Monday, September 3, 2012

ပြန်သွားကြပါစို့

ပြန်သွားကြပါစို့

သူတော်ကောင်း ဖြစ်ချင်စိတ်ကို စွန့်ကြလော့။
ပညာရှိဖြစ်ချင်စိတ်ကို ပယ်လော့။
ထိုအခါ သဘာဝ အလျောက် ကိန်းအောင်း၍နေသော
ကောင်းမွန်မှုသည် ပေါ်ထွက်ဖို့ အခွင့်အလမ်း ရလာမည်။
ထိုသို့ပေါ်ထွက်လာသော ကောင်းမွန်မှုသည်
အဆတစ်ရာကြီးထွားလာမည်။
အခြားကိစ္စများတွင်
ပါဝင်စွက်ဖက်စရာ အလုပ်မရှိတော့လျှင်
စိတ်သည် သူ့ဘာသူ ကောင်းမွန်လာဖို့ လမ်းသို့
မရောက်နိုင်စရာ မရှိချေ။

ဆရာသက်လုံ ဘာသာပြန်သည့် တောက်တယ်ကျင်း အပိုဒ် ၁၉ ၏ပထမပိုဒ်ဖြစ်သည်။ စိတ်ဝင်စားစရာကောင်းသည်ဟုမြင်သည်။ သစ်ပင်ကလေးတစ်ပင်ပေါက်လာသလို စိတ်ထဲတွင် ငြိမ်းချမ်းခြင်းတရားဖြစ်ထွန်းရှင်သန်လာရန် လုပ်သင့်သည့်အရာများတွင် အရှိအတိုင်းလက်ခံလိုက်ရန်လည်းပါလိမ့်မည်။ ဆန္ဒများကြောင့်ပူပန်သည်။ ဆင်းရဲသည်။ ဟန်ဆောင်မှုများကြောင့် ပူပန်သည်။ ဆင်းရဲသည်။ မိမိ၏ အစစ်အမှန်ဖြစ်တည်ခြင်းသည် ပြီးပြည့်စုံနေရန်မလိုအပ်ပါ။ ပြီးပြည့်စုံခြင်းဆီသို့ လျှောက်လှမ်းနေရန်သာလိုသည်ဟုထင်သည်။

Return is the Movement of the Way

Return is the movement of the Way;
yielding is the function of the Way.
All things in the world are born of being;
being is born of nonbeing.

ဒါကတော့ The Taoism reader က page 15 မှာပါတဲ့ စာပိုဒ်လေးပါ။ အင်မတန်နှစ်သက်မိသည်။

ချစ်ခင်သူများနှင့် ကွေကွင်းရမည်။
ရှင်ကွဲကွဲရမည်။
သေကွဲကွဲရမည်။

လောကဓံသည်တစ်ချက်တစ်ချက် ပြင်း၍ တစ်ချက်ချက် ပျော့မယောင်ဖြင့် ပိုပြင်းထန်လိမ့်မည်။ စိတ်သည် ဒဏ်ရာများဖြင့်ယဉ်ပါးရလိမ့်မည်။

မည်သို့ပင်ဖြစ်စေ မမြဲသောလောကတွင် နေရခိုက် စိတ်ကို အသင့်အတင့်ထားတတ်အောင်နေရလိမ့်ဦးမည်ထင်သည်။ Nobody likes being alone. I just hate to be disappointed ဟု Midori ကပြောခဲ့သည်။ သို့သော် ဆိတ်ငြိမ်ခြင်း၊ အနှောင်အတွယ်ကင်းခြင်း၊ ငြိမ်သက်ခြင်းသည် တစ်ယောက်တည်းနေခြင်းမှဆင့်ပွားလာသော ကောင်းကျိုးများလည်းဖြစ်သည်။ ကာယ ဝိဝေကမှ စိတ္တဝိဝေကသို့သွားလျှင် လွယ်ကူရိုးရှင်းလိမ့်မည်။ တစ်ယောက်တည်း ပျော်နေသောစိတ်၊ တစ်ယောက်တည်း လုံလောက်ကုံလုံနေသော စိတ်သည်သာ အင်အားကြီးသောစိတ်ဖြစ်သည်ဟုထင်သည်။

တန်ဖိုးအတုများကို ဆက်လက်မရှာဖွေခြင်းအားဖြင့် စိတ်ကို အနားပေးထားလိုက်သည်။ လူသည် ပင်ကိုယ်သဘောအရ၊ နားနားနေနေနေချင်ပြီး၊ စိတ်သည် တစ်စုံတစ်ရာကို အလေးအနက်ထားလွန်းစရာမလိုသော အခြေအနေတွင်သာ သက်သာရာရသည်။ ရသည့်အချိန်အခိုက်အတန့်လေးများအတွင်း ငြိမ်သက်ခြင်းထဲသို့တိုးဝင်နေလိုက်သည်။

ငြိမ်းချမ်းခြင်းသည် အထူးတလည်ကိစ္စမဟုတ်ပါ။ ပူပန်ခြင်း ကင်းသော ကာလငယ်လေးတစ်ခု၏ အမည်နာမတစ်ခုမျှသာဖြစ်ပါသည်။ မရှိခြင်းတရား၏ အရသာစစ်မှာ ဆုံးရှုံးမှာ ပူပန်နေစရာမလိုခြင်းဖြစ်ပါသည်။ မည်သည့်အရာကိုမှ သိမ်းပိုက်မထားသော တိမ်တိုက်များ၏ ခြေလှမ်းသည် တိုးတိတ်၏ ငြိမ်သက်၏၊ ပေါ့ပါးလွန်းလေ၏။

အလွတ်အတိုင်းဖြစ်နေသောစိတ်တွင်းသို့ မည်သည့်အရာမှဖြည့်စွက်ခြင်းမပြုသည့်နေ့ရက်များသည် ကင်းဆိတ်ခြင်းဖြင့်ပြည့်လျက်ရှိသည်။ ညောင်ပင်ရိပ်တွင် တည်ရှိနေသော သောက်ရေအိုးထဲမှ စိမ့်အေးသောရေပမာ အရိပ်ထဲတွင် လုံခြုံသောစိတ်၏ အေးမြမှုသည် ကင်းဆိတ်ခြင်း၏ ရလဒ်ဖြစ်သည်။

မနက်ဖြန်မရှိ။ အချစ်၊ အမုန်းမရှိ။
တွေးတောခြင်းမရှိ။
လေ့လာဆည်းပူးခြင်းမရှိ။
လှုပ်ရှားထက်သန်ခြင်းမရှိ။

စိတ်သည်
စိတ်၏သဘာဝကို
စူးစမ်းလျက် ကင်းဆိတ်နေ၏။

စိတ်သည်
ကင်းဆိတ်ခြင်း၏ အေးမြမှုတွင်
နားခိုလျက်ဝမ်းမြောက်နေသည်။                ။

With Peace,
Z





Peace B with U.