Namesis= ကလဲ့စားချေတတ်သော နတ်သမီး လို့စစချင်းစာမျက်နှာမှာတွေ့ရသည်။ အင်မတန်ရှော်သော စာရိုက်သမားများသည် မြန်မာနိုင်ငံမှထွက်သည်။ Nemesis ကို စာလုံးပေါင်းမှားလိုက်ခြင်းဖြစ်သည်။ အင်မတန်ကြေကွဲဖွယ်ရာ အစဖြစ်သည်။

မြန်မာထက်ဆိုးတာက တရုတ်ပြည်မှစာစီစာရိုက်သမားတွေပေါ့။ Album မှာ wishes ကိုပေါင်းထားတာ weishes တဲ့။ Album အကြီးကြီးတွေ ထုတ်ရောင်းနေပြီး အဲဒီလို ရက်ရက်စက်စက် စာလုံးပေါင်းပစ်တာ။

ဇာတ်လမ်းကတော့ လက်ထပ်စာချုပ်တွေကို ပန်းအိုးထဲ ထည့်ပြီးမီးရှို့လိုက်တာနဲ့ဆုံးတယ်။ ROM က စာချုပ်ဆိုရင်တော့ ပြန်ထုတ်ရင် SGD 150 လောက်ပေးရမယ်လို့တွေးမိပြီး စာချုပ်တွေကို တန်ဖိုးထားမိသွားတယ်။ လက်ထပ်တယ်ဆိုတာ ချုပ်နှောင်တာမျိုးလို့ထင်တဲ့သူတွေလည်းရှိမယ်။ အထူးသဖြင့် မိဘတွေဟာ အိမ်ထောင်ရေးအဆင်မပြေခဲ့ရင် သား၊သမီးတွေမှာ အဲဒီ စိတ်ထိခိုက်မှုမျိုးရှိတယ်။

၇။ချောင်းကြည့်တတ်သူ တစ်ယောက်ရဲ့ည

အတော်ချောင်းနိုင်တဲ့လူတစ်ယောက်အကြောင်းပါ။ အတိုလေးတစ်အုပ်ဖြစ်ပါတယ်။ မြန်မာပြည်မှာ အဲဒီလို အတိုလေးကို စာအုပ်ထုတ်ရဲတာကိုပဲ ကြံဖန် အံ့သြလေးစားရမှာပဲ။ ကမ္ဘာမှာ single ဓာတ်ပြားတွေထုတ်တာကို အားကျလို့ လေးဖြူတို့ ရင်ဂိုတို့ သီချင်း နှစ်ပုဒ်စီလောက် အခွေထုတ်ခဲ့ကြတာကို လေးစားရသလိုပါပဲ။ နောက်ပိုင်း ထပ်မလုပ်ရဲလောက်အောင်ကို အောင်မြင်ခဲ့ကြပါတယ်။

၈။သူမသာ မျောက်တစ်ကောင်ဖြစ်သွားတယ် ဆိုပါစို့။

အတော်လေးကို အချင်းများစရာ ခေါင်းစဉ်တွေ ဖော်ထုတ်ပေးခဲ့တဲ့စာအုပ်လို့မှတ်မိပါတယ်။ မျောက်တစ်ကောင်ပုံကို အမြီးလေးနဲ့ပဲ ပြလိုက်တဲ့ နေမျိုးဆေးရဲ့ ပန်းချီလက်ရာလည်းပါပါတယ်။ အမှတ်ရစရာတွေအများကြီးရှိတဲ့စာအုပ်လေးပါပဲ။ မှီးသည်ဖြစ်စေ၊ ပင်ကိုရေးသည်ဖြစ်စေ၊ ဖတ်ချင်တဲ့သူဖတ်လိမ့်မယ်။ မဖတ်ချင်တဲ့သူမဖတ်ဘူး။

၉။ကျောက်ဆစ်၊ နှင်းဆီ၊ ၀န်ရိုးစွန်း

ဆပ်ပြာပူဖောင်းတွေ ကဗျာဆရာတွေရဲ့ ရင်ဘတ်ထဲ ရောက်ရောက်နေတတ်တာတွေ့ရတယ်။ ဒီစာအုပ်မှာ သိပ်အားကောင်းတဲ့စာကြောင်းတစ်ကြောင်းပါပါတယ်။

အပ်ဖျားတစ်ထောက်စာ ဒဏ်ရာလေးပေမဲ့ ဆပ်ပြာပူဖောင်းအတွက်ဆိုရင်တော့ အဲဒါဟာ ဘ၀ပျက်သွားစေနိုင်တာပဲ မဟုတ်လား။

ဒီစာသားလေးကို အမှတ်တရရှိနေတုန်းပါပဲ။

၁၀။ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲပက်လက် လမ်းဆုံ

ဒီတစ်ပုဒ်မှာ တွေးစရာတွေသိပ်များတယ်။ ပြန်ဖတ်ကြည့်ဦးမယ်။ လူငယ်လေးတစ်ယောက်မှာလည်း သူတန်ဖိုးထားတာတွေရှိနေတယ်။ လူဆိုးလေးလို့ ထင်မှတ်ကြတဲ့ လူငယ်တွေမှာလည်း အမှန်တရားတွေရှိတယ်။

၁၁။ သူတစိမ်း။

၁၂။ ကတ်သီးကတ်သတ်

၁၃။ စုန်း။

သူတစိမ်းနဲ့ စုန်းဟာ အင်မတန်မှ သတိုးတေဇဆန်သွားသော တချိန်က မင်းခိုက်စိုးစန်ရဲ့စာတွေလို့တောင်ပြောရမယ်ထင်ပါတယ်။ စုန်းနောက်ပိုင်းမှာ သတိုးတေဇ နာမည်နဲ့ သရဲဘာသာပြန်တာတွေ၊ မှီးတာတွေ ရေးပါတယ်။ သတိုးတေဇကိုတော့ ၀ယ်မဖတ်ဖူးပါ။ စုန်းမှာ မင်းခိုက်စိုးစန်ရဲ့ အငွေ့အသက်မပါသလောက်ဖြစ်နေပြီး၊ သူတိုးတေဇကိုပဲ တွေ့နေရတဲ့အတွက် သိပ်မကြိုက်ခဲ့ပါဘူး။ သူတိုးတေဇနဲ့လည်း အောင်မြင်ပါတယ်။

ထင်လင်း

ကမျုးCamus ကို တစ်ချို့ကလည်း အတော်လေးကို ညွှန်းကြပါတယ်။ မဖတ်ရင်သေသွားနိုင်တယ်။ မသေရင် ချော်လဲပြီး သွားကျိုးမယ်။ လေနဲ့ဝမ်းမကွဲဖြစ်မယ်။ မူးဝေအော့အန်မယ်။ ယောကျာ်းဘ၀ပါ ထိခိုက်နိုင်တယ်ဆိုတာအထိ ပြောတယ်။ အပိုတွေချဲ့ကားပြောတာပါ။ စာပေ နိုဗယ်ဆုရတဲ့ ဒုတိယအငယ်ဆုံး၊စာရေးဆရာဆိုတော့လည်း သူ့စာတွေဖတ်မှ လူရာဝင်သလိုကို ဖြစ်ခဲ့ကြတဲ့ခေတ်လည်းရှိတယ်။

ထင်လင်းက ဘာသာပြန်ပါတယ်။

၁။စည်းအပြင်ကလူ
၂။ ပလိပ်

အဲဒီနှစ်အုပ်ဟာ စစ်ပြီးခေတ်မှာတော့ အကောင်းဆုံးတွေလို့ဆိုကြတယ်။ ကိုယ့်ဘာသာကိုယ်ဖတ်ကြည့်ပြီး ကိုယ့်အတွက် ကောင်းမကောင်းက ပိုအရေးကြီးပါတယ်။
ကျန်တာတွေကတော့ သဘောကျတာတွေ သယ်လာဖြစ်တယ်။

၁။ အော်ပီကျယ် ၁+၂
စာပေလောကရောက်တုန်း ဖတ်ဖူးပြီးသား ကာတွန်းလေးတွေ ပြန်စုထားချင်တာနဲ့ဝယ်ခဲ့တယ်။
၂။မောင်သာနိုး - အိုမာရ်ခိုက်ယမ်းရဲ့ ရူဘိုက်ယတ်
သစ်ကိုင်းအောက်မှာ ပေါင်မုန့်ရယ်၊၀ိုင်ရယ်၊ ချစ်သူရယ်ရှိရင်ဖြစ်တယ်ဆိုတဲ့ယစ်ထုပ်ကြီးကို မှတ်မိကြမယ်ထင်ပါတယ်။ ဟယ်ရီလင်းကတောင် အချစ်ရယ် ပေါင်မုန့်တစ်လုံးရယ်၊ ဘ၀ကို ငါရောင့်ရဲတယ်ဆိုပြီး ဒီလူကြီးအားကိုးနဲ့ဆိုခဲ့ပါသေးတယ်။ ငယ်တုန်းက အိုမာရ်ခိုက်ယမ်း စာအုပ်ဆိုပြီး ၀ယ်လာတာ အိုမာဆမ်ဆိုတဲ့ မြန်မာအမျိုးသမီးစာရေးဆရာတစ်ယောက်ရဲ့စာအုပ်ဖြစ်နေခဲ့ဖူးတယ်။ လွဲချက်ကရက်စက်။
၃။မောင်သာနိုး-ရစ်သမ်အကြောင်း
ငယ်တုန်းက ကြီးလာရင် ကဗျာရေးဖို့ဆိုပြီးဝယ်ထားတာ။ တကယ်သာ ကျောင်းတက်နေကတည်းက အပျင်းမတစ်ဘဲ Magazine တွေကိုပို့ခဲ့ရင် စောစောစီးစီး ကဗျာစရေးဖြစ်ဖို့ရှိတယ်။ ဒါပေမယ့် စောစောစီးစီး ကဗျာရေးတာနဲ့ နောက်ကျမှ ကဗျာရေးတာဟာ ဘာပြဿနာမှမရှိဘူးလို့ပြန်တွေးဖြစ်တယ်။ ကဗျာရေးတာဟာ ကမ္ဘာကြီးကို ကယ်တင်တဲ့အလုပ်မဟုတ်တဲ့အတွက် နည်းနည်းနောက်ကျသွားလည်းကိစ္စမရှိပါဘူးလေ။ ရစ်သိမ ဆိုတဲ့ ရစ်သမ် rhythm ။ rhythm ဆိုတာ vowel မပါတဲ့အရှည်ဆုံး အင်္ဂလိပ်စကားလုံးဆိုလားဖတ်ခဲ့ဖူးသေးတယ်။ ရစ်သမ်အကြောင်းထဲမှာတော့မဟုတ်ဘူး။ တခြားတစ်နေရာမှာ။
၎။ဖေမြင့်- လူနာဆောင် အမှတ်ခြောက်
၅။လူထုစိန်ဝင်း- စာနယ်ဇင်း အရေးအသား ပုံစံသစ်
၆။နိုင်ဇော်- စောလမွန်သီချင်း
ဟိုတစ်လောကပဲ မကေနဲ့ကျမ်းစာဘာသာပြန်အကြောင်းပြောရင်း ဆှာယုဒသန် ဘာသာပြန်ကောင်းတာကနေ ဒီစာအုပ်မှာ နိုင်ဇော်ပြန်တာတောင် ဆှာဂျပ်ဆန်လောက် မနိပ်ဘူးထင်တယ်လို့ပြောမိတယ်။
၇။မောင်သစ်ဆင်း- ၀တ္ထုတိုများ။
နည်းနည်းပဲရေးဖြစ်ခဲ့တာ နှမြောစရာကောင်းတယ်။
၈။ဟဲမင်းဝေး ၀တ္ထုတိုများ (ကျော်အောင်၊ဂုဏ်ဝင်း၊ဇော်ဂျီ၊မောင်ပေါ်ထွန်း)
၉။ နတ်နွယ်- မိုရေးဗီးယား ၀တ္ထုတိုများ
၁၀။ချစ်ဦးညို- လောကဓံနှင့် လမ်းလျှောက် အတူထွက်ခြင်း
၁၁။ဇော်ဂျီ- နွေဦးကျက်သရေနှင့် ကျွန်တော် (ရသစာတမ်းငယ်များ)
၁၂။ဓမ္မိကဘသန်း -နှုတ်ကောင်းခွန်းမြိန်သုခမိန်
ခါလီဂျီဗရန်ရဲ့ The Prophet ကို စကားပြေ အလှနဲ့ ဘာသာပြန်ချက်က လက်ဖျားခါတယ်။ ယောနသံစင်ရော်ကို ဘာသာပြန်တဲ့ ဓမ္မိကဘသန်းပါပဲ။ တစ်ချို့လည်း ဘသန်း(ဓမ္မိက)လို့ ခေါ်ကြတယ်။
၁၃။မြ၀င်း(ဒဿန)- ဒဿနစာတမ်းများ
ဟိုတလောက မုံရွေးအကြောင်းရေးရင်း ဒီစာအုပ်ကိုစာရင်းထဲမှာတွေ့တယ်။ ၀ယ်ထားမိလား၊ မ၀ယ်ထားမိလား မမှတ်မိခဲ့ဘူး။ မုံရွေးတိုက်က ထုတ်သမျှရဲ့ သုံးပုံတစ်ပုံလောက်ဝယ်ထားခဲ့မိတယ်ထင်တယ်။ ပြန်ရောက်တော့ တခြား မုံရွေးစာစဉ်တွေတော်တော်များများတွေ့တယ်။
၁၄။အံ့မောင် - ခင်စိတ္တ (အန်ဒါးဆင်းပုံဝတ္ထုများ)
၁၅။အံ့မောင်- အရုပ်မပါတဲ့အရုပ်စာအုပ် (အန်ဒါးဆင်းပုံဝတ္ထုများ)
အံ့မောင်စာအုပ်တွေကလည်း မုံရွေးစာစဉ်တွေပဲ။
၁၆။မြတ်ငြိမ်း ဆရာအို၏ ဘ၀နေ၀င်ချိန်သင်တန်း
ကမ္ဘာမှာတော်တော်နာမည်ကြီးခဲ့တဲ့စာအုပ်ပဲ။ တူဒေးက အဲဒီလို စာစဉ်တွေထုတ်တယ်။ တူဒေးတိုက်ကထုတ်တဲ့ထဲမှာ စိတ်ဝင်စားစရာဈေးသက်သက်သာသာတွေပါတတ်တယ်။ ဒီစာအုပ်ကို မြတ်ငြိမ်းဘာသာပြန်ပါတယ်။ Original က Tuesdays with MORRIE by Mitch Albom ဖြစ်ပါတယ်။
၁၇။မြတ်ငြိမ်း-တီထွင်တွေး
Michael leBOEUF ရဲ့ နာမည်ကျော် Creative Thinking ကို ဘာသာပြန်တာပါ။ အဲဒီတုန်းက 550 ကျပ်ပဲပေးခဲ့ရတယ်။
၁၈။ဘိုးလှိုင်-ခေးအော့စ်
မုံရွေးရဲ့ သိပ္ပံစာစဉ်ပါပဲ။
၁၉။တင်မောင်မြင့်- ငါ့ဒိန်ခဲ့ကို ဘယ်သူနေရာရွှေ့ထားသလဲ။
နောက်ထပ် ကမ္ဘာကျော်စာအုပ်သေးသေးလေးတစ်အုပ်ပါပဲ။ Who Moved my cheese? (Dr Spencer Johnson)
လူကြိုက်များတာဟာ ကောင်းတယ်လို့မဆိုလိုဘူး။ အများကြိုက်တယ်လို့ပဲဆိုလိုတယ်။
၂၀။ပါရဂူ- အရစ္စတိုတယ်
ငယ်တုန်းက အရစ္စတိုတယ်ကို အရစ်တိုတယ်ဆိုပြီးဖတ်ကြတာ။ အရစ်မရှည်တဲ့သူဆိုတော့ လူချစ်လူခင်များမယ်ထင်တာ။ ဒမော့ကရေစီဘာညာတွေသူတို့ဟောင်ဖွာဟောင်ဖွာလုပ်ခဲ့ကြတာပေါ့။ အလက်ဇန်းဒါးရဲ့အဖေက သူ့သားကို ဆရာအရစ်တို ဆီမှာ အပ်နှံသင်ကြားစေခဲ့တာပဲ။ သူ့ဆရာပလေတိုက မောင်ရစ်အိမ်ကို စာဖတ်သူအိမ်လို့ခေါ်တယ်။ စာမျက်နှာ ၉၇ မှာဇယားလေးတစ်ခုပါတယ်။ လူများစု အတွက် မှန်ကန်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ (ပြည်သူတစ်ရပ်လုံး၏ အုပ်ချုပ်ရေးစနစ်) (ပိုလီတေအီယာ)၊ ဖောက်ပြန်သော ဖွဲ့စည်းပုံအခြေခံဥပဒေမှာကြတော့ ပြည်သူ့(ဒီမိုကရေစီ) အုပ်ချုပ်ရေးစနစ် (ဒေမိုကရာတီယာ)တဲ့။ ကျွန်တော်တို့နိုင်ငံကရော ပိုလီတေအီယာလား ဒေမိုကရာတီယာလား။ အတိုမေးရရင် အီယာလား တီယာလား မသိဘူး။ စိတ်မကောင်းစရာကတော့ ဟိုလျှပ်စစ်မီးပိုနေပါတယ်ဆိုတဲ့ဝန်ကြီးကတော့ စိတ်ပိုင်းဆိုင်ရာ အနားယူဖို့လိုတယ်လို့သတ်မှတ်လို့ထင်တယ်။ အနားယူခိုင်းလိုက်ပြီ။
၂၁။ပါရဂူ- စိတ္တရလေခါ
ဗီဇဂုတ္တကို အားကျလို့ အရက်သောက်ရမလိုတောင်ဖြစ်သွားသေး။ စာအုပ်စာပေ လူ့မိတ်ဆွေဆိုတာ ဟုတ်ချင်မှဟုတ်မယ်။ ဒီစာအုပ်လည်း စာပေဗိမာန်စာပေဆု ရခဲ့တယ်လို့ထင်မိတယ်။ ကျွန်တော်တို့ငယ်တုန်းကတော့ သိပ်ကို နာမည်ကြီးတယ်။ ဒါတွေက မဖတ်မဖြစ်တွေလို့တောင်မှဆိုနိုင်တယ်။
၂၂။မောင်ထင်-မိုပါဆွန်း ၀တ္ထုတိုများ
ယင်ကောင်တွေဖြတ်ဖြတ်ပျံတယ်ဆိုတဲ့စာအုပ်ပဲ။ အနှစ်သာရကတော့ အဲဒီလောက်မညှီပါဘူး။ မောင်ထင်ကို မောင်သာနိုးနဲ့ မြင့်သန်းမုန်းတယ်ထင်တယ်။ သေချာတော့မမှတ်မိတော့ဘူး။ အဲဒီတုန်းကလည်း ဆရာနိုးက သေတဲ့သူတွေနဲ့ချည်းဖိုက်နေတာဆိုတော့။
၂၃။သစ္စာနီ၊မင်းခိုက်စိုးစန် (ကမ်းဝေးလှောင်အိမ်)
သိပ်မကြိုက်ခဲ့ဘူးဆိုတာပဲမှတ်မိတယ်။
၂၄။ကျော်အောင်-ဆမ်းမားဆက်မွမ်၏ ၀တ္ထုတိုများ
ဘာရယ်မဟုတ်ဘူး။ ဘာသာပြန်တွေဖတ်တုန်းက ၀ယ်ထားလိုက်တာ။ ကြိုက်တာတွေလည်းရှိခဲ့တယ်။
၂၅ကိုတာ-သူငယ်ချင်းများနှင့်စကားစမြည်ပြောခြင်း
၂၆။ကိုတာ-တောင်ရောက်မြောက်ရောက် ဆရာဝန်
၂၇။ကိုတာ-ကစားတဲ့ပါမောက္ခ
၂၈။ကိုတာ- ဖြန့်ထွက်တွေးခြင်း
မုံရွေးကစာအုပ်တွေချည်းပဲ။
၂၉။သိန်းဖေမြင့်- အရှေ့ကနေ၀န်း ထွက်သည့်ပမာ(ပ)
၃၀။သိန်းဖေမြင့်- အရှေ့ကနေ၀န်း ထွက်သည့်ပမာ(ဒု)
ကျောင်းတက်တုန်းက သူငယ်ချင်းတစ်ယောက် Major အင်္ကျီရိုက်တော့ မ၀ယ်နိုင်တာနဲ့ စိုက်ဝယ်ပေးခဲ့တယ်။ ၁၂၀၀ လား ၁၅၀၀ လားမမှတ်မိဘူး။ အဲဒီသူငယ်ချင်းက သင်္ဘောလိုက်သွားပြီး ပြန်လာတော့ အဲဒီတစ်ချိန်က T-shirt အတွက် သိန်းဖေမြင့်စာအုပ် နှစ်အုပ်ဝယ်လာပြီးပေးတယ်။ အမှတ်တရပါပဲ။ ပယ်တာ နှုတ်တာတွေရှိတယ်ဆိုပေမယ့် မဖတ်ရတော့တာထက်စာရင်တော့ ပိုကောင်းပါသေးတယ်။ ရှေးကလူတွေ စာရေးကောင်းတာကို လက်ခံပါတယ်။ သူတို့မှာ အတွေ့အကြုံတွေရှိတယ်။
၃၁။ဇေယျာလင်း-ချားလ်စ်ဘန်းစတိုင်းန် အင်တာဗျူး/အရေးအသားများ
၃၂။ဇေယျာလင်း- ကဗျာဆိုတာ ပြုလုပ်ခြင်း
ဇေယျာလင်းကဗျာတွေ မကြိုက်တာများပါတယ်။ ဒါပေမယ့် ဖတ်ဖြစ်ပါတယ်။ မကြိုက်ပေမယ့် ဖတ်ရမယ့် ကဗျာကိုတော့ ဖတ်ဖြစ်ပါတယ်။ ကြိုက်တဲ့ကဗျာတွေလည်းရှိပါတယ်။ ကဗျာနဲ့ပတ်သက်ပြီး အလုပ်အများကြီးလုပ်နေတာကိုတော့ မလေးစားဘဲမနေနိုင်ပါဘူး။
၃၃။မြင့်သန်း-သူရေး၍ သူကြိုက်သော ၀တ္ထုတိုများ
ခေါင်းစဉ်ကိုကြည့်တာနဲ့ ခင်ဗျားတို့လည်း သဘောပေါက်မှာပါ။ သူရေးပြီး သူကြိုက်တာ၊ ကျွန်တော်တော့ မကြိုက်မိပေါင်။
၃၄။တက္ကသိုလ်ဘုန်းနိုင် - ပင်ဒိုရာအိုးပွင့်ပြီး ဟားပီးဇ်တို့ပျံလာချိန်
၃၅။တက္ကသိုလ်ဘုန်းနိုင်- အိုင်ကျူ (မည်မျှပုံ၍ ယုံရမည်နည်း)
၃၆။တက္ကသိုလ်ဘုန်းနိုင်-ပညာရဲ့သဘော
၃၇။တက္ကသိုလ်ဘုန်းနိုင်-သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည် ခိုင်
ဘုန်းနိုင်ရဲ့ မာစတာပိစ်လို့သတ်မှတ်တယ်။ ကျန်တဲ့ အမျိုးတွေနဲ့ကြိုက်တာတွေကတော့ အတော်လေးကို ဆိုးတဲ့သဘောတရားကို စာပေထဲထည့်တယ်လို့ယူဆတယ်။ ဆွေချင်းထပ် မြတ်၊ ဆွေချင်းပေါင်း ကောင်း ဆိုတဲ့အယူကအတော်လေးမှားတယ်ဆိုတာ အခုခေတ်မှာတော့သိကြပါပြီ။ ဆွေချင်းပူး ရူး၊ ဆွေချင်းနှော ပေါ ဆိုတာတွေကမှ ပိုပြီး ယုတ္တိတန်ပါဦးမယ်။
၃၈။တက္ကသိုလ်ဘုန်းနိုင်-မိုးညအိမ်မက်မြူ
သွားလေသူ ဂမ္ဘီရဆှာဂျီးရဲ့ ၀တ္ထုတစ်အုပ်ဟာ အဲဒီဇာတ်ကွက်ကနေ ခိုးတယ်ဆိုတာ ၀န်မခံလည်းသိသာပါတယ်။ မြန်မာရုပ်ရှင်ပြန်ရိုက်ကြတယ်လို့ကြားပါတယ်။ မကြည့်ဖူးပါ။ ဇာတ်လမ်းကတော့ မောင်မြင့်ဝေနဲ့မမရီ၊ကြည်နူးစရာ၊ အံ့သြစရာလေးပါပဲ။
၃၉။မျက်ရည်လောကများ၏ ဟိုမှာဘက်
ဟိုမှာဘက်နဲ့ဟိုဘက်မှာက အရသာကွာပါတယ်။ နိုင်ဆိုတဲ့ကောင်လေးကို သူ့အဘိုးရွတ်ပြတဲ့ကဗျာတွေပဲမှတ်မိတယ်။ ဦးနှောက်က အဲဒီလိုပဲ။မဟုတ်တာပဲမှတ်မိတယ်။
၄၀။ဇော်ဇော်အောင်-ခြောက်ဒသမ သုညတစ်

စာရင်းချုပ်လိုက်တော့ စုစုပေါင်း ၁၁၉ အုပ်ပါလာတယ်။ စာအုပ်စင်မဆန့်တော့ဘူးဆိုတော့ အစ်ကီယာကိုနောက်တစ်ကြိမ်ပြန်သွားဖို့လိုပြီဆိုတဲ့အဓိပ္ပာယ်ပဲ။ စာအုပ်တွေကို ၀ယ်စုတာဟာ တံဆိပ်ခေါင်းစုတာနဲ့ရသချင်းဆင်ပါတယ်။ ဈေးပိုသက်သာပြီး ပြန်ဖတ်ချင်တဲ့အခါ ပြန်ဖတ်လို့လည်းရပါတယ်။ အနည်းဆုံး စာအုပ် အုပ်သုံးဆယ်လောက်ကို တဖြည်းဖြည်းချင်းစုလိုက်၊ အဲဒီရောဂါက သူ့ဘာသူဆက်ပြီး ဖြစ်ထွန်းသွားပါလိမ့်မယ်။ အသက်လေးဆယ်လောက်မှာ မြန်မာပြည်ပြန်ဖြစ်ရင်တော့ ဒီစာအုပ်တွေအားလုံးကို သင်္ဘောနဲ့ပို့မှပဲ ဈေးအဆင်ပြေမယ်ထင်တယ်။

စာအုပ်တွေကို ချစ်ခင်တဲ့သူတွေအတွက် အမှတ်တရပို့စ်ပါ။ ကျွန်တော်တို့ရွယ်တူတွေ လျှောက်ခဲ့တဲ့လမ်းတွေက အတူတူပါပဲ။ ဒီစာအုပ်တွေက ကျွန်တော်တို့လျှောက်ခဲ့တဲ့လမ်းဘေးက သစ်ရိပ်ဝါးရိပ်တွေပဲပေါ့။

အဆုံးအထိဖတ်သွားတဲ့လူတိုင်းကို ဇွဲဆု စွပ်ကျယ်တစ်ထည်စီလောက်ပေးဖို့ကောင်းတယ်။ ။

With Peace,
Zephyr

Notes:
မြန်မာစာအုပ်တွေကို ချစ်ခင်တွယ်တာနေသေးသောလူခပ်သိမ်းအတွက် အမှတ်တရပို့စ်ပါ။



Peace B with U.