ကျွန်တော်နှင့် ရွှေအိုရောင်ငှက်ကလေး
ကောင်းကင်၏ လေစီးကြောင်း ရောင်စုံ၊ အပြောင်းအလဲ ရောင်စုံ၊ အခက်အခဲရောင်စုံများကြားတွင် ငှက်ကလေးသည် ကျွန်တော်နှင့် အတူပျံသန်းခဲ့ပါသည်။ တိတ်ဆိတ်သော အမှောင်ည၏ အေးစိမ့်မှု၊ ယသော၊အယသော ဂီတရှည်၏ အီ လာမှု၊ လဘော၊ အလဘော သံဝေဂရတု၏ ပျစ်ချွဲလာမှု၊ ပျော်ရွှင်ခြင်းများ၏ အစိုးမရမှု၊ မိတ်ဆွေများ၏ သစ္စာဖောက်မှု၊ အိပ်မက်များ၏ ခြောက်ခမ်းလွယ်မှု ....၊ ထိုရသမြောက်သော ၂၅ နှစ်တာကြာရှည်သော ခရီးများတစ်လျှောက် ငှက်ကလေးသည် ကျွန်တော်နှင့်အတူပျံသန်းခဲ့ပါသည်။
သူသည် အစားပုတ်သော ငှက်ကလေးတစ်ကောင်ဖြစ်ပါသည်။ စံပယ်ပန်းကြိုက်သော ငှက်ကလေးတစ်ကောင်ဖြစ်ပါသည်။ သစ်ပင်စိုက်သော ငှက်ကလေးတစ်ကောင်လည်းဖြစ်သည်။ ကျွန်တော်သည် သူစိုက်ပျိုးသော သစ်ပင်တစ်ပင်ဖြစ်ပါသည်။
ငှက်ကလေးသည် ခွေးချစ်သူဖြစ်ပါသည်။ မြွေမုန်းသူလည်းဖြစ်သည်။ ဘဝတူငှက်ကလေးများအတွက် နေအိမ်တည်ဆောက်ပေးသူလည်းဖြစ်ပါသည်။ စိမ်းလန်းမှုများကို ခြောက်သွေ့မှုများဆီမှ ခြစ်ထုတ်ယူနိုင်သော ငှက်ထူးငှက်ဆန်းလေးလည်းဖြစ်သည်။
ငှက်ကလေးနှင့် ကျွန်တော် မနက်ခင်းပေါင်းများစွာ ကော်ဖီအတူသောက်ခဲ့ကြပါသည်။ သူစီမံပေးသော အစားအသောက်များကို ကြေးများရသည်မှာလည်း အမှတ်တရဖြစ်ရသည်။ ငှက်ကလေးသည် တစ်ခါတစ်ခါ အင်္ဂလိပ်သီချင်းများ၏ သံပြိုင်အပိုဒ်ကို ဆိုနေတတ်သည်။ ငှက်ကလေးသည် လောက၏အကြောင်းကို နားလည်သူမဟုတ်ပါ။ မိသားစုကို ချစ်ခြင်းတရားဖြင့် ထိန်းမတ်ပေးသူသာဖြစ်သည်။
ငှက်ကလေးသည် အစားအသောက်ကြေးများသူမဟုတ်ပါ။ ကောင်းကင်၏ ဘာသာစကားကို နားလည်သူမဟုတ်ပါ။ မပွင့်သေးသော ပန်းပွင့်များကို ရေတွက်နေသူသာဖြစ်သည်။ နူးညံ့သော လက်ဖဝါးများဖြင့်ပင် ဆင်းရဲတွင်း အတန်အသင့်နက်ခဲ့သူဖြစ်သည်။ ၁၀ နှစ်ကြာစစ်ပွဲ၏ ခေါင်းဆောင်ဗိုလ်ချုပ်အဖြစ် ရှေ့တန်းသို့ထွက်ခဲ့သည်။ တောင်ကုန်းများကို သိမ်းပိုက်ခဲ့သည်။ စစ်ပွဲငြိမ်းချိန်တွင် ပျော်တတ်သော၊ ချစ်တတ်သော စိတ်အထာဖြင့် နေထိုင်ခဲ့သည်။ ငါးကလေးများကို အစာကျွေးရင်း၊ ငှက်ကလေးများကိုအစာကျွေးရင်း ငြိမ်းချမ်းစွာနေခဲ့သည်။
ငှက်ကလေးနှင့် ကျွန်တော် တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး၊ တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ခဲ့ကြသည်။ သူ့တောင်ပံ ဒဏ်ရာရစဉ်က ကျွန်တော်ပြစုခဲ့သည်။သူသည် လောကဓံကို သိပ်မတုန်လှုပ်သော ငှက်ကလေးတစ်ကောင်ဖြစ်ပါသည်။
သူ့ထံမှ နှိမ့်ချမှုကို ကျွန်တော် အမွေမရခဲ့ပါ။ ဖြောင့်စင်းနူးညံ့သော ဆံပင်များကို အမွေမရခဲ့ပါ။ မျက်ရစ်မပါသော မျက်လုံးနှစ်လုံးသာ အမွေရခဲ့သည်။ ပန်းအလှပြင်ခြင်းကို အမွေမရခဲ့သော်လည်း အမှိုက်ဖွခြင်း၊ အဝတ်အစားမခေါက်တတ်ခြင်းတို့ကို အမွေရခဲ့သည်။ ငှက်ကလေးသည် အလွန်အားနာတတ်သူဖြစ်သော်လည်း ကျွန်တော်ကတော့ တစ်ကိုယ်ကောင်းဆန်စွာ အားမနာတတ်သူဖြစ်လာခဲ့သည်။ ထို့အတွက် ငှက်ကလေးက မည်သို့မျှ အပြစ်မဆိုပါ။
ငှက်ကလေးတွင် မျှော်လင့်ချက် သေးသေးလေးများရှိပါသည်။
ငှက်ကလေးသည် ကြီးကြီးမားမား မျှော်လင့်သူလည်းမဟုတ်ပါ။
ဆောင်းရာသီသည် အခါခပ်သိမ်းလှပ သည်တော့မဟုတ်ပါ။ တစ်ခုသော ဆောင်းရာသီတွင် ငှက်ကလေးသည် အဝေးသို့ပျံရတော့မည်ဟုဆိုပါသည်။ထိုနေ့သည် အသက်ရှူအားကူစက်ဖြင့် ဆက်လက်ရှူနေရန် ပျင်းရိလွန်းလာသောတစ်နေ့တွင်ဖြစ်သည်။ ရွှေအိုရောင် တောင်ပံများဖြင့် ပျံထွက်သွားရန် အသင့်ဖြစ်နေပြီထင်သည်။ ငှက်ကလေးအတွက် ပျော်ရွှင်ဖွယ် ခရီးဖြစ်မည်ဟု ကျွန်တော်ထင်ပါသည်။ ရွှေအိုရောင်တောင်ပံများသည် ငြိမ်းချမ်းစွာလှပနေသလို၊ သန်စွမ်းစွာဖျတ်လတ်နေသည်။
ငှက်ကလေးမရှိတော့သော ကမ္ဘာပျက်ထဲတွင် ကျွန်တော် ကျန်ရစ်ခဲ့သည်။ အချိန်ကာလသည် တစ်ခါတစ်ရံတွင် သမားတော်မဟုတ်ပါ။ ရမ်းကုတစ်ယောက်သာဖြစ်ပါသည်။ အချိန်ရမ်းကုကြောင့် တစ်ခါတစ်ခါ ရောဂါပိုဆိုးသွားတတ်ပါသေးသည်။
ငှက်ကလေးတွင် အမည်တစ်ခုရှိပါသည်။ သူ့ကို Teresa ဟု ကျွန်တော်ခေါ်သည်။
ယခု ကျွန်တော် ငှက်ကလေးကို လွမ်းနေသည်။ ။
With Peace,
Zephyr
R.I.P mom.
It had been 5 yrs u flied away.
Peace B with U.